← Chapters

ဆယ်ပွဲမြောက်ပွဲစဉ်

Vol. 179 Ch. 2559

ဆယ်ပွဲမြောက်ပွဲစဉ်

Vol. 179 Ch. 2559

ဝမ်ရှောင်... သူ၏အမည်ကို သိခဲ့သည်မှာ မကြာသေးပေ။ ထျန်းယန်မြို့သခင်ရုံးတော်နှင့် ရင်းနှီးသူများသည် သူ၏အမည်ကို ကြားဖူးကောင်းကြားဖူးနိုင်၏။ သို့သော် ထျန်းယန်မြို့ထဲတွင် ထူးချွန်၊ ထက်မြက်သော လူပေါင်းများစွာရှိသည်။ ထို့ကြောင့် ဝမ်ရှောင်ကို များစွာသတိမပြုမိကြပေ။

သို့သော် မကြာသေးခင်က သတင်းတစ်စသည် မည်သည့်နေရာမှမသိ ထွက်ပေါ်လာခဲ့သည်။ ဝမ်ရှောင်သည် ထျန်းယန်မြို့၏ဆက်ခံသူဖြစ်ပြီး အရှင်ထျန်းယန်၏အမွေခံဖြစ်သည်ဟူ၏။ သူသည် မြို့သခင်ရုံးတော်အတွင်းရှိ နံပါတ်တစ်ပါရမီရှင်ဖြစ်သည်။

သူသည် လူမသိ၊ သူမသိဖြင့်ပင် ကပ်ဘေးအဆင့်သို့ ရောက်ရှိခဲ့ပြီး ထူးကဲသော နတ်ဘုရားတစ်ဝက်လက်နက်များကို ပြုလုပ်နိုင်၏။ သူသည် ထျန်းယန်မြို့၏ ဆက်ခံသူဖြစ်မည်ဟု ယခင်က ကောလာဟလများထွက်ခဲ့သော ဝမ်မြန်ထက် များစွာပို၍ထူးချွန်လေသည်။

ဝမ်မြန်သည် သူ၏လက်ထောက်သာ ဖြစ်နိုင်၏။

ဝမ်ရှောင်၏ ဟန်ပန်အမူအရာထဲတွင် မောက်မာမှုများမရှိပေ။ သူသည် အလွန်ပင် ဖော်ရွေတတ်ပုံပေါ်နေလေသည်။ သူသည် အသက်(၃၀)ကျော်ရုံသာ ရှိသေးသည်ဟုထင်ရပြီး ရွှေရောင်ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားသည်။ သူ့ထံမှ ဉာဏ်ပညာကြီးမား၍ ခံ့ညားသော အရှိန်အဝါကို ရရှိနေသည်။ ထို့ကြောင့် သူသည် ထျန်းယန်မြို့၏ဆက်ခံသူဖြစ်သည်ဟု လူများကို ခံစားနေရစေ၏။

“ဝမ်ရှောင်... ထျန်းယန်မြို့က မျိုးဆက်သစ်တွေထဲမှာ အ‌တော်ဆုံးချပ်ဝတ်လက်နက်ပြုလုပ်သူပဲ...ပြီးတော့ အတော်ဆုံးကျင့်ကြံသူလည်းဖြစ်တယ်။ သူက အရှင်ထျန်းယန်ရဲ့ အမွေ့အနှစ်ကိုလည်း ပြည့်ပြည့်စုံစုံ ရရှိခဲ့တယ်။ ကျုပ် အနားယူတဲ့အချိန်ကျရင် သူက ထျန်းယန်မြို့ရဲ့ နောက်တက်မယ့် မြို့သခင်ဖြစ်လာလိမ့်မယ်။ ဒီကအားလုံးပဲ သူ့ကို နည်းနည်းလောက် ကူညီပေးကြလိမ့်မယ်လို့ ကျုပ်မျှော်လင့်ပါတယ်”

ထျန်းယန်မြို့သခင်က ကြေညာလိုက်သည်။ သူ၏အသံသည် မြို့သခင်ရုံးတော်အတွင်းရှိ လူများ၏နားအတွင်းသို့ ရောက်ရှိသွားရုံသာမက ထျန်းယန်မြို့တစ်ခွင်လုံးတွင်လည်း ပဲ့တင်ထပ်သွား၏။

