ကောင်းကင်ဒေသ၏ထိပ်သီးဝမ်ရှောင်
Vol. 179 Ch. 2562
ဝမ်ရှောင်သည် အရှင်ထျန်းယန်၏ အမွေအနှစ်များကို ဆက်ခံရရှိခဲ့သည်။ ထို့အပြင် သူသည် မဟာအင်ပါယာအဆင့်လက်နက်များနှင့် ဆက်သွယ်နိုင်ပြီး နတ်လက်နက်များအတွင်းသို့ မဟာအင်ပါယာဝိညာဉ်များထည့်သွင်းနိုင်၏။
မြို့သခင်၏စကားသည် ကောင်းကင်ဒေသမှ ကျင့်ကြံသူများကို ပို၍စိတ်လှုပ်ရှားသွားစေ၏။ ထိပ်သီးများသည် ထိုအကြောင်းကို ခန့်မှန်းထားပြီးဖြစ်သော်လည်း သူတို့သည် မြို့သခင်ထံမှ ရှင်းပြချက်ကိုကြားလိုက်သောအခါ အနည်းငယ်အံ့အားသင့်သွားပေသေးသည်။ သူတို့အားလုံးသည် ဝမ်ရှောင်ကို ကြည့်လိုက်ကြ၏။
သူသည် ထျန်းယန်မြို့တွင်း၌ မဟာအင်ပါယာအဆင့်လက်နက်များနှင့် ဆက်သွယ်နိုင်သော တစ်ဦးတည်းသောသူဖြစ်သည်။ ထျန်းယန်မြို့သခင်ပင် ထိုကဲ့သို့ လုပ်နိုင်စွမ်းမရှိပေ။ ဝမ်ရှောင်သည် အရှင်ထျန်းယန်ထံမှ အသိအမှတ်ပြုမှုကို ရရှိထားသူဟု ဆိုနိုင်၏။
ယနေ့မှစ၍ ဝမ်ရှောင်သည် ကောင်းကင်ဒေသ၏ဇာတ်ခုံပေါ်သို့ တရားဝင်ရောက်ရှိလာပြီဖြစ်သည်။ သူ၏ မဟာအင်ပါယာအဆင့်လက်နက်များကို ဆင့်ခေါ်နိုင်သော စွမ်းရည်ဖြင့်ဆိုလျှင် သူသည် ကောင်းကင်ဒေသတွင် ထိပ်သီးတစ်ဦးဖြစ်လာနိုင်၏။ ယခုတွင်ပင် သူသည် ပြိုင်ဘက်ကင်းဟု ဆိုနိုင်၏။
သူသာ မဟာအင်ပါယာအဆင့်လက်နက်များကို ဆင့်ခေါ်လိုက်သည်နှင့် မဟာအင်ပါယာမှလွဲ၍ မည်သူမှ သူနှင့်မယှဉ်နိုင်တော့ပေ။
ပရိသတ်သည် ချပ်ဝတ်ပြိုင်ပွဲတွင် သူပြသခဲ့သော ထူးခြားသည့်လုပ်ဆောင်ချက်ကို ပို၍နားလည်လာသည်။
ထျန်းယန်မြို့တွင်းမှ မရေမတွက်နိုင်သော လူပေါင်းများစွာသည် စိတ်လှုပ်ရှားစွာ အော်ဟစ်အားပေးလိုက်ကြသည်။ ထိုမတိုင်ခင်က ဝမ်ရှောင်သည် အရှင်ဒွန်ဟောင်၏ သမက်တော်ဖြစ်လာလိုနေသည်ဟူသော ကောလာဟလများကို ကြားခဲ့ရစဉ်က နှာခေါင်းရှုံ့ခဲ့ကြသည်။ ထိုကိစ္စသည် မဖြစ်နိုင်ဟု သူတို့ထင်ခဲ့ကြသည်။ သို့သော် ယခုတွင် သူတို့သည် ထိုကောလာဟလက လုံးလုံးအခြေအမြစ်မရှိသည်မဟုတ်ဟု အနည်းငယ် ခံစားလာကြရပေပြီ။
ဝမ်ရှောင်သည် အမှန်ပင် ထူးချွန်လေသည်။
သူသည် မဟာအင်ပါယာအဆင့်လက်နက်များနှင့် ဆက်သွယ်နိုင်သော ကောင်းကင်ဒေသမှ ထိပ်သီးတစ်ဦးဖြစ်၏။
“အားလုံးပဲ... ကိုယ့်ရဲ့ဆုလာဘ်တွေကို ရွေးချယ်ဖို့ ကျုပ်နောက်ကလိုက်ခဲ့ကြပါ”
