← Chapters

လောင်းကြေး

Vol. 30 Ch. 405

လောင်းကြေး

Vol. 30 Ch. 405

ဆူညံနေသော ခန်းမအတွင်း စူးသွမ့်မှာ ဇူယွမ်အား ပြုံး၍ကြည့်နေခဲ့သည်။ စူးသွမ့်၏လက်ကောက်ဝတ်တွင် ဝတ်ဆင်ထားသော အနက်ရောင်သစ်သားဒြပ်စင် အဆောင်အယောင်မှာ မီးအိမ်ငယ်များ၏ အလင်းရောင်အောက်တွင် အနည်းငယ် တောက်ပြောင်နေသယောင် ရှိ၏။

ဇူယွမ်မှာ အဆောင်အယောင်အား အသက်ရှူစာအနည်းငယ်မျှ ငေးမောကြည့်ရှုနေခဲ့ပြီးနောက် မည်သူမှ သတိမထားမိခင်မှာပင် အကြည့်လွှဲခဲ့လိုက်သည်။

စူးသွမ့်သည် ဤနေရာ၌ ရှိနေရခြင်းမှာ သဝန်တိုခြင်းကြောင့်သာဖြစ်ပြီး ပြိုင်ဖက်အားနင်းချေ၍ နှစ်သက်သော မိန်းကလေးအား အထင်ကြီးစေလိုသည့်စိတ်သာ ရှိနေ၏။

လှပလှသော မိန်းမငယ်လေး ကျိုးချူးချင်ယုနှင့် လေးစားကျွမ်းဝင်ပါသော်လည်း ဤကိစ္စနှင့်ပတ်သက်၍ ဇူယွမ်မှာ ပါဝင်နှောင့်ယှက်လိုစိတ်မရှိချေ။

ထို့ကြောင့် ဇူယွမ်မှာ ငြင်းပယ်ရန် တွေးတောလိုက်ပါသော်လည်း စူးသွမ့်၏အဆောင်အယောင်အား မြင်လိုက်ရသောအခါတွင် စိတ်ကူးပြောင်းသွားခဲ့သည်။

“မင်းရဲ့လက်မှာဝတ်ထားတဲ့ အဆင်တန်ဆာကို မြင်လိုက်ရထဲက ငါ့မှာငြင်းချင်စိတ် မရှိတော့ဘူး” ဇူယွမ်မှ တွေးတောလိုက်၏။

ဇူယွမ်၏ လက်ရှိထိုက်ရိအမှတ်အသားဖန်တီးခြင်း အစီအစဉ်မှာ လွန်စွာနှေးကွေးနေခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သက်တမ်းရင့်သော ရှေးဟောင်းသစ်သားဒြပ်စင်များကို ရှာဖွေနိုင်ရန်မှာ လွန်စွာခက်ခဲလှသဖြင့် ရီမူချီစွမ်းအင်များ ကြွယ်ဝစွာ မရရှိသောကြောင့် ဖြစ်၏။

စူးသွမ့်၏အဆောင်အယောင်မှာ အလွန်ရှေးကျသော သစ်သားဒြပ်စင်တစ်မျိုးနှင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ဇူယွမ်ယခင်က စုပ်ယူခဲ့သော သစ်သားဒြပ်စင်များထက်ပို၍ ရီမူချိများ ကြွယ်ဝစွာ ပါဝင်နေပေသည်။

ထို့ကြောင့် ဇူယွမ်သာ ထိုအဆောင်အယောင်အား ရရှိနိုင်ခဲ့လျှင် ထိုက်ရိအမှတ်အသားအား ​ဖန်တီးမှတ်သားခြင်းဖြစ်စဉ်၌ များစွာ​သော အကျိုးသက်ရောက်မှုကို ရရှိနိုင်ပေလိမ့်မည်။

ဇူယွမ်မှာ စူးသွမ့်ဆီမှ အဆောင်အယောင်အား ရရှိနိုင့်မည့်နည်းလမ်းကို တွေးတောနေမိ၏။

အကယ်၍ ဇူယွမ်မှသာ လိုချင်တပ်မက်သော အမူအရာဖြင့် တောင်းဆိုခဲ့ပါက စူးသွမ့်မှ ပို၍ခက်ခဲစရေန် လုပ်ဆောင်မည်သာ ဖြစ်သည်။