ထျန်းယန်မြို့သခင်သည် ဝမ်ရှောင်ကို လူရှေ့သို့ထုတ်ပြကာ သူ၏အဆင့်အတန်းကို လောကကြီးအား တရားဝင်ကြေညာခဲ့ပေပြီ။ ထို့အပြင် သူသည် ဝမ်ရှောင်ကို ထျန်းယန်မြို့၏ ဆက်ခံသူရာထူးကို ပေးခဲ့ပြီး ဝမ်ရှောင်သည် အရှင်ထျန်းယန်၏အမွေ့အနှစ်ကို ပြည့်ပြည့်စုံစုံလက်ခံရရှိထားသူဟု ပြောခဲ့သည်။

ထျန်းယန်မြို့သည် ဝမ်ရှောင်အတွက် အရှိန်ဖန်တီးပေးရန် ဤနေ့ကို တမင်ရွေးချယ်၍ ထိုသတင်းကို လောကကြီးအား ထိုကဲ့သို့ ကြီးကျယ်ခမ်းနားသောပွဲတော်တွင် ကြေညာခဲ့ခြင်းဖြစ်သည်။

ထိုသို့ဆိုလျှင် ကောင်းကင်ဒေသတစ်ခွင်လုံးသည် ဝမ်ရှောင်၏အမည်ကို သိရှိသွားမည်ဖြစ်သည်။

ထိုအပြုအမူမှတဆင့် ထျန်းယန်မြို့သခင်၏ ဝမ်ရှောင်အပေါ်ထားသော ယုံကြည်မှုကိုလည်း မြင်နိုင်၏။ သူသည် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲ၏ နောက်ဆုံးပွဲဖြစ်သော ဆယ်ပွဲမြောက်ပွဲစဉ်မတိုင်ခင်မှာပင် ဝမ်ရှောင်ကို ထျန်းယန်မြို့၏ဆက်ခံသူရာထူးကို တရားဝင်ပေးခဲ့၏။ သို့ဖြစ်ရာ ထျန်းယန်မြို့သခင်သည် ဝမ်ရှောင်က သေချာပေါက် ပြိုင်ပွဲတွင် စွမ်းအားအကြီးဆုံးလက်နက် သို့မဟုတ် ဝိညာဉ်လက်နက်ကို ပြုလုပ်နိုင်လိမ့်မည်ဟု တွေးကြောင်း ထင်ရှား၏။ ဝမ်ရှောင်၏ပြိုင်ဘက်သည် မည်သူဖြစ်စေ သူရှုံးလိမ့်မည်မဟုတ်ဟု တွေးကြောင်းသိနိုင်၏။

ကောင်းကင်ဒေသမှ ကျင့်ကြံသူအားလုံးသည် ဝမ်ရှောင်ကို အသေအချာကြည့်လိုက်ကြသည်။ ထိုသူသည် ကောင်းကင်ဒေသတွင် အလွန်အရေးပါလာမည်ဖြစ်ကြောင်း သူတို့နားလည်ကြလေသည်။ သူသည် လက်ရှိတွင်ပင် ကပ်ဘေးအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်နေပြီဖြစ်သည်။ အကယ်၍ သူ့ကိုသာ ယခင်က မလျှို့ဝှက်ထားပါက သူသည် နာမည်ကျော်ကြားပြီးသည်မှာ ကြာလောက်ပြီဖြစ်သည်။

“အသက်ငယ်ငယ်နဲ့ ဒီလိုကျင့်ကြံခြင်းအဆင့်အထိ ရောက်နိုင်ပြီး နတ်ဘုရားတစ်ဝက်လက်နက်တွေကို ပြုလုပ်နိုင်တာက... မြို့သခင်က သူ့ကို ကောင်းကောင်းလျှို့ဝှက်ထားနိုင်ခဲ့တာပဲ...”

