← Chapters

အခန်း (၂၆၅-၂၆၆)

Vol. 27 Ch. 265-266

အခန်း (၂၆၅-၂၆၆)

Vol. 27 Ch. 265-266

အခန်း (၂၆၅)

မွေးနေ့ကိတ် (၂)

နေဝင်ရီတရောအချိန်တွင် လင်ဝမ်ယီ၏ မြင်းလှည်း မြို့ပြင်သို့ ဆိုက်ရောက်လာသည်။ သူသည် လှည်းလိုက်ကာကို မကာ မြို့ရိုးကြီးကို ငေးကြည့်ရင်း အဘွားကျန်း၏ စကားများကို ရုတ်တရက် သတိရမိသွား၏။

သူဌေးမဟွာကို ဤတစ်ကြိမ်တော့ ယုံကြည်ကြည့်ရမည်လော။ သူမ နာမည်ဂုဏ်သတင်းက အမြဲတမ်း ကောင်းမွန်ခဲ့သည်။ သူ့ကို အကြောင်းမဲ့ သက်သက် မလိမ်ညာနိုင်။

ယခုအချိန်ဆိုလျှင် အိမ်တော်ရှိ မွေးနေ့စားသောက်ပွဲက စတင်နေလောက်ပါ၏။ သူ နောက်ကျနေသည်မှာလည်း ကြာပြီဖြစ်၍ နောက်ထပ် နာရီဝက်ခန့် ထပ်မံစောင့်ဆိုင်းကြည့်လျှင် ဘာဖြစ်သွားမည်နည်း။ အံ့အားသင့်စရာတစ်ခု ရောက်လာခဲ့လျှင်ကော။

ထိုသို့တွေးတောရင်း သူ မြင်းလှည်းမောင်းသမားကို မြို့တံခါးဝတွင် ရပ်နားရန် ခိုင်းစေလိုက်သည်။

လမ်းမကြီးပေါ်တွင် လူသူကင်းမဲ့နေပြီဖြစ်ရာ သူ စိုးရိမ်တကြီးဖြင့် လက်ဝါးချင်း ပွတ်နေမိတော့သည်။

သူ့ထက် ပို၍ စိုးရိမ်ပူပန်နေသူမှာ လင်ကတော် ဖြစ်သည်။

ဤအချိန်တွင် ဧည့်သည်တော်များအားလုံး လင်အိမ်တော်သို့ ရောက်ရှိနေကြပြီ ဖြစ်၏။ ဧည့်ခံပွဲခန်းမတွင် မီးရောင်များဖြင့် လင်းထိန်နေသော်လည်း လူတိုင်း၏ မျက်ဝန်းထဲမှ ထူးဆန်းသောအကြည့်များကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။

လင်ကတော်သည် အဓိကနေရာတွင် မတ်မတ်ထိုင်နေပြီး သူမ လက်ချောင်းများက အင်္ကျီလက်စကို တင်းတင်းဆုပ်ထားမိသည်။ ဤမျှ နောက်ကျနေသည်အထိ သူမ ခင်ပွန်း ပြန်မရောက်လာသေးပေ။ ဧည့်သည်များက သူမကို လှောင်ပြောင်ကြတော့ပေမည်။

ဝမ်ယွီအယ် ယပ်တောင်ဝိုင်းလေးကို ခတ်ရင်း စူးရှသောအသံဖြင့် မေးလိုက်သည်။

“ဝမ်းကွဲမမ ခဲအိုက ဘာလို့ အခုထိ ပေါ်မလာသေးတာလဲ။ ဒါမှမဟုတ်”

သူမက စကားကို တမင်ဆွဲပြောလိုက်၏။ “မမတို့နှစ်ယောက် ရန်ဖြစ်ထားကြလို့လား”

လင်ကတော် ရင်ထဲမှ ဒေါသကို အောင့်အည်းထားလိုက်ရသည်။ ဧည့်သည်များ ရှေ့မှောက်တွင် သူမကို အရှက်ခွဲနေသည်။

သူမ အတင်းအကြပ်ပြုံးကာ လုပ်ယူကာ ပြန်ပြောလိုက်၏။

“ရှင့်ခဲအို လမ်းမှာ အလုပ်ကိစ္စလေးတွေ ရှိနေလို့ပါ။ သူ့ကို စောင့်မနေနဲ့လို့လည်း မှာသွားပါတယ်”

လင်ဝမ်ယီ ယခုည လာမည်မဟုတ်ကြောင်း ကြားလိုက်ရသောအခါ ဝမ်ယွီအယ် သူမ ဝမ်းကွဲအစ်မကို အရှက်ခွဲရန် အခွင့်အရေးကို လက်လွှတ်မခံတော့ဘဲ အံ့သြဟန်ဆောင်လိုက်သည်။

“ဒါပေမဲ့ ဒီနေ့က မမရဲ့ အသက် (၄၀) ပြည့် မွေးနေ့လေ၊ ခဲအိုက အမြဲတမ်း စနစ်တကျ ရှိတဲ့သူပါ။ ဘယ်လိုလုပ် ကြိုတင်ပြီး မစီစဉ်ထားနိုင်ရတာလဲ”

