← Chapters

မီးလျှံကျောက်အလောင်းအစား

Vol. 30 Ch. 404

မီးလျှံကျောက်အလောင်းအစား

Vol. 30 Ch. 404

ညအချိန်သို့ရောက်လာပြီး အမှောင်ထုကြီးက မဟူရာမီးတောက်တောင်တန်းများကို လွှမ်းခြုံသွားခဲ့သည်။ တောင်တန်းများ၏ အစွန်းဘက်နေရာတွင်ရှိနေသော မဟူရာမီးတောက်မြို့တော်မှာမူ ထွန်းလင်းတောက်ပကာ သက်ဝင်လှုပ်ရှားနေကြဆဲ ဖြစ်၏။

မဟူရာမီးတောက်စီရင်စု၏ အင်အားကြီးအဖွဲ့တိုင်းမှ ထိပ်တန်းတပည့်များမှာ မီးလျှံအဆီအနှစ်သွေးကြောအတွက် မဟူရာမီးတောက်မြို့တော်သို့ ရောက်ရှိနေကြလေသည်။

သွေးကြော၏ အဓိကအစိတ်အပိုင်းများအား အင်အားကြီးကလန်ကြီးလေးခုမှ လက်ဝါးကြီးအုပ်ကြမည့်အကြောင်းကို သိရှိထားကြသော်လည်း သွေးကြော၏ ပိုလျှံသေးငယ်သော အစိတ်အပိုင်းသည်ပင် ဒေသခံအုပ်စုများအတွက် သင့်တော်လုံလောက်နေပေပြီ ဖြစ်၏။

ထို့ကြောင့် မဟူရာမီးတောက်စီရင်စုရှိ အုပ်စုတိုင်းမှ ဤတောင်တန်းအပြင်ဘက်ရှိ မဟူရာမီးတောက်စီရင်စုဆီသို့ လာရောက်စုဝေးခဲ့ကြကာ မြို့တော်ကြီးမှာ ပျားပန်းခပ်မျှ စည်းကားနေခဲ့သည်။

***

ကျွီ ...

ဇူယွမ်မှာ အခန်းတံခါးကိုတွန်းဖွင့်၍ လသာဆောင်ဆီသို့ ထွက်လာခဲ့၏။ အဆောက်အဦကြီးတစ်ခုလုံးမှာ သက်ဝင်လှုပ်ရှားမှုများနှင့် စည်ကားနေဆဲပင် ဖြစ်သည်။

ဇူယွမ်မှာ စိတ်ဝင်တစားဖြင့် လသာဆောင်၏ လှေကားလက်ရန်းအား မှီလိုက်၏။ ရှန်ဇူတိုက်ကြီးထဲသို့ ဝင်ရောက်လာသည့်အချိန်မှစ၍ ကန်ရွှမ်းကလန်၏ အပြင်ဘက်အား ရောက်ရှိဖူးခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

ထို့ကြောင့် ရှန်ဇူတိုက်ကြီး၏ ရှုခင်းများအား ငေးမောကြည့်ရှုဖူးခြင်းမှာလည်း ပထမဆုံးအကြိမ်ပင် ဖြစ်၏။

ဇူယွမ်မှ မြို့တော်ဝန်းကျင်အား ကြည့်ရှုခံစားနေစဉ်မှာပင် လေတိုးသံသဲ့သဲ့မျှ ကြားလိုက်ရပြီးနောက် နောက်ကျောဘက်မှ ပြင်းထန်သော စွမ်းအားတစ်ခု ရောက်ရှိလာခဲ့သည်။

ဇူယွမ်၏မျက်လုံးအစုံမှာ ကျဉ်းမြောင်းသွားခဲ့ပြီး ခန္ဓာကိုယ်မှာ ဒြပ်မဲ့သဏ္ဌာန်သို့ လျင်မြန်စွာ ပြောင်းလဲသွား၏။

ထို့နောက် ဇူယွမ်မှာ လေထုများကိုပင် ဆုတ်ဖြဲစေနိုင်သော လက်သီးဖြင့် နောက်ကျောဘက်အရပ်မျက်နှာသို့ ထိုးချလိုက်သည်။