ထျန်းယန်မြို့သခင်သည် တစ်စုံတစ်ယောက်ကို အနိုင်ရသူများ သူတို့၏ဆုလာအားရယူနိုင်ရန် ဦးဆောင်ခေါ်သွားပေးရန် အမိန့်ပေးလိုက်၏။ အနိုင်ရရှိသူအသီးသီးကို မြို့သခင်ရုံးတော်အတွင်းသို့ ခေါ်၍ သူတို့၏ ဆုလာဘ်ကို ရွေးချယ်ယူငင်စေမည်ဖြစ်သည်။ အနိုင်ရရှိသူများကြားမှ အချို့ကျင့်ကြံသူများသည် လျှို့ဝှက်ဆန်းကြယ်သောနောက်ခံရှိသော်လည်း မြို့သခင်သည် မည်သို့မှ မပြောလိုက်ပေ။ သူတို့ မည်သည့်အရပ်မှလာသည်ဖြစ်စေ ချပ်ဝတ်လက်နက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်၍ အနိုင်ရခဲ့လျှင် မြို့သခင်ရုံးတော်သည် သူတို့၏အရည်အချင်းကို အသိအမှတ်ပြု၍ ဆုချီးမြှင့်ရမည်သာဖြစ်သည်။
“ကျေးဇူးအများကြီးတင်ပါတယ် မြို့သခင်”
အနိုင်ရရှိသူများသည် ခေါင်းညိတ်၍ ပြောလိုက်ကြသည်။ ထို့နောက် သူတို့သည် လမ်းပြ၏နောက်သို့လိုက်၍ ရုံးတော်အတွင်းသို့ ဝင်သွားကြလေသည်။
ဝမ်ရှောင်သည် သူတို့နှင့်အတူ လိုက်မသွားပေ။ သူသည် မြို့သခင်ရုံးတော်၏ ဆက်ခံသူဖြစ်သည်။ အနာဂတ်တွင် သူသည် ရုံးတော်တစ်ခုလုံးကို ပိုင်ဆိုင်မည်ဖြစ်သည်။ သူ့အတွက် သူပိုင်မည့် နတ်လက်နက်များကို ဆုလာဘ်တစ်ခုအနေဖြင့် ပြန်ရွေးရန်မလိုပေ။
အနိုင်ရရှိသူများ ဆုယူရန်ထွက်သွားသောအခါ ကောင်းကင်ဒေသမှ လူအချို့သည် ဝမ်ရှောင်နှင့် ထျန်းယန်မြို့သခင်ကို ကြည့်လိုက်ကြကာ ပြောလိုက်၏။
“မကြာသေးခင်တုန်းက ကောင်းကင်ဒေသမှာ ကိစ္စကြီး အနည်းငယ် ဖြစ်သွားခဲ့တယ်။ ပထမဦးဆုံး ရီဖူရှင်းက အနောက်ပင်လယ်ကုန်းမြေမှာ သတ်ဖြတ်မှုတွေလုပ်ခဲ့တယ်။ သူက ယင်ကျိုးမြို့က ကျင့်ကြံသူတွေအများကြီးကို သတ်ပစ်ခဲ့တယ်။ ပြီးတော့ သူက ကျင့်ကြံခြင်းတော်ဝင်မြေတစ်ခုကို ဖျက်ဆီးပစ်သေးတယ်။ သူက အရင်ကတည်းက ကောင်းကင်ဒေသက အင်အားစုတွေနဲ့ ရန်ငြိုးတွေရှိနေခဲ့တာ။ ကျုပ်တို့သာ စောင့်နေရင် သူ့ရဲ့အင်အားစုက ပိုပြီးကြီးထွားလာပြီးတော့ ကောင်းကင်ဒေသက အင်အားစုတွေကို ခြိမ်းခြောက်လာနိုင်လိမ့်မယ်။ အခု ကောင်းကင်ဒေသက ကျင့်ကြံသူတွေတော်တော်များများ ထျန်းယန်မြို့ရဲ့ ချပ်ဝတ်လက်နက်ပွဲတော်မှာ စုဝေးနေကြပြီဆိုတော့ ကျုပ်တို့ ကောင်းကင်ဒေသကို ခြိမ်းခြောက်နေတဲ့ အဲဒီအန္တရာယ်ကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ဆွေးနွေးကြရင် မကောင်းဘူးလား”
နောက်ဆုံးတော့စလာပေပြီဟု လူအုပ်အကြားရှိ ရီဖူရှင်းက တွေးလိုက်သည်။ မျှော်လင့်ထားသကဲ့သို့ပင် သူတို့ ဤနေရာသို့လာခဲ့ကြခြင်းမှာ သူ့ကြောင့်ဖြစ်သည်။ ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲ ပြီးဆုံးသွားသောအခါ သူတို့သည် သူ့အတွက် ပြဿနာဖြစ်စေတော့ပေမည်။
“အမှန်ပဲ... ကျုပ်တို့ ဒီအခွင့်အရေးကိုအသုံးချပြီး စီဝေ့ကြယ်ကောင်းကင်ကို အတူတကွ ဘယ်လိုအနိုင်ယူမလဲဆိုတာကို ဆွေးနွေးရမယ်”
