အခန်း ၁၂၀၀
Vol. 100 Ch. 1200
အခန်း ၁၂၀၀ -
ပုံပြောကောင်းသော ကောင်လေး။
ထိုညနေခင်းတွင် မှောင်ရီပျိုးစ ပြုလာသောအခါ စုရီတစ်ယောက် ပျော်ရွှင်ခြင်း ကျောက်စိမ်းမျှော်စင်မှ တစ်ယောက်တည်း ပေါ့ပေါ့ပါးပါးလှမ်းထွက်လာခဲ့သည်။
ယွဲ့ဟောင်ဖန်းနှင့် လမ်းခွဲပြီး ဖန်ဟန်တို့သုံးဦးကို မီးတိမ်လွှာအင်မော်တယ် မြို့သို့ ပို့ဆောင်ခဲ့၏။
ဤဌာနခွဲ ခေါင်းဆောင်မှာ ရှဲ့ဟန်ချူးအမည်ရှိ ဗလာနယ်ပယ် အင်မော်တယ် တစ်ပါးဖြစ်သည်။
ရှဲ့ဟန်ချူးသည် သူ့ကိုတွေ့သောအခါ အမည်ကိုဖော်ပြစရာမလိုခဲ့ဘဲ ချင်းဝေထံပါးမှ အမိန့်ရရှိထားကြောင်း ပြောကြားခဲ့၏။
ထို့ကြောင့် ချင်းဝေပေးအပ်သော တံဆိပ်ကိုပြကာ ဖန်ဟန်တို့အတွက်နေရာတစ်ခု စီစဉ်ပေးရန် တောင်းဆိုခဲ့သည်။ ရှဲ့ဟန်ချူးသည် ထိုတောင်းဆိုချက်ကို သဘောတူ၏။
ထို့ကြောင့် စိတ်လက်ပေါ့ပါးစွာဖြင့် ခရီးဆက်လာခြင်းဖြစ်သည်။ သည့်နောက်တွင် စုရီသည်လှေငယ်လေးတစ်စင်းဖြင့် မြစ်ကြောင်း တလျှောက် ဆန်တက်လာခဲ့၏။
လမ်းတလျှောက် ဝိုင်အိုးတစ်လုံးကို သောက်လျက်အချိန်ဖြုန်းနေမိသည်။ ဝမ်ယဲ့၏ မပြည့်ဝခဲ့သော ဆန္ဒများကို ဖြည့်ဆည်းခြင်းမှာ ထင်သလောက် မလွယ်ကူချေ။
အင်မော်တယ်မြေသည် ကျယ်ပြောလွန်းလှပြီး ခရီးထွက်ခြင်းဖြင့် အချိန်များစွာကို ကုန်ဆုံးစေသည်။
လတ်တလောတွင် ဝမ်ယဲ့ တည်ထောင်ခဲ့သော ထာဝရညအကယ်ဒမီကို သွားရောက်ကြည့်ရှုရန် စီစဉ်ထား၏။
“ ကမ္ဘာကြီးရဲ့ ချည်နှောင်မှုတွေက တကယ့်ကိုရှုပ်ထွေးလွန်းတယ် ဘဝတစ်ခုမှာ ဘယ်သူများ နှောင်ကြိုးမရှိဘဲ နေနိုင်မှာလဲ။ ”
အဝေးမှ ညကောင်းကင်သည် မှင်ရောင်ကဲ့သို့ မည်းနက်နေပြီး ကြယ်တာရာ များစွာသည် တလက်လက်တောက်ပနေ၏။
တစ်ယောက်တည်း တိတ်ဆိတ်စွာ လဲလျောင်းနေပြီး သူ့စိတ်ခံစားချက်များသည် ဗလာဖြစ်နေတော့သည်။ လောကီအရေးကို ကျော်လွန်သွားနေ၏။
“ ဟားဟားဟား ... ။ ”
အချိန်အတော်ကြာပြီးနောက်မှာ ရုတ်တရက်ရယ်မောလိုက်ပြီး သူ့မျက်လုံးများ ပြန်လည်ကြည်လင်သည်။
လမ်းသည် ခက်ခဲ၏။ လမ်းဆုံတိုင်းတွင် လမ်းခွဲများရှိသည်။ လေနှင့်လှိုင်းများအဆုံးသည် ကျယ်ပြောလှသော သမုဒ္ဒရာဆီသို့ဖြစ်၏။
“ အခု ငါဘယ်မှာလဲ။ ”
