မမျှော်လင့်ထားသောရလဒ်
Vol. 179 Ch. 2557
မုန့်ယန်သည် ရန်ဟောင်အဆင့်ကိုးရှိသည့် ကျော်ကြားသော ကျွမ်းကျင်ချပ်ဝတ်လက်နက်ပြုလုပ်သူတစ်ဦးဖြစ်သည်။ သူသည် ရန်ဟောင်ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်များကို ပြုလုပ်နိုင်စွမ်းရှိသည်။
သူသည် ထျန်းယန်မြေတွင် နာမည်ကျော်ကြားခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထျန်းယန်မြို့သခင်ရုံးတော်သည် သူ့ကို စည်းရုံးသိမ်းသွင်းရန် ကြိုးစားနေခဲ့ပြီး သူ့ကို မြို့သခင်ရုံးတော်နှင့် ပူးပေါင်းရန် အကြိမ်များစွာ ဖိတ်ခေါ်ခဲ့သည်။ သို့သော် အချည်းနှီးသာဖြစ်ခဲ့၏။ သူသည် မြို့သခင်ရုံးတော်၏အရင်းအမြစ်များ မပါဘဲနှင့်ပင် သူသည် ပညာရှင်အဆင့် ချပ်ဝတ်လက်နက်ပြုလုပ်သူတစ်ဦးဖြစ်လာနိုင်ကာ မြို့သခင်ရုံးတော်မှ အဆင့်တူချပ်ဝတ်လက်နက်ပြုလုပ်သူများကိုပင် အနိုင်ယူနိုင်သည်အဆင့်အထိ ရောက်နိုင်ကြောင်းကို သက်သေပြလိုနေခြင်းပင်။
ချပ်ဝတ်လက်နက်ပြုလုပ်သူများသည် မာနကြီးသူများဖြစ်ကြသည်။ မုန့်ယန်သည် တခြားသူများထက် ပို၍မာနကြီး၏။ သူသည် မြို့သခင်ရုံးတော်သို့ မဝင်လိုခြင်းမဟုတ်သော်လည်း သူသည် သူ၏ချပ်ဝတ်လက်နက်ပြုလုပ်သည့်အရည်အချင်းသည် မြို့သခင်ရုံးတော်၏အရင်းအမြစ်များကို မှီခိုခဲ့သဖြင့် ရခဲ့သည့်အရာမဟုတ်ကြောင်း အရင်ဆုံးသက်သေပြလိုသေးလေသည်။
သူတို့သည် ထိုအခွင့်အရေးကို စောင့်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ယခုတွင် ထိုအခွင့်အရေးကို ရရှိခဲ့ပေပြီ။
သူသည် မြို့သခင်ရုံးတော်မှ ထိပ်တန်းချပ်ဝတ်လက်နက်ပြုလုပ်သူများကို အနိုင်ယူပြီးမှ မြို့သခင်ရုံးတော်နှင့် ဂုဏ်သိက္ခာရှိရှိ ပူးပေါင်းမည်ဖြစ်သည်။ ထို့နောက်တွင် သူသည် မြို့သခင်ရုံးတော်၏အရင်းအမြစ်များကို အသုံးပြု၍ သူ့ကိုယ်သူ ဆက်လက်တိုးတက်အောင် လုပ်ဆောင်ကာ အဟန့်အတားများကို ကျော်ဖြတ်၍ ပို၍မြင့်သည့်အဆင့်များသို့ တက်လှမ်းမည်ဖြစ်သည်။
ထိုအချိန်တွင် မုန့်ယန်သည် ပြိုင်ပွဲကွင်းကိုးကွင်းထဲမှ တစ်ကွင်းတွင် ဝင်ရောက်ယှဉ်ပြိုင်ကာ ချပ်ဝတ်လက်နက်စတင်ပြုလုပ်နေပြီဖြစ်သည်။ သူ့အတွက် ထိုပြိုင်ပွဲသည် လွန်စွာအရေးပါ၏။
ထိုပွဲစဉ်သည် ပြိုင်ပွဲ၏ ကိုးပွဲမြောက်ပွဲစဉ်ဖြစ်သည်။ ဤပွဲစဉ်တွင် အနိုင်ရခဲ့လျှင် သူသည် မြို့သခင်ရုံးတော်သို့ ဝင်ကာ ထိပ်တန်းကျွမ်းကျင်ချပ်ဝတ်ပြုလုပ်သူများနှင့် ယှဉ်ပြိုင်ရပေမည်။
မုန့်ယန်သည် ပိရိခံ့ညားသော မျက်နှာရှိပြီး အသက်(၄၀)အရွယ်ခန့်ရှိသည်ဟု ထင်ရသည်။ သူ၏မျက်နှာထားသည် တည်ငြိမ်နေပြီး သူသည် ချပ်ဝတ်လက်နက်ပြုလုပ်ရန်နေရာကို စတင်ပြင်ဆင်နေလေသည်။ သူ့နေရာတွင် အပူချိန်သည် လွန်စွာမြင့်မား၏။ ထိုနေရာအတွင်း၌ မဟာလမ်းစဉ်၏ အရှိန်အညီးညီးမီးတောက်များ စီးဆင်းနေသည်။
