← Chapters

အခန်း ၁၁၉၅

Vol. 100 Ch. 1195

အခန်း ၁၁၉၅

Vol. 100 Ch. 1195

အခန်း ၁၁၉၅ –

ဒုတိယ လက်ဆောင်။

ဓားမြည်သံများသည် ဝမ်းနည်းဖွယ် ကောင်းလှသော နာရေးဂီတကဲ့သို့ ကောင်းကင် တခွင် ပဲ့တင်ထပ် မြည်ဟီးသွားခဲ့လေသည်။

ကောင်းကင်နှင့် မြေကြီးကြား ဝမ်းနည်းကြေကွဲမှုများဖြင့် ဖုံးလွှမ်းသွားခဲ့၏။ ရောက်ရှိနေကြသည့် လူတိုင်း ထိုနေရာတွင်ပင် အရပ်ရှူရပ်တန့်သွားကြသည်။

လျန်ယွန်တုဟူသည် ပိုင်လုပြည်နယ်၌ ကျော်ကြားလှသော ဓားအင်မော်တယ်တစ်ပါး ဖြစ်လေသည်။

ယခုမူ မျက်စိတစ်မှိတ်အတွင်းမှာပင် ဤကဲ့သို့ စိတ်ပျက်ဖွယ်ကောင်းစွာဖြင့် ချက်ချင်း ပျောက်ကွယ်သွားခဲ့ရ၏။

နာကျင်စရာကောင်းသည်မှာ သူ့ ရှုံးနိမ့်သွားသောလူသည် အမည်ခံအင်မော်တယ် အဆင့်၌ အမည်မရှိသောလူငယ်တစ်ယောက် ဖြစ်နေချေ၏။

လူအများအပြားမှာ လုံးဝ မယုံကြည်နိုင်ဖြစ်နေ၏။ လက်ရှိအင်မော်တယ် မြေတွင် သူတော်စင် အင်မော်တယ်ဟူသည် အထွတ်အထိပ် သတ္တဝါကြီးများအဖြစ် သတ်မှတ်ခံထားရသူများဖြစ်သည်။

တိုက်ကြီးတစ်ခုလုံးကိုပင် ခြိမ်းခြောက် လွှမ်းမိုးနိုင်ကာ အင်အားစုတစ်ခု၏ ဦးဆောင် တည်ရှိမှုများပေပင်။

တိုက်ပွဲအတွင်း စုရီသည် လှုပ်ရှားမှု နှစ်ကြိမ်သာပြုလုပ်ခဲ့သည်။ ပထမ လက်သီးနှင့် လျန်ယွန်တုကို နောက်ဆုတ်စေ၏။

ဒုတိယ လက်သီးတွင် ဓားတစ်သောင်းကို အောင်နိုင်သောဧကရာဇ်တစ်ပါးအလား ဓားပျံ (၁၆)လက်ကို ချုပ်ကိုင်ပြခဲ့သည်။

ထို့နောက်တွင် လျန်ယွန်တုသည် အရှုံးကိုလက်ခံကာ သူ့ကိုယ်သူဖျက်ဆီးပစ်ရန် ရွေးချယ်သွားတော့၏။ ဤမျှလွှမ်းမိုးနိုင်စွမ်းရှိပြီး သွေးထွက်သံယိုဖြစ်စဉ်သည် ရောက်ရှိနေသည့် သူတော်စင်အင်မော်တယ်တိုင်းကို မှင်သပ်စေပေသည်။

“ ကောင်းကင်ထက်မှာ ငါသာလျှင် တစ်ဦးတည်းသောဧကရာဇ်သခင်ပဲ ငါ့ကိုမြင်ရင် ဓားတစ်သောင်း ဦးညွှတ်ခစားရမယ်။ ”

ဤစကားစုသည် လူတိုင်းရင်ထဲ ပြန်လည်ပဲ့တင်ထပ်လာ၏။ ယွဲ့ဟောင်ဖန်းမှာမူ အားရကျေနပ်စွာဖြင့် သက်ပြင်းချလိုက်သည်။