သို့သော် ဇူယွမ်မှာ ဘာမှမရှိသော လေဟာနယ်ကိုသာ ထိုးမိလိုက်ပြီးနောက် သင်းပျံ့သောမွှေးရနံ့တစ်ခုကို ရရှိလိုက်၏။

“မဆိုးဘူး။ ပြီးခဲ့တဲ့နှစ်ဝက်အတွင်းမှာ နင်အများကြီး တိုးတက်လာသားပဲ” ရီသံလွင်လွင်လေးအား ကြားလိုက်ရသည့်အတွက် ဇူယွမ်မှ လှည့်ကြည့်လိုက်သောအခါတွင် လသာဆောင်၌ထိုင်နေသော အနက်ရောင်အဝတ်အစားများ ဆင်မြန်းထားသည့် မိန်းမငယ်လေးတစ်ဦးကို တွေ့ရှိခဲ့ရသည်။ သူမ၏ ဖြူသွယ်သော ခြေတံလေးများမှာ ယိမ်းထိုးနေကာ ရင်သပ်ရှုမောဖွယ်မြင်ကွင်းကို ပေးစွမ်းလျက်ရှိ၏။

ထိုမိန်းမငယ်လေးမှာ ကျိုးချူးချင်ယု ဖြစ်သည်။

“မင်းရဲ့အမြန်နှုန်းက အံ့သြလောက်စရာပဲ” ဇူယွမ်၏မျက်ဝန်းများတွင် အံ့အားသင့်သော အရိပ်အယောင်များ ယှက်သန်းနေခဲ့၏။ အစောပိုင်း၌ ဇူယွမ်၏တိုက်ခိုက်မှုအား ရှောင်ရှားနိုင်ခဲ့သော ကျိုးချူးချင်ယု၏ အမြန်နှုန်းမှာ သူ၏သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန်ထက်  အနည်းငယ်မျှပင် နှေးကွေးခြင်းမရှိချေ။

ကြည့်ရသည်မှာ အလှပန်းတစ်ရာနန်းတော်သို့ ရောက်ရှိပြီးသည့် အချိန်မှစ၍ ကျိုးချူးချင်ယုသည်လည်း ယခင်ကထက် များစွာ တိုးတက်လာပုံရသည်။

“ငါ့ရဲ့တိုက်ပွဲစွမ်းရည်ကမှ နင့်လောက်မကောင်းတာ။ အဲဒါကြောင့် ငါ့ကိုယ်ငါကာကွယ်ဖို့ လုပ်ထားရမှာပဲလေ” ကျိုးချူးချင်ယုမှ ပြုံးကာပြောလိုက်ပြီးနောက် ဇူယွမ်၏ဘေးသို့ ရောက်ရှိလာခဲ့၏။

“ကြည့်ရတာ နင်လည်းကန်ရွှမ်းကလန်ထဲမှာ အဆင်ပြေနေတဲ့ပုံပါပဲ။ ဒီလိုမစ်ရှင်မျိုးမှာ ပါဝင်နိုင်တဲ့ အရည်အချင်းတောင် ရှိနေပြီဆိုတော့”

ကျိုးချူးချင်ယုမှာ ကန်ရွှမ်းကလန်၏ စည်းမျဉ်းစည်းကမ်းများအား မသိရှိပါသော်လည်း မဟူရာမီးတောက်စီရင်စုဆီသို့ သွားရောက်ရမည့် မစ်ရှင်မျိုးအတွက် အထူးချွန်ဆုံးတပည့်များကိုသာ စေလွှတ်လိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ဇူယွမ်သည် ကန်ရွှမ်းကလန်ထဲ၌ နေရာတစ်ခုရထားသည်မှာ ထင်ရှား၏။

“ငါလုပ်နိုင်တာလေးကို လုပ်ရုံပါပဲ” ဇူယွမ်မှာ ခပ်ဖွဖွရီမောကာ တုံ့ပြန်လိုက်သည်။ “တကယ်က ... လူတိုင်းကငါ့ကို အပိုလူတစ်ယောက်အနေနဲ့ပဲ သတ်မှတ်ထားကြတာ”

