← Chapters

အခန်း (၂၆၁-၂၆၂)

Vol. 27 Ch. 261-262

အခန်း (၂၆၁-၂၆၂)

Vol. 27 Ch. 261-262

အခန်း (၂၆၁)

နယ်စပ်ဖြတ်ကျော် ရေမွှေးအရောင်းအဝယ်

အစေခံမလေးများသည် ငှက်ရုပ်ပုံဖော်ထားသော ငွေရောင်နံ့သာအိတ်ငယ် ဆယ်ခုကျော်ကို ချက်ချင်းပင် ယူဆောင်လာကြသည်။ ဝေမြို့စားကတော် ဖြူစင်သော ပိုးသားစများကို အပိုင်းပိုင်းဖြတ်ကာ ငွေရောင်တူဖြင့် ညှပ်ပြီး ရေမွှေးထဲတွင် နှစ်လိုက်၏။ ထို့နောက် ၎င်းတို့ကို နံ့သာအိတ်များထဲသို့ တစ်ခုချင်းစီ ထည့်သွင်းပေးလိုက်သည်။

သူမ မင်းသမီးလေး၏ ခါးတွင် နံ့သာအိတ်ကို ကိုယ်တိုင် ချည်နှောင်ပေးရင်း ပြောလိုက်၏။

“ဒီလိုဆိုရင်တော့ ရှင်တို့ လှုပ်ရှားသွားလာတိုင်း မွှေးရနံ့တွေက ပျံ့လွင့်နေမှာဖြစ်လို့ လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းမှာ ရနံ့သင်းနေတော့မှာပေါ့”

အားလုံးက ရယ်မောလိုက်ကြသဖြင့် ပွဲအတွင်းရှိ တင်းမာမှုများ ပြေလျော့သွားတော့သည်။

ရေမွှေးတစ်ပုလင်းတည်းမှာ လူအားလုံးအတွက် မလုံလောက်ပေ။ မင်းသမီးလေး စိတ်ကျေနပ်စေရန် သူမ၏ နံ့သာအိတ်ထဲရှိ ပိုးသားကို ရေမွှေးအများဆုံး စိမ်ပေးလိုက်ရပြီး ကျန်ရှိသောလူများမှာမူ ရေမွှေးနှစ်စက်စီခန့်သာ ခံစားခွင့်ရကြ၏။

သို့သော်လည်း ထိုမျှနှင့်ပင် အားလုံးမှာ ပျော်ရွှင်နေကြသည်။ အဓိကမှာ ဆန်းသစ်သော အတွေ့အကြုံကို ရရှိခြင်းကြောင့်ပင်။ သူတို့အားလုံး ငွေကြေးချမ်းသာသူများဖြစ်သဖြင့် မွှေးရနံ့နှင်းစက်ကို တရားဝင် ရောင်းချချိန်တွင် အပြည့်အဝဝယ်ယူရန်သာ တေးမှတ်ထားကြသည်။

နောက်တစ်နေ့တွင် ဖင်းရှန့်ဆိုင်မှ သတင်းသစ် ထပ်မံထုတ်ပြန်လိုက်၏။ ဤမွှေးရနံ့နှင်းစက် ပထမအသုတ်မှာ (၈၉)ပုလင်းသာ ရှိသဖြင့် ဦးသူစနစ်ဖြင့် ရောင်းချမည်ဟူ၍ ဖြစ်သည်။

ထို့ကြောင့် မြို့တော်ရှိ ဖင်းရှန့်ဆိုင်ခွဲတွင် မနက်မှ ညအထိ အစေခံများနှင့် အခြွေအရံများမှာ ရေမွှေးရောင်းချချိန်ကို စောင့်ဆိုင်းရင်း ငွေထုတ်ကာ အလုအယက် တန်းစီနေကြတော့သည်။

သို့သော် နေ့လယ်ပိုင်းတွင် ရှန့်ကွမ်း ဝေမြို့စားကတော်ထံမှ သတင်းတစ်ခု ရရှိခဲ့၏။ မိဖုရားကြီးသည် မကြာသေးမီက နံ့သာများ စိုထိုင်းနေသည်ကို ညည်းညူနေကြောင်း သိလိုက်ရသဖြင့် မွှေးရနံ့နှင်းစက်မှာ လိုအပ်ချက်နှင့် ကွက်တိ ဖြစ်သွားတော့သည်။

သူသည် နှမြောတသစွာ ရေမွှေး (၁၀) ပုလင်းကို ရွေးချယ်ကာ နန်းတွင်းရှိ မိဖုရားများထံသို့ ဝေမြို့စားကတော်မှတစ်ဆင့် ဆက်သခိုင်းလိုက်ရသည်။

ထို့ကြောင့် ရောင်းချခြင်းမစတင်မီမှာပင် လက်ကျန်မှာ (၇၉)ပုလင်းသာ ရှိတော့၏။

တရားဝင် ရောင်းချမည့်ရက် မတိုင်မီ တစ်ရက်တည်းကပင် လူအချို့မှာ ဆိုင်ရှေ့တွင် ဖျာများခင်းကာ အိပ်စောင့်နေကြပြီး ညအိပ်တန်းစီသည့် သမိုင်းကြောင်းကို ရာစုနှစ်ပေါင်းများစွာ ကြိုတင်ဖန်တီးလိုက်သည့်အလား။

ဆိုင်တံခါး ဖွင့်လိုက်သောအခါ လူတိုင်း မြင်တွေ့လိုက်ရသည်မှာ ယခင်က သိထားပြီးဖြစ်သော နှလုံးသားနွေးနွေး တစ်မျိုးတည်း မဟုတ်တော့ပေ။