ကျင့်ကြံသူတစ်ဦးက ပြုံးလျှက်ပြောလိုက်၏။

“ဝမ်ရှောင်က ချပ်ဝတ်လက်နက်ပြုလုပ်သူတစ်ယောက် ဖြစ်လာဖို့ပဲ အာရုံစိုက်နေခဲ့တာပါ... ပြီးတော့ သူက မြို့သခင်ရုံးတော်ထဲမှာပဲ နေတာများတယ်ပြီး အပြင်လူတွေနဲ့ အဆက်အဆံသိပ်မလုပ်ဖူးလေ။ အဲဒါကြောင့် သူ့ကို အခုအချိန်အထိ သိတဲ့သူသိပ်မရှိခဲ့တာပါ။ ဒါပေမဲ့ ဒီနေ့မှာ လူတိုင်းသူကို သိသွားကြမှာပါ။ ဝမ်ရှောင်ရဲ့ ချပ်ဝတ်လက်နက်ပြုလုပ်တဲ့ ပါရမီက ကျုပ်ငယ်ငယ်တုန်းကထက် ပိုသာတယ်... အနာဂတ်မှာ သူက ကျုပ်ကို သေချာပေါက်‌ ကျော်တက်သွားမှာပဲ”

ထျန်းယန်မြို့သခင်သည် ပြုံးလျှက် ပြောလိုက်၏။

“မြို့သခင်ကအဲဒီလိုပြောတော့ ကျုပ်တို့အားလုံး အတော်လေး စိတ်လှုပ်ရှားနေပါပြီ...”

ထိုလူက ပြုံးလျှက် ပြန်ပြောလိုက်၏။ ထိုဆယ်ပွဲမြောက်ပွဲစဉ်သည် သေချာပေါက် ကြီးကျယ်ခမ်းနားပေလိမ့်မည်။

“သွားပါ...”

ထျန်းယန်မြို့သခင်က ပြောလိုက်၏။

ဝမ်ရှောင်သည် ချက်ချင်းပင် ရှေ့သို့လျှောက်သွားသည်။ ထျန်းယန်မြို့သခင်သည် သူတို့ကိုကြည့်၍ ပြောလိုက်၏။

“ရန်ဟောင်အဆင့်တစ်ကနေ အဆင့်ကိုးအထိရှိတဲ့ ကျင့်ကြံသူတွေက စင်မြင့်ထက်မှာ ယှဉ်ပြိုင်ရပါမယ်။ ကပ်ဘေးအဆင့်ကျင့်ကြံသူတွေကတော့ လေထဲမှာ ချပ်ဝတ်လက်နက်ပြုလုပ် ရပါမယ်”

ကပ်ဘေးအဆင့်ကျင့်ကြံသူ စုစုပေါင်း ခုနစ်ဦးရှိသည်။ သူတို့သည် လေပေါ်တွင် ချပ်ဝတ်လက်နက်ပြုလုပ်ရပေမည်။

ရန်ဟောင်အဆင့်ကျင့်ကြံသူများမှာမူ အဆင့်အလိုက် စင်မြင့်တစ်ခုစီတွင် ချပ်ဝတ်လက်နက်ပြုလုပ်ရပေမည်။

မြို့သခင်ကြေညာပြီးသွားသောအခါ ရှေ့ပွဲစဉ်များတွင် အနိုင်ရခဲ့သော ပြိုင်ပွဲဝင်များသည် သူတို့၏ကျင့်ကြံခြင်းအဆင့်အလိုက် သတ်မှတ်ထားသော စင်မြင့်ဆီသို့ လျှောက်သွားလိုက်ကြသည်။ တစ်ချိန်တည်းမှာပင် ကပ်ဘေးအဆင့်ကျင့်ကြံသူခုနစ်ဦးသည် လေပေါ်သို့ ပျံတက်၍ နေရာခုနစ်နေရာတွင် အသီးသီးနေရာယူလိုက်ကြသည်။ ပွဲကြည့်သူများသည် သူ့တို့ကို ခေါင်းမော့၍ ကြည့်ရလေသည်။ သို့သော် ထိုသို့ကြည့်ရခြင်းကပင် ပြိုင်ပွဲကို ပို၍ကြီးကျယ်သွားစေ၏။

လေပေါ်တွင် ချပ်ဝတ်လက်နက်ပြုလုပ်ခြင်းသည် ကပ်ဘေးအဆင့်ကျင့်ကြံသူများသာ ပြုလုပ်နိုင်၏။

စင်မြင့်ကိုးခုပေါ်တွင် ပြိုင်ပွဲဝင်ဆယ်ယောက်စီရှိသည်။ လေပေါ်တွင် ပြိုင်ပွဲဝင်ခုနစ်ယောက်ရှိသည်။ ထို့ကြောင့် ပြိုင်ပွဲဝင်စုစုပေါင်း(၉၇)ယောက်ရှိသည်။

“ဒီတစ်ခေါက် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲအတွက် ဆုလာဘ်ကို ကြေညာပါမယ်...”

