မီးရှူးမီးပန်း
Vol. 30 Ch. 407
မီးလျှံကျောက် အလောင်းအစား ပြုလုပ်ရာနေရာသည် ခန်းမတစ်ခုလုံး၌ လူစိတ်ဝင်စားခြင်းအခံရဆုံး နေရာတစ်ခုဖြစ်လာကာ အတော်ပင် စည်ကားသိုက်ဝန်းနေလျက် ရှိသည်။
ဇူယွမ်နှင့်စူးသွမ့်တို့နှစ်ဦးအား ငေးမောကြည့်ရှုနေကြရင်းဖြင့် စောင့်ကြည့်နေကြသူများထံမှ ဝေဖန်ဆွေးနွေးသံများလည်း တီတိုးထွက်ပေါ်လာခဲ့၏။
“ကန်ရွှမ်းကလန်က ကောင်လေးက ဆင်ခြင်တုံတရား ကင်းမဲ့လိုက်တာ။ စူးသွမ့်နဲ့တောင် မီးလျှံကျောက်အလောင်းအစားကို ပြိုင်ရဲတယ်ပေါ့လေ။ ဖူကလန်ရဲ့ အကြီးဆုံးစီးပွားရေးက ဘာလဲဆိုတာကိုရော သိရဲ့လား။
“ဟုတ်ပကွာ။ စူးသွမ့်က ငယ်ငယ်လေးထဲက မီးလျှံကျောက်တွေနဲ့ဖက်ပြီး ကြီးပြင်းလာခဲ့ရတာ။ အဲဒါကြောင့် စူးသွမ့်က မီးလျှံကျောက် အလောင်းအစားနယ်ပယ်မှာ နာမည်ကြီးတဲ့ သခင်လေးတွေနဲ့ အတွေ့အကြုံက တူတူလောက်ရှိတယ်”
“ဟားဟား... ကန်ရွှမ်းကလန်က ကောင်လေးက သူ့ရဲ့ကလန်အဆင့်အတန်းကြောင့် လူတိုင်းက သူ့အပေါ် ကောင်းလိမ့်မယ်လို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်”
“သူကငယ်ရွယ်သေးတော့ မထီမဲ့မြင်လုပ်တတ်တဲ့ပုံပဲ”
“ ... ... ”
ဝေဖန်ဆွေးနွေးသံများမှာ ဆက်လက်ပျံ့နှံ့နေခဲ့ပြီး စူးသွမ့်မှပင် နားစွန်နားဖျား ကြားသိနေခဲ့ရသည်။ စူးသွမ့်မှာ ယုံကြည်ချက်ရှိစွာပြုံး၍ ဇူယွမ်အား အထင်အမြင်သေးသော မျက်ဝန်းများဖြင့် လှမ်း၍ကြည့်လိုက်၏။
မူလစဦးစတုတ္ထအဆင့်ပဲရှိသေးတဲ့ တောသားငတုံးကောင် ... .မင်းသာ ကန်ရွှမ်းကလန်က တပည့်မဟုတ်ရင် ဒီနေရာမှာ ငါ့လိုဖူကလန်က ခေါင်းဆောင်ငယ်နဲ့ မီးလျှံကျောက် အလောင်းအစားလုပ်ဖို့ အရည်အချင်းရှိမယ် ထင်လို့လား ... ..
မင်းလိုတောသားငတုံးကောင်က ကန်ရွှမ်းကလန်လို နေရာမျိုးကို ရောက်နိုင်ခဲ့တာတောင် ဆင်ခြင်ဉာဏ်မရှိတဲ့ တောသားပဲ ဆက်ဖြစ်သေးတယ်ဆိုတာ ငါဒီနေ့ သက်သေပြမယ် ...