တာအိုသည် လေးနက်ကာ ၎င်းကိုရှာဖွေခြင်းဖြင့် ခက်ခဲကြမ်းတမ်းပေမည်။ သို့သော် သူ့၌ဓားရှိ၏။ အတားအဆီးမှန်သမျှ ဖြတ်တောက်နိုင်မည်။ လုံလောက်ချေ၏။
စုရီ၏ စိတ်အခြေအနေသည် ရုတ်ချည်းငါးများကဲ့သို့ ချောက်ကမ်းပါးကနေ လွတ်မြောက်သွားသည်။ ခေတ်အဆက်ဆက်မှာ ပုရွက်ဆိတ်များသည် အသုံးမဝင်ကြချေ။
အဝတ်ဗလာဖြင့်သာ ချည်နှောင်မှု အားလုံးကိုဖြတ်တောက် လွတ်မြောက်နိုင်မည်။ လောကီဖုန်မှုန့်များ မထိတွေ့နိုင်သည့် စိတ်အခြေအနေသည် သန့်စင်၏။
***
လော့မြစ်။ ဤသည်မှာ အဖြူရောင်မျက်ခင်းပြင်ဒေသတွင် အကြီးဆုံး မြစ်တစ်စင်းဖြစ်သည်။
အနောက်မှအရှေ့သို့ လီ(၉၀,၀၀၀)ရှည်လျားပြီး မြစ်လက်တက်များ ရာဂဏန်းခန့် စီးဝင်နေသည်။
ရှည်လျားလှသော မြစ်ကြောင်းကြီး တစ်လျှောက်တွင် သဘာဝတားမြစ်ဇုန်များနှင့် တောင်တန်းများစွာ ပြန့်ကျဲနေ၏။
ကျင့်ကြံမှုဂိုဏ်းပေါင်း တစ်ထောင်ကျော်သည်ပင် ထိုမြစ်ကြောင်း တလျှောက်မှီတင်းနေထိုင်ကြသည်။
နဂါးများသည် လောင်မြစ်ကို နဂါးတံခါးအဖြစ် သတ်မှတ်ပြီး ဒဏ္ဍာရီများအရ နဂါးမြစ်အဖြစ်ပင် တင်စားကြသည်။
မြစ်၏ အန္တရာယ်များသော လီပေါင်း(၉၀,၀၀၀)ကျော်ကို ဖြတ်ကျော်နိုင်က နဂါးအဖြစ် ပြောင်းလဲနိုင်သည်ဟု ကောလဟာလများပင် ဆိုကြ၏။
လောင်မြစ်၏ အကြီးမားဆုံး တားမြစ်နယ်မြေသည် မြစ်၏အလယ်ဗဟိုတွင် တည်ရှိသည်။
ဓမ္မအဆုံးခေတ် မတိုင်မီက အင်မော်တယ်မြေတွင် ကျော်ကြားလှသော ထာဝရညအကယ်ဒမီသည် ထိုဒေသတွင် ဖွင့်လှစ်ထားခြင်းဖြစ်၏။
သို့သော် ယနေ့တွင် ထာဝရည အကယ်ဒမီသည် ပျောက်ကွယ်သွားပြီးဖြစ်၏။ ထိုနယ်မြေသည် ကျင့်ကြံသူများအတွက် စွန့်စားရှာဖွေရန် တားမြစ်မြေပေပင်။
နေဝင်ချိန်သည် ၎င်း၏ နောက်ဆုံးရောင်ခြည်များကို ဖြာထွက်စေသည်။ ကြီးမားလှသောလောင်မြစ်သည် အဟုန်ပြင်းစွာ စီးဆင်းနေတော့၏။
နေဝင်ဆည်းဆာရောင်ခြည်သည် ရေလှိုင်းကြီးများပေါ်သို့ ဖြာကျလျက် ရွှေရောင် နဂါးများအလား ထင်မှားစေသည်။
မြစ်ကမ်းတစ်နေရာတွင် ဖူရှင်းတောင်ကြီးရှိ၏။ ဓမ္မအဆုံးခေတ်မတိုင်မီ ထိုဖူရှင်းတောင်တန်းသည် မရေမတွက်နိုင်သော နတ်ဆိုးများ၏နေအိမ်ဖြစ်သည်။
အဖြူရောင်မြက်ခင်းပြင်ဒေသရှိ ပထမတန်းစား နတ်ဆိုးသားရဲတွင်းတစ်ခုဖြစ်ပြီး ထိုနေရာအကြောင်း ပြောဆိုသူတိုင်းသည် ကြောက်ရွံ့ထိတ်လန့်ကြပေမည်။
