← Chapters

ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲ

Vol. 179 Ch. 2553

ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲ

Vol. 179 Ch. 2553

ရီဖူရှင်းသည် ဝမ်ထန်နှင့်အတူ မြို့သခင်ရုံးတော်အတွင်း၌ နာရီအနည်းငယ်မျှ လှည့်ပတ်ကြည့်ပြီးနောက်တွင် သူနေထိုင်ရာနေရာသို့ ပြန်ခဲ့၏။ ထိုအချိန်အတွင်း၌ ဝမ်ထန်သည် မြို့သခင်ရုံး‌တော်၏ ကျင့်ကြံခြင်းဆိုင်ရာအရင်းအမြစ်များကို ပြသကာ ရီဖူရှင်းအား သူ၏လက်အောက်ငယ်သားအဖြစ် ပူးပေါင်းရန် စည်းရုံးသိမ်းသွင်းခဲ့သည်။

ဝမ်ထန်က သူ့ရှေ့မှလူမှာ ဝမ်မိသားစုနှင့် ရန်ငြိုးများရှိသဖြင့် ကျင့်ကြံရန်အတွက် မြို့သခင်ရုံးတော်သို့ မည်သည့်အခါမှ ဝင်မည်မဟုတ်ကြောင်းကို မသိပေ။

ထိုနာရီအနည်းငယ်အတွင်း၌ ရီဖူရှင်းသည် အဖြေအတိအကျမရခဲ့သော်လည်း သတင်းအချက်အလက်များစွာရရှိခဲ့ပြီး မြို့သခင်ရုံးတော်၏ ရပ်တည်ချက်ကို အရိပ်အမြွက်မျှ သိခဲ့ရလေသည်။

ဝမ်မိသားစုသည် ပွဲတော်ကိုအသုံးချ၍ ကောင်းကင်ဒေသတွင် ထျန်းယန်မြို့၏ ဂုဏ်သတင်းကို မြှင့်တင်လို၍ စီဝေ့ကြယ်ကောင်းကင်ကို တိုက်ခိုက်နိုင်ရန် အခွင့်အရေးဖန်တီးလိုနေခြင်းပင်။

ထိုသို့ဖြစ်နိုင်ချေသည် အလွန်မြင့်၍ ရီဖူရှင်းသည် အဆိုးဆုံးအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားရပေတော့မည်။

ရီဖူရှင်းသည် မှန်ကိုထုတ်လိုက်၏။ မှန်ထဲတွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ဤအကြိမ်တွင် ထိုသူသည် ရှီးချီယောင်မဟုတ်တော့ဘဲ သခင်ချန်ဖြစ်နေလေသည်။

“နန်းတော်သခင်...”

သခင်ချန်က ခေါ်လိုက်သည်။

“သခင်ချန်... ကောင်းကင်ဒေသက ရှန်ကလန်ရဲ့နယ်မြေကိုသွားပါ... ပြီးရင် အဲဒီမှာ နောက်ထပ်ညွှန်ကြားချက်တွေကို စောင့်နေပါ။ ပြီးတော့ စီဝေ့၊ ကောင်းကင်အာဏာစက်နဲ့ ဝမ်ရှန့်နန်းတော်တွေရဲ့ နန်းတော်သခင်တွေကိုလည်း နေမင်းနတ်တောင်ကုန်းတည်ရှိတဲ့ ဖူစန်းကုန်းမြေကို စေလွှတ်လိုက်ပါ။ သူတို့ကို အဲဒီမှာ ညွှန်ကြားချက်တွေကို စောင့်နေဖို့ ပြောလိုက်ပါ။ ပြီးရင် သခင်ချန်တို့က ရှန်ကလန်နဲ့ နေမင်းနတ်တောင်ကုန်းကို ဖျက်ဆီးပစ်ပြီး သူတို့ရဲ့ အရေးပါတဲ့ အဓိကအုပ်ချုပ်သူအရာရှိတွေကို စီဝေ့ကြယ်ကောင်းကင်ကို ပြန်ခေါ်ခဲ့ရမယ်။ သူတို့ကို အသက်ရှင်လျက် ခေါ်ခဲ့ရမယ်... အဲဒီကိစ္စ စပြီဆိုတာနဲ့ မြန်မြန်အဆုံးသတ်နိုင်အောင်လုပ်ရမယ်”

ရီဖူရှင်းက ပြောလိုက်၏။

“ကျုပ်ရဲ့ ညွှန်ကြားချက်မရမချင်း ဘာမှမလုပ်ပါနဲ့... ပြီးတော့ သခင်ချန်တို့ ဂရုစိုက်ရမယ်”

“ကောင်းပါပြီ...”