စူးသွမ့်မှ အေးစက်စွာ ရီမောလိုက်ပြီးနောက် မီးလျှံကျောက်တုံးများ ပြသထားရာနေရာသို့ ကြည့်လိုက်လေသည်။ ထို့နောက် ကျောက်တုံးများကိုပွတ်သပ်ကာ ထုတ်လွှတ်နေသော အပူရှိန်နှင့် မျက်နှာပြင်ပေါ်မှ အသွင်အပြင်များအား ခံစားလိုက်၏။
စူးသွမ့်၏ မျက်နှာပေါ်၌ လေးနက်သော အရိပ်အယောင်များ ယှက်သန်းလာခဲ့သည်။ မီးလျှံကျောက်များအား နှစ်ပေါင်းများစွာ ကိုင်တွယ်ခဲ့ရသူတစ်ဦးအနေနှင့် စူးသွမ့်၏အတွေ့အကြုံမှာ မီးလျှံကျောက်အလောင်းအစားနယ်ပယ်မှ သခင်လေးများထက် နိမ့်ပါးခြင်းမရှိချေ။
စူးသွမ့်မှာ ကျောက်တုံးများပေါ်မှ ရှုပ်ထွေးလှသော ခြစ်ရာများနှင့် အသွင်အပြင်များအား မှန်းဆရုံနှင့်ပင် အတွင်းရှိ မီးလျှံအဆီအနှစ်၏ သက်တမ်းကို ခန့်မှန်းနိုင်သူ ဖြစ်၏။
ကျောက်တုံးများအတွင်းရှိ မီးလျှံအဆီအနှစ်များမှာ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးနေသည်များ ရှိနိုင်ပါသော်လည်း ထိုသို့သေးငယ်သော အမှားအယွင်းများအား စူးသွမ့်၏ နှစ်ချီသော အတွေ့အကြုံဖြင့် လျှော့ချနိုင်ခဲ့သည်။
စောင့်ကြည့်နေကြသော လူများစွာ၏ရှေ့၌ပင် စူးသွမ့်မှာ ကျောက်တုံးများအား စိတ်တိုင်းကျ စစ်ဆေးနေခဲ့၏။
စူးသွမ့်၏ လေးနက်သော အမူအရာများကို ကြည့်ခြင်းအားဖြင့် မီးလျှံကျောက် အလောင်းအစား ပြုလုပ်ခြင်း၌ ကျွမ်းကျင်မှုရှိသည်ကို သိရှိနိုင်ပေသည်။ ထို့ကြောင့် လူတိုင်းမှ စူးသွမ့်နှင့် ယှဉ်ပြိုင်ကစားလျှင် အနိုင်ရနိုင်ချေ မရှိဟုပင် ခံစားခဲ့ရ၏။
တစ်ဖက်တွင်တော့ ဇူယွမ်မှာ မြို့တော်ကြီးဆီသို့ ပထမဆုံးအကြိမ် ရောက်ရှိလာသော တောသားတစ်ဦးကဲ့သို့ ဖြစ်နေကာ သိချင်စိတ်ပြင်းပြနေဟန်ဖြင့် မီးလျှံကျောက်တုံးများအား ပွတ်သပ်ကိုင်တွယ်နေခဲ့သည်။
စူးသွမ့်နှင့် နှိုင်းယှဉ်ရမည်ဆိုပါလျှင် ဇူယွမ်၏အပြုအမူများမှာ ရင့်ကျက်ခြင်းမရှိသူတစ်ဦး၏ သဏ္ဌာန်သာ ပေါ်လွင်နေ၏။
မီးလျှံကျောက် အလောင်းအစားနယ်ပယ်၌ အတွေ့အကြုံရင့်နေသော တပည့်များမှာ ဇူယွမ်အားကြည့်၍ မျက်မှောင်ကြုတ်လိုက်ကြသည်။ ဇူယွမ်၏အမူအရာများမှာ လေးနက်ခြင်းမရှိရုံသာမက ဤနယ်ပယ်နှင့် အစိမ်းသက်သက် ဖြစ်နေဟန်သာ ရှိ၏။
ဇူယွမ်မှာ ဝေဖန်ဆွေးနွေးသံများကို လျစ်လျူရှုထားခဲ့ပြီး လက်ချောင်းများဖြင့် ကျောက်တုံးများကို ပွတ်သပ်နေခဲ့သည်။ ထို့နောက် ဖုန်မှုန့်များကပ်နေသော ကျောက်တုံးတစ်ခုအား ရွေးချယ်ကာ ပလုံးထဲသို့ ထည့်လိုက်၏။
“သူကျောက်တုံးရွေးတာ ဘယ်လိုကြီးလဲ”
စောင့်ကြည့်နေသောသူများထံမှ လှောင်ပြောင်ရီမောသံများပင် ထွက်လာခဲ့သည်။ စူးသွမ့်မှာ ကျောက်တုံးများအား ဂရုတစိုက်ဖြင့် ကြည့်ရှုနေစဉ်၌ပင် ဇူယွမ်မှာ မီးလျှံကျောက်တစ်တုံးကို အဆင်ပြေရာ ရွေးချယ်ခဲ့လိုက်ပြီ ဖြစ်၏။ ဇူယွမ်၏ ကျောက်တုံးရွေးချယ်ပုံကို ကြည့်ရသည်မှာ စျေးထဲမှ ငှက်ပျောရွက်၊ ကန်စွန်းရွက်ဝယ်နေသကဲ့သို့ ဖြစ်နပေေသည်။
