အခန်း ၁၁၉၆
Vol. 100 Ch. 1196
အခန်း ၁၁၉၆ –
အကောင်းနှင့် အဆိုး ဟူသည် ... ။
ကြီးကျယ်လှသော သွေးထွက်သံယို တိုက်ပွဲကြီး ပြီးဆုံးသွားခဲ့ပြီးနောက် လေထုမှာ ခြောက်ကပ်စွာ တိတ်ဆိတ်သွားတော့သည်။
လျန်မိသားစုဝင်အားလုံးသည် နောက်ထပ်မည်သို့သော ကပ်ဆိုးကြီးကျရောက် လာမည်ကို တွေးတောကာ စိုးထိတ်နေ၏။
ဧည့်သည်များသည်လည်း မိမိတို့အပေါ် စုရီ၏အထင်အမြင်လွဲမှားမှုများ ကျရောက်မည် စိုးရိမ်သဖြင့် ကျောက်ရုပ်များကဲ့သို့ ရပ်နေသည်။
ပတ်ဝန်းကျင် လေထုသည် အသက်ရှူကျပ်လောက်အောင် လေးလံပြီး ထိုင်းမှိုင်းနေတော့၏။
“ သူ့ကို ... ခေါ်လာခဲ့။ ”
စုရီက လေထဲ လက်ဝှေ့ရမ်းလိုက်သည်။ တိမ်ပင်လယ်အတွင်း စူးရှတောက်ပလွန်းသော အလင်းတန်းများ ထွက်ပေါ်လာပြီး ပုံရိပ်တစ်ရိပ် ဆင်းသက်လာသည်။
ဤသည်မှာ သူတော်စင်အင်မော်တယ် တစ်ပါးဖြစ်၏။ ရောင်ဝါအရ လျန်ကျိပေ့(၁၀)ဦး ပေါင်းစပ်ထားလျှင်ပင် သူ့ကို မမီချေ။
မျက်နှာပေါ်တွင် ရင့်ရော်ကြမ်းတမ်း ခက်ထန်ကာ အချိန်၏တိုက်စားမှုကို ပြသသည့် အရေးအကြောင်းများ ပြသနေ၏။ ချီဖူဖန်းပေပင်။
သူ့လက်ထဲတွင် အဖိုးအိုတစ်ယောက်ကို ကိုင်ဆောင်ထားပြီး စုရီရှေ့သို့ ပစ်ချလာသည်။ လျန်ဝမ်ယု၏ အစေခံ ယွီထျန်းဖြစ်၏။
ယွီထျန်းကို မြင်ချိန်၌ လျန်ဝမ်ယုသည် မျက်နှာပျက်ယွင်းသွားလေသည်။ လက်သီးကို ဆုပ်ကိုင်လျက် တုန်လှုပ်လာ၏။ စုရီက သူ့ကို စိုက်ကြည့်ကာ၊
“ တတိယ လက်ဆောင်အတွက် စကားတစ်ခွန်းရှိတယ် ဒီခေါင်းလောင်းက ကျင့်ကြံသူအတွက် ဝိညာဉ်ကိုနိုးထစေသလို အကောင်းမှု ကျူးလွန်သူတွေအတွက် သေမင်းခေါ်သံပဲ။ ”
-ဟု ဆိုလျက် ကောင်းကင်ဘုံ ကောင်းချီး မင်္ဂလာခေါင်းလောင်းကို လျန်ဝမ်ယုရှေ့ထံသို့ ပစ်ပေးလိုက်သည်။
လျန်ဝမ်ယုခမျာ တုန်ယင်လာပြီး ချက်ချင်းခေါင်းငုံ့သွားလေသည်။ စုရီစကား၏ ဆိုလိုရင်ကို သူသာလျှင် နားလည်ထား၏။