ဇူယွမ်မှာ တိတ်ဆိတ်စွာဖြင့် အတွေးများကြား နစ်မြုပ်နေစဉ်မှာပင် စူးသွမ့်မှ ဇူယွမ်အား အထင်သေးသော မျက်ဝန်းများဖြင့် ကြည့်နေခဲ့၏။ စူးသွမ့်မှာ ဇူယွမ်သည် ဝေးလံခေါင်ဖျားသော တိုက်ကြီးတစ်ခုဆီမှ လာခဲ့ခြင်းဖြစ်ကြောင်းကို သိရှိထားခဲ့သည်။ ပြောရမည်ဆိုလျှင် ဇူယွမ်သာ ကန်ရွှမ်းကလန်မှ တပည့်တစ်ဦး မဟုတ်ခဲ့ပါက စူးသွမ့်မှ စကားစမြည်ပြောဆိုရန်ပင် ထိုက်တန်သည်ဟု ယူဆမည်မဟုတ်ပေ။

ရှန်ဇူတိုက်ကြီးမှ လူတိုင်းသည် တခြားတိုက်ကြီးမှ သူများထက် သာလွန်သည်ဟု မှတ်ယူကြသည်မှာ ပုံမှန်ပင် ဖြစ်၏။

စူးသွမ့်မှ ပြုံးကာ စကားဆိုလိုက်သည်။ “စိတ်မပူပါနဲ့ ညီတော်ဇူယွမ် ဒါကအပျော်သက်သက်ပဲဟာ။ ကုန်ကျစရိတ်အားလုံးကို ငါပဲရှင်းမှာပါ”

“ပြီးတော့ ညီတော်ဇူယွမ်က သက်တမ်းရင့်မီးလျှံအဆီအနှစ်ကို ရရှိခဲ့တယ်ဆိုရင်လည်း ယူသွားလို့ရပါတယ်”

စူးသွမ့်မှ ယုံကြည်ချက်ရှိစွာပြုံး၍ စကားဆက်လိုက်သည်။ “ငါတို့က အပျော်လုပ်ကြတာပဲမလား။ နိုင်တာ ရှုံးတာကလည်း အရေးမကြီးပါဘူး”

“ညီတော်ဇူယွမ်က ကန်ရွှမ်းကလန်ကမလား။ အဲဒီလိုဂုဏ်သတင်းကြီးတဲ့ကလန်က တပည့်တစ်ယောက်က ဒီလိုအလောင်းအစားငယ်လေး လုပ်ရမှာ ကြောက်နေတာတော့ မဟုတ်ပါဘူးနော်”

စူးသွမ့်၏မျက်ဝန်းများ၌ လှောင်ပြောင်လိုသော အရိပ်အယောင်များ ယှက်သန်းနေခဲ့၏။

အလှနတ်သမီးလေး ကျိုးချူးချင်ယု၏အနီး၌ ချောမောခန့်ညားသော လူငယ်နှစ်ဦး ရစ်ဝဲနေခဲ့ခြင်းကြောင့် ခန်းမတစ်ခုလုံးရှိလူများမှာ စိတ်ဝင်တစားဖြင့် ဝန်းရံလာကြတော့သည်။

ခေတ္တမျှသော အချိန်လေးအတွင်း၌ပင် စူးသွမ့်၏နောက်၌ လူအုပ်ကြီးတစ်ခု ဖြစ်လာခဲ့၏။

“အစ်ကိုတော်ဇူနဲ့ အစ်ကိုတော်စူးတို့ အလောင်းအစား လုပ်ကြမှာလား။ ဟားဟား ကောင်းလိုက်တာ။ ကျွန်တော်တို့ကို မျက်စိပွင့်စေတာပဲ”

“ဒါပေမဲ့ အစ်ကိုတော်ဇူကို ကြည့်ရတာ မဆုံးဖြတ်ရသေးဘူးနဲ့ တူတယ်”

“ပေါက်ကရတွေ လျှောက်ပြောမနေနဲ့။ အစ်ကိုတော်ဇူ ကန်ရွှမ်းကလန်က တပည့်ပဲ။ သူ့မှာ သတ္တိမရှိဖူးဆိုတာ ဖြစ်နိုင်ပါ့မလား”

ထိုလူများမှာ ဇူယွမ်တို့ ရောက်ရှိလာစဉ်မှစ၍ ကျိုးကျူးချင်ယုအနီး၌ ရှိနေခဲ့သူများ ဖြစ်သည်။

ထိုလူများမှာလည်း မဟူရာမီးတောက်စီရင်စုမှ ထိပ်တန်းပါရမီရှင် တပည့်များဖြစ်ကြပြီး ဇူယွမ်အား အလိုမကျသူများ ဖြစ်ကြ၏။