မကြာမီတွင် မုန့်ယန်သည် သူပြင်ဆင်ထားသည့် သတ္တုများကို ထုတ်လိုက်ပြီး ထိုသတ္တုများကိုသန့်စင်ရန် မီးကိုအဆင့်သင့်ပြင်လိုက်သည်။
ထိုသတ္တုများသည် သူကိုယ်တိုင် ဂရုတစိုက်ရွေးချယ်ထားသော သတ္တုများဖြစ်သည်။ ထိုသတ္တုများသည် သာမန်သတ္တုများမဟုတ်ပေ။ သို့သော် သတ္တုများ၏မသန့်စင်မှုကို ဖယ်ရှားရဦးမည်ဖြစ်၍ သန့်စင်ခြင်းလုပ်ငန်းစဉ်သည် သတ္တုများ၏ အဖိုးအတန်ဆုံးအပိုင်းကိုသာ ရွေးထုတ်ပေးမည်ဖြစ်သည်။
သူ့လက်ထဲတွင် ပူပြင်းနီရဲနေသော တူကြီးတစ်ချောင်းပေါ်လာသည်။ ခြစ်ခြစ်တောက်ပူပြင်းသော နတ်မီးတောက်သည် တူပေါ်တွင် စီးဆင်းနေ၏။ သူသည် သူ၏ဝိညာဉ်လက်နက်ကို ပြုလုပ်ရန် ထိုတူဖြင့် သတ္တုများကို စတင်ထုနှက်လိုက်သည်။
သူ့ဘေးမှ တခြားပြိုင်ပွဲဝင်အားလုံးသည်လည်း လက်နက်ပြုလုပ်ခြင်းကို စတင်လုပ်ဆောင်လိုက်ကြသည်။ အချိန်တစ်ခုအထိ သတ္တုများကို ထုနှက်သံကိုသာ ကြားနေရလေသည်။
ချပ်ဝတ်လက်နက်ပြုလုပ်ခြင်းသည် အခြေခံနည်းများကို သုံးရသော လုပ်ငန်းစဉ်ဖြစ်သည်။ ပြုလုပ်သူ၏ကျင့်ကြံခြင်းအဆင့်သည် မည်မျှမြင့်သည်ဖြစ်စေ၊ သို့မဟုတ် ပြုလုပ်မည့်ဝိညာဉ်လက်နက်သည် မည်မျှအစွမ်းကြီးမည်ဖြစ်စေ အစပိုင်းအဆင့်များသည် သတ္တုကို အဆက်မပြတ်ထုနှက်ခြင်းသာဖြစ်သည်။ ထိုအဆင့်သည် အရိုးရှင်းဆုံးနှင့် အရေးကြီးဆုံးဖြစ်သည်။
ပြိုင်ပွဲ၏ ကိုးပွဲမြောက်ပွဲစဉ်တွင် ဝင်ရောက်ယှဉ်ပြိုင်သူ သိပ်မရှိပေ။ သို့သော် ဝင်ပြိုင်သူများသည်လည်း ပညာရှင်အဆင့်များဖြစ်ပြီး ထိပ်တန်း ကျွမ်းကျင်ချပ်ဝတ်လက်နက်ပြုလုပ်သူများဖြစ်သည်။ ထျန်းယန်မြို့တစ်မြို့လုံးသည် အသက်အောင့်ကာ နောက်ဆုံးပွဲစဉ်မတိုင်ခင် နောက်ဆုံးပွဲကို စိတ်အားထက်သန်စွာကြည့်နေကြလေသည်။ အချိန်သည် ဖြည်းဖြည်းချင်ကုန်ဆုံးသွား၏။ ထျန်းယန်မြို့၏တိတ်ဆိတ်မှုထဲတွင် သတ္တုများကိုထုနှက်သံကိုသာ ကြားနေရ၏။
မြို့သခင်ရုံးတော်ထဲမှ ထိပ်သီးများသည် ယခုတွင် အကြောင်းမဲ့စကားပြောဆိုခြင်းများ မလုပ်ကြတော့ပေ။ သူတို့သည် ပြိုင်ပွဲကွင်းကိုးကွင်းကိုသာ အာရုံစိုက်နေကြသည်။ မြို့သခင်ရုံးတော်မှ ကျင့်ကြံသူများသည် မုန့်ယန်ကို ပို၍အာရုံစိုက်နေကြ၏။ သူတို့သည် မုန့်ယန်၏အရည်အချင်နှင့် ချပ်ဝတ်လက်နက်ပြုလုပ်စွမ်းရည်ကို သိ၏။ အကယ်၍ မြို့သခင်ရုံးကသာ သူ့ကိုပျိုးထောင်ပေးခဲ့လျှင် သူသည် အနာဂတ်တွင် နတ်ဘုရားတစ်ဝက်လက်နက်များကိုပင် သေချာပေါက် ပြုလုပ်နိုင်လာမည်ဖြစ်သည်။ သူတို့သည် ထိုကဲ့သို့သောလူမျိုးကို စည်းရုံးသိမ်းသွင်းရန် လိုအပ်ပြီး မုန့်ယန်သည် မြို့သခင်ရုံးတော်၏ အဖွဲ့ဝင် သေချာပေါက်ဖြစ်လာရပေမည်။
ထို့ကြောင့် သူတို့သည် မုန့်ယန်၏လုပ်ဆောင်ချက်ကို မျှော်လင့်နေကြခြင်းဖြစ်သည်။
