← Chapters

အခန်း ၁၁၉၉

Vol. 100 Ch. 1199

အခန်း ၁၁၉၉

Vol. 100 Ch. 1199

အခန်း ၁၁၉၉ -

နောက်ထပ် တရားမဝင်သားတစ်ယောက်လား။

“ ဒါနဲ့ ... မင်းတိုက်ခိုက်ခဲ့တဲ့လူက ဘယ်သူလဲ။ ”

စုရီက မေးလိုက်သည်။

“ အဲဒီအဖိုးကြီးရဲ့ တာအိုအမည်က ခရမ်းရောင်မြစ်သခင်ပဲ ဝိညာဉ်တစ်သောင်း ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ပါ ...

... အဖြူရောင်သမင်တောင်ကို ရောက်ပြီးမကြာခင်မှာပဲ သူက ငါ့နောက်ကို တိတ်တိတ်လေးလိုက်လာတယ် ဒီညတော့ သူ့ကိုသတ်ဖို့ ... ဒီတောင်ကို တမင်တကာ သွေးဆောင်ခဲ့တာပါ။”

စုရီက အံ့အားသင့်သွားသည်။ ထိုစဉ်က နဂါးနက်ဈေးတွင် သန့်ရှင်းသောသားတော်နှင့် အကြီးအကဲယွမ်ချုံးကို သူ သတ်ခဲ့ဖူး၏။

ထိုအကြီးအကဲယွမ်ချုံးသည် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရား တားမြစ်အမိန့်တစ်ခုကို ထုတ်ယူခဲ့သည်။

သူတို့ ဝိညာဉ်တစ်သောင်းဂိုဏ်း၏ နောက်ကွယ်တွင် ကောင်းကင်နတ်ဘုရားမ တစ်ပါးရှိနေကြောင်း သိရှိထားသည်။

“ ဝိညာဉ်တစ်သောင်းဂိုဏ်းက မင်းရဲ့ ကျောက်စိမ်းအလင်းမြင့်မြတ်မြေကို ပစ်မှတ် ထားနေတာလား။ ”

စုရီမှ သိချင်သွားသည်။ ဝိညာဉ် တစ်သောင်းဂိုဏ်းသည် ဓမ္မအဆုံးခေတ်အပြီး ထွက်ပေါ်လာသော နတ်ဆိုးအင်အားစုဖြစ်၏။

ကျောက်စိမ်းအလင်း မြင့်မြတ်မြေ၏ သမိုင်းကြောင်းအုတ်မြစ်ကို ယှဉ်နိုင်စရာမရှိချေ။ ယင်ရှုမှ ခေါင်းညိတ်ပြကာ၊

“ ဝိညာဉ်တစ်သောင်း ဂိုဏ်းဟာ ရည်မှန်းချက်ကြီးပြီး နယ်မြေကို အဆက်မပြတ် တိုးချဲ့နေပါတယ် အခုသူတို့က ဘူကျိုးတောင်ရဲ့ နယ်မြေသုံးပုံတစ်ပုံကို သိမ်းပိုက်ထားပြီးပါပြီ ...

... စီနီယာယာ သိတဲ့အတိုင်းပဲ ငါ့ရဲ့ ကျောက်စိမ်းအလင်းမြင့်မြတ်မြေ အုတ်မြစ်ဟာ ပုကျိုးတောင်မှာရှိတာပါ အရင်တုန်းကတော့ ဝိညာဉ်တစ်သောင်းဂိုဏ်းက ငါ့တို့အပေါ် ရန်မစရဲပါဘူး ဒါပေမယ့် ...

... မကြာသေးမီနှစ်တွေအတွင်းမှာ သူတို့တွေက နယ်မြေတွေကို ကျူးကျော်လာပြီး ပဋိပက္ခတွေ အများကြီး စတင်လာပါတယ် ...

... ပြီးတော့ မကြာသေးခင်က ဝိညာဉ်တစ်သောင်းဂိုဏ်းခေါင်းဆောင်က လာမယ့် ဩဂုတ်လ(၁၅)ရက်နေ့မှာ ...

