မည်သူသည် ပြိုင်ဘက်ကင်းဟူသော ဂုဏ်ပုဒ်ကို ရမည်နည်း...
Vol. 179 Ch. 2564
ရီဖူရှင်းသည် ချပ်ဝတ်လက်နက်နယ်မြေအတွင်းသို့ လျှောက်သွားလိုက်သည်။ ထိုနေရာတွင် ချပ်ဝတ်လက်နက်ပြုလုပ်သူအနည်းငယ် ရှိနေသေး၏။ သူတို့အားလုံးသည် သူ့ကို ငေးကြည့်နေကြသည်။
မှော်နက်သူတော်စင် ဟွာယွင်ထင်းနှင့် မိစ္ဆာသူတော်စင်မိုချင်းကောတို့ပင် ရီဖူရှင်းကိုကြည့်လိုက်ကြသည်။ သူသည် မြို့သခင်ရုံးတော်မှ ကျင့်ကြံသူတစ်ဦးအနေဖြင့် ရှေ့သို့ ထွက်လာရာ မည်သို့လုပ်ရန်ကြံစည်နေခြင်းနည်း။
“ငွေလှံချန်ခုန်း...”
တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။ ထျန်းယန်မြို့တွင်းမှ လူများစွာသည် ရီဖူရှင်းထွက်လာသောအခါ သူ့ကိုမှတ်မိသွားကြသည်။ နံပါတ်(၁၃)အဖွဲ့၏ခေါင်းဆောင် ဝမ်တုန်းလိုင်သည် ရီဖူရှင်းကိုကြည့်၍ မေးလိုက်၏။
“ဆရာချန်ခုန်း... ဆရာချန်ခုန်းကလည်း အဓိကလောကကြီးနှစ်ခုက ကျင့်ကြံသူတွေကို စိန်ခေါ်ချင်လို့လား”
ရီဖူရှင်းသည် ဝမ်တုန်းလိုင်ကို ကြည့်လိုက်၏။ ထို့နောက် သူသည် ခေါင်းခါကာ ပြောလိုက်၏။
“ကျုပ်က ကောင်းကင်ဒေသက အင်အားစုတွေရဲ့ စွမ်းရည်ကို စမ်းကြည့်ချင်တာ”
‘ဟမ်..’
လူတော်တော်များများ မျက်မှောင်ကြုတ်သွား၏။ ဝမ်တုန်းလိုင်မေးလိုက်သည်။
“ချန်ခုန်း... ခင်ဗျားဘာလုပ်နေတာလဲ”
ဝမ်ထန်သည်လည်း ရီဖူရှင်းကို မယုံနိုင်ဟန်ဖြင့် ကြည့်၍ မေးလိုက်သည်။
“ဆရာချန်ခုန်း... ဒါက ဘာအဓိပ္ပာယ်လဲ”
ရီဖူရှင်းသည် သူ့နောက်ကျောတွင်လွယ်ထားသော လှံရှည်ကို ဖြုတ်လိုက်ပြီး ပြောလိုက်၏။
“ဘာအဓိပ္ပာယ်လဲဆိုတာ မသိသာဘူးလား”
ဟွာယွင်ထင်းနှင့် မိုချင်းကောတို့သည်လည်း အံ့အားသင့်သွားကြသည်။ သူတို့သည် အနည်းငယ် စိတ်ဝင်စားနေလေသည်။ သူတို့သည် ထိုလူထွက်လာခြင်းမှာ သူတို့၏လူများကို စိန်ခေါ်ရန်ဟု ထင်ခဲ့သည်။ သို့သော် ထိုလူသည် ကောင်းကင်ဒေသမှ လူများကို စိန်ခေါ်နေ၏။
ဝမ်တုန်းလိုင် ဆက်ပြောလိုက်၏။
