လှည့်ကွက်
Vol. 30 Ch. 406
ဇူယွမ်နှင့် စူးသွမ့်တို့၏ အလောင်းအစားမှာ ညှိနှိုင်း၍ အဆင်ပြေသွားသောကြောင့် ခန်းမတစ်လုံးရှိလူများမှာ မီးလျှံကျောက်လောင်းကစား ပြုလုပ်သည့်နေရာတွင် စုဝေးလာခဲ့ကြသည်။
အလှနတ်ဘုရားမလေးအတွက် ပြိုင်ဆိုင်ကြသော ယောက်ျားလေးနှစ်ဦး၏ အလောင်းအစားမှာ အလွန်ပင် စိတ်ဝင်စားစရာ ကောင်းနေ၏။
ထို့အပြင် တစ်ဦးမှာ ကန်ရွှမ်းကလန်ကဲ့သို့သော အင်အားကြီးကလန်ကြီးမှ တပည့်ဖြစ်ပြီး ကျန်တစ်ဦးမှာ ဖူကလန်၏ ခေါင်းဆောင်ငယ်တစ်ဦး ဖြစ်သည်။
ကန်ရွှမ်းကလန်မှာ ကန်ရွှမ်းကောင်းကင်ဒေသတစ်ခုလုံး၌ အကျော်ကြားဆုံး ကလန်တစ်ခုဖြစ်၏။ ဖူကလန်မှာမူ ကန်ရွှမ်းကလန်နှင့် နှိုင်းယှဉ်၍မရပါသော်လည်း စူးသွမ့်မှာ ကလန်၏ခေါင်းဆောင်ငယ်ရာထူးကို ရရှိထားသူဖြစ်ပြီး ထင်ရှားသောပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
ထို့ကြောင့် ဇူယွမ်နှင့် စူးသွမ့်တို့၏ ထိပ်တိုက်တွေ့ဆုံမှုမှာ လူတိုင်း၏စိတ်အာရုံအား ဆွဲဆောင်နိုင်ခဲ့၏။
ဤသို့နှင့် မီးလျှံကျောက် အလောင်းအစား ပြုလုပ်ရာနေရာသည် တွေ့ဆုံပွဲခန်းမတစ်ခုလုံး၌ လူအများဆုံးနေရာတစ်ခု ဖြစ်လာခဲ့သည်။
***
သုံးပွင့်ဆိုင် အချစ်ပြိုင်ဆိုင်မှုအား စိတ်ဝင်စားမှု မြင့်တက်လာကြသောကြောင့် တွေ့ဆုံပွဲ ဒုတိယထပ်မှ သူများသည်ပင် သတိထားမိသွားကြ၏။
ဒုတိယထပ်သို့ သာမန်တပည့်များ ဝင်ရောက်ခွင့်မရှိသည့်အတွက် ပထမထပ်တွေ့ဆုံပွဲကဲ့သို့ ဆူညံမနေပဲ တိတ်ဆိတ်ငြိမ်းချမ်းနေလျက်သာ ရှိသည်။
လီချင်းချန်၊ ကျောင်းဇူ၊ ဖန်းရင်နှင့် အခြားရွေးချယ်ခံတပည့်များမှာ ဒုတိယထပ်ရှိ တွေ့ဆုံပွဲတွင် စုဝေးနေကြခြင်း ဖြစ်၏။
လီချင်းချန်၏ မျက်နှာချင်းဆိုင်အုပ်စုအား လူငယ်နှစ်ဦးမှ ဦးဆောင်ထားလျက် ရှိသည်။ ထိုလူငယ်လေးများမှာ ငယ်ရွယ်သည့်အသွင်ရှိသော်လည်း ရိုးရှင်းသောသူများ မဟုတ်ကြောင်း ထင်ရှားနေ၏။
ထိုလူငယ်နှစ်ဦး၏ရှေ့တွင်ရှိနေသော လီချင်းချန်မှာ စိတ်ကသိကအောက်ဖြစ်သလို ခံစားနရေသည်။
အဘယ်ကြောင့် ထိုလူငယ်များမှာ မြင့်မြတ်သောနန်းတော်မှ ရွေးချယ်ခံတပည့်များ ဖြစ်သောကြောင့် ဖြစ်၏။
ဝမ့်ချီနှင့် ကောင်းကျင့်ဇူ