ဇူယွမ်မှာ ဝေးလံခေါင်ဖျားသော တိုက်ကြီးတစ်ခုဆီမှ လာခဲ့သူဖြစ်သော်လည်း ကျိုးချူးချင်ယုနှင့် ရင်းနှီးနေရုံသာမက ကန်ရွှမ်းကလန်၏ တပည့်တစ်ဦးပါ ဖြစ်နေခဲ့သည်။ ထို့ကြောင့် သူတို့အားလုံးမှာ ဇူယွမ်အား စက်​ဆုပ်ရွံရှာကာ မနာလိုဖြစ်နေခဲ့ရ၏။

စူးသွမ့်မှ ဇူယွမ်အား အရှက်တကွဲဖြစ်စရေန် ကြံစည်သောအခါတွင် ထိုလူများအားလုံးမှာ ကျေနပ်အားရစွာဖြင့် ထောက်ခံအားပေးကြတော့သည်။

အင်အားကြီးကလန်ကြီးတစ်ခုဖြစ်သော ကန်ရွှမ်းကလန်၏တပည့်အား နင်းချရေမည်ဟူသော အတွေးကပင် သူတို့အား ပျော်ရွှင်စေ၏။ ပြောရမည်ဆိုလျှင် ကန်ရွှမ်းကလန်၏ ရွေးချယ်ခံအဆင့် တပည့်များအား ထိပါးရန် မဖြစ်နိုင်သောကြောင့် တခြားတိုက်ကြီးတစ်ခုမှလာခဲ့သော မူလစဦး စတုတ္ထအဆင့်သာ ရှိသေးသည့် ဇူယွမ့်အား ပစ်မှတ်ထား အနိုင်ကျင့်ခြင်းမှာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

လူများစွာမှ အုပ်စုဖွဲ့၍ ပြောဆိုနေကြသောကြောင့် ကျိုးချူးချင်ယု၏ အမူအရာမှာ ခက်ထန်လာခဲ့ပြီး အော်ဟစ်တော့မည့် အချိန်မှာပင် ဇူယွမ်မှ သူမအား ကြည့်လိုက်၏။

အကြည့်ချင်းဆုံသွားသော တစ်ခဏ၌ပင် ကျိုးချူးချင်ယုမှာ ဇူယွမ်၌ အကြံအစည်တချို့ရှိနေကြောင်း သိရှိလိုက်လေသည်။

ထို့နောက် ကျိုးချူးချင်ယုမှာ လျင်မြန်စွာ ပြုံးလိုက်ပြီး စိတ်ဝင်စားသောဟန်ပန်ဖြင့် စကားဆိုလိုက်၏။ “မီးလျှံကျောက် အလောင်းအစားလား။ စိတ်ဝင်စားစရာ ကောင်းမယ့်ပုံပဲ”

ကျိုးချူးချင်ယု၏ စိတ်ဝင်တစားဖြစ်နေသော ဟန်ပန်ကြောင့် စူးသွမ့်မှာ အလွန်အမင်း ပျော်ရွှင်သွားခဲ့ရသည်။ ကျိုးချူးချင်ယု၏ စိတ်ဝင်စားမှုကို ရရှိနိုင်ရန်မှာ ခက်ခဲလှသဖြင့် အခြားသူများမှပင် စူးသွမ့်အား မနာလိုဖြစ်သွားရ၏။

ကျိုးချူးချင်ယုမှ ပြုံးကာပြောလိုက်သည်။ “ဒါပေမဲ့ လောင်းကြေးမရှိရင် လောင်းကစားဆိုတာ ဘယ်ပျော်ဖို့ကောင်းပါ့မလဲ”

စူးသွမ့်မှာ ရုတ်တရက် အံ့အားသင့်သွားပြီးနောက် လျင်မြန်စွာပင် တုံ့ပြန်လိုက်၏။ “မိန်းကလေးချင်ယုပြောတာ မှန်တာပေါ့။ လောင်းကစားလုပ်ရင် လောင်းကြေးရှိသင့်တာပဲလေ။ မိန်းကလေးစိတ်ထဲမှာ တွေးထားတာ တစ်ခုခုရှိလား”

ကျိုးချူးချင်ယုမှ စကားဆိုလိုက်သည်။ “အခုရှင့်ဆီမှာ ရှိနေတဲ့ ဘယ်အရာမဆို အဆင်ပြေပါတယ်”

ကျိုးချူးချင်ယုမှ စူးသွမ့်အားကြည့်၍ နွေးထွေးစွာဖြင့် ပြုံးပြလိုက်၏။

ကျိုးချူးချင်ယု၏ အကြည့်များမှာ စူးသွမ့်၏ လက်ကောက်ဝတ်အရောက်တွင် ရပ်တန့်သွားကာ မျက်ဝန်းများကို ပုတ်ခတ်ပုတ်ခတ် လုပ်နေလေသည်။