ထိုနေရာတွင်ရှိနေသော ကုန်းမြေသခင်ရှီဟိုင်က ပြောလိုက်၏။
“ရီဖူရှင်းရဲ့ဇစ်မြစ်က ထူးခြားတယ်... ပြီးတော့ သူက ဉာဏ်နီဉာဏ်နက်လည်း များတယ်။ နောက်ကျရင် သူက ကောင်းကင်ဒေသတစ်ခုလုံးကို မြေလှန်ပစ်ဖို့ ကြိုးစားချင်ကြိုးစားနိုင်တယ်။ မဟာအင်ပါယာက ကရုဏာကြီးလို့ လူငယ်တစ်ယောက်ကို အတိတ်ကကိစ္စတွေအတွက် သတ်မပစ်ချင်တာပဲ။ အဲဒါကြောင့် မဟာအင်ပါယာက ရီဖူရှင်းကို တိုးတက်ခွင့်ပြုထားပြီး အင်ပါယာနန်းတော်ကိုလည်း အဲဒီကိစ္စမှာ ဝင်မပါခိုင်းတာပဲ။ ဒါပေမဲ့ ကျုပ်တို့ကတော့ ရီဖူရှင်းကို ဆက်ပြီး တိုးတက်ခွင့်မပြုနိုင်တော့ဘူး။ တုန်းဟွာကုန်းမြေနဲ့ အနောက်ပင်လယ်ကုန်းမြေနှစ်ခုစလုံးရဲ့ ကုန်းမြေသခင်အိမ်တော်တွေကို ရီဖူရှင်းက ဖျက်ဆီးခဲ့တာပဲ။ ကျင့်ကြံခြင်းတော်ဝင်မြေကိုလည်း သူပဲဖျက်ဆီးခဲ့တာ။ ရီဖူရှင်းကို အသက်ဆက်ရှင်ခွင့်ပေးလို့မရတော့ဘူး”
“ကောင်းကင်ဒေသက အင်အားစုတွေက ထျန်းယန်မြို့မှာ စုဝေးနေကြပြီပဲ... ဒီနေ့ ဒီအခွင့်အရေးကိုအသုံးချပြီးတော့... စီဝေ့ကြယ်ကောင်းကင်ကိုဖျက်ဆီးဖို့ ကောင်းကင်ဒေသက အင်အားစုတွေကို မြို့သခင်က စုရုံးပေးပါ”
တုန်းဟွာကုန်းမြေ၏ ကုန်းမြေသခင်နင်ယွမ်က ပြောလိုက်၏။ သူ၏လေသံသည် အနည်းငယ် ရိုကျိုးလေသည်။ သို့သော် ထျန်းယန်မြို့သခင်၏ရှေ့တွင် သူ့လို ကုန်းမြေသခင်လေးတစ်ဦးသည် များစွာအရေးမပါသည် မဟုတ်ပါလား။
ရီဖူရှင်း အသက်ရှိနေသ၍ နင်ယွမ်၏ခေါင်းပေါ်တွင် ဓားတစ်ချောင်း တွဲလောင်းကျနေသကဲ့သို့ပင်။ သူသည် စိတ်အေးလက်အေး မနေနိုင်ပေ။ အနာဂတ်တွင် ရီဖူရှင်းသည် တုန်းဟွာကုန်းမြေသခင်အိမ်တော်ကို ဖျက်ဆီးလိုက်မည်ကို စိုးရိမ်နေလေသည်။
သူ၏သား နင်ဟွာသည်လည်း ရီဖူရှင်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ သူသည် ထိုရန်ငြိုးကို မည်သို့မေ့နိုင်မည်နည်း။
သို့သော် ယခုတွင် ကုန်းမြေသခင်ရှီဟိုင်သည်ပင် ရီဖူရှင်း၏ပြိုင်ဘက်မဟုတ်ပေ။ နင်ယွမ်အနေဖြင့် ရီဖူရှင်းကို အနိုင်ယူရန် ပို၍ပင် မဖြစ်နိုင်ချေ။ နင်ယွမ်သည် ကူရာကယ်ရာမဲ့နေသဖြင့် ထျန်းယန်မြို့၏အကူအညီကိုသာ ရှေ့မျက်နှာနောက်ထား၍ တောင်းဆိုရန်သာ ရှိလေတော့သည်။
“ခင်ဗျားက ကျုပ်တို့ကို အထင်ကြီးလွန်းနေတာပဲ”
ထျန်းယန်မြို့သခင်က ပြောလိုက်၏။
“ဒီကိုရောက်နေတဲ့ ခင်ဗျားတို့ တော်တော်များများကလည်း ကောင်းကင်ဒေသက ထိပ်သီးတွေပါပဲ။ ထျန်းယန်မြို့က ဘယ်သူ့ကိုမှ ဦးဆောင်ဖို့ အရည်အချင်းအပြည့်မီပါဘူး”