ထျန်းယန်မြို့သခင်က ပြောလိုက်၏။

ရုတ်ခြည်းပင် သူ့ဘေးမှ အကြီးအကဲတစ်ဦးက ထရပ်၍ ရှေ့သို့လျှောက်သွား၏။ သူသည် ကျယ်လောင်စွာ ကြေညာလိုက်၏။

“ဒီတစ်ခေါက် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲအတွက် ကျင့်ကြံခြင်းအဆင့်မရွေး ထိပ်ဆုံးသုံးဆင့်အတွင်းဝင်ရင် မြို့သခင်ရုံးတော်ထဲ ဝင်ဖို့ ရွေးချယ်နိုင်ပြီး စွမ်းအားကြီးတဲ့အရင်းအမြစ်တွေကို ရရှိနိုင်ပါတယ်။ မြို့သခင်ရုံးတော်ထဲ မဝင်ချင်ဘူးဆိုရင်လည်း ချပ်ဝတ်လက်နက်ပြုလုပ်ဖို့အတွက် မြို့သခင်ရုံးတော်ကနေပြီး သတ္တုတွေကို ရွေးချယ်ရယူနိုင်ပါတယ်။ ပြီးတော့ စွမ်းအားကြီးတဲ့ ချပ်ဝတ်လက်နက်ပြုလုပ်နည်းတစ်နည်းကိုလည်း ရရှိပါမယ်။ နောက်ဆုံးအနေနဲ့ ကျင့်ကြံခြင်းအဆင့်အလိုက် ထိပ်တန်းချပ်ဝတ်လက်နက်ပြုလုပ်သူ ပြုလုပ်ထားတဲ့ ဝိညာဉ်လက်နက်တွေကို မြို့သခင်ရုံးတော်က ပုံမှန်ဈေးရဲ့သုံးဆနဲ့ဝယ်ယူပေးပါမယ်။ တစ်နည်းပြောရရင်တော့ ကိုယ်ပြုလုပ်ထားတဲ့ ဘယ်အဆင့်ဝိညာဉ်လက်နက်ကိုမဆို အဆင့်တူတဲ့ ဝိညာဉ်လက်နက်သုံးလက်နဲ့ လဲလှယ်နိုင်ပါတယ်။ ပြီးတော့ ကျုပ်တို့ဘက်က အဲဒီလက်နက်ထက် တစ်ဆင့်ပိုမြင့်တဲ့ နတ်လက်နက်တစ်လက်ကိုလည်း ပေးပါဦးမယ်”

အားလုံးသည် အနည်းငယ် စိတ်လှုပ်ရှားသွားကြ၏။ ထိုဆုလာဘ်များသည် ကောင်းမွန်သောဆုလာဘ်များဖြစ်သည်။ ချပ်ဝတ်လက်နက်ပြုလုပ်သူ၏ ကျင့်ကြံခြင်းအဆင့်မြင့်လေလေ သူပထမရရှိလျှင် သူရရှိမည့် ဆုလာဘ်မှာ ပိုကောင်းလာလေလေဖြစ်သည်။

ဥပမာအားဖြင့် အကယ်၍ ရန်ဟောင်အဆင်ကိုး ကျင့်ကြံသူသည်တစ်ဦးသည် ပထမအဆင့်ရရှိခဲ့သည်ဆိုပါက သူသည် ရန်ဟောင်ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်သုံးလက်နှင့် ကပ်ဘေးအဆင့် နတ်ဘုရားတစ်ဝက်လက်နက်တစ်လက်ကို ရရှိမည်ဖြစ်သည်။

ကပ်ဘေးအဆင့်ကျင့်ကြံသူတစ်ဦးသည် နတ်ဘုရားတစ်ဝက်လက်နက်ကို ပြုလုပ်နိုင်နေပြီဖြစ်ရာ သူတို့သာအနိုင်ရခဲ့ပါက ပထမကပ်ဘေးအဆင့် နတ်ဘုရားတစ်ဝက်လက်နက်သုံးလက်နှင့် ဒုတိယကပ်ဘေးအဆင့် နတ်ဘုရားတစ်ဝက်လက်နက်တစ်လက်ကို ရရှိမည်ဖြစ်သည်။ ထို့အပြင် ထိုဆုသည် လက်နက်ဆုသာဖြစ်ပေသေးသည်။ ချပ်ဝတ်လက်နက်ပြုလုပ်ရန် အရင်းအမြစ်နှင့် နည်းလမ်းဆုများ ကျန်ပေသေးသည်။

