အခန်း ၁၁၉၄
Vol. 100 Ch. 1194
အခန်း ၁၁၉၄ –
ပြိုင်ဘက်ကင်း ဓားတာအို ဖျက်ဆီးခံရခြင်း။
မင်္ဂလာခန်းမကြီးတစ်ခုလုံး ရုတ်ချည်း သေမင်းတမန်မျှ တိတ်ဆိတ်သွားခဲ့ရလေသည်။ မိုးကြိုးမုန်တိုင်းကြီးတစ်ခု ပြေးဝင်လာသကဲ့သို့ လေးလံသောဖိအားလှိုင်းသည် လူတိုင်းရင်ထဲ ရိုက်ခတ်သွားချေ၏။
စက္ကန့်ပိုင်းအတွင်း အမည်ခံ အင်မော်တယ်အစောင့် ဆယ်ယောက်ကျော်မှာ အမှုန်အဖြစ် ရက်စက်စွာ သုတ်သင်ခြင်း ခံလိုက်ရသည်။ ထိုမျှ ကြီးစိုးပြီး ရက်စက်သည့် လူငယ်မျိုး မမြင်ဖူးကြချေ။
မင်္ဂလာမောင်နှံဖြစ်သည့် လျန်ဝမ်ယုနှင့် ဖန်းယွီရုံးတို့နှစ်ဦးသည် ချက်ချင်းအေးခဲသွားကြ လေသည်။ အကြောင်းမူကား ထိုအမည်ခံ အင်မော်တယ်အစောင့်များ သေဆုံးသွားသည့် အရပ်သည် သူတို့နှင့် အနီးဆုံးဖြစ်နေ၏။
လွင့်စင်လာသော သွေးများမှာ သူတို့ ဝတ်ဆင်ထားသည့် မင်္ဂလာဝတ်စုံများပေါ်သို့ပင် ပက်ဖြန်းသွားခဲ့သည်။
ဖန်ဟန်နှင့် ယွဲ့ဟောင်ဖန်း နှစ်ဦးတည်းသာလျှင် မည်သို့မျှတုန်လှုပ်ခြင်းမျိုး မရှိဘဲ ငြိမ်သက်နေ၏။
စုရီ၏ ခွန်အားကို မြင်တွေ့ဖူးသူတိုင်း အတွက် အမည်ခံအင်မော်တယ် (၁၄)ဦးဟူသည် ရယ်စရာများ ဖြစ်ကုန်ပေသည်။
“ မင်း ဘယ်လို သတ္တိရှိလဲ။ ”
လျန်မင်းက ရုတ်တရက် သတိဝင်လာပြီး ဒေါသတကြီးအော်ဟစ်ကာ လေဟာနယ်အပေါ် နင်းလျက် အရှိန်ဖြင့် ပြေးဝင်လာ၏။
သို့သော် စုရီကမူ သူ့ထံသို့လှည့်၍ပင် မကြည့်ဘဲ ညာလက်ညှိုးကို လေထဲထိုးသွင်း လိုက်လေသည်။
“ ဘန်း ... ။ ”
ပြင်းထန်လှသော စွမ်းအင် ပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ လျန်မင်ခမျာ သူ့အနား မရောက်ခင်မှာပင် ခန္ဓာကိုယ်ကြီး အပိုင်းပိုင်း ပေါက်ကွဲသွားခဲ့ရသည်။
အသားစများနှင့် သွေးများသည် ခန်းမအတွင်း မိုးရေစက်များအလား ပြန့်ကျဲ ကျရောက်သွားတော့၏။
ဤမြင်ကွင်းသည် လေထုကို ပို၍ပင် ခြောက်ခြားစရာကောင်စေသည်။ မေးမြန်းခြင်း မရှိ သတ်ခြင်းမည်၏။ သွေးပျက်စရာပေပင်။
ထိုလျန်မင်သည် ဗလာနယ်ပယ် အင်မော်တယ်တစ်ပါးဖြစ်ပြီး အထွတ်အထိပ်သို့ ရောက်ရှိနေသည့် ကျွမ်းကျင်သူဖြစ်သည်။
ယခုမူ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ တစ်ချက်တည်းနှင့် အမှုန်အဖြစ်ပြောင်းလဲကာ ပျက်စီးသွားခဲ့ရချေပြီ။
မျိုးနွယ်စုခေါင်းဆောင် လျန်ကျိပေ့၊ မဟာအကြီးအကဲ လျန်ယွန်တုနှင့် အခြားသော အဆင့်မြင့်အကြီးအကဲများ မျက်နှာများမှာ အလွန်အမင်း တင်းမာကုန်သည်။
“ ငါက သွေးဆာနေတဲ့ လူသတ်သမား မဟုတ်ဘူး ဒီနေ့လျန်မျိုးနွယ်စုတစ်ခုလုံးကို သုတ်သတ်ဖို့ စိတ်မဝင်စားဘူး ဒါကြောင့် ...