ထိုနတ်ဆိုးများ၏ ဘုရင်မှာ ဧကရာဇ်ဖူရှင်းဖြစ်ပြီး အင်မော်တယ်ဘုရင် အဆင့် အထွတ်အထိပ်ပေပင်။
ပြိုင်ဘက်ကင်းသော နတ်ဆိုးတစ်ကောင်ဖြစ်ပြီး အကန့်အသတ်မဲ့ တန်ခိုးအာဏာကို ပိုင်ဆိုင်သည်။
“ အဲဒီနှစ်တွေအတွင်းမှာ ဖူရှင်းတောင်တန်းရဲ့ ... မိုင်(၃၀၀၀၀)ဧရိယာကို ဘယ်သူရဲကောင်းမှ မဝင်ရဲဘူး။ ”
နေဝင်ချိန်အောက်တွင် အဘိုးကြီးတစ်ယောက်နှင့် ကောင်မလေး တစ်ယောက် မြစ်ပြင်ကို အလျားလိုက်ဖြတ်ကာ ပျံသန်းလာနေ၏။
အဘိုးကြီးက ဦးထုပ်ရှည်ကြီးနှင့် ခါးပတ်ကျယ်ကြီးပတ်လျက် အတိတ်ဇာတ်လမ်း တစ်ခုအကြောင်း ပြောပြနေသည်။
မိန်းကလေးသည် ကြာပန်းရောင်ဝတ်စုံနှင့် ဆံပင်ရှည်များဖြန့်ချထားသောကြောင့် သူမ၏ နောက်တွင် ဝဲပျံလိုက်ပါနေ၏။
“ ဒါပေမယ့် ကံကြမ္မာက ခန့်မှန်းရခက်လွန်းပါတယ် ညနေခင်းတစ်ခုမှာ ဓားသမားတစ်ယောက်က လှေငယ်တစ်စင်းနဲ့ တိတ်တဆိတ်ရောက်ရှိလာခဲ့တယ်။ ”
“ အဘိုး ... အဲဒီနေဝင်ချိန်က အခုလောက် လှလား။ ”
မိန်းကလေးက မြစ်ပြင်ကို ငုံ့ကြည့်ကာ မေးမြန်းလိုက်သည်။ အဘိုးကြီးမှ ချက်ချင်းပင် စကားမပြောနိုင်ဖြစ်သွား၏။
သူက မိုးကုတ်စက်ဝိုင်းမှ မီးလျှံများလို တောက်ပနေသောမိုးတိမ်များထံ မော့ကြည့်ပြီး၊
“ ဖြစ်နိုင်ပါတယ်။ ”
-ဟု ပြန်ဖြေလိုက်ရသည်။
“ ဒါဆို ဟောဟိုက လှေငယ်လေးပေါ်မှာရှိနေတဲ့ လူငယ်က အဲဒီဓားသမားနဲ့တူလား။ ”
မိန်းကလေးက အပျော်သဘောနှင့် အဝေးမှမြင်နေရသော လှေငယ်လေးတစ်စင်းထံ ညွှန်ပြလိုက်သည်။ နေဝင်ချိန်အလင်းရောင်တွင် ထိုလှေငယ်လေးသည် လျင်မြန်သောအဟုန်ဖြင့် မြစ်ကြောင်းထံ ဆန်တက်နေ၏။
လှေပေါ်တွင် ကျောက်စိမ်းရောင်ဝတ်ရုံနှင့် အဝါရောင်ဝိုင်ဘူးသီးတစ်လုံးကို ကိုင်ထားကာ ခန့်ညားသောပုံရိပ်တစ်ခုရပ်နေသည်။
အဘိုးကြီးက နတ်အာရုံကို ရုတ်သိမ်းလိုက်ပြီး ခါးသီးစွာ ပြုံးလိုက်တော့၏။
“ ပေါင်အာ ... သူတို့က ဘယ်လိုလုပ် အတူတူဖြစ်နိုင်မှာလဲ။ ”
“ ဟားဟားဟား အဘိုးပဲ၊ မြင်ကွင်းက အတူတူပဲလို့ပဲ ပြောခဲ့တာလေ ... ကောင်းပြီ၊ ဆက်ပြောပါဦး နားထောင်နေတယ် ဒီတစ်ခါ မနှောင့်ယှက်ဘူးလို့ ကတိပေးတယ်။ ”
“ ဓားသမားက ရေပြင်အောက်မှာ ချောင်းမြောင်းနေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ နဂါးအုပ်စုတစ်စုရဲ့ ပစ်မှတ်ထားခံလိုက်ရတယ် ...
