← Chapters

မူမမှန်သော တစ်စုံတစ်ခု

Vol. 179 Ch. 2556

မူမမှန်သော တစ်စုံတစ်ခု

Vol. 179 Ch. 2556

ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲကို ဆက်လက်ကျင်းပနေပြီး စင်မြင့်ထက်သို့သွားရောက်ယှဉ်ပြိုင်သည့် ချပ်ဝတ်လက်နက်ပြုလုပ်သူများ၏ ကျင့်ကြံခြင်းအဆင့်သည် ပို၍မြင့်လာ၏။ သို့ဖြစ်ရာ သူတို့ပြုလုပ်သည့် နတ်လက်နက်များ၏အဆင့်သည်လည်း ပို၍မြင့်လာ၏။

ထျန်းယန်မြို့တစ်မြို့လုံးသည် ဆက်လက် တက်ကြွသက်ဝင်နေသည်။ မြို့သခင်ရုံးတော်အတွင်းရှိ ထိပ်သီးများပင် အနည်းငယ် စိတ်ဝင်တစားဖြစ်လာကြ၏။

ချပ်ဝတ်လက်နက်ပြုလုပ်ရသည့် ပွဲစဉ်တစ်ပွဲသည် အချိန်အ‌တော်အသင့်ကြာသည်။ အချို့ပြိုင်ပွဲဝင်များသည် ချပ်ဝတ်လက်နက်ပြုလုပ်ရာတွင် နှေးသဖြင့် အချိန်ပို၍ကြာကြာယူရသည်။ သို့သော် နောက်ဆုံးဆယ်ပွဲမြောက်ပွဲစဉ်မှလွဲ၍ ရှေ့ပိုင်းပွဲစဉ်ကိုးပွဲသည် အချိန်ကန့်သတ်ချက်နှင့်ဖြစ်သည်။ သူတို့သည် ပြိုင်ပွဲယှဉ်ပြိုင်နေရခြင်းဖြစ်ရာ သူတို့ကို ချပ်ဝတ်လက်နက်ပြုလုပ်ရန် အချိန်အကန့်အသတ်မရှိ မပေးနိုင်ပေ။

ထျန်းယန်မြို့သည် ချပ်ဝတ်လက်နက်ပြုလုပ်ရာတွင် အတော်ဆုံးမြို့ဖြစ်သည်။ ထို့ကြောင့် သူတို့သည် အချိန်အကန့်အသတ် မည်မျှထားရမည်ကို ကောင်းစွာသိ၏။

ညအချိန်သို့ရောက်သောအခါ ထျန်းယန်မြို့သခင်ရုံးတော်တွင် ဝိညာဉ်လက်နက်အချို့သည် ကောင်းကင်ထက်သို့ ပျံတက်သွားကြသည်။ ၎င်းဝိညာဉ်လက်နက်များမှာ နေမင်းကဲ့သို့ ထျန်းယန်တစ်မြို့လုံးကို နေ့အခါအလား အလင်းပေးနေကြသည်။ ထိုဝိညာဉ်လက်နက်များမှ အလင်းသည် လွန်စွာတောက်ပရာ နေ့အခါနှင့် ညအခါကိုပင် မခွဲခြားနိုင်ပေ။

သို့သော် ထိုအခြေအနေကို မည်သူမှ အံ့အားမသင့်သွားချေ။ ထျန်းယန်မြို့ကဲ့သို အင်အားစုများရှိ ထိပ်သီးကျင့်ကြံသူများအတွက် နေလမ်းကြောင်း၊ လလမ်းကြောင်းကိုပင် ထိန်းချုပ်နိုင်သည်ထက် ပို၍အစွမ်းထက်၍ ထိုမျှလောက်သည် ထူးဆန်းမှုမရှိချေ။

“ဒီကျွမ်းကျင်ချပ်ဝတ်လက်နက်ပြုလုပ်သူတွေနဲ့ မြို့သခင်ရုံးတော်က ကျွမ်းကျင်ချပ်ဝတ်လက်နက်ပြုလုပ်သူတွေ ဘာကွာခြားမှုရှိတယ်လို့ မြို့သခင်ထင်လဲ။ နောက်ဆုံးဆယ်ပွဲမြောက်ကျရင် မြို့သခင်ရုံးတော်က သူတို့အကုန်လုံးကို အနိုင်ယူနိုင်လောက်လား”