... သူတော်စင်အင်မော်တယ် တွေ့ဆုံပွဲ ကျင်းပမယ်လို့ကြေညာခဲ့ပါတယ် ဒီတွေ့ဆုံပွဲမှာ ပုကျိုးတောင်မှာရှိတဲ့ အဓိကမြင့်မြတ်မြေ သုံးပါးက သူတော်စင်အင်မော်တယ်တွေ တက်ရောက်ဖို့ ဖိတ်ကြားထားပါတယ်။ ”

စုရီမှ မျက်ခုံးပင့်လိုက်သည်။

“ ရည်ရွယ်ချက်က ဘာလဲ။ ”

“ သူတို့ ရည်ရွယ်ချက်ကို အတိအလင်း မပြောပေမယ့် အာဏာခွဲဝေပုံပြင်ဆင်ရမယ်လို့ ကြေငြာထားပါတယ်။ ”

တစ်နည်းအားဖြင့်ဆိုသော် ဝိညာဉ်တစ်သောင်းဂိုဏ်းသည် ဤတွေ့ဆုံပွဲကို အကြောင်းပြု၍ ပုကျိုးတောင်မှအင်အားစုများ အပေါ် အတင်းအကျပ် လက်နက်ချခိုင်းရန် ရည်ရွယ်ထားပုံပေပင်။

ဤနေရာအရောက်တွင် ယင်ရှု၏ မျက်နှာပေါ်၌ စိုးရိမ်ပူပန်မှုများ ထင်ဟပ်လာပြီး သက်ပြင်းချလိုက်တော့သည်။

“ တကယ်ဆို အတိတ်က ငါ့ရဲ့မြင့်မြတ်မြေဟာ ဒီလိုခြိမ်းခြောက်မှုတွေကို မှုစရာမလိုပေမယ့် ဓမ္မအဆုံးခေတ်မှာ ဆုံးရှုံးမှု ကြီးမားခဲ့တာကြောင့် အင်အား သိသိသာသာ လျော့နည်းသွားခဲ့ရပါပြီ ...

... အခုဆို ဂိုဏ်းမှာ အင်မော်တယ်ဘုရင် သုံးပါးပဲ ရှိပါတော့တယ် အဲဒီထဲက တစ်ပါးဟာ လောကအနှံ့ခရီးဆက်ပြီး ဘယ်ရောက်နေမှန်း မသိတော့ပါဘူး သူ ထွက်သွားပြီးတည်းက သတင်းမရတော့တာပါ ...

... ငါ့ရဲ့ဆရာ အင်မော်တယ်ဘုရင်ခုံရီနဲ့ ကျန်ရှိနေခဲ့တဲ့အင်မော်တယ်ဘုရင် တစ်ပါးက နတ်ဘုရားဒုက္ခကို ခံစားနေရပါတယ် ...

... သူတို့ရဲ့ သက်တမ်းဟာ တစ်နေ့တခြား ကျဆင်းနေတာမို့ အသက်ရှည်အောင်တံခါးပိတ် ကျင့်ကြံနေရပါတယ်။ ”

ထိုစကားကြားချိန်တွင် စုရီသည် ချင်းဝေ၏ဆရာဖြစ်သူ အင်မော်တယ်ဘုရင် လျူယွင်ကို သတိရသွားသည်။

သူမသည်လည်း ထူးဆန်းသော နတ်ဘုရားဒုက္ခတစ်ခုကို ကြုံတွေ့ခဲ့ရသဖြင့် ဖြေရှင်းရန် အစွမ်းကုန် ကြိုးစားနေရ၏။

နဂါးနက်ဈေးမြို့၌ ဝိညာဉ်တစ်သောင်း ဂိုဏ်း၏ သန့်ရှင်းသောသားတော်ချုံးချီသည် ဤအချက်ကိုအသုံးချကာ ချင်းဝေထံ တာအို လက်တွဲဖော်အဖြစ် တောင်းဆိုခဲ့ခြင်းပေပင်။