မြေထဲပင်လယ်ရင်ခုန်သံ နှင့် ပျားရည်ပြင်းပြင်း တို့လည်း ပါဝင်နေသည်။

လူတစ်ဦးလျှင် တစ်ပုလင်းသာ အကန့်အသတ်ဖြင့် ဝယ်ယူခွင့် ရှိသည်။

ထိုအခါမှ တန်းစီနေသောသူများ မှင်တက်ကုန်ကြ၏။ သူတို့သခင်များ ကိုယ်တိုင်ရောက်မလာသဖြင့် ဘယ်အမျိုးအစားကို ရွေးရမည်နည်း။

သူတို့သည် စာလုံးအနည်းငယ်ကိုသာ ဖတ်တတ်ကြပြီး မုန့်ဆိုင်မှ ကိတ်မုန့်များကိုလည်း မစားဖူးကြသဖြင့် တာဝန်ကျေရန်အတွက်သာ တစ်ပုလင်းကို ကျပန်းရွေးယူကာ ပြန်သွားကြရတော့သည်။

ကံကောင်းသည်မှာ မွှေးရနံ့နှင်းစက်များသည် ရနံ့သာကွဲပြားပြီး ထိုခေတ်က မှူးမတ်များသုံးသော နံ့သာမှုန့်များထက် အဆပေါင်းများစွာ သာလွန်နေသဖြင့် သခင်များမှာ တစ်ပုလင်းရလျှင်ပင် ကျေနပ်နေကြ၏။

ဤသည်မှာ အစောဆုံးသော လျှို့ဝှက်သေတ္တာဖွင့် ပုံစံမျိုးပင် ဖြစ်ပေလိမ့်မည်။

တစ်ပုလင်းလျှင် ငွေ (၁၂၀) တေးဖြင့် ပထမအသုတ်မှာတင် ငွေတေး တစ်သောင်းနီးပါး ရရှိခဲ့သည်။

ရှန့်ကွမ်းသည် ထိုနေ့တွင်ပင် မုန့်ဆိုင်သို့ အပြေးအလွှား လာပြီး ဝမ်းသာအားရ အော်ဟစ်တော့သည်။

“ဒါက တကယ့် စီးပွားရေးအကြီးကြီးပဲ၊ လုံးဝ ရပ်လို့မဖြစ်ဘူး”

ဟွာကျွင်း သူမ၏ အမြတ်ဝေစု ငွေတေး ခြောက်ထောင်အတွက် အလွန်ကျေနပ်နေ၏။ သူမသည် ထိုငွေများအားလုံးကို မော့ချွမ်းအား ပေးအပ်ကာ လုမင်လီထံ အမြန်ဆုံး ပို့ခိုင်းလိုက်သည်။

သူမသည် လုမင်လီကို ထိုငွေဖြင့် ပြတိုက်တွင် ထားရှိရန် ဤခေတ်၏ ရှေးဟောင်းပစ္စည်းများကို ဝယ်ယူစေချင်သောကြောင့်ပင်။

ကိစ္စများကို စီစဉ်ပြီးနောက် သူမ ရှန့်ကွမ်းနှင့် စီးပွားရေး ဆက်လက်ဆွေးနွေးရန် အခန်းထဲသို့ ပြန်ဝင်လာသည်။

“သူဌေးမဟွာ ခင်ဗျား အဲဒီမြင်ကွင်းကို ကိုယ်တိုင်မမြင်လိုက်ရတာ နှမြောစရာပဲ၊ တကယ့် လူပင်လယ်ကြီး။ မွှေးရနံ့နှင်းစက် တစ်ပုလင်းရဖို့ လူတွေ ဘယ်လောက်တောင် အသည်းအသန် လုနေကြလဲဆိုတာ ခင်ဗျား သွားကြည့်သင့်တာ”

ဟွာကျွင်း ပြုံးလျက် မေးလိုက်၏။

“ဪ... ဖျော်ဖြေပွဲတစ်ခုလို စည်ကားနေတာလား”

ရှန့်ကွမ်း ရုတ်တရက် ဆွံ့အသွားသည်။

သူ စိတ်လှုပ်ရှားလွန်းလို့ သူ့ရှေ့ကလူ ဘယ်သူလဲဆိုတာ မေ့သွားသည်။ သူမကတော့ ယခုလိုမြင်ကွင်းမျိုးတွေ အများကြီး မြင်ဖူးပေလိမ့်မည်။

သူ တဟားဟား ရယ်လိုက်ပြီး ပြောတော့သည်။

“အဲဒီလောက်တော့ မဟုတ်ပါဘူး”

ထိုသို့ ဆိုကာ စကားလမ်းကြောင်း လွှဲလိုက်၏။

“ဒုတိယအသုတ် မွှေးရနံ့နှင်းစက်တွေက ဘယ်တော့ ရောက်မလဲ”

“ပထမအသုတ်က အစားအစာရနံ့တွေ ရောင်းပြီးပြီဆိုတော့ ဒုတိယအသုတ်မှာ ပန်းရနံ့တွေကို ရောင်းချင်တယ်”

ရှန့်ကွမ်း အံ့သြတကြီးဖြင့် ပြောလိုက်၏။

“ရနံ့အသစ်တစ်ခု ဖော်စပ်ဖို့ ကျွန်တော်တို့မှာ အနည်းဆုံး ခြောက်လကနေ နှစ်နှစ်အထိ ကြာတာနော်။ ခင်ဗျားက ဒီလောက် အချိန်တိုအတွင်းမှာ ရနံ့သစ်တွေကို တကယ်ပဲ ထုတ်နိုင်မှာလား”

ဟွာကျွင်း

“ဒီတစ်ခါတော့ အကြီးအကျယ် လုပ်မှာ၊ အမျိုးအစား (၁၀) မျိုးကို တစ်ခါတည်း ထုတ်မယ်”

ရှန့်ကွမ်း တစ်ယောက် အံ့သြလွန်းသဖြင့် သူ့နှုတ်ခမ်းအထက်ကို လက်မနှင့် ဖိထားမိ၏။

“(၁၀) မျိုးတောင်”

