← Chapters

အခန်း (၂၆၇-၂၆၈)

Vol. 27 Ch. 267-268

အခန်း (၂၆၇-၂၆၈)

Vol. 27 Ch. 267-268

အခန်း (၂၆၇)

ကြာပန်းအိပ်မက်များ

“ဟုတ်တာပေါ့။ မွှေးရနံ့နှင်းစက် သုံးမျိုးရဲ့ နာမည်တွေကိုတောင် ကျွန်မ မှတ်မိသေးတယ်”

အမျိုးသမီးတစ်ဦး ပြောလိုက်သည်။

“နှလုံးသားနွေးနွေး၊ ပျားရည်ပြင်းပြင်း၊ ပြီးတော့... ပြီးတော့ ရင်ခုန်သံ ဘာဆိုလားပဲ”

ဝမ်ယွီအယ် မေးလိုက်၏။

“ဒါဆို ဒီပုလင်းကိုကော ဘယ်လိုရှင်းပြမလဲ”

အားလုံးက ခေါင်းလှည့်ကြည့်လိုက်ရာ ထောင့်တစ်နေရာ၌ ရှိနေသော လင်ဝမ်ယီကို တွေ့သွားကြသည်။

“အတွင်းဝန်လင် မြန်မြန်ပြောပါဦး။ ဒီမွှေးရနံ့နှင်းစက်က ဘယ်ကရတာလဲ”

“ခဲအို... အခြေအနေ ဘယ်လိုမျိုးလဲ”

လင်ဝမ်ယီ ထရပ်ကာ အင်္ကျီကို သပ်ရပ်အောင် ပြင်လိုက်ပြီး ညည်းတွားလိုက်သည်။

“ခင်ဗျားတို့အားလုံးက စကားတောင် မပြောရသေးဘူး။ ကျွန်တော့်ကို ဘေးတွန်းပို့ထားကြပြီး အခုမှ သတိရလာကြတယ်ပေါ့”

“မနေ့က ကျွန်တော် သူဌေးမ ဟွာကို ပြောခဲ့တယ်၊၊ ကျွန်တော့်သခင်မက ကြာပန်းကို အမြတ်နိုးဆုံးပဲလို့။ သူဌေးမ ဟွာကလည်း သခင်မကို သေချာပေါက် ကျေနပ်စေရမယ်လို့ ပြောခဲ့တာ”

“ကျွန်တော်တို့က စျေးနှုန်းကို သဘောတူပြီးသားပါ။ ဒါပေမဲ့ ဘယ်သူသိမှာလဲ။ ဒီနေ့ မုန့်ဆိုင်က အလုပ်သမားက ဒီစားစရာတွေကို မြင်းလှည်းပေါ် လာတင်ပေးပြီးတော့ ဒီ... ဒီ... ဒါကြီးကို ထည့်ပေးလိုက်တာ”

“မွှေးရနံ့နှင်းစက်လေ၊ မြန်မြန်ပြောစမ်းပါ”

လင်ကတော်က စကားမဆက်နိုင်သော ခင်ပွန်းဖြစ်သူကို ကူညီပြောပေးလိုက်သည်။

“ဟုတ်တယ်... မွှေးရနံ့နှင်းစက်... သူက ဒါကို ကျွန်တော့်လက်ထဲ အတင်းထည့်ပေးပြီး ငွေတေး (၁၂၀) တောင်းတယ်”

သူ ဆက်ပြော၏။

“အဲဒီအလုပ်သမားက ကျွန်တော့်ဆီက ငွေညှစ်နေတာလို့ ထင်မိတာ။ ဒါကို သူဌေးမဟွာဆီက ဖုံးကွယ်ပြီး ငွေအမြတ်ထုတ်နေတာလို့။ သခင်မအတွက် မွေးနေ့လက်ဆောင် ဖြစ်နေလိမ့်မယ်လို့ ကျွန်တော် မထင်ထားဘူး”

သူ ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။

“စစ်သူကြီးလုက အဘွားလု မွေးနေ့ပွဲ တစ်ခုလုံးကို သူဌေးမဟွာဆီ ဘာလို့ စိတ်ချလက်ချ အပ်နှံခဲ့တာလဲဆိုတာ မဆန်းပါဘူး၊၊ သူ အစအဆုံး သေချာ ကိုင်တွယ်နိုင်တာပဲ”

“ဒါဆို ဒါက နောက်ဆုံးထွက် မော်ဒယ်လား”

“နာမည်တွေလည်း ရိုက်နှိပ်ထားတာပဲ။ ဘယ်လိုလုပ် အတုဖြစ်နိုင်မှာလဲ။ သွားစုံစမ်းကြည့်လိုက်။ ဘယ်ရေမွှေးဆိုင်က ဒီလို မွှေးရနံ့နှင်းစက်မျိုး လုပ်နိုင်လို့လဲ”

ဝမ်ယွီအယ်က လင်ကတော်ကို ချော့မော့၍ ပြောလိုက်၏။

“မမကြီး ကျွန်မကို နှစ်စက်လောက်ပဲ ဆွတ်ပေးပါလား”

“မရပါဘူး”

လင်ကတော်က တိုက်ရိုက်ပင် ငြင်းဆိုလိုက်သည်။

“ဒါက ရှင့်ခဲအို ကျွန်မ့အတွက် ပေးတဲ့ မွေးနေ့လက်ဆောင်လေ။ ဘယ်လောက်တောင် အဖိုးတန်သလဲ”

“လင်ကတော်... အဲဒီအစား လက်ကိုင်ပဝါပေါ် ဆွတ်ပြီး ကျွန်မတို့ကို နမ်းကြည့်ခွင့်ပေးပါလား။ ဒီမွှေးရနံ့နှင်းစက်က တကယ်ပဲ ဘယ်လောက်ထိ ထူးခြားသလဲဆိုတာ သိချင်လို့ပါ”