ရီဖူရှင်းသည်လည်း အာရုံစိုက်ကာ ကြည့်နေလေသည်။ မျက်မမြင်ထျယ်တစ်ယောက် သံကိုထုနှက်သည်ကို သူယခင်ကမြင်ခဲ့ဖူးသည်။ မျက်မမြင်ထျယ်၏စွမ်းရည်သည်လည်း အဆင့်မြင့်ပြီး ယခုပြိုင်ပွဲရှိ ပြိုင်ပွဲဝင်များထက် မနိမ့်ကျဟု သူတွေးလိုက်သည်။ သို့သော် မျက်မမြင်ထျယ်သည့် သူ့နောက်သို့ စတင်လိုက်ခဲ့သည့်အချိန်မှစ၍ ချပ်ဝတ်လက်နက်ပြုလုပ်ခြင်းကို ဘေးဖယ်ထားခဲ့သည်။ ဦးလေးထျယ်သာ မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီးသည်နှင့် ချပ်ဝတ်လက်နက်ပြုလုပ်ခြင်ကို ပြန်စကာ နတ်ဘုရားတစ်ဝက်လက်နက်များကို ပြုလုပ်နိုင်သည်ဟု ရီဖူရှင်းတွေးလိုက်၏။
“အခုအချိန်အထိ မုန့်ယန် လုပ်ဆောင်ခဲ့တဲ့ အဆင့်တိုင်းက တကယ့်ကို ထိပ်တန်းပဲ။ သန့်စင်ခြင်းရဲ့ ပြင်းအား၊ အချိန်တိကျမှုနဲ့ အပူချိန်ထိန်းညှိမှုတွေအကုန်လုံးက အပြစ်ပြောစရာမရှိဘူး။ သူ ထိပ်တန်းဝိညာဉ်လက်နက်တစ်ခုကို လုပ်နိုင်လောက်တယ်။ သူ ကျုပ်တို့ကို ဘယ်လို အံ့အားသင့်စေမလဲ မသိဘူး”
အချို့ ထိပ်သီးများသည် တီးတိုးပြောဆိုနေကြသည်။ သူတို့သည် တခြားသူများထက် မုန့်ယန်အပေါ် ပို၍အလေးပေးနေသည်ဟု ထင်ရ၏။
“ပြိုင်ပွဲရဲ့ ကိုးပွဲမြောက်ပွဲစဉ်မှာ မုန့်ယန်က ထင်ထားတဲ့အတိုင်းပဲ လုပ်လောက်မှာပဲ။ သူသာ အမှားမလုပ်မိဘူးဆိုရင် ဘာပြဿနာမှရှိမှာ မဟုတ်ဘူး။ အဲဒီတော့ သူက အရမ်းလုပ်ရခက်တဲ့ ဝိညာဉ်လက်နက်မျိုးကို မလုပ်လောက်ဘူး”
နောက်တစ်ယောက်က မှတ်ချက်ပြုလိုက်သည်။ အားလုံးသည် ထိုစကားကို သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြသည်။ သူသည် မှန်မှန်တိုးတက်နေသည်ဖြစ်ရာ သူ့အနေဖြင့် ပထမဆုံး မြို့သခင်ရုံးတော်သို့ ဝင်နိုင်သည့်အချိန်အထိစောင့်ပြီးမှ ပို၍လုပ်ရခက်ခဲသည့် ဝိညာဉ်လက်နက်ကို နောက်ဆုံးပိတ်အနေဖြင့် ပြုလုပ်ပြနိုင်၏။
“အဲဒီလူကို ကြည့်လိုက်ပါဦး”
တစ်စုံတစ်ယောက် မုန့်ယန်ယှဉ်ပြိုင်နေသည့် ပြိုင်ပွဲကွင်းကို လက်ညှိုးညွှန်ကာ ပြောလိုက်၏။
“မုန့်ယန်နောက်ကလူကလည်း တော်တော်လေးအရည်အချင်းရှိတဲ့ပုံပဲ”
လူအနည်းငယ် မုန့်ယန်၏နောက်ရှိ မထင်မရှားနေရာတစ်ခုတွင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ချပ်ဝတ်လက်နက်ပြုလုပ်သူတစ်ယောက် ရှိနေ၏။ သူ၏ ချပ်ဝတ်လက်နက်ပြုလုပ်နည်းစနစ်သည် သတိပြုရလောက်အောင် ထူးကဲကောင်းမွန်၏။
“သူက တော်သားပဲ”
မြို့သခင်ရုံးတော်မှ လူများစွာသည် ချပ်ဝတ်လက်နက်ပြုလုပ်ခြင်းတွင် တော်ကြသည်။ သူတို့သည် ထိုလူ၏နည်းစနစ်ကို တွေ့လိုက်သောအခါ ထိုလူသည် အရည်အချင်းရှိသူတစ်ဦးဖြစ်ကြောင်း သူတို့သိလိုက်ကြသည်။
သို့သော် သူ၏အဆင့်အတိအကျကို ပြောနိုင်ရန်အတွက်မူ အချိန်အနည်းငယ်ယူ၍ လေ့လာဆုံးဖြတ်ရဦးမည်ဖြစ်သည်။
