← Chapters

မည်သူက ဇာတ်ပို့နည်း

Vol. 179 Ch. 2565

မည်သူက ဇာတ်ပို့နည်း

Vol. 179 Ch. 2565

ဝမ်ရှောင်သည် ပြိုင်ဘက်ကင်းလေလော။

ထိုမတိုင်ခင်က ဝမ်ရှောင်သည် နံပါတ်တစ်ချပ်ဝတ်လက်နက်ပြုလုပ်သူဟူသော ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားခဲ့သည်။ ထျန်းယန်မြို့သခင်သည် သူ့ကို အတုမဲ့ ပြိုင်ဘက်ကင်းတစ်ဦးဟု မြင်ခဲ့သည်။ သူသည် ရီဖူရှင်းရှိနေသော စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီးပစ်ရန် ကောင်းကင်ဒေသမှ ကျင့်ကြံသူများကို ဦးဆောင်လိုခဲ့သည်။

သို့သော် ယခုတွင် ရီဖူရှင်းသည် ဝမ်ရှောင်၏အရှေ့တွင် ရပ်နေပေပြီ။ ရီဖူရှင်း၏လှံရှည်သည် သူ့ကိုချိန်ရွယ်ထားသည်။

တိတ်ဆိတ်နေသော ထျန်းယန်မြို့ထဲရှိ လူများစွာသည် ရင်တုန်နေကြသည်။ ရီဖူရှင်းသည် ထိုမျှ စွမ်းအားကြီးလေသလော။

ရီဖူရှင်းသည် သူ၏လှံဖြင့် လှံအင်ပါယာတုယူကို ချိန်ရွယ်ခဲ့ပြီးနောက် ဝမ်ရှောင်ကို ဆက်၍ချိန်ရွယ်ခဲ့သည်။ သူသည် အလွန်စွမ်းအားကြီးလွန်း၏။

အရေးအပါဆုံးအချက်မှာ ရီဖူရှင်းသည် ရန်ဟောင်အဆင့်ကိုးကျင့်ကြံသူတစ်ဦးသာ ဖြစ်နေခြင်းပေ။ သူသည် မည်ကဲ့သို့ ဤမျှစွမ်းအားကြီးလာရသနည်း။

လှံအင်ပါယာတုယူ၏မျက်လုံးအတွင်းမှ ထွက်လာသော ကြောက်မက်ဖွယ်ကောင်း၍ အလွန်စူးရှသည့် လှံဝိညာဉ်စွမ်းအားသည်ပင် ရီဖူရှင်း၏ တွန်းပယ်ခြင်းကို ခံခဲ့ရသည်။ ရီဖူရှင်းသည် လှံအင်ပါယာတုယူကို တိုက်ခိုက်ရန်ပင် စိန်ခေါ်ခဲ့သေးသည်။

ရီဖူရှင်း၏ဂုဏ်ပုဒ်အရ သူသည် အရူးတစ်ယောက်မဟုတ်ကြောင်း သေချာ၏။ သူ၏စိန်ခေါ်မှုသည် သူက ကပ်ဘေးအဆင့် တိုက်ခိုက်စွမ်းရည်ရှိသည်ဟု ဆိုလိုခြင်းပင်။

ရန်ဟောင်အဆင့်ကိုးတစ်ဦးသည် ကပ်ဘေးအဆင့် တိုက်ခိုက်စွမ်းရည် ရှိနေ၏။

တုယူသာမက ကောင်းကင်ဒေသရှိ ကျင့်ကြံသူအားလုံး ထိုအကြောင်းကို သဘောပေါက်သွားသည်။ ထိုမတိုင်ခင်က ရီဖူရှင်းသည် ကပ်ဘေးအဆင့်ကျင့်ကြံသူများကို သတ်ဖြတ်ခဲ့သည့် သတင်းများလည်း ရှိသည်။ အနောက်ပင်လယ်ကုန်းမြေသခင်အိမ်တော်၏ ဒုတိယအာဏာအရှိဆုံးသူ ကျုံးမြောင်သည် ရီဖူရှင်း၏သတ်ဖြတ်မှုကို ခံခဲ့ရသည်။

ထိုစဉ်က ရီဖူရှင်းသည် ပြင်ပအကူအညီကို သုံးခဲ့ခြင်းဖြစ်ရမည်ဟု လူများစွာက ယုံကြည်ခဲ့သည်။

သို့သော် ယခုကြည့်ရသည်မှာ အမှန်ပင် ထိုသို့ဖြစ်ခဲ့ခြင်း ဟုတ်ပါလေသလော။

အကယ်၍ သူသာ ပြင်ပအကူအညီအပေါ် မှီခိုခဲ့လျှင် သူ၏လှံဖြင့် ဝမ်ရှောင်ကို ချိန်ရွယ်ဝံ့ပါမည်လော။ သူသည် တုယူကို တိုက်ခိုက်ရန် စိန်ခေါ်ဝံ့ပါမည်လော။