လင်ကတော်ကိုယ်တိုင်လည်း စူးစမ်းချင်နေ၏။

သူမ ခေါင်းညိတ်ကာ လက်ကိုင်ပဝါကို ထုတ်လိုက်ပြီး ၎င်းအပေါ်သို့ ဂရုတစိုက် နှစ်စက် ချလိုက်သည်။

အမှန်တကယ်ကို လတ်ဆတ်သော ကြာပန်းရနံ့ပင်။ အားရပါးရ နမ်းရှိုက်ကာ မျက်လုံးမှိတ်ထားလိုက်လျှင် ကြာကန်ကြီး၏ အလယ်သို့ ရောက်နေသကဲ့သို့ ခံစားရစေသည်။

သူမ ဘေးက အမျိုးသမီးထံ လက်ကိုင်ပဝါကို ကမ်းပေးလိုက်ပြီး ပြောလိုက်၏။

“ဒါက တကယ်ကို အဖိုးတန်တာမို့လို့ အားလုံး နမ်းကြည့်နိုင်အောင် တစ်ယောက်တစ်လှည့်ပဲ ပေးနိုင်ပါမယ်”

“တကယ်မွှေးတာပဲ။ ကျွန်မခေါင်းပေါ်က ပင်လုံးကြိုင် ဆီထက်တောင် ပိုမွှေးသေးတယ်”

“ဆီတစ်စက်မှ မပါဘူး၊၊ တကယ့်ကို ရေလိုပဲ။ ဒါပေမဲ့ ရနံ့ကတော့ နံ့သာဆီတွေထက် လုံးဝမနိမ့်ဘူး”

“ထူးဆန်းလိုက်တာ၊ အရင်က ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး”

နောက်ဆုံးတွင် ဝမ်ယွီအယ်၏ လက်ထဲသို့ ရောက်သွား၏။ အားလုံး စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြစဉ် သူမက လက်ကိုင်ပဝါကို ယူကာ မျက်နှာပေါ်သို့ အားရပါးရ အကြိမ်ကြိမ် ပွတ်ဆွဲလိုက်သဖြင့် မျက်နှာကြီးပင် နီမြန်းသွားတော့သည်။

ဤမွေးနေ့ပွဲသည် အံ့အားသင့်စရာများနှင့် စိတ်လှုပ်ရှားစရာများ ပြည့်နှက်နေသည်။ ဧည့်သည်များ လင်အိမ်တော်မှ ထွက်ခွာသွားကြသောအခါ လှပသော အိပ်မက်တစ်ခုမှ နိုးထလာသကဲ့သို့ ခံစားနေကြရသည်။

ထိုညတွင် သူတို့ အိပ်ပျော်သွားသောအခါ အိပ်မက်များထဲတွင် ကြာပန်းရနံ့များနှင့် လှုပ်ခတ်နေသော ကြာရိပ်များဖြင့် ပြည့်နှက်နေတော့သည်။

မော့ချွမ်းသည် ဆိုင်ကယ်ကို လျှပ်စီးကဲ့သို့ အရှိန်ဖြင့် မောင်းနှင်ကာ မုန့်ဆိုင်အပြင်ဘက် တောအုပ်ဆီသို့ ပြန်ရောက်လာပြီး ဆိုင်ကယ်နောက်မြီးကို ဝှေ့ယမ်းကာ စတိုင်ကျကျ ရပ်လိုက်သည်။

သူသည် ဦးထုပ်ကို ချွတ်ကာ ဆံပင်အရှည်များကို ခါလိုက်ပြီး ခြေထောက်ကို လွှဲကာ ဆိုင်ကယ်ပေါ်မှ ဆင်းလိုက်၏။

ထို့နောက် သူမြတ်နိုးသော ဆိုင်ကယ်ကို အဝတ်နက်ဖြင့် အုပ်လိုက်ပြီး ရှေ့သို့ ကိုင်းကာ လေးလံသော ဆိုင်ကယ်ကို အားစိုက်တွန်းနေသည်မှာ ကြည့်ရသည်မှာ ကယောက်ကယက်နှင့် ရယ်စရာကောင်းနေသည်။

ဆိုင်ကယ်ကို ဆိုင်အပြင်ဘက်တွင် ရပ်ပြီးနောက် သူ ဟွာကျွင်းကို ပြောလိုက်၏။

“ခင်ဗျားကို စိတ်မပျက်စေခဲ့ဘူး”

ဟွာကျွင်း ချီးကျူးလိုက်သည်။

“ရှင့်ရဲ့ အရှိန်က ပိုပိုမြန်လာတာပဲ”

ထို့နောက် သူမ အနည်းငယ် နှမြောတသဟန်ဖြင့် ဆက်ပြော၏။

“ကျွန်မ မသွားနိုင်တာ နှမြောစရာပဲ၊ လင်ကတော်ကော ကျေနပ်ရဲ့လား မသိဘူး”

“သူ ဘယ်လိုလုပ် မကျေနပ်ဘဲ နေမှာလဲ၊၊ သူတို့ ဒီလိုကောင်းတဲ့ အရာတွေကို တစ်ခါမှ မမြင်ဖူးကြတာ။ အထူးသဖြင့် အဲဒီရေမွှေးကတော့”

ထိုအကြောင်းကို တွေးမိရင်း သူ ရုတ်တရက် ရယ်မောလိုက်သည်။

“ကျွန်တော် အတွင်းဝန်လင်ကို ရေမွှေးပေးလိုက်တဲ့အချိန်မှာ သူက ဒါဘာလဲဆိုတာတောင် သိပုံမရဘူး။ ကျွန်တော် သူ့ကို ဓားပြတိုက်နေတယ်လို့ ထင်နေတဲ့ အကြည့်နဲ့ ကြည့်နေတာ။ တကယ်ကို ရယ်ရတယ်”

ထိုအချိန်တွင် ဇာမျက်နှာလွှား ဦးထုပ်ဆောင်းထားသော အမျိုးသမီးတစ်ဦး ဝင်လာသည်။ သူမ၏ သွယ်လျသော လက်ကလေးဖြင့် မျက်နှာဖုံးအဝတ်ဖြူကို မလိုက်သောအခါ ကျောက်လုအာ၏ တောက်ပသော မျက်နှာလေး ပေါ်လာသည်။