သူက ဆက်ပြောလိုက်၏။
“ဒါပေမဲ့ ကျုပ်လည်း ကောင်းကင်ဒေသမှာ ဖြစ်ပျက်သွားခဲ့တာတွေကို ကြားပါတယ်။ စီဝေ့ကြယ်ကောင်းကင်က အင်အားစုတွေက ကောင်းကင်ဒေသက ကျင့်ကြံသူတွေရဲ့သွေးကို ဆာနေတာပဲ။ သူတို့က သူတို့ရဲ့ လူသားဆန်မှုတွေ ပျောက်ဆုံးသွားခဲ့ပြီ... ပြီးတော့ အားလုံးကလည်း သူတို့ရဲ့လုပ်ရပ်တွေက စက်ဆုပ်စရာလို့ ထင်ကြတယ်”
နေမင်းနတ်တောင်မှ ကျင့်ကြံသူတစ်ဦးက ပြောလိုက်၏။
“အမှန်ပါပဲ... ရီဖူရှင်းက ရန်ဟောင်အဆင့်ကိုးကျင့်ကြံသူတစ်ဦးဆိုပေမယ့် ဗုဒ္ဓရောင်ဝါခြေလှမ်းကို ကျင့်ကြံထားတော့ ဘယ်နေရာကိုမဆို ခြေရာလက်ရာမကျန်ဘဲ သွားနိုင်နေတာ။ သူ့ကို ဖမ်းမိဖို့ ခက်တယ်။ စီဝေ့ကြယ်ကောင်းကင်ကိုလည်း မဟာအင်ပါယာစီဝေ့ရဲ့ အမွေအနှစ်တွေက ကာကွယ်ပေးထားတယ်။ ရီဖူရှင်းသာ အဲဒီစွမ်းအားကို သုံးလိုက်ရင် ကျုပ်တို့ သူ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်တော့ဘူး။ ဒီတော့ ထျန်းယန်မြို့က ကျင့်ကြံသူတွေက မဟာအင်ပါယာအဆင့်လက်နက်ကတွေကို ဆင့်ခေါ်ပြီးတော့ အဲဒီကောက်ကျစ်တဲ့ကောင်ကို သတ်ပေးဖို့ ကျုပ်တို့ တောင်းဆိုချင်တယ်။ ဝမ်ရှောင်က ချပ်ဝတ်လက်နက်ပြိုင်ပွဲမှာ သူ့ရဲ့အရည်အချင်းကို ပြသခဲ့ပြီးပြီ။ မြို့သခင်လေးက မဟာအင်ပါယာအဆင့်လက်နက်တွေနဲ့ ဆက်သွယ်နိုင်တယ်ဆိုတော့ ကောင်းကင်ဒေသက လူအားလုံးကိုယ်စား ရီဖူရှင်းကို သတ်ပေးဖို့ ကျုပ်တို့ တောင်းဆိုပါတယ်”
“မြို့သခင်လေး... ကျုပ်တို့ရဲ့ တောင်းဆိုချက်ကို လက်ခံပေးပါ”
နင်ယွမ်က ထပ်ပြောလိုက်၏။ တခြားလူများသည်လည်း ဝမ်ရှောင်ကို ကြည့်လိုက်ကြ၏။
“မြို့သခင်လေး... မြို့သခင်လေးက မဟာအင်ပါယာအဆင့်လက်နက်တွေကို အသုံးပြုနိုင်တဲ့ ပါရမီရှင်တစ်ဦးပါ။ မြို့သခင်လေးအနေနဲ့ ဒီအရေးကြီးတဲ့တာဝန်ကို ပခုံးထမ်းသင့်ပါတယ်”
နောက်ထပ်ထိပ်သီးတစ်ဦးက ထပ်ဖြည့်ပြောလိုက်၏။ ဝမ်ရှောင်သည် ကောင်းကင်ဒေသရင်ဆိုင်နေရသော ပြဿနာများကို ဖြေရှင်းပေးနိုင်လောက်သည်ဟု ထျန်းယန်မြို့သခင်က ပြောခဲ့၏။ သူ့စကားများသည် ဝမ်ရှောင်က သူတို့၏တောင်းဆိုချက်ကို လက်ခံမည်ဟု ရည်ညွှန်းသကဲ့သို့ပင်။
ယခုတွင် ထိပ်သီးများသည် မြို့သခင်၏ဆန္ဒအတိုင်း လုပ်ဆောင်နေခြင်းသာဖြစ်သည်။ မြို့သခင်သည် ဝမ်ရှောင်၏အမည်ကို နေရာအနှံ့တွင် ကျော်ကြားစေလိုသည်ဖြစ်ရာ ထိပ်သီးများသည် ဝမ်ရှောင်ကို များစွာချီးမွမ်းမြှောက်ပင့်၍ အခြေအနေကို ပုံကြီးချဲ့ကာ နောက်ဆုံးတွင် သူတို့၏တောင်းဆိုချက်ကို သဘောတူလာအောင်လုပ်မည်ဖြစ်သည်။