“သူကတော့ ရှုံးကိုရှုံးမယ့်ပုံကြီးပါကွာ”
စောင့်ကြည့်နေသော တပည့်များမှာ ခေါင်းကိုခါယမ်းလိုက်ကြ၏။ ကန်ရွှန်းကလန်မှ မောက်မာတတ်သော ဤလူငယ်လေးသည် ယနေ့တွင် အရှက်တကွဲ ရှုံးနိမ့်ရခြင်းနှင့်သာ အဆုံးသတ်ရပေတော့မည်။
ဇူယွမ်အား ယုံကြည်မှုအပြည့်ရှိနေခဲ့သော ကျိုးချူးချင်ယုသည်ပင် နှုတ်ခမ်းအစုံ ရှုံ့မဲ့သွားကာ လက်များကို တင်းတင်းဆုပ်ထားမိခဲ့၏။
“နင်တကယ် ပေါက်ကရတွေ လုပ်နေတာတော့ မဟုတ်ပါဘူးနော်။ ငါစူးသွမ့်လို အရူးကောင်နဲ့ လျှောက်မလည်ချင်ဘူး”
ခန်းမတစ်ခုလုံးမှာ ဆူညံနေလျက်ရှိသော်လည်း စူးသွမ့်၏ အမူအရာမှာ မီးလျှံကျောက်ကမ္ဘာထဲ၌သာ နစ်မြုပ်နေဟန် ရှိသည်။ ထို့နောက် အချိန်ကုန်ဆုံးလာသည့်နှင့်အမျှ စူးသွမ့်မှာ မီးလျှံကျောက်များကို ဂရုတစိုက်ဖြင့် ရွေးချယ်ကာ ပလုံးထဲသို့ ထည့်ထားခဲ့၏။
နောက်ဆုံး၌ စူးသွမ့်မှာ မီးလျှံကျောက်ငါးခုကို ဂရုတစိုက်ဖြင့် ရွေးချယ်နိုင်ခဲ့ပြီး လက်ရှိအခြေအနေဆီသို့ အာရုံပြန်စိုက်လာခဲ့သည်။
စူးသွမ့်မှ ယုံကြည်ချက်ရှိစွာဖြင့် ပြုံးလိုက်၏။
ထို့နောက် ဇူယွမ်အား ကြည့်လိုက်သောအခါတွင် ဇူယွမ်မှာ ပျင်းရိစွာဖြင့် သမ်းဝေနေခဲ့ပြီး ကျောက်စားပွဲပေါ်၌ မီးလျှံကျောက်ဆယ်ခုအား သပ်ရပ်စွာ တင်ထားခဲ့သည်ကို တွေ့ရှိလိုက်ရသည်။
“ကျွန်တော်စောင့်နေတာ ကြာလှပြီ” ဇူယွမ်မှာ အမှန်တကယ်ပင် ပျင်းရိနေပြီ ဖြစ်၏။ မီးလျှံကျောက် အလောင်းအစားမှာ အနည်းငယ်မျှပင် ပျော်စရာမကောင်းပါသော်လည်း စူးသွမ့်မှာ ထိုအရာနှင့်ပတ်သက်၍ အလွန်ပင် အလေးအနက်ရှိပုံ ရလေသည်။
“မင်းက မီးလျှံကျောက်လောင်းကစားရဲ့ အနုပညာကိုမှ နားမလည်တာ” စူးသွမ့်မှ ဇူယွမ်အား အထင်အမြင်သေးစွာ ကြည့်လိုက်၏။ ဝေးလံခေါင်ဖျားသော တိုက်ကြီးတစ်ခုဆီမှ လာရောက်ခဲ့သော ဤတောသားငတုံးကောင်မှာ ယခုမှ မီးလျှံကျောက်အလောင်းအစားနှင့် ထိတွေ့ဖူးပုံ ရသည်။ သို့ပေမယ့် ဤသည်မှာ ပုံမှန်ပင် ဖြစ်၏။ မီးလျှံအဆီအနှစ်ကဲ့သို့သော ရှားပါးမူလအရင်းအမြစ်မှာ ဝေးလံခေါင်ဖျားသော တိုက်ကြီးတစ်ခုဆီမှလာရောက်ခဲ့သော ဇူယွမ်လိုကောင်မျိုးမှ ပိုင်ဆိုင်နိုင်သည့်အရာမျိုး မဟုတ်ချေ။
“ကျောက်တုံးတွေကိုဖွင့်ဖို့ လုပ်ရအောင်”
စူးသွမ့်မှာ တစ်ဖက်တွင်ရှိနေသော ကျောက်စားပွဲဆီသို့ လျှောက်လှမ်းလာကာ ဂရုတစိုက်ဖြင့် ရွေးချယ်လာခဲ့သော မီးလျှံကျောက်တုံးငါးခုအား တင်လိုက်သည်။
ထို့နောက် စူးသွမ့်မှာ စားပွဲပေါ်ရှိ အထူးလက်နက် တစ်ခုဖြစ်သော ဓားသွားငယ်အားယူဆောင်ကာ မီးလျှံကျောက်အား ညင်သာစွာဖြင့် ပိုင်းဖြတ်လိုက်၏။
ခရက် ... !