“ဘာတွေ ပြောနေကြတာလဲ၊ ဘယ်ရေမွှေးလဲ”

သူမ စပ်စုကာ မေးလိုက်သည်။

ဟွာကျွင်း ပြုံး၍ နှုတ်ဆက်လိုက်၏။

“ညီမလေး အချိန်ကိုက် ရောက်လာတာပဲ၊ မြန်မြန်ထိုင်။ ကျွန်မတို့ စောစောက ရောင်းလိုက်တဲ့ မွှေးရနံ့နှင်းစက်တွေအကြောင်း ပြောနေတာ”

ကျောက်လုအာ၏ မျက်လုံးလေးများ ဝိုင်းသွားသည်။ “ဘာမွှေးရနံ့နှင်းစက်လဲ။ ကျွန်မ လုံးဝ မသိလိုက်ပါလား။ ဘယ်လောက်တောင် လက်လွတ်လိုက်ရသလဲ”

သူမ၏ လေသံမှာ နောင်တများဖြင့် ပြည့်နေ၏။

သူမကဲ့သို့ ငယ်ရွယ်သူတစ်ဦး ရွာငယ်လေးတွင် ပုန်းအောင်းနေရသည်ကို မြင်ရသဖြင့် ဟွာကျွင်းက သနားမိသည်။

“ဒီမှာနေရတာ ပျင်းနေပြီလား”

ကျောက်လုအာ ဦးထုပ်ကို ချွတ်လိုက်ပြီး ချိုသာစွာ ပြုံးပြသည်။

“လုံးဝ မပျင်းပါဘူး။ မနက်ဆိုရင် မူလတန်းကျောင်းကို သွားပြီး ကျိုင်ကတော်ဆီမှာ ပန်းချီသင်တယ်၊၊ ညနေဆိုရင် လီနျန်နဲ့အတူ ပန်းထိုးလုပ်ငန်းမှာ ပန်းထိုးပုံစံတွေ သွားရွေးတယ်။ အိမ်တော်မှာ နေရတာထက် အများကြီး ပိုစိတ်ဝင်စားဖို့ ကောင်းပါတယ်”

သူမ နှုတ်ခမ်းလေးစူကာ ဆက်ပြော၏။

“အဲဒီမှာရှိတဲ့ ရေမွှေးတွေနဲ့ ပေါင်ဒါမှုန့်တွေက အနံ့တွေ အရမ်းပြင်းလွန်းတယ်။ နမ်းမိတာ ကြာရင် ခေါင်းတောင် ကိုက်တယ်”

ဟွာကျွင်း ခေါင်းညိတ်ကာ သူမ၏ နောက်ရှိ သေတ္တာထဲမှ တစ်ခုခုကို ရှာဖွေရင်း ပြောလိုက်သည်။

“ညီမလေးက အနံ့ပြင်းတာ မကြိုက်ဘူးဆိုတော့ လတ်ဆတ်ပြီး သဘာဝကျတဲ့ အနံ့မျိုးကို ကြိုက်မှာပေါ့”

သူမ ဖန်ပုလင်းလေးတစ်လုံးကို မြှောက်ပြလိုက်သည်။ “ဒါလေး ဒီထဲမှာ လိမ္မော်ပွင့်၊ စံပယ်ပန်းနဲ့ သစ်ခွနံ့တွေ ပါတယ်။ အနံ့က သခင်မလေးတစ်ယောက်လိုမျိုးပဲ။ ညီမလေးနဲ့ သင့်တော်တယ်။ ကြိုက်ရဲ့လား”

မည်သည့် မိန်းကလေးက လှပသောအရာများကို မနှစ်သက်ဘဲ နေမည်နည်း။ သူမ မျက်လုံးများမှာ အံ့သြဝမ်းသာမှုကြောင့် တောက်ပသွားသည်။

“ဒါက ကျွန်မအတွက်လား”

ဟွာကျွင်း ခေါင်းညိတ်ပြသည်ကို မြင်သောအခါ ကျောက်လုအာက ရေမွှေးကို ပျော်ရွှင်စွာ ယူလိုက်ပြီး ဘေးသို့ သွားကာ သေသေချာချာ နမ်းကြည့်နေတော့သည်။

“ချီရှီး ပွဲတော် ရောက်တော့မယ်”

ဟွာကျွင်း၏ ခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာ၏။

“ဒီရေမွှေးတွေကို အားလုံးအတွက် ပွဲတော်လက်ဆောင်အဖြစ် ပေးကြရအောင်”

သူမ ပြောပြောဆိုဆိုနှင့် ဟွာရှန့်ကို အားလုံးကို ခေါ်ခိုင်းလိုက်သည်။

မကြာမီ လူအားလုံး စုံလင်သွားသည်။ ဟွာကျွင်း ရေမွှေးများကို စားပွဲပေါ်တွင် တင်လိုက်ပြီး ရတနာများသဖွယ် စာရင်းထုတ်ပြ၏။

“ဒါလေးကတော့ စပျစ်စိမ်း ဂျယ်လီ။ မိန်းကလေးဆန်တဲ့ အနံ့လေးပဲ၊ ဟွာရှန့် အတွက်”

ဟွာရှန့် ခုန်ပေါက်ကာ ရောက်လာပြီး ချိုသာစွာ ကျေးဇူးတင်စကား ဆိုသည်။

ဟွာကျွင်း လီနျန်ကို မေးလိုက်၏။

“လီနျန် ရှင် ဘယ်လိုအနံ့မျိုး ကြိုက်လဲ”

လီနျန်က ညင်သာစွာ ပြန်ဖြေသည်။

“ကျွန်မ ရွေးလို့ရမယ်ဆိုရင်တော့ စံပယ်ပန်းရနံ့ကို ကြိုက်ပါတယ်”

