- စုံစမ်းခြင်း
Vol. 179 Ch. 2552
ဝမ်ထန်က ရီဖူရှင်းကို သူနေထိုင်ရာ နန်းတော်ဘေးရှိ တစ်ယောက်နန်းဆောင်လေးတွင် နေရာချထားပေးလိုက်၏။ ဝမ်ထန်၏အဆင့်နှင့်ဆိုလျှင် သူသည် မြို့သခင်ရုံးတော်၏ ထိပ်သီးတစ်ဦးဖြစ်နေပေပြီ။ သူသည် အဖွဲ့ခွဲတစ်ခု၏ ခေါင်းဆောင်ဖြစ်သည်။ သူ့တွင် သူ၏တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင်ရှိသည့် ကိုယ်ပိုင်နန်းဆောင်များရှိသည်။
ရီဖူရှင်းမှာ မြို့သခင်ရုံးတော်သို့လာရန် သူ၏ဖိတ်ကြားခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ အကယ်၍ ရီဖူရှင်းသာ နောက်ပိုင်းတွင် မြို့သခင်ရုံးတော်သို့ဝင်ရန် လက်ခံခဲ့ပြီး ဧည့်သည်ကျင့်ကြံသူတစ်ဦးဖြစ်လာပါက သူသည် ဝမ်ထန်၏အဖွဲ့မှဖြစ်သည်ဟု သတ်မှတ်ခံရပေမည်။
ရီဖူရှင်းကိုပေးထားသော နေရာသည် အတော်လေးကျယ်ဝန်း၏။ ထိုနေရာတွင် ကိုယ်ပိုင်ကျင့်ကြံရန်နေရာလည်းရှိပြီး သူ့အတွက် နေ့စဉ်အမှုကိစ္စများ ကူညီလုပ်ကိုင်ပေးသော အမျိုးသမီးအစေခံများလည်း ရှိသည်။ ထိုဧည့်ခံမှုသည် အလွန်ရက်ရောသောဧည့်ခံမှုဟု ဆိုနိုင်၏။ ရီဖူရှင်းသည် ကပ်ဘေးအဆင့်ကျင့်ကြံသူမဟုတ်သေးသော်လည်း ထိပ်တန်းရန်ဟောင်အဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သည်။ သူက ဖေးယောင်ကို လှံချက်တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်ခဲ့၏။
ထိုကဲ့သို့ အစွမ်းကြီးသော ပါရမီရှင်တစ်ဦးကို မည်သည့်နည်းနှင့်မဆို ရအောင်စည်းရုံးသိမ်းသွင်းရပေမည်။ အကယ်၍ သူသာ ရီဖူရှင်းကို အသုံးချနိုင်ခဲ့ပါက အကောင်းဆုံးဖြစ်ပေလိမ့်မည်ဟု ဝမ်ထန်တွေးထားသည်။
ဝမ်ထန်သည် ရီဖူရှင်းအတွက် ပြင်ဆင်စရာရှိသည်အားလုံးကို ပြင်ဆင်ပေးပြီးသွားသောအခါ လိုအပ်သည်ရှိလျှင် သူ့ကိုပြောရန် ရီဖူရှင်းအားမှာခဲ့၍ ထွက်သွား၏။
ထိုကြီးမားသောနန်းဆောင်သည် အတော်လေးလူသူကင်းရှင်းနေ၏။ ထိုနေရာတွင် ရီဖူရှင်းနှင့် အမျိုးသမီးအစေခံနှစ်ဦးသာရှိသည်။
ထိုအမျိုးသမီးအစေခံနှစ်ဦး၏ ကျင့်ကြံခြင်းအဆင့်သည်လည်း မနိမ့်ပေ။ ထို့အပြင် သူမတို့သည် ရုပ်ရည်ချောမောကာ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ရှိသည်။ ရှေးဟောင်းနတ်ဘုရားကလန်တစ်ခုတွင် အစေခံများသည်ပင် အမြင့်ဆုံးအဆင့်တွင် ရှိကြ၏။
ရီဖူရှင်းသည် ထိုအစေခံနှစ်ဦးကကြည့်လိုက်ရာ သူမတို့သည် ဦးညွှတ်၍ သူ့ကိုမေးလိုက်၏။
“ဘာအလိုရှိလို့ပါလဲ သခင်လေး...”
“ဘာမှမဟုတ်ပါဘူး... ငါ ခဏလောက်ကျင့်ကြံလိုက်ဦးမယ်... မင်းတို့ ကြိုက်တာသွားလုပ်နေလို့ရပါတယ်။ ငါ ကျင့်ကြံနေတဲ့အချိန်မှာသာ မနှောင့်ယှက်နဲ့”
ရီဖူရှင်းက ပြောလိုက်၏။
“ဟုတ်ကဲ့ပါ...”