ကျိုးချူးချင်ယုမှာ လသာဆောင်အားမှီကာ ပါးပြင်ပေါ်သို့ လက်ချောင်းလေးများ တင်လိုက်၏။ ထို့နောက် ချစ်စဖွယ် ခန္ဓာကိုယ်လေးအား တစ်ဖက်သို့စောင်း၍ သူမ၏ရှယ်သွယ်သော ခြေတံလေးများကို ပေါ်လွင်စေကာ စကားဆိုလိုက်သည်။ “ကြည့်ရတာ အဆုံးသတ်ချိန်ရောက်ရင် နင်ကလူတိုင်းကို အံ့အားသင့်စေဦးမယ်နဲ့တူတယ်”

“ငါ့ကိုအဲ့လောက်တောင် ယုံကြည်တယ်ပေါ့” ဇူယွမ်မှာ ကူကယ်ရာမဲ့စွာဖြင့် ရီမောလိုက်မိ၏။ ကလန်ထဲ၌ အတူရှိလာခဲ့သော လီချင်းချန်သည်ပင် သူ့အားမယုံကြည်ပဲ ဝန်ထုပ်ဝန်ပိုးတစ်ခု မဖြစ်လာရန်သာ မျှော်လင့်​နေခဲ့သည်။ ထို့ကြောင့် မတွေ့ဆုံရသည်မှာ ခြောက်လခန့်ရှိနေပြီဆိုသော ကျိုးချူးချင်ယုထံမှ ထိုသို့သောစကားမျိုး ကြားရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

“ငါကမြှောက်ပြောနေတာလေ။ နင်ကငါ့စကားကို တကယ်ယုံနေတာလား” ကျိုးချူးချင်ယုမှ ရီမောကာ စနောက်လိုက်၏။

ဇူယွမ်မှ ရှုံ့မဲ့သွားကာ မေးမြန်းလိုက်သည်။ “မင်းနဲ့လုလျို အလှပန်းတစ်ရာနန်းတော်မှာ အဆင်ပြေကြတယ်မလား”

“တော်တော်လေး အဆင်ပြေပါတယ်။ လုလျိုဆိုရင် အရမ်းလူချစ်လူခင်ပေါတယ်” ကျိုးချူးချင်ယုမှ ဇူယွမ်အားကြည့်၍ စကားဆက်လိုက်၏။ “သူတော်စင်အကြွင်းအကျန်နယ်မြေမှာ အောင်မြင်ခဲ့တယ်ဆိုပြီး ဘဝင်မြင့်မနေနဲ့ဦး။ နောက်ဆိုရင် ရှန်ဇူတိုက်ကြီးထဲမှာ နင်ကငါတို့လက်အောက် ရောက်သွားမှာ”

ဇူယွမ်မှာ ပြုံးကာခေါင်းညိတ်ပြလိုက်သည်။ သူ၏ဘေးတွင်ရှိနေသော ဤကောင်မလေးသည် ယခင်ထဲက မာနထောင်လွှားတတ်သူလေး ဖြစ်ခဲ့၏။

“ဟုတ်သားပဲ။ ကန်ရွှမ်းကလန်မှာ ယောင်​ယောင်ရော ဘယ်လိုနေလဲ” ကျိုးချူးချင်ယုမှ လျင်မြန်စွာပင် မေးမြန်းလိုက်သည်။

ဇူယွမ်မှ သက်ပြင်းချကာ ရေရွတ်လိုက်သည်။ “ငါ့ထက် အဆပေါင်းများစွာ သာတာပေါ့”

ယောင်ယောင်မှာ ရွေးချယ်ခံတစ်ယောက် မဟုတ်ပါသော်လည်း သူမ၏အဆင့်အတန်းမှာ ရွေးချယ်ခံတပည့်များနှင့် ကိုက်ညီနေခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် ကောင်းကင်အဆင့်တာဝန်အား အပိုလူတစ်ဦးအနေနှင့် လိုက်ပါလာရသော ဇူယွမ်ထက် များစွာပို၍ သာလွန်နေသည်မှာ ထင်ရှားပေသည်။

ကျိုးချူးချင်ယုမှာ ဇူယွမ်၏ပခုံးအားပုတ်ကာ နှစ်သိမ့်ပေးလိုက်၏။ “စိတ်မကောင်းမဖြစ်ပါနဲ့ဟာ။ ဒါကပုံမှန်ပဲလေ။ နင်ကယောင်ယောင့်ကို ယှဉ်လို့ရမယ်များ ထင်နေလို့လား။ နင်ဦးနှောက်ချောင်သွားတာတော့ မဟုတ်ပါဘူးနော်”