သူမက ယပ်တောင်လေးဖြင့် ပါးစပ်ကို ကာ၊ကာဆက်ပြော၏။

“ကျွန်မ ပြောသားပဲ၊၊ မိန်းမတွေဆိုတာ အားကိုးရမဲ့ သားတစ်ယောက် ရှိထား‌တာ အကောင်းဆုံးပဲ။ လင်မယားအချစ်ကိုပဲ အားကိုးနေလို့ကတော့ ရေရှည်အတွက် မဟုတ်ဘူး”

ဤစကားများသည် လင်ကတော်၏ ရင်ဘတ်ကို ဓားဖြင့် အချက်ပေါင်းများစွာ အဆက်မပြတ် ထိုးနှက်လိုက်သည့်အလား။ နှစ်ပေါင်းနှစ်ဆယ်ကျော် အိမ်ထောင်သက်တမ်းတစ်လျှောက် သူတို့နှစ်ဦး သဟဇာတဖြစ်စွာ နေထိုင်ခဲ့ကြပြီး သူမတွင် သားသမီးမရှိခြင်းအပေါ် ခင်ပွန်းဖြစ်သူ တစ်ခါမျှ အပြစ်မတင်ခဲ့ဖူးပေ။ သို့သော် အပြင်လူများက ထိုအချက်ကို ဂရုမစိုက်ကြပေ။

စားပွဲရှိ အမျိုးသမီးအချို့ အကြည့်ချင်း ဖလှယ်နေကြသည်ကို သူမ သတိပြုမိလိုက်ရာ နားထင်များပင် တဒုတ်ဒုတ် တုန်လာတော့၏။

သူမ စိတ်ကို ပြန်တင်းလိုက်ပြီး ပြောလိုက်သည်။

“ဒီနေ့ ကျွန်မ မြို့တော်မှာ ခေတ်ထနေတဲ့ ရေခဲမုန့်တွေကို အထူးပြင်ဆင်ထားပါတယ်။ အခုချက်ချင်း မစားရင် အရည်ပျော်သွားလိမ့်မယ်။ အားလုံးပဲ သုံးဆောင်ကြပါဦး”

စားပွဲဝိုင်း အခြေအနေမှာ တင်းမာနေ၏။ လင်ကတော်သည် အပြုံးဖြင့် ဧည့်သည်များကို ဧည့်ခံနေရသော်လည်း စကားပြောရန် စိတ်မပါတော့ပေ။

ထိုအချိန်တွင် အပြင်ဘက်၌ ဆူညံသံများ ထွက်ပေါ်လာ၏။ အစေခံလေးတစ်ဦးသည် အမောတကော ပြေးဝင်လာပြီး အသံများပင် တုန်ယင်လျက် အော်ပြောလိုက်သည်။

“သခင်မ... သခင် ပြန်ရောက်လာပါပြီ”

စကားဆုံးသည်နှင့် လင်ဝမ်ယီ ခြေလှမ်းကျဲကြီးများဖြင့် ဝင်လာသည်။

“သခင်မ ငါ နောက်ကျသွားတယ်”

လင်ကတော်သည် ချက်ချင်း ထရပ်လိုက်ပြီး မျက်ရည်များ ဝဲလျက် ပြောတော့သည်။

“ရှင် နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့”

“ငါ မင်းအတွက် အထူးလက်ဆောင်တစ်ခု ပြင်ဆင်နေလို့ နောက်ကျသွားတာပါ”

သူက လက်သုံးချက် တီးလိုက်သောအခါ အစေခံမလေးနှစ်ဦးသည် အပြင်ဘက်မှ ဝိုင်းဝန်းသောအရာတစ်ခုကို ဂရုတစိုက် သယ်ဆောင်လာကြသည်။

ဧည့်သည်များမေးကြတော့၏။

“အဲဒါ ဘာကြီးလဲ”

“တကယ့်ကို လက်ရာမြောက်လှချည်လား”

ဧည့်သည်များ တိုးတိုးလေး ပြောဆိုနေကြပြန်သည်။

ဤသည်မှာ ဟွာကျွင်း စိတ်ကြိုက် ပြင်ဆင်ပေးလိုက်သည့် “ကြာကန်” အလှဆင် ကိတ်မုန့်ကြီး ဖြစ်ပြီး တစ်ခုလုံးမှာ အစိမ်းရောင် သန်းနေသည်။

၎င်းသည် အစိမ်းရောင် တစ်မျိုးတည်း မဟုတ် မြက်ခင်းစိမ်း၊ ကျောက်စိမ်းရောင်နှင့် အဝါစိမ်းရောင်တို့ ရောယှက်နေကာ နေရောင်အောက်မှ ကြာကန်တစ်ခုနှင့် အလားသဏ္ဌာန်တူလှ၏။

ပို၍ပင် အံ့သြစရာကောင်းသည်မှာ ကြာကန်ထဲ၌ အစိမ်းရင့်ရောင် ကြာရွက်များ ရှိနေပြီး ထိုကြာရွက်များအပေါ်တွင် ရေစက်ကလေးများပင် ရှိနေခြင်းပင်။