သခင်ချန် ခေါင်းညိတ်လိုက်၏။ သူသည် မေးခွန်းများ မေးမနေတော့ဘဲ အမိန့်ကိုသာနာခံလိုက်၏။

“အဲဒီလိုဆို သူတို့ကို သွားခိုင်းလိုက်တော့”

ရီဖူရှင်းက ပြောလိုက်၏။ ထို့နောက် သူသည် မှန်ကို ပြန်သိမ်းလိုက်သည်။ ထိုထိပ်သီးအင်အားစုနှစ်စုကို ဦးဆောင်နေသူများသည် ယခု မြို့သခင်ရုံးတော်သို့ရောက်နေကြောင်းကို သူ ဝမ်ထန်ဆီမှ သိခဲ့ရ၏။ ထို့အပြင် ထိုအင်အားစုနှစ်စုသည် သူနှင့်ရန်ငြိုးရန်စများ ရှိသည်။ သူတို့ တစ်ဖက်နှင့်တစ်ဖက် လွန်စွာမုန်းတီးနေခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။

ဝမ်ထန်၏ပြောပြချက်အရ ထိုအဓိကအင်အားစုကြီးနှစ်စုသည် မဟာမိတ်တစ်ဖွဲ့ ဖွဲ့လိုနေကြောင်း ထင်ရှား၏။ သို့ဆိုလျှင် မြို့သခင်ရုံးတော်က စီဝေ့ကြယ်ကောင်းကင်ကို တိုက်ခိုက်ရန် ကြေညာလိုက်သည်နှင့် သူသည် ထိုအင်အားစုများ၏ ဦးဆောင်သူများမရှိသည်ကို အခွင့်ကောင်းယူ၍ ရှေ့တန်းနှစ်နေရာရှိ သူ၏လူများကို လှုပ်ရှားရန် အမိန့်ပေးလိုက်မည်ဖြစ်သည်။

တခြားအင်အားစုများအတွက်မူ ၎င်းတို့ကို တိုက်ခိုက်ရန် လောလောဆယ်တွင် ရီဖူရှင်းထံ၌ နည်းလမ်းမရှိသေးပေ။ လက်ရှိတွင် စီဝေ့ကြယ်ကောင်းကင်သည် ထိုကဲ့သို့ နေရာအနှံ့ဖြန့်ကျက် တိုက်ခိုက်နိုင်သည့် အင်အားမျိုးမရှိ‌သေးပေ။ စီဝေ့ကြယ်ကောင်းကင်သည် တစ်ပြိုင်တည်း အင်အားစုနှစ်စုကိုသာ ကိုင်တွယ်နိုင်၏။

ရီဖူရှင်းသည် အရာအားလုံးအတွက် ပြင်ဆင်မှုများလုပ်ပြီးသောအခါ ဆက်၍တိတ်တဆိတ်ကျင့်ကြံလိုက်ပြီး သူနေထိုင်ရာနေရာမှ ထပ်ထွက်မသွားတော့ပေ။

ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲ စတင်တော့မည်ဖြစ်၍ အပြင်ဘက်တွင် ထျန်းယန်မြို့သည် ပို၍စည်ကားသက်ဝင်လာပြီး နေရာအနှံ့မှ လူများသည်လည်း တဖွဲဖွဲ ထပ်မံရောက်ရှိလာကြ၏။ ထိုရှေးဟောင်းမြို့ထဲတွင် ကျင့်ကြံသူအရေအတွက် မည်မျှရှိနေသည်ကိုပင် မသိနိုင်တော့ပေ။

ထိုအရာအားလုံးသည် ရီဖူရှင်းနှင့် မသက်ဆိုင်သလို ထင်ရလေသည်။ သူသည် မြို့သခင်ရုံးတော်အတွင်း၌နေကာ တိတ်တဆိတ်ကျင့်ကြံနေခဲ့သည်။ ဝမ်ထန်သည်လည်း သူ့ကို မနှောင့်ယှက်ခဲ့ပေ။ ဝမ်ထန်တွင် ပြင်ဆင်စရာကိစ္စများစွာရှိပြီး ယခုတွင် မြို့သခင်ရုံးတော်သို့ စွမ်းအားကြီးကျင့်ကြံသူများစွာ ရောက်ရှိလာရာ သူသည် ဧည့်သည်များကို ဧည့်ခံနေရလေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အချိန်နှစ်ရက်ကုန်ဆုံးသွား၏။

