ပြိုင်ပွဲ၏နောက်ကွယ်
Vol. 179 Ch. 2555
ထျန်းယန်မြို့သခင်သည် အငြင်းခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် တုယူကိုကြည့်ကာ အရှင်ဒွန်ဟောင်၏တပည့်ရင်းသည် အလွန်မာနကြီးသော်လည်း ကြီးသင့်ကြီးသင့်ထိုက်သောအကြောင်းလည်း ရှိပါပေသည်ဟု တွေးလိုက်သည်။
တုယူသည် ကောင်းကင်ဒေသတစ်ခွင်လုံးရှိ မည်သူ့ကိုမှ မျက်နှာလိုမျက်နှာရ လုပ်ရန်မလိုပေ။
ထျန်းယန်မြို့မှ ကျင့်ကြံသူများသည် အနည်းနှင့် အများဆိုသလို စိတ်ဆိုးသွားသော်လည်း စိတ်ဆိုးသည့် အရိပ်အယောင်ကို ထုတ်မပြလိုက်ပေ။
“ဒီနေ့ခေတ်မှ သူရဲကောင်းငယ်လေးတွေ အများကြီးထွက်ပေါ်လာတာပဲ။ ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲရဲ့ ပထမပွဲစဉ်မှာတင် အရည်အချင်းရှိတဲ့သူတွေအများကြီး တွေ့ခဲ့ရပြီ”
ထျန်းယန်မြို့သခင်သည် တုယူက သူ့ကိုခွန်းတုံ့မပြန်ကြောင်း တွေ့လိုက်ရသောအခါ စင်မြင့်ကိုးခုအထက်ရှိ ပြိုင်ပွဲကွင်းကိုးကွင်းကို ဖော်ပြနေသော မှန်များကို ကြည့်လိုက်သည်။
“ဟုတ်တယ် လွန်ခဲ့တဲ့နှစ်(၁၀၀)ကထက် ပိုသာတာပဲ”
မြို့သခင်ရုံးတော်မှ တစ်စုံတစ်ယောက်က ပြန်ဖြေလိုက်သည်။
“လွန်ခဲ့တဲ့နှစ်(၄၀၀)က ကောင်းကင်ဒေသက ပရမ်းပတာလောကတစ်ခု ဖြစ်ခဲ့တယ်။ မဟာအင်ပါယာက လောကကို စည်းလုံးစေပြီးတော့ ကောင်းကင်ဒေသမှာ လမ်းစဉ်ထူထောင်ခဲ့တယ်။ နှစ်ရာပေါင်းများစွာ ပြန်လည်ပြင်ဆင်၊ လမ်းစဉ်ထူထောင်ပြီး ထိပ်သီးအင်အားစုတွေကို တည်ထောင်ခဲ့ပြီးတဲ့နောက်မှာ မျိုးဆက်သစ်တွေက အကျိုးကျေးဇူးအများကြီးရခဲ့တယ်။ ထူးချွန်ထက်မြက်တဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာတာပဲ.... သူတို့က မျိုးဆက်ဟောင်းတွေကို သေချာပေါက် ကျော်တက်သွားမှာပဲ”
ထျန်းယန်မြို့သခင်သည် တည်ငြိမ်စွာဖြင့် အရှင်ဒွန်ဟောင်ကို ချီးကျူးစကားဆိုလိုက်သည်။
သို့သော် သူပြောသည်မှာ အမှန်ဖြစ်သည်။
ကောင်းကင်ဒေသသည် အတိတ်ကရှုပ်ထွေးသောနေ့ရက်များအပြီးတွင် ပရမ်းပတာဖြစ်ကျန်ခဲ့သည်။ စစ်ပွဲအတွင်း၌ စွမ်းအားကြီးသောလူပေါင်းများစွာ သေဆုံးခဲ့သည်။ သို့သော် ပြီးခဲ့သော ရာစုနှစ်များအတွင်း ပြန်လည်ထူထောင်ခဲ့ပြီးနောက်တွင် စည်ပင်ဝပြောသော ခေတ်တစ်ခေတ်သည် ရောက်ရှိလာပေပြီ။