“ အစ်ကိုကြီးစု ... မင်းရဲ့ ရက်စက်ကြမ်းကြုတ်ပြီး အစွမ်းထက်လွန်းတဲ့ ပုံစံက ကမ္ဘာပေါ်က ဘာသာစကားတွေနဲ့ ဖော်ပြလို့ မပြည့်စုံနိုင်ဘူး။ ”

လျန်ကျိပေ့ခမျာ မျက်လုံးများတွင် သွေးကဲ့သို့နီရဲလျက် ဝမ်းနည်းကြေကွဲစွာဖြင့် ရပ်နေခဲ့လေသည်။ လျန်မိသားစုဝင်များ အတွက်မူ ဆိုဖွယ်မရှိနိုင်။

“ လျန်ကျိပေ့ ... မင်းရဲ့ ခေါင်းကိုသာ ငါ့ဆီပေးမယ်ဆိုရင် ဒီနေ့ လျန်မိသားစုဝင်တွေ အားလုံး အသက်ရှင်ခွင့်ရလိမ့်မယ်။ ”

စုရီက တိမ်ပင်လယ်အတွင်းမှ နေပြီး ပြောကြားလိုက်သည်။ သူ့အသံနှင့် အမူအရာမှာ အလွန်ကြီးစိုးထက်ရှနေ၏။ ကောင်းကင်ဘုံမှ နတ်ဘုရားတစ်ပါး အပြစ်ကိုစီမံနေသလိုပင်။

သူတော်စင်အင်မော်တယ်များပင် ထိုစကားသံနှင့်ရောင်ဝါ လွှမ်းမိုးမှုအောက်၌ ခွန်အားမဲ့ကုန်၏။

“ မာနကြီးတယ် ... ။ ”

လျန်ကျိပေ့မှ ဒေါသများ ပေါက်ကွဲလျက်၊

“ ဒီနေ့ ငါကိုယ်တိုင် မင်းခေါင်းကို ဖြတ်ပြီးတောင်တံခါးမှာ ချိတ်ဆွဲထားမယ်။ ”

-ဟု အော်ဟစ်ကာ ကောင်းကင်ပေါ် တဟုန်ထိုးပျံတက်လာချေပြီ။

တစ်ဆက်တည်းမှာပင် လိမ္မော်ရောင် အလံငယ်ကိုထုတ်ယူလျက် လေထဲဝှေ့ယမ်း ပစ်လိုက်သည်။

အလံငယ်ထံမှ အင်‌မော်တယ်ချီများ တောက်ပစွာ ထွက်ပေါ်လာ၏။ ချက်ချင်းပင် ဟွမ်လျန်တောင်သည် အသက်ဝင်လာသကဲ့သို့ ဝုန်းခနဲမြည်ဟည်းလာသည်။

အင်‌မော်တယ် တားမြစ် အစီအရင် အသက်ဝင်လာခြင်းဖြစ်၏။ ထိုခဏအတွင်းတွင် ကောင်းကင်တခွင် ခရမ်းရောင် မိုးကြိုးများ ရစ်သိုင်းလာသည်။

ရက်စက်ပြင်းထန်သော လေနှင့် ဝိညာဉ်မီးလျှံများ တောက်လောင်လာခဲ့၏။ တားမြစ်အလွှာများမှာ အရပ်မျက်နှာများထံ ပြန့်နှံ့ဖုံးအုပ်သွားလေသည်။

ဤသည်မှာ သူတော်စင်အဆင့် တားမြစ်အလွှာပေါင်း (၆၄)လွှာဖြင့် ထပ်ဆင့် ဖွဲ့စည်းထားသော သတ်ဖြတ်ခြင်းဝင်္ကပါ ဖြစ်ချေ၏။

မျိုးဆက်ဟောင်း သူတော်စင် အင်မော်တယ်ကြီးပင် ကူကယ်ရာမဲ့စေသည့် ကြောက်မက်ဖွယ် စွမ်းအားရှိသည်။