***

ကောင်းကင်ပြက္ခဒိန် နှစ်(၁၀,၁၀၀)ပြည့်နှစ်တွင် ထျန်းယန်မြို့သည် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲကို ကျင်းပ၍ ပွဲတော်ကြီးဆင်နွှဲခဲ့သည်။

ယနေ့တွင် ထျန်းယန်တစ်မြို့လည်းသည် အလွန်စည်ကားနေလေသည်။ လူသိန်းချီသည် မြို့ထဲရှိ လမ်းမများပေါ်တွင် စုဝေးနေခြင်းမဟုတ်ဘဲ မြို့သခင်ရုံးတော်က စီစဉ်ထားသည့် ချပ်ဝတ်လက်နက်ပြုလုပ်ရာနေရာ ပြိုင်ပွဲကွင်းကိုးကွင်းတွင် စုဝေးနေကြ၏။

မြို့သခင်ရုံးတော်အတွင်း၌ မိတ်ဆွေများ၊ ဧည့်သည်များသည် ပွဲတော်အတွက် စုဝေးနေကြသည်။ သူတို့အများစုသည် လောကအတွင်း ကျော်ကြားသူများဖြစ်ကြပြီး ကောင်းကင်ဒေသမှ ထိပ်သီးကျင့်ကြံသူများဖြစ်ကြလေသည်။ ထိုထိပ်သီးများသည် တစ်နေရာတည်းတွင် စုဝေးနေကြ၏။

ထျန်းယန်မြို့၏ ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲသည် ကောင်းကင်ဒေသရှိ ကြီးကျယ်အခမ်းနားဆုံးပွဲတော်များထဲမှ တစ်ခုဖြစ်သည်။ အရှင်ဒွန်ဟောင်ကိုယ်တိုင် ပွဲစီစဉ်၍ ကောင်းကင်ဒေသမှ အင်အားစုများကို စုဝေးခြင်းမဟုတ်လျှင် ထျန်းယန်မြို့၏ ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲ၏ကြီးကျယ်ခမ်းနားမှုကို ယှဉ်နိုင်သည့်ပွဲတော်များစွာမရှိပေ။

ကောင်းကင်ဒေသရှိ ထိပ်သီးအင်အားစုတစ်ဝက်ကျော်သည် ထျန်းယန်မြို့သို့ ရောက်ရှိနေကြသည်။ ကောင်းကင်ဒေသရှိ အင်အားစုအားလုံးသည် ထျန်းယန်မြို့ကို ထိုဂုဏ်အသရေပေးလိုနေကြ၏။

မြို့သခင်ရုံးတော်အတွင်းရှိ သိုင်းလေ့ကျင့်ကွင်းသည် မည်သည့်အဆောက်အဦးမှမရှိသော ကွင်းပြင်ကျယ်ကြီးဖြစ်သည်။ ထိုအခိုက်တွင် ယင်းကွင်းပြင်ကျယ်ကြီးပတ်ပတ်လည်တွင် ကျင့်ကြံသူများစွာပါဝင်သည့် လူပင်လယ်ကြီးတစ်ခု ရှိနေ၏။

ထိုကွင်းပြင်၏မြောက်ဘက်တွင် စင်မြင့်ကြီးတစ်ခုကို ကျောပေးထားသော လှေကားထစ်များစွာရှိသည်။ ထိုလှေကားများ၏ထိပ်တွင် ထျန်းယန်မြို့မှ ထိပ်သီးများစွာ ထိုင်နေကြ၏။ ထိုနေရာသည် အမြင့်ဆုံးနေရာဖြစ်သည်။

အရှေ့ဘက်နှင့် အနောက်ဘက်တွင် အနယ်နယ်၊ အရပ်ရပ်မှ ကျင့်ကြံသူများအတွက် ပွဲကြည့်စင်အရှည်ကြီးများရှိသည်။ သို့သော် မြို့သခင်ရုံးတော်အတွင်းရှိ ပွဲကိုကြည့်ရန် ထိပ်သီးအင်အားစုများကိုသာ ဖိတ်ကြားခြင်းဖြစ်၏။ ထို့အပြင် ထိုနေရာ၌ မြို့သခင်ရုံးတော်၏အုပ်ချုပ်မှုအောက်တွင်ရှိသော အင်အားစုများနှင့် သူတို့ဖိတ်ကြားထားသော တခြားဧည့်သည်အနည်းငယ်ရှိသည်။