အမျိုးသမီးအစေခံနှစ်ဦးသည် ထပ်မံဦးညွှတ်လိုက်၏။ သူမတို့သည် မည်သို့မှဆက်မပြောတော့ဘဲ တိတ်တဆိတ်ထွက်ခွာသွား၏။ ဝမ်ထန်၏ဧည့်သည်များသည် သာမန်လူများမဟုတ်ကြောင်း သူမတို့သိ၏။ သူမတို့လုပ်ရမည်မှာ သူ၏အမိန့်များကို စောင့်နေရုံသာဖြစ်သည်။
ထိုနှစ်ယောက်ထွက်ခွာသွားသောအခါ ရီဖူရှင်းသည် ပင်မခန်းမအတွင်းရှိ ကျင့်ကြံရာနေရာသို့ သွားလိုက်သည်။ သူသည် နတ်အာရုံကိုသုံး၍ သူ၏ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်ပြီးနောက် သူ၏လုံခြုံရေးကို စိတ်ချရစေရန် ချိပ်စည်းအကာအရံတစ်ခု ဖန်တီးလိုက်၏။ ထို့နောက် သူသည် မှန်တစ်ချပ်ကိုထုတ်လိုက်၏။ ထိုမှန်ထဲတွင် ရှီးချီယောင်၏ပုံရိပ်ထွက်ပေါ်လာလေသည်။
“ရှင် ထျန်းယန်မြို့ကို ရောက်နေပြီလား”
ရှီးချီယောင်က မှန်ထဲမှနေ၍ ရီဖူရှင်းကိုကြည့်ကာ မေးလိုက်သည်။ သူက ထျန်းယန်မြို့သို့သွားမည်ဖြစ်ကြောင်း ယခင်က သူမကို ပြောပြခဲ့ဖူး၏။
“အင်း... ကျုပ် အခု ထျန်းယန်မြို့ကို ရောက်နေပြီ”
ရီဖူရှင်းက ခေါင်းညိတ်ပြလိုက်သည်။
“ကျွန်မလည်း ထျန်းယန်မြို့မှာပဲ... ကျွန်မ ရှင့်အကြောင်းတစ်ခုမှ မကြားရသေးပါလား။ ရှင် နာမည်တုတစ်ခုကိုသုံးထားတာမလား...”
ရှီးချီယောင်က မေးလိုက်၏။ ရီဖူရှင်းဟူသောအမည်သည် ထိလွယ်ရှလွယ်သောအမည်ဖြစ်သည်။ သူသာ ရီဖူရှင်းအဖြစ် ပေါ်ပေါ်ထင်ထင်ရောက်လာလျှင် ပွဲဆူသွားမည်မှာ သေချာပေါက်ပင်။ ထို့အပြင် သူရောက်လာသည်ကို ထျန်းယန်မြို့ထဲမှ လူတိုင်းသိရှိနေမည်ဖြစ်သည်။
“ကျုပ်က မြို့သခင်ရုံးတော်မှာ”
ရီဖူရှင်းက ပြန်ဖြေလိုက်သည်။
ရှီးချီယောင်က ရီဖူရှင်း၏စကားကိုကြားသောအခါ သူမ၏လှပသောမျက်လုံးလေးများထဲတွင် စိတ်ဝင်စားသောအရိပ်အယောင်များ ပေါ်လာလေသည်။ မြို့သခင်ရုံးတော် ဆိုသလော။
“ရှင်က တော်တော်လေး အတင့်ရဲတာပဲ”
ရှီးချီယောင်က ရီဖူရှင်းကို ပြုံးလျှက်ကြည့်လိုက်ပြီး စိတ်ဝင်တစားမေးလိုက်၏။
“အထဲကို ဘယ်လိုလုပ်ပြီး ဝင်နိုင်သွားတာလဲ”
“နံပါတ်(၁၃)အဖွဲ့...”