... အဲဒီနဂါးတွေကို ဧကရာဇ်ဖူရှင်းက မွေးမြူခဲ့ပြီး တစ်ကောင်ချင်းစီမှာ များပြားတဲ့ ခွန်အားတွေရှိတယ် ... သူတို့အားလုံးက အင်မော်တယ်တွေရဲ့ အသွေးအသားကို စားသုံးပြီး ကြီးပြင်းလာတာ။ ”
“ ဒါဆို အဲဒီဓားသမား သေပြီပေါ့။ ”
“ မသေဘူး ... အဲဒီဓားသမားက သူ့ဓားကိုတောင်မဆွဲဘဲ ရောင်ဝါနဲ့တင် နဂါးကြီး (၁၉)ကောင်ကို အမှုန့်ချေပစ်တယ်။ ”
“ ပြီးတော့ ဘာဆက်ဖြစ်လဲ။ ”
“ အဲဒီညမှာ ဓားစွမ်းအင်တွေဟာ တောင်တန်းတွေကနေ ဖြတ်ကျော်လာပြီး ကောင်းကင်နဲ့ မြေကြီးကို ပြည့်နှက်နေတယ် စကြဝဠာတစ်ခုလုံးမှာ ဓားတစ်လက်သာ ရှိနေသလိုပဲ ...
... အထိတ်လန့်စရာ အကောင်းဆုံးက အဲဒီနေ့ကစပြီး ဖူရှင်းတောင်ပေါ်မှာ သွေးမိုးတွေ ခုနစ်ရက်နဲ့ ခုနစ်ညဆက်တိုက် ရွာသွန်းခဲ့ပြီး တောင်ကြီး သွေးရောင်ပြောင်းသွားတယ်။ ”
“ ဧကရာဇ်ဖူရှင်းရော သေသွားလား။ ”
“ ခုနစ်ရက် ... ခုနစ်ည သွေးမိုးရွာသွန်းမှုတွေဟာ ဧကရာဇ်ဖူရှင်းရဲ့ သေခြင်းဖြစ်စဉ်တွေပဲ။”
လူတစ်ယောက်၊ ဓားတစ်လက်က ဖူရှင်းတောင်ကိုဖြတ်ပြီး မရေမတွက်နိုင်သော နတ်ဆိုးများကို သတ်ဖြတ်ခဲ့၏။
မြေပြင်တစ်ခုလုံးသွေးများ ဖုံးလွှမ်းကာ အလောင်းများ ပြည့်နေသည်။ ဤဖြစ်စဉ်သည် အဖြူရောင်မြက်ခင်းပြင်ဒေသ၏ မှတ်တမ်း၌ အထင်ကရ ရေးသားထားချေပြီ။
“ မှားတယ် ... ။”
ရုတ်တရက် လူငယ်တစ်ယောက်အသံ ထွက်ပေါ်လာသည်။ မြေးအဖိုးနှစ်ယောက်က အံ့အားသင့်စွာဖြင့် အသံလာရာသို့ ငုံ့ကြည့် လိုက်လေသည်။
လောင်မြစ်ပြင်ပေါ်၌ မျောနေသော လှေငယ်ပေါ်တွင်ရပ်နေခဲ့သည့် လူငယ်သည် သူတို့ထံ မကြည့်ဘဲ၊
“ အဲဒီအချိန်တုန်းက နဂါး(၃၆)ကောင်ပဲ၊ သူတို့ကလောင်မြစ်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ပုန်းအောင်းပြီး တိုက်ခိုက်လာခဲ့တာ။ ”
-ဟု နဂါးအရေအတွက်ကို ပြင်ပေးလိုက်သည်။
ထိုအချိန်၌ ကျောက်စိမ်းရောင်ဝတ်ရုံ တဖျပ်ဖျပ်ခတ်လျက် လက်တစ်ဖက်နောက်သို့ ပို့ကာ ကျန်လက်တစ်ဖက်ဖြင့် ဘူးသီးခြောက်ကို မော့သောက်နေသော လူငယ်သည် သာလွန် ထူးခြားသည့် လေထုမျိုးပေးစွမ်းနေ၏။
“ ပြီးတော့ ဖူရှင်းတောင်တန်းက နတ်ဆိုးတွေအားလုံး မသေခဲ့ဘူး၊ မကောင်းမှု မလုပ်တဲ့ကောင်တွေ အသက်ရှင်ခွင့်ရခဲ့တယ် ...