ထိုသို့သုံးဘက်သုံးတန် ဝန်းရံထားသော အလယ်ရှိနေရာမှာမူ ကွင်းပြင်ကျယ်ကြီးဖြစ်သည်။ ထိုကွင်းပြင်ကျယ်ကြီးထဲတွင် စင်မြင့်ကိုးခုရှိပြီး ချပ်ဝတ်လက်နက်ပြုလုပ်ရန်အတွက် ၎င်းတို့ကို ပြင်ဆင်ထား၏။

တောင်ဘက်တွင်မူ မြို့သခင်ရုံးတော်အပြင်သို့ ဦးတည်နေသည့် ဖြောင့်ဖြူးသောလမ်းတစ်လမ်းရှိသည်။

ထိုနေရာ ပတ်ဝန်းကျင်တွင် လူအုပ်စီမံခန့်ခွဲရေးနှင့် စည်းကမ်းထိန်းသိမ်းရေးတို့ကိုလုပ်ဆောင်နေသော မြို့သခင်ရုံးတော်မှ ကျင့်ကြံသူများစွာရှိသည်။ ထိုပွဲတော်သည် ကြီးကျယ်ခမ်းနားပြီး သာမန်နန်းတော်များက ကျင်းပသော မည်သည့်ပွဲတော်ထက်မဆို ပို၍ခမ်းနားထည်ဝါ၏။

ထိုနေရာတွင် ကောင်းကင်ဒေသမှ ထိပ်သီးအင်အားစု အားလုံးနီးပါး စုဝေးနေကြ၏။

ထိုအချိန်တွင် မြောက်ဘက်ရှိ လှေကားထစ်များအထက်ရှိ နန်းတော်တစ်ခုမှနေ၍ လူတစ်စုထွက်လာ၏။ ထိုလူစုကို ဦးဆောင်လာသူမှာ ရွှေရောင်ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားပြီး လွန်စွာဩဇာအာဏာပြည့်ဝနေသည်။ သူ့နောက်မှလူများသည်လည်း ထိပ်သီးကျင့်ကြံသူများဖြစ်ကြသည်။

“မြို့သခင်ကို နှုတ်ခွန်းဆက်သပါတယ်”

ဘေးဘီဝဲယာမှ ကျင့်ကြံသူများသည် ထိုလူကို ဦးညွှတ်အရိုအသေပေးလိုက်၏။ သူတို့အားလုံးသည် မြို့သခင်ရုံးတော်မှ ကျင့်ကြံသူများဖြစ်သည်။ ထိုလူသည် ထျန်းယန်မြို့၏ မြို့သခင်ဖြစ်သည်။ သူ့မျက်လုံးများသည် ရွှေရောင်ဟုထင်ရပြီး သူ့တစ်ကိုယ်လုံးသည် အဆုံးမဲ့စွမ်းအင်များနှင့် ပြည့်နှက်နေသည်ဟု ထင်ရ၏။ သူသည် အားမာန်တက်ကြွသူဟု ထင်ရ၏။

သူရှေ့သို့ လျှောက်လှမ်းလာရာ လူအားလုံးသည် သူအဓိကထိုင်ခုံဆီသို့ ရောက်ရှိသွားသည်အထိ သူ့အတွက်လမ်းဖယ်ပေးလိုက်ကြသည်။ ထို့နောက်တွင် သူသည် ပတ်ပတ်လည်ရှိ လူအားလုံးကို ဝေ့ဝဲကြည့်ရှုလိုက်၏။

လူများစွာက ထရပ်ကာ ပြောလိုက်၏။

“မြို့သခင်ကို နှုတ်ခွန်းဆက်သပါတယ်”

ထျန်းယန်မြို့သခင်သည် လက်နှစ်ဖက်ဆုပ်၍ လူအုပ်ကို နှုတ်ဆက်လိုက်ကာ ပြောလိုက်၏။

“အားလုံးက ကျုပ်တို့ရဲ့ထျန်းယန်မြို့မှာ ကျင်းပတဲ့ ပွဲတော်မှာပါဝင်ဆင်နွှဲဖို့ အဝေးကလာခဲ့ကြရတာပါ... အားလုံးအခုလို ကြွရောက်လာတဲ့အတွက် ဝမ်မိသားစုက အရမ်းကျေးဇူးတင်ပါတယ်။ အားလုံးပဲ ထိုင်ကြပါ...”