သူသည် ဤလုပ်ငန်းနယ်ပယ်တွင် သူကိုယ်သူ အထွတ်အထိပ် ရောက်နေပြီဟု ထင်ထားသော်လည်း သူဌေးမဟွာကတော့ ဘာမှမကြာလိုက်ဘဲ အမျိုးအစား (၁၀)မျိုးကျော်ကို အေးအေးဆေးဆေး ထုတ်ပြနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ရသမျှ သူမ ခြေဖျားတောင် မမီပါလားဟု တွေးမိကာ စိတ်ဓာတ်ပင် အနည်းငယ် ကျသွား၏။

သို့သော်လည်း သူဌေးမဟွာက မုန့်ဆိုင်နှင့် စတင်ခဲ့သဖြင့် သူ ကံကောင်းသည်ဟု တွေးမိပြန်သည်။ အကယ်၍ သူတို့သာ အစကတည်းက ပြိုင်ဘက်များ ဖြစ်ခဲ့လျှင် သူ သူမကို တိုက်ခိုက်မိမှာ အသယအချာပင်။

“ဒါဆို ကျုပ်စဉ်းစားကြည့်ဦးမယ်”

ရှန့်ကွမ်း သူ့စိတ်ကို ပြန်စုစည်းကာ ပြောလိုက်သည်။ “နောက်လမှာ ‘ပန်းတစ်ရာပွဲတော်’ ရှိတယ်။ အဲဒီအချိန်က မွှေးရနံ့နှင်းစက်တွေ ထုတ်ဖို့ အကောင်းဆုံး အချိန်ပဲ”

ဟွာကျွင်း သက်ပြင်းချကာ ပြောတော့သည်။

“ရှင်တို့ဆီမှာ ပွဲလမ်းသဘင်တွေကလည်း တော်တော်များတာပဲနော်”

“မှူးမတ်ကတော်တွေနဲ့ မိန်းမပျိုလေးတွေက အပြင်ကို လွတ်လွတ်လပ်လပ် သွားလို့မရဘူးလေ။ အိမ်မှာပဲ နေရတာ ပျင်းစရာကောင်းတာပေါ့၊၊ ပွဲတွေများလေ သူတို့အတွက် ပျော်စရာ အခွင့်အရေးတွေ များလေပေါ့ မဟုတ်ဘူးလား”

ဟွာကျွင်း ခေါင်းညိတ်၏။

“ကျွန်မဆိုလည်း ပျင်းမှာပဲ”

ရှန့်ကွမ်းက သူ့ထိုင်ခုံကို သူမနားသို့ တစ်လှမ်းတိုးလိုက်ပြီး မေးလိုက်သည်။ “သူဌေးမဟွာ၊ ဒီတစ်ခါတော့ ကုန်ပစ္စည်းကို ပိုရနိုင်မလား၊ နည်းလွန်းရင် အမြတ်က သိပ်မကျန်လို့ပါ”

ဟွာကျွင်း

“အကောင်းဆုံး ကြိုးစားပေးပါ့မယ်။ ပြီးတော့ ရေမွှေးစျေးတက်လာအောင် လုပ်မဲ့ နည်းလမ်းတွေကိုလည်း ရှင်ပဲ စဉ်းစားပေးပါဦး”

ရှန့်ကွမ်း သူ့ပေါင်ကို လက်နှင့်ပုတ်ကာ ပြောလိုက်၏။

“ဖန်ပုလင်းတွေ ပိုလုပ်ရမယ်၊ ပိုပြီး လက်ရာမြောက်လေ ပိုကောင်းလေပဲ။ မြို့အနောက်ဘက်စျေးက ပါရှန်းကုန်သည်တွေကိုပဲ အကူအညီ တောင်းရတော့မယ် ထင်တယ်”

တစ်ဖက်တွင်လည်း မြို့တော်မှ သတင်းများ ရောက်လာ၏။ နန်းတော်မှ ချက်ချင်း အမိန့်ထုတ်ပြန်လိုက်ပြီး ငါးရက်အတွင်း ရိက္ခာကျီများ ပြန်လည်ဖြည့်တင်းရန်အတွက် အစိုးရရိက္ခာများကို ပို့ဆောင်စေသည်။

ဤသည်မှာ သတင်းကြီးပင်။ အတိတ်ကဆိုလျှင် မြို့တစ်မြို့၏ ရိက္ခာကျီ မီးလောင်သွားပါက စုံစမ်းစစ်ဆေးမှု၊ တာဝန်ခံမှုများဖြင့် လပေါင်းများစွာ ကြာမြင့်တတ်သည်။

သို့သော် ယခု မြို့ဝန်ကျောက် ဧကရာဇ်နှင့်တောင် မတွေ့ရသေးပေ၊၊ ရိက္ခာများ ရောက်လာနှင့်၏။ နန်းတော်မှ ရက်ရက်ရောရော ရှိသည်ကို သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။

လုမင်လီ တစ်ဦးတည်းသာ ၎င်းသည် အတိုင်ပင်ခံကျန်း ပြောခဲ့သော အင်အားဖြစ်ကြောင်း သူ ပြသနေသော စွမ်းဆောင်ရည်ဖြစ်ကြောင်း သိနေသည်။

သူသည် ဧကရာဇ်ထံ လျှို့ဝှက်စာတစ်စောင် ပို့လိုက်ပြီး ဤရိက္ခာများ ပို့ပေးရန် မည်သူက အဆိုပြုခဲ့သနည်းဟု မေးမြန်းလိုက်၏။

ဧကရာဇ်၏ အဖြေမှာ ထူးဆန်းနေသည်။ လူအများအပြား အဆိုပြုခဲ့ကြသော်လည်း သူ့ကို အသည်းအသန် နားချခဲ့သူမှာ မိဖုရားကြီး ဖြစ်နေသည်။

