အခန်း (၂၆၉-၂၇၀)
Vol. 27 Ch. 269-270
အခန်း (၂၆၉)
ဝန်ဆောင်မှုအသိစိတ် ကင်းမဲ့ခြင်း
မော့ချွမ်းသည် အမည်များကို မှတ်သားပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် မီးဖိုချောင်သို့ ပြန်လာကာ ဟွာကျွင်းကို မေးလိုက်သည်။
“ဘယ်လိုလဲ၊ အပြင်က လူတွေကို ကျွန်တော်တို့ ဘယ်လို ကိုင်တွယ်ကြမလဲ”
သူသည် မှတ်စုစာအုပ်ကို စားပွဲပေါ်တင်ကာ သူ့ဖုန်းကို ထုတ်လိုက်၏။
“ဆွီဒင်ငါးပုပ် က အသက်အန္တရာယ်တောင် ပေးနိုင်တယ်လို့ ကျွန်တော် ကြားဖူးတယ်၊ အဲဒါ ဝယ်လို့ရမလားဆိုတာ ကျွန်တော် ကြည့်လိုက်ဦးမယ်”
ဟွာကျွင်းက သူ့ဖုန်းကို လုယူလိုက်ပြီး ပြောတော့၏။
“ရှင် သူတို့နဲ့ ရန်ငြိုးရှိတာလား၊ လူတွေကို အဲဒီလောက်အထိ နောက်ပြောင်ဖို့ဆိုတာ”
မော့ချွမ်း စိတ်ပျက်လက်ပျက် မျက်နှာထားဖြင့် ပြောလိုက်သည်။
“ရန်ငြိုးကတော့ အကြီးကြီးပဲ၊ စားပွဲအမှတ် (၅) က အဲဒီ လူဝကြီးကို ကြည့်ဦး၊ သူ ကျွန်တော့်ကို မြင်တိုင်း အမြဲ စိုက်ကြည့်နေတာ”
ဟွာရှန့် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
“အဲဒါ အစ်ကိုကြီးက သူ့ကို လူဝကြီးလို့ ခေါ်တာ သူကြားသွားလို့လေ”
မော့ချွမ်း
“ပြီးတော့ စားပွဲအမှတ် (၇) က အမျိုးသမီးဆိုရင်လည်း ကျွန်တော်နဲ့ ဟွာရှန့် အတူတူ ရပ်နေတာကို ကျွန်တော့်ကိုပဲ ငွေလာရှင်းခိုင်းတာ။ ဟွာရှန့် သွားတော့လည်း သူ ပြန်လွှတ်ပြီး ကျွန်တော့်ကိုပဲ အတင်းခေါ်ခိုင်းတာ”
ဟွာရှန့်
“အဲဒါကလည်း သူ ငွေရှင်းခိုင်းတိုင်း အစ်ကိုကြီးက နားပင်းချင်ယောင်ဆောင်နေလို့ မဟုတ်ဘူးလား...”
“ဟေး၊ ဟွာရှန့်၊ နင် ဘယ်သူ့ဘက်ကလဲ”
မော့ချွမ်း အင်္ကျီလက်ကို လိပ်တင်ကာ ဟွာရှန့်ကို မေးခွန်းထုတ်လိုက်၏။
“တရားမျှတမှုဘက်က”
ဟွာရှန့် လုံးဝမတွန့်ဆုတ်ဘဲ ကျောကို မတ်လိုက်သည်။ “သမီးက တရားမျှတမှုဘက်မှာ ရပ်တည်တာ”
မော့ချွမ်း ခေါင်းညိတ်လိုက်၏။
“တရားမျှတမှု အသိစိတ်ကတော့ အတော်လေးကို ကောင်းတာပဲ။ ဒါဆို ငါ မေးပါဦးမယ်၊ စားပွဲအမှတ် (၁၀) က အဲဒီ စာအုပ်ကြီးသမား... ပညာတတ်ဆိုတဲ့လူက ငါ သူ့ဘေးက ဖြတ်လျှောက်တိုင်း ဘာလို့ တူတွေကို မြေကြီးပေါ် ပစ်ချပြီး ငါ့ကို ကောက်ခိုင်းနေတာလဲ”
ဟွာရှန့်က ပခုံးတွန့်ကာ ဖြေ၏။
“သမီးလည်း မသိဘူး၊ ဖြစ်နိုင်တာကတော့ အစ်ကိုကြီးက ရုပ်ဖြောင့်နေလို့နေမှာပေါ့”
မော့ချွမ်းသည် ထိုစကားကို ကြားသောအခါ အကြောင်းပြချက်မရှိဘဲ တုန်လှုပ်သွားပြီး အော်လိုက်၏။
“လျှောက်မပြောနဲ့”
ဟွာကျွင်း
“ဒီအကြောင်းအရာတွေကို ကျွန်မ လုံးဝ မသိခဲ့ပါလား”