အင်အားစုအသီးသီးမှ ကျင့်ကြံသူများသည် ပြောသည့်အတိုင်း ထိုင်လိုက်ကြသည်။

မြို့သခင်ရုံးတော်အထက် ကောင်းကင်ထက်တစ်နေရာစီတွင် မှန်ကိုးချပ် ရုတ်တရက်ထွက်ပေါ်လာသည်။ မှန်ကိုးချပ်မှ တစ်ချပ်ချင်းစီသည် စင်မြင့်ကိုးခု အထက်တွင် အသီးသီးရှိနေကြသည်။ ရုတ်တရက် ထိုမှန်များထဲတွင် ပုံရိပ်များထွက်ပေါ်လာသည်။ ထိုပုံရိပ်များသည် စင်မြင့်ကိုးခု‌ပေါ်တွင် ဖြစ်ပျက်နေသည်များကို ရောင်ပြန်ဟပ်နေခြင်းပင်။ ထိုရောင်ပြန်ဟပ်နေသော စင်မြင့်ကိုးခုသည် မြို့သခင်ရုံးတော်အတွင်းမှ စင်မြင့်များမဟုတ်ဘဲ ထျန်းယန်မြို့အတွင်းရှိ အဓိက ချပ်ဝတ်လက်နက်ပြုလုပ်ရာနေရာ ပြိုင်ပွဲကွင်းကိုးကွင်းမှ စင်မြင့်များဖြစ်ပြီး ထိုနေရာတိုင်းတွင် လူများဖြင့် ပြည့်နှက်နေကာ လူအားလုံးသည် စိတ်လှုပ်ရှားနေကြသည်။ ထိုအရာအားလုံးသည် မှန်ထဲတွင် ရောင်ပြန်ဟပ်နေ၏။

တစ်ချိန်တည်းမှာပင် ထျန်းယန်မြို့အထက်ရှိ ကောင်းကင်ပေါ်တွင် ထူးဆန်းသောအရှိန်အဝါတစ်ခု ထွက်ပေါ်လာလေသည်။ ကောင်းကင်ထက်တွင် မှန်တစ်ချပ်သည် ကောင်းကင်မှ တွဲလောင်းချိတ်ဆွဲထားသကဲ့သို့ ဟင်းလင်းပြင်အလယ်တွင် ထွက်ပေါ်လာသည်။

ထိုမှန်သည် ထျန်းယန်မြို့အထက်ရှိ ကောင်းကင်ပေါ်တွင် တွဲလောင်းချိတ်ဆွဲထားသကဲ့သို့ပင်။ အောက်မှလူများသည် ထိုမှန်ကိုကြည့်လိုက်လျှင် မြို့သခင်ရုံးတော်အတွင်း၌ ဖြစ်ပျက်နေသည့်အရာအားလုံးကို မြင်နိုင်၏။ ထိုကြီးကျယ်ခမ်းနားသော မှန်ကြီးထဲတွင် ပွဲတော်သို့ တက်ရောက်သော ထိပ်သီးများအားလုံးကို မြင်ရလေသည်။

မြို့သခင်ရုံးတော်အတွင်းမှ ပြိုင်ပွဲစင်မြင့်များနှင့် မြို့အတွင်းရှိ ချပ်ဝတ်လက်နက်ပြုလုပ်ရန်ပြင်ဆင်ထားသော ပြိုင်ပွဲကွင်းကိုးကွင်းတို့ကို ထိုမှန်ထဲတွင် မြင်နိုင်၏။ မြို့သခင်ရုံးတော်၏ အတွင်းရော၊ အပြင်ကိုပါ မြင်နိုင်သည်ဖြစ်ရာ ထိုကြီးကျယ်ခမ်းနားသောပွဲကို အားလုံးအတူတကွကြည့်နိုင်၏။

ထျန်းယန်မြို့ထဲရှိ လူအုပ်များသည် လွန်စွာတက်ကြွနေပြီး မြို့သခင်ရုံးတော်အတွင်းရှိ ထိုင်စရာစင်မြင့်ထက်တွင် ထိုင်နေသော လူများကိုကြည့်၍ ထိုသူများသည်မည်သူများဖြစ်သည်၊ မည်သည့်နေရာမှလာသည်၊ ထိပ်သီးမည်မျှရောက်လာသည်၊ ကျင့်ကြံခြင်းလောကတွင် မည်သူက မည်သူဖြစ်သည်တို့ကို ဆွေးနွေးပြောဆိုနေကြလေသည်။

အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများလည်းရောက်ရှိနေပြီး မြို့သခင်ရုံးတော်အတွင်း၌ ထိုင်နေကြသည်။ သူတို့သည် မြို့သခင်ရုံးတော်အတွင်း၌ ထိုင်နိုင်ခြင်းမှာ ဖိတ်ကြားခြင်းခံရ၍ဖြစ်သည်။ အနောက်အင်ပါယာနန်းတော်၏ နန်းတော်သခင်နှင့် ရှီးချီယောင်လည်းရှိနေသည်။ သူတို့သည် သူတို့ရှေ့ရှိ ကြီးကျယ်ခမ်းနားသော မြင်ကွင်းကိုကြည့်နေကြသည်။ ရှီးချီယောင်၏လှပသောမျက်ဝန်းများသည် အဓိကစင်မြင့်လှမ်းကြည့်နေ၏။ သူမသည် တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်ကို ရှာဖွေနေသကဲ့သို့ပင်။

ရီဖူရှင်းအား မြို့သခင်ရုံးတော်သို့လာရန် ဝမ်ထန်က ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ရာ သူသည် ထိုနေရာတွင် ရှိမည်လော။

သူမသည် မြို့သခင်ရုံးတော်အတွင်းရှိ စွမ်းအားကြီးကျင့်ကြံသူများကြားတွင် လူတစ်ယောက်ကို တွေ့လိုက်၏။

အဓိကထိုင်ခုံများ၌ ထိုင်နေသူများထဲတွင် မြို့သခင်ရုံးတော်၏ အဓိကမျိုးဆက်မှ ကျင့်ကြံသူအနည်းငယ်သာပါဝင်သည်။ ၎င်းအထဲတွင် ဝမ်ထန်လည်းပါ၏။ သူသည် လူတစ်စုနှင့် စီတန်း၍ထိုင်နေလေသည်။ ရီဖူရှင်းသည် ဝမ်ထန်၏နောက်တွင် လွန်စွာသိုသိုသိပ်သိပ် ထိုင်နေလေသည်။ အကယ်၍ သေချာမကြည့်ပါက သူ့ကို ရှာပင်တွေ့မည်မဟုတ်ချေ။

ထိုအခိုက်တွင် သူသည် ငွေရောင်မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားပြီး သူ၏အရှိန်အဝါကို ရုတ်သိမ်းထား၏။

သူ တည်ရှိနေကြောင်းကို သိရှိနိုင်မည့် မည်သည့်အငွေ့အသက်မှ ရှိမနေပါ။ သို့သော် ရှီးချီယောင်သည် ငွေလှံချန်ခုန်းအကြောင်းကို အစောကတည်းကမေးထားသည်ဖြစ်၍ သူ့ကို ချက်ချင်းမှတ်မိသွားခြင်းဖြစ်သည်။

သို့သော် ရှီးချီယောင်သည် သူမ မည်သည့်နေရာကို ကြည့်နေသည်ကို တခြားသူများ သတိပြုမိသွားပြီး ရီဖူရှင်းအတွင် မလိုလားအပ်သော ပြဿနာများဖြစ်လာမည်စိုး၍ ခပ်မြန်မြန်တစ်ချက်သာ ကြည့်လိုက်ပြီး အကြည့်ပြန်ရုတ်လိုက်၏။

“ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲ ကျင်းပနိုင်ခဲ့တဲ့အတွက် ထျန်းယန်မြို့ကို ဂုဏ်ပြုပါတယ်”

အပြင်မှနေ၍ တခြားထိပ်သီးအင်အားစုများ ထပ်မံရောက်ရှိလာနေပေသေးသည်။ ကောင်းကင်ထက်ရှိ မှန်ကြီးသည်လည်း ထိုအရာများကို ရောင်ပြန်ဟပ်ကာ ပြသနေသည်။

“ဒီလူတွေက ဘယ်သူတွေလဲ”

တစ်စုံတစ်ယောက်က မေးလိုက်သည်။

“ထိုက်ချူကုန်းမြေက ကုန်းမြေသခင်အိမ်တော်ကပဲ... သူတို့က အခုမှရောက်လာတာ”

တခြားတစ်ယောက်က ပြန်ဖြေလိုက်သည်။

“ဒီတစ်ခေါက် ပွဲလာတက်တဲ့ ကုန်းမြေသခင်အိမ်တော်တွေ နည်းနည်းများတာပဲ”