ကျိုးကျူးချင်ယု၏ ကောင်းမွန်လှသော နှစ်သိမ့်မှုကြောင့် ဇူယွမ်၏နှုတ်ခမ်းအစုံမှာ ပို၍ ရှုံ့မဲ့သွားရသည်။

မတွေ့ရသည်မှာ ခြောက်လခန့်ရှိပြီဖြစ်သောကြောင့် ဇူယွမ်နှင့် ကျိုးကျူးချင်ယုနှစ်ဦးမှာ အနည်းငယ်ကသိကအောက် ဖြစ်ခဲ့ရပါသော်လည်း စကားပြောရင်း ပြောရင်းဖြင့် သက်သောင့်သက်သာ ရှိသော ဆက်ဆံရေးဆီသို့ ပြန်၍ရောက်ရှိလာခဲ့၏။

ကျိုးကျူးချင်ယုမှာ အကြောများကို ဆန့်ထုတ်ကာ သူမ၏ကောက်ကြောင်းများကို ပေါ်စေလိုက်ပြီးနောက် ဇူယွမ်အားကြည့်ကာ မေးလိုက်သည်။ “အောက်မှာ တွေ့ဆုံပွဲရှိတယ်။ နင်သွားချင်လား။ ငါတို့ ကောင်းတာတစ်ခုခု ရှာတွေ့ရင်တွေ့မှာပေါ့”

ကျိုးချူးချင်ယု၏ လင်းလက်တောက်ပနေသော မျက်ဝန်းများကိုကြည့်၍ ဇူယွမ်မှာ ခါးသက်စွာ ရီမောလိုက်မိ၏။ ဤစွဲမက်ဖွယ်ရာ မိန်းမလှလေးသည်လည်း တစ်ခါတစ်ရံ၌ ပုံမှန်လူတစ်ဦးကဲ့သို့ပင် စိတ်လှုပ်ရှားတတ်ပုံရပေသည်။

“သွား​ကြမယ်လေ”

ကျိုးချူးချင်ယုမှာ ပွဲလမ်းသဘင်များကို နှစ်ခြိုက်တတ်သူဖြစ်ကြောင်း ဇူယွမ်မှာ ကောင်းစွာ သိရှိထားသဖြင့် ငြင်းပယ်ခြင်းမပြုနေတော့ပဲ ခေါင်းညိတ်ပြကာ သဘောတူလိုက်၏။

ဇူယွမ်တို့နှစ်ဦးမှာ အောက်ထပ်ဆီသို့ အတူဆင်းလာခဲ့ကြပြီး လမ်းတစ်လျှောက်တွင် လူတိုင်းမှာ ကျိုးချူးချင်ယုအား ငေးကြည့်နေကြလေသည်။ ကျိုးချူးချင်ယုမှာ အလွန်လှပပြီး ညှို့အားပြင်းလှသည့် မိန်းမငယ်လေး ဖြစ်သည့်အတွက် လူတိုင်းမှ အကြည့်ပင်မလွှဲနိုင်ပဲ ရှိ၏။

တွေ့ဆုံပွဲကျင်းပရာ အောက်ဆုံးထပ်မှာ လွန်စွာကျယ်ဝန်းလှပြီး ဆူညံအော်ဟစ်သံများဖြင့် ပြည့်နှက်နေ၍ လူများစွာမှ ဥဒဟိုသွားလာနေကြကာ စျေးဆိုင်အများအပြားကိုလည်း တွေ့ရှိနိုင်ပေသည်။

ကျိုးချူးချင်ယုမှာ စိတ်လှုပ်ရှားမှုအပြည့်နှင့် လျှောက်ကြည့်နေတော့၏။ ဇူယွမ်မှာ သက်ပြင်းချကာ သူမ၏အနောက်မှ လိုက်ပါသွားခဲ့သည်။