မြို့သခင်သည် ထိုမြင်ကွင်းကိုမြင်သောအခါ သူ့မျက်နှာပေါ်တွင် အပြုံးသဲ့သဲ့ထွက်ပေါ်လာ၏။ အရာအားလုံးသည် သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်ပျက်နေ၏။
ဝမ်ရှောင်သည် နေ့ချင်း၊ ညချင်း နာမည်ကျော်ကြားခဲ့ပေပြီ။ နောင်တွင် သူသည် ကောင်းကင်ဒေသရှိ ကျင့်ကြံသူများ၏ ခေါင်းဆောင်ဖြစ်လာပေလိမ့်မည်။ ရီဖူရှင်း၏သေဆုံးမှုနှင့် စီဝေ့ကြယ်ကောင်းကင်ကို အောင်နိုင်မှုသည် သူ့ကို လမ်းခင်းပေးမည်ဖြစ်သည်။ နောက်ဆုံးတွင် သူသည် မျိုးဆက်သစ်များအကြားတွင် နံပါတ်တစ်ကျင့်ကြံသူဖြစ်လာမည်ဖြစ်ပြီး ကောင်းကင်ဒေသကို အုပ်စိုးနိုင်ပေလိမ့်မည်။
မြို့သခင်သည် ဝမ်ရှောင်ကို ကြည့်လိုက်သည်။ သူသည် ဝမ်ရှောင်၏ တုံ့ပြန်မှုကို စောင့်နေပုံရလေသည်။
ထိုအခိုက်တွင် မြို့သခင်ရုံးတော်မှ ကျင့်ကြံသူတစ်ဦးသည် ဘူးတစ်ဘူးကို ကိုင်၍ ရှေ့သို့ထွက်လာ၏။ ထိုဘူးထဲတွင် မက်မောဖွယ်ကောင်းသော အနီရဲရဲ ဝတ်ရုံတစ်ထည်ရှိသည်။ ထိုဝတ်ရုံသည် ဇာမနီမွေးများဖြင့် ပြုလုပ်ထားပုံပေါ်သည်။ ၎င်းသည် ရွှေရောင်အလင်းများ တလက်လက်တောက်ပနေလေသည်။
ထိုကျင့်ကြံသူသည် ဝမ်ရှောင်ထံသို့ လျှောက်သွားသည်။ ဝမ်ရှောင်သည် ထိုဘူးကိုယူ၍ နောက်လှည့်ကာ မင်းသမီးဒွန်ဟောင်ထံသို့ လျှောက်သွား၏။ သူသည် ဘူးကို လက်နှစ်ဖက်ဖြင့်ကိုင်၍ ဒွန်ဟောင်တိယွမ်ကို ဆက်သကာ ပြောလိုက်၏။
“မင်းသမီး... ဒါက မြို့သခင်ရုံးတော်က ပြင်ဆင်ထားတဲ့ မင်းသမီးအတွက် လက်ဆောင်ပါ။ မင်းသမီး လက်ခံပေးနိုင်မလားခင်ဗျာ”
“ကျေးဇူးပဲ...”
ဒွန်ဟောင်တိယွမ်က မငြင်းလိုက်ပေ။ သူမသည် ချက်ချင်း လက်ခံလိုက်သည်။ သူမသည် ထိုလက်ဆောင်ကို ကြည့်လည်းမကြည့်ခဲ့ချေ။ သူမသည် အရှင်ဒွန်ဟောင်၏ တစ်ဦးတည်းသောသမီးတော်ဖြစ်သဖြင့် သူမထံတွင် နတ်လက်နက်များ ပြည့်စုံ၏။
ဝမ်ရှောင်မေးလိုက်၏။
“မင်းသမီး... ရီဖူရှင်းနဲ့ စီဝေ့ကြယ်ကောင်းကင်က လူတွေက ကောင်းကင်ဒေသမှာ ပြဿနာတွေ ဖြစ်စေခဲ့ပါတယ်။ အရှင်ဒွန်ဟောင်က သနားညှာတာမှုရှိပါတယ်... ပြီးတော့ အင်ပါယာနန်းတော်ကလည်း ဒီကိစ္စမှာ ဝင်ပါဖို့ အစီအစဉ်မရှိဘူးဆိုတော့ ထျန်းယန်မြို့သခင်ရုံးတော်က ရီဖူရှင်းကို ဦးဆောင်ပြီး လိုက်ဖမ်းလို့ ရနိုင်မလားခင်ဗျား”
“ကျွန်မ အရင်ကလည်း ပြောပြီးပါပြီ။ ကောင်းကင်ဒေသက အင်အားစုတွေအကုန်လုံး ရီဖူရှင်းနဲ့ရန်ငြိုး၊ ရန်စတွေကို ကိုယ့်ဘာသာ ရှင်းကြပါ။ အင်ပါယာနန်းတော်က ဝင်ပါမှာမဟုတ်ပါဘူး”
ဒွန်ဟောင်တိယွမ်က ပြန်ပြောလိုက်၏။
“နားလည်ပါပြီ...”