တစ်နေ့တွင် ထိုမကောင်မှုသည် ပေါ်ပေါက်လာမည်ကို တွက်ဆထားလေသည်။ ဤမျှစောလျင်စွာ ရောက်ရှိလာမည်ဟု မထင်ထားရုံသာရှိ၏။
“ အစ်ကိုစု ဘာတွေဖြစ်နေတာလဲ။ ”
ဖန်ဟန်မှ စိုးရိမ်တကြီး မေးသည်။ စုရီကပြန်မဖြေဘဲ လျန်ဝမ်ယုထံ ကြည့်နေခဲ့၏။ လျန်ဝမ်ယုတစ်ယောက် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်၊
“ ငါ့ဝန်ခံပါတယ် ဒါတွေအားလုံးက ငါ့ရဲ့မရိုးသားမှုပါ။ ”
-ဟု အစချီကာ အတိတ်ကို ပြန်လည်ပြောပြလာသည်။
“ လွန်ခဲ့တဲ့ သုံးနှစ်က ... ယွီထျန်းကို လျှို့ဝှက်အမိန့်ပေးခဲ့တယ် သူ့ကိုမိစ္ဆာကျင့်ကြံသူ တစ်ဦးအဖြစ် ဟန်ဆောင်ပြီး ... ကျွန်စျေးကနေ မိန်းကလေးဖန်းယွီရုံကို ဝယ်ယူဖို့အတွက်ပဲ။ ”
လျန်ဝမ်ယု စကားကြောင့် ဖန်ဟန်မှာ မျက်နှာပျက်ယွင်းသွား၏။
“ အစ်ကိုလျန် မင်းတကယ်ဘဲ လူယုတ်မာလား။ ”
လျန်ဝမ်ယုက သူ့မေးခွန်းကို ဖြန်မဖြေဘဲ အကြောင်းအရာကို ဆက်ပြောသည်။
“ အဲဒီနောက်မှာ ... ငါဟာ ... မိန်းကလေးဖန်းယွီရုံကို သူရဲကောင်းဆန်ဆန် ကယ်တင်ခြင်းဆိုတဲ့ ပြဇာတ်တစ်ပုဒ်ကို လုပ်ကြံဖန်တီးခဲ့တယ် ... ဒီလိုနဲ့ မိန်းကလေး ဖန်ယွီရုံရဲ့နှလုံးသားကို အပိုင်သိမ်းပြီး ... သူ့အနားကို ရောက်နိုင်ခဲ့တယ် ... ။ ”
ထိုအမှန်တရားကို ကြားလိုက်ရသည့် ခဏတွင် ဖန်ဟန်၏ မျက်နှာပြင်တစ်ခုလုံးသည် ဒေါသများ တောက်လောင်လာ၏။
“ မင်း ... မင်းတကယ်ပဲ လူယုတ်မာပဲ။ ”
“ ဒီနည်းနဲ့ ငါနဲ့ မိန်းကလေး ဖန်ယွီရုံက ကျေးဇူးရှင်အဖြစ် အကြွေးတစ်ခုတင်သွားပြီး ငါ့တောင်းဆိုမှုကို လိုက်လျောလာမယ်။ ”
လူတိုင်း တိတ်ဆိတ်ကုန်၏။ ဖန်ယွီရုံသည်ပင် အံကြိတ်ကာ တိတ်ဆိတ် နေတော့သည်။ စုရီကမူ မည်သည့်စကား တစ်လုံးမျှမပြောဘဲ စောင့်ဆိုင်းနေ၏။
“ ငါ့ရဲ့တကယ့် ရည်ရွယ်ချက်ကတော့ နဂါးခြင်္သေ့မျိုးနွယ်စုရဲ့ မျိုးဆက်ကိုမွေးဖွား သန့်စင်ဖို့ပဲ ... အဲဒီနောက်မှာ ...