မိဖုရားကြီးတွင် အိမ်ရှေ့မင်းသား ရှိနေသည်ဖြစ်ရာ သူမ ပုန်ကန်သည်ဆိုလျှင် ရူးနေလို့သာ ဖြစ်ပေလိမ့်မည်။

လုမင်လီ ထိုစကားကို အယုံအကြည်မရှိပေ။ သူ အတိုင်ပင်ခံကျန်းကို ပြောသည်။

‘တကယ်လို့ အသေးစိတ် ဆွေးနွေးချင်တယ်ဆိုရင် ခင်ဗျားက အဆင့်မမီသေးဘူး။ နောက်ကွယ်က လူကိုယ်တိုင် ထွက်မလာရင် ဒါက ရိုးသားမှု မရှိရာရောက်တယ်’

၎င်းသည် အချိန်ဆွဲ နည်းဗျူဟာဖြစ်သော်လည်း မမျှော်လင့်ဘဲ အတိုင်ပင်ခံကျန်း ပြန်သွားပြီးနောက် နောက်ကွယ်ကလူကို လုမင်လီနှင့် တွေ့ဆုံရန် အမှန်တကယ် နားချနိုင်ခဲ့သည်။

တွေ့ဆုံမည့်အချိန်ကို နောက်သုံးရက်အကြာ ဟွာကျွင်းတည်းခိုခန်းတွင် သတ်မှတ်လိုက်ကြသည်။

လုမင်လီ ဤရက်ပိုင်းအတွင်း အလုပ်များနေခဲ့၏။ သစ္စာဖောက်များကို ဖမ်းရုံတင်မက ဟွာကျွင်းအတွက် ရှေးဟောင်းပစ္စည်းများကိုပါ လိုက်ဝယ်ပေးနေရသည်။

ဤမှာ မင်းဆက်အသစ် ဖြစ်နေသဖြင့် ရှေးဟောင်းပစ္စည်းဝယ်ယူခြင်းဆိုသည်မှာ ယခင်မင်းဆက် ပစ္စည်းဟောင်းများကို ဝယ်ယူခြင်းပင် ဖြစ်သည်။

ရှေးဟောင်းပစ္စည်းဟု ခေါ်ဆိုနိုင်သော အရာများသည် သာမန်ပြည်သူတွေလက်ထဲတွင် ရှိမနေပေ။

ယခင်မင်းဆက် ချမ်းသာသူများသည် အိမ်တော်များ ချိပ်ပိတ်ခံရပြီး ပိုင်ဆိုင်မှုများ သိမ်းဆည်းခံထားရခြင်း ဖြစ်သည်။

ထို့ကြောင့် ဟွာကျွင်းအတွက် ရှေးဟောင်းပစ္စည်း ဝယ်ရန်မှာ မှောင်ခိုစျေးကွက်ထဲတွင်သာ ရှာဖွေရတော့သည်။

၎င်းမှာ သစ္စာဖောက်ဖမ်းရသည်ထက်ပင် ပို၍ ခေါင်းကိုက်စရာ ကောင်းနေသေး၏။

မကြာမီမှာပင် သူလွှတ်ထားသော ကင်းထောက်များ သတင်းပို့လာ၏။ ဝန်ကြီးဟောင်းတစ်ဦး၏ အဖိုးတန် ရှေးဟောင်းပစ္စည်းအချို့ကို မြို့ပြင်က လျှို့ဝှက်မြေအောက်နေရာတစ်ခုတွင် လေလံတင်တော့မည်ဟု သိရသည်။

သူ့ပထမဆုံး တုံ့ပြန်မှုသည် ဤသို့နှယ်။

“ဟမ် ဝန်ကြီးအိမ်တော်ကို သိမ်းတာ ဒီလောက်တောင် ပေါ့လျော့နေတာလား။ အပြင်မှာ ဒီလို အဖိုးတန် ပစ္စည်းတွေ ကျန်နေသေးတယ်ပေါ့”

ဝန်ကြီးဟောင်း မိသားစု ပစ္စည်းဖြစ်၍ သေချာပေါက် ပစ္စည်းကောင်းများ ဖြစ်ရပေမည်။ သူ ကိုယ်တိုင်သွားကြည့်ဖို့ ထိုက်တန်ပါ၏။

သူသည် ဟွာကျွင်းဆီ သွားပြီး ထိုအကြောင်းကို ပြောပြလိုက်သည်။

“မြေအောက် အရောင်းအဝယ်နေရာလား”

ဟွာကျွင်း စပ်စုသောစိတ်ဖြင့် မေးလိုက်၏။

“တီဗွီဇာတ်လမ်းတွဲတွေထဲက သရဲစျေး လိုမျိုးလား”

ဟွာကျွင်း

“ကျွန်မကိုပါ ခေါ်သွားပေးပါ”

အခန်း (၂၆၂)

မှောင်ခိုစျေးကွက်သို့ ညခရီးစဉ်

လုမင်လီ အနည်းငယ် စိတ်ရှုပ်ထွေးသွားရ၏။

“တည်နေရာက ဝေးလံတဲ့ မြို့ပြင်မှာ ဖြစ်နေတာရယ်၊ အချိန်ကလည်း သိပ်မရတော့တာရယ်ကြောင့်”

ဟွာကျွင်း

“ကိစ္စမရှိပါဘူး၊၊ ကျွန်မတို့မှာ ဆိုင်ကယ်ရှိတာပဲ မဟုတ်လား၊ အချိန်ကိုပဲ သေချာကြည့်ထားရင် ရပါတယ်”

သူမ ချက်ချင်းပင် ယာဉ်ရောင်းဝယ်ရေးဆိုင်သို့ သွားရောက်ကာ ဆိုင်ကယ်တစ်စီး ထပ်မံမှာယူလိုက်တော့သည်။