( ဒါတွေအားလုံးက ဝိညာဉ်တစ်သောင်း ဂိုဏ်းနဲ့ ဆက်စပ်နေတာလား ဒီဂိုဏ်းနောက်က နတ်ဘုရားရဲ့ လက်ချက်လား။ )

စုရီမှ အတွေးထဲ နစ်မြုပ်သွား၏။ ကျောက်စိမ်းအလင်း မြင့်မြတ်မြေမှ ခုံရီဖြစ်စေ၊ ပျော်ရွှင်ခြင်း‌ကျောက်စိမ်းမျှော်စင်မှ လျူယွင် ဖြစ်စေ သူတို့သည် ဝိညာဉ်တစ်သောင်းဂိုဏ်း၏ ပစ်မှတ်ထားခြင်းကို ခံနေရချေသည်။

ယင်းသည် တိုက်ဆိုင်မှု မဟုတ်ကြောင်း သံသယများဝင်မိ။ စုရီမှ တစ်စုံတစ်ရာအပေါ် သတိရလာကာ၊

“ မင်းရဲ့ဆရာက ငါ့ကိုရှာဖို့ ... မင်းကို စေလွှတ်လိုက်တာ ... သူ့ရဲ့ ဘေးဒုက္ခတွေကို ဖြေရှင်းပေးစေချင်တာလား။ ”

-ဟု မေးမြန်းလိုက်၏။ ယင်ရှုက ချက်ချင်း ခေါင်းငုံ့လျက်၊

“ ငါ့ရဲ့ဆရာသခင်ပြောတာက လက်ရှိ အင်မော်တယ်နယ်မြေမှာရှိတဲ့ စွမ်းအားကြီး ပုဂ္ဂိုလ်တွေအားလုံးဟာ ဒီနတ်ဘုရားဒုက္ခတွေကို ရှောင်ရှားဖို့ အလုပ်ရှုပ်နေကြတယ် ...

... စီနီယာကိုသာ ရှာတွေ့နိုင်ခဲ့ရင် ငါတို့ရဲ့ပြဿနာအားလုံး ပြေလည်သွားမယ်လို့ ပြောခဲ့ဖူးပါတယ်။ ”

- ဟု ဝန်ခံလိုက်လေသည်။ ထို့နောက် ယင်ရှု၏မျက်နှာထက်တွင် လေးနက်သော အရိပ်အမြွက်များ ပြည့်နှက်သွားပြီး၊

“ စီနီယာ ... စီနီယာသာ ကူညီရင် ဆရာသခင်ရဲ့ဘေးဒုက္ခကို သေချာပေါက် ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ”

- ဟု ပြောကြားလိုက်သည်။

“ ယင်ရှန်ရွယ်နဲ့ မင်း ... ဘယ်လိုတော်စပ်လဲ။ ”

“ ဂျူနီယာရဲ့ ဘိုးဘေးပါ ... အဘိုးရဲ့အဒေါ် တော်စပ်ပါတယ်။ ”

စုရီတစ်ယောက် တိတ်ဆိတ်သွား၏။ မျိုးဆက်ကွာခြားချက်မှာ ကြီးမားလွန်းလှသည်။ သို့သော် စဉ်းစားကြည့်လျှင် ယင်ရှန်ရွယ်သည် ဓမ္မအဆုံးခေတ်မတိုင်မီက အင်မော်တယ်ဘုရင် ဖြစ်နေခဲ့ရာ အချိန်ကာလအားဖြင့် လွန်စွာ ကြာမြင့်နေပြီဖြစ်၏။

“ မင်းရဲ့ ယင်မိသားစုဝင်တွေကော ဘယ်မှာလဲ။ ”

စုရီက ထပ်မေးလိုက်သည်။ ယင်ရှုမှ ဝမ်းနည်းမှုအရိပ်အယောင်များ ပြသလာကာ၊

“ ဓမ္မအဆုံးခေတ်တုန်းက ကပ်ဘေးကို ရှောင်ဖို့အတွက် အကြီးအကဲတွေ ဦးဆောင်တဲ့ မျိုးနွယ်စုဟာ စာပေခေတ်ထဲမှာ သွားရောက် ခိုလှုံနေခဲ့ကြပါတယ် အဲဒီကတည်းက ...