“ဆရာချန်ခုန်းက လှံသိုင်းပညာရပ်မှာ ကျွမ်းကျင်ပါတယ်။ ဆရာချန်ခုန်း နံပါတ်(၁၃)အဖွဲ့မှာ ပြသသွားတဲ့ လှံသိုင်းက အံ့အားသင့်စရာပါပဲ။ ဆရာချန်ခုန်းက ပညာရှင်နှစ်ယောက်ကို လှံချက်တစ်ချက်ချင်းစီနဲ့ အနိုင်ယူသွားတာပဲ။ တကယ်လို့ ဆရာချန်းခုန်းက တခြားကျင့်ကြံသူတွေရဲ့ လှံသိုင်းကိုစမ်းကြည့်ချင်တာဆိုရင် ကျုပ်တို့ နောက်မှ စီစဉ်ပေးလို့ရပါတယ်”
ယခု ရီဖူရှင်းရှေ့ထွက်လာမှုသည် အချိန်အခါမသင့်ဖြစ်နေ၏။
“သူက ကျုပ်တို့ရဲ့ စွမ်းရည်ကို စမ်းကြည့်ချင်တယ်ဆိုမှတော့လည်း သူ့ဆန္ဒအတိုင်း လုပ်ခွင့်ပေးလိုက်ပါ”
ထိုအချိန်တွင် ထျန်းယန်မြို့သခင်က ဝင်ပြောလိုက်၏။ သူ၏လေသံသည် အရေးမစိုက်သည့်ဟန်ပင်။ ဝမ်တုန်းလိုင်သည်လည်း ဆက်၍မပြောတော့ပေ။ သူသည် ရီဖူရှင်းကိုသာ အေးစက်စက် တစ်ချက်ကြည့်လိုက်သည်။ ရီဖူရှင်းသည် နံပါတ်(၁၃)အဖွဲ့မှနေ၍ ဝိညာဉ်လက်နက်ကို ရယူသွားခဲ့သည်။ သို့သော် သူသည် အမှန်ပင် ပြဿနာရှာလိုနေသလော။
“ကျုပ် ဆရာချန်ခုန်းရဲ့ လှံသိုင်းကို စမ်းကြည့်ချင်ပါတယ်”
လူတစ်ယောက်သည် ရှေ့သို့ထွက်လာ၍ ပြောလိုက်၏။ ထိုသူမှာ အစောက ဝတ်ရုံနက်နှင့် ချပ်ဝတ်လက်နက်ပြုလုပ်သူကို အနိုင်ယူခဲ့သော ဝမ်ယွီဖြစ်သည်။ ထျန်းယန်မြို့သည် ရှေးဟောင်းနတ်ဘုရားကလန်ထဲတွင် ပါဝင်၏။ ရှေးဟောင်းနတ်ဘုရားကလန်၏ ချပ်ဝတ်လက်နက်ပြုလုပ်သူအင်အားစုများသည် မြို့သခင်ရုံးတော်တွင် ဖွက်ထားသော အံ့အားသင့်ဖွယ်ပညာရပ်များ မရေမတွက်နိုင်အောင် ရှိသည်။ မြို့သခင်ရုံးတော်မှ ကျင့်ကြံသူများသည် ပညာရပ် အမျိုးမျိုးကို ကျွမ်းကျင်လေသည်။
ဝမ်ယွီသည် လှံသိုင်းကိုလည်း ကျွမ်းကျင်၏။ သူ့နေမင်းလှံ၏ စွမ်းအားသည် အံ့အားသင့်ဖွယ်ပင်ဖြစ်သည်။
ရီဖူရှင်းသည် ဝမ်ယွီကို ကြည့်လိုက်သည်။ မျက်နှာဖုံးအောက်ရှိ သူ၏မျက်ဝန်းများထဲတွင် အေးစက်စက်အလင်းတစ်ချက် ဖြတ်သန်းသွားသည်။ သူပြောလိုက်၏။
“မင်းအဆင့်လောက်နဲ့ မပြိုင်ချင်ဘူး...”
ဝမ်ယွီ မျက်မှောင်ကြုတ်သွားသည်။ သူ၏ကျင့်ကြံခြင်းအဆင့်သည် ရန်ဟောင်အထွတ်အထိပ်အဆင့်ဖြစ်ပြီး သူ၏ချပ်ဝတ်လက်နက်ပြုလုပ်စွမ်းရသည် ထူးကဲ၏။ သူ၏တိုက်ခိုက်စွမ်းရည်သည်လည်း စွမ်းအားကြီးပြီး သူ၏ချပ်ဝတ်လက်နက်ပြုလုပ်စွမ်းရည်ထက် အနည်းငယ်ပင်မနိမ့်ပေ။ သို့သော် ထိုလူသည် သူ့ကို ထိုကဲ့သို့ မောက်မောက်မာမာ ဆက်ဆံဝံ့၏။
ဝုန်း...