သူမက လိုအပ်ချက်ကို ပါးနပ်စွာပင် ပြောကြားလိုက်သည်။

“ဒီယာဉ်က ဘယ်လို လမ်းမျက်နှာပြင်မျိုးကိုမဆို သွားနိုင်ရမယ်။ တောင်တက်လမ်းတွေ၊ ရွှံ့နွံတွေနဲ့ ကျောက်ခဲလျှိုမြောင်တွေကိုပါ ဖြတ်ကျော်နိုင်ဖို့ လိုတယ်”

ဆိုင်မှ အရောင်းစာရေး လူငယ် နားလည်သွားဟန်ဖြင့် ပြန်ပြော၏။

“ဪ ခင်ဗျား ဝယ်ချင်တာက လမ်းကြမ်းမောင်း ဆိုင်ကယ်ပေါ့၊ ဘယ်နေရာမဆို သွားလို့ရတဲ့ အမျိုးအစားမျိုးပေါ့”

ထို့နောက် သူမကို တစ်စီး ထောက်ခံပေးလိုက်သည်။ “ဒါက နိုင်ငံခြားကနေ အခုလေးတင် တင်သွင်းထားတာဗျ၊ ကာဗွန်ဖိုင်ဘာတွေ အများကြီး သုံးထားပြီး 989cc V4 အင်ဂျင်နဲ့ မြင်းကောင်ရေ (၂၀၀) အထိ ရှိတယ်။ စျေးနှုန်းကတော့ နည်းနည်းကြီးတယ်”

“ဘယ်လောက်လဲ”

ဟွာကျွင်း မေးလိုက်သည်။

“ယွမ်(၁.၈) သန်း၊ စျေးကြီးတယ်လို့တော့ မညည်းပါနဲ့၊ ဒီယာဉ်က ပျံသန်းနိုင်ဖို့အတွက် ဖန်တီးထားတာဗျ၊ ဒီစျေးနှုန်းပေးထားမှ ပြန်ဆင်းတဲ့အခါ အစိတ်အပိုင်းတွေ မကွဲမထွက်ဘဲ တစ်သားတည်း ရှိနေမှာ။ ဒီလိုမှ တန်ဖိုးရှိတယ်လို့ ခင်ဗျား မထင်ဘူးလား”

“ကောင်းပါပြီ”

ဘေးကင်းလုံခြုံမှုထက် ပို၍ မည်သည့်အရာမှ အရေးမကြီးပေ။

ဟွာကျွင်း ငွေကို ချက်ချင်းပင် လွှဲပြောင်းပေးလိုက်၏။ ဆိုင်ကလည်း အလွန်ပင် အလုပ်သွက်လှပေသည်။နောက်တစ်နေ့တွင်ပင် ယာဉ်ကို အိမ်အရောက် ပို့ဆောင်ပေးခဲ့၏။

လုမင်လီ အသက်ဆယ်နှစ်သားကတည်းက မြင်းရိုင်းများကို ယဉ်ပါးအောင် လုပ်နိုင်ခဲ့သူဖြစ်ရာ ဆိုင်ကယ်မှာ သူ့အတွက် ဘာမှမဟုတ်ပေ။ မော့ချွမ်း သူ့ကို စတင်မောင်းနှင်ပုံ၊ အရှိန်မြှင့်ပုံနှင့် ဘရိတ်ဆွဲပုံတို့ကို သင်ကြားပေးလိုက်ရာ (၁၀) မိနစ်ခန့် လေ့ကျင့်ပြီးနောက် သူ ကျွမ်းကျင်စွာ မောင်းနှင်နိုင်သွားတော့သည်။

သူတို့နှစ်ဦးသည် ငွေများ လုံလုံလောက်လောက် ပါ၊ မပါ စစ်ဆေးပြီးနောက် ဦးထုပ်များကို ဆောင်းကာ ဖုန်လုံးကြီးများ ထသွားစေလျက် မောင်းထွက်သွားကြသည်။

မြေအောက်မှောင်ခိုစျေးကွက်ကို မြေအောက်မှောင်ခိုစျေးကွက်ဟု တရားဝင်မခေါ်ဘဲ ငရဲဘုံရင်ပြင်ဟု အမည်ထူးပေးထားပြီး မြို့ပြင်ရှိ စွန့်ပစ်ထားသော ဘုရားကျောင်းဟောင်းတစ်ခု၏ အောက်တွင် ဝှက်ထားသည်။

ထိုနေရာသည် ပေါင်းမြက်များ ဖုံးလွှမ်းနေပြီး ခြောက်ခြားဖွယ်ရာ ကောင်းလှ၏။ နေ့ဘက်တွင် လူသူအရောက်အပေါက် နည်းပါးသော်လည်း (၁၅) ရက်မြောက် ညတိုင်းတွင် ငရဲဘုံရင်ပြင် ဖွင့်လှစ်သည့်အတွက် အလွန်ပင် စည်ကားလှသည်။

ထိုနေရာသို့ ဝင်ရောက်နိုင်ရန်အတွက် ဆက်သွယ်ပေးမည့်သူ လိုအပ်ပြီး လုမင်လီ လက်အောက်ငယ်သားက သူ့အတွက် အားလုံး စီစဉ်ပေးထားသည်။

သူတို့သည် သူတို့ယာဉ်ကို (၃) လီ ခန့်အကွာတွင် ရပ်နားကာ မြက်ခြောက်များဖြင့် ဖုံးအုပ်ဝှက်ထားလိုက်ပြီးနောက် လူတစ်ယောက် ခုန်ထွက်လာခဲ့သည်။

“စစ်သူကြီးလု၊ အားလုံး စီစဉ်ထားပြီးပါပြီ”