အောက်ရှိတစ်ယောက်သည် သာမန်အတိုင်း မေးလိုက်သည်။

“အဲဒီလိုတော့ ဖြစ်နိုင်မှာမဟုတ်ဘူး”

ထျန်းယန်မြို့သခင်က ပြောလိုက်၏။

“ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲမှာ ကောင်းကင်ဒေသတစ်ခွင်လုံးက ထိပ်တန်းချပ်ဝတ်လက်နက်ပြုလုပ်သူတွေ ဝင်ပြိုင်ကြတာပဲ။ ပြီးတော့ အပြင်လောကတွေက ချပ်ဝတ်လက်နက်ပြုလုပ်သူတွေကလည်း အတော်လေးအရည်အချင်းရှိကြတယ်။ မြို့သခင်ရုံးတော်ထဲက ချပ်ဝတ်လက်နက်ပြုလုပ်သူတွေအကုန်လုံးက ထိပ်တန်းအဆင့်တွေချည်းပဲဆိုပေမယ့် အရင်တုန်းက တစ်ခါမှ အပြည့်အဝအနိုင်မရဖူးသေးဘူး”

အပြည့်အဝအနိုင်ရခြင်းဆိုသည်မှာ ကျင့်ကြံခြင်းအဆင့်အလိုက် ပြိုင်ပွဲအကုန်လုံးတွင် အနိုင်ရခြင်းနှင့် ထျန်းယန်မြို့မှ မဟုတ်သူအားလုံးကို အနိုင်ရခြင်းကို ဆိုလို၏။

သို့သော် အပြည့်အဝအနိုင်ရရန် ခဲယဉ်း၏။

“ကြည့်ပါ... အဲဒီလူရဲ့ ချပ်ဝတ်လက်နက်ပြုလုပ်တဲ့ အရည်အချင်းအဆင့်က တကယ့်ကို ထူးကဲတာပဲ”

ထျန်းယန်မြို့သခင်သည် မှန်တစ်ချပ်အတွင်း၌မြင်နေရသည့် ပြိုင်ပွဲစင်မြင့်ထက်မှလူတစ်ယောက်ကို လက်ညှိုးညွှန်ပြ၍ ပြောလိုက်၏။ လူများစွာသည် သူညွှန်ပြလိုက်သောနေရာကို ချက်ချင်းကြည့်လိုက်ကြသည်။ ချပ်ဝတ်လက်နက်ပြုလုပ်ရာ ပြိုင်ပွဲကွင်းကိုးကွင်းထဲမှ တစ်ကွင်းတွင် တခြားသူအားလုံးနှင့် ကွဲပြားသော ချပ်ဝတ်လက်နက်ပြုလုပ်သူတစ်ဦး ရှိနေလေသည်။ သူ၏အဆင့်သည် တခြားသူများထက် သာလွန်ပုံပေါ်၏။

“အဲဒီလူရဲ့အဆင့်က မြို့သခင်ရုံးတော်ထဲက ချပ်ဝတ်လက်နက်ပြုလုပ်သူတွေထက် မနိမ့်ဘူး။ ဒါတောင် ငါးပွဲမြောက်ပွဲစဉ်ပဲရှိသေးတယ်... နောက်ပွဲစဉ်လေးပွဲကျန်သေးတယ်။ နောက်ပွဲတွေမှာ ပိုပြီးအရည်အချင်းရှိတဲ့သူတွေ ထွက်လာနိုင်သေးတယ်”

ထျန်းယန်မြို့သခင်က ဆက်ပြောလိုက်၏။

အားလုံး ခေါင်းညိတ်လိုက်ကြသည်။ ထိုစဉ် တစ်စုံတစ်ယောက်က ထမေးလိုက်၏။

“ထျန်းယန်မြို့သခင်ရုံးတော်က အဲဒီအရည်းအချင်းရှိတဲ့ ချပ်ဝတ်လက်နက်ပြုလုပ်သူတွေကို သိပါသလား”

“ကျုပ် သူတို့တော်တော်များများကို သိပါတယ်”

ဝမ်ထန်က ပြန်ဖြေလိုက်သည်။

“ဒါပေမဲ့ ထျန်းယန်မြို့ကမဟုတ်တဲ့ ကျွမ်းကျင်ချပ်ဝတ်လက်နက်ပြုလုပ်သူ အကုန်လုံးကို သိနိုင်ဖို့ကတော့ မဖြစ်နိုင်ဘူးလေ”

“အမှန်ပါပဲ...”