ဝမ့်ချီမှာ အနီရောင်အဝတ်အစားများကို ဆင်မြန်းထားကာ သိမ်မွေ့နူးညံ့ဟန်ရှိပြီး နှုတ်ခမ်းထက်၌ အပြုံးတစ်ပွင့်ကို ဆင်မြန်းထားကာ မျက်ဝန်းများမှာ ထက်ရှနေလျက် ရှိသည်။ ဝမ့်ချီ၏လက်ထဲ၌ အနီရောင်သတ္တုလုံးနှစ်ခုရှိနေကာ ကျောက်တုံးများကိုပင် ပျော်ဝင်စေနိုင်သော အပူရှိန်များကို ထုတ်လွှတ်နေ၏။
ကောင်းကျင့်ဇူမှာမူ ကိုယ်လုံးကိုယ်ထည် တောင့်တင်း၍ ယောက်ျားပီသသောပုံသဏ္ဌာန်ရှိကာ မျက်ဝန်းများက သားရဲတစ်ကောင်အလား တောက်လောင်နေပေသည်။
ဝမ့်ချီတို့နှစ်ဦး၏ဘေးတွင် ရှိနေသူမှာ ယန်ရွှမ်းဖြစ်ပြီး ခပ်ဖျော့ဖျော့ အပြုံးတစ်ခုကို နှုတ်ခမ်းထက်၌ ချိတ်ဆွဲထား၏။
အခြားတစ်ဖက်တွင်မူ ကြမ်းတမ်းဟန်ရှိသော လူငယ်တစ်ဦးမှ ဦးဆောင်ထားသည့် အုပ်စုတစ်ခု ရှိနေခဲ့သည်။ ထိုလူငယ်လေး၏ပုံစံမှာ သာမန်ဟုပင် ထင်ရပါသော်လည်း ထိုပိန်းပါးသည့် လူငယ်လေး၏ တိုက်ပွဲစွမ်းရည်မှာ မည်မျှပင် ကြောက်မက်ဖွယ် ကောင်းလှကြောင်း ရင်းနှီးသူများမှ သိရှိနေခဲ့၏။
ထိုလူငယ်လေးမှာ မြောက်ပိုင်း နဂါးပင်လယ်ခန်းမမှ ဦးဆောင်ရန် စေလွှတ်ခဲ့သော ရွေးချယ်ခံတစ်ဦးဖြစ်ပြီး အလွန်သန်မာသူတစ်ဦး ဖြစ်သည်။
ဒုတိယထပ်ရှိ တွေ့ဆုံပွဲမှာ အင်အားကြီးကလန်ကြီးလေးခုမှ ရွေးချယ်ခံတပည့်များသာ ဖြစ်သဖြင့် ဤနေရာ၌ စုဝေးနေကြသော တပည့်များ၏ အဆင့်အတန်းမှာ သံသယရှိစရာ မလိုအောင်ပင် မြင့်မားလှ၏။
ထို့အပြင် တပည့်အုပ်စုလေးခုမှာ ထင်ရှားစွာပင် ကွဲပြားနေခဲ့ပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ ဆန့်ကျင်ဘက်အနေအထား၌ ရှိနေကြကာ လေထုမှာ တင်းမာနေခဲ့သည်။
ထိုသို့ ခက်ထန်နေကြသူများသည်ပင် ပထမထပ်၌ ရုတ်ရုတ်သဲသဲ ဖြစ်နေကြသဖြင့် အောက်သို့ အလျင်အမြန် ကြည့်မိလိုက်ကြ၏။
ထို့နောက် ဖန်းရင်မှ ခပ်ဖွဖွရီမောကာ စကားဆိုလိုက်လေသည်။ “ဟီးဟီး...ချင်းချန် နင်တို့ကန်ရွှမ်းကလန်က ဂျူနီယာမောင်တော်က သွေးဆူတက်တဲ့ပုံပဲ။ သူက တကယ်ကြီး ချင်ယုအတွက် ဖူကလန်က စူးသွမ့်နဲ့ မီးလျှံကျောက်အလောင်းအစား လုပ်မလို့လား”
လီချင်းချန်မှာလည်း ဇူယွမ်၏ပုံရိပ်အား ငေးကြည့်နေရင်းဖြင့် အနည်းငယ် အံ့အားသင့်သွားခဲ့ရ၏။