ရီဖူရှင်းသည် ကျုံးမြောင်ကို သူ၏ကိုယ်ပိုင်စွမ်းရည်ဖြင့် သတ်ဖြတ်ခဲ့ခြင်းဖြစ်ရပေမည်။

ရန်ဟောင်အဆင့်ကိုးတစ်ဦးသည် ကပ်ဘေးအဆင့်ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်ခဲ့သည်။

“ဒီနေ့မှာ ပြိုင်ဘက်ကင်းနှစ်ယောက်ကို တွေ့ရလိမ့်မယ်လို့ ကျွန်မတစ်ခါမှ မတွေးခဲ့ဖူးဘူး။ အခုတွေးကြည့်တော့မှ ရန်ဟောင်ရီနဲ့ မြို့သခင်လေးတို့က တူတဲ့နေရာတွေလည်းရှိတာပဲ။ မြို့သခင်လေးက နတ်ဘုရားတစ်ဝက်လက်နက်တွေကို ပြုလုပ်နိုင်ပြီး ဒီနေ့ ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တယ်။ ရန်ဟောင်ရီကတော့ နတ်ဘုရားတစ်ဝက်ဆေးလုံးတွေကို‌ ဖော်စပ်နိုင်တယ်။ ရန်ဟောင်အဆင့်က ဘယ်သူမှ အဲဒီလိုလုပ်နိုင်ပုံမရဘူး”

ထိုအခိုက်တွင် ရှီးချီယောင်သည် ခပ်သဲ့သဲ့ပြုံးလျှက် ပြောလိုက်၏။ ထို့စကားများကြောင့် ကျင့်ကြံသူများ ထပ်မံရင်တုန်သွားကြသည်။

သူတို့သည် ထိုကိစ္စကို ယခင်က ကြားခဲ့ဖူးသည်။ ထိုကိစ္စသည် လျှို့ဝှက်ချက်မဟုတ်ပေ။ သူတို့သည် ထိုကိစ္စကို အကြောင်းပြ၍ပင် အနောက်အင်ပါယာနန်းတော်ကို သူတို့အကြံထဲပါလာစေရန် စည်းရုံးခဲ့သေးသည်။ ထို့ကြောင့်သာ ရှီးချီယောင်သည် ဤအခြေအနေတွင် ထိုကိစ္စကို ထုတ်ပြောလိုက်ခြင်းဖြစ်သည်။

ရီဖူရှင်းသည် နတ်ဘုရားတစ်ဝက်ဆေးလုံးများကို ကိုယ်တိုင်ဖော်စပ်ခဲ့ခြင်းပင်။

ဤလောကထဲတွင် မည်သည့်ရန်ဟောင်အဆင့်ကျင့်ကြံသူသည် ထိုကဲ့သို့ ကိစ္စကြီးကို စွမ်းဆောင်နိုင်ခဲ့ဖူးသနည်း။

အနည်းဆုံးတော့ ကောင်းကင်ဒေသတွင် ထိုကဲ့သို့ လုပ်နိုင်ခဲ့သူ တစ်ဦးမှမရှိသေးပေ။

ဝမ်ရှောင်သည် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲတွင် ပထမရခဲ့သော်လည်း သူနှင့်အဆင့်တူသည့် တခြားချပ်ဝတ်လက်နက်ပြုလုပ်သူများသည်လည်း နတ်ဘုရားတစ်ဝက်လက်နက်များကို ပြုလုပ်နိုင်ခဲ့သည်။ သို့သော် ရီဖူရှင်းအတွက်ကား မည်သို့နည်း။ အာခီမီပြိုင်ပွဲသာ ရှိခဲ့လျှင် သူနှင့်ကျင့်ကြံခြင်းအဆင့်တူသူများသည် သူနှင့်ယှဉ်ပြိုင်ရန်ပင် အရည်အချင်းပြည့်မှီမည်မဟုတ်ပေ။

ဝမ်ရှောင်သည် မဟာအင်ပါယာအဆင့်လက်နက်များနှင့် ဆက်သွယ်နိုင်၏။ သို့သော် သူထိုသို့လုပ်နိုင်ခြင်းမှာ သူသည် ရှေးဟောင်းနတ်ဘုရားကလန်တွင် မွေးဖွားလာခဲ့ပြီး အရှင်ထျန်းယန်၏ အမွေအနှစ်များကို ဆက်ခံရရှိထားသောကြောင့်သာဖြစ်သည်။ သို့သော် ထိုမတိုင်ခင်က ရီဖူရှင်းသည် အမွေအနှစ်မုဆိုးဟု ကျော်ကြားပြီး မဟာအင်ပါယာများစွာ၏ အမွေအနှစ်များကို ရယူနိုင်ခဲ့သည်။ ဝမ်ရှောင်သည်လည်း ထိုသို့လုပ်နိုင်သည်ဟု ဆိုနိုင်ပါသလော။