ဘေးပတ်လည်တွင်တော့ ခရင်မ် များဖြင့် ပြုလုပ်ထားသော ပန်းရောင်ပွင့်ချပ်၊ ရွှေရောင်ဝတ်ဆံနှင့် အလယ်တွင် အစိမ်းရောင် ကြာပွင့်ချပ်လေးများပါသည့် ကြာပန်း လေးပွင့် ပွင့်နေပုံမှာ အစစ်အတိုင်းပင်။

လင်ဝမ်ယီ ထိုအနုပညာလက်ရာမြောက်သော ကြာကန်လေးကို သယ်ဆောင်ကာ ဇနီးသည်ရှိရာသို့ လျှောက်လှမ်းလာခဲ့သည်။

လင်ကတော်မှာ အံ့သြလွန်း၍ မှင်တက်နေမိ၏။ ဤအရာများသည် သူမ အနှစ်သက်ဆုံး ကြာပန်းများပင်။ အမှန်တကယ်ကို လှပလွန်းလှ၏။

သူမက တုန်ယင်သောအသံဖြင့် ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်။ ကျွန်မ တကယ်ပဲ သဘောကျပါတယ်”

လင်ဝမ်ယီ ချစ်ခင်ကြင်နာစွာ ပြုံးလျက် ပြော၏။

“မင်း သဘောကျရင်ပဲ ကျေနပ်ပါပြီ”

ဧည့်သည်တော်များမှာလည်း သူတို့နှစ်ဦး ချစ်ခင်မှုကို ကြည့်ပြီး စိတ်လှုပ်ရှားသွားကြသည်။ ဝမ်ယွီအယ်တစ်ဦးတည်းသာ မကျေမနပ်ဖြစ်ကာ မျက်နှာဆူပုတ်နေတော့၏။

လင်ဝမ်ယီသည် သူ့အင်္ကျီအိတ်ထဲမှ ကြာပန်းလေးတစ်ပွင့်ကို ထုတ်ကာ ကိတ်မုန့်၏ အလယ်တည့်တည့်သို့ စိုက်လိုက်သည်။

လင်ကတော်

“အို... ရှင် ဘာလို့ အဲဒီမှာ သွားစိုက်လိုက်တာလဲ၊ ကျွန်မ့လက်ဆောင်လေး ပျက်စီးကုန်ပါပြီ”

ထိုကြာပန်းလေးမှာ လှပသော်လည်း အသားစက ကိတ်မုန့်နှင့် မတူပေ။ ကြာကန်အလယ်တွင် ထိုးထိုးထောင်ထောင် ဖြစ်နေသဖြင့် ကြည့်ရဆိုးနေသည်ဟု သူမ ထင်မိသည်။

လင်ဝမ်ယီက သူ၏ဇနီးလက်ကို အားပေးသည့်အနေဖြင့် ပုတ်ကာ ပြောလိုက်၏။

“အံ့အားသင့်စရာက အခုမှ စမှာပါ”

သူသည် မော့ချွမ်း မှာကြားလိုက်သည်များကို သတိရပြီး အစေခံများကို ခိုင်းစေလိုက်၏။

“ဖယောင်းတိုင်တွေ အကုန်ငြှိမ်းလိုက်စမ်း။ အဝင်ဝက မှန်အိမ်နှစ်ခုပဲ ချန်ထားပါ”

ဧည့်ခံပွဲခန်းမတစ်ခုလုံး မှောင်သွားသောအခါ ဧည့်သည်များမှာ ဘာဖြစ်မည်ကို မသိသဖြင့် အချင်းချင်း ကြည့်နေကြ၏။

လင်ဝမ်ယီသည် မီးခတ်ကိုယူကာ အလယ်ရှိ ကြာပန်းလေးကို မီးရှို့လိုက်သည်။

အစပိုင်းတွင် မီးတောက်အသေးလေးသာ ဖြစ်သော်လည်း မီးတောက်ကလေး ငြိမ်းလုနီးပါးအချိန်တွင် ရှူးဟူသော အသံနှင့်အတူ မီးပန်းလေးများ အထက်သို့ ပန်းထွက်လာပြီး အမှောင်ထဲတွင် လှပတောက်ပသော အလင်းတန်းများအဖြစ် ပွင့်အံထွက်လာတော့သည်။

ထိုအလင်းရောင်မှာ လင်ကတော်၏ မျက်နှာပေါ်သို့ ကျရောက်နေ၏။ သူမသည် မှင်တက်ကာ ငေးကြည့်နေမိပြီး ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်ကိုပင် သတိမထားမိပေ။

“လှလိုက်တာ... တကယ်ကို လှတာပဲ”

သူမ တိုးတိုးလေး ရေရွတ်နေမိသည်။

မီးပန်းများ ငြိမ်းသွားပြီး အစေခံများ ဖယောင်းတိုင်များကို ပြန်လည်ထွန်းလိုက်သောအခါ ဧည့်သည်များအားလုံးက ဝိုင်းဝန်းလက်ခုပ်တီးကြတော့၏။

လင်ကတော် သတိပြန်ဝင်လာသောအခါ ကိတ်မုန့်အလယ်တွင် မည်းနက်နေသော အပေါက်တစ်ခုကို မြင်ပြီး နှမြောတသဖြစ်သွားသည်။

“ကျွန်မ့ရဲ့ ကြာကန်လေး...”