ဇူယွမ်တို့နှစ်ဦးမှာ ဆက်လက်လျှောက်လှမ်းလာရင်းဖြင့် လူများစွာစုဝေးနေသော နေရာတစ်ခုသို့ ရောက်ရှိလာခဲ့၏။ ထိုနေရာ၌ လူဦးခေါင်းအရွယ်မျှရှိသော အပူလှိုင်းများ ထုတ်လွှတ်နေသည့် ကျောက်တုံးများစွာ ရှိနေခဲ့သည်။

ဇူယွမ်မှာ စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။ “ဒါတွေက ဘာတွေလဲ”

“ဒါက မီးလျှံကျောက်အလောင်းအစား တစ်ခုပဲ။ ဒီကျောက်တုံးတွေထဲမှာ ဆယ်နှစ်သက်တမ်း၊ နှစ်ရာကျော်သက်တမ်းနဲ့ နှစ်ထောင်ကျော်သက်တမ်းရှိတဲ့ မီးလျှံအဆီအနှစ်တွေ ပါဝင်နေတယ်”

“နင်ကံကောင်းလို့ရှိရင် နှစ်ရာကျော်သက်တမ်းရှိတဲ့ မီးလျှံအဆီအနှစ်ကို ရနိုင်လိမ့်မယ်”

“ဒါပေမဲ့ ဒီကျောက်တုံးတွေက မဟူရာမီးတောက် တောင်တန်းတွေရဲ့ အတွင်းပိုင်းနက်နက်ထဲက တူးထုတ်လာတဲ့ မီးလျှံကျောက်တွေပဲ။ သူတို့ကို စိတ်ဝိညာဉ်နဲ့ ကြည့်လို့မရတဲ့အတွက် အထဲမှာ ဘာပါမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး”

“အရမ်း အတွေ့အကြုံများတဲ့သူတချို့ကပဲ ကျောက်တုံးတွေရဲ့ပုံစံကို ကြည့်ပြီးတော့ နည်းနည်းခန့်မှန်းလို့ရကြတာ” ကျိုးချူးချင်ယုမှ ရှင်းပြလိုက်သည်။

ဇူယွမ်မှ ခေါင်းညိတ်ပြလိုက်၏။ ဤနေရာ၌ လူစည်ကားနေသည်မှာ မထူးဆန်းတော့ချေ။ မီးလျှံအဆီအနှစ်များမှာ ကျင့်ကြံရေးလမ်းစဉ်အတွက် များစွာအထောက်အကူ ပြုနိုင်၏။

နှစ်ရာကျော်သက်တမ်းရှိသော မီးလျှံအဆီအနှစ်ဆိုလျှင် မူလသလင်းကျောက် ဆယ်သန်းခန့်မျှ တန်ကြေးရှိနိုင်ပေသည်။

ဇူယွမ်မှာ ထိုနေရာအား စတင်လေ့လာလိုက်၏။ လူများစွာမှ ကျောက်တုံးများအား ဖွင့်ဟနေခဲ့ပါသော်လည်း သာမန်မီးလျှံအဆီအနှစ်များသာ ပါဝင်နေခဲ့ပြီး ဆယ်စုနှစ်သက်တမ်းရှိသော မီးလျှံအဆီအနှစ်သည်ပင် တစ်ခါတစ်ရံမှ ထွက်ပေါ်လာခြင်းဖြစ်ကာ အလောင်းအစားပြုလုပ်ရာနေရာ၌ ဆူညံအော်ဟစ်သံများဖြင့် ပြည့်နှက်​နေခဲ့သည်။

“အနက်ဖော်သူတော်စင်မှော်စာလုံးက အသုံးဝင်မလားဆိုတာ သိချင်လိုက်တာ”

ဇူယွမ်မှာ ကြည့်ရှုနေရင်း တွေးတောမိခဲ့ပြီးနောက် မျက်လုံးထဲမှ သူတော်စင်မှော်စာလုံးအား စတင်လည်ပတ်စေလိုက်၏။

ထို့နောက် ဇူယွမ်မှ စမ်းသပ်တော့မည့် အချိန်၌ပင် သူနှင့်  ကျိုးချူးချင်ယုအကြားမှ ရီသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