မေးခွန်းမေးလိုက်သူသည် ခေါင်းညိတ်လိုက်ပြီး ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲကို ဆက်ကြည့်နေလေသည်။

ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲကို ပွဲစဉ်တစ်ပွဲပြီးတစ်ပွဲ ဆက်လက်ကျင်းပနေသည်။ ခုနစ်ပွဲမြောက်တွင် ရန်ဟောင်ထိပ်ပိုင်းအဆင့်ရှိသူများ စတင်ယှဉ်ပြိုင်လာကြပြီဖြစ်သည်။ ထိုပွဲစဉ်များကို ဘယ်သူမှ အလွတ်မခံလိုပေ။

ထိုပြိုင်ပွဲပွဲစဉ်တွင် မြို့သခင်ရုံးတော်က အာရုံစိုက်နေပြီးဖြစ်သော စွမ်းအားကြီးသူများ ပါဝင်လာ၏။ သူတို့သည် ထိပ်တန်းချပ်ဝတ်လက်နက်ပြုလုပ်သူစာရင်းတွင် ပါဝင်သည်ဖြစ်ရာ မြို့သခင်ရုံးတော်သည် သူတို့ကို စည်းရုံးသိမ်းသွင်းရန် အနီးကပ်စောင့်ကြည့်နေခြင်းပင်။ အကယ်၍ အရာအားလုံး အဆင်ပြေချောမွေးခဲ့လျှင် မြို့သခင်ရုံးတော်သည် သူတို့ကို ရုံး‌တော်၏ ချပ်ဝတ်လက်နက်ပြုလုပ်သူ ဖြစ်လာစေရန် အကျိုးအမြတ်များစွာပေး၍ စည်းရုံးဆွဲဆောင်မည်ဖြစ်သည်။ ထိုကိစ္စသည် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲ၏ အဓိကရည်ရွယ်ချက်တစ်ခုဖြစ်၏။

မြို့သခင်ရုံးတော်မှ လူများသည် ပြိုင်ပွဲကွင်းအားလုံးကို တစ်ပြိုင်တည်း အာရုံစိုက်ကြည့်ရှုနေကြသည်။ ထိုပြိုင်ပွဲကွင်းများထဲတွင် သူတို့အာရုံစိုက်နေသော လူများစွာရှိသည်။

သို့သော် သူတို့သည် ထိုပွဲစဉ်၌ ပြိုင်ပွဲဝင်များ ချပ်ဝတ်လက်နက်ပြုလုပ်နေသည်ကို ကြည့်နေရင်းဖြင့် သူတို့စောင့်ကြည့်နေသည့် ပြိုင်ပွဲဝင်များအပြင် အရည်အချင်းရှိသော တခြားပြိုင်ပွဲဝင်အနည်းငယ်ကိုလည်း ထပ်မံတွေ့ရှိခဲ့၏။ သူတို့၏ ချပ်ဝတ်လက်နက်ပြုလုပ်စွမ်းရည်သည် အလွန်မြင့်သောအဆင့်တွင်ရှိပြီး သူတို့ယှဉ်ပြိုင်ရာ ပြိုင်ပွဲကွင်းတွင် ထင်ပေါ်ကြလေသည်။

ထို့အပြင် သူတို့သည် ထိုပြိုင်ပွဲဝင်များကို မသိပေ။

ထျန်းယန်မြို့သခင်ရုံးမှ လူများစွာသည် တီးတိုးဆွေးနွေးကုန်ကြသည်။

သူတို့ထဲကတစ်ဦးမှ ထိုပါရမီရှင်အသစ်လေးများကို မသိကြောင်း သိရှိသွားကြ၏။

ထျန်းယန်မြို့သခင်သည် ပုံမှန်ဆိုလျှင် ထိုကဲ့သို့သော ကိစ္စများကို အရေးမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသူများကို မြို့သခင်ရုံးတော်အတွင်းမှ တစ်ယောက်မဟုတ်တစ်ယောက်က စောင့်ကြည့်ထားမည်ဖြစ်သောကြောင့်ပင်။ သို့သော်ယခုတွင် သူသည် ထိုတီးတိုးဆွေးနွေးသံများကို ကြားလိုက်ရသောအခါ အခြေအနေကို ချက်ချင်း သဘောပေါက်သွား၏။ ထိုထူးဆန်းသော စွမ်းအားကြီးချပ်ဝတ်လက်နက်ပြုလုပ်သူများသည် ယခုမှ ထွက်ပေါ်လာခြင်းဖြစ်၏။