ထိုနေရာတွင် ချစ်ချစ်တောက်ပူလောင်နေသော ကြောက်မက်ဖွယ်အပူလှိုင်းတစ်ခု ဖြတ်သန်းသွား၏။ သူ့နောက်တွင် နေတစ်စင်းထွက်ပေါ်လာ၏။ နေမင်း၏ နတ်အလင်းများ ဖြာကျလာပြီး မီးတောက်လှံရှည်တစ်ချောင်း ထွက်ပေါ်လာသည်။ သူသည် ခြေတစ်လှမ်းဖြင့် ရီဖူရှင်း၏ အထက်သို့ ရောက်သွားသည်။ သူ၏ မဟာလမ်းစဉ်စက်ကွင်းသည် ရီဖူရှင်းကို ရုတ်ခြည်းလွှမ်းခြုံသွား၏။
ဝှစ်...
ဝမ်ယွီသည် မည်သို့မှမပြောဘဲ ကောင်းကင်ထက်သို့ ချက်ချင်းပျံတက်၍ စတင်တိုက်ခိုက်လိုက်ခြင်းပင်။ သူသည် သူ၏လှံနှင့်အတူ ရှေ့သို့ပျံထွက်သွားသည်။ ထိုလှံသည် သူ့အနောက်ရှိ နေမင်း၏ နတ်အလင်းနှင့် ပေါင်းစည်းသွားပြီး နေမင်းလှံတစ်ချောင်းဖြစ်လာ၏။ အနီရဲရဲအလင်းတန်းတစ်ခုသည် လေထုကိုဖောက်ထွင်းကာ အောက်သို့ကျဆင်းလာသည်။ ၎င်းတွင် လွန်စွာအံ့အားသင့်ဖွယ် အဖျက်စွမ်းအားရှိသည်။ မြို့သခင်ရုံးတော်မှ ကျင့်ကြံသူများသည် ရှေ့သို့ထွက်ကာ သူတို့ပတ်ပတ်လည်တွင် ပုံရိပ်ယောင်မဟာလမ်းစဉ်အလင်းနှင့် ကာရံလိုက်ပြီး မဟာလမ်းစဉ်စွမ်းအားက ပတ်ဝန်းကျင်အပေါ် သက်ရောက်သွားမည်ကို ကာကွယ်လိုက်သည်။
ရီဖူရှင်းသည် အနည်းငယ် ခေါင်းမော့လိုက်သည်။ သူ့မျက်နှာဖုံးအောက်မှ အကြည့်များသည် လွန်စွာအေးစက်နေ၏။ သူသည် ဝမ်ယွီကို တစ်ချက်ကြည့်လိုက်သည်။
သူလက်မြှောက်လိုက်ရာ သူ၏လှံသည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ပျံတက်သွားသည်။
ရွှီး...
နေမင်းလှံသည် အလယ်မှ ထက်ခြမ်းခွဲခံလိုက်ရပြီး ပျက်စီးသွား၏။ ဝမ်ယွီသည် လေထဲတွင် ရပ်တန့်သွားသည်။ လှံရှည်တစ်ချောင်းသည် သူ့လည်မျိုတည့်တည့်သို့ ချိန်ရွယ်ထား၏။ ၎င်းလှံရှည်ထံမှနေ၍ ကြောက်မက်ဖွယ် အေးစက်စက်အရှိန်အဝါတစ်ခု ထွက်နေလေသည်။ ရီဖူရှင်း၏ ဝိညာဉ်စွမ်းအား တစ်ချက်မျှလှုပ်ရှားလိုက်သည်နှင့် ထိုလှံရှည် သူ့လည်မျှိုကို ဖောက်ဝင်သွားမည်ဖြစ်သည်။
ရီဖူရှင်းသည် သူပြိုင်ဘက်ကို လှံချက်တစ်ချက်တည်းဖြင့် နောက်တစ်ကြိမ် အနိုင်ယူနိုင်ခဲ့ပေပြီ။
မြို့သခင်ရုံးတော်မှ လူများသည် ထိုလှံရှည်ကိုကြည့်၍ မှင်တက်နေကြသည်။ ထိုလှံတစ်ချောင်းသည် အဆင့်ပင်မတူပေ။ ၎င်းတို့အကြားတွင် စွမ်းအားကွဲပြားမှု ကြီးမားစွာရှိနေ၏။