ရီဖူရှင်းက ပြောလိုက်၏။
“ရှင်က ငွေလှံချန်ခုန်းလား”
ရှီးချီယောင်၏ လှပသောမျက်ဝန်းလေးထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်နေသည်။ သူမက ပြုံးလျှက် ပြောလိုက်၏။
“ဒီလိုစွမ်းအားကြီးတဲ့သူတစ်ယောက်က ထျန်းယန်မြို့ကို ဘယ်ကမှန်းမသိရောက်လာပြီး ယွမ်ရှစ်နန်းတော်က ဖေးယောင်ကို တစ်ချက်တည်းနဲ့ အနိုင်ယူသွားလို့ ကျွန်မတောင် အံ့အားသင့်နေတာ။ ဒါပေမဲ့ အဲဒီလူက ရှင်ဖြစ်နေတာကိုး”
ရှီးချီယောင်သည်လည်း နံပါတ်(၁၃)အဖွဲ့တွင် ဖြစ်ပျက်ခဲ့သည်ကို ကြားပြီးဖြစ်ကြောင်း ထင်ရှားလေသည်။ သို့သော် ငွေလှံချန်ခုန်းသည် ရီဖူရှင်းဖြစ်ရမည်ဟု သူမပင် ဆက်စပ်မတွေးမိခဲ့ပေ။ ပေါ်ထွက်လာသော စွမ်းအားကြီးကျင့်ကြံသူတိုင်းသည် ရီဖူရှင်းနှင့် မသက်ဆိုင်သည် မဟုတ်ပါလော။
“အဲဒါ ကျုပ်ပါပဲ...”
ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။
“နတ်မိမယ်ဆီမှာ ဘာသတင်းတွေများရှိသေးလဲ”
“အသုံးဝင်တဲ့သတင်းတစ်ခုမှမရှိဘူး... ဒါပေမဲ့ ဒီတစ်ခေါက် အင်အားစုတွေ ပိုများများ ရောက်လာတယ်လို့ ကျွန်မထင်တယ်။ မင်းသမီးနဲ့ လှံအင်ပါယာတုယူတို့လည်း ဒွန်ဟောင်အင်ပါယာနန်းတော် ကိုယ်စားပြုအနေနဲ့ ဒီကိုလာမယ်ကြားတယ်။ အဲဒါကြောင့်လည်း အင်အားစုတွေ ပိုရောက်လာတာဖြစ်ရမယ်”
ရှီးချီယောင်က ပြောလိုက်၏။
“အင်း...”
ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။
“ဘာအကြံပေးချင်တာရှိသေးလဲ”
ရှီးချီယောင်သည် အမျိုးသမီးတစ်ဦးဖြစ်သော်လည်း သူမသည် အလွန်ဉာဏ်ရည်ထက်မြက်၏။ ရီဖူရှင်းသည် သူမနှင့် ပြောဆိုဆက်ဆံရာမှနေ၍ သူမသည် ဉာဏ်ထက်မြက်သူဖြစ်ကြောင်း သိခဲ့ခြင်းပေ။ ထို့ကြောင့် သူသည် ရှီးချီယောင်၏အမြင်ကို သိလိုနေခြင်းဖြစ်သည်။
ရှီးချီယောင်က ရီဖူရှင်း၏စကားများကို ကြားလိုက်သောအခါ အတွေးနက်နေဟန်ပေါ်သွားသည်။
“ရှင့်ကို ချပ်ဝတ်လက်နက်ပြုလုပ်တဲ့ လုပ်ငန်းစဉ်ကို ကြည့်ရှုလေ့လာခွင့်ပြုဖို့ ဝမ်ထန်ကိုတောင်းဆိုပြီး မြို့သခင်ရုံးတော်ကို ဘယ်သူတွေရောက်လာလဲဆိုတာ စုံစမ်းပေါ့။ ပြီးတော့ တစ်ခါတည်းပဲ မြို့သခင်ရုံးတော်ရဲ့ ရပ်တည်ချက်ကဘာလဲဆိုတာလည်း စုံစမ်းလေ့လာပေါ့... သူတို့က စီဝေ့ကြယ်ကောင်းကင်ကို တိုက်ခိုက်မှာလား၊ မတိုက်ခိုက်ဘူးလားဆိုတာပေါ့... တကယ်လို့ ဝမ်မိသားစုမှာ အဲဒီလိုအကြံမရှိဘူးဆိုရင် ရှင်လည်း တိတ်တဆိတ်ပဲနေပြီး အရိပ်ထဲကပဲ စောင့်ကြည့်နေပေါ့။ တကယ်လို့ ဝမ်မိသားစုက စီဝေ့ကြယ်ကောင်းကင်ကို တိုက်ဖို့သဘောတူလောက်တယ်လို့ ရှင်ထင်ရင် တိုက်ပွဲဖြစ်ဖို့ကတော့ သေချာနေပြီပဲလေ...”