သူတို့သည် ထိုအံ့အားသင့်မှုအတွက် အပြည့်အဝကြိုတင်ပြင်ဆင်ထားပုံမပေါ်ပေ။

ထိုပြိုင်ပွဲစင်မြင့်ကိုးခုကို ကြည့်နေသော ကောင်းကင်ဒေသမှ အင်အားစုအားလုံးမှ လူများသည် သူတို့မြင်သည့်အရာကို မနားတန်းပြောဆိုဆွေးနွေးနေကြလေသည်။ သူတို့သည် ချပ်ဝတ်လက်နက်ပြုလုပ်ခြင်းအကြောင်းကို များစွာမသိသော်လည်း ပွဲကြည့်ရုံဖြင့်ပင် ယေဘုယျသဘောလောက် နားလည်၏။ ကောင်းကင်ဒေသမှ လူများသည် မြို့သခင်ရုံးတော်က မသိထားသည့် ပြိုင်ပွဲဝင်များကို သေချာစောင့်ကြည့်နေကြသည်။ သူတို့သည် မြို့သခင်ရုံးတော်မှ ကျင့်ကြံသူများကိုပင် ထိုပြိုင်ပွဲဝင်များအကြောင်းကို မေးခဲ့၏။ သို့သော် မြို့သခင်ရုံးတော်မှ လူများသည် ကောင်းကင်ဒေသတွင် ပါရမီရှင်များစွာရှိပေရာ သူတို့လည်း ထိုထိပ်တန်းချပ်ဝတ်လက်နက်ပြုလုပ်သူများကို ယခင်က တစ်ခါမှ မကြားခဲ့ဖူးကြောင်းသာ ပြန်ဖြေကြလေသည်။

ထိုကဲ့သို့သောအဖြေကြောင့် လူများစွာသည် အံ့အားသင့်သွားကြလေသည်။

သူတို့ထင်ထားသကဲ့သို့ပင် ထိုပြိုင်ပွဲဝင်များသည် လွန်စွာစွမ်းအားကြီးသော နတ်လက်နက်များကို ပြုလုပ်နိုင်ခဲ့သဖြင့် သူတို့ယှဉ်ပြိုင်ရာ ပြိုင်ပွဲကွင်းများတွင် အနိုင်ရရှိသူများဖြစ်လာကြ၏။ သူတို့သည် မြို့သခင်ရုံးတော်အတွင်းသို့ ဖိတ်ခေါ်ခံရပေမည်။

ပြိုင်ပွဲ၏ ခုနစ်ပွဲမြောက်ပွဲစဉ်ပြီးဆုံးသွားသောအခါ ထျန်းယန်မြို့သည် ကျွက်ကျွက်ညံနေပေပြီ။ လေထုအတွင်းရှိ စိတ်အားထက်သန်မှုများသည် ပို၍မြင့်တက်လာ၏။

ပရိသတ်များ၏ အာရုံစိုက်ကြည့်ရှုမှုအောက်တွင် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲ၏ ရှစ်ပွဲမြောက်ပွဲစဉ်ကို ဆက်လက်ကျင်းပခဲ့သည်။ လူများစွာသည် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။

ထိုအခိုက်တွင် ကျယ်ဝန်းသောထျန်းယန်မြို့တစ်ခွင်လုံး၌ ကျင့်ကြံသူများစွာ မရေမတွက်နိုင်အောင်ရှိနေသော်လည်း ရုတ်တရက် တစ်မြို့လုံး အနည်းငယ် တိတ်ဆိတ်သွား၏။ ယခင်က ဆူညံသံများ မရှိတော့ဘဲ ထျန်းယန်မြို့သည် စတင်တိတ်ဆိတ်လာ၏။ စကားပြောနေကြသူများပင် တခြားသူများကို အနှောင့်အယှက်ပေးမိမည်စိုး၍ သူတို့၏အသံကိုတိုးလိုက်ကြသည်။

ပြိုင်ပွဲကွင်းကိုးကွင်းတွင် ကိုယ်တိုင်ကိုယ်ကျကြည့်နေသူများဖြစ်စေ၊ ကောင်းကင်ထက်ရှိ မှန်ကြီးမှတဆင့် ကြည့်နေသူများဖြစ်စေ ရှစ်ပွဲမြောက်ပွဲစဉ်အတွက် စိတ်လှုပ်ရှားမှုကို ညီတူမျှတူ ခံစားနေကြရသည်။