... ဒါပေမယ့် ဧကရာဇ်ဖူရှင်းကတော့ သေဆုံးသွားတယ် ဓားသမားကြောင့်မဟုတ်ဘူး သူ့ကိုယ်သူသတ်သေခဲ့တာ သူက … အရမ်း ဆိုးသွမ်းပေမယ့် မာနကြီးတယ် ...
... ရန်သူ့လက်ထဲမှာ မသေချင်ဘဲ နောက်ဆုံးအချိန်မှာ သူ့ကိုယ်သူအဆုံးသတ်ဖို့ ရွေးချယ်ခဲ့တယ်။ ”
“ ဟားဟားဟား ... ။ ”
အဘိုးကြီးမှာ သည်းမခံနိုင်တော့ဘဲ အံ့အားသင့်နေရာမှ ရယ်မောလိုက်တော့၏။ သူ့မိသားစု ကျမ်းစာတိုက်ထဲတွင် ထိုစဉ်က ‘ဖူရှင်းတိုက်ပွဲ’အကြောင်း မှတ်တမ်းရှိ၏။
သို့သော် ဤလူငယ် ပြောနေသကဲ့သို့ မဟုတ်ခဲ့ချေ။ ထို့ကြောင့် မိန်းကလေးမှလည်း ရွှင်မြူးလာကာ၊
“ ကောင်လေး မင်းသေချာလား ... တခြားလျှို့ဝှက်ချက်တွေကိုရော သိသေးလား။ ”
-ဟု ဝင်ရောက်မေးမြန်းလာ၏။
ထိုမေးခွန်းကြောင့် ကျောက်စိမ်းရောင် ဝတ်ရုံဝတ်လူငယ်သည် ဝိုင်ကိုတစ်ငုံသောက်ပြီး၊
“ အဲဒီတုန်းက ခုနစ်ရက်နဲ့ ခုနစ်ညတိုက်ပွဲအကြောင်း လူတိုင်းပြောနေတာ တွေထက်ကို ငါပိုပြီးသိထားတယ်။ ”
-ဟု ပေါ့ပေါ့ပါးပါး ပြန်ဖြေလေသည်။
ထိုစဉ် လှေငယ်လေးသည် ဖူရှင်းတောင်ခြေသို့ ဆိုက်ကပ်သွားတော့၏။ လူငယ်က လှေပေါ်မှခုန်ဆင်းကာ ဖူရှင်း တောင်ထံ လျှောက်လှမ်းသွားလေသည်။
“ ဟေး၊ ကောင်လေး ... မင်းပုံပြောကောင်းတယ် ငါတို့ဘာလို့အတူတူ မသွားရတာလဲ။ ”
မိန်းကလေးက အပျော်သဘောဖြင့် အော်ဟစ်လိုက်သည်။ အဖိုးကြီးမှာ ချက်ချင်းပင် မျက်မှောင်ကြုတ်သွား၏။ မိန်းကလေးက အဖိုးအိုထံ ပြုံးပြကာ၊
“ အဖိုး ... အဲဒီကောင်လေးက ကြွားဝါတာတောင် လုံးဝမာနကြီးလွန်းတဲ့ပုံစံနဲ့ တကယ့်ကို ရယ်စရာကောင်းတယ် ငါတို့ အပျင်းပြေမယ်မဟုတ်လား။ ”
-ဟု ရှင်းပြချက် ပေးလာခဲ့သည်။
သို့မှသာ အဖိုးအိုသည် မျက်မှောင်ဖြေလျော့လျက် စကားမဆိုတော့ဘဲ မော့ကြည့်လိုက်၏။ တစ်ဖက်တွင် လူငယ်သည် သူတို့မြေးအဖိုးကို လျစ်လျူရှုလျက် လုံးဝ ပျောက်ကွယ်သွားခဲ့ချေပြီ။
***