“ဒုတိယတစ်ခုသာ ဖြစ်ခဲ့မယ်ဆိုရင် တိုက်ပွဲဖြစ်ဖို့ကသေချာနေပြီဆိုတော့ ရှင့်ဘက်က လက်ဦးမှုရအောင် လုပ်ရမှာပေါ့။ အဲဒီကိစ္စမှာ ဘယ်သူတွေပါလဲဆိုတာ စုံစမ်းပြီး သူတို့ကိုဖျက်ဆီးဖို့ လက်ဦးမှုယူပြီး တိုက်ရမှာပေါ့။ ပြီးတော့ ရှင့်မှာသာအခွင့်အရေးရှိရင် ထျန်းယန်မြို့က ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲကို ပျက်သွားအောင် လုပ်လိုက်ပေါ့။ တကယ်လို့ သူတို့သာ မဟာမိတ်ဖွဲ့ဖို့ သဘောတူပြီးသားဆိုရင် ဒီတစ်ခေါက် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲမှာ အဲဒီကိစ္စကို ကြောညာလောက်တယ်... ဒီတော့ အဲဒီပွဲကို ပျက်အောင်လုပ်မှရမယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ဖို့က လွယ်မှာတော့မဟုတ်ဘူး။ အဲဒါက ရှင်ဘယ်သူဆိုတာ ပေါ်သွားစေလိမ့်မယ်... အဲဒီလိုဆို ရှင့်အတွက် တော်တော်လေးအန္တရာယ်များသွားလိမ့်မယ်”
ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။ ထျန်းယန်မြို့သည် ထိုကိစ္စတွင် မည်သို့ဆုံးဖြတ်မည်ကို စုံးစမ်းရန် အလွန်အရေးကြီး၏။ အကယ်၍ မြို့သခင်ရုံးတော်သာ စီဝေ့ကြယ်ကောင်းကင်ကို အချိန်အတိုင်းအတာတစ်ခုအထိ ကျူးကျော်တိုက်ခိုက်ရန် စိတ်ကူးမရှိပါက သူသည် ထျန်းယန်မြို့နှင့်စာရင်းရှင်းရန် စောင့်ဆိုင်းနေနိုင်၏။ သို့သော် မြို့သခင်ရုံးတော်သည် တိုက်ခိုက်ရန်အတွေးရှိနေလျှင် စစ်ပွဲသည် ရှောင်လွှဲ၍မရနိုင်တော့ချေ။ သူသာ သူတို့ကိုဖိနှိပ်၍ စိတ်ဓာတ်ကျအောင်လုပ်နိုင်ခဲ့လျှင် အကောင်းဆုံးဖြစ်ပေမည်။ သို့သော် သူသည် ထိုရည်မှန်းချက်အထမြောက်စေရန် လှုပ်ရှားဆောင်ရွက်ရပေမည်။ ရှီးချီယောင်သည်လည်း ထိုအကြောင်းကို နားလည်၏။ ထို့ကြောင့် သူမသည် ထိုသို့ဖြစ်လာလျှင် ရီဖူရှင်း မည်သူမည်ဝါဆိုသည့်အကြောင်း ပေါ်သွားနိုင်ပြီး သူ့အတွက်အန္တရာယ်များနိုင်သည်ဟု ပြောခဲ့ခြင်းဖြစ်၏။
“နားလည်ပြီ...”
ရီဖူရှင်းက ပြောလိုက်၏။
“အင်း... ဂရုစိုက်ပါ။ နောက်ထပ်သတင်းတွေရရင် ကျွန်မ ရှင့်ကို လှမ်းပြောပါတယ်”
ရှီးချီယောင်က ပြောလိုက်၏။
“ကျေးဇူးပဲ”
ရီဖူရှင်းက ပြန်ပြောလိုက်၏။ ထို့နောက် သူသည် မှန်ကိုပြန်သိမ်းဆည်းလိုက်ပြီး ချိပ်စည်းကို ဖယ်ရှားလိုက်သည်။ ရီဖူရှင်းသည် ထိုနေရာတွင်ထိုင်ကာ မျက်လုံးမှိတ်၍ အတွေးနက်နေလေသည်။
မဟာအင်ပါယာအဆင့်လက်နက်သည် မည်မျှအစွမ်းကြီးသနည်း။ ထိုလက်နက်သည် စီဝေ့ကြယ်ကောင်းကင်တစ်ခွင်လုံးကို လှုပ်ခတ်သွားနိုင်စေမည်လော။