ဓားသွားငယ်အား အနည်းငယ်လှည့်လိုက်ပြီးနောက် မီးလျှံကျောက်မှာ ဖြည်းညင်းစွာဖြင့် ပွင့်ဟလာခဲ့သည်။
လူတိုင်းမှာ မီးလျှံကျောက်အား အလုအယက်ဖြင့် ကြည့်ရှုလိုက်ကြ၏။ ဒုတိယထပ်မှ စောင့်ကြည့်နေလျက်ရှိသော ရွေးချယ်ခံတပည့်များသည်ပင် မျက်ဝန်းများ၌ သိလိုစိတ်ပြင်းပြသော အရိပ်အယောင်များ ယှက်သန်းနေခဲ့သည်။
ပွင့်ဟသွားသော မီးလျှံကျောက်ဆီမှ အနီရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့၏။
မီးလျှံကျောက်ထဲမှ အနီရောင်မီးတောက်များနှင့်အတူ သန့်စင်သော မီးလျှံအဆီအနှစ်များ ပေါ်ထွက်လာခဲ့သည်ကို လူတိုင်းမှ တွေ့မြင်ခဲ့ကြရသည်။
“မီးတောက်ရဲ့ တောက်ပမှုကို ကြည့်ရမယ်ဆိုရင် ဒါကအနည်းဆုံး နှစ်ငါးဆယ်သက်တမ်းရှိတဲ့ မီးလျှံအဆီအနှစ် ဖြစ်လိမ့်မယ်” စောင့်ကြည့်သူများထဲမှ အတွေ့အကြုံရှိသူများက သုံးသပ်ပြလိုက်သဖြင့် ကျန်ရှိသူများမှာ အံ့အားတကြီး ဖြစ်သွားခဲ့ရ၏။
နှစ်ငါးဆယ်သက်တမ်းရှိသော မီးလျှံအဆီအနှစ်မှာ အရမ်းမမြင့်မားပါသော်လည်း ပုံမှန်မီးလျှံကျောက်တစ်ခုနှင့် များစွာကွာခြားနေခဲ့ပြီ ဖြစ်သည်။ ထိုမီးလျှံအဆီအနှစ်အား ရရှိသည့်မည်သူမဆို အနည်းငယ်မျှ ကြွယ်ဝချမ်းသာသွားနိုင်၏။
ယခုမှ ပွဲအစသာရှိသေးသော်လည်း စူးသွမ့်၏အမူအရာမှာ တည်ငြိမ်၍ ယုံကြည်မှုရှိသည့်ဟန် ဖြစ်နေခဲ့သည်။
ထို့နောက် စူးသွမ့်မှာ ဒုတိယမီးလျှံကျောက်အား ကြည့်ရှုလိုက်ပြီး ဓားသွားငယ်ဖြင့် ထပ်မံပိုင်းဖြတ်လိုက်၏။
ထိုသို့နှင့် စူးသွမ့်မှာ မီးလျှံကျောက် တစ်တုံးပြီးတစ်တုံး ဖွင့်ဟလိုက်သည်။
စူးသွမ့်မှ မီးလျှံကျောက်များကို ဖွင့်ဟလိုက်တိုင်းတွင် အော်ဟစ်အားပေးသံများနှင့် အံ့အားသင့်သံများက ပို၍ပို၍ ကျယ်လောင်လာခဲ့၏။
ဒုတိယမြောက် မီးလျှံကျောက်၌ နှစ်တစ်ရာသက်တမ်းရှိသော မီးလျှံအဆီအနှစ်များ ပါဝင်နေခဲ့သည်။
တတိယမြောက် မီးလျှံကျောက်မှာမူ နှစ်နှစ်ရာသက်တမ်းရှိသော မီးလျှံအဆီအနှစ်များ ပါဝင်နေခြင်း ဖြစ်၏။
စတုတ္ထမြောက်ကျောက်တုံးရှိ မီးလျှံအဆီအနှစ်များမှာ ပျက်စီးနေခဲ့သည်။