ချပ်ဝတ်လက်နက်ပြုလုပ်သူသည် ပို၍အဆင့်မြင့်လာလေလေ၊ ပြိုင်ပွဲချိန်ပို၍ပေးလာလေလေပင်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ပြင်ဆင်ချိန်၊ ပြုလုပ်ချိန် ပိုလိုအပ်၍ ဖြစ်၏။ သူတို့ပြုလုပ်သော ချပ်ဝတ်လက်နက်များသည်လည်း ပို၍စွမ်းအားကြီးလာ၏။

ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲ၏ ရှစ်ပွဲမြောက်ပွဲစဉ်ကို စတင်လိုက်သည်နှင့်တစ်ပြိုင်နက် မြို့သခင်ရုံးတော်အတွင်းရှိ လူများသည် သူတို့စိတ်ဝင်စားထားကြသည့် လူအနည်းငယ်ကို အာရုံစိုက်ကြည့်ရှုလိုက်ကြသည်။ ထင်ထားသကဲ့သို့ပင် ထိုပြိုင်ပွဲဝင်အနည်းငယ်သည် သူတို့ယှဉ်ပြိုင်သည့် သက်ဆိုင်ရာပြိုင်ပွဲကွင်းများတွင် သူတို့၏အံ့အားသင့်ဖွယ်အရည်အချင်းကို ထုတ်ပြခဲ့ကြသည်။ သူတို့သည် စိတ်မပျက်စေခဲ့ပေ။ သူတို့သည် မြို့သခင်ရုံးတော်အတွင်းသို့ ဖိတ်ခေါ်ခံရမည်ဖြစ်ကြောင်း မျှော်လင့်ပြီးသားဖြစ်၍ တခြားသူများကို များစွာအာရုံစိုက်မနေကြတော့ပေ။

သို့သော် ပွဲစဉ်ကြာလာသည်နှင့်အမျှ သူတို့၏မျက်နှာထားများသည် အတော်လေးစိတ်ဝင်စားစရာကောင်းလာသည်။ ခုနစ်ပွဲမြောက်ပွဲစဉ်ကဲ့သို့ပင် စွမ်းအားကြီးသူများစွာ ထွက်ပေါ်လာ၏။ မြို့သခင်ရုံးတော်သည် ထိုသူများကို ယခင်က မသိရှိခဲ့ပေ။

သို့သော် ထိုသူများ ချပ်ဝတ်လက်နက်ပြုလုပ်သည်ကို ဆက်ကြည့်ရင်း ထိုသူများ၏ချပ်ဝတ်လက်နက်ပြုလုပ်သည့် အဆင့်သည် အံ့အားသင့်ဖွယ် မြင့်မားကြောင်း သိရှိလာရသည်။ ထို့အပြင် သူတို့သည် ချပ်ဝတ်လက်နက်ပြုလုပ်ရာတွင် တည်ငြိမ်မှုရှိသည်။ သူတို့သည် ကြည့်ရှုနေသူများကို ဝိုးခနဲ၊ ဝါးခနဲ ဖြစ်မသွားစေသော်လည်း သူတို့ပြုလုပ်နေသည့် အဆင့်တိုင်းသည် ပြစ်ချက်တစ်စုံတစ်ရာမပါဘဲ ပြီးပြည့်စုံလေသည်။ သို့ဖြစ်ရာ ထိုချပ်ဝတ်လက်နက်ပြုလုပ်သူများ၏ အဆင့်ကို လူတိုင်းပြောနိုင်၏။

“ဒီတစ်ခေါက် ထျန်းယန်မြို့ရဲ့ ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲကို တကယ်ပဲ စွမ်းအားကြီးကျွမ်းကျင်ချပ်ဝတ်လက်နက်ပြုလုပ်သူတွေအများကြီး လာယှဉ်ပြိုင်တာလား”

အဘိုးအိုတစ်ဦးက မေးလိုက်သည်။ သူသည် အနည်းငယ် အံ့အားသင့်နေပုံပေါ်လေသည်။ အစောက ခုနစ်ပွဲမြောက်တွင်ပင် သူတို့မသိရှိထားသည့် စွမ်းအားကြီးသူအချို့ ထွက်ပေါ်လာပြီးဖြစ်သည်။

လက်ရှိ ရှစ်ပွဲမြောက်တွင်လည်း ထိုကဲ့သို့သူများ ထပ်မံထွက်ပေါ်လာရာ သူတို့အနေဖြင့် မည်သို့ အံ့အားမသင့်ဘဲနေမည်နည်း။