စူးသွမ့်မှာ လက်ကောက်ဝတ်တွင် ဝတ်ဆင်ထားသော အဆောင်အယောင်အားကြည့်၍ ခေတ္တမျှတွေဝေနေပြီးနောက် လျင်မြန်စွာ ပြုံး၍ပြောလိုက်၏။ “ဒီမူလရတနာက ကျွန်တော့်​အဖေက ပေးထားတာလေ။ ဒါကို နဂါးသွဲ့ကျောက်ဒြပ်စင်နဲ့ လုပ်ထားတာ။ ဒါကို ဝတ်ထားရင် ဘယ်လောက်ပြင်းထန်တဲ့ ဒဏ်ရာပဲဖြစ်ဖြစ် ပျောက်ကင်းစေနိုင်လိမ့်မယ်”

“မိန်းကလေးချင်ယုက အလောင်းအစားအတွက် လောင်းကြေးလိုချင်တယ် ဆိုမှတော့ ဒီမူလရတနာကို အလောင်းအစားပစ္စည်းအနေနဲ့ ထားလိုက်မယ်လေ” စူးသွမ့်မှ ဇူယွမ်အားကြည့်ကာ စကားဆက်လိုက်သည်။ “တကယ်လို့ ညီတော်ဇူယွမ်သာ နိုင်ခဲ့မယ်ဆိုရင် ဒီလက်ကောက်ကို ယူသွားလို့ရပါတယ်”

စူးသွမ့်၏စိတ်ထဲ၌ တွေးတောလိုက်၏။ “မင်းမှာ ငါ့ကိုနိုင်နိုင်တဲ့ အရည်အချင်းရော ရှိမှာတဲ့လား ...  တောသားငတုံးကောင် ...”

ဇူယွမ်မှာ ကျိုးကျူးချင်ယုအား အလွန်ပင် အံ့အားသင့်နေမိသည်။ ဇူယွမ်မှာ စူးသွမ့်၏ အဆောင်အယောင်အား အသက်ရှူစာအနည်းငယ်မျှသာ ငေးကြည့်နေခဲ့ခြင်း ဖြစ်ပါသော်လည်း ကျိုးကျူးချင်ယုမှ သိရှိနေခဲ့၏။

မိန်းကလေးတစ်ဦး၏ အကြည့်အောက်တွင် မည်သည့်အရာမှ လွတ်မြောက်မည့်ပုံ မရချေ။

ထို့အပြင် ကျိုးချူးချင်ယု၏ သရုပ်ဆောင်မှုမှာလည်း  ပီပြင်ခဲ့ပြီး စူးသွမ့်အား သံသယပင် မဖြစ်စေပဲ အဆောင်အယောင်အား လောင်းကြေးထပ်စေနိုင်ခဲ့သည်။

“ငါကတော့ လောင်းကြေးထပ်ပြီးပြီ။ ညီတော်ဇူယွမ်ဆီမှာရော လောင်းစရာပစ္စည်းများ ရှိမလား” စူးသွမ့်မှ မေးမြန်းလိုက်၏။

ထို့နောက် ဇူယွမ်၏ အဖြေကိုပင် မစောင့်နေတော့ပဲ ကျိုးချူးချင်ယုအားကြည့်၍ စနောက်လိုသော အမူအရာဖြင့် ပြောလိုက်သည်။ “တကယ်လို့ ကျွန်တော်နိုင်ခဲ့မယ်ဆိုရင် မိန်းကလေးချင်ယုနဲ့ မနက်ဖြန်တစ်ရက် လျှောက်လည်လို့ရမလား”

လူအုပ်ကြီးထံမှ ဆူညံအော်ဟစ်သံများ များစွာထွက်ပေါ်လာခဲ့၏။

ကျိုးချူးချင်ယုမှာ ချစ်စဖွယ်ကောင်းအောင်ပြုံး၍ ဇူယွမ်နှင့် အကြည့်ချင်းဖလှယ်ကာ ခေါင်းညိတ်ပြလိုက်သည်။

စူးသွမ်မျက်နှာပေါ်ရှိ အပြုံးများမှာ ပို၍တောက်ပသွားခဲ့ရ၏။

ကျိုးချူးချင်ယုမှာ ဇူယွမ်အားကြည့်၍ တိုးညင်းစွာ သတိပေးလိုက်သည်။

“နင်သာရှုံးခဲ့ရင် ဒီသခင်မလေးက နင့်ကို ဘယ်လိုသင်ခန်းစာပေးမလဲဆိုတာ စောင့်ကြည့်နေလိုက်”

ကျိုးချူးချင်ယုမှာ ဇူယွမ်အားကူညီနိုင်ရန် သူမကိုယ်သူမပါ လောင်းကြေးထပ်ပေးထားခဲ့၏။

All Chapters