သို့သော်လည်း စူးသွမ့်အား မည်သူကမှ မလှောင်ပြောင်ရဲခဲ့ကြပေ။ မီးလျှံကျောက် လောင်းကစားနယ်မြေ၌ အတွေ့အကြုံများလှသူများသည်ပင် တစ်ခါတစ်ရံတွင် အမှားများ ပြုလုပ်တက်ကြ၏။ ပြောရမည်ဆိုလျှင် ကျောက်တုံး၏ ပြင်ပအသွင်အပြင်အား ခန့်မှန်းနိုင်ရုံမျှဖြင့် အတွင်းရှိမီးလျှံအဆီအနှစ်အား အတိအကျ မှန်းဆနိုင်ခြင်း မရှိနိုင်ချေ။
စတုတ္ထကျောက်တုံးမှာ အမှားအယွင်း ဖြစ်သွားခဲ့ပါသော်လည်း စူးသွမ့်မှာ ယုံကြည်ချက်အပြည့်ရှိသော အမူအရာနှင့်ပင် ရှိနေကာ ပဉ္စမမြောက် မီးလျှံကျောက်တုံးအား ဖွင့်ဟလိုက်သည်။
မီးလျှံကျောက်ဆီမှ ပေတစ်ဝက်ခန့်ရှိသော အနီရောင်မီးတောက်များ ထွက်ပေါ်လာခဲ့သဖြင့် ခန်းမတစ်ခုလုံးမှာ အုတ်အုတ်ကျတ်ကျတ် ဖြစ်သွားခဲ့ရ၏။
နှစ်ငါးရာသက်တမ်းရှိသော မီးလျှံအဆီအနှစ် ...
ဤအဆီအနှစ်ကိုသာ ရောင်းချခဲ့ပါက မူလသလင်းကျောက် တစ်သန်းခန့်ပင် တန်ကြေးရှိနိုင်ပေသည်။ မီးလျှံကျောက်တုံး တစ်တုံးသည်ပင် မူလသလင်းကျောက် တစ်သောင်းသာ ကျသင့်၏။
သေးငယ်သော ရင်းနှီးမြှုပ်နှံမှုနှင့် ကြီးမားသော အကျိုးအမြတ်အား ရရှိခြင်းဖြစ်သောကြောင့် ခန်းမတစ်ခုလုံးရှိ စောင့်ကြည့်နေကြသူများ၏ မျက်ဝန်းများမှာ စိတ်အားထက်သန်သော အရိပ်အယောင်များပင် ယှက်သန်းလာခဲ့ရသည်။
“ဖူကလန်ရဲ့ ခေါင်းဆောင်ငယ်လို့ကို ပြောစရာမလိုဘူး။ မီးလျှံကျောက်နဲ့ပတ်သက်တဲ့ ထိုးထွင်းသိမြင်မှုနဲ့ အတွေ့အကြုံက လေးစားလောက်စရာပဲ” လူများစွာမှ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချကာ စူးသွမ့်အား လေးစားမှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ငေးမောကြည့်ရှုလိုက်ကြ၏။
စူးသွမ့်၏ မီးလျှံကျောက်တုံးငါးခုတွင် တစ်ခုသာ အမှားအယွင်းပါရှိခဲ့ပြီး ကျန်လေးခုမှာ အကျိုးအမြတ် ရရှိခဲ့ရုံသာမက နှစ်ငါးရာသက်တမ်းရှိသော မီးလျှံအဆီအနှစ်သည်ပင် ပါဝင်နေခဲ့သည်။
ထို့ကြောင့် စူးသွမ့်မှာ မီးလျှံကျောက် လောင်းကစားနယ်မြေ၌ အတော်ပင် အတွေ့အကြုံရှိသူဖြစ်ကြောင်း သိရှိနိုင်၏။
စူးသွမ့်မှာ အော်ဟစ်အားပေးနေသူများအား လက်ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက် စူးသွမ့်မှာ ကျိုးချူးချင်ယုအား ပြုံး၍ကြည့်ကာ စကားဆိုလိုက်၏။ “ကျွန်တော့် ရွေးချယ်မှုက သိပ်မဆိုးဘူးမလား”