ထိုဆုလာဘ်အားလုံးသည် ချပ်ဝတ်လက်နက်ပြုလုပ်သူများအတွက် လွန်စွာအဖိုးတန်၏။

ထို့အပြင် သူတို့သည် မြို့သခင်ရုံးတော်သို့ဝင်ရန်လည်း ရွေးချယ်နိုင်သေးသည်။ သူတို့ထိုသို့မရွေးချယ်ခဲ့လျှင်ပင် သူတို့အလိုရှိသည့် မည်သည့်ထိပ်သီးအင်အားစုကိုမဆို ဝင်နိုင်၏။ ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲ၏ ဤနောက်ဆုံးပွဲစဉ်တွင် သူတို့၏တန်ဖိုးကိုသာ ပြသနိုင်ခဲ့လျှင် သူတို့၏အနာဂတ်လမ်းကြောင်းသည် တောက်ပ၊ ဖြောင့်ဖြူးနေမည်ဖြစ်သည်။

သို့သော် ထိုသို့လုပ်ရမလွယ်ပေ။ အထူးသဖြင့် သူတို့သည် ပထမနေရာရရန် ရည်ရွယ်နေလျှင် ပို၍ပင် မလွယ်ပေ။ ပထမနေရာရရန် ပို၍ပင် ခက်ခဲပေလိမ့်မည်။

“ဒီတစ်ခေါက်ပွဲစဉ်မှာ ချပ်ဝတ်လက်နက်ပြုလုပ်ဖို့ အချိန်အကန့်အသတ်မရှိပါဘူး။ ပြိုင်ပွဲဝင်တိုင်း အခွင့်အရေးနှစ်ခါရပါမယ်။ တကယ်လို့ နှစ်ခါဆက်တိုက် မအောင်မြင်ဘူးဆိုရင်တော့ ပြိုင်ပွဲက ထွက်ရပါမယ်”

အကြီးအကဲသည် ဆက်၍ ကြေညာလိုက်သည်။

အချိန်အကန့်အသတ်မထားဘဲ ပြိုင်ပွဲဝင်များကို သူတို့ပြုလုပ်လိုသော ချပ်ဝတ်လက်နက်ကို လွတ်လွတ်လပ်လပ် ပြုလုပ်ခိုင်းခဲ့ခြင်းပင်။ အကယ်၍ သူတို့ပထမအကြိမ်တွင် မအောင်မြင်ခဲ့လျှင်လည်း ဒုတိယအကြိမ် အခွင့်အရေးရပေမည်။

ထိုကဲ့သို့ မတင်းကြပ်သော စည်းမျဉ်းများသည် သူတို့ကို ချပ်ဝတ်လက်နက်ပြုလုပ်ရာတွင် သူတို့၏ အစွမ်းအကုန်ထုတ်သုံးခွင့်ပြုလိုက်ခြင်းပင်။

ထိုစည်းမျဉ်းများသည် ကပ်ဘေးအဆင့်ကျင့်ကြံသူများအတွက် အဓိကထုတ်ထားခြင်းဖြစ်သည်။

မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးကို ကျော်လွှားပြီးသူများသည် နတ်ဘုရားတစ်ဝက်လက်နက်များပြုလုပ်ရန် အချိန်များစွာ လိုအပ်၏။ နတ်ဘုရားတစ်ဝက်လက်နက်များကို ပြုလုပ်ရန် အချိန် တစ်ရက်၊ နှစ်ရက်မျှဖြင့် ရမည်မဟုတ်ပေ။ ထို့ကြောင့် ဤပွဲစဉ်သည် အချိန်အကန့်အသတ်မရှိခြင်းပင်။

“ချပ်ဝတ်လက်နက်နယ်မြေကို ချပ်ပိတ်လိုက်ပါ... ပြိုင်ပွဲစတင်ပါပြီ”