... ဘယ်သူမှ ပြန်မလာကြတော့ပါဘူး ဂျူနီယာအဖေရဲ့မျိုးရိုးပဲ အင်မော်တယ်မြေမှာ ကျန်ခဲ့တာပါ ကပ်ဘေးကြောင့် အကြီးအကျယ် ဆုံးရှုံးခဲ့ရလို့ လူဦးရေနည်းနေပါပြီ။ ”

ကြည့်ရသည်မှာ ယင်ရှန်ရွယ်သည် စာပေခေတ်ကို ထွက်ပေါ်အဖြစ် တံခါးတစ်ချပ် ချန်ထားခဲ့ပုံပေပင်။ ယင်းသည် အံ့သြစရာတော့ မဟုတ်ချေ။

အင်မော်တယ်နယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိသူတိုင်းသည် ပိုမိုမြင့်မားသော လမ်းကို ရှာဖွေရန် အချိန်မြစ်ထံဖြတ်ကျော်ရန် ကြိုးစားလေ့ရှိကြသည်။

သို့သော် အများစုမှာ ကျရှုံးမှုနှင့်သာ အဆုံးသတ်ခဲ့ရသည်။ ထိုစဉ်က ဝမ်ယဲ့ပင်လျှင် အချိန်မြစ်ပြင်ပရှိ နတ်ဘုရားများ၏ ခြိမ်းခြောက် တိုက်ခိုက်ခြင်း ခံခဲ့ရပြီး သေလုနီးပါးပေပင်။

“ စီနီယာ ... ဂျူနီယာရဲ့ဆရာသခင်ကို ကူညီဖို့ ဆန္ဒရှိလား။ ”

ယင်ရှုမှ တိုးညှင်းစွာ မေးလိုက်သည်။ စုရီတစ်ယောက်ပြုံးလိုက်ပြီး၊

“ မင်းအတွက်ပဲ ငါ ကူညီရမှာပေါ့။ ”

-ဟု တုန့်ပြန်လိုက်ရာ ယင်ရှုခမျာ ခဏမျှ မှင်သပ်သွားတော့၏။ ပြီးနောက်မျက်နှာထက်၌ အပြုံးတစ်ပွင့် ပေါ်လာကာ၊

“ ဒီဂျူနီယာမှာ ဒီလောက်အထိ မျက်နှာရစရာ အကြောင်းမရှိပါဘူး စီနီယာက ဘိုးဘေးယင်ရှန်ရွယ်ကြောင့် သဘောတူတာ ဖြစ်ရပါမယ်။ ”

-ဟု ဖြေကြားလိုက်လေသည်။

ဗလာနယ်ပယ် အင်မော်တယ် အဆင့်သတ်မှတ်ချက်တွင် ပထမရထားသော ဤဓားသမားလေးသည် ပြုံးလိုက်ချိန်တွင် ကြာပန်းတစ်ပွင့် ပွင့်လန်းလာသကဲ့သို့ ဖြူစင်လွန်းကြောင်း ဝန်ခံရပေမည်။

ခဏမျှစဉ်းစားပြီးနောက် စုရီက၊

“ နတ်ဘုရားဒုက္ခရဲ့ ဇာစ်မြစ်ကို ငါ အတိအကျ မသိသေးပေမယ့် ဘာပဲဖြစ်ဖြစ် အစွမ်းကုန် ကူညီပေးပါ့မယ် မင်း ပြန်ရောက်ရင် မင်းဆရာကို စိတ်မပူဖို့ပြောလိုက်ပါ ဖြေရှင်းဖို့ နည်းလမ်းရတာနဲ့ ငါဆက်သွယ်ပေးမယ်။ ”