“ဟားဟား ... မိန်းကလေးချင်ယုကလည်း မီးလျှံကျောက် အလောင်းအစားကို စိတ်ဝင်စားတယ်လား။ မိန်းကလေးသာ သဘောကျတယ်ဆိုရင် အရင်ထဲက ကျွန်တော်ခေါ်လာပေးတာပေါ့။ မဟူရာမီးတောက်စီရင်စုက မီးလျှံကျောက်လောင်းကစားလုပ်ငန်းတွေ အားလုံးနီးပါးက ကျွန်တော်တို့ ဖူကလန်ရဲ့ လက်အောက်ကပဲလေ”

ဇူယွမ်မှ မျက်မှောင်ကြုတ်ကာ ကြည့်ရှုလိုက်သောအခါတွင် အနီရောင်နှင့် ခရမ်းရောင်များပါဝင်သော အဝတ်အစားအား ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးအား တွေ့ရှိလိုက်ရ၏။ ထိုလူငယ်၏နောက်တွင် လူအနည်းငယ်မှ ဝန်းရံလိုက်ပါလျက် ရှိနေပေသည်သည်။

ထိုလူငယ်မှာ ဇူယွမ်အား အလုံးစုံလျစ်လျူရှုထားကာ ကျိုးချူးချင်ယုကိုသာ ငေးကြည့်နေလျက် ရှိ၏။

ကျိုးချူးချင်ယုမှာ စိတ်အလိုမကျဟန်ဖြင့် မျက်ဝန်းများ ကျဉ်းမြောင်းသွားခဲ့ရသည်။ ထိုလူငယ်မှာ ကျိုးချူးချင်ယု မဟူရာမီးတောက်စီရင်စုဆီသို့ ရောက်ရှိလာချိန်မှစ၍ သူမအနီး၌ တဝဲဝဲလည်နေ​သူများထဲမှ တစ်ဦးဖြစ်၏။ ထိုလူငယ်မှာ စူးသွမ့်ဟုခေါ်တွင်ကာ နောက်ခံအင်အား တောင့်တင်းလှပြီး ဖူကလန်၏ ကလန်ခေါင်းဆောင်ငယ်တစ်ဦးဖြစ်သည်။

ဖူကလန်မှာ မဟူရာမီးတောက်စီရင်စု၏ အင်အားအကြီးဆုံးအုပ်စုများထဲတွင် ပါဝင်သောကလန်တစ်ခု ဖြစ်၏။

“မင်းပြန်ချင်ပြီလား” ဇူယွမ်မှ ကျိုးချူးချင်ယုအား ကြည့်ကာ မေးမြန်းလိုက်သည်။

ဇူယွမ်၏အသံအား ကြားလိုက်ရသောအခါတွင် အနီရောင်နှင့်ခရမ်းရောင်များပါဝင်သော အဝတ်အစားအား ဝတ်ဆင်ထားသည့် ထိုလူငယ်လေးမှ လှည့်ကြည့်ကာ ပြုံး၍နှုတ်ဆက်လာ၏။ “ဪ မင်းက ကန်ရွှမ်းကလန်ကပဲ။ ငါက ဖူကလန်ရဲ့ ခေါင်းဆောင်ငယ် စူးသွမ့်ပါ။ ခုနက မင်းကိုမမြင်မိလိုက်ဘူး။ မင်းက ကန်ရွှမ်းကလန်ရဲ့ ဘယ်ရွေးချယ်ခံလဲဆိုတာ ငါသိလို့ရမလား”

လူငယ်လေး၏ အကြည့်၌ အလိုမကျသော အရိပ်အယောင်များ ပါဝင်နေခဲ့သည်။ လွန်ခဲ့သောရက်များအတွင်း စူးသွမ့်မှာ ကျိုးချူးချင်ယု၏နောက်သို့ တကောက်ကောက်လိုက်နေခဲ့ပါသော်လည်း မည်သည့်တိုးတက်မှုမှ မရရှိခဲ့ပေ။ ထို့ကြောင့် ကျိုးချူးချင်ယုနှင့် ဇူယွမ်တို့နှစ်ဦး ရင်းနှီးနေသည်ကို တွေ့လိုက်ရသောအခါတွင် အလွန်ပင် စိတ်အလိုမကျ ဖြစ်ခဲ့ရသည်။