ဝမ်ယွီသည် ပိုနိမ့်၏။
ရီဖူရှင်း၏လှံရှည်သည် အလျားလိုက် ဝှေ့ယမ်းလိုက်ရာ ဝမ်ယူသည် အဟုန်လှိုင်းများကြောင့် အဝေးသို့လွင့်ပျံသွား၏။ နောက်ထပ်ကျင့်ကြံသူတစ်ဦး ရှေ့သို့ထွက်လာ၏။ ထိုသူကား ဝမ်မြန်ပင်။ သူရှေ့သို့ထွက်လာသည်နှင့် သူ့ကိုယ်မှနေ၍ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ မဟာလမ်းစဉ်၏ နတ်အလင်းသည် သူ့ကို ဝန်းရံလှည့်ပတ်နေ၏။ ရီဖူရှင်းပေါ်သို့ ဖိအားတစ်ခု ကျဆင်းလာပြီး လွှမ်းခြုံသွားသည်။
“မင်းအဆင့်နဲ့လည်း မရဘူး... နောက်ဆုတ်နေလိုက်”
ရီဖူရှင်းသည် အရေးမစိုက်သော လေသံဖြင့် ပြောလိုက်၏။ သူသည် ထျန်းယန်မြို့၏ အထူးချွန်ဆုံးလူဟု ယခင်က သတ်မှတ်ခံခဲ့ရသည့် ဝမ်မြန်ကို လုံးဝလျစ်လျူရှုလိုက်သည်။
သို့သော် သူ၏ထီမထင်သောလေသံသည် အလွန်ရှိန်စရာကောင်းပြီး ယုံချင်ဖွယ်ကောင်းနေ၏။ သူ၏စကားများကို လုံးဝသံသယဝင်ရန်မလိုအပ်သကဲ့သို့ပင်။
ဝမ်မြန်ကဲ့သို့ စွမ်းအားကြီးကျင့်ကြံသူတစ်ဦးပင် ထိုသို့ခံစားလိုက်ရသည်။ ဝမ်မြန်သည် ရီဖူရှင်း၏ ထီမထင်သောလေသံကြောင့် သူ့ရှေ့ရှိ လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူသည် သူ့ထက်သန်မာနိုင်သည်ဟု ခံစားမိနေသည်။
“မင်းက ဘယ်သူလဲ...”
ဝမ်မြန်သည် ရီဖူရှင်းကို စိုက်ကြည့်လျှက် မေးလိုက်သည်။
ကောင်းကင်ဒေသတွင် သူ့ကို အနိုင်ယူနိုင်သည့် ရန်ဟောင်အဆင့်ကိုးကျင့်ကြံသူများကို သူအလွယ်တကူလက်ချိုးရေတွက်နိုင်၏။
ကောင်းကင်ဒေသတွင် သူ့ကို ထိုလေသံမျိုးဖြင့် ပြောဝံ့သူသည် ပို၍ပင်ရှားသေးသည်။
ထိုလူသည် ကောင်းကင်ဒေသမှ မဟုတ်ခြင်း ဖြစ်နိုင်၏။
ဝမ်တုန်းလိုင်သည် မျက်မှောင်ကြုတ်၍ ဟွာယွင်ထင်းနှင့် မိုချင်းကောတို့ကို စိုက်ကြည့်လိုက်သည်။
“မင်းက မှော်နက်လောက,ကကျင့်ကြံသူလား ဒါမှမဟုတ် မိစ္ဆာအင်ပါယာဘုံကလား”
ဝမ်ထန်သည် ထရပ်ကာ ရှေ့သို့ခြေတစ်လှမ်းတိုး၍ အေးစက်စက်မေးလိုက်သည်။ သူ့ကိုယ်မှနေ၍ စွမ်းအားကြီးအရှိန်အဝါတစ်ခု ထွက်လာပြီး ရီဖူရှင်းထံသို့ လျှောက်သွား၏။
ရီဖူရှင်းကို အဓိကလောကကြီးနှစ်ခုမှ သူလျှိုဟုထင်နေကြကြောင်း ထင်ရှား၏။