... သူမရဲ့ခန္ဓာကိုယ်အတွင်းက သွေးအဆီအနှစ်ကိုခိုးယူပြီး ပျက်စီးနေတဲ့ ငါ့ခန္ဓာကိုယ်ကို ကုသဖို့အတွက် ဆေးပြား သန့်စင်ပစ်မယ် ... ။ ”
ဤအမှန်တရားကို ကြားလိုက်ရချိန်၌ ပတ်ဝန်းကျင်တစ်ခုလုံး ဝေဖန်ဆွေးနွေးသံများ ရုတ်ချည်းပေါ်ပေါက်လာခဲ့တော့သည်။
လူတိုင်း၏ ရွံရှာစက်ဆုပ်ခြင်း အကြည့်များသည် လျန်ဝမ်ယုထံသို့ ချက်ချင်း ကျရောက်လာ၏။ ဖန်ဟန်၏ မျက်နှာမှာမူ လုံးဝ သွေးဆုတ်သွားခဲ့ရလေသည်။
“ ဒါပေမယ့် ... တကယ်တမ်းကျတော့ ... အဲဒီသုံးနှစ်တာ ကာလအတွင်းမှာ ငါမလုပ်နိုင် ခဲ့ပါဘူး မိန်းကလေးဖန်းယွီရုံနဲ့ နေ့ရက်တိုင်းကို အတူတူ ဖြတ်သန်းခဲ့ကြရာကနေ ...
... တကယ်ပဲ ခံစားချက်တွေ တိုးပွားလာခဲ့ပါတယ် သူမရဲ့သွေးအဆီအနှစ်ကို ခိုးယူဖို့အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပေမယ့် မလုပ်ဝံ့ခဲ့ဘူး ...
... ဒါက စိတ်ကောင်းဝင်တာမဟုတ်ပါဘူး ငါ့မှာဒီထက်ရက်စက်ပြင်းထန်တဲ့ စိတ်ကူးတစ်ခု ရလာလို့ပဲ အဲဒါကတော့ ... လျန်မိသားစု နယ်မြေအတွင်းမှာ ...
... ဒီနေ့လို လူအများရဲ့ရှေ့မှောက်ကနေ မိန်းကလေးဖန်းယွီရုံကို လက်ထပ်ထိမ်းမြားဖို့ စိတ်ကူးပဲ ... ဘာလို့လဲဆိုရင် ဒီလိုမျိုး လက်ထပ်ပွဲကို ပြုလုပ်ခြင်းအားဖြင့် ...
... ငါ့ မိဘတွေကို သတ်ခဲ့တဲ့ လျန်မိသားစုအပေါ် ဒီနဂါးခြင်္သေ့မျိုးနွယ်ရဲ့ ကပ်ဘေးတွေကို လွှဲပြောင်းကျရောက်စေပြီး လက်စားချေချင်လိုပဲ ...
... ဒုတိယအချက်ကတော့ လက်ထပ်ပြီးတဲ့နောက် ငါ့မျိုးဆက်ကို ချန်ထား နိုင်မယ်မဟုတ်လား ငါ့အတွက် အသက်ရှင်ဖို့ အချိန်သိပ်မကျန်တော့ဘူး ဒါကြောင့် ...
... ဒီလိုမျိုး မြင့်မြတ်တဲ့ မျိုးဆက်နဲ့ ငါ့သွေးကိုချန်ထားနိုင်ခဲ့ရင် ဘယ်လောက်များ ကံကောင်းလိုက်မလဲ။ ”
ဤစကားကို ကြားလိုက်ရသည့်အခါ လျန်မိသားစုဝင်တိုင်းသည် ဒေါသထွက်ကုန်ကာ မုန်းတီးလွန်းလှသဖြင့် စူးရဲစွာ လျန်ဝမ်ယုထံ စိုက်ကြည့်လာသည်။
လျန်ဝမ်ယုစကားများသည် သူတို့၏ မျိုးနွယ်စုခေါင်းဆောင် လျန်ကျိပေ့ သေဆုံးခါနီး အစောပိုင်းက ပြောကြားခဲ့သော ထင်မြင်ချက် အပေါ် ရာနှုန်းပြည့် အတည်ပြုပေးနေ၏။