ထို့အပြင် သူတို့၏ ချပ်ဝတ်လက်နက်ပြုလုပ်စွမ်းရည်သည် မြို့သခင်ရုံးတော်က အာရုံစိုက်နေခဲ့သော လူအနည်းငယ်ထက် မနိမ့်ပေ။ သူတို့၏အဆင့်သည် ထျန်းယန်မြို့သခင်ရုံးတော်အတွင်းရှိ ထိပ်တန်းကျွမ်းကျင်ချပ်ဝတ်လက်နက်ပြုလုပ်သူများနှင့်ပင် ယှဉ်နိုင်၏။

ပို၍အရေးကြီးသည်မှာ ထိုသူများသည် အရည်အချင်းအကုန် ထုတ်ပြနေခြင်းမဟုတ်ဟု သူတို့ခံစားနေရခြင်းပင်။ ထိုအခိုက်တွင် သူတို့သည် နောက်တစ်ဆင့်သို့တက်ကာ မြို့သခင်ရုံးတော်အတွင်း၌ ဆက်ယှဉ်ပြိုင်နိုင်ရန်အတွက်သာ အမှားမပါအောင် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ထင်ရ၏။ အကယ်၍ သူတို့သာ အစွမ်းကုန်ထုတ်သုံးခဲ့ပါက ဆယ်ပွဲမြောက်တွင် သူတို့သည် ထင်ထားသည်ထက် ပို၍ကောင်းကောင်း လုပ်ဆောင်နိုင်ပေလောက်သည်။

“ထိပ်တန်းကျွမ်းကျင်ချပ်ဝတ်လက်နက်ပြုလုပ်သူတွေ အများကြီးမရှိပါဘူး။ ကောင်းကင်ဒေသမှာတောင် အဲဒီလိုလူတွေ အများကြီးမရှိဘူး။ ချပ်ဝတ်လက်နက်ပြုလုပ်တဲ့နေရာမှာ အရမ်းအဆင့်မြင့်တဲ့ ထိပ်သီးတွေဆို ပိုတောင်ရှားသေးတယ်”

ထျန်းယန်မြို့သခင်က ပြောလိုက်၏။ သူပြောလိုက်သောစကား၏နောက်တွင် တခြားအဓိပ္ပာယ်တစ်ခု ရှိသေးပုံပေါ်လေသည်။ ထို့ကြောင့် ထိုစကားကိုကြားလိုက်သူတိုင်းသည် စိတ်ဝင်စားသွားကြသည်။

သို့သော် ထိုကိစ္စသည် တိုက်ဆိုင်မှုတစ်ခုသာလော၊ သို့မဟုတ် ကောင်းကင်ဒေသတွင် သိုသိုသိပ်သိပ်နေထိုင်နေသော ထိပ်တန်းကျွမ်းကျင်ချပ်ဝတ်လက်နက်ပြုလုပ်သူများ ရှိနေသေးသည်လော။

ကောင်းကင်ဒေသည် လွန်စွာကျယ်ဝန်းပြီး စွမ်းအားကြီးကျင့်ကြံသူများစွာ ရှိသည်။ သို့သော် ထိုသို့သောအဆင့်ရှိသည့် ချပ်ဝတ်လက်နက်ပြုလုပ်သူများသည် လုံးဝလူမသိ၊ သူမသိ ရှိနေနိုင်မည်မဟုတ်ပေ။

မြို့သခင်ရုံးတော်အတွင်း၌ လူများစွာသည် သိမ်မွေ့သောအပြောင်းအလဲ အငွေ့အသက်တစ်ခုကို ခံစားလာရသည်။ ရှီးချီယောင်သည် မှန်ကိုးချပ်အတွင်းရှိ ပုံရိပ်များကိုကြည့်လိုက်၏။ သူမ၏နှုတ်ခမ်းစွန်းနှစ်ဖက်တွင် အပြုံးတစ်ခုပေါ်လာ၏။ ကိစ္စများသည် ပို၍ပင်စိတ်ဝင်စားစရာကောင်းလာပေတော့မည်။