“သခင်မ ရော့၊ ဒီဓားကို ကိုင်လိုက်ပါ”

လင်ဝမ်ယီ မီးဖိုချောင်သုံးဓားတစ်ချောင်းကို ဇနီးသည်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

လင်ကတော်က ထိတ်လန့်တကြားဖြင့် မေးလိုက်၏။ “ဒါက ဘာလုပ်ဖို့လဲ”

လင်ဝမ်ယီက ပြုံးလျက် လင်ကတော်၏ လက်ကို ဆွဲကိုင်ကာ ပြောလိုက်သည်။

“ကိတ်မုန့်လှီးရအောင်လေ”

လင်ကတော်၏ အော်ဟစ်သံများကြားမှာပင် လှပသော ကြာကန်ကြီးမှာ နှစ်ပိုင်း၊ လေးပိုင်း၊ ရှစ်ပိုင်းမှ တစ်ဆယ့်ခြောက်ပိုင်းအထိ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတော့သည်။

“ကျွန်မ့ရဲ့ ကြာကန်လေး”

လင်ကတော် ငိုပင်ငိုချင်လာတော့၏။

လင်ဝမ်ယီမှာ ပျာယာခတ်သွားသည်။

“ဟမ်၊ ကိုယ် ထင်ထားတာ ဒါမျိုးမဟုတ်ဘူးလေ”

သူ အမြန်ရှင်းပြလိုက်၏။

“သခင်မ၊ ကိုယ် ပြောတာ နားထောင်ဦး။ ဒါက မုန့်လေ စားဖို့လုပ်ထားတာ”

“မုန့်ဟုတ်လား”

လင်ကတော်မှာ မယုံနိုင်ဘဲ မေးတော့သည်။ “ဒီလောက်လှတဲ့အရာက မုန့်လား”

“ဟုတ်တယ်၊ ဟွာကျွင်းမုန့်ဆိုင်က သူဌေးမဟွာကို အထူးမှာကြားပြီး မင်းအတွက် လုပ်ခိုင်းထားတဲ့ မွေးနေ့မုန့်ပါ”

ဧည့်သည်များအားလုံး အံ့အားသင့်သွားကြ၏။

“မယုံနိုင်စရာပဲ၊ မုန့်ကို ဒီလောက်အထိ လက်ရာမြောက်အောင် လုပ်နိုင်တာလား”

“မုန့်လို့ မပြောရင် ကျွန်တော်က ကျောက်စိမ်းအလှဆင်ပစ္စည်းလို့ ထင်မိမှာပဲ”

အစေခံများ ပန်းကန်ငယ်လေးများဖြင့် ကိတ်မုန့်ကို ဝေငှပေးလိုက်သောအခါမှ ဧည့်သည်များက အနီးကပ် ကြည့်ရှုခွင့်ရကြတော့သည်။

အချို့က ကြာရွက်ပုံစံ ရကြပြီး အချို့ကတော့ ကံကောင်းစွာ ကြာပန်းပုံစံလေးများ ရကြသည်။ မည်သူမှ မစားရက်ကြပေ။ သူတို့ မုန့်ကို အခါခါ နမ်းကြည့်ပြီး လှည့်ပတ်ကြည့်ရှုရင်း လက်ကပင် မချနိုင်အောင် ဖြစ်နေကြသည်။

အမျိုးသမီးတစ်ဦးက ပြောလိုက်၏။

“ ကျွန်မတော့ မစားတော့ဘူး။ အိမ်ယူသွားပြီး အလှပဲ သိမ်းထားတော့မယ်”

အားလုံးကလည်း ထိုစကားကို ထောက်ခံကြပြီး လင်ကတော်ကိုယ်တိုင်လည်း သိမ်းထားရန် ဆုံးဖြတ်လိုက်သည်။

သို့သော် လင်ဝမ်ယီက သတိပေးလိုက်၏။

“ဒီကိတ်မုန့်က အကြာကြီး သိမ်းထားလို့ မရဘူး။ ခရင်မ်တွေ အရည်ပျော်သွားရင် မလှတော့ဘူး။ အဲဒါကြောင့် အလှဆုံးအချိန်မှာပဲ စားသုံးလိုက်တာက ပိုကောင်းပါလိမ့်မယ်”

“အရည်ပျော်နိုင်တာလား”

လင်ကတော်က တိုးတိုးလေး ရေရွတ်လိုက်သည်။ “နှမြောစရာကောင်းလိုက်တာ”

သူမက သက်ပြင်းချလိုက်ပြီး ဧည့်သည်များကို အတူတူ မြည်းစမ်းရန် ဖိတ်ခေါ်လိုက်သည်။

“အားလုံးပဲ အတူတူ စားကြရအောင်၊ ဒီအလှတရားကို ကျွန်မတို့ရဲ့ အမှတ်တရထဲမှာပဲ ထာဝရ သိမ်းဆည်းထားကြရအောင်လေ”

ဧည့်သည်များက ပန်းကန်များကို မြှောက်ကာ နှုတ်ခွန်းဆက်ကြ၏။

“လင်ကတော်... မွေးနေ့မှာ ပျော်ရွှင်ပါစေ”