“ဒါလေးကတော့ မိုးဖွဲ့စံပယ် ကျန်းနန်ဒေသက မိုးဖွဲဖွဲလေးတွေကျနေတဲ့ ခံစားချက်မျိုး ပေးတယ်၊၊ ရှင်နဲ့ ကွက်တိပဲ”

လီနျန် ရေမွှေးကို လက်နှစ်ဖက်ဖြင့် ယူလိုက်ပြီး မျက်နှာတွင် အပြုံးများ ဝေဆာသွားသည်။

ဟွာကျွင်း အားမန်ကို ကြည့်ကာ ပြောလိုက်၏။

“အားမန် ရှင်နဲ့ အလိုက်ဖက်ဆုံးလို့ ကျွန်မ ထင်တဲ့ တစ်ဘူးကို ရွေးပေးမယ်”

သူမက ပုလင်းများထဲမှ ပန်းမျိုးစုံ ထွင်းထုထားသော ပုလင်းတစ်လုံးကို ထုတ်လိုက်သည်။

“ဒါကတော့ ပန်းတို့ ရှက်သွေး။ ချိုမြိန်တဲ့ ပန်းရနံ့လေးပါ။ အစပိုင်းမှာ သလဲသီးနဲ့ လိမ္မော်နံ့၊ အလယ်မှာ ပန်းသီးနဲ့ နှင်းဆီနံ့၊ နောက်ဆုံးမှာတော့ စံပယ်နဲ့ ခရမ်းပြာပန်းနံ့တွေ ပါတယ်။ ကျွန်မ ဒါကို ပထမဆုံး နမ်းကြည့်တုန်းက ရှင်နဲ့ သင့်တော်မယ်လို့ ခံစားခဲ့ရတယ်”

အားမန်၏ နှုတ်ခမ်းများ ကွေးညွတ်သွားကာ ဟွာကျွင်းကို တိတ်တဆိတ် ကျေးဇူးတင်လိုက်သည်။

ထို့နောက် ဟွာကျွင်း ကျိုင်ကတော်ကို မေး၏။

“ကျိုင်ကတော် ရှင် ဘယ်လိုအနံ့မျိုး ကြိုက်လဲ”

“သူဌေးမဟွာပဲ ရွေးပေးပါ၊ သူဌေးမ သဘောအတိုင်းပါပဲ”

“ဒါဆိုရင်တော့ ဒီ ဆူးနှင်းဆီပန်းပဲ။ အနံ့က ရိုးရှင်းပေမဲ့ ခန့်ညားတယ်။ ကျိုင်ကတော်ရဲ့ ပင်ကိုယ်ဟန်နဲ့ ကွက်တိပဲ”

ဟွာကျွင်း ဆက်မေး၏။

“ဒေါ်လေးပန်း ရှင်ရော ဘယ်လိုအနံ့မျိုး ကြိုက်လဲ”

ဒေါ်လေးပန်းက မျက်လုံးလေးများ ပိတ်သွားသည်အထိ ပြုံးလျက် ပြောလိုက်သည်။

“ကျွန်မလည်း ရတာလား။ ဟဲဟဲ သူဌေးမဟွာ ပေးတာမှန်သမျှ အကုန်ယူမှာပေါ့”

“ဒါဆို ရှင့်အတွက် ဒိုးဗီးလ်ကို ရွေးပေးမယ်၊ မြက်ခင်းနံ့လေးပေါ့၊ ရှင်လို ပွင့်လင်းတဲ့သူနဲ့ အလိုက်ဖက်ဆုံးပဲ”

“အိုး ဒါ ကောင်းတယ်။ ဒါကိုပဲ ယူမယ်”

ဟွာကျွင်း

“အဘွားကျန်းကော”

အဘွားကျန်း လက်ကာပြကာ ပြောလိုက်၏။

“ငါတော့ မလိုပါဘူး၊ ဆံပင်လိမ်းတဲ့ ပင်လုံးကြိုင်ဆီမွှေးက တော်တော်ကောင်းနေပါပြီ”

ဟွာကျွင်း

“အားလုံး ရတာပဲ၊ အဘွားလည်း ယူရမယ်။ ဒီပုလင်းက

လေးလမြောက်ပင်လုံးကြိုင်လို့ခေါ်တယ်။ ပင်လုံးကြိုပန်းရနံ့လေးပါ”

နောက်ဆုံးတွင် အံ့ဖွယ်အလင်းကို ကျန်းကျန်း၊ ဘာလင်မိန်းကလေးကို ကျူးကျူးနှင့် အိပ်မက် ဇီဇဝါကိုတော့ မနက်ဖြန် ရှို့ယွန်းအတွက် သိမ်းထားလိုက်သည်။

နမူနာပုလင်းလေးများကို အချိုးကျ ခွဲဝေပေးလိုက်ရာ လူတိုင်း ပျော်ရွှင်သွားကြ၏။

အခန်း (၂၆၈)

ဘုရားပေးသော အခွင့်အရေး

နောက်ဆုံးတွင် အတိုင်ပင်ခံကျန်း သတင်းပါးလာသည်။ သူသည် ထိုနေ့ညနေတွင် လူတစ်ယောက်ကို ခေါ်ဆောင်ကာ လုမင်လီနှင့် လာရောက်တွေ့ဆုံမည် ဖြစ်သည်။

တွေ့ဆုံမည့်နေရာကို ဟွာကျွင်းမုန့်ဆိုင်တွင် စီစဉ်ထားခဲ့သည်။

ဟွာကျွင်းသည် ထိုလူ မြို့တော်မှလာသူဖြစ်ကြောင်း ကြားသိရသောအခါ အစားအသောက်အတွက် မုန့်ဆိုင်၏ အထူးအဆန်းများဖြစ်သည့် ကြိုတင်ပြင်ဆင်ထားသော ဟင်းလျာများကိုသာ ထုတ်ပြရမည်ဟု တွေးလိုက်၏။