ဟွာယွင်ထင်းနှင့် မိုချင်းကောတို့နှစ်ဦးစလုံးသည် ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ သူတို့သည် ရီဖူရှင်းက သူတို့ဘက်မှ မဟုတ်သည်ကို သိလေသည်။
သို့ဆိုလျှင် သူသည် မည်သူနည်း။
ထိုလူသည် ထိုကဲ့သို့သောအခြေအနေတွင် ကောင်းကင်ဒေသမှ ကျင့်ကြံသူများကို အမှန်ပင်စိန်ခေါ်ခဲ့၏။
“သူတို့ရဲ့လူတွေက ကောင်းကင်ဒေသကလူအုပ်ကြားထဲမှာ ပုန်းနေကြတာလား”
အထက်စီးဆန်သော အသံတစ်ခုထွက်ပေါ်လာသည်။ ထိုသို့ပြောလိုက်သူမှာ ဒွန်ဟောင်တိယွမ်၏ဘေးတွင် ရပ်နေသော လှံအင်ပါယာတုယူဖြစ်သည်။
သူ၏အကြည့်သည် ဓားသွားတစ်ခုကဲ့သို့ စူးရှနေပြီး ရီဖူရှင်းကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။ သူ့မျက်ဝန်းများအတွင်းမှ လှံဝိညာဉ်စွမ်းအားထွက်သွားပြီး ရီဖူရှင်း၏မျက်နှာဆီသို့ ပျံဝင်သွား၏။ တစ်ချိန်တည်းမှာပင် သူပြစ်တင်ပြောဆိုလိုက်သည်။
“လျှို့ဝှက်မနေနဲ့တော့ မင်းရဲ့ မျက်နှာဖုံးကို ချွတ်လိုက်”
သူ၏လှံဝိညာဉ်စွမ်းအားသည် လေထုကို လျှပ်တစ်ပြက်အတွင်းဖြတ်သန်း၍ ရီဖူရှင်းရှိနေရာသို့ ရောက်ရှိသွားသည်။ လှံအင်ပါယာတုယူသည် ဒွန်ဟောင်အင်ပါယာနန်းတော်၏ နတ်စစ်သူကြီးတစ်ဦးဖြစ်သဖြင့် ကောင်းကင်ဒေသရှိ အင်အားစုများကို များစွာအရေးမစိုက်သော်လည်း သူတို့ကြားသို့ အဓိကလောကကြီးနှစ်ခုမှ သူလျှိုများ ဝင်ရောက်နေသည်ကို သည်းခံနေမည်မဟုတ်ပေ။
သို့ရာတွင် သူသည် သူ၏လှံဝိညာဉ်စွမ်းအားကို ထုတ်သည်ဆိုရုံသာ ထုတ်လိုက်သည်။ သူ့အဆင့်အတန်းနှင့် ရန်ဟောင်အဆင့်ကိုးသာရှိသူတစ်ယောက်သည် သူ့ပြိုင်ဘက်ဖြစ်ရန် မထိုက်တန်ပေ။
ထိုအခိုက်တွင် ရီဖူရှင်း၏ လှံသည် လျှပ်စီးတစ်ခုကဲ့သို့ လျင်မြန်စွာ ရှေ့သို့ထိုးထွက်လာသည်။
ထန်း...
အပြင်းအထန်ထိခတ်သွားသံတစ်သံကို ကြားလိုက်ရသည်။ တုယူ၏ လှံဝိညာဉ်စွမ်းအားသည် ရီဖူရှင်း၏ မျက်နှာဖုံးပေါ်သို့ မကျရောက်သွားနိုင်လိုက်ပေ။ ထိုအစား ၎င်းသည် တွန်းပယ်ခံလိုက်ရလေသည်။
ထိုမြင်ကွင်းသည် မြို့သခင်ရုံးတော်အတွင်းမှ လူအားလုံးကို အံ့အားသင့်သွားစေသည်။ ငွေလှံချန်ခုန်းသည် တုယူ၏ လှံဝိညာဉ်စွမ်းအားကို အမှန်ပင် ကာနိုင်၏။
“အတင့်ရဲလိုက်တာ...”