ပွဲစဉ်ရှစ်ပွဲမြောက်မှစ၍ ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သော ပြိုင်ပွဲဝင်အရေအတွက်သည် ယခင်ကထက် ပို၍နည်းပါးလာသည်။ ပွဲစဉ်တစ်ပွဲချင်းစီတိုင်းတွင် ဝင်ရောက်ယှဉ်ပြိုင်သူ နည်းလာသော်လည်း ပွဲစဉ်အတွက် ကန့်သတ်ချိန်သည် ပွဲစဉ်တစ်ပွဲထက်တစ်ပွဲ ပိုတိုးလာ၏။

အချိန်တဖြည်းဖြည်းကုန်ဆုံးလာပြီး ထူးကဲသော ရန်ဟောင်အဆင့်ဝိညာဉ်လက်နက်တစ်ခုသည် အသက်ဝင်လာ၏။ ၎င်းသည် ပြိုင်ပွဲကွင်းအထက်ရှိ ကောင်းကင်ထက်သို့ ဟိန်းအော်လိုက်ပြီး လင်းလက်တောက်ပနေသည်။ ‌နောက်ဆုံးတွင် လူအချို့သည် ဝိညာဉ်လက်နက်များကို အောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့ပေပြီ။

တဖြည်းဖြည်းဖြင့် ဝိညာဉ်လက်နက်များကို အောင်အောင်မြင်မြင် ပြုလုပ်နိုင်သည့် ပြိုင်ပွဲဝင်များ ပိုများလာသည်။ မျှော်လင့်ထားသကဲ့သို့ပင် မြို့သခင်ရုံးတော်က စောင့်ကြည့်နေသော လူအနည်းငယ်အပြင် တခြား အမည်မသိပြိုင်ပွဲဝင်အနည်းငယ်သည်လည်း အောင်‌အောင်မြင်မြင်လုပ်နိုင်ခဲ့၏။ သူတို့သည် သူတို့၏ပြိုင်ပွဲကွင်းတွင် အနိုင်ရသူများဖြစ်လာကြ၏။ ထို့ကြောင့် သူတို့သည်လည်း ချပ်ဝတ်လက်နက်ပြုလုပ်သူများအနေဖြင့် မြို့သခင်ရုံးတော်အတွင်းသို့သွားရပေမည်။

ထိုပွဲစဉ်ပြီးဆုံးသွားသောအခါ မြို့သခင်ရုံးတော်အတွင်းရှိ အခြေအနေသည် စတင်ပြောင်းလဲလာ၏။ အစပိုင်းတွင် ပျော်ရွှင်ဝမ်းမြောက်မှုမှနေ၍ ယခုတွင် သူတို့သည် သံသယများကို ခံစားနေရပေပြီ။ အရိပ်တစ်ခုသည် နောက်ကွယ်တစ်နေရာရာတွင် မထင်မရှား ပုန်းအောင်းနေ၏။

သို့သော် ထျန်းယန်မြို့သခင်သည် တည်ငြိမ်အေးဆေးနေပုံပေါ်လေသည်။ သူသည် ထိုကိစ္စကို များစွာအရေးမစိုက်သကဲ့သို့ပင်။ သူသည် ပြုံးလျှက် ပြောလိုက်၏။

“ကောင်းလိုက်တာ... ရှစ်ပွဲမြောက်ကတောင် ဒီလောက်စိတ်လှုပ်ရှားစရာကောင်းနေရင် ကိုးပွဲမြောက်ကြရင် ပြိုင်ပွဲဝင်တွေဆီက ဘယ်လိုလုပ်ဆောင်ချက်တွေကို မျှော်လင့်ထားရမလဲဆိုတာတောင် ကျုပ်မသိတော့ဘူး”

“သေချာပေါက် စိတ်ပျက်စေရမှာ မဟုတ်ပါဘူး”

ရှီးချီယောင်က ပြုံးလျှက်တီးတိုးပြောလိုက်၏။ သူမ၏မျက်လုံးများသည် စင်မြင့်ကိုသာ စူးစိုက်ကြည့်နေလေသည်။ သူမ၏စကားသည် အဓိပ္ပာယ်များစွာပါ၏။

ရီဖူရှင်းသည် စကားတစ်ခွန်းမှမပြောဘဲ လူအုပ်ထဲတွင် တိတ်တဆိတ်ထိုင်နေလေသည်။ ငွေရောင်မျက်နှာဖုံးအောက်ရှိ မျက်လုံးများသည် မြို့သခင်အိမ်တော်အတွင်းရှိ စင်မြင့်ကိုးခုအထက်ရှိ မှန်များကိုကြည့်နေလေသည်။ သူသည်လည်း မူမမှန်သည့် တစ်စုံတစ်ခုကို ခံစားနေရကြောင်း ထင်ရှား၏။