သူတို့နှစ်ဦးကြားတွင် မည်သူက ပြိုင်ဘက်ကင်းအစစ်အမှန်နည်း။

ထျန်းယန်မြို့မှ လူအားလုံးသည် ထျန်းယန်မြို့သခင်က ယနေ့အခွင့်အရေးကိုအသုံးချ၍ ဝမ်ရှောင်ကို လောကတစ်ခွင်လုံးတွင် နာမည်ကျော်ကြားသွားစေလိုနေခြင်းဖြစ်ကြောင်း သိကြ၏။ မြို့သခင်သည် ဝမ်ရှောင်ကို ဤပရမ်းပတာလောကထဲတွင် ဇာတ်လိုက်တစ်ဦးဖြစ်လာစေလိုပြီး စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီးရန်နှင့် ရီဖူရှင်းကိုသတ်ဖြတ်ရန် သူ့ကို ကောင်းကင်ဒေသမှ ကျင့်ကြံသူများအား ဦးဆောင်စေလိုနေခြင်းဖြစ်သည်။ ဝမ်ရှောင်သည် ရီဖူရှင်းကို နင်းတက်သွားလျှင် အကြီးမားဆုံးကျော်ကြားမှုကို ရရှိမည်ဖြစ်သည်။

သို့‌သော် ယခုတွင် ရီဖူရှင်းသည် ဤနေရာတွင် ပေါ်ထွက်လာခဲ့ပေပြီ။

ဝမ်ရှောင်သည်လည်း ရီဖူရှင်းကို ကြည့်လိုက်သည်။ သူတို့နှစ်ဦးသည် ယခုမှ တစ်ဦးကိုတစ်ဦး ပထမဆုံးအကြိမ်တွေ့ရှိခြင်းဖြစ်သည်။ ထိုမတိုင်ခင်က သူ ချပ်ဝတ်လက်နက်ပြုလုပ်ခြင်းကို လေ့ကျင့်နေခဲ့စဉ်တွင် ရီဖူရှင်း၏အမည်ကို အကြိမ်ပေါင်းများစွာကြားခဲ့ဖူး၏။ မြို့သခင်ရုံးတော်မှ လူများသည် သူ့အကြောင်းကို မကြာခဏပြောလေ့ရှိသည်။ အထူးသဖြင့် မကြာသေးခင်က ပို၍ပြောလာခဲ့သည်။ ရီဖူရှင်း ထိုက်ချူတော်ဝင်မြေကို ဖျက်ဆီးသွားပြီးနောက် သူ့အကြောင်းကို ပြောဆိုသူ ပို၍ပင်များပြားလာသည်။

ဝမ်ရှောင်သည် ရီဖူရှင်းမှာ ကြောက်စရာကောင်းသော ပြိုင်ဘက်ကင်းတစ်ဦးဖြစ်သည်ဟု အမြဲတွေးခဲ့သည်။ သို့သော် ထိုအတွေးသည် သူ့အပေါ် များစွာသက်ရောက်မှုမရှိပေ။ သူ ချပ်ဝတ်လက်နက်ပြိုင်ပွဲတွင် ပထမနေရာရရှိသွားသည်နှင့် မဟာအင်ပါယာအဆင့်လက်နက်များကို ဆင့်ခေါ်၍ ကောင်းကင်ဒေသမှ ကျင့်ကြံသူများကိုဦးဆောင်ကာ စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီးပစ်ရမည်ဟု မြို့သခင်က သူ့ကိုပြောခဲ့သည်။

ရီဖူရှင်းကဲ့သို့ ပြိုင်ဘက်ကင်းတစ်ဦးကိုသတ်၍ သူ၏ကျော်ကြားမှုကို မြှင့်တင်ခြင်းသည် ဂုဏ်ယူစရာကိစ္စတစ်ခုဟု ဝမ်ရှောင်တွေးခဲ့သည်။ ထို့ကြောင့် သူ ထိုသို့ပြုလုပ်မည်ဖြစ်သည်။

ယနေ့တွင် သူသည် အနာဂတ်တွင် သူသတ်ဖြတ်ရမည့် ရီဖူရှင်းနှင့် တွေ့ဆုံခဲ့ပေပြီ။

ယခုတွင် ရီဖူရှင်း၏လှံသည် သူ့ကိုချိန်ရွယ်ထား၏။

“ငါ ဒီနေ့ မင်းကိုသတ်လို့မရသေးတာ နှမြောစရာပဲ။ မဟုတ်ရင် မင်း ထျန်းယန်မြို့ကနေပြီး အသက်ရှင်လျှက် ထွက်သွားနိုင်မှာမဟုတ်ဘူး”