ဝမ်ရှောင်ခေါင်းညိတ်လိုက်၏။ ထို့နောက် သူသည် နောက်လှည့်၍ လူအုပ်ဆီသို့ လျှောက်သွားလိုက်သည်။ အားလုံးသည် သူ့ကိုကြည့်နေကြသည်။ ဝမ်ရှောင်၏မျက်နှာထားသည် တည်ငြိမ်နေ၏။ သူသည် ထိုနေရာရှိ ကျင့်ကြံသူများကို ဝေ့ဝဲကြည့်လိုက်ပြီး ပြောလိုက်၏။
“ထျန်းယန်မြို့ရဲ့ ပြိုင်ပွဲကို ကြည့်ဖို့ ရောက်လာတဲ့လူတိုင်းကို ကျုပ် ကျေးဇူးတင်ပါတယ်။ အားလုံးက စီဝေ့ကြယ်ကောင်းကင်ကို တိုက်ခိုက်မယ့် ကိစ္စမှာ ထျန်းယန်မြို့သခင်ရုံးတော်နဲ့ ပူးပေါင်းချင်နေမှတော့ ကျုပ် အားလုံးရဲ့ တောင်းဆိုမှုကို လက်ခံပါတယ်။ ကျုပ် စီဝေ့ကြယ်ကောင်းကင်ကို တိုက်ခိုက်ဖို့အတွက် ဒီမှာရှိနေတဲ့အားလုံးနဲ့ အင်အားပူးပေါင်းပါမယ်”
သူ့အသံသည် မြို့သခင်ရုံးတော်အထက်ရှိ ကောင်းကင်တစ်ခွင်တွင် ပဲ့တင်ထပ်သွားသည်။ ထျန်းယန်မြို့တွင်းမှ ကျင့်ကြံသူအားလုံးသည် သူ၏အသံကို ကြားလိုက်ရသည်။
ဤနေ့တွင် ဝမ်ရှောင်သည် ကောင်းကင်ဒေသမှ ကျင့်ကြံသူများကို စုရုံး၍ စီဝေ့ကြယ်ကောင်းကင်ကို သိမ်းပိုက်ရန် သဘောတူလက်ခံခဲ့သည်။
ပုံမှန်ဆိုလျှင် ထိုကိစ္စသည် ထျန်းယန်မြို့သခင်၏ အလုပ်ဖြစ်သည်။ သို့သော် ဝမ်ရှောင်သည် ထိုကြီးလေးသောတာဝန်ကို လွှဲပြောင်းယူခဲ့ပြီး ယခုတွင် ကောင်းကင်ဒေသ၏ဇာတ်ခုံပေါ်တွင် ရပ်နေခဲ့ပေပြီ။ သူ ကျော်ကြားရတော့မည်အချိန် ရောက်ပေပြီ။
ပြီးခဲ့သော ဆယ်စုနှစ်အနည်းငယ်အတွင်း၌ ကောင်းကင်ဒေသအတွင်းရှိ လူအာရုံစိုက်အခံရဆုံး မျိုးဆက်သစ်သည် မူလဘုံမှ ရီဖူရှင်းပင်ဖြစ်သည်။ သူသည် နေရာအနှံ့တွင် ကျော်ကြားပြီး ကောင်းကင်ဒေသတစ်ခွင်လုံးတွင် ပြိုင်ဘက်ကင်းဖြစ်၏။ သူသည် ကြီးကျယ်သောကိစ္စများစွာကို စွမ်းဆောင်နိုင်ခဲ့သည်။
သို့သော် ယနေ့တွင် ထျန်းယန်မြို့၏ ဝမ်ရှောင်သည် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲတွင် နေ့ချင်း၊ ညချင်း နာမည်ကျော်ကြားခဲ့၏။ နောင်တွင် သူသည် ဤကြီးကျယ်သောသိမ်းပိုက်မှုမှနေ၍ သူ၏အမည်ကို ကောင်းကင်ဒေသတစ်ခွင်လုံး ကျော်ကြားအောင် လုပ်မည်ဖြစ်သည်။ သူသည် ယခင်က လူအာရုံစိုက်အခံခဲ့ရဆုံး စွမ်းအားကြီးကျင့်ကြံသူတစ်ဦး၏အလောင်းကို နင်း၍ ကောင်းကင်ဒေသတွင် အထူးချွန်ဆုံးလူဖြစ်လာပေလိမ့်မည်။
ဝမ်ရှောင်သည် ထိုသို့လုပ်နိုင်မည်လော။
ရီဖူရှင်းသည် မြို့သခင်ရုံးတော်အတွင်းရှိ လူအုပ်ကြားထဲတွင် ရှိသည်။ သူ့မျက်နှာဖုံးအောက်ရှိ အကြည့်များသည် ဝမ်ရှောင်ပေါ်သို့ ကျရောက်နေသည်။ ယခုတွင် ဝမ်ရှောင်သည် သူရဲကောင်းဆန်ကာ ပြိုင်ဘက်ကင်းသည့်ပုံပေါ်နေ၏။ ဝမ်ရှောင်သည် ကောင်းကင်ဒေသမှ ကျင့်ကြံသူများကို ဦးဆောင်၍ စီဝေ့ကြယ်ကောင်းကင်ကို သိမ်းပိုက်ကာ သူ့ကို သတ်ချင်နေ၏။