... မဆိုင်တဲ့လူတွေ အမှားမလုပ်မိဖို့ ငါ အကြံပေးချင်တယ် ဒီနေ့ ငါရဲ့ဒုတိယမြောက် လက်ဆောင်အဖြစ် ... မင်းရဲ့ဦးခေါင်းကို ခေတ္တငှားချင်တယ် ... ။ ”
“ ဟားဟားဟား ... ။ ”
စုရီက လျန်ကျိပေ့ထံ လျှောက်လှမ်းလျက် ပြောကြားလိုက်သည်။ လျန်ကျိပေ့တစ်ယောက် ဒေါသကြောင့် အော်ဟစ်ရယ်မောမိလေသည်။
“ အမည်ခံအင်မော်တယ် တစ်ယောက်က ငါ့လျန်မိသားစုရဲ့ နယ်မြေထဲမှာ ငါ့ဦးခေါင်းကို တကယ်ပဲ လိုချင်နေတာလား။ ”
ထို့နောက် သူတော်စင် အင်မော်တယ် ရောင်ဝါများသည် ခန်းမအတွင်း လုံးဝပြည့်နှက် သွားလေသည်။
ခန်းမကြီးတစ်ခုလုံး ပြင်းစွာတုန်ခါလျက် ကျောက်စိမ်းစားပွဲများ၊ ထိုင်ခုံများနှင့် ပရိဘောဂ အသီးသီးတို့မှာ ရောင်ဝါဖိအားကြောင့် အပိုင်းပိုင်း ကွဲကြေသွားတော့၏။
ခန်းမအတွင်းရှိ ဧည့်သည်တော်များမှာ ထိတ်လန့်ကုန်ကြသည်။ တကယ်၍ သူတော်စင် အင်မော်တယ်များသည်သာ တိုက်ပွဲဖြစ်ပါက ထွက်ပေါ်လာမည့် အဖျက်စွမ်းအားလှိုင်းသည် လူတိုင်းကို အပိုင်းပိုင်းဖြတ်နိုင်၏။
“ ကောင်လေး ... မင်း တကယ့်သတ္တိရှိရင် အပြင်မှာ တိုက်ခိုက်ဝံ့သလား။ ”
“ ကောင်းပြီ ... မင်းဆန္ဒအတိုင်းပဲ။ ”
လျန်ယွန်တုက ခန်းမအတွင်းဝေ့ကြည့်ကာ စိန်ခေါ်လိုက်သည်။ စုရီက တွန့်ဆုတ်မနေခဲ့ဘဲ ခန်းမအပြင်ဘက်သို့ ချက်ချင်း ပျံသန်းသွား၏။
သူသည်လည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို မလိုလားချေ။ ထို့ကြောင့်ပင် တိုက်ပွဲနေရာကို ပြောင်းလဲချင်နေခဲ့၏။
သို့မှသာ လူတိုင်း သက်ပြင်းချလျက် ခန်းမအပြင်သို့လိုက်ပါလာကြပြီး ပွဲကြည့်ရန် ပြင်လိုက်လေသည်။
လျန်တောင်ထိပ် ကောင်းကင်ထက်၌ တိမ်ပင်လယ်ကြီးသည် လှပစွာစီးမျောနေချေပြီ။ စုရီသည် ကျောက်စိမ်းရောင်ဝတ်ရုံများ လှုပ်ခတ် နေသော အသွင်ဖြင့် လက်နှစ်ဖက်နောက်ပို့ကာ ခန့်ညားစွာ ရပ်စောင့်နေ၏။
နေရောင်ခြည်အောက်တွင် မြင့်မားပြီးကျော့ရှင်းသော အသွင်အပြင်သည် သာလွန်ဆန်းပြားသော ခံစားချက်များပေး၏။
ဆိုလိုသည်မှာ ဂုဏ်ကျက်သရေသည် သူတော်စင်အင်မော်တယ်များထက် မည်သည့် နည်းနှင့်မျှ ယုတ်လျော့ခြင်းမရှိချေ။
“ ဝှစ် ... ။ ”
မဟာအကြီးအကဲ လျန်ယွန်တုက မြားတစ်စင်းအလား ပျံတက်လာခဲ့ပြီး စုရီနှင့် မျက်နှာချင်းဆိုင်လိုက်၏။