လှံအင်ပါယာတုယူ ကြုံးဝါးလိုက်သည်။
သူသည် သူ့ခုံတွင် ထိုင်နေသေးသော်လည်း ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ကျဆင်းလာပြီး ရီဖူရှင်းရပ်နေသည့် ချပ်ဝတ်လက်နက်နယ်မြေကို ဖိနှိပ်လိုက်သည်။ ထိုဖိအားသည် မီးဖိုကြီးများကို အမှုန့်ဖြစ်သွားစေ၏။ ရန်ဟောင်အဆင့်ကျင့်ကြံသူများ ချပ်ဝတ်လက်နက်ပြုလုပ်ရာတွင် အသုံးပြုသော မီးဖိုကြီးများသည် လွန်စွာခိုင်ခံ့၏။ သို့သော် ၎င်းတို့သည် တုယူ၏အရှိန်အဝါနှင့် ရင်ဆိုင်လိုက်ရသောအခါ အထိမခံဖြစ်သွားပြီး ချက်ချင်း အမှုန့်ဖြစ်သွား၏။
ထိုနေရာသည်လည်း ဖျက်ဆီးခံရလုနီးပါးဖြစ်နေ၏။ တုန်လှုပ်ဖွယ် လှံဝိညာဉ်စွမ်းအားသည် ရီဖူရှင်းထံသို့ ပျံဝင်သွားသည်။ ၎င်းသည် ကပ်ဘေးအဆင့်ကျင့်ကြံသူတစ်ဦးက ထုတ်လွှတ်လိုက်သော မဟာလမ်းစဉ်၏ စစ်မှန်သောဝိညာဉ်စွမ်းအားဖြစ်၏။
ဝုန်း...
ရီဖူရှင်း၏ခန္ဓာကိုယ်မှနေ၍ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထွက်လာသည်။ သူ့ပတ်ပတ်လည်တွင် မဟာလမ်းစဉ်နတ်အလင်း စီးဆင်းနေလေသည်။ သူ၏အရှိန်အဝါသည် တုယူ၏ လှံဝိညာဉ်စွမ်းအားထက် အားမနည်းကြောင်း အံ့အားသင့်ဖွယ်တွေ့ရလေသည်။ သူသည် အဖျက်စွမ်းအားကြီးသော လှံဝိညာဉ်စွမ်းအားနှင့် ရင်ဆိုင်နေရစဉ်မှာပင် အေးဆေးတည်ငြိမ်နေ၏။ သူသည် သူ့ပြိုင်ဘက်၏ဝိညာဉ်စွမ်းအားကြောင့် ထိခိုက်မှုမရှိပေ။
သူ၏ကျင့်ကြံခြင်းအဆင့်သည် ရန်ဟောင်အဆင့်ကိုးဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိချေ။ သို့သော် သူထုတ်လွှတ်လိုက်သော အရှိန်အဝါသည် ကပ်ဘေးအဆင့်ကျင့်ကြံသူတစ်ဦး၏အရှိန်အဝါနှင့်ပင် ယှဉ်နိုင်၏။
လှံအင်ပါယာတုယူ၏ လှံဝိညာဉ်စွမ်းအားသည် သူ့ကို ထိခိုက်မသွားစေပေ။
ရီဖူရှင်းသည် အားကောင်းသော လှံဝိညာဉ်စွမ်းအား၏ဖိနှိပ်မှုကို ခံနေရရာ မျက်နှာဖုံးအောက်ရှိ အကြည့်များသည် ရေခဲတမျှအေးစက်လာလေတော့သည်။ သူသည် လှံအင်ပါယာတုယူကို တစ်ချက်မျှကြည့်၍ စိန်ခေါ်လိုက်သည်။
“မင်းက ငါ့ကို တိုက်ခိုက်ချင်လို့လား”
ကောင်းကင်ဒေသမှ ကျင့်ကြံသူအားလုံးသည် သူ၏စကားကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။
ရန်ဟောင်အဆင့်ကိုးသာရှိသည့် ကျင့်ကြံသူတစ်ဦးသည် လှံအင်ပါယာတုယူကို တိုက်ခိုက်ရန် စိန်ခေါ်ဝံ့သည်အထိ ရဲတင်းလေသလော။
သူ ရူးနေခြင်းပေလော။
မှော်နက်လောက သို့မဟုတ် နတ္တိအင်ပါယာဘုံသည် ထိုကဲ့သို့ စွမ်းအားကြီးသူတစ်ဦးကို မွေးထုတ်နိုင်ခဲ့ပြီလော။
ထိုလူသည် သူတို့၏ဝှက်ဖဲ ဖြစ်နေခဲ့ခြင်းပေလော။
“မင်းက ဘယ်သူလဲ”
လှံအင်ပါယာတုယူ ထရပ်၍ မေးလိုက်သည်။ သူသည် သူခုံတွင် သက်တောင့်သက်သာ ဆက်ထိုင်မနေနိုင်တော့ပေ။ ရန်ဟောင်အဆင့်ကိုးတစ်ဦးသည် သူ၏လှံဝိညာဉ်စွမ်းအားကို ထိပ်တိုက်ရင်ဆိုင်နိုင်နေလေသည်။ ထိုကိစ္စသည် မဖြစ်နိုင်ဟုထင်ရသော်လည်း အမှန်တကယ် ဖြစ်ပျက်ခဲ့ပေပြီ။
ကောင်းကင်ဒေသမှ ထိပ်သီးအားလုံးသည် အပြင်းအထန် ရင်တုန်သွားကြသည်။
“မင်းက ဘယ်သူလဲ”
မြင့်မားသော ကောင်းကင်ထက်ရှိ ဝမ်ရှောင်သည် ခေါင်းငုံ့၍ ရီဖူရှင်းကို ကြည့်လိုက်သည်။ သူ၏အကြည့်သည် ကြောက်မက်ဖွယ်ကောင်းနေပြီး သူသည် သူ့ပြိုင်ဘက်အပေါ်သို့ သူ၏အရှိန်အဝါဖြင့် ဖိနှိပ်လိုက်သည်။
“ငါဘယ်သူလဲဟုတ်လား...”