တက်ရောက်လာသည့် ဧည့်သည်တော် အားလုံး သွေးပျက် ထိတ်လန့်သွားကြရသည်။ မျက်ဝါးထင်ထင်မြင်တွေ့ရချိန်၌ လျန်မိသားစု၏ ကျော်ကြားလှသော သတ်ဖြတ်ခြင်းဝင်္ကပါမှာ မည်မျှအစွမ်းထက်ကြောင်း သိရှိလာ၏။

“ မကောင်းတော့ဘူး ... ဒီသတ်ဖြတ်ခြင်း ဝင်္ကပါကို လျန်ယွန်တုရဲ့ညီ လျန်ယွန်ထောင်က ထိုက်ယီဂိုဏ်းရဲ့ ဝင်္ကပါအင်မော်တယ်တစ်ပါးနဲ့ ဖိတ်ခေါ်ပြီး တည်ဆောက်ထားခဲ့တာပဲ ...

... အဲဒီထဲမှာ ပိတ်မိသွားရင် ... ဘယ်လို သူတော်စင်အင်မော်တယ်မဆို လွတ်မြောက်ဖို့ အခွင့်အရေး လုံးဝမရှိတော့ဘူး။ ”

လျန်ဝမ်ယုက ကျောရိုးတလျှောက် အေးစက်လာပြီး စိုးရိမ်စွာအော်ဟစ်ပြောကြား လိုက်လေသည်။

လျန်ယွန်ထောင်သည် လျန်မျိုးနွယ် သမိုင်းတလျှောက် အသန်မာဆုံးသော ပါရမီရှင် သူတော်စင်အင်မော်တယ်တစ်ပါးဖြစ်၏။

လွန်ခဲ့သည့် နှစ်ပေါင်း ရှစ်ထောင်ခန့်က တန်ခိုးကြီးမားပြီး အင်မော်တယ်နယ်မြေအပေါ် ဩဇာညောင်းလှသော ထိုက်ယီဂိုဏ်းထံ သွားရောက်ကာ အကြီးအကဲတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေ၏။

“ ဝူး ... ။ ”

သတ်ဖြတ်ခြင်းဝင်္ကပါ တစ်ခုလုံး အပြည့်အဝလည်ပတ်လာချိန်၌ ကောင်းကင် တခွင်လုံး တုန်ဟည်းလျက် ပေါက်ကွဲသံများ ထွက်ပေါ်လာလေသည်။

စုရီက သူ့အပေါ် လွှမ်းခြုံလာသော အင်မော်တယ်ဥပဒေစည်းမျဉ်းများကို ကြည့်ကာ ခေါင်းယမ်းလိုက်လေသည်။

ယနေ့ ဤအရပ်သို့ တက်ရောက်ခြင်း မပြုမီတည်းကပင် သူသည် အရာအားလုံးကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်၏။

လျန်မျိုးနွယ်စုတွင် ဤကဲ့သို့သော သတ်ဖြတ်ခြင်းအစီအရင်တစ်ခု ရှိနေသည်ကို သူ့ကဲ့သို့သော လူသည် မည်သို့လျှင် မသိဘဲ နေမည်နည်း။

“ အသက်ဝင် ... ။ ”

“ ဒေါင် ... ဒေါင် ဒေါင်။ ”

စုရီက အမိန့်ပေးလိုက်သည်။ ကောင်းကင်နှင့် မြေကြီးကြား ခေါင်းလောင်း မြည်သံကြီးတစ်သံ ရုတ်တရက် ကျယ်လောင်စွာ မြည်ဟိန်းထွက်ပေါ်လာခဲ့သည်။

လူတိုင်းအတွက် ဤအသံသည် သာယာနာပျော်ဖွယ်ကောင်းလှသော တေးသံ ဖြစ်ချေ၏။ သို့သော် လျန်ကျိပေ့အတွက်မူ နတ်ဆိုးထိုးသံပေပင်။

အမြင်အာရုံများ ပြာဝေသွားကာ ဦးခေါင်းတစ်ခုလုံး မူးဝေသွားခဲ့၏။ ချက်ချင်းပင် သူ့ကျင့်ကြံမှုကို အထွတ်အထိပ်အထိ မြှင့်တင် လိုက်ရသည်။