ရောက်ရှိနေကြသည့် ထိပ်တန်း ဧည့်သည်တော် အများအပြားမှာ မယုံနိုင်စရာ ကောင်းလွန်းသော တိုက်ပွဲကြီးကို မြင်ခွင့် ရတော့မည်ဖြစ်ရာ စိတ်လှုပ်ရှားကုန်၏။
“ ဘယ်လောက်ပဲ ကောင်းကင်ကို ဆန့်ကျင်ပြီး အစွမ်းထက်နေပါစေ ... ဒီနေ့တော့ သူတော်စင် အင်မော်တယ်နှစ်ပါးရှေ့မှောက်မှာ သေချာပေါက် သေရလိမ့်မယ်။ ”
“ မှန်တယ် ... ဒါက ငါတို့လျန်မိသားစုရဲ့ မြင့်မြတ်တောင်ကြီးပဲ ဒီလိုနယ်မြေမှာ ဘယ်သူ အလျော့ပေးမှာလဲ။ ”
ဤသည်မှာ ဟွမ်လျန်နတ်တောင်ဖြစ်ပြီး မရေမတွက်နိုင်သော ရှေးခေတ်သတ်ဖြတ်ခြင်း ဝင်္ကပါများနှင့် ဖုံးလွှမ်းထားသည်။ လျန်မိသားစု အတွက် အစွမ်းထက်ဆုံးသော ကျင့်ကြံသူများ စုဝေးလေ့ကျင့်ရာ အရပ်လည်းဖြစ်၏။
လျန်မိသားစုဝင်များမှာ ရွှင်မြူးသော အကြည့်များဖြင့် တိမ်ပင်လယ်ထံ မော့ကြည့် လာကုန်တော့သည်။
ဖန်ဟန်၊ လျန်ဝမ်ယုနှင့် ဖန်ယွီရုံတို့သည် ယွဲ့ဟောင်ဖန်း၏ အင်မော်တယ်စွမ်းအင်များ အကာအကွယ်အောက်၌ ရှိနေကြသည်။
ထိုအချိန်တွင် ကောင်းကင်ထက်၌ လျယွန်တုထံကြည့်ပြီး စုရီက အသာအယာ ခေါင်းရမ်းလိုက်သည်။
“ ငါ လိုချင်တာက လျန်ကျိပေ့ခေါင်းပဲ ... မင်းမဟုတ်ဘူး ချက်ချင်းနောက်ဆုတ်လိုက်ပါ။ ”
“ ကောင်လေး ... မောက်မာမနေနဲ့ ... မင်းငါ့ကိုအရင်ဆုံး အနိုင်ယူနိုင်အောင်ကြိုးစားပါ မဟုတ်ရင် လူအများရှေ့မှာ ကြွားဝါမိလို့ အရှက်ရလိမ့်မယ်။”
စကားဆုံးသည်နှင့်တစ်ပြိုင်နက် ကောင်းကင်တခွင်တုန်ခါသွားပြီး တိုက်ခိုက်မှုကို စတင်လိုက်တော့၏။
ဦးခေါင်းထက်တွင် ခရမ်းရောင် အလင်းတန်းများတောက်ပလျက် အင်မော်တယ် ဥပဒေတစ်ခု ထွက်ပေါ်လာသည်။
“ သွား ... ။ ”
ယင်းသည် နေ့အလင်းရောင်ကို ကွယ်ပျောက်စေကာ ကောင်းကင်တစ်ခုလုံးပေါ် ဖုံးအုပ်ထားနိုင်သည့် ဧရာမလက်ဝါးကြီးအဖြစ် စုရီထံကျဆင်းလာ၏။
သူတော်စင် အင်မော်တယ်တစ်ဦး၏ စွမ်းအားအပြည့် တိုက်ခိုက်မှုသည် သည်မျှအထိ ကြောက်စရာ ကောင်းလှသည်။
ကောင်းကင်နှင့် မြေကြီး ပြင်းထန်စွာ တုန်ခါကွဲအက်လာပြီး မိုင်တစ်ထောင် ပတ်လည် အတွင်းရှိ တိမ်တိုက်များအားလုံး ချက်ချင်း လွင့်စင်သွားတော့၏။
လေဟာနယ်သည်ပင် တွန့်လိမ် ရှုပ်ထွေးသွားခဲ့ရသည်။ ကြောက်မက်ဖွယ်ရာ ဖိအားလှိုင်းများ အရပ်ရပ်သို့ ပြန့်ကားလာ၏။