စူးသွမ့်၏စကားမှာ ယဉ်ကျေးသည်ဟု ထင်မှတ်ရပါသော်လည်း နက်ရှိုင်းသော အဓိပ္ပာယ်များ ပါဝင်နေ၏။ စူးသွမ့်သည် ဇူယွမ်မှာ ကန်ရွှမ်းကလန်၏ ရွေးချယ်ခံတစ်ဦးမဟုတ်မှန်း သိရှိထားခဲ့သည်။ ထို့ကြောင့် ရွေးချယ်ခံတပည့်ပင်မဟုတ်သော ဇူယွမ်အား ဖူကလန်၏ ခေါင်းဆောင်ငယ်တစ်ဦးဖြစ်သော စူးသွမ့်မှ ဂရုစိုက်ရန်မလိုအပ်ဟု ဆိုလိုနေခြင်းပင် ဖြစ်၏။

ကန်ရွှမ်းကလန်ထဲ၌ တပည့်များစွာရှိပြီး အင်အားကြီးကလန်တစ်ခု ဖြစ်သော်လည်း စူးသွမ့်မှာ ဖူကလန်၏ ခေါင်းဆောင်ငယ်အဆင့်ကို ရရှိထားသူ ဖြစ်သည်။ ထို့ကြောင့် ကန်ရွှမ်းကလန်မှ ရွေးချယ်ခံအဆင့်မဟုတ်သော သာမန်တပည့်လေးတစ်ဦးအား ကြောက်ရွံ့နေစရာအကြောင်း မရှိပါချေ။

ဇူယွမ်မှာ စူးသွမ့်အားကြည့်နေရင်းဖြင့် မျက်ဝန်းများ ကျဉ်းမြောင်းလာခဲ့၏။

သို့သော် စူးသွမ့်မှ အလေးပင်ထားပုံမရပဲ ခက်ထန်မှုများကို ဖုံးကွယ်ကာ ကျောက်တုံးလောင်းကစားပြုလုပ်နေကြသော နေရာသို့ ညွှန်ပြ၍ မေးမြန်းလိုက်သည်။

“ဒီကညီ​တော်ကရော မီးလျှံကျောက် အလောင်းအစားကို စိတ်ဝင်စားတယ်မလား”

“တစ်ခါနှစ်ခါလောက် စမ်းကြည့်ချင်သေးလား”

ထို့နောက် စူးသွမ့်မှ အင်္ကျီလက်မောင်းအိုးအား မတင်ကာ လက်တွင်ဝတ်ထားသော အဆောင်အယောင်အား ပေါ်ထွက်စေလိုက်၏။

ထိုအဆောင်အယောင်မှာ သစ်သားဒြပ်စင်တစ်မျိုးနှင့် ပြုလုပ်ထားဟန်ရှိကာ အလွန်ပင် ရှေးကျသောအသွင်  ရှိသည်။

စူးသွမ့်၏ ရန်လိုသောအကြည့်အောက်၌ပင် တည်ငြိမ်နေခဲ့သော ဇူယွမ်၏အမူအရာမှာ ထိုသစ်သားဒြပ်စင်နှင့် ပြုလုပ်ထားသည့် အဆောင်အယောင်အား တွေ့လိုက်ရသောအခါတွင် စိတ်ဝင်စားသော အရိပ်အယောင်များ ဖြတ်ပြေးသွားရ၏။

ထို့နောက် ချက်ချင်းဆိုသလိုပင် ဇူယွမ်၏ခန္ဓာကိုယ်ထဲတွင်ရှိနေသော မပြည့်စုံသေးသည့် ထိုက်ရိအမှတ်အသားထံမှ တုန်ခါမှုကို ခံစားလိုက်ရပြီး ဇူယွမ်၏မျက်ဝန်းများမှာ လင်းလက်တောက်ပလာခဲ့သည်။

တော်တော်ကောင်းတဲ့ ရိမူချီပါလား ... ဒီကောင့်ရဲ့ အဆောင်အယောင်က နှစ်ထောင်ချီသက်တမ်းရှိတဲ့ သစ်သားဒြပ်စင်နဲ့ လုပ်ထားတာ ဖြစ်ရမယ် ...

ဝိုး ... .မင်းကငါ့ကို စိတ်ဝင်စားအောင် လုပ်နိုင်တာပဲ ...

All Chapters