ဝမ်ရှောင်သည် တည်ငြိမ်သောအသံဖြင့် ပြောလိုက်၏။ သူ၏တည်ငြိမ်သောလေသံထဲတွင် မိမိကိုယ်ကို ယုံကြည်မှုများဖြင့် ပြည့်နှက်နေ၏။ မြို့သခင်ရုံးတော်အတွင်းမှ ကျင့်ကြံသူအားလုံးသည် ထိုအခြင်းအရာကို ရှင်းရှင်းလင်းလင်း အာရုံခံနိုင်၏။

ထျန်းယန်မြို့သခင်နှင့် မင်းသမီးဒွန်ဟောင်တို့သည် ယနေ့တွင် သွေးထွက်သံယိုကိစ္စများ ရှိမည်မဟုတ်ဟု ကတိပေးခဲ့သည်။ ရီဖူရှင်းကိုယ်တိုင် ‌‌ရောက်လာလျှင်ပင် ထိုသို့ဖြစ်မည်မဟုတ်ဟု သူတို့ကတိခံခဲ့ကြသည်။

ထျန်းယန်မြို့သခင်နှင့် မင်းသမီးဒွန်ဟောင်တို့သည် အဆင့်အတန်းမြင့်မားပြီး သူတို့ကတိပေးခဲ့သည်ကို ကောင်းကင်ဒေသမှ ကျင့်ကြံသူအားလုံး မြင်ခဲ့ကြသည်။ သူတို့ ထိုသို့ကတိပေးပြီးဖြစ်ရာ မည်သူသည် သူတို့ကို ဆန့်ကျင်ဝံ့မည်နည်း။ ဝမ်ရှောင်သည်လည်း ထိုကတိကိုလိုက်နာ၍ ရီဖူရှင်းကို သတ်မည်မဟုတ်ပေ။

ထို့ကြောင့် ဝမ်ရှောင်သည် နှမြောစရာဟု ပြောခဲ့ခြင်းဖြစ်သည်။

ရန်ဟောင်အဆင့်ကိုးတစ်ဦးသည် ထူးကဲသောပါရမီရှိပြီး ပြိုင်ဘက်ကင်းလျှင်လည်း သူမည်သို့လုပ်နိုင်မည်နည်း။

အကယ်၍ အစောက ကတိကြောင့်သာမဟုတ်လျှင် ဝမ်ရှောင်သည် မြို့သခင်ရုံးတော်အတွင်း၌ ထျန်းယန်မြို့မှ ကျင့်ကြံသူများရှေ့တွင် ရီဖူရှင်းကို သတ်ပစ်လိုက်မည်ဖြစ်သည်။

“မင်းမှာ အဲဒီလိုအရည်အချင်းတွေရှိနေတာပဲ... မင်းသာ ကောင်းကင်ဒေသကို အညံ့ခံလိုက်ပြီးတော့ မင်းသမီးကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုမယ်ဆိုရင် မင်းမှာ အနာဂတ်ရှိဖို့ အခွင့်အရေးတစ်ခုရကောင်းရနိုင်တယ်”

ဝမ်ရှောင်သည် ရီဖူရှင်းကိုကြည့်၍ ပြောလိုက်၏။ သူသည် ရီဖူရှင်း၏စိန်ခေါ်မှုကို စိတ်ထဲမထားဟန်ဖြင့် ပုံမှန်အတိုင်းပြောလိုက်၏။

ရီဖူရှင်းသည် သူ့ကို လှံဖြင့်ချိန်ရွယ်ထားလျှင်ပင် ဘာများတတ်နိုင်မည်နည်း။

ရီဖူရှင်း၏ဒေါသသည် အသုံးမဝင်ပေ။

အကယ်၍ ရီဖူရှင်းသည် ပြိုင်ဘက်ကင်းဖြစ်နေလျှင်ပင် သူတို့၏ ကျင့်ကြံခြင်းအဆင့်သည် ကွာခြားပေသေးသည်။ ထို့အပြင် ဝမ်ရှောင်သည် မဟာအင်ပါယာအဆင့်လက်နက်များကို အမိန့်ပေးနိုင်၏။

“အဲဒီလိုလုပ်ဖို့ လိုမှာမဟုတ်ပါဘူး...”