မြို့သခင်ရုံးတော်ထဲတွင် ပြီးပြည့်စုံသော မဟာအင်ပါယာအဆင့်လက်နက်များရှိသည်။ ပြီးပြည့်စုံသော မဟာအင်ပါယာအဆင့်လက်နက်များဆိုသည်မှာ မဟာအင်ပါယာအဆင့်လက်နက်များထဲတွင် မဟာအင်ပါယာ၏ဝိညာဉ်စွမ်းအားကို ပေါင်းစည်းထည့်သွင်းထားသော လက်နက်များကို ဆိုလိုခြင်းပင်။ ထိုကဲ့သို့သော လက်နက်မျိုးကို မည်သို့ဖော်ပြရမည်နည်း။ သူပိုင်ဆိုင်ခဲ့သော တမ်းတခြင်းကု့ချင်းတွင် မဟာအင်ပါယာ၏ဝိညာဉ်အနည်းငယ်မျှသာ ပါဝင်၏။ သို့သော် ထိုကု့ချင်းသည်ပင် မဟာအင်ပါယာအဆင့်ရှိသည်။ ထိုကု့ချင်းသည် မဟာအင်ပါယာအသုံးပြုခဲ့သော ကု့ချင်းမျှသာဖြစ်သည်။
မဟာအင်ပါယာရှန်ကျား၏ နတ်ခန္ဓာသည်သာ မဟာအင်ပါယာအဆင့်လက်နက်များနှင့် ယှဉ်နိုင်သော အရာတစ်ခုဖြစ်သည်ဟု သတ်မှတ်နိုင်၏။ သို့သော် မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာတွင် မဟာအင်ပါယာရှန်ကျား၏ ဝိညာဉ်စွမ်းအားမရှိပေ။
ပြီးပြည့်စုံသော မဟာအင်ပါယာအဆင့်လက်နက်တစ်ခုသည် မဟာအင်ပါယာရှန်ကျားနတ်ခန္ဓာထဲတွင် မဟာအင်ပါယာရှန်ကျား၏ဝိညာဉ်စွမ်းအားကို ထည့်ထားသည်နှင့် ဆင်တူ၏။ ထိုကဲ့သို့သော အဖျက်စွမ်းအားမျိုးသာ ပေါက်ကွဲသွားလျှင် မည်မျှ စွမ်းအားကြီးမည်နည်း။ ရီဖူရှင်းသည် ထိုအကြောင်းကို တွေးပင်တွေးမကြည့်ဝံ့ပေ။
လွန်ခဲ့သောနှစ်များစွာက သူသည် မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာကို အသုံးပြု၍ ကပ်ဘေးအဆင့်ကျင့်ကြံသူများကို သတ်ခဲ့၏။ အကယ်၍ ယခုတွင် သူ့ထံ၌ မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာရှိသေးပါက သူ့ကိုတိုက်ခိုက်နိုင်သည့် မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်ဘေးကို ကျော်လွှားနိုင်ခဲ့သည့် ကျင့်ကြံသူ များစွာရှိမည်မဟုတ်ပေ။
ထို့ကြောင့် ရီဖူရှင်းသည် လွန်စွာသတိထားနေခြင်းဖြစ်သည်။
ရီဖူရှင်းသည် ထိုကိစ္စကို များစွာတွေးမနေတော့ဘဲ စတင်ကျင့်ကြံလိုက်၏။
နောက်တစ်ရက်နံနက်ခင်းတွင် ဝမ်ထန်သည် ထိုနန်းဆောင်သို့ ကိုယ်တိုင်လာ၍ ရီဖူရှင်းကိုလာတွေ့ခဲ့သည်။
“ချန်ခုန်း... ဒီမှာနေရထိုင်ရတာ အဆင်ပြေရဲ့လား”
ဝမ်ထန်က ပြုံးလျှက်မေးလိုက်သည်။ သူ၏ဟန်ပန်အမူအရာမှာ ခံ့ညား၏။
“ဒီနေရာက ကျင့်ကြံဖို့အတွက် အတော်လေးသင့်တော်တယ်”
ရီဖူရှင်းက ပြန်ဖြေလိုက်သည်။
“ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲက စတော့မယ်... ငါလည်း တစ်လောကလုံးက ကျင့်ကြံသူတွေကို ဧည့်ခံနေရတာနဲ့ အတော်လေးအလုပ်များနေတယ်။ အဲဒါကြောင့် မနေ့တုန်းက မင်းကို လာမတွေ့နိုင်ခဲ့တာ။ ဒီနေ့ ငါနည်းနည်းအားတယ်... အဲဒါကြောင့် ငါမင်းကို မြို့သခင်ရုံးတော်ထဲ လှည့်ပတ်ပြမလားလို့.. ဘယ်လိုလဲ”
ဝမ်ထန်က ပြောလိုက်၏။
“အရမ်းကောင်းတာပေါ့”
ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။ သူသည် ထိုသို့တောင်းဆိုရန်ကြံနေစဉ်မှာပင် ဝမ်ထန်ကိုယ်တိုင်က အကြံပြုလာသည်ဖြစ်၍ သူ့ကိုတောင်းဆိုရသက်သာသွားစေ၏။
“ကြွပါ...”