ကျောင်းဇူမှ မျက်မှောင်ကြုတ်ကာ အလိုမကျဟန်ဖြင့် ပြောလိုက်သည်။ “တော်တော်ပြဿနာရှာတတ်တဲ့ ကောင်လေးပဲ။ သူ့ဘာသာဆိုရင် ဘာပဲလုပ်လုပ် ကိစ္စမရှိပေမဲ့ အခုတော့ ငါတို့ကန်ရွှမ်းကလန်ကိုပါ သိက္ခာချဖို့ တွေးနေတာလား”
ကျောင်းဇူမှာ စကားပြောနရေင်းဖြင့် ဇူယွမ်အား သွား၍ဆွဲခေါ်လာရန် ချင်းဟိုင်အား အချက်ပြလိုက်၏။
လီချင်းချန်မှ တည်ငြိမ်စွာပင် တုံ့ပြန်လိုက်သည်။ “ဂျူနီယာမောင်တော်ကျောင်းဇူ ဒါကသူ့ကိစ္စနဲ့သူပါပဲ။ နင်ဝင်ပါစရာ မလိုဘူးထင်တယ် ဟုတ်တယ်မလား”
ကျောင်းဇူမှ မျက်ဝန်းများ ကျဉ်းမြောင်းသွားကာ ပြန်၍ပြောလိုက်၏။ “စီနီယာအစ်မတော်ချင်းချန် ဖူကလန်က ပိုင်ဆိုင်တဲ့ အကြီးမားဆုံးစီးပွားရေးက မီးလျှံကျောက်အလောင်းအစားပဲ။ အဲဒါကြောင့် စူးသွမ့်ကလည်း ဒီနယ်ပယ်မှာ အတွေ့အကြုံများတဲ့သူတစ်ယောက် ဖြစ်နေပြီ။ ဟိုဂျူနီယာညီမတော်လေးရှေ့မှာ ဇူယွမ်ကို တမင်အရှက်ခွဲဖို့ ကြံစည်နေတယ်ဆိုတာ သိသာနေတာပဲလေ”
“ပြီးတော့ ဇူယွမ်ကလည်း ဆင်ခြင်တုံတရားလေး ဘာလေးတောင် မရှိတဲ့ပုံပဲ။ သူက ကန်ရွှမ်းကလန်က တပည့်ဖြစ်နေတာနဲ့ပဲ လူတိုင်းကသူ့ကို အောက်ကျို့မယ်လို့များ ထင်နေတာလားမသိဘူး”
လီချင်းချန်မှာ အလေးပင်မထားသောဟန်ဖြင့် စကားဆိုလိုက်သည်။ “ဒါကသူ့ရဲ့ရွေးချယ်မှုပဲလေ။ ရှုံးနိမ့်သွားရင်လည်း အရှက်ကွဲရမှာက သူကိုယ်တိုင်ပဲ။ ကန်ရွှမ်းကလန်ရဲ့ ဂုဏ်သိက္ခာက ဒီလိုအရေးမပါတဲ့ကိစ္စလောက်နဲ့ ကျဆင်းသွားစရာ အကြောင်းမရှိဘူး”
ကျောင်းဇူမှာ ခေတ္တမျှဆွံ့အသွားပြီးနောက် သက်ပြင်းချကာ ရေရွတ်လိုက်၏။ “အဲဒါဆိုလည်း ဘယ်လိုဖြစ်သွားတာမလဲဆိုတာပဲ စောင့်ကြည့်ကြတာပေါ့”
လီချင်းချန်၏ဘေးတွင်ရှိနေသော ပိုင်လီမှ တီတိုးစကားဆိုလိုက်သည်။ “ဒီကောင်လေးကြည့်ရတာ မိန်းကလေးတွေနဲ့ပတ်သက်ရင် တစ်ခုခုတော့ တစ်ခုခုပဲ။ ငါတို့ရောက်လာတာဖြင့် မကြာသေးဘူး။ အလှဆုံးကောင်မလေးနဲ့ တော်တော်လေး ရင်းနှီးနေပြီ”
ပိုင်လီမှာလည်း ဇူယွမ်အား အတော်ပင် စိတ်အလိုမကျ ဖြစ်နေရ၏။ ဇူယွမ်မှာ ကောင်းကင်တံဆိပ်ပြားအား အခမဲ့ရရှိနိုင်ရန်သာ လိုက်ပါလာသူဖြစ်သည့်အတွက် အနည်းဆုံး ကောင်းကောင်းမွန်မွန်တော့ နေထိုင်သင့်ပေသည်။ သို့သော်လည်း ဇူယွမ်မှာ အလှပန်းတစ်ရာနန်းတော်မှ မိန်းမလှလေးနှင့် သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းပင် ဖန်တီးလိုက်သေး၏။