သန့်စင်ခြင်းအဆင့်ပြီးဆုံးသွားလျှင် သတ္တုကို အရည်ကျိုကာ ပုံသွင်းရပေမည်။ သန့်စင်ပြီးသောသတ္တုများကို အချိုးကျပေါင်းစပ်ပြီးနောက် ပြုလုပ်မည့် ဝိညာဉ်လက်နက်၏ပုံစံအတိုင်း ပုံသွင်းရပေမည်။
ထိုလုပ်ငန်းစဉ်သည်လည်း တခြားအဆင့်များနည်းတူ အရေးကြီး၏။
သတ္တုရောစပ်မှုအချိုးအစား၊ အပူချိန်နှင့် တခြားလိုအပ်ချက်များသည် လွန်စွာတိကျရန် လိုအပ်သည်။ ပြုလုပ်မည့်ဝိညာဉ်လက်နက်သည် ပို၍စွမ်းအားကြီးလေလေ၊ လိုအပ်ချက်များလည်း ပိုများလေလေဖြစ်သည်။ အနည်းငယ်ချွတ်ချော်မှုရှိခဲ့လျှင်ပင် ဝိညာဉ်လက်နက်၏ စွမ်းအားကို သိသိသာသာကျဆင်းစေမည်ဖြစ်သည်။ ထို့ကြောင့် အမှားများမပြုလုပ်မိစေရန် တတ်နိုင်သမျှ ကြိုးစားရပေမည်။ မဟုတ်လျှင် သူတို့၏အားထုတ်ခဲ့မှုများသည် သဲထဲရေသွန်ဖြစ်သွားပေလိမ့်မည်။ အမှားတစ်ချက်သည် ချပ်ဝတ်လက်နက်ပြုလုပ်ခြင်းကို မအောင်မမြင်ဖြစ်သွားနိုင်စေရာ နောက်ဆုံးတွင် ရရှိလာမည့် လက်နက်သည် အသုံးမဝင်သော အမှိုက်တစ်ခုသာဖြစ်သွားပေမည်။
အချိန်သည် ဖြည်းဖြည်းချင်းကုန်ဆုံးသွား၏။ သတ္တုရောစပ်ခြင်းလုပ်ငန်းစဉ်နှင့် ပုံစံသွင်းခြင်းလုပ်ငန်းစဉ်မှနေ၍ ပြိုင်ပွဲဝင်များသည် မည်သည့်ဝိညာဉ်လက်နက်အမျိုးအစားကို ပြုလုပ်လိုနေသည်ကို ပရိသတ်များက မြင်နိုင်၏။
“မုန့်ယန်က ဓားတစ်ချောင်း လုပ်နေတာပဲ။ ထင်ထားသလိုပဲ သူက လုပ်ရတာသိပ်မရှုပ်ထွေးတဲ့ လက်နက်ကို လုပ်နေတာပဲ”
မြို့သခင်ရုံးတော်မှ လူတစ်ယောက် ပြောလိုက်၏။
“မုန့်ယန်နောက်ကလူက ဘယ်သူလဲ”
မြို့သခင်ရုံးတော်မှ လူများသည် ခေါင်းခါလိုက်ကြသည်။ ထိုလူသည် သူတို့မသိသော နောက်ထပ် စွမ်းအားကြီး ကျွမ်းကျင်ချပ်ဝတ်လက်နက်ပြုလုပ်သူတစ်ဦးဖြစ်ကြောင်း ထင်ရှား၏။
“သူ့အဆင့်ကလည်း မုန့်ယန်ထက် မနိမ့်လောက်ဘူး”
တစ်စုံတစ်ယောက်က ပြောလိုက်၏။ လက်ရှိအခြေအနေအရ သုံးသပ်ရလျှင် သူသည် မုန့်ယန်၏လွှမ်းမိုးမှုကို ခံရမည်မဟုတ်ပေ။ သူသည်လည်း မည်သည့်ချပ်ဝတ်လက်နက်ပြုလုပ်သည့်အဆင့်ကိုမဆို မုန့်ယန်ကဲ့သို့ ပြစ်ချက်မရှိလုပ်ဆောင်နိုင်ခဲ့၏။
“ဘယ်သူအနိုင်ရမလဲဆိုတာကတော့ အသေးစိတ်ပုံစံနဲ့ သတ္တုရောစပ်မှုအပေါ်မှာ မူတည်နေတုန်းပဲ”
တစ်စုံတစ်ယောက် ဆက်ပြောလိုက်၏။
“ဒါပေမဲ့ သူလုပ်နေတဲ့ ဝိညာဉ်လက်နက်က ဒယ်စောက်အိုးတစ်အိုးဖြစ်ပုံရတယ်... အနက်ရောင်ဒယ်စောက်အိုးပဲ”
သူအသုံးပြုနေသည့် မဟာလမ်းစဉ် မီးတောက်များသည်ပင် နက်မှောင်သောအရောင်ရှိသည့် မီးတောက်နက်များဖြစ်သည်။ ထိုဒယ်စောက်အိုးသည် ထူးကဲသောအငွေ့အသက်များရှိနေလေသည်။ ၎င်းကို ပြုလုပ်ပြီးစီးသွားသည်နှင့် ၎င်းသည် အဖက်ဖက်မှ ပြီးပြည့်စုံသော လက်နက်တစ်ခုဖြစ်လာမည်ဖြစ်သည်။
“မုန့်ယန် မသိလောက်ဘူး...”