သို့သော် မည်သည့်ကိစ္စဖြစ်နေကြောင်း မည်သူမှ အတိအကျမပြောနိုင်ပေ။

နောက်ပွဲစဉ်သည် ကိုးပွဲမြောက်ပွဲစဉ်ဖြစ်သည်။ ထိုပွဲစဉ်သည် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်မကျင်းပခင် နောက်ဆုံးပွဲဖြစ်သည်။ ဤပွဲစဉ်တွင်လည်း ရှေ့ပွဲစဉ်များကကဲ့သို့ အခြေအနေမျိုး ထပ်မံဖြစ်လာမည်၊ မဖြစ်လာမည်ကို မည်သူမှ မသိပေ။

ဤတစ်ခေါက် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲသည် မြို့သခင်မျှော်လင့်ထားသည်ထက် အနည်းငယ်‌ကျော်လွန်နေကြောင်း ရီဖူရှင်း မြင်နိုင်၏။ သူတို့၏စိတ်ထဲတွင် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲသည် မည်သို့ဖြစ်မည်ကို ယေဘုယျမှန်းဆထားကြပြီးဖြစ်သည်။ လက်တွေ့ပြိုင်ပွဲသည် ထိုမှန်းဆချက်နှင့် များစွာကွဲပြားမသွားသင့်ပေ။ သို့သော် လက်ရှိအခြေအနေသည် သူတို့မှန်းဆချက်ထက် ကျော်လွန်နေကြောင်း ထင်ရှား၏။

တစ်နည်းဆိုရလျှင် ကိစ္စများသည် သူတို့မျှော်လင့်ထားသည်နှင့် လွန်စွာတလွဲတချော်ဖြစ်နေကြသည်။

ထိုကဲ့သို့သော လမ်းချော်မှုကို လျှော့မတွက်သင့်ပေ။ သူတို့၏မျှော်မှန်းထားချက်နှင့် လွဲချော်နေမှုများသည် သူတို့မထိန်းနိုင်လောက်သည့် ကိစ္စအချို့ ဖြစ်ပျက်လာနိုင်သည်ဟူသော အဓိပ္ပာယ်ပင်။

ဤပွဲတော်သည် ထျန်းယန်မြို့တွင် နှစ်တစ်ရာလျှင် တစ်ကြိမ်သာကျင်းပသော ပွဲတော်ဖြစ်သည်။ ဤပွဲတော်သို့ ကောင်းကင်ဒေသမှ ကျင့်ကြံသူများကို ဖိတ်ခေါ်ထား၏။ ထို့အပြင် ဒွန်ဟောင်အင်ပါယာနန်းတော်မှ လူများလည်း ဤနေရာသို့ ရောက်နေလေသည်။ အရှင့်သမီးတော် မင်းသမီးဒွန်ဟောင် ကိုယ်တိုင်ပင် တက်ရောက်ခဲ့သည်။ ထို့ကြောင့် မြို့သခင်ရုံးတော်သည် မမျှော်လင့်ထားသည်များ ဖြစ်လာမည်ကို မလိုလားကြောင်း ထင်ရှား၏။

သို့သော် သူတို့သည် များစွာမစိုးရိမ်ပေ။ ထျန်းယန်မြို့သခင်၏ အင်အားနှင့်ဆိုလျှင် အခြေအနေသည် သူတို့၏ထိန်းချုပ်မှုအောက်တွင်သာ ရှိသေးသည်ဟု ထင်ထားကြသည်။ အကယ်၍ ကြိုမမြင်နိုင်သော အဖြစ်အပျက်များဖြစ်ခဲ့လျှင်လည်း သူတို့မကိုင်တွယ်နိုင်လောက်သည့် ကိစ္စမျိုးဖြစ်မည်မဟုတ်ပေ။

“ပွဲစဉ်ကိုးပွဲမြောက်ကို စလိုက်တော့”

ထျန်းယန်မြို့သခင်က ပြောလိုက်၏။ သူသည်ပင် အနည်းငယ် စိတ်ဝင်စားနေသည်။ ကျင်းပတော့မည့် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲ၏ ကိုးပွဲမြောက်ပွဲစဉ်တွင် မည်သို့ဖြစ်လာမည်နည်း။

သူတို့ စောင့်ကြည့်ရုံသာ ရှိသည်။

All Chapters