-ဟု ကတိပေးလိုက်သည်။

လက်ရှိအချိန်တွင် ချင်းဝေသည်လည်း သူမ၏ဆရာ အင်မော်တယ်ဘုရင် လျူယွင်ကို သွားရောက်ရှာဖွေနေ၏။

အင်မော်တယ်ဘုရင်လျူယွင်၏ နတ်ဘုရားဒုက္ခကို ဦးစွာဖြေရှင်းရန် စီစဉ်ထားပြီး အကယ်၍ အောင်မြင်ခဲ့ပါက ခုံရီထံ ကူညီနိုင်မည်ဖြစ်သည်။

“ ဆရာသခင်က နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့တာဆိုတော့ ဒီထက်အလျင်လိုစရာ မရှိပါဘူး စိတ်ချပါ စီနီယာ။ ”

ယင်ရှုမှ ရွှင်မြူးစွာ တုန့်ပြန်သည်။ ထို့နောက် နှစ်ဦးသား အခြားသော အကြောင်းအရာများကို ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုနေခဲ့ကြ၏။

ယင်ရှုသည် ထူးချွန်ထက်မြက်သည့် ဓားသမားတစ်ဦးဖြစ်ရုံမျှမက နတ်သမီးအလား အလှတရားကို ပိုင်ဆိုင်ထားသည်။

ထို့ကြောင့် သူမထံမှ လမ်းညွှန်ချက် တောင်းခံလာသောအခါ စုရီနှလုံးသားသည် လွန်ဆန်နိုင်ခြင်းမရှိတော့ချေ။

(ဒီအဖိုးကြီး နှာဗူးပဲ ... အဟား။)

ဤသို့ဖြင့် မနက်လင်းချိန်သို့ပင် ရောက်ရှိလာခဲ့သည်။ စုရီမှ အပျင်းကြောဆန့် လိုက်ပြီးနောက် ကျောက်စိမ်းပြားတစ်ပြားကို ယင်ရှုထံကမ်းပေးကာ၊

“ ဒီထဲမှာ ဓားတာအိုနဲ့ ပတ်သက်တဲ့ ငါ့ရဲ့အတွေးအမြင်တွေ ပါဝင်တယ် ယူသွားပါ ပြီးတော့ မင်းဖြေရှင်းလို့မရတဲ့ ပြဿနာတစ်ခုခု ကြုံလာရရင် ဒီကျောက်စိမ်းပြားကိုသုံးပြီး ငါ့ကိုဆက်သွယ်နိုင်တယ်။ ”

-ဟု အဆုံးသတ်လိုက်တော့သည်။

ယင်ရှုက လက်နှစ်ဖက်ဖြင့် ရိုသေစွာ လက်ခံလိုက်ကာ၊

“ ကျေးဇူးတင်ပါတယ် စီနီယာ။ ”

-ဟု တောက်ပသော မျက်လုံးများဖြင့် အလေးအနက် ပြောကြားလာ၏။

“ သွားတော့ ... ။ ”

“ စီနီယာ ... အနာဂတ်မှာ အခွင့်ကြုံရင် ဓားတာအိုကို လမ်းညွှန်မှုတွေ ထပ်ပြီး တောင်းခံ ပါဦးမယ်။ ”

ထို့နောက် ချက်ချင်း ဆုတ်ခွာလျက် ပျောက်ကွယ်သွားတော့သည်။ ယွဲ့ဟောင်ဖန်းမှ အခန်းတံခါးဖွင့်ကာ စုရီတစ်ယောက်ထဲ ရှိနေသည်ကို မြင်ချိန်တွင် ချက်ချင်း လျှောက်လှမ်းလာ၏။

တစ်ညလုံး ဤအခွင့်အရေးကို စောင့်မျှော်နေပုံရလေသည်။ စုရီမှ မျက်ခုံးပင့်ပြီး သူ့ထံလှည့်ကြည့်လိုက်တော့၏။