ယနေ့အခမ်းအနားသည် အမှန်ပင် လျန်မိသားစုအတွက် ကပ်ဘေးဆိုးကြီးတစ်ခု ဖြစ်နေခဲ့လေသည်။
အင်မော်တယ်မြေတွင် နဂါးခြင်္သေ့မျိုးနွယ်ပျက်သုဉ်းခြင်း အကြောင်းကို မည်သူသည် မသိဘဲနေမည်နည်း။ လျန်မိသားစု သည်သာ ထိုကပ်ဘေးအတွင်း ဆွဲသွင်းခံရသော် တစ်ရက်ပင် အသက်ရှင်နိုင်မည် မဟုတ်ချေ။
“ ဒါပေမယ့် ဒီကာလအတွင်း ငါတကယ် ဖန်ယွီရုံကိုချစ်ခင်လာလိမ့်မယ်လို့ ဘယ်သူများ ထင်မိမှာလဲ သူမကို ကာကွယ်ပေးခဲ့တာ ငါ့ဆန္ဒ အစစ်အမှန်တွေပါ ... ဒါကြောင့် ငါ့အပြစ်ကို ဝန်ခံပါတယ် ... ။ ”
စကားဆုံးသည်နှင့် လျန်ဝမ်ယုသည် စုရီရှေ့တွင် ဒူးထောက်ချလိုက်တော့သည်။ တစ်ဖက်လူသည် နဂါးခြင်္သေ့မျိုးရိုးအတွက် သူတော်စင်အင်မော်တယ် နှစ်ပါးကိုပင် လက်မတွန့်ခဲ့ချေ။
သူ့အတွက် မျှော်လင့်ချက် မရှိကြောင်း နားလည်လိုက်၏။ တစ်ဖက်တွင် ဖန်ယွီရုံသည် ထိုမြင်ကွင်းကြောင့် စိုးထိတ်သွားပြီး၊
“ ငါ သိတယ် ... ။ ”
-ဟု အလျင်အမြန် ဝင်ပြောလာသည်။
စုရီမှ တစ်စုံတစ်ခု လျန်ဝမ်ယုအပေါ် အပြစ်ပေးလိုက်မည်ကို စိုးရိမ်နေပုံရလေသည်။ လူတိုင်း အံ့အားသင့်ကုန်ပြန်၏။
“ အစ်မ ... နင်။ ”
ဖန်ဟန်ခမျာ မယုံနိုင်စရာ ဖြစ်ရပ်ကိုမြင်တွေ့လိုက်ရသဖြင့် စကားလုံးများ ပျောက်ကွယ်ကုန်သည်။
ဖန်ယွီရုံမှ ရှုပ်ထွေးနာကျင်လှသော အပြုံးတစ်ပွင့်နှင့် ဖန်ဟန်ကိုလျစ်လျူရှုူကာ စုရီထံမော့ကြည့်ပြီး၊
“ အစ်ကိုလျန်နဲ့ ငါတို့နှစ်ယောက်စလုံး ... ဒီလောကကြီးရဲ့ အပြစ်ပေးခြင်းကို ခံစားခဲ့ရတဲ့ သနားစရာ လူသားတွေပဲ ... သူက သူ့ရဲ့ မိဘတွေအတွက် လျန်မိသားစုကို ...
... လက်စားချေချင်ခဲ့သလို ... ငါလည်း ငါ့မျိုးနွယ်စုတစ်ခုလုံးအတွက် လောကကြီးကို လက်စားချေချင်တယ် ဖြစ်နိုင်ရင် ဒီကမ္ဘာကြီး တစ်ခုလုံး ကမောက်ကမဖြစ်အောင် လုပ်ယူချင်တယ် ...
... ဒါကြောင့် ပြီးခဲ့တဲ့ သုံးနှစ်တာ ကာလအတွင်းမှာ အစ်ကိုလျန်ကို အဲဒီအစေခံက ကြိမ်ပေါင်းများစွာ တိုက်တွန်းနေတာ ငါသိတယ် ဒါပေမယ့် နောက်ဆုံးမှာတော့ အစ်ကိုလျန်က စိတ်နှလုံးပျော့ညံသွားပြီး ...