တစ်စုံတစ်ယောက်က ပြောလိုက်၏။
ချပ်ဝတ်လက်နက်ပြုလုပ်သူများသည် အမှားမလုပ်မိစေရန် စိတ်အာရုံပျံ့လွင့်မခံဘဲ ချပ်ဝတ်လက်နက်ပြုလုပ်သည့် လုပ်ငန်းစဉ်တွင်သာ အာရုံအပြည့်အဝနှစ်ထားရလေသည်။ မုန့်ယန်၏အတွေ့အကြုံအရဆိုလျှင် သူသည် ထိုကဲ့သို့အမှားမျိုးကို ပြုလုပ်မည်မဟုတ်ပေ။ သူသည် သူ့အလုပ်အတွင်း၌သာ အပြည့်အဝစိတ်နစ်မြုပ်နေပြီး ဘေးပတ်ဝန်းကျင်မှ ကိစ္စများကို သတိမပြုမိချေ။
သူသည် သူ၏ချပ်ဝတ်လက်နက်ပြုလုပ်စွမ်းရည်ပေါ်တွင် ယုံကြည်မှုအပြည့်အဝရှိသည်။ သူသာ အဆင့်တိုင်းကို အမှားမရှိဘဲ ပြီးမြောက်အောင်လုပ်ဆောင်နိုင်ခဲ့ပါက ထိုပြိုင်ပွဲကွင်းအတွင်း၌ သူဖန်တီးလိုက်သော လက်နက်သည် စွမ်းအားအကြီးဆုံးဖြစ်မည်ဟု သူယုံကြည်လေသည်။ သူ၏ရည်မှန်းချက်သည် ပြိုင်ပွဲကွင်းကိုးကွင်းလုံးတွင် စွမ်းအားအကြီးဆုံးလက်နက်ကို ပြုလုပ်နိုင်ရန်ဖြစ်သည်။ သူသည် ဆယ်ပွဲမြောက်တွင် ပြိုင်ပွဲဝင်များအားလုံးထဲမှ မြို့သခင်ရုံးတော်မှ ထိပ်သီးကျွမ်းကျင်ချပ်ဝတ်လက်နက်ပြုလုပ်သူများကို အနိုင်ယူလိုခြင်းဖြစ်သည်။
ထိုကဲ့သို့သော ကိုယ့်ကိုယ်ကို အလွန်ယုံကြည်မှုရှိခြင်းသည် မုန့်ယန်ကို တခြားသူများ ပြုလုပ်နေသည်များကို အာရုံမစိုက်စေခဲ့ပေ။ သူသည် သူ၏လက်နက်ကို တစ်ဆင့်ပြီးတစ်ဆင့် ပြီးမြောက်အောင်ပြုလုပ်ရန်သာ အာရုံစိုက်နေခဲ့သည်။ သူပြုလုပ်သော အဆင့်တိုင်းသည်လည်း ပြီးပြည့်စုံခဲ့၏။
သို့သော် ထိုကဲ့သို့ ပြီးပြည့်စုံသော်လည်း အချို့လူများသည် သူ့အတွက် စိုးရိမ်နေ၏။ အဘယ်ကြောင့်ဆိုသော် သူ၏ပြိုင်ဘက်သည်လည်း သူ့ကဲ့သို့ပင် ပြီးပြည့်စုံအောင် လုပ်ဆောင်နေနိုင်သောကြောင့်ပင်။
ထိုအခိုက်တွင် မြို့သခင်ရုံးတော်မှ ထိပ်သီးအချို့သည် ထိုနှစ်ဦး၏လုပ်ဆောင်နေမှုများကို အထူးအာရုံစိုက်နေကြသည်။ အချို့လူများသည် ရှင်းပြ၍မရနိုင်သော စိတ်လှုပ်ရှားမှုကိုပင် ခံစားနေရ၏။
တဖြည်းဖြည်းဖြင့် ပြိုင်ပွဲဝင်အချို့သည် သူတို့၏ဝိညာဉ်လက်နက်များပေါ်တွင် ပုံစံများ စတင်ထွင်းလာကြပြီး လက်နက်ကို မဟာလမ်းစဉ်နှင့်ပေါင်းစည်းကာ ဝိညာဉ်ထည့်ပေးနေကြပြီဖြစ်သည်။
အချိန်ကုန်လာသည်နှင့်အမျှ အချို့ပြိုင်ပွဲဝင်များသည် သူတို့၏ဝိညာဉ်လက်နက်များကို ပြုလုပ်ပြီးစီးသွားကြလေသည်။ သို့သော် အရင်ဆုံးပြီးသောလက်နက်သည် စွမ်းအားအကြီးဆုံးလက်နက်ဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ ချပ်ဝတ်လက်နက်ပြုလုပ်ခြင်းသည် မြန်မြန်ပြီးစီးရန်မဟုတ်ဘဲ ပြုလုပ်သောလက်နက်၏ အရည်အသွေးကောင်းရန်သာ အဓိကဖြစ်သည်။