ရီဖူရှင်းက ပြန်ပြောလိုက်၏။

ဝမ်ရှောင်သည် သူ့ရှေ့ရှိ ငွေဖြူရောင်ဆံပင်နှင့်လူကိုကြည့်၍ ပြုံးကာပြောလိုက်၏။

“ကောင်းကင်ဒေသရဲ့ အနာဂတ်က မင်းနဲ့မသက်ဆိုင်ဘူး”

ဝမ်ရှောင်ဆက်ပြောလိုက်၏။

“ဒီပရမ်းပတာလောကကြီးထဲမှာ ပြိုင်ဘက်ကင်းတွေက ညကောင်းကင်မှာ ဖြတ်သန်းသွားတဲ့ ကြယ်တံခွန်တွေလို အများကြီးထွက်ပေါ်လာမှာပဲ။ မင်းရဲ့ ပါရမီကထူးကဲရင်တောင် မင်းက ဇာတ်ပို့တစ်ယောက်ဖြစ်ဖို့ပဲ ကံပါလာတာ။ မင်းနားလည်ရဲ့လား”

သူသည် ထိုသို့ပြော၍ ကောင်းကင်ထက်သို့ ဖြည်းဖြည်းချင်း ပျံတက်သွားသည်။ တစ်ချိန်တည်းမှာပင် သူ့ထံမှနေ၍ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ ကောင်းကင်ထက်ရှိ အပူချိန်သည် ဆတိုး တိုးမြင့်လာသည်။ မြို့သခင်ရုံးတော် အတွင်းဘက်နှင့် အပြင်ဘက် နှစ်ခုစလုံးတွင် လူများစွာသည် လေထဲရှိ ချစ်ချစ်တောက်ပူပြင်းလောအပူလှိုင်းတစ်ခုကို ခံစားလိုက်ကြရသည်။

“ဒီပရမ်းပတာလောကကြီးထဲမှာ ရီဖူရှင်း မင်းက ဇာတ်ပို့တစ်ယောက်ပဲ ဖြစ်နိုင်တယ်...”

“မင်းနားလည်လား”

ဝမ်ရှောင်၏စကားလုံးများသည် ထျန်းယန်မြို့တစ်ခွင်လုံးတွင် ပဲ့တင်ထပ်နေလေသည်။ ထျန်းယန်မြို့အတွင်းရှိ မရေမတွက်နိုင်သော လူများစွာ၏ ရင်ထဲတွင် ခံစားချက်များပြည့်နှက်သွားသည်။ လူများစွာသည် အစောက ရီဖူရှင်းထွက်ပေါ်လာချိန်တွင် သူ၏စူးရှသော အရှိန်အဝါသည် ဝမ်ရှောင်၏အရှိန်အဝါထက် သာသည်ဟု ခပ်ရေးရေးခံစားခဲ့ကြရသည်။

သို့သော် ဝမ်ရှောင်တစ်ယောက် ထိုစကားများကိုပြောလိုက်သောအခါ ထျန်းယန်မြို့မှ လူများသည် ဝမ်ရှောင်သည် ဝမ်ရှောင်ပင်ဟု အမှန်တကယ်သဘောပေါက်သွားကြသည်။ ဤချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲအတွင်း၌ သူသည် လောကအတွင်းသို့ ထွက်လာခဲ့ပြီး နေ့ချင်း၊ ညချင်း ‌ကျော်ကြားခဲ့၏။

ကောင်းကင်ဒေသတွင် သူကျော်ကြားလာမှုကို မည်သူမှ မတားနိုင်တော့မည့်ပုံပင်။

ရီဖူရှင်းပင် သူ့ကို မတားဆီးနိုင်ပေ။

ဝမ်ရှောင်သည် အရှင်ထျန်းယန်၏အမွေခံဖြစ်သည်။ သူ၏တိုက်ခိုက်စွမ်းရည်သည် သူ၏ချပ်ဝတ်လက်နက်ပြုလုပ်စွမ်းရည်ထက် မနိမ့်ပေ။ သူ့ကို အဘယ်သို့ ဝမ်မြောင်ကဲ့သို့သောသူများနှင့် နှိုင်းယှဉ်နိုင်မည်နည်း။

ရီဖူရှင်းသည် အဘယ်သို့ ချက်ချင်းအဆင့်တက်၍ သူ့ကိုအနိုင်ယူနိုင်မည်နည်း။

မရေမတွက်နိုင်သောကျင့်ကြံသူများသည် သူတို့၏သွေးများဆူပွက်လာသည်ကို ခံစားလိုက်ရပြီး စိတ်လှုပ်ရှားလာလေတော့သည်။ ထျန်းယန်မြို့တွင် ဤအဖြစ်အပျက်သည် ပွဲအစစ်အမှန်ဖြစ်၏။ ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲသည် ယခုအခိုက်အတန့်နှင့် နှိုင်းယှဉ်လိုက်သောအခါ မှေးမှိန်သွားပေပြီ။ ပြိုင်ဘက်ကင်းနှစ်ဦးသည် တိုက်ခိုက်ကြပေတော့မည်။ သူတို့နှစ်ဦးအကြားတွင် မည်သူသည် ကောင်းကင်ဒေသ၏ အနာဂတ်ထိပ်သီးဖြစ်မည်နည်း။