ဝမ်ထန်ပြောလိုက်၏။ ထို့နောက် သူတို့သည် အပြင်သို့ လျှောက်သွားကြသည်။ ဘေးမှ ကျင့်ကြံသူများစွာသည် ရီဖူရှင်းကို ကြည့်နေကြသည်။ ဝမ်ထန်၏အဆင့်အတန်း၊ ကျင့်ကြံခြင်းအဆင့်နှင့် ရီဖူရှင်းကို ထိုကဲ့သို့ဆက်ဆံနေခြင်းသည် သူသည် ရီဖူရှင်းကို မည်မျှ အလေးထားကြောင်း ပေါ်လွင်စေ၏။ ဝမ်ထန်သည် သူ၏သဘောထားကို ဖော်ပြနေခြင်းဖြစ်သည်။
သူသည် ရီဖူရှင်းကို ထိုမျှတန်ဖိုးထားနေရခြင်းမှာ နံပါတ်(၁၃)အဖွဲ့တွင် ရီဖူရှင်းပြသခဲ့သော အထင်ကြီးဖွယ် လှံချက်နှစ်ချက်ကြောင့် ဖြစ်နိုင်၏။
ထျန်းယန်မြို့၏ မြို့သခင်ရုံးတော်မှ ဝမ်မိသားစုသည် ကောင်းကင်ဒေသရှိ ပထမဆုံး ချပ်ဝတ်လက်နက်ပြုလုပ်သည့် အင်အားကြီးမိသားစုတစ်စုဖြစ်၏။ ထို့အပြင် ထျန်းယန်မြို့၏ မြို့သခင်ရုံးတော်သည် ကောင်းကင်ဒေသတွင် အင်အားအကြီးဆုံး ချပ်ဝတ်လက်နက်ပြုလုပ်သည့်နေရာလည်းဖြစ်သည်။ အကယ်၍ ဝမ်ထန်သည် ရီဖူရှင်းကို မြို့သခင်ရုံးတော်သို့ လှည့်ပတ်ပြမည်ဆိုလျှင် ချပ်ဝတ်လက်နက်ပြုလုပ်သည့်နေရာများကို လှည့်ပတ်ပြသမည်သာဖြစ်သည်။
သူတို့သည် မြို့သခင်ရုံးတော်အတွင်းရှိ ချပ်ဝတ်လက်နက်ပြုလုပ်ရာ နန်းတော်တစ်ခုသို့ သွားလိုက်ကြသည်။ ထိုနန်းတော်ထဲတွင် ကျစ်ကျစ်တောက် ပူပြင်းနေပြီး မီးတောက်အခိုးအငွေ့များဖြင့် ပြည့်နှက်နေသည်။ ထိုနန်းတော်သည် မြေကြီးထဲမှ မီးဖိုကြီးတစ်ဖိုကဲ့သို့ဖြစ်ပြီး နန်းတော်တစ်ခုလုံး ရဲရဲတောက်နေလေသည်။
“အပူချိန်တစ်ခုတည်းနဲ့တင် ကြောက်ဖို့ကောင်းနေပြီ”
ရီဖူရှင်းသည် နန်းတော်ထဲတွင်ရပ်ရင်း ကျင့်ကြံခြင်းအစွမ်းအားနည်းသည့် ရန်ဟောင်တစ်ယောက်သာ ဤနေရာတွင်ရှိခဲ့ပါက မီလောင်ပြာကျသွားမည်ဟု တွေးလိုက်မိသည်။
လူများစွာသည် အလုပ်များနေကြသည်။ အချို့လူများသည် ကျိုထားသောသတ္တုရည်များကို ပုံစံခွက်ထဲသို့သွန်းလောင်းခြင်း၊ အချို့လူများသည် သတ္တုများကို ထုနှက်ခြင်း၊ အချို့သည် ကနုတ်ပုံများ ထွင်းခြင်းစသည်ဖြင့် တာဝန်ကိုယ်စီလုပ်ဆောင်နေကြသည်။ သတ္တုကိုထုရိုက်သံများကို အဆက်မပြတ်ကြားနေရ၏။ ထိုကျင့်ကြံသူများစွာသည် အပေါ်ပိုင်းဗလာကျင်းနှင့်ဖြစ်ပြီး ချွေးများတုတ်တုတ်ရွှဲနေလေသည်။
“သူတို့က လက်နက်တွေကိုပဲ လုပ်နေတယ်လို့ မထင်နဲ့။ ချုပ်ဝတ်လက်နက်ပြုလုပ်သူတွေအတွက် အဲဒါကလည်း ကျင့်ကြံနည်းတစ်မျိုးပဲ”
ဝမ်ထန်ပြောလိုက်၏။
“ဒါက မြို့သခင်ရုံးတော်မှာရှိတဲ့ အကြီးဆုံး ချပ်ဝတ်လက်နက်ပြုလုပ်တဲ့ နန်းတော်ပဲ။ ဒီနန်းတော်ထဲမှာ နေ့တိုင်း ချပ်ဝတ်လက်နက်ပြုလုပ်သူ (၁၀၈)ယောက် တစ်ပြိုင်တည်း ချပ်ဝတ်လက်နက်ပြုလုပ်နိုင်တယ်။ မြေအောက်ထဲက မဟာလမ်းစဉ်မီးတောက်တွေက မြို့သခင်ကိုယ်တိုင် စီစဉ်ထားတာပဲ”