ထိုရှုပ်ထွေးသောနေ့ရက်များတွင် စွမ်းအားကြီးပါရမီရှင်အချို့သည် အထွတ်အထိပ်အဆင့်သို့ မရောက်သေးခင်မှာပင် အသတ်ခံခဲ့ရသည်။ ထူးကဲသောလူများစွာသည်လည်း သူတို့၏အထွတ်အထိပ်သို့ရောက်ရန် ကံမပါခဲ့ပေ။
သို့သော် လက်ရှိတွင် ကောင်းကင်ဒေသသည် တိုးတက်လာနေပြီး ပို၍ပို၍ အင်အားတောင့်တင်းလာ၏။
“ကျုပ်လည်း မြို့သခင်ပြောတာကို ထောက်ခံတယ်။ ထျန်းယန်မြို့ရဲ့ မြို့သခင်ရုံးတော်ထဲမှာ ပါရမီရှင်တွေ အများကြီးရှိရမယ်လို့ ကျုပ်လောင်းရဲတယ်”
လူတစ်ဦးသည် ပြုံးလျှက် ပြောလိုက်၏။
“အင်း... ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ထူးချွန်တဲ့လူငယ်အနည်းငယ် ပေါ်ထွက်ခဲ့တာပဲ။ ခင်ဗျား သူတို့ကို ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲမှာ တွေ့ရလိမ့်မယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ခင်ဗျားမှာပြောစရာရှိရင် အားမနာဘဲ သူတို့ကို လမ်းညွှန်ပြသပေးပါ”
ထျန်းယန်မြို့သခင်သည် ပြုံးလျှက် ပြောလိုက်၏။
“မြို့သခင်ရုံးတော်က လက်နက်တွေပြုလုပ်တဲ့နေရာမှာ အတော်လေးကျွမ်းကျင်ပါတယ်။ အဲဒီအပိုင်းမှာ မြို့သခင်ကို ကျုပ်တို့က ဘယ်ယှဉ်နိုင်မှာလဲ။ ကျုပ်တို့ ဘာမှ ဝင်ပြီး မှတ်ချက်မပေးနိုင်လောက်ပါဘူး”
လူတစ်ဦးသည် ခေါင်းခါ၍ ပြောလိုက်၏။
“ဒါပေမဲ့ ဒီပွဲက ဘယ်လောက်ကြီးကျယ်ခမ်းနားတယ်ဆိုတာ မြင်ရတာနဲ့တင် ကျုပ် အတော်လေးကျေနပ်နေပါပြီ။ ထျန်းယန်မြို့က ချပ်ဝတ်လက်နက်ပြုလုပ်တဲ့နေရာမှာ ဒီလောက် စိတ်အားထက်သန်တာဆိုတော့ ကောင်းကင်ဒေသက ဘယ်တော့မှ ချပ်ဝတ်လက်နက်ကောင်းတွေ ရှားပါးမှာ မဟုတ်ဘူး။ အဲဒီကိစ္စကို ပူစရာလိုမှာ မဟုတ်တော့ဘူး။ ထျန်းယန်မြို့က ကောင်းကင်ဒေသအတွက် လက်နက်တွေ မပြတ်ထောက်ပံ့ပေးနေတာပဲ”
“ကျုပ် ဂုဏ်ယူမိပါတယ်”
ထျန်းယန်မြို့သခင်က ပြောလိုက်၏။
“ကျွန်တော့်အပြင် ဒီကလူတိုင်းကလည်း ကောင်းကင်ဒေသအတွက် ဒီလမ်းစဉ်ကို ဖော်ဆောင်ဖို့ တာဝန်ရှိပါတယ်။ ပြီးတော့ ထူးချွန်တဲ့သူအများကြီးကလည်း ဒီလမ်းစဉ်ကို ကျင့်ကြံနေခဲ့ကြပါပြီ။ သူတို့က ကောင်းကင်ဒေသရဲ့ အနာဂတ်ပါပဲ”
“ကျုပ်တို့လို မိသားစုအင်အားစုတွေက ကိုယ့်အတွက်ကိုယ် ပိုတွေးကြတယ်။ ဒါပေမဲ့ ကောင်းကင်ဒေသမှာ လမ်းစဉ်ဖော်ဆောင်ဖို့ ကြိုးစားနေတဲ့ တော်ဝင်မြေတွေက ကိုယ်ကျိုးမဖက်ကြဘူးဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ဒါပေမဲ့ တချို့လူတွေက အဲဒီလိုအင်အားစုတွေကို ထိခိုက်အောက်လုပ်ဖို့၊ ဖျက်ဆီးဖို့ ကြိုးစားနေကြတယ်”