သူ လုမင်လီကို တိုးတိုးတိတ်တိတ် စကားအချို့ ပြောကြားပြီး မျက်နှာဖုံးနှစ်ခု ကမ်းပေးလိုက်သည်။ လုမင်လီ က ခေါင်းညိတ်ပြကာ ပြောလိုက်၏။

“နားလည်ပြီ၊ မင်း ဒီမှာပဲ စောင့်နေ”

သူသည် မျက်နှာဖုံးတစ်ခုကို ဟွာကျွင်းအား ပေးလိုက်ပြီး နှစ်ဦးစလုံး မျက်နှာဖုံးများ တပ်ဆင်ပြီးနောက် ဘုရားကျောင်းပျက်ကြီးဆီသို့ လျှောက်လှမ်းခဲ့ကြသည်။

တတိယမြောက် ကောက်ကောက်ကွေးကွေး သစ်ပင်အောက်တွင် သူတောင်းစားတစ်ဦးသည် သစ်ပင်ကို မှီလျက် မြက်မြစ်များကို အပျင်းပြေ ဝါးစားနေ၏။

“လမဲ့ညမှာ ငရဲဘုံရင်ပြင်ကို ဘယ်မှာ ရှာတွေ့နိုင်မလဲ”

လုမင်လီ သူ့ကို လျှို့ဝှက်ကုဒ်ဖြင့် မေးမြန်းလိုက်သည်။

“ခြောက်ခြားဖွယ် ဘုရားကျောင်းပျက်ထဲက ဝိညာဉ်မီးအိမ်တွေက အိမ်အပြန်လမ်းကို ပြပါလိမ့်မယ်။ ခင်ဗျားတို့ တော်တော်လေး စောစောရောက်လာတာပဲ”

လုမင်လီ ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“လူနှစ်ယောက်ပါ”

“ကျွန်တော့်နောက် လိုက်ခဲ့ကြ”

သူတောင်းစားက လက်ဝေ့ယမ်းပြကာ မျက်နှာဖုံးကို စွတ်လျက် လမ်းပြခေါ်ဆောင်သွား၏။

ဟွာကျွင်း တိုးတိုးလေး ပြောလိုက်သည်။

“ကျွန်မထင်တာက ရှင်တို့နှစ်ယောက်က လက်ဆွဲနှုတ်ဆက်ပြီး ရဲဘော်ရဲဘက်တွေလို့ ခေါ်ကြတော့မလို့လားလို့”

လုမင်လီ

“ဒီနေရာက လူပေါင်းစုံ ရောနှောနေတာ။ ကိုယ့်နားမှာပဲ ကပ်နေ။ လမ်းမပျောက်စေနဲ့”

သူတို့ ဘုရားကျောင်း နောက်ဖေးရှိ လျှို့ဝှက်ဝင်ပေါက်တစ်ခုသို့ ရောက်ရှိသွားကြပြီး ဝတ်စုံနက်ဝတ်ထားသော လူနှစ်ဦးက စောင့်ကြပ်နေကြသည်။

သူတောင်းစားက သူ့ခါးက ချိတ်တံဆိပ်ကို ပြသကာ ဝတ်စုံနက်ဝတ် လူများကို ပြောလိုက်၏။

“လူနှစ်ယောက်”

ဝတ်စုံနက်ဝတ် လူများ လမ်းဖယ်ပေးလိုက်သဖြင့် လုမင်လီနှင့် ဟွာကျွင်းတို့ မြေအောက်စျေးကွက်အတွင်းသို့ အမှန်တကယ် ဝင်ရောက်နိုင်လိုက်သည်။

အတွင်းတွင် လူအတော်များများ ရှိနေကြ၏။ ဆိုင်ခန်းဖွင့်ထားသည့် ရောင်းချသူများနှင့် မျက်နှာဖုံးစွတ်ထားသော ဝယ်ယူသူများ ဖြစ်ကြသည်။

သူတို့ ရောင်းချနေသော အရာများသည် ထူးဆန်းအံ့သြဖွယ်ရာ ကောင်းလှပြီး မည်သည့်တံဆိပ်မှလည်း မကပ်ထားသဖြင့် အပြင်ပန်းကြည့်ရုံဖြင့် မည်သည့်အရာမှန်း ခွဲခြားရန် မဖြစ်နိုင်ပေ။

သူတောင်းစား

“ရှေ့က အဆောက်အအုံလေးက လေလံပွဲ ကျင်းပမဲ့နေရာပဲ။ ကျွန်တော် ဒီအထိပဲ လိုက်ပို့ပေးနိုင်မယ်”

လုမင်လီ

“ကျေးဇူးတင်ပါတယ်”

သူတောင်းစား လှည့်ထွက်သွားပြီ ဖြစ်သော်လည်း လုမင်လီ၏ ကျေးဇူးတင်စကားကို ကြားသောအခါ ပြန်လှည့်လာပြီး ထပ်လောင်းပြောကြား၏။

“ခင်ဗျားတို့ ဘာဝယ်ဖို့ လာတာလဲ။ တကယ်လို့ အခွန်ဝန်ကြီးဟောင်းရဲ့ ပစ္စည်းအချို့အတွက်ဆိုရင်တော့ စျေးကို အရမ်းကြီး မပေးဖို့ ကျွန်တော် အကြံပြုချင်တယ်”

လုမင်လီ ဇဝေဇဝါဖြစ်သွား၏။

“ဘာလို့လဲ”

သူတောင်းစားသည် လုမင်လီ အနားသို့ တိုးကပ်လိုက်သည်။ လုမင်လီလည်း သူ့ကို ရွံရှာမုန်းတီးဟန် မပြသဖြင့် သူသိသမျှကို ပြောပြလိုက်၏။