“ အစ်ကိုစု ... ငါတစ်ညလုံး ချောင်းကြည့်နေတာ မဟုတ်ပါဘူး။ ”

ယွဲ့ဟောင်ဖန်းမှ ချက်ချင်း ဖြေရှင်းချက်ပေသည်။ သို့သော် စုရီသည် မျက်နှာအမူအရာ ပြောင်းလဲခြင်း မရှိသောကြောင့်၊

“ မင်းတို့ စကားပြတ်မဲ့အချိန်ကို စောင့်နေရင်းကနေ တစ်ညလုံးစောင့်ကြည့် နေမိသလိုဖြစ်သွားတာပါ တကယ် မရည်ရွယ်ပါဘူး ... ။ ”

-ဟု ဝင်ခံလိုက်တော့၏။ စုရီတစ်ယောက် စကားလုံးမဲ့သွားသည်။ အဆုံး၌ ခေါင်းရမ်းကာ၊

“ မင်းမှာ တခြားပြောစရာရှိလား။ ”

-ဟု မေးမြန်းကာ လှည့်ထွက်ရန် ပြင်လိုက်သည်။ ယွဲ့ဟောင်ဖန်းမှ ထိတ်လန့် သွားပြီးနောက် ချက်ချင်းပင်၊

“ အစ်ကိုစု ... နောက်တစ်လနေရင် ငါ့အဖေဟာ သူတော်စင်အင်မော်တယ်အဆင့် ရောက်ရှိသွားတဲ့အတွက် ဂုဏ်ပြုပွဲကြီး ကျင်းပဖို့ ရှိနေပါတယ် အဲဒီနေ့ဟာ သူ့ရဲ့မွေးနေ့လည်း ဖြစ်တာမို့ မင်းကိုဖိတ်ချင်ပါတယ်။ ”

-ဟု အလျင်အမြန် ပြောကြားလိုက်၏။ စုရီမှအံ့အားသင့်သွားပြီး၊

“ ဘာလို့ ငါ့ကိုဖိတ်ရတာလဲ။ ”

-ဟု လှည့်မကြည့်ဘဲ မေးလိုက်လေသည်။

ယွဲ့မျိုးနွယ်စုကဲ့သို့ သူတော်စင် အင်မော်တယ်အင်အားစုကြီး တစ်ခုအတွက် မျိုးနွယ်စုခေါင်းဆောင်၏ အောင်မြင်မှုနှင့် မွေးနေ့ပွဲတော်မှာ ကြီးကျယ်ခမ်းနားမည်မှာ သဘာဝပေပင်။

သို့သော် စုရီသည် ထိုသို့သော ပွဲလမ်းသဘင်များကို စိတ်မဝင်စားတတ်ချေ။ ယွဲ့ဟောင်ဖန်းခမျာ အနည်းငယ် မသက်မသာ ဖြစ်သွားပြီး ခဏမျှတွန့်ဆုတ်နေလျက်မှ၊

“ တကယ်တော့ ... အဲဒီမွေးနေ့ပွဲမှာ အစ်ကိုစုအနေနဲ့ ငါ့ကိုတစ်ကြိမ်လောက်ကူညီပြီး မျက်နှာသာ ပေးစေချင်တာပါ။ ”

-ဟု ဖြေကြားလိုက်သည်။ တစ်ဆက်တည်းမှာပင် ခေါင်းကို လျင်မြန်စွာ ငုံ့ချလိုက်ပြီး၊

“ မျိုးနွယ်စုထဲက အကြီးအကဲတွေနဲ့ ငါ့အဖေတို့ ကွဲပြားတဲ့ အမြင်နဲ့ကြည့်လာအောင် လုပ်ပြချင်လို့ပါ။ ”

“ ဟမ့် ... မင်းက ငါ့ပုံရိပ်ကိုသုံးပြီး ဝါကြွားချင်နေတာလား။ ”