ရီဖူရှင်းသည် ခေါင်းမော့၍ ဝမ်ရှောင်ကို ကြည့်လိုက်သည်။ ထို့နောက်တွင် သူသည်လည်း ကောင်းကင်ထက်သို့ ပျံတက်သွားသည်။ သူ၏ ဝတ်ရုံဖြူနှင့် ငွေဖြူရောင်ဆံပင်များသည် လေထဲတွင် ဝဲလွင့်နေကြသည်။

ထျန်းယန်မြို့၏ ဆက်ခံသူ၊ အရှင်ထျန်းယန်၏ အမွေခံနှင့် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲ၏ ဗိုလ်စွဲသူသည် သူ့ကိုယ်သူ ထိုသို့ယုံကြည်မှုရှိနေရန် သေချာပေါက်အရည်အချင်းပြည့်မီ၏။

ရီဖူရှင်းသည် ကောင်းကင်ထက်သို့ပျံတက်၍ ဝမ်ရှောင်နှင့် မျက်နှာချင်းဆိုင်ရပ်လိုက်ပြီး ပြန်ပြောလိုက်၏။

“ငါရှိနေသ‌ရွေ့ မင်းရဲ့ခေတ် ဘယ်တော့မှ ‌ရောက်လာမှာမဟုတ်ဘူး”

ဝုန်း...

ထျန်းယန်မြို့ထဲရှိ တိတ်ဆိတ်နေသောလူအုပ်သည် စိတ်လှုပ်တရှားအော်ဟစ်လိုက်ကြသည်။ သူတို့၏ပြောဆိုသံများသည် ထျန်းယန်မြို့တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားသည်။ ကျင့်ကြံသူများသည် သွေးဆူနေကြ၏။

ဝမ်ရှောင်သည် ဤပရမ်းပတာခေတ်၌ ရီဖူရှင်းသည် ဇာတ်ပို့တစ်ဦးသာဖြစ်နိုင်သည်ဟု ပြောခဲ့သည်။

ရီဖူရှင်းကလည်း သူရှိနေသ၍ ဝမ်ရှောင်၏ခေတ် မည်သည့်အခါမှ ရောက်လာမည်မဟုတ်ကြောင်း ပြောခဲ့သည်။

ထိုနှစ်ဦးထံတွင် ထိုကဲ့သို့ ပြိုင်ဘက်ကင်း၍ ကြီးကျယ်သော စိတ်ဓာတ်ရှိသည်။ ယနေ့တိုက်ပွဲသည် ထျန်းယန်မြို့၏ သမိုင်းမှတ်တမ်းထဲတွင် သေချာပေါက် မှတ်တမ်းဝင်သွားမည်ဖြစ်သည်။ ထိုတိုက်ပွဲအကြောင်းကို ကောင်းကင်ဒေသတစ်ခွင်လုံးကလည်း မှတ်မိနေမည်ဖြစ်သည်။

ကောင်းကင်ဒေသမှ စွမ်းအားကြီးထိပ်သီးများ၊ မှော်နက်သူတော်စင်ဟွာယွင်ထင်းနှင့် မိစ္ဆာသူတော်စင်မိုချင်းကောတို့သည်ပင် မျှော်လင့်တကြီးဖြစ်နေသည်။ သူတို့သည် ယခင်က ပို၍စွမ်းအားကြီးသော တိုက်ပွဲများကို မြင်ခဲ့ဖူးပြီး ပို၍ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ပွဲများတွင်လည်း ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးသည်။ သို့တစေ သူတို့ ထိုကဲ့သို့စိတ်လှုပ်ရှားမှုကို မခံစားခဲ့ရသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။

ယနေ့တွင် မျိုးဆက်သစ်များထဲမှ ပြိုင်ဘက်ကင်းနှစ်ဦးသည် သူတို့ကို ထိုသို့စိတ်လှုပ်ရှားခံစားရစေခဲ့သည်။

သူတို့အားလုံးသည် အသက်အရွယ်ကြီးရင့်နေကြပြီဖြစ်သည်။ အနာဂတ်သည် ရီဖူရှင်းနှင့် ဝမ်ရှောင်တို့ကဲ့သို့သော သူများနှင့် သက်ဆိုင်မည်ဖြစ်သည်။

“မင်း ဝိညာဉ်လက်နက်တွေကို သုံးချင်လား”

ဝမ်ရှောင်သည် တန်း၍လိုရင်းကိုမေးလိုက်သည်။ သူတို့သည် ဝိညာဉ်လက်နက်များကို အသုံးပြု၍ တိုက်ခိုက်ကြမည်လော။