“ဒီနေ့ လေလံပွဲက ဝန်ကြီးဟောင်းရဲ့ စုဆောင်းမှုတွေအတွက်ဆိုတာ လူတိုင်းသိကြတယ်၊၊ ဒါပေမဲ့ ကျွန်တော် အခုလေးတင် ရထားတဲ့ သတင်းအရတော့ နောက်ဆုံးပိတ် လေလံတင်မဲ့ ပစ္စည်းကို အရမ်းတန်ဖိုးကြီးတဲ့ အရာတစ်ခုနဲ့ အစားထိုးလိုက်တယ်လို့ သိရတယ် ခင်ဗျားတို့ ငွေတွေကို အဲဒီပစ္စည်းအတွက်ပဲ ချန်ထားသင့်တယ်”

သူသည် ကိုယ်ကို ပြန်မတ်လိုက်ပြီး ပြောသည်။

“ကဲ ခင်ဗျားက တခြားလူတွေလို ကျွန်တော့်ကို အထင်မသေးတာကြောင့် ဒါကို ပြောပြတာပါ။ ကျွန်တော် ဒီထက်ပိုပြီး ဘာမှမသိတော့ဘူး”

ထိုသို့ပြောပြီးနောက် သူသည် နောက်လှည့်မကြည့်ဘဲ ထွက်ခွာသွားသည်။

ဟွာကျွင်း

“ဘုရားရေ၊ ကျွန်မတို့ ခုလေးတင် လျှို့ဝှက်ချက်တွေကို သိရတဲ့ ဂိမ်းဇာတ်‌ကွက်တစ်ခုကို ဖော်လိုက်တာလား”

လုမင်လီ သူမကို ငုံ့ကြည့်ကာ မေးလိုက်၏။

“မင်း ဘာတွေ ပြောနေတာလဲ။ ကိုယ် နားမလည်ဘူး”

“အတိုချုပ်ပြောရရင် သူခုနက ပြောသွားတာက တကယ့်ကို အရေးကြီးတဲ့ သတင်းအချက်အလက် ဖြစ်နိုင်တယ်လို့ ပြောတာပါ”

လုမင်လီ

“အဲဒါက ကိုယ်တို့နဲ့ ဘာဆိုင်လို့လဲ။ ကိုယ်တို့မှာ ကိုယ်ပိုင် ရည်မှန်းချက် ရှိပြီးသားပဲလေ”

“အဲဒါလည်း ဟုတ်တာပဲ”

ဤသည်မှာ ဂိမ်းတစ်ခု မဟုတ်ပေ။ သူမ အတွေးလွန်သွား၏။

သူတို့သည် အဆောက်အအုံဆီသို့ လျှောက်လှမ်းရင်း လမ်းဘေးရှိ ဆိုင်ခန်းများကို ကြည့်ရှုသွားသည်။

ဟွာကျွင်း မြင်သမျှအရာတိုင်းကို ဘာလဲဟု မေးမြန်းနေ၏။

သူမ အံ့သြသွားရသည်မှာ လုမင်လီ ထိုအရာအများစုကို ခွဲခြားသိမြင်နေခြင်းပင်။

ထိုနေရာတွင် မေ့ဆေးများ၊ ပိုမိုပြင်းထန်သော မေ့ဆေးများ၊ စိတ်ကြွစေသော နံ့သာများ၊ ဓားမြှောင်များ၊ လက်ပစ်မြားများ စသည်ဖြင့် စုံလင်လှသည်။

“ရှင် ဒါတွေအကုန်လုံးကို ဘယ်လိုလုပ် သိနေတာလဲ။ ဒါတွေက ကောင်းတဲ့အရာတွေ မဟုတ်ဘူး ထင်တယ်”

“စစ်ပွဲအလီအလီ တိုက်ခိုက်ပြီးတဲ့နောက်မှာ ဒါတွေကို ခွဲခြားတတ်သွားတာပါပဲ”

“အဲဒီ စစ်ပွဲတွေက တော်တော်လေးကို ကောက်ကျစ်စဉ်းလဲခဲ့မှာပဲ”

မောင်းသံ တစ်ချက် ကြားလိုက်ရပြီးနောက် လေလံပွဲ စတင်တော့မည်ဖြစ်ကြောင်း သိလိုက်ရ၏။ သူတို့ အဆောက်အအုံဆီသို့ သွားရောက်ပြီး တံဆိပ်ကို ပြသလိုက်ရာ လမ်းပြတစ်ဦးက ဒုတိယထပ်ရှိ သီးသန့်အခန်းတစ်ခုသို့ ခေါ်ဆောင်သွားလိုက်သည်။

ထိုသီးသန့်အခန်း၏ တစ်ဖက်တွင် လက်ရန်းအနိမ့်လေး ရှိသဖြင့် အောက်ထပ်ခန်းမအတွင်းရှိ မြင်ကွင်းများကို မြင်တွေ့နိုင်ပေသည်။

သူတို့ ထိုင်လိုက်သည်နှင့် မလုံမခြုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ဝင်လာပြီး သူတို့အတွက် လက်ဖက်ရည် ငှဲ့ပေးလိုက်၏။

သူမ ရုပ်ရည်မှာ ထင်ပေါ်လှပပြီး ကိုယ်လုံးကိုယ်ပေါက်မှာလည်း သွယ်လျလှသည်။ လှုပ်ရှားမှုများမှာလည်း သိက္ခာရှိလှသဖြင့် ဟွာကျွင်းပင် ငေးကြည့်မိသွား၏။

ဟွာကျွင်း ရိုးရိုးသားသားပင် ချီးကျူးလိုက်သည်။

“ရှင် တကယ့်ကို လှတာပဲ”

အမျိုးသမီး တခိခိ ရယ်မောလိုက်ပြီး ပြန်ပြော၏။ “လေးစားရတဲ့ ဧည့်သည်တော် တကယ့်ကို ဟာသဉာဏ်ပါတာပဲ။ ကျွန်မ နာမည်က ပိုင်ယန်ပါ။ တစ်ခုခု လိုအပ်ရင် ကျွန်မကို ခေါ်နိုင်ပါတယ်”