မည်သို့ပင်ဆိုစေ သူတို့သည် အလုပ်ကိစ္စ ဆွေးနွေးနေစဉ်အတွင်း အစားအသောက်ကို အများကြီး စားကြမည်မဟုတ်ရာ အလွန်အကျွံ ပြင်ဆင်နေပါက အလဟဿ ဖြစ်သွားပေလိမ့်မည်။

ဟွာကျွင်းနှင့် အားမန်တို့ တိုင်ပင်ကြပြီးနောက် ကြက်သား၊ ဘဲသား၊ ငါးနှင့် အသားဟင်းလျာ အပါအဝင် ဟင်းပွဲအချို့ကို ပြင်ဆင်ရန် ဆုံးဖြတ်လိုက်ကြသည်။

မှောင်ရီပျိုးစအချိန်တွင် အတိုင်ပင်ခံကျန်းသည် သူ့လူနှင့်အတူ အချိန်မှန် ရောက်ရှိလာခဲ့သည်။ လုမင်လီသည်လည်း မကြာမီမှာပင် ရောက်လာခဲ့တော့၏။

ရောက်လာသောလူသည် မျက်နှာ၏ အထက်ဝက်ကို ဖုံးကွယ်ထားသော မျက်နှာဖုံးကို တပ်ဆင်ထားရာ လုမင်လီ မကျေမနပ်ဖြစ်နေသော မျက်နှာထားဖြင့် မေးလိုက်၏။

“ဘာလဲ။ အထက်လူကြီးတွေက အခုထိ မျက်နှာမပြရဲကြသေးဘူးလား”

ထိုလူက သူ့ဓားကို စားပွဲပေါ်သို့ တင်လိုက်ပြီး တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။

“စစ်သူကြီးလု စိတ်ချပါ၊ ကျွန်တော်က အထက်လူကြီးတွေရဲ့ ဆန္ဒကို အပြည့်အဝ ကိုယ်စားပြုနိုင်ပါတယ်”

လုမင်လီ သက်ပြင်းချကာ ထိုင်လိုက်ပြီး ပြော၏။ “ကောင်းပြီလေ၊ မင်းတို့ရဲ့ အစီအစဉ်ကို ပြောစမ်းပါဦး”

“စစ်သူကြီးလုအနေနဲ့ ဒီနေရာမှာ ကိုယ့်စစ်တပ်ကို စုစည်းပြီး ပုန်ကန်ထကြွဖို့ပဲ လိုပါတယ်။ စစ်တပ်က စစ်တံခါးကို ဖြတ်ကျော်ဝင်ရောက်လာပြီး စစ်သူကြီးရဲ့လူတွေနဲ့ ပူးပေါင်းမိတာနဲ့ မြို့တော်ကို အတူတူ တိုက်ခိုက်ကြမှာပါ”

လုမင်လီ လှောင်ရယ် ရယ်လိုက်သည်။

“ဒါပဲလား၊ မင်းတို့ ဘယ်လောက်အထိ ယုံကြည်ချက် ရှိလို့လဲ”

“မြို့တော်ရဲ့ ခံစစ်ပြင်ဆင်မှုတွေကို စီစဉ်ထားပြီးပါပြီ။ စစ်သူကြီး နန်းတော်ထဲကို အတင်းဝင်ရောက်နိုင်တာနဲ့ တပြိုင်နက် တစ်စုံတစ်ယောက်က ခင်ဗျားကို လာရောက်ကြိုဆိုပါလိမ့်မယ်”

သူ ဆက်ပြောသည်။

“စစ်သူကြီးလု... ဒီအစီအစဉ်က လျင်မြန်တဲ့ အောင်ပွဲ လိုအပ်တယ်၊ မြန်နိုင်သမျှ မြန်လေ ပိုကောင်းလေပဲ”

လုမင်လီ ခေါင်းခါလိုက်၏။

“ဒါက ထောင်ချောက်တစ်ခု မဟုတ်မှန်း ငါဘယ်လိုသိမလဲ။ ငါ မင်းတို့ရဲ့ အထက်လူကြီးကို တွေ့ချင်တယ်”

ထိုလူက စားပွဲကို ရိုက်လိုက်သည်။

“လုံးဝ မဖြစ်နိုင်ဘူး။ အဲဒီအရှင်က စစ်သူကြီးတွေ့ချင်ရုံနဲ့ တွေ့လို့ရမဲ့သူလား”

သူ ဒေါသကို အောင့်အည်းကာ ဆက်ပြော၏။

“စစ်သူကြီးလု တစ်မြို့လုံးကို ခင်ဗျားအတွက် သိမ်းပိုက်ပေးထားပြီးပြီ။ ကျီဂိုဒေါင်တွေကိုလည်း ရိက္ခာတွေ ဖြည့်တင်းပေးထားပြီးပြီ။ စစ်သူကြီးမှာ တခြား ဘာစိုးရိမ်စရာ ရှိသေးလို့လဲ”

လုမင်လီက ခေါင်းခါမြဲ ခါနေဆဲပင်။

“ဒီလုပ်ရပ်က ပြောင်းလဲနိုင်တဲ့ အခြေအနေတွေ အများကြီး ရှိလွန်းတယ်၊ မသင့်တော်ဘူး၊ မသင့်တော်ဘူး”

“ဒါဆို ခင်ဗျား သဘောက ဘာလဲ”

“နောက် အလွန်ဆုံးလဝက်အတွင်းမှာ ဧကရာဇ်မင်းမြတ်က ရှီရှန်း တောင်ဆီ အမဲလိုက်ထွက်လိမ့်မယ်။ ဒါပေမဲ့ လူသိနည်းတဲ့ အချက်တစ်ခု ရှိသေးတယ်။ အဲဒါက နှစ်တိုင်း သူ တောင်နောက်ဘက်က ရွာငယ်လေးတစ်ရွာကို သွားပြီး မိတ်ဆွေဟောင်းတစ်ယောက်ကို တိတ်တဆိတ် ဂါရဝပြုလေ့ရှိတယ်။ အခြံအရံ လူနည်းနည်းပဲ ပါတယ်။ ဒါက ဘုရားပေးတဲ့ အခွင့်အရေးပဲ”