“မင်းကြိုက်သလို လုပ်နိုင်တယ်”

ရီဖူရှင်းက ပြန်ဖြေလိုက်သည်။

“ငါပြုလုပ်ထားတဲ့ ဝိညာဉ်လက်နက်က ပိုပြီးစွမ်းအားကြီးတော့ ငါ့ဘက်က သာနေလိမ့်မယ်။ ပြီးတော့ မင်းက လှံသိုင်းကို အထူးပြုပြီး ကျင့်ကြံတဲ့ ကျင့်ကြံသူလည်းမဟုတ်ဘူး။ အဲဒီလိုဆိုမှတော့ ငါတို့ ဝိညာဉ်လက်နက်တွေကို မသုံးတော့ဘူး”

ဝမ်ရှောင်သည် သူပြုလုပ်ထားသည့် ဝိညာဉ်လက်နက်ကို သိမ်းဆည်းလိုက်သည်။ သူသည် ကျင့်ကြံခြင်းအဆင့်တွင် အသာရထားပြီးဖြစ်ရာ ရီဖူရှင်းပေါ်တွင် ထက်၍အသာစီးယူ၍ မယှဉ်ပြိုင်လိုပေ။

ရီဖူရှင်းသည်လည်း သူ၏လှံရှည်ကို သိမ်းလိုက်သည်။

ဝုန်း...

ရုတ်ခြည်းပင် ပို၍ ကြောက်မက်ဖွယ်ကောင်းသော အပူလှိုင်းများသည် အာကာပြင်တွင် လှည့်ပတ်လာပြီး ကျယ်ပြောသောကောင်းကင်ကို လွှမ်းခြုံသွား၏။ ရုတ်တရက် လေထဲတွင် ချပ်ဝတ်လက်နက်နတ်ခန်းမတစ်ခု ပေါ်လာပြီး ထူးခြားသောဖြစ်စဉ်များ ဖြစ်ပေါ်လာသည်။ စစ်တူကြီးတစ်ချောင်းကို ကိုင်ဆောင်ထားသော နတ်မင်းတစ်ပါးပေါ်ထွက်လာပြီး ဝမ်ရှောင်၏အနောက်တွင် ရပ်နေလေသည်။

ထိုအခိုက်တွင် ဝမ်ရှောင်သည် နတ်မင်းတစ်ပါး၏ မျိုးဆက်အစစ်အမှန်၊ မဟာအင်ပါယာတစ်ဦး၏ အမွေခံတစ်ဦးကဲ့သို့ ထင်ရလေသည်။

ရီဖူရှင်းကိုယ်ပေါ်တွင် ရွှေရောင်အလင်းများ တောက်ပလာပြီး ချစ်ချစ်တောက်ပူ‌လောင်သော ဗုဒ္ဓအလင်း အမှန်ပင်ထွက်ပေါ်လာသည်။ ကောင်းကင်ထက်တွင် သူ့ကို ဗုဒ္ဓတရားသံများ ဝန်းရံလှည့်ပတ်နေ၏။ ရီဖူရှင်းနောက်တွင် မဟာဝေရောစနထွက်ပေါ်လာသည်။ ထိုတိုက်ပွဲဝင်ပုံစံသည် လွန်စွာကြီးမားပြီး ဗုဒ္ဓကိုယ်တော်တိုင်ဟုပင် ထင်ရလေသည်။ ၎င်း၏ရောင်ခြည်တော်သည် အထက်ကောင်းကင်အထိ ဖြာထွက်နေသည်။

“ဒီစွမ်းအားက ကပ်ဘေးအဆင့်ရှိတယ်...”

တစ်စုံတစ်ယောက် မှတ်ချက်ပြုလိုက်သည်။

မြို့သခင်ရုံးတော်အတွင်းမှ ကျင့်ကြံသူများသည်လည်း ရီဖူရှင်းထံမှ ထွက်ပေါ်လာသော အရှိန်အဝါကို ခံစားမိလိုက်သောအခါ ထိုအခြင်းအရာကို သတိပြုမိခဲ့သည်။ ထိုအရှိန်အဝါသည် အမှန်ပင် ကပ်ဘေးအဆင့်တွင်ရှိသည်။ သူသည် စွမ်းအားကြီးသော မဟာဝေရောစနဗုဒ္ဓတိုက်ပွဲဝင်ပုံစံကို ပိုင်ဆိုင်ထား၏။ ရီဖူရှင်းသည် အနောက်ဘက်လောကတွင် အခွင့်အရေးကောင်းများစွာ ရရှိခဲ့ပုံပင်။