ထိုသို့ပြင်းထန်သော စိတ်ဝိညာဉ် တိုက်ခိုက်မှုခံရပြီးနောက်တွင် သူ့ထိန်းချုပ်မှု အောက်၌ရှိနေသော သတ်ဖြတ်ခြင်း ဝင်္ကပါ အစီရင်မှာ ရပ်တန့်လုနီးပါးဖြစ်လာ၏။

“ ဝှစ် ... ။ ”

စုရီက ပြုံးလျက် ထိုအခွင့်အရေးကို လက်လွှတ်မခံဘဲ အလင်းတန်းတစ်ခုအလား ရွေ့လျားကာ အစီအရင်လွှမ်းခြုံမှုအောက်မှ ထွက်ခွာသွားတော့သည်။

သို့မှသာ လျန်ကျိပေ့တစ်ယောက် သတိပြန်ဝင်လာပြီး ဒေါသတကြီး ဟိန်းဟောက် အော်ဟစ်လျက် ဝင်္ကပါကို ပြန်လည် အသက်သွင်းလိုက်သည်။

“ ဒေါင် ... ဒေါင် ... ။ ”

ထိုစဉ် ကြောက်စရာကောင်းသော ခေါင်းလောင်းသံကြီးမှာ ဒုတိယအကြိမ်အဖြစ် ထပ်မံမြည်ဟည်းလာပြန်၏။

ဤတစ်ကြိမ်တွင် လျန်ကျိပေ့သည် အမြင်အာရုံများဆုံးရှုံးကာ ခေါင်းကိုက်သွား လေသည်။ လေထုအလယ် ယိမ်းထိုးနေ၏။

“ ဒါ ... ။ ”

လူတိုင်း တိမ်ပင်လယ်အတွင်း ထွက်ပေါ်လာနေပြီဖြစ်သော ခေါင်းလောင်းကြီး တစ်လုံးပုံသဏ္ဌာန်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ကြရသည်။

တောက်ပသော ကျောက်စိမ်းရောင် အလင်းများဖြာထွက်နေသည့် ကြေးဝါတာအို ခေါင်းလောင်းတစ်လုံးဖြစ်၏။

မကြာသေးမီက မင်္ဂလာလက်ဆောင်မွန် အဖြစ် လျန်ဝမ်ယုတို့ကို စုရီပေးအပ်ခဲ့သော ခေါင်းလောင်းငယ်လေးပေပင်။

ဤရတနာသည် လွန်ခဲ့သော ကာလများစွာက ကောင်းကင်ဘုရင်အဆင့်ရှိ မြင့်မြတ်သူတစ်ပါးမှ သန့်စင်ပေးထားခြင်း ဖြစ်လေသည်။

“ ဝမ် ... ။ ”

အဖြူရောင်မြက်ခင်းပြင် မဟာရတနာ တစ်ရာအဆင့်စာရင်းဝင်၏။ သူတော်စင်အဆင့် သတ်ဖြတ်ခြင်း ဝင်္ကပါအတွက်မူ သနားစရာ အော်မြည်သံပြုကာ ပြိုကျသွားတော့သည်။

“ ဝုန်း ... ။ ”

သူ့အတွက် တရားမျှတမှုမရှိသော ပြိုင်ပွဲအဖြစ် ညည်းတွားအပြစ်တင်နေပုံပေပင်။ သူတော်စင်အဆင့်နှင့် ဘုရင်အဆင့် စွမ်းအားမှာ ပင်လယ်ကြီးတစ်ခုအလား ကွာခြား၏။

စုရီက မြင့်မားကျော့ရှင်းလှသော အသွင်သဏ္ဍန်သည် အလင်းတန်းတစ်ခုကဲ့သို့ တောက်ပစွာထွက်ပေါ်လာခဲ့သည်။

“ ရွှပ် ... ။ ”

တစ်ဆက်တည်းမှာပင် လက်ကို ဓားတစ်လက်ကဲ့သို့ လေထဲခုတ်ချပစ်လိုက်ရာ ပေတစ်သောင်းခန့် ရှည်လျားပြီး ကောင်းကင်ကို ဖြတ်တောက်နိုင်သည့် ဓားအလင်းတစ်လက် ပြေးထွက်သွားလေသည်။