လုမင်လီ၏ မျက်ဝန်းများက စူးရှနေ၏။

“မင်းတို့ ဘာလို့ အဲဒီနေ့မှာ အရေးမယူကြတာလဲ၊ ဧကရာဇ်မင်းမြတ် မတော်တဆ ချောက်ထဲပြုတ်ကျသွားတာနဲ့ မင်းနဲ့ငါက ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ ကြားထဲက နန်းတော်ထဲကို ဝင်သွားလို့ရတာပဲ။ ဒါက တိုက်ရိုက် တိုက်ခိုက်တာထက် ပိုပြီး စိတ်ချရတယ် မဟုတ်ဘူးလား”

ထိုလူ နှာခေါင်းရှုံ့ကာ ပြောလိုက်၏။

“စစ်သူကြီးလုကတော့ ကိုယ့်အသက်ကို တော်တော်နှမြောတာပဲ။ ကျွန်တော်တို့ကိုတော့ ဘုရင်သတ်တဲ့ ရာဇဝတ်မှု အပြစ်ဒဏ်ကို ခံခိုင်းနေတယ်ပေါ့”

“ပင်ပန်းမှုကြီးမှလည်း ကောင်းမှုက ကြီးမားမှာပေါ့၊ ဒါမှမဟုတ် မင်းတို့ရဲ့ အထက်လူကြီးမှာ ဒီလောက် အရည်အချင်း မရှိလို့လား”

ထိုလူသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။

“ကျွန်တော် ဆုံးဖြတ်ချက် မချခင် ကျွန်တော်တို့ အရှင်ကို အရင် ပြန်လည်တင်ပြရလိမ့်မယ်”

လုမင်လီ တည်ငြိမ်စွာ ပြော၏။

“မင်း သဘောအတိုင်းပဲလေ”

ထိုစဉ် တံခါးခေါက်သံ ထွက်ပေါ်လာရာ လုမင်လီ လှမ်းခေါ်လိုက်သည်။

“ဝင်ခဲ့ပါ”

ထို့နောက် ဟွာကျွင်းသည် ဟင်းပွဲများ ချရန် လူအချို့ကို ခေါ်ဆောင်၍ ဝင်လာခဲ့၏။

ဘဲပေါင်း၊ မုန်ညင်းချဉ်ငါးချဉ်ဟင်း၊ ချိုးငှက်ကင်နှင့် ဝက်အူမကြီး ကြက်စွပ်ပြုတ်တို့ ဖြစ်သည်။

“ဟင်းတွေ အကုန်စုံပါပြီ၊ သုံးဆောင်ကြပါဦး”

လုမင်လီ မျက်နှာဖုံးစွပ်ထားသူကို မေးလိုက်၏။

“ခင်ဗျား ဒီကို ရောက်နေမှတော့ တစ်ခုခု စားဦးမလား”

မျက်နှာဖုံးစွပ်ထားသူသည် စားပွဲပေါ်ရှိ ဟင်းပွဲများကို ဝေ့ကြည့်လိုက်ပြီးနောက် တူကို ဆန့်ထုတ်ကာ ချိုးငှက်ကင်တစ်တုံးကို ညှပ်လိုက်သည်။

သူသည် ၎င်းကို ပါးစပ်ထဲသို့ တိုက်ရိုက် မထည့်ပေ။ ထိုအစား ချိုးငှက်ကင်ကို ဘေးနားရှိ ဆီးသီးဆော့စ်တွင် နှစ်လိုက်ပြီးနောက် ဆားနှင့် ငရုတ်ကောင်းပန်းကန်တွင် အသာအယာ တို့လိုက်ကာ ထိုအခါမှသာ စားသုံး၏။

လုမင်လီက သူ့ကို တစ်ချက် ကြည့်လိုက်သော်လည်း ဘာမှမပြောခဲ့ပေ။

စားသောက်နေစဉ်အတွင်း အိမ်ရှင်ရော ဧည့်သည်ပါ ကိုယ့်အတွေးနှင့်ကိုယ် ရှိနေကြပြီး အစားအသောက်ကို သိပ်ပြီး အရသာမခံနိုင်ကြသဖြင့် စားပွဲပေါ်တွင် ဟင်းပွဲအများအပြား ကျန်ရစ်ခဲ့သည်။

ဟွာကျွင်း အထဲသို့ ဝင်လာသောအခါ လုမင်လီသည် အနည်းဆုံးသာ ကျန်တော့သည့် ချိုးငှက်ကင်ပန်းကန်ကို စိုက်ကြည့်ရင်း အတွေးပွားနေသည်ကို တွေ့လိုက်ရ၏။

“ဘာဖြစ်လို့လဲ၊ ချိုးငှက်ကင်က ရှင့်အကြိုက်နဲ့ မတွေ့လို့လား”

လုမင်လီ ခေါင်းခါလိုက်ပြီးနောက် ရုတ်တရက် မေးလိုက်သည်။

“ဒီတို့စရာ ဆော့စ်နှစ်မျိုးက ချိုးငှက်ကင်အတွက် သီးသန့်လုပ်ထားတာလား”

“ဟုတ်တယ်။ ဒါက ချိုးငှက်ကင် ဝယ်ကတည်းက အတူတူ ပါလာတာပဲ”

“ထူးဆန်းတာပဲ”

လုမင်လီသည် နီးနီးကပ်ကပ် ချမထားသော ပန်းကန်သုံးချပ်ကို ကြည့်ကာ ထပ်မံမေးမြန်း၏။

“တခြား ဘယ်သူတွေ ချိုးငှက်ကင် စားဖူးသေးလဲ”

ဟွာကျွင်း ခဏမျှ တွေးတောလိုက်ပြီး ဖြေ၏။

“ဘဲကင်စားတဲ့သူကတော့ အများကြီးပဲ၊ ဒါပေမဲ့ ချိုးငှက်ကင် စားတဲ့သူကတော့ အများကြီးရှိမယ် မထင်ဘူး...”