လူများစွာတို့သည် သူတို့မြင်နေရသည့် လူအရေအတွက်ကြောင့် အံ့အားသင့်နေကြသည်။

“ခွင့်လွတ်ပေးဖို့ တောင်းဆိုချင်ပါတယ်... ကျုပ်တို့ နည်းနည်းနောက်ကျသွားတယ်”

နောက်ထပ်အသံတစ်သံကိုကြားလိုက်ရပြီး မြို့သခင်ရုံးတော်အတွင်းသို့ ကျင့်ကြံသူတစ်စု ဝင်လာသည်ကို တွေ့လိုက်ရလေသည်။ ထျန်းယန်မြို့သခင်ရုံးတော်မှ ဝမ်မိသားစု၏ အဓိကလူများသည် ထိုသူ့ကို ကိုယ်တိုင်နှုတ်ဆက်လိုက်ကြသည်။

“ကုန်းမြေသခင်ထိုက်ရှန့်လည်း ရောက်လာတာပဲ... မြန်မြန် သူ့ကို အပေါ်ကိုဖိတ်ခေါ်လိုက်ပါ”

ထျန်းယန်မြို့သခင်သည် ကျယ်လောင်စွာပြောလိုက်ရာ လူများစွာကို အံ့အားသင့်သွားစေ၏။ ထိုက်ရှန့်ကုန်းမြေသခင်အိမ်တော်၏ ကုန်းမြေသခင်ပင် ကိုယ်တိုင်ကိုယ်ကျရောက်လာခဲ့၏။ ထိုကုန်းမြေသခင်သည် စွမ်းအားကြီးသူတစ်ဦးဟု ကျော်ကြား၏။

သူတို့သည် ယခင်က ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲသို့ တစ်ခါမှ မတက်ရောက်ဖူးခဲ့ပေ။

ထိုသူများ ပွဲတက်ရခြင်းမှာ အင်ပါယာနန်းတော်မှ ကိုယ်စားလှယ်များလည်း တက်ရမည့်သတင်းကို ကြားထားသောကြောင့် ဖြစ်နိုင်၏။

ဂုဏ်သရေရှိဧည့်သည်တော်များ ဆက်လက်ရောက်ရှိလာကြ၏။ သူတို့အားလုံးသည် နာမည်ကြီးများဖြစ်ကြသည်။ ထျန်းယန်တစ်မြို့လုံးသည် စိတ်လှုပ်ရှားမှုများဖြင့် ကျွက်ကျွက်စည်နေလေသည်။

ထိုအခိုက်တွင် ကောင်းကင်ထက်မှနေ၍ နတ်အလင်းကျဆင်းလာပြီး လူအားလုံးကို မျက်စိကျိန်းသွားစေ၏။ ကျဆင်းလာသောနတ်အလင်းနှင့်အတူ မြို့သခင်ရုံးတော်အထက်တွင် လူတစ်စုထွက်ပေါ်လာပြီး လူများစွာကို တုန်လှုပ်သွားစေသည်။

မည်သူသည် ထျန်းယန်မြို့သခင်ရုံးတော်သို့ ထိုကဲ့သို့အပြုအမူဖြင့် ရောက်လာဝံ့သနည်း။ သူတို့သည် ကြိုတင်ခန့်မှန်းနိုင်နေပြီဖြစ်သည်။ ဒွန်ဟောင်အင်ပါယာနန်းတော်မှလွဲ၍ မည်သည့်အင်အားစုသည် ထိုကဲ့သို့ ရဲတင်းသည့်အပြုအမူဖြင့် ရောက်လာဝံ့မည်နည်း။

မြို့သခင်ရုံးတော်အထက်ရှိ ကောင်းကင်ပေါ်တွင် ဇာမနီဝတ်ရုံကိုဝတ်ဆင်ထားသည့် လှပသောမိန်းမပျိုလေးတစ်ဦး ရှိနေပြီး သူမကို တောက်ပသောအလင်းများက ဝန်းရံထားလေသည်။ သူမသည် မင်းသမီးဒွန်ဟောင်မှလွဲ၍ တခြား မည်သူဖြစ်နိုင်မည်နည်း။ သူမဘေးမှလူသည် ထည်ဝါသော ဟန်ပန်အမူအယာရှိသည်။ သူသည် ကောင်းကင်နတ်လှံတစ်ချောင်းကဲ့သို့ပင်။ ထိုသူကား အရှင်ဒွန်ဟောင်၏ တပည့်ရင်းဖြစ်သော အင်ပါယာနန်းတော်၏ နတ်စစ်သူကြီး လှံအင်ပါယာတုယူပင်ဖြစ်သည်။