“အစ်မတော်ကို ကျွန်မပြောမယ်နော်။ မစ်ရှင်မှာသာ ဇူယွမ်ဆိုးဆိုးဝါးဝါး လုပ်ဆောင်ခဲ့ရင် အကြီးအကဲတွေကို ကျွန်မအမှန်အတိုင်းပဲ ပြောပြမှာ”
လီချင်းချန်မှာ ပိုင်လီ၏စကားအား တုံ့ပြန်ခြင်းမပြုပဲ သက်ပြင်းသာ ချလိုက်မိသည်။ ဇူယွမ်အား ငေးကြည့်နေသော သူမ၏မျက်ဝန်းများတွင်လည်း စိတ်အလိုမကျသော အရိပ်အယောင်များ ပြည့်နှက်နေခဲ့၏။
ကောင်းကင်အဆင့်တာဝန်၌ ဇူယွမ်အား ခေါ်ဆောင်လာမိခြင်းမှာ အမှားတစ်ခုလားဟုပင် ထင်မှတ်နေမိသည်။
လီချင်းချန်၏အမြင်တွင်မူ ဇူယွမ်၏လုပ်ရပ်များမှာ အကြီးအကဲဝူမှ သေးနုပ်စွာဆက်ဆံခဲ့ခြင်းကြောင့် အရှက်ကွဲခံကာ ကလန်အား သိက္ခာချနေပုံနှင့်သာ တူနေ၏။
***
ပထမထပ်တွင်ရှိနေသော ဇူယွမ်မှာ အထပ်မြင့်ဆီမှ အာရုံစိုက်နေမှုများကို သတိပင်မထားမိခဲ့ချေ။ စူးသွမ့်မှ အဆောင်အယောင်အား လောင်းကြေးအဖြစ် သတ်မှတ်ပေးခဲ့သော အချိန်မှစ၍ အပြုံးပင် မရပ်နိုင်အောင် ဖြစ်နရေလေသည်။
“အဲဒီတော့ အစ်ကိုတော်စူးသွမ့်က ဘယ်လိုကစားချင်လဲ” ဇူယွမ်၏အမူအရာမှာ ပို၍ နွေးထွေးရင်းနှီးလာဟန် ရှိ၏။
စူးသွမ့်မှာ ဇူယွမ်အားကြည့်၍ပြုံးကာ အလောင်းအစားပြုလုပ်ရာနေရာသို့ ညွှန်ပြ၍ စကားဆိုလိုက်သည်။ “ငါတို့ ပုံမှန်သတ်မှတ်ထားတဲ့ စည်းမျဉ်းအတိုင်းပဲ လုပ်ရအောင်လေ။ တစ်ယောက်ကို ကျောက်တုံးငါးတုံးစီရွေးပြီး လူအုပ်ကြီးရဲ့ရှေ့မှာ ခွဲပြရမယ်။ သက်တမ်းရင့်အဆီအနှစ်ကို ပိုရတဲ့သူက နိုင်မယ်။ ဘယ်လိုသဘောရလဲ”
စူးသွမ့်မှာ ခေတ္တမျှတွေဝေသွားပြီးနောက် ကျိုးချူးချင်ယုအားကြည့်ကာ နွေးထွေးစွာပြုံး၍ စကားဆက်လိုက်၏။ “ထားလိုက်ပါတော့။ အဲဒီလိုဆိုရင် မင်းကိုငါက အနိုင်ကျင့်တယ်လို့ ပြောနေကြလိမ့်မယ်။ အဲဒါကြောင့် ငါက ကျောက်တုံးငါးတုံး ရွေးမယ်။ မင်းက ဆယ်တုံးရွေး ဟုတ်ပြီလား”
ဇူယွမ်မှာ ခပ်ဖွဖွရီမောကာ ငြင်းပယ်မည့်ဟန် ပြင်လုိက်စဉ်မှာပင် စူးသွမ့်မှ လက်များကိုဝှေ့ယမ်းကာ ပြောလိုက်သည်။ “ ဒါကိုအတည်ထားလိုက်တော့”