တဖြည်းဖြည်းဖြင့် ထိုဝိညာဉ်လက်နက်များသည် တစ်ခုပြီးတစ်ခု ပြီးစီးလာကြလေသည်။
ထိုအချိန်တွင် မုန့်ယန်သည် သက်ပြင်းရှည်ရှည်တစ်ချက် မှုတ်ထုတ်လိုက်သည်။ ထို့နောက်တွင် သူသည် လက်ဝါးတစ်ချက်ဝှေ့ယမ်းလိုက်ရာ တောက်ပသောနတ်အလင်းတစ်ခုသည် ကောင်းကင်ထက်သို့ ရုတ်တရက်ပျံတက်သွားသည်။ ထိုအလင်းတန်းသည် ကောင်းကင်ကို ဖောက်ထွင်းသွားသကဲ့သို့ပင်။ နတ်ဓားတစ်ချောင်း ပျံတင်သွားပြီး ကောင်းကင်ကို မြည်ဟည်းသွားစေ၏။ ၎င်းထံမှ ထွက်ပေါ်လာသည့် နတ်အရောင်အဝါသည် လောကကို အံ့အားသင့်သွားစေပြီး လူပေါင်းများစွာကို အံ့ဩတကြီး သက်ပြင်းချစေလိုက်သည်။
ထျန်းယန်မြို့တစ်ခွင်လုံးရှိ လူအားလုံးသည် ထိုဓားအလင်းကို စိတ်ဝင်တစားကြည့်ရှုနေကြသည်။
“ဘယ်လောက်တောင် စွမ်းအားကြီးလိုက်တဲ့ဓားလဲ”
လူတစ်ယောက်က ရေရွတ်လိုက်သည်။
“ဒီလက်နက်ရဲ့ အဆင့်က တော်တော်လေးမြင့်လောက်တယ်”
“မုန့်ယန် နာမည်ကျော်တာ မအံ့ဩတော့ပါဘူး။ ရန်ဟောင်အဆင့်ကျင့်ကြံသူတွေထဲမှာ သူက အတော်ဆုံး ချပ်ဝတ်လက်နက်ပြုလုပ်သူဖြစ်လိမ့်မယ်... သူ့အရည်အချင်းက မြို့သခင်ရုံးတော်က ကျွမ်းကျင်ချပ်ဝတ်လက်နက်ပြုလုပ်သူတွေထက် မနိမ့်ဘူး”
တခြားတစ်ယောက်က ပြောလိုက်၏။
မုန့်ယန်သည် သူ့ပြုလုပ်ထားသော ဓားကိုမြင်လိုက်သောအခါ သူ့မျက်နှာပေါ်တွင်လည်း ရှားပါးသောအပြုံးတစ်ချက် ပေါ်လာ၏။ သူသည် သူပြုလုပ်ထားသော ဝိညာဉ်လက်နက်အပေါ်တွင် ယုံကြည်မှုအပြည့်ရှိပုံရသည်။
သူသည် ထိုအခါမှ ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်လိုက်သည်။ သူပြုလုပ်ပြီးနောက်တွင် တခြားပြိုင်ပွဲဝင်များသည်လည်း သူတို့၏ဝိညာဉ်လက်နက်များကို ပြုလုပ်ပြီးနေကြပြီဖြစ်သည်။ တခြားပြိုင်ပွဲဝင်များ၏ ဝိညာဉ်လက်နက်များသည် သူ့နတ်ဓားလောက် အဆင့်မမြင့်ပေ။ ပြုလုပ်မပြီးသေးသောသူ တစ်ယောက်သာ ကျန်တော့လေသည်။
ထျန်းယန်မြို့နှင့် မြို့သခင်ရုံးတော်ထဲတွင် ချပ်ဝတ်လက်နက်ပြုလုပ်ရာတွင် ကျွမ်းကျင်သူများနှင့် ကျင့်ကြံခြင်းအဆင့်မြင့်သောသူများ ထိုမျှများများရှိလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ ထိုသူများ၏ မျက်နှာထားသည် အတော်လေးတည်ငြိမ်နေ၏။
“ဟမ်...”