ဝမ်ရှောင်သည် မဟာအင်ပါယာအဆင့်လက်နက်များနှင့် ဆက်သွယ်နိုင်၏။
မျှော်လင့်ထားသကဲ့သို့ပင် ထိုရလဒ်သည် အဆိုးဆုံးရလဒ်ဖြစ်သည်။
ထိုအခိုက်တွင် မြို့သခင်ရုံးတော်အတွင်းပိုင်းသို့ ဝင်သွားသော ချပ်ဝတ်လက်နက်ပြုလုပ်သူများ ပြန်ထွက်လာကြ၏။ ဝမ်ရှောင်သည် လူအုပ်ကိုကျော်၍ မုယန်နှင့် တခြားချပ်ဝတ်လက်နက်ပြုလုပ်သူများကို ကြည့်ကာ ပြောလိုက်၏။
“ဆရာတို့... ဆရာတို့ရဲ့ ချပ်ဝတ်လက်နက်ပြုလုပ်စွမ်းရည်က ထူးကဲတာပဲ။ ဆရာတို့အားလုံး ဘယ်ကလာတယ်ဆိုတာ ကျုပ် မေးလို့ရမလားခင်ဗျာ”
“အဲဒါက အရေးပါလို့လား”
မုယန်က မေးလိုက်သည်။ သူ၏လေသံသည် အေးစက်ကာ ထီမထင်သည့် အငွေ့အသက်များပါနေသည်။
“အရေးမပါ,ပါဘူး...”
ဝမ်ရှောင်က ဆက်ပြောလိုက်၏။
“ဆရာတို့ရဲ့ ချပ်ဝတ်လက်နက်ပြုလုပ်စွမ်းရည်က ထူးကဲနေပေမယ့် ကျုပ် ဆရာတို့ရဲ့နာမည်ကို အရင်ကမကြားခဲ့ဖူးလို့ပါ။ အဲဒါကြောင့် ကျုပ် စိတ်ဝင်စားသွားတာပါ။ အဲဒါအပြင် ဆရာတို့အားလုံးက ထူးကဲတဲ့နောက်ခံတွေ ရှိကြပုံပဲ။ ဆရာတို့က ကောင်းကင်ဒေသက ကျင့်ကြံသူတွေ ဟုတ်ပုံမရဘူး”
မုယန်နှင့် တခြားသူများ မျက်မှောင်ကြုတ်လိုက်သည်။ ဝမ်ရှောင်က ပြုံးလျှက် ဆက်ပြောလိုက်၏။
“ထျန်းယန်မြို့ထဲမှာ အရည်အချင်းရှိတဲ့သူတွေ အများကြီးစုဝေးနေပြီး အားလုံးရဲ့ အာရုံစိုက်မှုကိုလည်း ခံနေရပါတယ်။ အခု ချပ်ဝတ်လက်နက်ပွဲတော်က ပြီးသွားပြီဆိုပေမယ့် ကျုပ်က စိတ်တက်ကြွနေတုန်းပါပဲ။ ချပ်ဝတ်လက်နက်ပြုလုပ်ခြင်းရဲ့ အခြေခံက ကျင့်ကြံခြင်းဆိုတာ အားလုံးသိကြပါတယ်။ ကျုပ် ဒီအခွင့်အရေးကို အသုံးချပြီးတော့ ဆရာတို့ဆီကနေပြီး ကျင့်ကြံခြင်းနဲ့ပတ်သတ်တဲ့ လမ်းညွှန်ချက်နည်းနည်းလောက် တောင်းခံချင်ပါတယ်။ ဆရာတို့ ဘယ်လိုထင်ပါသလဲ”
ယခုတွင် ဝမ်ရှောင်သည် ယခင်က သူပြသခဲ့သည့် သိမ်မွေ့ဖော်ရွေသော အငွေ့အသက်ကို ပြန်ရုတ်သိမ်းလိုက်ပြီဖြစ်သည်။ ယခုတွင် သူသည် စူးရှထက်မြက်ကာ အန္တရာယ်များသည့်ပုံ ပေါ်နေလေသည်။
“ထျန်းယန်မြို့က ချပ်ဝတ်လက်နက်ပြုလုပ်နည်းနဲ့ ပတ်သတ်ပြီး မျက်နှာပျက်ခဲ့ရလို့ အခု မင်းက ငါတို့နဲ့ ကျင့်ကြံခြင်းပြိုင်ချင်နေတာလား”
မုယန်က ခနဲ့စကား ဆိုလိုက်သည်။
“ဆရာ... ဆရာက ထျန်းယန်မြို့ကို လျှော့တွက်လွန်းနေတာမဟုတ်ဘူးလား။ ကျုပ်တို့က လက်ရည်စမ်းဖို့ တောင်းဆိုရုံပါပဲ... ပြီးတော့ ထိခိုက်ဒဏ်ရာမရခင် ရပ်မှာပါ။ ပြီးတော့ ဒီမှာရှိတဲ့လူတွေကိုပဲ လက်ရည်စမ်းဖို့ ဖိတ်ခေါ်တာမဟုတ်ပါဘူး... ထျန်းယန်တစ်မြို့လုံးမှာရှိတဲ့ ကျင့်ကြံသူအားလုံး ပါဝင်နိုင်ပါတယ်”
ဝမ်ရှောင်သည် ကျယ်လောင်စွာ ပြောဆိုကြေညာလိုက်သည်။
“ဘယ်သူက အာမခံပေးမှာလဲ...”