လူတစ်ယောက်သည် ရုတ်တရက် ဝင်ပြောလိုက်၏။ သူ၏စကားကြောင့် လေထဲတွင် တင်းမာမှုအငွေ့အသက်အနည်းငယ် ထွက်ပေါ်လာလေသည်။
ထိုစကားသည် သာမန်မှတ်ချက်တစ်ခုဟု ထင်ရသော်လည်း သူသည် တစ်စုံတစ်ခုကို ရည်ညွှန်းနေကြောင်း ထင်ရှား၏။
ရီဖူရှင်းသည် လူအုပ်ထဲရှိ ထိုလူကို လှမ်းကြည့်လိုက်သည်။ သူသည် နန်ထျန်းကုန်းမြေရှိ ဟောင်ထျန်းကလန်မှ ဖြစ်၏။ ထိုကလန်သည် ရှေးဟောင်နတ်ဘုရားကလန်၏ အင်အားစုတစ်စုဖြစ်၏။
ရှည်လျားသောသမိုင်းကြောင်းရှိသည့် ရှေးဟောင်းနတ်ဘုရားကလန်သည် ရီဖူရှင်းကို မကြောက်ပေ။ ထို့ကြောင့် ထိုလူသည် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲတွင် ထိုသို့မှတ်ချက်ပြုဝံ့ခြင်းပင်။
ရှီးချီယောင်က ပြောသည်မှာ မှန်၏။ ထိုအင်အားစုများသည် ချပ်ဝတ်လက်နက်ပွဲတော်ကို အသုံးချ၍ စီဝေ့ကြယ်ကောင်းကင်ကို တိုက်ခိုက်ရန်စုဝေးမည်ကို သူစိုးရိမ်နေခဲ့ခြင်းပင်။ သို့သော် တစ်ဖက်တွင်လည်း ကောင်းကင်ဒေသမှ အင်အားစုများသည် စီဝေ့ကြယ်ကောင်းကင်ကို ထိုမျှအလေးအနက်ထားနေသဖြင့် သူဂုဏ်ယူမိသလိုပင် ရှိသည်။
“ကျုပ်လည်း ထိုက်ချူတော်ဝင်မြေအတွက် စိတ်မကောင်းပါဘူး”
ထျန်းယန်မြို့သခင်က ပြောလိုက်၏။
“မင်းသမီး... ထိုက်ချူတော်ဝင်မြေက ဖျက်ဆီးခံလိုက်ရပါပြီ။ ပြီးတော့ ထိုက်ချူတော်ဝင်အင်ပါယာလည်း သေဆုံးသွားခဲ့ပါပြီ။ အဲဒါက ကောင်းကင်ဒေသအတွက် ကြီးမားတဲ့ဆုံးရှုံးမှုကြီးပါပဲ”
ဒွန်ဟောင်တိယွမ်သည် လွန်စွာတည်ငြိမ်နေ၏။ အချို့အင်အားစုများသည် ထိုက်ချူတော်ဝင်မြေ ဖျက်ဆီးခံလိုက်ရပြီးပြီးချင်း အင်ပါယာနန်းတော်သို့သွား၍ သူတို့၏ အကူအညီကိုတောင်းခံခဲ့သည်။ သူတို့သည် အင်ပါယာနန်းတော်က စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီးပစ်စေလိုနေသည်။
“ကျွန်မရဲ့ ခမည်းတော်က လေးမျက်နှာကျေးရွာနဲ့ ပတ်သတ်မှုတစ်ခုရှိခဲ့ပါတယ်။ ပြီးတော့ သူစောင့်ထိန်းရမယ့် ကတိတစ်ခုလည်းရှိပါတယ်။ သူက အရင်တုန်းက မူလဘုံမှာ ကတိထားခဲ့ဖူးတော့ သူ့အနေနဲ့ ဒီကိစ္စမှာ ဝင်ပါလို့ မသင့်တော်ဘူးလေ။ ပြီးတော့ ထိုက်ချူတော်ဝင်မြေနဲ့ ကောင်းကင်ဒေသက တခြားအင်အားစုတွေက အရင်ကတည်းက စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီးပစ်ဖို့ ဆွေးနွေးနေကြတာမလား။ အတိတ်ကရန်ငြိုးတွေကိုပါ ပေါင်းထည့်လိုက်ရင် ဒါက ကောင်းကင်ဒေသက အင်အားစုတွေနဲ့ ရီဖူရှင်းတို့ကြားက ပြဿနာတစ်ခုပဲလေ။ ဒါက ကောင်းကင်ဒေသက အင်အားစုတွေအတွက်လည်း ဆိုးဝါးတဲ့အတွေ့အကြုံတစ်ခုပေါ့”