“ အစ်ကိုစု ... နားလည်မှုလွဲနေပါပြီ ... အမှန်အတိုင်းပြောရရင် ငါလည်းလျန်ဝမ်ယုလိုပဲ မယားငယ်တစ်ယောက်ရဲ့ တရားမဝင်သား တစ်ယောက်ဖြစ်နေလို့ပါ ... ။ ”

ဤတစ်ကြိမ်တွင် စုရီတစ်ယောက် ခြေလှမ်းများရပ်သွား၏။

“ နောက်ထပ် ... တရားမဝင်သား တစ်ယောက်လား ... ဘာလို့ငါ့အနားမှာရှိနေတဲ့ လူတွေအားလုံး ဒီလိုဖြစ်နေရတာလဲ။ ”

စုရီ၏ ညည်းတွားသံကြောင့် ယွဲ့ဟောင်ဖန်းခမျာ လေးလံသောသက်ပြင်းကို ချလိုက်လေသည်။

“ အစ်ကိုစု ငါက လျန်ဝမ်ယုလောက် ဖိနှိမ်ခြင်းမခံရပါဘူး ဒါပေမယ့် လျစ်လျူရှုခြင်း ခံခဲ့ရပါတယ် ငါ့မှာ အစ်ကိုနဲ့ ညီမလေးရှိတယ် သူတို့က ထူးချွန်ကြတာမို့ သဘာဝအတိုင်း မျက်နှာသာမရတာပါ။ ”

ဝန်ထုတ်ဝန်ပိုးကြီးတစ်ခုကို ပစ်ချလိုက်သကဲ့သို့ ယွဲ့ဟောင်ဖန်းတစ်ယောက် အနည်းငယ် သက်သာရာရသွားသည်။

ဤအမှန်တရားသည် သူ့ရင်ထဲ နှောင်ကြိုးဖြစ်နေသော နာကျင်မှုကြီးပေပင်။ ထုတ်ဖော်ညည်းတွားစရာ မိတ်ဆွေမရှိခဲ့ချေ။

“ ငါ့ဘဝက အစ်ကိုစု မြင်သလောက် မချောမွေ့ပါဘူး ငါ့အစ်ကိုနဲ့ ညီမလေးရှေ့မှာ ပိုးမွှားတစ်ကောင်လို ... ။ ”

“ လုံလောက်ပြီ ... မင်းပြောတာ ငါနားလည်ပြီ ဒီလိုလုပ်ရအောင် ငါကိုယ်တိုင် မလာနိုင်ခဲ့ရင် မင်းအတွက် လက်ဆောင်တစ်ခု ပို့ပေးလိုက်မယ် ...

... လျန်ဝမ်ယုကို ပေးခဲ့တဲ့ လက်ဆောင်မျိုးထက်မလျော့တဲ့ မင်းအပေါ် အထင်ကြီးလောက်စရာ လက်ဆောင်မျိုးပေါ့ ... ဘယ်လိုလဲအဆင်ပြေလား မင်းရဲ့သနားစရာ ဘဝကို ဆက်မပြောနဲ့တော့ရပြီလား။ ”

“ ဟားဟားဟား ... ဒါပဲ။ ”

ယွဲ့ဟောင်ဖန်းတစ်ယောက် ချက်ချင်း ဝမ်းသာအားရဖြင့် မျက်ရည်များကိုသုတ်ပြကာ စုရီနောက်ကျောထံ ပြေးဖက်တော့၏။

“ ဝှစ် ... ။ ”

သို့သော် လေကိုသာ ဖမ်းမိပြီး ရှေ့သို့ဟပ်ထိုးလဲကျသွားလေသည်။ ထို့အတွက် မရှက်ရွံ့နိုင်သေးဘဲ စိတ်လှုပ်ရှားစွာဖြင့်၊

“ ဒါပဲ ... ဒါမှ ငါ့အစ်ကိုစုကွ ... ။ ”

-ဟု အော်ဟစ်ကြွေးကြော်နေချေပြီ။

***

All Chapters