“ ချိုးဖြတ် ... ။ ”

လျန်ကျိပေ့ခမျာ သွေးလှံကို ချက်ချင်း ဆင့်ခေါ်လျက် ထိုတိုက်ခိုက်မှုကို အစွမ်းကုန် ခုခံချေဖျက်လိုက်ရတော့၏။

“ ဝုန်း ... ။ ”

ပြင်းထန်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။ ထိုပြင်းထန်လှသော အရှိန်အဟုန်ကြောင့် လျန်ကျိပေ့တစ်ယောက် မိုင်ပေါင်းများစွာအကွာသို့ လွင့်စဉ်သွား၏။

လေထုအလယ် ဟန်ချက် မထိန်းနိုင်ခင်မှာပင် စုရီသည်လေဟာနယ်ကို ခြေဖျားနှင့်ပုတ်ကာ လျှပ်စီးအလား ထပ်မံ ရောက်ရှိလာလေသည်။

“ သေလိုက်စမ်း ... ။ ”

လျန်ကျိပေ့ခမျာ ရူးသွပ်သွားသော သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လျက် လှံဖြင့် စောင့်ကြိုထိုးသွင်းလိုက်သည်။

စိတ်ဝိညာဉ်နှင့် အင်မော်တယ်ချီများ ပြင်းထန်စွာ လောင်ကျွမ်းလာကာ ကောင်းကင် တခွင် မြင်ကွင်းများ ပြောင်းလဲလာ၏။

လျန်ကျိပေ့၏ ကျင့်ကြံမှုအုတ်မြစ်သည် သဘာဝအတိုင်း လျန်ယွန်တုထက် အားမနည်း လှချေ။ တိုက်ပွဲဝင်စွမ်းအားမှာ အနည်းငယ်ပင် သာလွန်ကောင်းမွန်နေသေး၏။

ထို့ကြောင့် သူ့သွေးနှင့်ချီကို လောင်မြိုက်စေလိုက်သောအခါ စကြာဝဠာကြီး ထွက်ပေါ်လာခဲ့သည်။

သူတော်စင်အင်မော်တယ်တစ်ပါး၏ စကြာဝဠာသည် ပြီးပြည့်စုံလုနီးပါးဖြစ်ချေသည်။ ကမ္ဘာဦးကာလ ဖရိုဖရဲဖြစ်စဉ်များကဲ့သို့ အင်မော်တယ်ချီများ ပြည့်လျှံနေ၏။

သေမျိုးအဆင့်၌ဆိုက ဤကဲ့သို့သော သူတော်စင်အင်မော်တယ်ကို အနိုင်ယူရန် စုရီမှ အစွမ်းကုန်တိုက်ခိုက်ရပေမည်။

ယခုအချိန်၌မူ သူသည်လည်း ငရဲဘုံကိုးပါးအနန္တ ဓားစကြာဝဠာ ဖန်တီးနိုင်ပြီ ဖြစ်သောကြောင့် စွမ်းပကားမှာ မှန်းဆ မရနိုင်တော့ချေ။

“ ဟမ့် ... ။ ”

မည်သူမျှ ရပ်တန့်၍ မရနိုင်သော အရှိန်အဟုန်မျိုးဖြင့် ပြိုင်ဘက်၏စကြာဝဠာ အတွင်း လှမ်းဝင်လိုက်တော့သည်။

ငရဲဘုံကိုးပါးဓားအသွင် တာအိုဥပဒေကိုးပါးသည် ယန္တရားများအလား စတင်လည်ပတ်လာကာ လျန်ကျိပေ့၏ စကြာဝဠာကြီးရှိ နိယာမအားလုံးကို ကြိတ်ချေပစ်လိုက်တော့၏။

“ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ”

လျန်ကျိပေ့ခမျာ အဝတ်အစားများ ပြတ်တောက်လျက် ဓားချက်များကြောင့် ဖရိုဖရဲ ရှုပ်ပွလာချေပြီ။ အော်ဟစ်လျက် အကြိမ်ကြိမ် ပြန်လည်တိုက်ခိုက်ရန် ကြိုးစားခဲ့၏။