ဒွန်ဟောင်တိယွမ်သည် ပြတ်သားသောလေသံဖြင့် ပြောလိုက်၏။
ကောင်းကင်ဒေသမှ အင်အားစုများသည် ရီဖူရှင်းကို အညံ့ခံစေလိုကြသည်။ သို့သော် သူတို့သည် ရီဖူရှင်း၏ခြိမ်းခြောက်မှုကိုသာ ပြန်ခံခဲ့ရသည်။ ထို့ကြောင့် သူတို့သည် အင်ပါယာနန်းတော်ထံမှ အကူအညီလိုချင်ခဲ့ခြင်းပင်။
သူတို့သည် ရီဖူရှင်းကို သတ်ဖြတ်လိုခြင်းဟူသော ရည်ရွယ်ချက်ကောင်းဖြင့် လုပ်ခဲ့ခြင်းမဟုတ်ပေ။ သူတို့သည် ရီဖူရှင်းထံတွင် ရှိသည်များကို လုယက်လိုခြင်းသာဖြစ်သည်။
တခြားပုံကြီးချဲ့ပြောသောစကားများကိုမူ အရေးထားနေရန်ပင်မလိုပေ။
ရီဖူရှင်း၏ဇစ်မြစ် မပေါ်သွားသေခင်ကပင် မှော်နက်လောကနှင့် နတ္တိအင်ပါယာဘုံတို့သည် သူ့ကို တိုက်ခိုက်ခဲ့ကြသည်။ ထိုစဉ်က သူသည် မူလဘုံမှ လူတစ်ဦးဟု ဆိုနိုင်ပြီး မူလဘုံသည် ကောင်းကင်ဒေသထဲတွင် ပါဝင်ခဲ့သည်။
သို့သော် ကောင်းကင်ဒေသမှ အင်အားစုများသည် မည်သို့လုပ်ခဲ့ကြသနည်း။
သူတို့သည် ကောင်းကင်ဘုံကို ဖျက်ဆီး၍ ဒေသကိုးခုမှ ရတနာများကို လုယက်ရန် ကြံရွယ်ခဲ့ကြသည်။ ထို့အပြင် သူတို့သည် စွန့်ပစ်ခံကလန်ကိုလည်း ဖျက်ဆီးလိုခဲ့ကြသည်။
သူတို့ ထိုအရာများကို လုပ်ခဲ့ခြင်းမှာ လမ်းစဉ်ထူထောင်ရန်အတွက်လော။
မဟုတ်ပေ။ သူတို့သည် သူတို့၏တစ်ကိုယ်ကောင်းအကြံများအတွက်သာ ထိုအရာများကို လုပ်ခဲ့ခြင်းဖြစ်သည်။
သူတို့ စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီးလိုခြင်းသည်လည်း ထို့အတူပင်ဖြစ်သည်။ သူတို့ ထိုသို့လုပ်လိုခြင်းသည် တစ်ကိုယ်ကောင်းအကြံများကြောင့်ဖြစ်သဖြင့် သူတို့သည် တရားမျှတမှုဟူသော စကားများပြော၍ အင်ပါယာနန်းတော်ကို တိုက်ပွဲအတွင်းသို့ ဆွဲခေါ်၍မရပေ။
မင်းသမီးဒွန်ဟောင်၏စကားသည် အတော်လေး တရားနည်းလမ်းကျ၏။ အရှင်ဒွန်ဟောင်၏ စကားသည် သူ၏ကတိပင်ဖြစ်သည်။ သူသည် ရီဖူရှင်းကို မည်သည့်အခါမှ တိုက်ခိုက်မည်မဟုတ်ဟု ကတိပေးခဲ့ပြီးဖြစ်၍ ရီဖူရှင်း ပို၍သန်မာလာသည်ကို သူစိတ်ထဲထားမည်မဟုတ်ပေ။ သို့သော် ရီဖူရှင်းသာ လူအများအပြားကို သတ်ဖြတ်ခြင်း၊ ကောင်းကင်ဒေသ၏ ကုန်းမြေသခင်အိမ်တော်များကို တိုက်ခိုက်ခြင်းနှင့် ကောင်းကင်ဒေသကို စစ်ကြေညာခြင်းကဲ့သို့သော ကောင်းကင်ဒေသ၏စည်းမျဉ်းများကို ဖောက်ဖျက်လျှင်မူ သူဝင်ပါနိုင်၏။