စူးသွမ့်မှာ ကျေနပ်အားရစွာ ရီမောလိုက်၏။ စူးသွမ့်သည် မည်သူမှ အငြင်းမပွားနိုင်သော အောင်ပွဲတစ်ခုအား ဖန်တီးရန် ကြံစည်နေခြင်းဖြစ်ပြီး ဇူယွမ့်ကိုပင် ငြင်းပယ်ခွင့် မပေးခဲ့ချေ။ ထို့အပြင် ကန်ရွှမ်းကလန်မှ တပည့်တစ်ဦးအား နင်းချေဖူးလိုသော စိတ်ဆန္ဒများလည်း ရှိနေခဲ့သည်။
စူးသွမ့်မှာ ဖူကလန်၏ ခေါင်းဆောင်ငယ်တစ်ဦး ဖြစ်ပါသော်လည်း ဘဝင်မြင့်တတ်သူတစ်ဦး မဟုတ်ပေ။ စူးသွမ့်မှာ မီးလျှံကျောက် အလောင်းအစား ပြုလုပ်ခြင်း၌ ဝါရင့်အတွေ့အကြုံရှိသူဖြစ်သဖြင့် ရှုံးနိမ့်နိုင်ခြင်းမရှိဟု ယုံကြည်ထား၍သာ ထိုသို့လောင်းခဲ့ခြင်း ဖြစ်၏။
စူးသွမ့်၏ အနီးတွင်ရှိနေသော မဟူရာမီးတောက်စီရင်စုမှ တပည့်များမှာ ကြိုတင်၍ပင် အောင်ပွဲခံနေကြပြီ ဖြစ်သည်။
သူတို့အားလုံးမှာ ကျိုးချူးချင်ယု၏ရှေ့၌ ဇူယွမ်ဆိုးရွားစွာ အရှက်တကွဲ ဖြစ်ရသည်ကို မြင်တွေ့လိုကြ၏။
ဇူယွမ်မှာ ကူကယ်ရာမဲ့စွာဖြင့် ရီမောလိုက်ပြီးနောက် ခေါင်းညိတ်ပြကာ တုံ့ပြန်လိုက်သည်။ “အစ်ကိုတော်စူးသွမ့်က သက်ညှာပေးနေမှတော့ ကျွန်တော်လည်း မငြင်းပယ်တော့ပါဘူး”
စူးသွမ့်မှာ ဖြည်းညင်းစွာ ရီမောလိုက်ပြီးနောက် အချိန်ဆွဲမနေတော့ပဲ လောင်းကစားပြုလုပ်ရာ နေရာသို့သွားကာ များစွာသော အနက်ရောင်ကျောက်တုံးများကို ကြည့်ရှုလိုက်၏။
ဇူယွမ်မှာ စူသွမ့်၏ယုံကြည်မှုရှိနေသော ပုံစံအား ငေးကြည့်နေရင်းဖြင့် ပြုံးယောင်သန်းသွားခဲ့သည်။
ဇူယွမ်မှာ အနက်ဖော်သူတော်စင်မှော်စာလုံးအား လျှို့ဝှက်စွာ လည်ပတ်စေလိုက်၏။ ထို့နောက် လောင်းကစားပြုလုပ်ရာနေရာမှ အနီရောင်မီးတောက်များအား မြင်တွေ့လိုက်ရလေတော့သည်။
ဇူယွမ်ခန့်မှန်းထားသည့်အတိုင်းပင် မီးလျှံကျောက်တုံးများမှာ စိတ်ဝိညာဉ်အား ဖုံးကွယ်ထားနိုင်သော်လည်း သူတော်စင်မှော်စာလုံးထံမှ ကွယ်ဝှက်နိုင်ခြင်း မရှိခဲ့ချေ။
မီးလျှံကျောက်များမှ ထွက်ပေါ်နေသော အရွယ်အမျိုးမျိုးရှိသည့် မီးတောက်များအား ဇူယွမ်မှ မြင်တွေ့နေရပြီပင် ဖြစ်၏။
ဇူယွမ်မှာ မီးတောက်များကိုကြည့်နေရင်း ခပ်ဖွဖွသာ ရီမောလိုက်မိသည်။
ဟဟ...မင်းမှာ အတွေ့အကြုံနဲ့ အရည်အချင်း ဘယ်လောက်ပဲရှိရှိ ငါ့ရဲ့လှည့်ကွက်တွေကိုတော့ ဘယ်တော့မှ မယှဉ်နိုင်ပါဘူး ...