သူမ လုမင်လီကို တစ်ချက် လှည့်ကြည့်လိုက်သော်လည်း သူကမူ အောက်ထပ်သို့သာ ကြည့်နေပြီး သူမကို တစ်ချက်ကလေးမျှ လှည့်မကြည့်ပေ။ ထို့ကြောင့် သူမ ဟွာကျွင်းဘက်သို့ ပြန်လှည့်ကာ ပြောလိုက်၏။

“တကယ်လို့ လေလံဆွဲချင်တယ်ဆိုရင်လည်း ကျွန်မကို ပြောပါ၊ ကျွန်မ ရှင်တို့ကိုယ်စား စျေးခေါ်ပေးပါ့မယ်”

ဤသည်မှာ ဘေးကင်းလုံခြုံရေးအတွက် ဖြစ်ပြီး အခြားသူများက သူတို့အသံကို မမှတ်မိစေရန် ဖြစ်ကြောင်း ဟွာကျွင်း နားလည်လိုက်သည်။

မောင်းသံ နောက်တစ်ချက် ထွက်ပေါ်လာပြီးနောက် လေလံပွဲကို တရားဝင် စတင်လိုက်တော့သည်။

ပထမဆုံး ပစ္စည်းမှာ အခွန်ဝန်ကြီးဟောင်း၏ ဇနီးသည် သက်ရှိထင်ရှားရှိစဉ်က အနှစ်သက်ဆုံးဖြစ်သော သန္တာနီ စိပ်ပုတီးပင်။

စိပ်ပုတီးရှိ ပုတီးစေ့တစ်ခုချင်းစီမှာ အရောင်အသွေး ညီညာလှပြီး နွားသွေးရောင်ကဲ့သို့ အနီရင့်ရောင် ရှိကာ (၅၀) ပြားစေ့ခန့် အရွယ်အစား ရှိသောကြောင့် ယနေ့ခေတ်ကာလတွင် တွေ့ရခဲလှသော အရာမျိုး ဖြစ်သည်။

“ဘယ်လိုလဲ”

လုမင်လီ ဟွာကျွင်းကို မေးလိုက်၏။

“စျေးခေါ်လိုက်”

လုမင်လီ အကြည့်တစ်ချက်ဖြင့် ပိုင်ယန် စတင်၍ စျေးခေါ်ပေးလေသည်။

ဤပစ္စည်းကို စိတ်ဝင်စားသူ များများစားစား မရှိလှသဖြင့် နောက်ဆုံးတွင် ငွေတေး (၈၀၀) ဖြင့် ဝယ်ယူနိုင်ခဲ့သည်။

နောက်ထပ် ပစ္စည်းမှာ ကျားရုပ်ကြေးတံဆိပ် ဖြစ်၏၊ ၎င်းသည် မြင်းတပ်စစ်သူကြီးဟောင်း ကွယ်လွန်ချိန်တွင် အဆောင်အယောင်အဖြစ် အတူမြှုပ်နှံခဲ့ရမည့်အရာ ဖြစ်သော်လည်း ယခုအခါတွင် အသုံးမဝင်တော့ပေ။

လုမင်လီ ထပ်မံ၍ မေးလိုက်သည်။

“ဒီတစ်ခုရော လိုချင်လား”

“စျေးကွက်ထဲမှာ ဒီလိုမျိုး ဘယ်နှစ်ခုရှိလဲ”

ဟွာကျွင်း ပြန်မေး၏။

“စုစုပေါင်း နှစ်ခုပဲ ရှိတာ၊ တစ်ခုကတော့ ဧကရာဇ်မင်းမြတ်ဆီမှာ ရှိတယ်။”

ဟွာကျွင်း စဉ်းစားလိုက်ပြီး ပြော၏။

“မယူတော့ဘူး။ အရမ်းရှားပါးလွန်းတော့ ပြဿနာတွေ ဖြစ်လာနိုင်တယ်”

လုမင်လီ အကြောင်းပြချက်ကို ထပ်မမေးတော့ပေ။ သူမက မလိုချင်ဟု ဆိုလျှင် သူတို့ စျေးမခေါ်တော့ပေ။

တတိယမြောက် ပစ္စည်းမှာ ကျောက်ရှောင်း ပိုးထည် ဝတ်စုံ ဖြစ်၏။ ၎င်းကို လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာက ရေသူမများမှ ဆက်သခဲ့ခြင်းဖြစ်သည်ဟု ဆိုကြပြီး ရေထဲတွင် နှစ်ထားသော်လည်း မစိုစွတ်ဘဲ အလင်းရောင်နှင့် ထိတွေ့လျှင် အရောင်ပြောင်းလဲနိုင်သော အစွမ်းရှိသည်။

“ဒါ လိုချင်တယ်၊ ဒါ လိုချင်တယ်”

လုမင်လီ မမေးရသေးမီ ဟွာကျွင်း သူ့အင်္ကျီလက်စကို ဆွဲကာ စိတ်လှုပ်ရှားစွာ တိုးတိုးလေး ပြောလိုက်၏။

“ကောင်းပါပြီ၊ ကောင်းပါပြီ။ အလောမကြီးပါနဲ့ဦး”

ဤဝတ်စုံကို စိတ်ဝင်စားသူ အလွန်များသော်လည်း အခြားသူများ မည်မျှပင် စျေးခေါ်စေကာမူ လုမင်လီ လက်မလျှော့ဘဲ ဆက်တိုက် လိုက်ခေါ်၏။

နောက်ဆုံးတွင် ၎င်းကို ငွေတေး (၁၂၀၀) ဟူသော စျေးကြီးဖြင့် ရရှိသွားခဲ့ပြီး ဟွာကျွင်း၏ ပိုင်ဆိုင်မှု ဖြစ်လာသည်။

All Chapters