မုယန်သည် ခက်ထန်သောအသံနှင့် မေးလိုက်သည်။
“ကျုပ်က ထျန်းယန်မြို့သခင်ဆိုတော့ ကျုပ်တို့ ဘယ်သူ့ကိုမှ ပြဿနာမရှာဘူးလို့ ကျုပ်အာမခံပါတယ်”
ထျန်းယန်မြို့သခင်က ပြောလိုက်၏။
“ကျုပ် ခင်ဗျားကို မယုံဘူး”
မုယန်က တိုက်ရိုက်ပြန်ပြောလိုက်၏။ ထို့ကြောင့် ထျန်းယန်မြို့သခင်၏ မျက်နှာထားသည် အေးစက်ခက်ထန်သွားသည်။ မုယန်သည် အမှန်ပင် သူ့၏အာမခံချက်ကို မေးခွန်းထုတ်ရဲသလော။
“ကျွန်မ အာမခံမယ်”
ဘေးတွင်ထိုင်နေသော ဒွန်ဟောင်တိယွမ်က ပြောလိုက်၏။
“ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်ကလာတာပဲဖြစ်ဖြစ် ကိုယ်ဘယ်သူ၊ ဘယ်ဝါဆိုတာ ထုတ်ပြောရမယ်။ အဲဒီထုတ်ပြောတဲ့ အချက်တွေကို ကျွန်မ ပြန်ပြီးမေးခွန်းထုတ်မှာမဟုတ်ဘူး။ ထျန်းယန်မြို့ရဲ့ ဒီကြီးကျယ်ခမ်းနားတဲ့ ပွဲတော်အတွင်းမှာ သေဆုံးမှုမရှိစေရဘူးလို့ ကျွန်မအာမခံတယ်”
“တကယ်လို့ ကျုပ်က စီဝေ့ကြယ်ကောင်းကင်က လူတစ်ယောက် ဖြစ်နေတယ်ဆိုရင်ရော...”
မုယန်သည် ပြုံးလျှက် ရုတ်တရက်မေးလိုက်သည်။ ထိုမတိုင်ခင်က ထိုလူများသည် စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီးရန် ကြံနေခဲ့ကြသည် မဟုတ်ပါလား။
“ရှင်က ရီဖူရှင်း ကိုယ်တိုင်ဖြစ်နေတယ်ဆိုရင်တောင် ကျွန်မရဲ့ စကားက အတည်ပဲ”
ဒွန်ဟောင်တိယွမ်က ပြောလိုက်၏။
“ကျွန်မက ကိုယ့်စကားကိုယ်တည်တယ်။ မြို့သခင်လည်း စကားတည်လိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်”
“ဒါပေါ့...”
ထျန်းယန်မြို့သခင်က ခေါင်းညိတ်ပြလိုက်သည်။
“ဟားဟားဟားဟား...”
ကျယ်လောင်သော ရယ်သံတစ်သံကို ကြားလိုက်ရသည်။ ထိုရယ်သံသည် မြို့သခင်ရုံးတော်အပြင်မှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထျန်းယန်မြို့ထဲတွင် ကြောက်မက်ဖွယ် အရှိန်အဝါအနည်းငယ် ကျဆင်းလာသည်။ စွမ်းအားကြီးဖိအားတစ်ခု ကျဆင်းလာပြီး မြို့ကို လွှမ်းခြုံသွားသည်။ ထို့နောက်တွင် မြို့သခင်ရုံးတော်အထက်ရှိ ကောင်းကင်ပေါ်တွင် စွမ်းအားကြီးအရှိန်အဝါများစွာ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအရှိန်အဝါများထဲတွင် ဒုတိယကပ်ဘေးအဆင့်ရှိသည့် ကြောက်မက်ဖွယ်အရှိန်အဝါအနည်းငယ်ပင် ပါလေသည်။
“အဲဒါက မှော်နက်နန်းတော်နဲ့ နတ္တိအင်ပါယာဘုံက လူတွေပဲ...”
ဒွန်ဟောင်တိယွမ်သည် အပြင်သို့ကြည့်၍ ပြောလိုက်၏။ ကြည့်ရသည်မှာ ထိုအဓိကလောကကြီးနှစ်ခုသည် ဝင်ပါလို၍ ကောင်းကင်ဒေသသို့ ရောက်လာခြင်းဖြစ်ရပေမည်။