လုမင်လီ

“အန်နင်းမင်းသမီးကော စားဖူးလား”

သူ သတိပေးလိုက်မှသာ ဟွာကျွင်း သတိရသွားပြီး ပြောတော့သည်။

“ဟုတ်သားပဲ၊ ကိုယ်ဝန်ရှိလို့ အစားအသောက် ပျက်နေတဲ့သူ မဟုတ်လား၊ ကျွန်မ သူ့ဆီ ချိုးငှက်ကင် ပို့ပေးခဲ့ဖူးတယ်”

“ကွက်တိပဲ”

သူသည် ထရပ်လိုက်ပြီး ဟွာကျွင်းကို နှုတ်ဆက်လိုက်သည်။

“ကိုယ် အိမ်တော်ကို ပြန်ပြီး ဧကရာဇ်မင်းမြတ်နဲ့ တွေ့ဆုံဖို့ လူတစ်ယောက်ကို အမိန့်ပေးရမယ်”

သူ တံခါးဝသို့ ရောက်သောအခါ အလျင်အမြန်ပင် ပြောကြားလိုက်သည်။

“ဒီနေ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်”

ထိုသို့ ပြောကြားပြီးနောက် ထွက်ခွာသွားတော့သည်။

ဟွာကျွင်းသည် နှုတ်ခမ်းလေးစူကာ အားမန်ကို ကူညီ၍ စားပွဲသိမ်းပေးရန် ပြင်လိုက်သော်လည်း အားမန်က သူမကို တားဆီးပြီး မည်သည့်အလုပ်မျှ မလုပ်ရန် အတင်းပြောဆိုတော့၏။ တည်းခိုခန်းတွင်လည်း ဝန်ထမ်းမပြတ်လပ်သဖြင့် ဟွာကျွင်းသည် သူမလုပ်စရာ အလုပ်မရှိတော့သည်ကို မြင်ရသောအခါ မုန့်ဆိုင်သို့ ပြန်လာခဲ့လိုက်သည်။

မုန့်ဆိုင်ရှိ လေထုမှာမူ ပိုမို၍ စည်ကားသက်ဝင်နေ၏။ မော့ချွမ်းသည် ကောင်တာတွင် မတ်တပ်ရပ်လျက် သူတို့အား တစ်ခုခုကို ပြောပြနေပြီး ထိုအရာက လူတိုင်းကို တဟားဟား ရယ်မောစေနေသည်။

“အားလုံး ဘာတွေ ဝိုင်းပြောနေကြတာလဲ”

ဟွာကျွင်း ပြုံးလျက် ဝင်လာသည်။

ပုံမှန်လာနေကျ ဖောက်သည်တစ်ဦးက စနောက်လိုက်၏။ “ညီအစ်ကို မော့ချွမ်းက သူဌေးမဟွာတစ်ယောက် ရေမွှေးရောင်းတဲ့ဘက် ပြောင်းတော့မယ်လို့ ပြောနေတာဗျ၊ ကျွန်တော်တို့ကတော့ သူဌေးမဟွာအနေနဲ့ မကြာသေးခင်က စိုက်ထုတ်ခဲ့တဲ့ ကြိုးစားအားထုတ်မှုရဲ့ တစ်ဝက်လောက်ကိုသာ မုန့်ဆိုင်ဘက်မှာ သုံးလိုက်မယ်ဆိုရင် ဘယ်လောက်တောင် အရသာရှိတဲ့ ဟင်းလျာအသစ်တွေ အများကြီး ရနေမလဲမသိဘူးလို့ ပြောနေကြတာ”

ဟွာကျွင်း အံ့သြချင်ယောင်ဆောင်ကာ မျက်လုံးလေးများ ဝိုင်းစက်သွားရင်း မေးလိုက်၏။

“ကျွန်မ မုန့်ဆိုင်ဘက်မှာ စိတ်မပါလို့လား”

နောက်ထပ် ဖောက်သည်တစ်ဦးက စိတ်မကောင်းဖြစ်ရသည့် လေသံဖြင့် ပြောတော့သည်။

“ဒါပေါ့၊ စိတ်မပါဘူးလေ။ နောက်ဆုံးထွက်ခဲ့တဲ့ ဟင်းလျာအသစ်က ‘လိချွမ်း’ (နွေဦးအစ) နေ့တုန်းက ထွက်တဲ့ အမဲသားလိပ်ပဲ။ အခုဆို ကျွန်တော်တို့ ဒါတွေကို စားရတာ ငြီးငွေ့နေကြပြီ”

“ဟုတ်ပဗျာ၊ သူဌေးမဟွာ စိတ်ကို စုစည်းပြီး မုန့်ဆိုင်အတွက် ဟင်းလျာအသစ်တွေ ပိုပြီး ထည့်ပေးပါဦး”

ဆိုင်အတွင်း၌ အော်ဟစ်ထောက်ခံသံများ ချက်ချင်းပင် ထွက်လာတော့သည်။

ဟွာကျွင်းက ပြုံးလျက် ပြန်လည်ချေပလိုက်၏။

“ဒီလိုပါ ကျွန်မက ရှင်တို့ ဟင်းလျာအသစ်တွေနဲ့ အသားမကျမှာ စိုးလို့ပါရှင်”

“ဘယ်သူ့ကို လာညာနေတာလဲ”

ဖောက်သည်တစ်ဦး ရယ်မောရင်း လှမ်းအော်လိုက်သည်။ “ပြီးခဲ့တဲ့တစ်ခေါက်က အသင့်စား အစပ်ခေါက်ဆွဲ ရောင်းတုန်းက ငရုတ်ဆီတွေ အများကြီး ထည့်ထားတာကို အဘိုးကြီးကျန်းအာ ဆဲလည်းဆဲ၊ ငါးပန်းကန်မြောက်အထိအောင်လည်း ထပ်ခါထပ်ခါ ထည့်စားနေခဲ့တာလေ”