ထို့နောက် နှမြောတသစိတ်ဖြင့် ဇွန်းကိုကိုင်ကာ စတင်စားသုံးကြတော့သည်။

အခန်း (၂၆၆)

ကြာရွက်နံရိုးကောက်ညှင်းထမင်း

လင်ကတော်သည် ငွေဇွန်းလေးဖြင့် မုန့်ကို ခပ်ယူကာ ပါးစပ်ထဲသို့ ညင်သာစွာ ထည့်လိုက်၏။ ထိုခဏ၌ သူမ မျက်ဝန်းများ အံ့သြဝမ်းသာစွာ ဝိုင်းစက်သွားပြီး လောက၌ ရှားပါးလှသော ရတနာတစ်ပါးကို မြည်းစမ်းလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

သူမသည် လင်ဝမ်ယီကို ကြည့်ကာ မယုံနိုင်ဟန်ဖြင့် ပြောတော့၏။

“ဒီမုန့်က ပါးစပ်ထဲရောက်တာနဲ့တင် အရည်ပျော်သွားတာပဲ၊ အချိုအရသာကလည်း အတော်ပဲ။ ကျွန်မ တစ်သက်မှာ ဒီလောက်အရသာရှိတဲ့ မုန့်မျိုး တစ်ခါမှ မစားဖူးဘူး”

စားပွဲဝိုင်းရှိ အခြားသူများထံမှလည်း ချီးမွမ်းသံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။

အပြင်ဘက်မှ ခရင်မ် အလွှာမှာ ငှက်မွေးလေးကဲ့သို့ နူးညံ့လှပြီး လျှာပေါ်တင်ကာ စုပ်ယူလိုက်ရုံဖြင့် အသာအယာ အရည်ပျော်သွားသည်။ အတွင်းမှ ကိတ်မုန့်သားမှာလည်း နူးညံ့အိစက်ကာ အပေါက်ကလေးကြားမှ ချိုမြိန်သော ရနံ့များ ထွက်ပေါ်လာသကဲ့သို့ ခံစားရစေ၏။

ဧည့်သည်အချို့မှာ ထိုအချိုအရသာကို နှစ်သက်စွာ ခံစားရင်း မျက်လုံးများကို မှိတ်ထားမိကြသည်။ အချို့မှာ ကျေနပ်လွန်း၍ သက်ပြင်းရှည်ကြီးများ ချနေကြပြီး အချို့ကတော့ အားရပါးရ ချီးမွမ်းကြသည်။

“ဒါက ကျောက်စိမ်းရေကန်က အသီးအနှံတွေထက်တောင် သာဦးမယ်။ စားလိုက်ရတာနဲ့တင် လောကီဒုက္ခတွေကို မေ့သွားစေနိုင်တယ်”

လူတိုင်း၏ မျက်နှာတွင် စိတ်ကျေနပ်မှုနှင့် ပျော်ရွှင်မှုများ အတိုင်းသား ပေါ်လွင်နေ၏။

ယခင် ကိတ်လိပ်များက စျေးကွက်တွင် နေရာရထားသော်လည်း ယခုကိတ်မုန့်မှာ ခရင်မ်များ ပိုမိုများပြားကာ နူးညံ့လွန်းသဖြင့် လုံးဝမတူညီသော ခံစားမှုကို ပေးစွမ်းနိုင်သည်။

လင်ဝမ်ယီ ဧည့်သည်များ၏ စွဲမက်နေသော ပုံစံများကို ကြည့်ရင်း ဟွာကျွင်းကို အလွန်ပင် ကျေးဇူးတင်မိသွား၏။ သူ လက်ထဲမှ ပန်းကန်ကို ကြည့်ကာ ရင်ထဲမှ သက်ပြင်းချလိုက်မိသည်။ ကံကောင်း၍သာ သူဌေးမ ဟွာကို ယုံကြည်ပြီး မြို့တံခါးဝတွင် အချိန်နည်းနည်း ထပ်စောင့်ခဲ့ခြင်းပင်။ အကယ်၍ ဤမုန့်ကို လက်လွှတ်လိုက်ရပြီး ဇနီးသည်၏ မွေးနေ့ကို စိတ်ပျက်အောင် လုပ်မိခဲ့ပါက သူ တစ်သက်လုံး နောင်တရနေမိပေလိမ့်မည်။

ပထမဆုံး ရရှိသော အံ့အားသင့်မှုများအပြီးတွင် ဝမ်ယွီအယ်က မနာလိုဟန်ဖြင့် စကားဆိုလာတော့၏။

“ခဲအို လက်ဆောင်က ကောင်းပါတယ်။ ဒါပေမဲ့ စားစရာကို မွေးနေ့လက်ဆောင်အဖြစ် ပေးတာမျိုးတော့ ကျွန်မ တစ်ခါမှ မမြင်ဖူးဘူး။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ကုန်သွားမှာလေ။ တခြားလက်ဆောင်တွေသာ မရှိရင်တော့ မမကြီး စိတ်မကောင်း ဖြစ်ရလိမ့်မယ်”

လင်ကတော် သူမကို အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ညီမလေး စိတ်ပူစရာ မလိုပါဘူး”