“ တားဆီးလိုက် ... ။ ”

သို့သော် နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်ပေါ်၌ သွေးထွက်သံယိုဒဏ်ရာများ ဆက်တိုက် ရရှိလာခဲ့တော့သည်။

ဤအချိန်ရောက်မှသာ လျန်ယွန်တုမှ သူ့ကိုအရှုံးပေးရန် အဘယ့်ကြောင့်တိုက်တွန်း သွားခဲ့သည်ကို နားလည်လာတော့၏။

ဤလူငယ်သည် အမည်ခံအင်မော်တယ် အဆင့်တွင်သာရှိသော်လည်း စကြဝဠာတစ်ခုကို အောင်မြင်စွာဖန်တီးထားနိုင်ချေပြီ။

စစ်မှန်သော စွမ်းပကားမှာ အလွန် ကြောက်စရာကောင်းလှပြီး ဤကမ္ဘာကြီးပေါ်ရှိ ကျင့်ကြံမှုနယ်ပယ် သတ်မှတ်ချက်များအားလုံး အပေါ် ဆန့်ကျင်နေချေ၏။

“ ဝုန်း ... ။ ”

အဆုံး၌ လှံရှည်ကျိုးသွားကာ ရင်ဘတ်ပေါ်တွင် လက်သီးရာကြီးတစ်ခု ထင်ကျန်ရစ်ခဲ့လေသည်။

“ မျိုးနွယ်စုခေါင်းဆောင်။ ”

လျန်မိသားစုဝင်များ အားလုံးသည် ဝမ်းနည်းကြေကွဲစွာဖြင့် အော်ဟစ်လိုက်ကြ၏။ မျိုးနွယ်စုအတွင်းရှိ ထင်ရှားသော ထိပ်တန်း ကျွမ်းကျင်သူ အချို့မှာ ရူးသွပ်စွာဖြင့် ကူညီရန် လှမ်းတက်လာကြသည်။

“ မလာနဲ့ ... ။ ”

လျန်ကျိပေ့မှ ထိတ်ခနဲ အော်ဟစ် တားဆီးလိုက်၏။ ထို့နောက် ချဉ်းကပ်လာသော စုရီကို စိုက်ကြည့်ကာ မေးမြန်းလိုက်လေသည်။

“ မင်း ... ငါ့ရဲ့ လျန်မိသားစုဝင်တွေကို အသက်ရှင်ခွင့်ပေးမယ်ဆိုတာ တကယ်ပဲလား။ ”

“ ဟုတ်တယ် ... ။ ”

စုရီက ပေါ့ပေါ့ပါးပါးပင် ခေါင်းညိတ်ပြလိုက်သည်။ လျန်ျကိပေ့မှ ခါးသီး နာကျင်စွာပြုံးလိုက်ပြီး၊

“ ကောင်းပြီ ... ဒါဆိုရင် ငါ့ရဲ့ဦးခေါင်း မင်းကိုပေးလိုက်မယ် ဒါပေမယ့် ... ငါမသေခင် မေးခွန်းတစ်ခုမေးပါရစေ ... မင်းလိုမျိုး ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ ...

... ဘီလူးတစ်ကောင်က ဘာလို့ လျန်ဝမ်ယုလိုအမှိုက်ကို ကူညီပေးနေရတာလဲ ဆိုတာ ငါအရမ်းသိချင်တယ်။ ”

-ဟု မေးမြန်းလိုက်သည်။

ဤမေးခွန်းသည် လျန်မိသားစုဝင်များ အပါအဝင်လူတိုင်းသိချင်နေကြသော မေးခွန်း ဖြစ်ပေသည်။ စုရီမှ ခေါင်းရမ်းကာ၊

“ မှားတယ် ဖန်ယွီရုံကြောင့်ပဲ။ ”

-ဟု ပြန်လည် ဖြေကြား၏။

“ ဖန်ယွီရုံလား ... ဟုတ်လား။ ”