“လေးမျက်နှာကျေးရွာဆရာသခင်က ရီဖူရှင်းနဲ့ ကောင်းကင်ဒေသက အင်အားစုတွေကြားက ရန်ငြိုးတွေထဲမှာ ဝင်ပါမှာမဟုတ်ဘူးလို့ ပြောခဲ့ပြီးသားပဲ။ အဲဒီရန်ငြိုးတွေက ခင်ဗျားတို့ရဲ့ ကိစ္စပဲ... ဒီတော့ အင်ပါယာနန်းတော်က အဲဒီရန်ငြိုးရန်စတွေကို ခင်ဗျားတို့အတွက်ဖြေရှင်းပေးမယ်လို့ မမျှော်လင့်နဲ့။ တကယ်လို့ ရီဖူရှင်းသာ ကောင်းကင်ဒေသရဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်ခဲ့ရင်တော့ အင်ပါယာနန်းတော်က သေချာပေါက် တစ်ခုခုလုပ်မှာပါ။ ကျုပ်လည်း သူ့ရဲ့အသက်ကို နှုတ်ပစ်မှာပါ”
တုယူက အေးစက်သောလေသံဖြင့် ပြောလိုက်၏။ သူသည် ထူးဆန်းသောလူတစ်ယောက်ကဲ့သို့ ထင်ရ၏။
ကောင်းကင်ဒေသမှ အင်အားစုများသည် ကိုယ်ပိုင်အကြံကိုယ်စီနှင့်ဖြစ်ကြောင်း ထင်ရှား၏။ သူတို့သည် အင်ပါယာနန်းတော်၏ လက်အောက်မှမဟုတ်ကြပေ။ အင်ပါယာနန်းတော်ကလည်း သူတို့ကို တိုက်ရိုက်မအုပ်ချုပ်ပေ။ ထို့ကြောင့် သူတို့သည် ကိုယ်ပိုင်အကြံအစည်များ ရှိနေကြခြင်းပင်။
တုယူ၏စကားသည် ဒွန်ဟောင်တိယွမ်၏စကားလောက် ဖော်ရွေမှုမရှိပေ။ သူ၏လေသံသည် အနည်းငယ်ပင်မာနေလေသည်။ သူသည် ထိုအင်အားစုများကို မျက်နှာသာမပေးပေ။ ထိုအင်အားစုများသည် အင်ပါယာနန်းတော်၏အကူအညီကို တောင်းခံနေသည်နှင့်မတူဘဲ ခြိမ်းခြောက်နေသကဲ့သို့ ထင်ရသဖြင့် သူအတော်လေးဒေါသဖြစ်နေကြောင်း ထင်ရှား၏။
သူသည်လည်း ရီဖူရှင်းကို သဘောမကျသော်လည်း ထိုအင်အားစုများကို မျက်နှာသာပေးမည်ဟု ဆိုလိုခြင်းမဟုတ်ပေ။
“ဟုတ်ပါတယ် မင်းသမီး... ရီဖူရှင်းက ထိုက်ချူတော်ဝင်မြေကို ဖျက်ဆီးပစ်တယ်ဆိုတာ တော်တော်တရားလွန်သွားတာပဲ။ ပြစ်မှုကို ဒီအတိုင်းထားလိုက်လို့ မရပါဘူး။ သူ့ကို အပြစ်ပေးရမှာပါ”
ထျန်းယန်မြို့သခင်သည် ပြတ်သားသောအသံဖြင့် ပြောလိုက်၏။
“ဒီကိစ္စကို ခဏလောက်မေ့ထားကြတာပေါ့... အဲဒါက စိတ်ရှုပ်စရာပဲ။ ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲပြီးသွားမှာ ဒီကိစ္စကို ပြန်ဆွေးနွေးကြတာပေါ့”
“အမှန်ပဲ... အခုတော့ ပြိုင်ပွဲကိုပဲ ပျော်ပျော်ပါးပါးကြည့်ကြတာပေါ့”
တစ်စုံတစ်ယောက်က သံယောင်လိုက်,လိုက်ပြီး စင်မြင့်များအထက်ရှိ မှန်များထဲမှ ပြိုင်ပွဲကွင်းကိုးကွင်းကို ကြည့်လိုက်၏။