ရီဖူရှင်း မသဲမကွဲပြောလိုက်၏။ သူသည် သူ့ပေါ်သို့ဖိနှိပ်ထားသည့် ကြောက်မက်ဖွယ် လှံဝိညာဉ်စွမ်းအားကို တွန်းကန်၍ ကောင်းကင်ထက်သို့ ဖြည်းညှင်းစွာ ပျံတက်သွားလိုက်သည်။ သူသည် မြင့်မားသော ကောင်းကင်ထက်သို့ ပျံတက်သွားပြီး သူ့ပတ်ပတ်လည်တွင် ကြောက်မက်ဖွယ်မဟာလမ်းစဉ်လှိုင်းများ ဖြစ်ပေါ်လိုက်သည်။
ဖြစ်ပျက်နေသောအရာအားလုံးကို ထျန်းယန်မြို့၏ ကောင်းကင်ထက်ရှိ မှန်ကြီးထဲတွင် ပေါ်နေ၏။ ယခုတွင် တစ်မြို့လုံးသည် အပ်ကျသံကြားရလောက်အောင်ပင် တိတ်ဆိတ်နေ၏။
ဝမ်ရှောင်ပြီးနောက်တွင် နောက်ထပ်စွမ်းအားကြီးသူတစ်ယောက်သည် လောကအတွင်း၌ လူလုံးထွက်ပြတော့မည်ပုံပင်။
သူသည် မှော်နက်လောကမှပေလော။ သို့တည်းမဟုတ် နတ္တိအင်ပါယာဘုံမှပေလော။
ရုတ်တရက် မိစ္ဆာသူတော်စင်မိုချင်းကောသည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ ထို့ကြောင့် ကောင်းကင်ဒေသမှ ကျင့်ကြံသူများစွာသည် သူ့ကို လှမ်းကြည့်လိုက်ကြသည်။
ထိုမတိုင်ခင်က မိုချင်းကောသည် တိတ်တဆိတ်နေခဲ့၍ များစွာဝင်မပြောခဲ့ပေ။ သို့သော် ယခုတွင် သူ၏ ခံ့ညား၍ ဆွဲဆောင်မှုရှိသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေပေပြီ။ သူသည် ရီဖူရှင်းကို စိုက်ကြည့်နေ၏။
“မင်းက တကယ်ကို မင်းရဲ့ကျော်ကြားမှုနဲ့ ကိုက်ညီတာပဲ”
မိုချင်းကောသည် ပြုံးလျှက် ချီးကျူးလိုက်သည်။
ထို့နောက်သည် သူသည် ကောင်းကင်ဒေသမှ ကျင့်ကြံသူများကိုကြည့်၍ လှောင်လိုက်သည်။
“မင်းတို့က တစ်ယောက်ယောက်ကို တိုက်ခိုက်ဖို့ အင်အားပူးပေါင်းချင်နေကြတယ်။ ဒါပေမဲ့ အဲဒီတစ်ယောက်က မင်းတို့ရှေ့မှာ ရပ်နေတဲ့အခါကျတော့ သူ့ကို မင်းတို့တစ်ယောက်မှ မမှတ်မိကြဘူး။ ရယ်စရာပဲ...”