မုန့်ယန်သည်လည်း တစ်စုံတစ်ခု မူမမှန်ကြောင်း ခံစားလိုက်ရပုံပေါ်လေသည်။ ထို့နောက်တွင် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။
ယင်းနောက် အနက်ရောင် ဒယ်စောက်အိုးတစ်အိုးသည် ကောင်းကင်ထက်သို့ ပျံတက်သွားသည်။ ထိုဒယ်စောက်အိုးပေါ်တွင် ကြောက်မက်ဖွယ် အနက်ရောင်နဂါးပုံများစွာ ထွင်းထားလေသည်။ ၎င်းတို့၏ပါးစပ်များသည် ကျယ်လောင်စွာပွင့်နေပြီး ၎င်းတို့၏အစွယ်များကို ပြသနေပြီး အရာအားလုံးကို ဝါးမျိုတော့မည်ဟန်ပန်ရှိသည်။ ထိုနဂါးနက်များ အသက်ဝင်လာသောအခါ အာကာပြင်သည် မှုန်မှိုင်းသွား၏။ ယင်းနဂါးနက်များသည် ကောင်းကင်နှင့်မြေကြီးအကြားရှိ အရှိန်အဝါကို ဝါးမျိုကာ နေနှင့်လ၏ အနှစ်သာရကို ဆုပ်ယူလိုက်၏။
ရုတ်ခြည်းအတွင်းမှာပင် ပြိုင်ပွဲကွင်းသည် မည်းမှောင်သွားသည်။ လူများစွာသည် ထိုဒယ်စောက်အိုးကို စူးရှသောမျက်ဝန်းများဖြင့် ကြည့်နေကြသည်။
“ဒါက...”
ကျင့်ကြံသူများစွာသည် ရင်ခုန်သွားကြပြီး မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို နားမလည်နိုင်ဖြစ်နေကြသည်။ အဘယ်ကြောင့် ထိုဝိညာဉ်လက်နက်သည် ထိုကဲ့သို့ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေကြောင်းကိုလည်း သူတို့နားမလည်ကြပေ။
ထိုပြိုင်ပွဲကွင်းမှ တခြားဝိညာဉ်လက်နက်များစွာ၏အလင်းသည် ယင်းလက်နက်မှထွက်ပေါ်လာသော အမှောင်ထု၏ ဖိနှိပ်ခြင်းကိုခံလိုက်ရပြီး မှေးမှိန်လာတော့သည်။ နတ်ဓား၏ နတ်အလင်းသည်သာ ဖိနှိပ်မခံရပေ။ ၎င်းနတ်ဓားသည် ထိုနေရာကို အလင်းပေးနေပြီး ဒယ်စောက်အိုးနှင့် ယှဉ်ပြိုင်နေလေသည်။
တခြားဝိညာဉ်လက်နက်များသည် ရှုံးနိမ့်သွားပြီဖြစ်ကြောင်း ထျန်းယန်မြို့တွင်းမှ လူများသည် ရှင်းရှင်းလင်းလင်းသိလိုက်၏။ ထိုဝိညာဉ်လက်နက်နှစ်ခုသည်သာ မည်သည့်လက်နက်က ပထမနေရာရရန် အရည်အသွေးရှိသည်ကို ပြိုင်ရပေမည်။
မြို့သခင်ရုံးတော်အတွင်းမှ ကျင့်ကြံသူများသည် စူးရှသောမျက်လုံးများဖြင့် မှန်မှတဆင့်မြင်နေရသည့် ထိုပြိုင်ပွဲကွင်းကို ကြည့်ရှုနေကြသည်။ သူတို့သည် မှန်မှတဆင့်ကြည့်နေရ၏။ကိုပင် အားမရတော့ဘဲ ကောင်းကင်ထက်သို့ပျံတက်ကာ ထိုဝိညာဉ်လက်နက်နှစ်ခုကို လှမ်းကြည့်လိုက်ကြသည်။ သူတို့သည် ရင်ခုန်စိတ်လှုပ်ရှားနေကြသည်။ မုန့်ယန်သည် မြို့သခင်ရုံးတော်က စည်းရုံးသိမ်းသွင်းလိုနေသည့် ကျွမ်းကျင်ချပ်ဝတ်လက်နက်ပြုလုပ်သူဖြစ်ကြောင်း သူတို့သိ၏။ မုန့်ယန်သည် မြို့သခင်ရုံးတော်၏ အဖွဲ့ဝင်တစ်ဦးဖြစ်လာလိမ့်မည်ဟု အားလုံးမျှော်လင့်နေကြသည်။
သို့သော် ယခုတွင် ထိုကဲ့သို့ အလွယ်တကူ ဖြစ်နိုင်တော့မည်မဟုတ်ပေ။
“ဒိုင်လူကြီး...”
ဒယ်စောက်အိုးကို ပြုလုပ်ခဲ့သည့် အနက်ရောင်ဝတ်စုံနှင့် ချပ်ဝတ်လက်နက်ပြုလုပ်သူသည် လေသံဖျော့ဖျော့ဖြင့် ပြောလိုက်၏။ သူ၏အသံထွက်ပေါ်လာသည်နှင့် ဒယ်စောက်အိုးမှ ထွက်ပေါ်နေသော အမှောင်ထုသည် ပို၍မည်းမှောင်လာပြီး တခြားအလင်းအားလုံးကို ဝါးမျိုသွား၏။ နတ်ဓားသည်လည်း ဖိနှိပ်ခံရလုနီးပါးဖြစ်လာပြီး အဆက်မပြတ် မြည်ဟည်းနေသည်။ ၎င်းထံမှနေ၍ ကြောက်မက်ဖွယ် နတ်အလင်းများထွက်ပေါ်လာသည်။ သို့သော် ၎င်းသည် ဖိနှိပ်ခံနေရလေသည်။
၎င်းသည် ဖိနှပ်မှုအနည်းငယ်ကို ခံနေရပုံပေါ်၏။
မုန့်ယန်၏မျက်နှာထား ပြောင်းလဲသွားသည်။ သူသည် ဆက်၍ တောင်ခံ့ရန် ကြိုးစားလိုက်သော်လည်း တခြားသူပြုလုပ်ထားသော ဝိညာဉ်လက်နက်သည် တခြားနတ်လက်နက်များကို ဖိနှိပ်နိုင်၏။
“ဆရာမုန့်ယန်...”