ရီဖူရှင်းသည် အရာအားလုံးကို ကြားခဲ့သည်။ သူသည် အလွန်တိတ်ဆိတ်နေ၏။ ထိုကိစ္စများသည် သူနှင့် မည်သို့မှ မသက်ဆိုင်သကဲ့သို့ပင်။ ကိစ္စများသည် ရှီးချီယောင် တွေးထားသကဲ့သို့ပင်ဖြစ်သည်။ သူတို့သည် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲကို အခွင့်ကောင်းယူ၍ စီဝေ့ကြယ်ကောင်းကင်ကို မည်သို့လုပ်မည်ကို တိုင်ပင်ကြမည်ဖြစ်သည်။
သို့ဖြစ်ရာ သခင်ချန်နှင့် ဂျီယူတို့သည် ကြိုတင်ပြင်ဆင်ထားရပေတော့မည်။
ထိုကိစ္စများဖြစ်ပျက်နေသော်လည်း လူအားလုံးသည် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲကိုသာ အာရုံစိုက်နေကြဆဲဖြစ်သည်။ ထိုပြိုင်ပွဲသည် သူတို့ရင်ထဲရှိ တက်ကြွမှုများကို မယုံနိုင်လောက်အောင် ထကြွလာစေ၏။
မကြာမီမှာပင် ပြိုင်ပွဲ၏ ပထမပွဲစဉ်ပြီးဆုံးသွား၏။ ပြိုင်ပွဲကွင်းကိုးကွင်းစလုံးမှ အနိုင်ရသူတစ်ယောက်စီ ရွေးချယ်ခဲ့သည်။ ထိုရွေးချယ်မှုသည် ရာနှုန်းပြည့် မျှတသည်ဟုမဆိုသာသော်လည်း အတော်လေးမျှတမှုရှိသည်။ သို့သော် အချို့ပြိုင်ပွဲကွင်းများမှ ဒုတိယအနေဖြင့် ထုတ်ပယ်ခြင်းခံရသော ချပ်ဝတ်လက်နက်ပြုလုပ်သူအချို့သည် အချို့ပြိုင်ပွဲကွင်းများ၏ ပထမရသူများထက် ပိုသာသည်များလည်း ရှိသည်။ ထိုကဲ့သို့သော”မမျှတမှု”သည် ရှောင်လွှဲ၍မရနိုင်ပေ။
သို့သော် နောက်ဆုံးတွင် အတော်ဆုံး ချပ်ဝတ်လက်နက်ပြုလုပ်သူကိုးဦးသည် မြို့သခင်ရုံးတော်သို့သွား၍ နောက်ပွဲစဉ်တစ်ခု ယှဉ်ပြိုင်ရပေမည်။ ထိုပွဲစဉ်မပြီးမချင်း ဗိုလ်စွဲသူ ရှိဦးမည်မဟုတ်ပေ။
အကယ်၍ ထိုသို့ထုတ်ပယ်ခံခဲ့ရသူများထဲတွင် အမှန်ပင် အရည်အချင်းရှိသော ချပ်ဝတ်လက်နက်ပြုလုပ်သူများ ပါဝင်ပါက မြို့သခင်ရုံးတော်သည် ထိုသူများကို သတိပြုမိမည်ဖြစ်ပြီး ရုံးတော်သို့ ဝင်ခွင့်ပေးမည်ဖြစ်သည်။
ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲကို ဆက်လက်ကျင်းပနေသည်။ ပြိုင်ပွဲကွင်းကိုးကွင်းမှ အနိုင်ရရှိသူများကို မြို့သခင်ရုံးတော်အတွင်းသို့ ခေါ်၍ မြို့သခင်က တွေ့ဆုံခဲ့သည်။ ကျင့်ကြံခြင်းအဆင့်နိမ့်သော အချို့ပြိုင်ပွဲဝင်များသည် မြို့သခင်ရုံးတော်အတွင်း၌ စွမ်းအားကြီးသူများစွာကို တွေ့ရန် အတော်လေး စိတ်လှုပ်ရှားနေကြသည်။
ထိုလူများသည် ကောင်းကင်ဒေသရှိ စွမ်းအားအကြီးဆုံးလူများဖြစ်ကြ၏။