အဖျက်စွမ်းအားသည် သူတော်စင် အင်မော်တယ်အဆင့်အောက်ရှိ မည်သည့် ကျင့်ကြံသူကိုမဆို တစ်စက္ကန့်အတွင်း အမှုန့်ဖြစ်သွားစေနိုင်၏။
သို့သော် စုရီသည် ထိုသို့သော ကျင့်ကြံသူမဟုတ်ချေ။ သူ့ခြေထောက်များကို လေထဲ ပေါ့ပေါ့ပါးပါးလှမ်းတက်လိုက်သည်။
သူ့ခန္ဓာကိုယ် အတွင်းပိုင်းမှနေ၍ များပြားလှသော အင်မော်တယ်ချီများ အဆုံးမဲ့ မြင့်တက်လာ၏။
သမုဒ္ဒရာကြီးအတွင်း နဂါးများ ဟိန်းဟောက်နေသကဲ့သို့ ထူးဆန်းလွန်းသော ဓားတစ်လက်လေထဲ ထွက်ပေါ်လာ၏။
ချက်ချင်းပင် ကမ္ဘာကြီးတစ်ခုလုံး ထက်ရှသောလေများဖြင့် ပြည့်လျှံလာခဲ့သည်။ ကောင်းကင်အပြည့် ဖုံးအုပ်ထားသည့် ဧရာမ လက်ဝါးကြီးသည် ဝုန်းခနဲ ဝင်ဆောင့်သွား၏။
“ ဝုန်း ... ။ ”
နတ်တောင်ကြီးတစ်လုံးကဲ့သို့ ကြီးမားလှသော လက်သီးတစ်လုံးဖြစ်ချေသည်။ လက်သီးအတွင်း ထက်ရှသောဓားရောင်ဝါ ပါဝင်နေခဲ့၏။
“ ဟမ့် ... ။ ”
အကြီးအကဲလျန်ယွန်တုခမျာ မျက်ဝန်းများမှေးစင်းလျက် လက်နှစ်ဖက်ကို အမြန်မြှောက်၍ ခုခံကာကွယ်ရေးအလွှာများ ချက်ချင်း ဖန်တီးလိုက်ရသည်။
“ ဘန်း ... ။ ”
လက်သီးစွမ်းအားသည် အဆုံးမရှိ ဆက်လက်တိုးဝင်လာကာ လျန်ယွန်တုသည် ခြေလှမ်းပေါက်းများစွာ ယိုင်ထိုးသွားခဲ့၏။
သူ နောက်ဆုတ်လိုက်သည့် ခြေလှမ်းတိုင်းတွင် လေဟာနယ်သည်လုံးဝ ပြိုကျလာတော့သည်။
အိုမင်းရင့်ရော်နေသော မျက်နှာသည် ချက်ချင်းဖြူဖျော့သွားပြီး နာကျင်မှုကို ပြင်းစွာ ခံစားလိုက်ရကြောင်း ရှင်းရှင်းလင်းလင်း ပြသနေပေသည်။
မြေပြင်ရှိ လူတိုင်းသည် အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ရ၏။ အမည်ခံ အင်မော်တယ်သည် သူတော်စင်အင်မော်တယ် အပေါ် ထိုမျှဖိအားပေးနိုင်သည်လော။
ဧည့်သည်တော်များထဲတွင် ရှိနေသော သူတော်စင်အင်မော်တယ် အနည်းငဘ်သည်ပင် အကြီးအကျယ် တုန်လှုပ်သွားကြသည်။
ဤမျှကောင်းကင်ကို ဆန့်ကျင်နိုင်သည့် ဘီလူးမျိုး မည်သည့်အချိန်မှစကာ ပေါ်ပေါက် လာသနည်း။ လျန်ဝမ်ယုနှင့် ဖန်ယွီရုံတိုခမျာ စုရီ၏ခွန်အားမြင်ပြီးနောက် မှင်သပ်နေခဲ့သည်။
“ ထွက်လာခဲ့ ... ။ ”
လျန်ယွန်တုမှ ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ ဓားပျံ(၁၆)လက် ပျံသန်းထွက်ပေါ်လာသည်။