သူမ လင်ဝမ်ယီဘက်သို့ လှည့်ကြည့်လိုက်သောအခါ သူမ မျက်ဝန်းများတွင် နူးညံ့သော အချစ်ရိပ်များ ပြည့်နှက်နေ၏။

“ယောကျ်ား ဒီနေ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်။ အလုပ်တွေ ဒီလောက်များနေတဲ့ ကြားက ကျွန်မ့အတွက် လက်ဆောင်ကို မမေ့မလျော့ ပြင်ဆင်ပေးခဲ့တယ်လေ။ စားစရာပဲဖြစ်ဖြစ်၊ တခြားလက်ဆောင်ပဲဖြစ်ဖြစ် ရှင့်ရဲ့ စေတနာပါရင်ပဲ ကျွန်မ မြတ်နိုးပါတယ်”

လင်ဝမ်ယီ ပြုံးလျက် ပြောလိုက်သည်။

“သခင်မ ကျေးဇူးတင်တာ စောပါသေးတယ်၊၊ နောက်ထပ် ရှိပါသေးတယ်”

လင်ကတော်က ပါးစပ်လေးကို အုပ်ကာ အံ့သြတကြီးဖြင့် ပြောလိုက်၏။

“နောက်ထပ် ရှိသေးတယ် ဟုတ်လား”

အစေခံမလေးများသည် ကြာပန်းပုံများပါသော အဖြူရောင်ပန်းကန်များကို သစ်သားလင်ဗန်းများဖြင့် တစ်သီတစ်တန်းကြီး သယ်ဆောင်လာကြ၏။ ပန်းကန်တစ်ခုချင်းစီပေါ်တွင် ပန်းရောင်ကြာပွင့်ချပ်လေး တစ်ခုစီပါရှိပြီး ၎င်းအပေါ်တွင် ကြာရွက်ဖြင့် ထုပ်ထားသော အရာတစ်ခုစီ တင်ထားသည်။

စားပွဲပေါ်တွင် ဟင်းလျာများ အများအပြား ရှိနေသော်လည်း ဤအရာကို မြင်လိုက်သည်နှင့် လူတိုင်း နောက်ထပ် ထူးခြားသော အစားအစာတစ်ခုမှန်း သိလိုက်ကြသည်။ သူတို့သည် အစေခံများကို မစောင့်တော့ဘဲ စားပွဲပေါ်တွင် နေရာလွတ်များကို အမြန်ဖယ်ပေးကြတော့သည်။

လင်ဝမ်ယီ အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်၏။ “အားလုံးပဲ ကြာရွက်ထမင်းကို မြည်းစမ်းကြည့်ကြပါဦး”

လတ်ဆတ်သော ကြာရွက်ရနံ့များ လွင့်ပျံ့လာရာ ဧည့်သည်တစ်ဦးက မေးလိုက်၏။

“ဒီကြာရွက်ထမင်းက ‘နဂါးလှေပွဲတော်’ မှာ စားတဲ့ ကောက်ညှင်းထုပ် နဲ့ တူတူဘဲလား”

လင်ဝမ်ယီ ပြုံးလျက် ဖြေလိုက်သည်။

“ကိုယ်တိုင်ပဲ မြည်းစမ်းကြည့်ကြပါ”

အမှန်တော့ သူကိုယ်တိုင်လည်း ကြာရွက်ထမင်းထဲတွင် မည်သည့် လျှို့ဝှက်ချက်များ ရှိမှန်း မသိပေ။ ပစ္စည်းများကို လက်ခံရရှိချိန်တွင် သေသေချာချာ စစ်ဆေးရန်ပင် အချိန်မရဘဲ မြင်းလှည်းပေါ် အမြန်တင်ကာ အိမ်တော်သို့ ပြန်လာခဲ့ရခြင်း ဖြစ်သည်။

ဧည့်သည်တစ်ဦး ရယ်မောလျက် ပြောတော့၏။

“အတွင်းဝန်လင်မှာ ဒီလောက်အထိ ထက်မြက်တဲ့ ဦးနှောက် ရှိလိမ့်မယ်လို့ မထင်ထားဘူး၊၊ အံ့အားသင့်စရာတွေက တစ်ခုပြီးတစ်ခုပဲ”

ဧည့်သည်များ ပျော်ရွှင်စွာ စကားပြောဆိုရင်း ကြာရွက်ထုပ်များကို မစောင့်နိုင်တော့ဘဲ စတင်ဖြေလိုက်ကြသည်။ လင်ဝမ်ယီက လင်ကတော်၏ လက်ကို တားလိုက်ပြီး ပြောလိုက်၏။

“သခင်မ... ဒီနေ့က ထူးခြားတဲ့နေ့မို့လို့ ကိုယ်ပဲ လုပ်ပေးပါ့မယ်”

သူသည် ဇနီးသည်အတွက် ကြာရွက်အလွှာနှစ်ခုကို ဖြေပေးလိုက်သောအခါ အတွင်းမှ ထမင်းမှာ ပေါ်ထွက်လာတော့သည်။ ဆော့စ်အရောင် သန်းနေသော ကောက်ညှင်းထမင်းစေ့များမှာ ပြောင်လက်တောက်ပနေပြီး နံရိုးများနှင့် ရောယှက်ကာ အငွေ့တထောင်းထောင်း ထနေသည်မှာ တကယ့်ကို သွားရည်ကျစရာပင်။