အကြီးအကဲက ပြောလိုက်၏။ ရုတ်ခြည်းပင် ခမ်းနားသောအလင်းများ တောက်ပလာပြီး ချပ်ဝတ်လက်နက်နယ်မြေကို ချိပ်ပိတ်လိုက်ကာ မြို့သခင်ရုံးတော်အပြင်ဘက်နှင့် ခွဲခြားလိုက်သည်။ ထိုသို့ပြုလုပ်ရခြင်းမှာ ပြိုင်ပွဲဝင်များ သူတို့၏လက်နက်များကို ပြုလုပ်နေချိန်တွင် ပြင်ပမှ အနှောင့်အယှက်များ ဝင်မလာစေနိုင်ရန်ဖြစ်သည်။ ထိုသို့ပြုလုပ်ထားမှသာ ချပ်ဝတ်လက်နက်ပြုလုပ်ရန် အကောင်းဆုံးအခြေအနေကို ရရှိမည်ဖြစ်သည်။ ထို့အပြင် မကောင်းသည့် အကြံများဖြင့် ပြိုင်ပွဲဝင်များကို တမင်နှောင့်ယှက်မှုများကိုလည်း ကာကွယ်နိုင်မည်ဖြစ်သည်။ သို့သော် ထိုသို့ဖြစ်နိုင်ချေသည် လွန်စွာနည်းပါး၏။

ချိပ်စည်းကွင်းကြီး လင်းလက်တောက်ပလာသောအခါ စင်မြင့်ကိုးခုထက်မှ ကျင့်ကြံသူများနှင့် လေပေါ်မှ ကျင့်ကြံသူများသည် ပြင်ဆင်မှုများ စတင်ပြုလုပ်လိုက်ကြသည်။

ထိုအခိုက်တွင် ထျန်းယန်မြို့တစ်ခွင်လုံးသည် အလွန်တိတ်ဆိတ်သွား၏။ လူများစွာသည် ခေါင်းမော့၍ ကောင်းကင်ထက်ရှိ မှန်ကြီးမှတဆင့် ပြိုင်ပွဲကိုကြည့်နေကြသည်။ ထိုမှန်ကြီးထဲတွင် မြို့သခင်ရုံးတော်အတွင်းမှ ပြိုင်ပွဲကို ပြသနေသည်။ အတော်ဆုံး ချပ်ဝတ်လက်နက်ပြုလုပ်သူများသည် ထိုနောက်ဆုံးပွဲစဉ်တွင် ယှဉ်ပြိုင်နေကြ၏။

လေပေါ်ရှိ ကပ်ဘေးအဆင့်ကျင့်ကြံသူများ သူတို့၏လက်နက်များကို ပြုလုပ်နေခြင်းသည် အာရုံစိုက်အခံရဆုံးဖြစ်သည်။ အထူးသဖြင့် ဝမ်ရှောင်သည် ပို၍အာရုံစိုက်ခံရလေသည်။ သူသည် ထျန်းယန်မြို့၏ အနာဂတ်ဆက်ခံသူဟု ကြေညာလိုက်ကတည်းက တစ်မြို့လုံးသည် သူ့ကိုအာရုံစိုက်နေခဲ့ကြခြင်းပင်။ နတ်ဘုရားတစ်ဝက်လက်နက်ကို ပြုလုပ်နိုင်သော ထိုချပ်ဝတ်လက်နက်ပြုလုပ်သူသည် မည်မျှအစွမ်းထက်သနည်း။

အချို့လူများသည် မု့န်ယန်ကို အနိုင်ယူခဲ့သော ရန်ဟောင်အဆင့်ကိုးရှိသည့် ကျွမ်းကျင်ချပ်ဝတ်လက်နက်ပြုလုပ်သူကို အာရုံစိုက်နေကြသည်။ သူသည် ရန်ဟောင်အဆင့်ကိုးပြိုင်ပွဲဝင်များကြားတွင် ပထမအဆင့်ကိုရယူကာ မြို့သခင်ရုံးတော်မှ ထူးကဲသောပါရမီရှင်ချပ်ဝတ်လက်နက်ပြုလုပ်သူများကို အနိုင်ယူ၍ သူ၏ဆုလာဘ်အနေဖြင့် နတ်ဘုရားတစ်ဝက်လက်နက်ကို ရယူနိုင်မည်လော။

ပွဲကြည့်ပရိသတ်အားလုံးသည် စိတ်လှုပ်ရှားနေကြသဖြင့် အသက်ရှူရန်ပင်မေ့ကာ ထိုကြီးကျယ်ခမ်းနားသော ပွဲစဉ်ကို မျှော်လင့်တကြီး ကြည့်ရှုနေကြလေသည်။

All Chapters