သူဆက်ပြောလိုက်၏။
“မိတ်ဆွေလေးရီ... မင်းက မူလဘုံမှာ ထပ်သီးတစ်ဦးဆိုတာ သံသယဖြစ်စရာမရှိပါဘူး”
မိုချင်းကော၏စကားလုံးများသည် ပရိသတ်ကို အပြင်းအထန်အံ့အားသင့်သွားစေ၏။ ထိပ်သီးများပင် တုန်လှုပ်သွားကြသည်။ သူတို့သည် ခေါင်းမော့၍ ကောင်းကင်ထက်ရှိ ငွေရောင်မျက်နှာဖုံးနှင့်လူရိပ်တစ်ခုကို စိုက်ကြည့်လိုက်ကြသည်။
ယခုတွင် သူတို့အားလုံးသည် ထိုငွေရောင်မျက်နှာဖုံးနှင့် ကျင့်ကြံသူသည် မည်သူဖြစ်ကြောင်း သိရှိသွားကြပေပြီ။
သူတို့ထဲက မည်သူမှ ထိုသူ မည်သူ၊ မည်ဝါဖြစ်ကြောင်း အဖြေမရှာနိုင်ခဲ့ကြပေ။ သို့သော် မိစ္ဆာသူတော်စင်မိုချင်းကောက အဖြေရှာနိုင်ခဲ့သည်။
ရီဖူရှင်းသည် မျက်နှာဖုံးပေါ်တွင် လက်တင်၍ မျက်နှာဖုံးကို ဖြည်းဖြည်းချင်း ဖယ်ရှားလိုက်သည်။ ထိုအခိုက်တွင် ထျန်းယန်မြို့အတွင်းမှ လူအားလုံးသည် သူ့အပေါ်၌သာ အာရုံစိုက်နေကြသည်။ သူတို့၏မျက်လုံးများသည် သူ၏လှုပ်ရှားမှုတိုင်းကို လိုက်ကြည့်နေကြ၏။
ခံ့ညားသောမျက်နှာတစ်ခုနှင့် ငွေဖြူရောင်ဆံပင်များ ပေါ်လာ၏။
“သူကဘယ်သူလဲ...”
တစ်စုံတစ်ယောက် မေးလိုက်သည်။
“သူက ရီဖူရှင်းပဲ...”
တခြားတစ်ယောက်က ပြန်ဖြေလိုက်သည်။
“သူက စီဝေ့အင်ပါယာနန်းတော်ရဲ့ နန်းတော်သခင် ရီဖူရှင်းပဲ...”
ထျန်းယန်မြို့ထဲတွင် လူများစွာသည် ဆွေးနွေးပြောဆိုနေကြကာ အလုပ်များနေကြလေသည်။ ယနေ့တွင် ဝမ်ရှောင်သည် သူ၏အရည်အချင်းကို ပြသခဲ့သည်။ ထျန်းယန်မြို့သခင်သည် ဝမ်ရှောင်ကို ပြိုင်ဘက်ကင်းဟု ခေါ်ခဲ့သည်။ ကောင်းကင်ဒေသအတွင်းရှိ မျိုးဆက်သစ်များထဲတွင် သူနှင့်ယှဉ်နိုင်သူတစ်ဦးမှ မရှိပေ။
သို့သော် ယခုတွင် ကောင်းကင်ဒေသတစ်ခွင်လုံးကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေခဲ့သူ၊ ကုန်းမြေသခင်အိမ်တော်နှစ်ခုကို တစ်ကိုယ်တော် တိုက်ခိုက်ခဲ့သူ၊ စီဝေ့အင်ပါယာနန်းတော်ကို ဦးဆောင်၍ ထိုက်ချူတော်ဝင်မြေကို ဖျက်ဆီးခဲ့သူသည် ဤနေရာတွင် ပေါ်ထွက်လာပေပြီ။
ရီဖူရှင်းသည် သူ၏မျက်နှာဖုံးကို ချွတ်လိုက်ပြီးသောအခါ သူ့လက်ထဲရှိ လှံရှည်ကို မြှောက်လိုက်၏။
သူ၏လှံသည် ဝမ်ရှောင်ကို ရွယ်ထား၏။
“မင်း... မင်းက ပြိုင်ဘက်ကင်းဆိုတဲ့သူလား...”
ရီဖူရှင်း လှောင်လိုက်သည်။ ထျန်းယန်မြို့တစ်မြို့လုံး တိတ်ဆိတ်သွား၏။