သူတို့ ဒုတိယအထပ်သို့ရောက်သွားသောအခါ အောက်ရှိ ချပ်ဝတ်လက်နက်ပြုလုပ်နေသော လုပ်ငန်းစဉ်တစ်ခုလုံးကို မြင်နိုင်၏။ ထိုဒုတိယအထပ်တွင် သူတို့အပြင် တခြားကျင့်ကြံသူများလည်းရှိသည်။
ဝမ်ထန်က လူများစွာကို နှုတ်ဆက်လိုက်သည်။ အချို့လူများသည် ရီဖူရှင်းကိုကြည့်ကာ ပြုံးလျှက် မေးလိုက်သည်။
“ဒါက ငွေလှံချန်ခုန်းလား”
“ဟုတ်တယ်”
ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။
“ကျုပ်တို့ နံပါတ်(၁၃)အဖွဲ့က တိုက်ပွဲသတင်းကိုကြားပါတယ်။ ဒါပေမဲ့ ကံခေတော့ ကျုပ်တို့ အံ့အားသင့်လောက်တဲ့ လှံသိုင်းကို မမြင်ခဲ့ရဘူး”
ထိုလူများထဲမှ တစ်ယောက်က ပြုံးလျှက်ပြောလိုက်၏။ သူတို့သည်လည်း ဝမ်မိသားစုမှ လူများဖြစ်သည်။
“ဖေးယောင်ကို လှံချက်တစ်ချက်တည်းနဲ့ အနိုင်ယူလိုက်တာလား”
တခြားတစ်ယောက်က ရီဖူရှင်းကို စိုက်ကြည့်လျှက် မေးလိုက်သည်။
ထိုသူသည် သူ သိသောသူဖြစ်ကြောင်း ရီဖူရှင်း သတိပြုမိလိုက်သည်။ သူသည် ကျန်းရှေးဟောင်းနတ်ဘုရားကလန်မှ ကျင့်ကြံသူ ကျန်းချင်းဖုန်းဖြစ်ကာ သူနှင့် တစ်ကြိမ်တိုက်ခိုက်ခဲ့ဖူး၏။ ထိုအခိုက်တွင် သူ၏မျက်ဝန်းများသည် တိုက်ခိုက်လိုသောအရိပ်အယောင်များနှင့် ပြည့်နှက်နေသည်ဟု ထင်ရ၏။
ရီဖူရှင်းသည် တိုက်ခိုက်ရန် စိတ်မဝင်စားပေ။ သို့သော် သူသည် ထိုလူကို ပြန်၍ စိုက်ကြည့်ကာ သူ့ထံမှနေ၍ တိုက်ခိုက်လိုသည့်အငွေ့အသက်များပြန်ထုတ်ပြလိုက်ပြီး ထိုလူ၏စိန်ခေါ်မှုကို အဖြေပြန်ပေးလိုက်၏။
ဝမ်ထန်သည် ထိုအခြင်းအရာကို တိတ်တဆိတ်ကြည့်နေလေသည်။ ထို့နောက် သူသည် ပြုံးလျှက် ပြောလိုက်၏။
“တခြားနေရာတွေကို သွားလည်ကြတာပေါ့”
ထိုအခါမှသာ ရီဖူရှင်းသည် သူ၏အရှိန်အဝါကို ပြန်ရုတ်သိမ်းလိုက်ပြီး ဝမ်ထန်နှင့်အတူ ထွက်သွား၏။
သူတို့ ချပ်ဝတ်လက်နက်ပြုလုပ်ရာ နန်းတော်အတွင်းမှ ထွက်လာသောအခါ ရီဖူရှင်း မေးလိုက်သည်။
“အဲဒီလူက ဘယ်သူလဲ”
“ထိုက်ရှန့်ကုန်းမြေမှာရှိတဲ့ ကျန်းနတ်ဘုရားကလန်က ကျန်းချင်းဖုန်းပဲ... တော်တော်လေးသန်မာတယ်။ သူက မင်းနဲ့ တိုက်ခိုက်ချင်နေတယ်လို့ ငါထင်တယ်”
ဝမ်ထန်က ပြုံးလျှက် ပြောလိုက်၏။
“မင်းဆီမှာလည်း တော်တော်လေးအားကောင်းတဲ့ တိုက်ခိုက်လိုတဲ့အငွေ့အသက်ရှိတာကို ငါမြင်လိုက်တယ်... ကျန်းချင်းဖုန်းက မင်းကို အနိုင်ယူနိုင်လောက်လား”
“သူ အနိုင်မယူနိုင်ပါဘူး”
ရီဖူရှင်းက ဝင့်ဝါဟန်ဖြင့် အေးစက်စက်ဖြေလိုက်သည်။ ဝမ်ထန်က ရယ်မော၍ ပြောလိုက်၏။
“မင်းက တော်တော်လေး ရဲတင်းတာပဲ”
“မြို့သခင်ရုံးတော်မှာ ကောင်းကင်ဒေသက ဘယ်ထပ်သီးအင်အားစုတွေ ရောက်နေလဲ”
ရီဖူရှင်းသည် အခွင့်အရေးကိုအသုံးချ၍ မေးလိုက်သည်။ သူသည် ဆက်စပ်မှုမရှိဘဲ မေးခြင်းမဖြစ်စေရန် သူ၏တိုက်ခိုက်လိုစိတ်ကိုထုတ်ပြ၍ ထိုမေးခွန်းကိုမေးရန် လမ်းခင်းခဲ့ခြင်းပင်။
“အများကြီး ရောက်နေတာပဲ...”