“ကောက်ညှင်းထုပ်နဲ့ တူပေမဲ့ ထဲမှာ နံရိုးတွေ ပါတာပဲ”

လင်ကတော် အံ့သြတကြီး ပြော၏။။ သူမ သေသေချာချာ နမ်းကြည့်ပြီး ဆက်ပြောသည်။

“မှိုအနံ့လေးလည်း ပါသေးတယ်”

ထိုသို့ ဆိုကာ ဇွန်းဖြင့် တစ်ဇွန်း ခပ်ယူ၍ ပါးစပ်ထဲ ထည့်လိုက်၏။

“အနံ့ အရမ်းမွှေးပြီး အရသာကလည်း တကယ့်ကို ထူးကဲတာပဲ...”

သူမသည် လင်ဝမ်ယီကို ကြည့်ကာ ပြောလိုက်သည်။ “ရှင်လည်း မြည်းကြည့်ပါဦး”

လင်ဝမ်ယီကလည်း ငုံ့၍ မြည်းစမ်းကြည့်လိုက်၏။ ကောက်ညှင်းဆန်နှင့် ရိုးရိုးဆန်တို့ ပေါင်းစပ်ထားသော အရသာမှာ နူးညံ့သော်လည်း ဝါး၍ကောင်းလှပြီး ထမင်းစေ့တိုင်းတွင် နံရိုး၏ အသားနံ့နှင့် ကြာရွက်နံ့များ စိမ့်ဝင်နေသည်။ ဤအနံ့က လင်ကတော်နှင့် သူ စတင်တွေ့ဆုံခဲ့စဉ်က ကြာကန်ဘေးမှ မြင်ကွင်းကို သတိရသွားစေ၏။

ထိုနှစ်က ကြာကန်ဘေးတွင် သူသည် ဝမ်တွန်များ စားနေစဉ် ကြာပန်းများကို ငေးကြည့်နေသော မိန်းမငယ်တစ်ဦးကို မြင်တွေ့ခဲ့ရသည်။ တစ်ချက်ကလေး ကြည့်လိုက်ရုံဖြင့် သူသည် အကြည့်မလွှဲနိုင်အောင် ဖြစ်ခဲ့ရ၏။ လေအဝှေ့တွင် သူမ လက်ကိုင်ပဝါမှာ ကြာရွက်များကြားသို့ လွင့်ပါသွားခဲ့သည်။

မိန်းမငယ်လေးမှာ သူမ၏ လက်ကိုင်ပဝါကို ပြန်ရရန် ကြိုးစားသော်လည်း အလှမ်းဝေးလွန်းနေသည်။ ထိုစဉ် လင်ဝမ်ယီသည် ဝမ်တွန်ကို မြိုချကာ ဆိုင်ရှင်၏ ဝါးလုံးကို ယူ၍ ကြာကန်ထဲမှ လက်ကိုင်ပဝါကို ဆယ်ပေးခဲ့၏။ ထိုစဉ်ကလည်း ယနေ့ကဲ့သို့ပင် ကြာရွက်ရနံ့များမှာ သူ၏ ပတ်ဝန်းကျင်၌ လွင့်ပျံ့နေခဲ့သည်။

“သူဌေးမ ဟွာကျွင်းရဲ့ မုန့်ဆိုင်က စားစရာတွေ ထူးခြားတယ်လို့ ကြားဖူးတယ်။ ဒီနေ့ မြည်းကြည့်ရတာတော့ တကယ်ကို ဟုတ်တာပဲ”

စားသောက်ပြီးနောက် လူတိုင်း ပေါ့ပေါ့ပါးပါး စကားပြောလာကြသည်။ လင်ဝမ်ယီကလည်း ပြုံးလျက် ပြော၏။

“သူဌေးမဟွာက တစ်ရက်အတွင်းမှာပဲ ဒီလောက် လက်ရာမြောက်တဲ့ ကိတ်မုန့်နဲ့ ကြာရွက်ထမင်းတွေကို ကျွန်တော့်ရဲ့ တောင်းဆိုချက်အတိုင်း ပြင်ဆင်ပေးခဲ့တာ။ တကယ့်ကို ထူးချွန်တဲ့သူပါ”

လူတိုင်း ထောက်ခံကြ၏။

“အတွင်းဝန်လင်လည်း မနည်းကြိုးစားခဲ့ရမှာပဲ။ မုန့်ဆိုင်က ညဘက်ပဲ ဖွင့်တယ်လို့ ကြားဖူးတယ်။ ခင်ဗျား တကယ့်ကို စေတနာပါတာပဲ”

ထိုအခါမှ လင်ဝမ်ယီသည် သူဌေးမဟွာ သူ့ကို လိမ်ညာရန် ရည်ရွယ်ခဲ့ခြင်း မဟုတ်ဘဲ မုန့်ဆိုင်၏ စည်းမျဉ်းသာ ဖြစ်ကြောင်း နားလည်သွားတော့သည်။