ကောင်းကင်ရှိ ကြယ်တာရာများကဲ့သို့ တောက်ပလွန်းပြီး ဓားအလင်းမှာ တောင်နှင့် မြစ်များကိုပါ ထိန်လင်းသွားစေသည်။
“ သွား ... ။ ”
“ ဝှစ် ... ။ ”
ထို့နောက်တွင် လျှပ်စီးများအလား စုရီရှိရာဆီသို့ ပြေးဝင်သွားတော့၏။ အဝေးမှ ကြည့်ရုံမျှဖြင့် ထိုဓားစွမ်းအင်သည် လူတစ်ဦး၏ စိတ်ဝိညာဉ်ကို ထိုးဖောက်နာကျင်စေနိုင်သည်။
“ ငါ့ရှေ့မှာ ဓားဆွဲဝံ့သလား။ ”
စုရီက လှောင်ပြုံးဖြင့် လက်နှစ်ဖက်ကို အသာအယာဆန့်ထုတ်လျက် လေထုအလယ် လှုပ်ခါလိုက်လေသည်။
“ ကောင်းကင်ထက်မှာ ငါသာလျှင် တစ်ဦးတည်းသောဧကရာဇ်သခင်ပဲ ငါ့ကိုမြင်ရင် ဓားတစ်သောင်း ဦးညွှတ်ခစားရမယ်။ ”
“ ချွင် ချွင် ချွင် ... ။ ”
ထိုခဏတွင် လူအုပ်ကြီးထံမှ ဓား၊လှံကိုင်ဆောင်ထားကြသည့် ကျင့်ကြံသူများ အားလုံးမျက်ခုံးပင့်လိုက်ကြ၏။
သူတို့၏ လက်နက်များသည် ထိန်းချုပ်မှုဆုံးရှုံးကာ ရုန်းထွက်နေတော့၏။ ဤသည်မှာ ဧကရာဇ်တစ်ပါးရှေ့ ခစားလိုသော ကျေးကျွန်များ အလားပေပင်။
အထူးသဖြင့် စုရီကို သတ်ဖြတ်ရန် တဟုန်ထိုးပြေးဝင်လာကြသည့် လျန်ယွန်တု၏ ဓားပျံ(၁၆)လက်သည် အော်ဟစ် မြည်တမ်း လာကြတော့၏။
သူတို့သခင်၏ ဆန္ဒကို ပုန်ကန်ရန် ကြိုးပမ်းလာသည့်အလား ဆက်မတိုးတော့ဘဲ ရပ်တန့်တုန်ရီနေခဲ့လေသည်။
အဝေး၌ ရှိနေသော လျန်ယွန်တု၏ မျက်နှာအမူအရာမှာ ခြောက်ခြားမှုများနှင့်အတူ အကြီးအကျယ် မျက်နှာပျက်ယွင်းသွား၏။
သူသည် ဓားတာအိုဖြင့် အင်မော်တယ်နယ်ပယ်သို့ တက်လှမ်းထားသူ ဖြစ်သည်။ ဓားအင်မော်တယ်တစ်ပါးဖြစ်၏။
ထို့ကြောင့် သူ့တိုက်ပွဲဝင်စွမ်းအားမှာ တူညီသောအဆင့်ရှိ အင်မော်တယ်များစွာထက် အဆပေါင်းများစွာ သာလွန်ချေသည်။
သို့သော် ဤအခိုက်အတန့်တွင် ဓားများကိုထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားသည်မှာ ရှက်စရာကောင်းနေချေ၏။
“ ပြန်သွား ... ။ ”
ရုတ်တရက် စုရီက ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။ မြည်သံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် ဓားပျံ(၁၆)လက်သည် ကြောက်မက်ဖွယ်ကောင်းသော အဟုန်ဖြင့် လှည့်ပျံကုန်၏။
လျန်ယွန်တုခမျာ မျက်လုံးများ ပြူးကျယ်သွားသည်။ ဓားအင်မော်တယ်တစ်ပါး အနေဖြင့် မိမိဓားဖြင့် မိမိ တိုက်ခိုက်ခံရသည်မှာ ယနေ့အနိုင်ရရှိခဲ့လျှင်ပင် လှောင်ပြောင်စရာ ဖြစ်လာနိုင်ချေ၏။