ကျိုးချူးချင်ယုမှာ ကူကယ်ရာမဲ့စွာနှင့် မီးလျှံကျောက်လောင်းကစားနယ်ပယ်၌ စူးသွမ့်မှာ အတော်ပင် အရည်အချင်းရှိသူဖြစ်ကြောင်း လက်ခံခဲ့ရပေသည်။
ထို့ကြောင့် ကျိုးချူးချင်ယုမှာ ဇူယွမ်အား စိတ်ပူလာမိ၏။
စူးသွမ့်မှာ အံ့အားတကြီးဖြစ်နေပုံရသော ဇူယွမ်အားကြည့်၍ လှောင်ပြောင်လိုဟန်ဖြင့်ပြုံးကာ မေးလိုက်သည်။ “ညီတော်ဇူယွမ်က အရှုံးပေးတော့မှာတော့ မဟုတ်ပါဘူးနော်”
စူးသွမ့်၏စကားမှာ စနောက်နေသည်ဟု ထင်မှတ်ရပါသော်လည်း ဇူယွမ်အား မီးလျှံကျောက်များကိုဖွင့်ရန် ဖိအားပေးနေခြင်းပင် ဖြစ်၏။
ဇူယွမ်မှာ စူးသွမ့်၏ ပြောဆိုမှုအား အလေးပင်ထားပုံမရပဲ စူးသွမ့်ဖွင့်ဟထားသော မီးလျှံအဆီအနှစ်များကို ကြည့်ကာတွေးတောလိုက်သည်။
“နှစ်ငါးရာသက်တမ်းရှိတဲ့ မီးလျှံအဆီအနှစ်က တော်တော်သေးပါလားဟ”
ဇူယွမ်မှာ တီတိုးရေရွတ်လိုက်ပြီးနောက် မည်သည့်လက်နက်ကိုမှ အသုံးပြုမနေဘဲ မီးလျှံကျောက်များအား လက်သီးဖြင့် ထိုးချလိုက်၏။
ခရက် ... ခရက် ... ခရက် ...
မီးလျှံကျောက်ဆယ်ခုလုံးမှာ တစ်ချိန်တည်း ပွင့်ဟသွားခဲ့သည်။
“မယဉ်ကျေးလိုက်တာ” ဇူယွမ်၏ အပြုအမူကြောင့် စောင့်ကြည့်နေသော လူအုပ်ကြီးမှာ ဒေါသထွက်သွားခဲ့ရ၏။
စူးသွမ့်မှာလည်း လှောင်ပြောင်သရော်လိုစိတ်ဖြင့် ပြုံးကာ ခေါင်းအားခါယမ်းလိုက်လေသည်။ ဇူယွမ်၏ အပြုအမူကို ကြည့်ခြင်းအားဖြင့် မီးလျှံကျောက်အလောင်းအစားအား ပြုလုပ်ဖူးခြင်းမရှိသည်မှာ ထင်ရှားနေ၏။
နောက်ဆုံးတော့လည်း တောသားက တောသားပါပဲ ... .
သို့သော်လည်း ဝေဖန်ဆွေးနွေးသံများမှာ တိတ်ဆိတ်သွားခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် ကျောက်တုံးများဖွင့်ဟပြီး ချက်ချင်းဆိုသလိုပင် ပြင်းထန်လှသော အနီရောင်မီးတောက်များ ပေါ်ထွက်လာခဲ့ခြင်းကြောင့် ဖြစ်၏။
မီးတောက်များမှာ ခန်းမထောက်တိုင်များကဲ့သို့ အမြင့်ထိ တောက်လောင်နေခဲ့သည်။
ထို့နောက် ခက်ထန်နေခဲ့သော လူများမှာ မီးရောင်များ၏ကြား၌ လှောင်ပြောင်သရော်ကာ ရီမောလိုက်ကြပြီး ဝေဖန်ဆွေးနွေးသံများ ပြန်လည်ထွက်ပေါ်လာခဲ့၏။
“သူရဲဘောကြောင်တဲ့ ငကြောက်ကောင်။ နင့်မေကလွှား မီးရှူးမီးပန်းတွေ လွှတ်နေတာလားဟ”