ဝမ်ထန်ပြောလိုက်၏။
“နန်ထျန်းကုန်းမြေက ဟောင်ထျန်းကလန်၊ အကန့်အသတ်မဲ့ကုန်းမြေက အနန္တတောင်ကုန်း၊ နတ်ဘုရားမာန်ဟုန်တောင်ကုန်းနဲ့ ထိုက်ရှန့်ကုန်းမြေက ကျန်းရှေးဟောင်းနတ်ဘုရားကလန်တွေကို မင်းခုနကတွေ့ခဲ့ပြီးပြီပဲ။ ရှန်ကလန်တို့၊ နေမင်းနတ်တောင်ကုန်းတို့လို တခြားအင်အားစုတွေလည်းရှိသေးတယ်။ တုန်းဟွာကုန်းမြေနဲ့ အနောက်ပင်လယ်ကုန်းမြေက ကုန်းမြေသခင်အိမ်တော်တွေတောင် ရောက်နေကြတယ်”
ရီဖူရှင်းသည် တိတ်တဆိတ်နားထောင်နေသော်လည်း ရင်ထဲတွင် ကြိတ်၍ အေးစက်စက်ရယ်မောလိုက်သည်။ ထိုအင်အားစုများထဲမှ ရှန်ကလန်၊ နတ်ဘုရားမာန်ဟုန်တောင်ကုန်း၊ နေမင်းနတ်တောင်ကုန်း၊ အနောက်ပင်လယ်ကုန်းမြေနှင့် တုန်းဟွာကုန်းမြေတို့မှ ကုန်းမြေသခင်အိမ်တော်များကဲ့သို့ အင်အားစုများသည် သူနှင့်အတိတ်ကရန်ငြိုးများရှိခဲ့၏။ ထိုအင်အားစုများသည် သူသေသည်ကို အမြင်လိုဆုံး အင်အားစုများဖြစ်နိုင်၏။ ထို့ကြောင့် သူတို့သည် စီဝေ့ကြယ်ကောင်းကင်ကို တိုက်ခိုက်ရန် ထိုကဲ့သို့ တက်တက်ကြွကြွ လုပ်ဆောင်နေခြင်းဖြစ်ပေမည်။
“တခြားအင်အားစုတွေကရော... ဒီမှာ ဘာလို့ အဲဒီအင်အားစုတွေပဲ ရှိနေရတာလဲ”
ရီဖူရှင်း မေးလိုက်သည်။
“အင်အားစုတော်တော်များများက မြို့သခင်ရုံးတော်အပြင်ဘက် ထျန်းယန်မြို့ထဲမှာ တည်းခိုနေကြတယ်။ ခုနပြောတဲ့အင်အားစုတွေက တခြားကိစ္စတချို့ဆွေးနွေးဖို့ မြို့သခင်ရုံးတော်ကို တိုက်ရိုက်လာခဲ့ကြတာပဲ”
ဝမ်ထန်ပြန်ပြောလိုက်၏။
“ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲအကြောင်း ဆွေးနွေးဖို့လား”
ရီဖူရှင်း တမင်ပင် မေးလိုက်သည်။
“မဟုတ်ဘူး...”
ဝမ်ထန်သည် ပြုံးလျှက် ခေါင်းခါပြလိုက်သည်။
“မင်း နောက်ရက်ပိုင်းအတွင်း အဲဒီအကြောင်းကိုသိရမှာပါ”