“ကြားကြပြီးပြီလား၊ လွန်ခဲ့တဲ့ရက်ပိုင်းက လူတွေအလုအယက် ဝယ်နေကြတဲ့ မွှေးရနံနှင်းစက်ကလည်း သူဌေးမဟွာဆီကပဲ လာတာတဲ့”

ထိုစကားကြောင့် ဝိုင်းရှိ အမျိုးသမီးများ အားလုံး စိတ်လှုပ်ရှားသွားကြသည်။

“ကျွန်မလည်း သွားသေးတယ်။ ဆိုင်ရှေ့မှာ လူတန်းကြီးက အရမ်းရှည်တာပဲ၊ ဝယ်လို့တောင် မရခဲ့ဘူး”

နောက်တစ်ဦးကလည်း ဝင်ပြော၏။

“ရှင် ဘာလို့ သွားတိုးနေတာလဲ။ ဝေမြို့စားကတော်ရဲ့ အစေခံတွေတောင် ဖျာတွေခင်းပြီး တစ်ညလုံး စောင့်ခဲ့ရတာ။ ဘယ်လိုလုပ် အမီလိုက်နိုင်မလဲ”

သူမလက်ဝါးချင်း ပွတ်ရင်း မနာလိုဟန်ဖြင့် ပြောတော့သည်။

“ကျွန်မတော့ တစ်ခါလောက်ပဲ မြင်ဖူးချင်တယ်၊၊ အဲဒီ မွှေးရနံနှင်းစက်ရဲ့ ရနံ့က ခြောက်ရက်တောင် ခံတယ်ဆိုပဲ”

လင်ကတော် ပြုံးလျက် ပြောလိုက်သည်။

“ကျွန်မတို့အလှည့် ဘယ်ရောက်ပါ့မလဲ။ နန်းတော်ထဲက မိဖုရားတွေနဲ့ ကိုယ်လုပ်တော်တွေတောင် တစ်ယောက်တစ်ပုလင်းစီ မရကြဘူး။ ကြားရတာတော့ ကိုယ်လုပ်တော်ရှူးနဲ့ အလှမယ်ဝမ်က ပုလင်းတစ်ပုလင်းတည်းကိုတောင် မျှသုံးခဲ့ရတယ်တဲ့”

လင်ဝမ်ယီသည် အံ့သြသွားပြီး လင်ကတော်ကို တို့ကာ ခေါ်လိုက်၏။

“သခင်မ”

လင်ကတော်က ဇဝေဇဝါဖြင့် မေးလိုက်သည်။

“ဘာဖြစ်လို့လဲ ယောကျ်ားရဲ့”

လင်ဝမ်ယီသည် သူ့ရင်ဘတ်အိတ်ကပ်ထဲမှ ပုလင်းလေးတစ်လုံးကို ဖြည်းညင်းစွာ ထုတ်လိုက်သည်။

“သခင်မတို့ ပြောနေတဲ့ မွှေးရနံနှင်းစက်ဆိုတာ... ဒါကို ပြောတာလား”

လင်ကတော်သည် ထိုပုလင်းလေးကို ကြည့်ကာ စကားပင် မပြောနိုင်တော့ပေ။

“အာ”

သူမသည် မွေးနေ့ရှင် သိက္ခာကိုပင် မငဲ့နိုင်တော့ အော်ဟစ်လိုက်မိ၏။

“ဒါ... ဒါက မွှေးရနံနှင်းစက်ပဲ”

ပန်းရောင်ပုလင်းလေးမှာ ရောင်စုံအလင်းတန်းများ ဖြာထွက်နေပြီး လေပြည်နှင့်တွေ့ဆုံခြင်းစာလုံးများ၊ ဖင်းရှန့်ဆိုင် အမှတ်တံဆိပ်နှင့် ဟွာကျွင်းဟူသော စာလုံး(၂)လုံးလည်း ပါရှိသည်။

သူမ ရေမွှေးပုလင်းကို သူ့လက်ထဲမှ ဆွဲယူကာ အဖုံးကိုဖွင့်၍ အားရပါးရ နမ်းရှိုက်လိုက်၏။

“တကယ်ပဲ မွှေးရနံနှင်းစက်ပဲ “

“တကယ်ကြီးလား၊ ကျွန်မကို ပြဦး”

စားပွဲရှိ အမျိုးသမီးများမှာ လင်ဝမ်ယီကို ထိုင်ခုံပေါ်မှ တွန်းချကာ အလုအယက် ဝိုင်းကြည့်ကြတော့သည်။

ဝမ်ယွီအယ်၏ အသံမှာ စူးရှနေ၏။

“တကယ်ကို မွှေးတာပဲ၊ ဒါပေမဲ့”

သူမ ဇဝေဇဝါဖြင့် မေးလိုက်၏။

“အဲဒီ မွှေးရနံနှင်းစက်သုံးမျိုးက စားစရာနံ့တွေ ထွက်တယ်လို့ ပြောကြတယ် မဟုတ်လား၊ ဒါက ဘာလို့ ကြာပန်းနံ့ ထွက်နေတာလဲ”

သူမ လင်ဝမ်ယီဘက်သို့ လှည့်ကာ မေးလိုက်သည်။

“ခဲအို ရှင် တစ်ခုခု မှားနေတာလား”

All Chapters