... ငါ့ကို ထိခိုက်အောင် မလုပ်ခဲ့ဘူး ... သူ့ရဲ့အမှန်တရားတွေကိုလည်း ငါမသိဘူးလို့ ထင်မှတ်နေခဲ့ပေမယ့် ... တကယ်တော့ အရာအားလုံးကို ငါသိနေခဲ့တာပါ ... ။ ”
-ဟု ဝန်ခံလိုက်လေသည်။
အမှန်တွင် သူသည်လည်း လျှို့ဝှက်ကြံအစည်များနှင့် ပြည့်နှက်နေသော လူပေပင်။
အတိတ်ဘဝတွင် ကြုံဆုံရသော လူယုတ်မာတိုင်းသည် သူမကို ဆေးပြားအဖြစ် သန့်စင်ရန်သာ စိတ်ကူးရှိကြသည်။
“ အစ်ကိုလျန် ... ငါတို့ရဲ့အမှားတွေ အားလုံးကို ... ဒီနေ့အဆုံးသတ်လိုက်ရအောင် အစ်ကိုစု ငါ့မှာလည်း မရိုးသားတဲ့ စိတ်ကူးတွေရှိခဲ့ပါတယ် ...
... အစ်ကိုလျန်ကို အသုံးချပြီး ငါ့ရဲ့မျိုးဆက်သွေးကို ဒီလောကကြီးထဲမှာ ချန်ထားဖို့ ဆန္ဒရှိခဲ့ပါတယ် ...
... ဒါကြောင့်လည်း လျန်မိသားစု တစ်ခုလုံးသေတွင်းထဲရောက်အောင် ကြံစည်မှု အပေါ် ငါလက်ခံထားခဲ့ပါတယ်။ ”
ဤစကားများကြောင့် ဖန်ဟန်ခမျာ မျက်ဝန်းများ၌ အသိစိတ်ကင်းမဲ့သွားသကဲ့သို့ ဗလာဖြစ်သွားလေသည်။ သူ့အတွေးများမှာ လုံးဝရှုပ်ထွေးနေ၏။
“ ဒါ ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ငါ့ရဲ့အစ်မကော အစ်ကိုလျန်ကော အားလုံးက ငါ့ကိုလှည့်စားနေခဲ့ကြတာပဲ။ ”
ဆယ်ကျော်သက် လူငယ်တစ်ယောက် အနေဖြင့် လောကကြီး၏ရှုပ်ထွေးလွန်းလှသော လူ့သဘာဝကို လုံးဝ နားမလည်နိုင်ခဲ့ချေ။
စုရီက ဝိုင်အိုးကို ပြန်လည် သိမ်းဆည်းလိုက်ပြီး၊
“ လုံလောက်ပြီ ... ဒီကမ္ဘာကြီးမှာ လူသားတွေရဲ့နှလုံးသားဟာ အလွန်ရှုပ်ထွေးပြီး ခန့်မှန်းရခက်လွန်းတယ် ဒါကြောင့်လောကမှာ လုံးဝအပြစ်ကင်းသူနဲ့ ... လုံးဝ မကောင်းဆိုးရွားဆန်သူဆိုတာ မရှိဘူး ...
... အနာဂတ် ကျင့်ကြံမှုအတွက် မင်းတို့ရဲ့တာအိုကို ပိုမိုရင့်ကျက်လာစေအောင် ဒီနေ့ကိုသင်ခန်းစာယူပါ။ ”
ဘေးနားမှနေ၍ ဤဖြစ်ရပ်အားလုံးကို အစအဆုံး မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသော ယွဲ့ဟောင်ဖန်းတစ်ယောက် အံ့အားသင့် တိတ်ဆိတ်သွားလေသည်။
ဤကမ္ဘာကြီးတွင် နတ်ဆိုးနှင့် မြင့်မြတ်သူဟူ၍ မရှိသည်လော။ ဆိုလိုသည်မှာ တစ်စုံတစ်ဦးသည် သူ့လုပ်ဆောင်ချက်များအရ မကောင်းဆိုးရွားဖြစ်နိုင်သလို လူတိုင်းအတွက် သူရဲကောင်းလည်းဖြစ်နိုင်၏။
ထာဝရနတ်ဆိုးဟူ၍ မရှိချေ။ ထိုအတူ ထာဝရသူရဲကောင်းဟူသည်လည်း မရှိနိုင်မှန်း နားလည်လိုက်ချေပြီ။
အတွေးတစ်ခုသည် အကြင်သူကို အဆိုးအကောင်းဟူသော ဘွဲ့တံဆိပ်တစ်ခု ကပ်ပေးနိုင်ချေ၏။
***