ထိုအခိုက်တွင် မြို့သခင်ရုံးတော်အတွင်းရှိ ကျင့်ကြံသူအားလုံးသည် ထရပ်လိုက်ကြပြီး ကောင်းကင်ထက်သို့ အနည်းငယ်ဦးညွှတ်လိုက်သည်။

“မင်းသမီးကို နှုတ်ခွန်းဆက်သပါတယ်”

သူတို့က ပြောလိုက်၏။

“မင်းသမီးရောက်ရှိလာတဲ့အတွက် ထျန်းယန်မြို့က အရမ်းဂုဏ်ယူမိပါတယ်”

ထျန်းယန်မြို့သခင်က ပြုံးလျှက် ပြောလိုက်၏။

မင်းသမီးဒွန်ဟောင်သည် အောက်သို့ငုံ့ကြည့်၍ အားလုံးကို အနည်းငယ် ခေါင်းညိတ်ပြ၏။

“ဒီနေ့က ထျန်းယန်မြို့ရဲ့ ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲ ကျင်းပတဲ့နေ့ပဲ။ ကျွန်မတို့က မြို့သခင်ရဲ့ ဖိတ်ကြားချက်ကြောင့် ပွဲကြည့်ဖို့ ရောက်လာတာပါ... အားလုံးပဲ သက်တောင့်သက်သာနေကြပါ”

“မင်းသမီး... ထိုင်ပါဦး”

ထျန်းယန်မြို့သခင်သည် သူ့ဘေးရှိထိုင်ခုံကို ညွှန်ပြ၍ ဖိတ်ခေါ်လိုက်သည်။ သူ၏ထိုင်ခုံနှင့် တစ်တန်းတည်းရှိသော ထိုင်ခုံတစ်တန်းရှိသည်။ ထိုထိုင်ခုံများသည် အင်ပါယာနန်းတော်မှ ဧည့်သည်များအတွက် ပြင်ဆင်ပေးထားခြင်းဖြစ်သည်။

ယနေ့သည် ထျန်းယန်မြို့၏ပွဲတော်မဟုတ်ပါလား။ ထျန်းယန်မြို့သည် ရှေးဟောင်းနတ်ဘုရားကလန်၏တစ်စိတ်တစ်ပိုင်းဖြစ်သဖြင့် ထျန်းယန်မြို့သခင်သည် ကောင်းကင်ဒေသတွင် ဂုဏ်ရှိန်၊ အဆင့်အတန်းမြင့်၏။ သူသည် အရှင်ဒွန်ဟောင်၏ အမိန့်အောက်တွင်မရှိပေ။ ထို့ကြောင့် သူသည် လက်‌အောက်ငယ်သားများကဲ့သို့ ရိုကျိုးမှုကိုပြရန် မလိုပေ။ သူသည် အင်ပါယာနန်းတော်ကို လုံလောက်သော လေးစားသမှုပြလျှင် လုံလောက်မည်ဖြစ်သည်။

မင်းသမီးဒွန်ဟောင်သည် အနည်းငယ်ခေါင်းညိတ်လိုက်၏။ ထို့နောက် သူမတို့အုပ်စုသည် ‌အောက်သို့ပျံဆင်းလာပြီး သူတို့အတွက် ပြင်ဆင်ပေးထားသည့် ထိုင်ခုံများတွင် ဝင်ထိုင်လိုက်သည်။ မင်းသမီးဒွန်ဟောင်သည် အလယ်တွင်ထိုင်ပြီး တုယူသည် သူမ၏ဘေးတစ်ဖက်တွင်ထိုင်ကာ သန်မာသော တခြားကျင့်ကြံသူများစွာသည် သူမ၏တခြားတစ်ဖက်တွင် ထိုင်လေသည်။ သူတို့အားလုံးသည် သူမကို ဝန်းရံထား၏။

လူအုပ်နောက်တွင် ရီဖူရှင်းသည် ကိစ္စအားလုံးကို တိတ်တဆိတ်လေ့လာနေသည်။ ထိုကဲ့သို့သော အင်အားပြသမှုသည် ကောင်းကင်အာဏာစက်ဘုံကို ဝန်းရံ၊ ဖိနှိပ်ရန် စုဝေးခဲ့သော မဟာမိတ်နှင့်ပင် တူလုနီးပါးဖြစ်သည်။

All Chapters