ဆိုင်ထဲရှိ ဖောက်သည်များအားလုံးက ဝိုင်းဝန်းစနောက်ကြသည်။

“သူဌေးမ ရောင်းတဲ့အရာမှန်သမျှ ဘယ်လိုလုပ် အရသာမရှိဘဲ နေမှာလဲ၊ ကျွန်တော်တို့ သူဌေးမဟွာ တစ်ယောက် ကောင်းတဲ့အရာတွေကို တခြားနေရာမှာပဲ သွားရောင်းပြီး ကျွန်တော်တို့လို ဖောက်သည်ဟောင်းတွေကို မေ့ထားမှာကိုပဲ ကြောက်နေတာပါ”

“အခုတော့ သူဌေးမဟွာလည်း လူလည်ကျတတ်နေပြီ၊ ဆင်ခြေတွေ ရှာနေတာ”

ဟွာကျွင်း ရယ်မောရင်း ပြောလိုက်၏။ “ဒါဆို ကျွန်မတို့တွေ သဘောတူလိုက်ပြီ။ ဟုတ်ပြီလား၊ မနက်ဖြန် ဒီကိုလာတဲ့သူတိုင်း ဟင်းလျာအသစ်ကို မဖြစ်မနေ မြည်းစမ်းရမယ်၊ ဘယ်သူမဆို မစားနိုင်ရင် ဒဏ်ပေးခံရမယ်၊ တကယ်လို့ သူရဲဘောကြောင်ပြီး မဝင်ရဲဘဲ တံခါးအပြင်ဘက်မှာပဲ ရပ်နေမယ်ဆိုရင်တော့…”

သူမ ခဏလောက် စဉ်းစားလိုက်ပြီး ဆက်ပြော၏။

“ဒါဆိုရင်တော့ ကျွန်မတို့အတွက် သုံးရက်တိတိ စားပွဲသုတ်ပေးပြီး ဒဏ်အပေးခံရမယ်”

သူမ ဆက်ပြီး ပြောသည်။

“ဒီမှာရှိနေတဲ့သူတွေ၊ တစ်ယောက်မှ မလွတ်စေရဘူး၊ ထွက်မပြေးကြနဲ့ဦး”

လူတိုင်းက ပို၍ပင် ပျော်ရွှင်သွားကြပြီး ပြောတော့၏။ “စားလို့ရတဲ့အရာ ဖြစ်နေသရွေ့တော့ အတင်းမြိုချမှာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ အကုန်စားနိုင်ရင်ကော ဘယ်လိုလဲ”

ဟွာကျွင်း

“ဒါဆိုရင်တော့ အဲဒီစားပွဲတစ်ဝိုင်းလုံးအတွက် အလကားကျွေးမယ်”

“ဒါဆိုရင်တော့ အများကြီး မချက်ထားနဲ့ဦးနော်”

ဟွာကျွင်း

“ဒါပေါ့၊ ကျွန်မက ဘအလှူရှင်ကြီးမှ မဟုတ်တာ၊၊ ကျွန်မ ဘက်က အရှုံးခံပါ့မလား”

သူမ မော့ချွမ်း ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “အခုရှိနေတဲ့ ဖောက်သည်တွေအားလုံးရဲ့ နာမည်ကို မှတ်ထားလိုက်။ မနက်ဖြန် သူတို့ကို အရင်ဆုံး ဝင်ခွင့်ရအောင် စီစဉ်ပေးလိုက်မယ်။ ဘယ်သူက လေကြီးနေလဲဆိုတာ ကြည့်ချင်သေးတယ်”

ဖောက်သည်များ စားလက်စပင် ရပ်သွားသည်အထိ အူလှိုက်သည်းလှိုက် ရယ်မောကြပြီး ပြောလိုက်သည်။ “သူဌေးမဟွာ၊ မနက်ဖြန် ဆိုင်ဖွင့်တာနဲ့ ကျွန်တော်တို့ အရောက်လာခဲ့မယ်။ ဒီလောက် ကောင်းတဲ့အခွင့်အရေးကို ဘာလို့ လက်လွှတ်ရမှာလဲ”

စကားပြောလိုက်သည့် ဖောက်သည်က မတ်တတ်ရပ်ကာ လူတိုင်းကို လှမ်းပြောလိုက်၏။

“လူတိုင်း စိတ်မပူကြပါနဲ့။ ဒါက ခရုခေါက်ဆွဲထက် စားရခက်မှာ မဟုတ်ပါဘူး။ ခရုခေါက်ဆွဲက အနံ့ပဲ နံတာ၊ စားလိုက်ရင် အရသာ တအားရှိတာပဲ။ စိတ်မပူကြနဲ့၊ စိတ်မပူကြနဲ့”

ဟွာကျွင်း

“ရှင်တို့ စိုးရိမ်သင့်တယ်၊ ဘာလို့လဲဆိုတော့ ကျွန်မ နည်းလမ်းအဟောင်းကိုပဲ ထပ်သုံးပါ့မလား”

လူတိုင်းမှာ ချက်ချင်းပင် ဆွံ့အသွားကြသည်။ တစ်ယောက်က ဦးအောင် လှမ်းအော်လိုက်၏။

“အခုကတည်းက စားပွဲသုတ်ပေးရင် နောက်ကျသွားပြီလား”

ဆိုင်ထဲရှိ ဖောက်သည်များအားလုံး ဝါးလုံးကွဲမတတ် ရယ်မောကြလိုက်သည်။

ဟွာကျွင်း ပြုံးလျက် မော့ချွမ်းကို ညွှန်ကြားလိုက်၏။

“သူတို့အားလုံးကို ချရေးထားလိုက်၊ တစ်ယောက်မှ မကျန်စေနဲ့။ ဘယ်သူမဆို နောက်ဆုတ်ချင်ရင် မပြန်ခင် ဒီနေ့အတွက် စားပွဲတစ်ခါ သုတ်ပေးရမယ်”

All Chapters