လျန်ကျိပေ့က ခေတ္တမျှ အံ့အားသင့်သွားရပြီးနောက် ရုတ်တရက် အရာအားလုံးကို နားလည်သွားခဲ့သည်။ သူ၏ မျက်နှာအမူအရာမှာ အလွန်အမင်း ရှုပ်ထွေး သနားစရာ ကောင်းလာ၏။

အဆုံး၌ ကောင်းကင်ကို မော့ကြည့်ပြီး ခါးသီးစွာသက်ပြင်းချကာ၊

“ ငါ မျှော်လင့်ထားတဲ့အတိုင်းပဲ ... နဂါးခြင်္သေ့မျိုးနွယ်ကလာတဲ့ မိန်းမယုတ်ကြောင့် ငါတို့မိသားစုကို ပျက်စီးရပြီ။ ”

-ဟု ညည်းတွားလိုက်တော့သည်။

ထိုစဉ် ထက်မြက်လှသော ဓားအလင်းတစ်လက်သည် သူ့အမြင်အာရုံထဲ နီးကပ်စွာ ဝင်ရောက်လာခဲ့၏။

လျန်ကျိပေ့ဦးခေါင်းသည် လေထဲသို့ မြင့်တက်လွင့်စင်သွားခဲ့ကာ စုရီလက်ဖဝါး အတွင်းသို့ ဆင်းသက်သွားသည်။

မျက်ဝန်းများမှာမူ ဒေါသကြောင့် ကျယ်လောင်စွာဖွင့်ဟနေဆဲဖြစ်ပြီး နာကျဉ်းမှု အရိပ်အငွေ့များ ပြည့်နှက်နေချေပြီ။

ခဏအတွင်းမှာပင် ခန္ဓာကိုယ်ကြီး ပေါက်ကွဲကာ မြေပြင်ပေါ်သို့ သွေးမိုးများရွာကျ ကုန်တော့၏။

ဤနည်းဖြင့် လျန်မိသားစု၏ အမြင့်မြတ်ဆုံးသော မျိုးနွယ်စုခေါင်းဆောင် လျန်ကျိပေ့သည် လူအများ၏ ရှေ့မှောက်၌ ခေါင်းဖြတ် သတ်ပစ်ခြင်း ခံလိုက်ရသည်။

လျန်မိသားစု သမိုင်းတလျှောက် အရှက်ရဖွယ်အကောင်းဆုံးသော တိုက်ပွဲဖြစ်၏။

လူတိုင်း ကြောက်ရွံ့မှုများစွာဖြင့် နှလုံးသားများ တဒိတ်ဒိတ်ခုန်လာခဲ့ကြပြီး ခန္ဓာကိုယ်များ တုန်ရီလာလေသည်။

ယနေ့သ်ည လျန်မိသားစုအတွက် အလွန်ပျော်ရွှင်စရာကောင်းသော နေ့တစ်နေ့ ဖြစ်ရမည်ဖြစ်သော်လည်း သွေးရနံ့များဖြင့် အဆုံးသတ်သွားချေပြီ။

ထိုအချိန်တွင် စုရီသည် ကောင်းကင်မှ ဆင်းသက်လာကာ လျန်ကျိပေ့ဦးခေါင်းကြီးကို လျန်ဝမ်ယုထံ ကမ်းပေးလိုက်သည်။

“ ဒါ မင်းတို့အတွက် ဒီနေ့ ငါပေးမယ့် ဒုတိယလက်ဆောင်ပဲ။ ”

လျန်ဝမ်ယုက ခေါင်းပြတ်ကြီးကို လက်ခံရရှိလိုက်သည့် ခဏ၌ တစ်ကိုယ်လုံး ဆတ်ခနဲ တုန်လှုပ်သွားခဲ့လေသည်။

သူ့နှလုံးခုန်သံများ အဆမတန် မြန်ဆန်လာကာ တည်ငြိမ်မှုများ ပျောက်ဆုံး သွားခဲ့ရတော့၏။

ဆယ်စုနှစ်ပေါင်းများစွာ တိုင်အောင် သူ့ရင်ထဲမုန်တီးနေခဲ့ရသည့် နှောင်ကြိုးများမှာ တဖြည်းဖြည်း လွင့်ပါးကုန်ချေပြီ။

***

All Chapters