ဒိုင်လူကြီးက မုန့်ယန်ကို ပြောလိုက်၏။ မုန့်ယန်သည် ခေါင်းမော့၍ ဒိုင်လူကြီးကို ကြည့်လိုက်သည်။
“ဒီနတ်ဓားက ထူးကဲပါတယ်။ ဆရာမုန့်ယန်ရဲ့ အရည်အချင်းအဆင့်ကတော့ အရင်ကအတိုင်းပါပဲ။ မြို့သခင်ရုံးတော်ရဲ့ကိုယ်စား ကျုပ် ဆရာမုန့်ယန်ကို ဖိတ်ခေါ်ပါတယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲမှာတော့ ဆရာမုန့်ယန်ရဲ့ နတ်ဓားက ပြိုင်ဘက်ရဲ့လက်နက်ထက် နည်းနည်းလေး အဆင့်နိမ့်နေတယ်”
ထို့သို့ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်သည် လွန်စွာတိတ်ဆိတ်သွား၏။
မုန့်ယန်သည် မမျှော်လင့်ထားဘဲ ရှုံးနိမ့်ခဲ့ပေပြီ။
မုန့်ယန်ကိုယ်တိုင်ပင် မှင်တက်နေလေသည်။ သူသည် ကောင်းကင်ထက်ရှိ အင်ပါယာအဆင့် လက်နက်နှစ်ခုကို ကြည့်လိုက်သည်။ အမှန်ပင် သူရှုံးနိမ့်သွားပေပြီ။ သူသည် အရှုံးကိုလက်မခံနိုင်ခြင်းမဟုတ်သော်လည်း အနည်းငယ် မယုံနိုင်ဖြစ်နေခြင်းပင်။ သူသည် မြို့သခင်ရုံးတော်အတွင်းသို့ မဝင်နိုင်ခင်မှာပင် ရှုံးနိမ့်ခဲ့၏။ ထို့ကြောင့် သူသည် မြို့သခင်ရုံးတော်အတွင်း၌ ကျင်းပမည့် နောက်ဆုံးပွဲတွင် ဝင်ပြိုင်ရန် အရည်အချင်းမမီတော့ပေ။
ထိုကိစ္စသည် တခြားသူများအတွက် သာမန်သာဖြစ်နိုင်သော်လည်း သူ့အတွက်မူ အလွန်အရေးပါသောကိစ္စဖြစ်၏။
သူသည် သူ၏အရည်အချင်းကို ကိုယ်တိုင်သက်သေပြလိုသဖြင့် ယခင်ကတည်းက မြို့သခင်ရုံးတော်သို့ မဝင်ခဲ့ခြင်းဖြစ်သည်။ သူသည် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲတွင် အထူးချွန်ဆုံးလူဖြစ်ကြောင်း အရင်ဆုံးသက်သေပြလို၏။ သို့သော် ယခုတွင် သူ ရှုံးနိမ့်သွားခဲ့ပေပြီ။ မည်မျှ ရယ်စရာကောင်းသနည်း။
“ကျုပ် ရှုံးတယ်”
မုန့်ယန်ရေရွတ်လိုက်သည်။ သူသည် ရင်ထဲတွင် ရှုံးနိမ့်မှုကို မယုံနိုင်ဖြစ်နေသေးသော်လည်း သူရှုံးနိမ့်သွားသည်ကို မျက်ဝါးထင်ထင်မြင်နေရ၏။ သူသည် အရှုံးကို လက်ခံရန် လိုအပ်၏။
မုန့်ယန်သည် ထိုသို့ပြောလိုက်ပြီးနောက် နောက်လှည့်ကာ ထွက်ခွာသွား၏။ သူသည် အနည်းငယ် စိတ်ဓာတ်ကျနေပုံပေါ်သည်။ သူထွက်ခွာသွားသောပုံရိပ်သည် အလွန်စိတ်ဓာတ်ကျဖွယ်ပင်။ မြို့သခင်ရုံးတော်အတွင်းမှ ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့၏ရင်ထဲတွင်လည်း တူညီသောရှုပ်ထွေးမှုကို ခံစားလိုက်ရသည်။
မုန့်ယန်သည် မြို့သခင်ရုံးတော်သို့ မဝင်နိုင်တော့မည်ပုံပင်။
ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မည်သူမှ မျှော်လင့်ထားမည်မဟုတ်ပေ။ သို့သော် သူတို့ရှေ့ရှိ ထိုမယုံနိုင်ဖွယ်ကိစ္စသည် အမှန်တရားပင်ဖြစ်သည်။
သို့သော် အနိုင်ရရှိသွားသူသည် မည်သူဖြစ်သနည်း။