ဝမ်ရှောင်နောက်ရှိ နတ်မင်းပုံရိပ်သည် နတ်တူကြီးတစ်ချောင်းကို ကိုင်ဆောင်ထားသည်။ ၎င်းသည် ချစ်ချစ်တောက်ပူပြင်းနေသော ရွှေရောင်နတ်တူကြီးကို ကောင်းကင်ထက်သို့ မြှောက်လိုက်၏။ ရုတ်ခြည်းအတွင်းမှာပင် မရေမတွက်နိုင်အောင်များပြားသော မိုးကြိုးလျှပ်စီးများသည် ကောင်းကင်ကပ်ဘေးကဲ့သို့ ကျဆင်းလာသည်။ ၎င်းတို့ထဲတွင် အတုမဲ့အဖျက်စွမ်းအားများ ပါဝင်ပြီး အာကာပြင်ကို ထက်ခြမ်းပိုင်းပစ်တော့မည့်အလား ရီဖူရှင်းထံသို့ ကျဆင်းလာ၏။

နတ်တူကြီးပတ်ပတ်လည်တွင် တလက်လက်ထနေသော လျှပ်စီးများသည်ပင် အံ့အားသင့်ဖွယ် အဖျက်စွမ်းအားများပါဝင်နေပြီဖြစ်သည်။

ကျင့်ကြံသူများ၏ အံ့အားသင့်နေသောအကြည့်များအောက်မှာပင် ကြောက်မက်ဖွယ် ရွှေရောင်လျှပ်စီးများသည် ရီဖူရှင်းနှင့် သူ၏တိုက်ပွဲဝင်ပုံစံပေါ်သို့ ကျရောက်သွားသည်။ အားလုံးသည် ရီဖူရှင်းက ထိုတိုက်ခိုက်မှုကို ကာရံလိမ့်မည်ဟု တွေးထားသော်လည်း သူမကာရံခဲ့ပေ။ ထိုအစားသူသည် ထိုတိုက်ခိုက်မှုကို ထိပ်တိုက်ခံလိုက်သည်။

ချွမ်း...

အာကာပြင်သည် ကွဲအက်ကာ အစိတ်စိတ်အမွှာမွှာကွဲသွားသည်။ လျှပ်စီးသည် ထိုအာကာပြင်ကို ဖြတ်သန်းသွားသည်။ ရီဖူရှင်းကို ကြောက်မက်ဖွယ်အလင်းက လွှမ်းခြုံထားသည်။ လူများစွာသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရင်ခုန်မြန်လာကြလေသည်။

သို့သော် အဖျက်လျှပ်စီးများအလယ်တွင် ရပ်နေသော ရီဖူရှင်းသည် မလှုပ်မယှက်ရှိနေဆဲဖြစ်ပြီး သူ့ခန္ဓာကိုယ်သည် နတ်ခန္ဓာတစ်ခုကဲ့သို့ ထင်နေရလေသည်။ သူ့အပေါ်သို့ အဖျက်စွမ်းအား နတ်အလင်းလျှပ်စီးများ ကျရောက်နေသော်လည်း သူသည် ခိုင်ခိုင်မြဲမြဲ ရပ်နေဆဲဖြစ်သည်။ ထိုတိုက်ခိုက်မှုသည် သူ့အပေါ်မည်သို့မှ သက်ရောက်မှုမရှိသလိုပေ။ သူ့ကို အနည်းငယ်မျှပင် မထိုက်စေပေ။

သူသည် မဟာလမ်းစဉ်၏ ကောင်းကင်ကပ်ဘေးများစွာကို ခံခဲ့ဖူးသူဖြစ်သည်။ သူ၏အသွေးအသားသည် သန့်စင်ခြင်းခံခဲ့ရပြီဖြစ်ပြီး ဖျက်ဆီး၍မရနိုင်ဖြစ်နေပေပြီ။ အဟုန်လှိုင်းများသည် သူ၏အသွေးအသားကို ထိခိုက်အောင် မလုပ်နိုင်ပေ။ သူသည် ဝမ်ရှောင်၏တိုက်ခိုက်မှုကို အနည်းငယ်မျှပင် မကြောက်ရွံ့သဖြင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ ထိုအဆင့်တိုက်ခိုက်မှုမျိုးကို ခံရခြင်းသည့် သူ့ခန္ဓာကိုယ်အတွက် လေ့ကျင့်ခန်းတစ်ခုမျှသာ ဖြစ်၏။

“ပြိုင်ဘက်ကင်း... မင်းရဲ့တိုက်ခိုက်မှုက တော်တော်အားနည်းလှချည်လား”

ရီဖူရှင်း သရော်လိုက်၏။ ထို့နောက်တွင် သူ၏မျက်လုံးများသည် ရွှေရောင်ပြောင်းသွား၏။

All Chapters