ထို့ထက်ပို၍ မတွေးနိုင်မီမှာပင် လက်နှစ်ဖက်ကို ထိုက်ချိသင်္ကေတကဲ့သို့ အမြန် ဝှေ့ရမ်းလျက် ဓားနံရံများဖန်တီးလိုက်ရသည်။
“ ခုခံလိုက် ... ။ ”
လေထုအလယ် ဓားတောင်ကိုးလုံးသည် နံရံကြီးများသဖွယ် သူ့ရှေ့၌ပိတ်ဆို့လာတော့၏။ ဤသည်မှာ သူ့အတွက် အစွမ်းထက်ဆုံးသော ဝှက်ဖဲဖြစ်သည်။
အဖြူရောင် မျက်ခင်းပြင်ဒေသ သူတော်စင်အင်မော်တယ်များကြား ချီးကျူး ဂုဏ်ပြုခြင်းခံခဲ့ရဖူးသော ခုခံကာကွယ်ရေး အလွှာတစ်ခုဖြစ်၏။
“ ဝုန်း ... ဝုန်း ... ဝုန်း ... ။ ”
ဓားပျံ (၁၆)လက်သည် ကောင်ကင်မှ တစ်ဟုန်ထိုးကျဆင်းလာတော့၏။ ထိုခဏတွင် မချိုးဖျက်နိုင်ဟူသော ဓားတောင်ကြီးကိုးလုံးမှာ ပြင်းစွာတုန်ခါလာချေပြီ။
“ ဝူး ... ။ ”
များမကြာခင် ဓားပျံ(၁၆)လက်၏ အဖျက်စွမ်းအားများသည် ဓားတောင်ကြီးများကို အပိုင်းပိုင်းကွဲကြေ ပျက်စီးသွားစေခဲ့သည်။
ပေါက်ကွဲမှု မီးခိုးလုံးကြီးများနှင့်အတူ အဖျက်စွမ်းအားလှိုင်းများ နေရာအနှံ့အပြားသို့ ပြန့်ကားပျောက်ကွယ်သွားခဲ့၏။
အဖျက်စွမ်းအားလှိုင်းများ ငြိမ်သက်သွားချိန်တွင် ဓားပျံ(၁၆)လက်သည် လျန်ယွန်တု၏ သေကွင်းသေကွက်များထံသို့ ချိန်ရွယ်လျက် လွင့်မျောနေတော့၏။
“ ငါ့ဓားကိုသုံးပြီး ... မင်းက ငါ့ရဲ့ ရာစုနှစ်ပေါင်းများစွာ ကြိုးစားတည်ဆောက်ခဲ့တဲ့ ဓားတာအိုကို ဖျက်ဆီးခဲ့တယ် ... ငါ့ရဲ့ ဓားနှလုံးသားပါ ပျက်စီးရပြီ ... ။ ”
ဓားပျံ(၁၆)လက် အလယ်ရှိ လျန်ယွန်တုတစ်ယောက် မယုံကြည်နိုင်ဟန်ဖြင့် ညည်းတွားလိုက်၏။ ထို့နောက် သက်ပြင်းချကာ မြေပြင်သို့ ငုံ့ကြည့်ပြီး၊
“ မိသားစုခေါင်းဆောင် ... လျန်မျိုးနွယ်စုတစ်ခုလုံး သုတ်သင်ခံရတာကို မင်းမမြင်ချင်ရင် အရှုံးပေးလိုက်ပါ ... ။ ”
-ဟု အကြံပြုလိုက်သည်။
“ ဘောင်း ဘောင်း ဘောင်း။ ”
လျန်ကျိပေ့မှ တုန်ပြန်ခြင်း မပြုနိုင်မီ ခန္ဓာကိုယ်ပေါက်ကွဲလျက် သွေးမြူများအဖြစ် ပြောင်းလဲသွားတော့၏။
“ ချွင် ... ချွင် ... ။ ”
ဝိညာဉ်ပင် မကျန်ရစ်ခဲ့ချေ။ လုံးဝ ပျက်စီးပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်လေသည်။ သူ သေဆုံးသွားသည့် ထိုခဏ၌ လေထုထဲတွင် ကျန်ရစ်ခဲ့သော ဓားပျံ(၁၆)လက်သည် ဝမ်းနည်း ပူဆွေးလာဟန်ဖြင့် မြည်ဟည်းလာတော့၏။
***