မော့ချွမ်းသည် ဟွာကျွင်းအနားသို့ တိုးကပ်လာပြီး ပြောတော့သည်။
“သူဌေးမဟွာ အခုတော့ ခင်ဗျား သိပြီဆိုတော့ ကျွန်တော့်အတွက် တရားမျှတမှု ရှာပေးရမယ်နော်”
ဟွာကျွင်း မော့ချွမ်း၏ နဖူးကို လက်ညှိုးဖြင့် ထောက်ကာ အံကြိတ်၍ ပြောလိုက်၏။
“ရှင် ကျွန်မတို့ရဲ့ ဖောက်သည်တွေကို ဒီလိုမျိုး စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်လိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး။ ရှင့်ရဲ့ အခြေခံ အရည်အချင်းတွေ ဘယ်ရောက်ကုန်ပြီလဲ။ ရှင့်ဝန်ဆောင်မှုအသိစိတ်ကော ဘယ်မှာလဲ။ ရှင့်ရဲ့ ထူးချွန်ဝန်ထမ်းဘွဲ့ကို ပြန်ရုပ်သိမ်းလိုက်ပြီ”
မော့ချွမ်း အော်ဟစ်ငိုယိုကာ ပြောတော့သည်။
“မလုပ်ပါနဲ့ ကျွန်တော် အဲဒီဘွဲ့ရတာ ရက်ပိုင်းပဲ ရှိသေးတာကို”
“ဝန်ထမ်းသင်တန်းတစ်ခုကို ကျွန်မ စီစဉ်ရမယ်”
“ဘာ”
မော့ချွမ်း အံ့သြတကြီးဖြင့် ပြော၏။
“ခင်ဗျား အတည်ပြောနေတာလား၊၊ ကျွန်တော် ဘယ်သင်တန်းမှ မတက်ချင်ဘူး”
ဟွာကျွင်း သူဌေးတစ်ယောက်၏ အရှိန်အဝါကို ထုတ်သုံးလိုက်သည်။
“ကဲ အစည်းအဝေးလုပ်ကြမယ်။ ရဲဘော်မော့ချွမ်း အကြံပြုလာတာဆိုတော့ သူစဉ်းစားထားတဲ့ လမ်းကြောင်းအတိုင်းပဲ သွားကြတာပေါ့။ ကျွန်မ သေချာ စဉ်းစားပြီးပြီ၊ ခရုခေါက်ဆွဲ က ပါရမယ်၊ အဲဒီအပြင် ဝက်အူမကြီး၊ နံစော်တို့ဟူး”
မော့ချွမ်းက ဖားချင်ယောင်ဆောင်သော အပြုံးဖြင့် မေးလိုက်၏။
“သူဌေး ဆွီဒင်ငါးပုပ်အကြောင်းကို တကယ်ပဲ ထပ်မစဉ်းစားတော့ဘူးလား”
ဟွာရှန့် ဇဝေဇဝါဖြစ်နေ၏။
“အနံ့ပြင်းတဲ့ တိုဟူးနဲ့ ဝက်အူမကြီးကိုတော့ လူတိုင်း စားဖူးကြတာပဲ၊ အဲဒါက ဘာမှ မခက်ခဲပါဘူး”
ဟွာကျွင်း နားမလည်နိုင်သော အပြုံးဖြင့် ပြောလိုက်သည်။
“ဒါဆိုရင် သူတို့တွေ ဝက်အူမကြီးနဲ့ ချက်ထားတဲ့ အနံ့ပြင်းတဲ့ တိုဟူးစွပ်ပြုတ်ကို သေချာပေါက် မစားဖူးသေးဘူး။ ဆေးဘဲဥလည်း ထည့်မယ်။ ပြီးတော့ ဟွေကျိုးရဲ့ နာမည်ကြီး အနံ့ပြင်းတဲ့ မန်ဒရင်းငါး၊ နောက်ပြီး ကွေကျိုးရဲ့ ဖတ်ချိုးတောင်းသုပ်၊ အချိုပွဲ အသီးအတွက်တော့ ဒူးရင်းသီး စီစဉ်လိုက်မယ်”
မော့ချွမ်း အံ့သြလွန်းသဖြင့် ဟသွားသော သူ့မေးစေ့ကို လက်ဖြင့် ပြန်တွန်းတင်လိုက်ရသည်။
“ခင်ဗျား ကျွန်တော့်ထက် အများကြီး ပိုရက်စက်တာပဲလား၊ မဟုတ်သေးဘူးလေ၊ ဖောက်သည်တွေကို သေအောင်အထိ ညှဉ်းပန်းဖို့ မလိုပါဘူး။ ခင်ဗျားရဲ့ ဒီဟင်းပွဲတွေ ပေါင်းစပ်လိုက်ရင် ဆယ်လီ အတွင်းမှာ သက်ရှိတစ်ယောက်မှ ကျန်တော့မှာ မဟုတ်ဘူး၊ ဟွာရှန့် မြန်မြန် နင့်အစ်မကို ဖျောင်းဖြစမ်း”
ဟွာကျွင်း လက်ကာပြကာ ပြောလိုက်သည်။
“ကျွန်မ ဆုံးဖြတ်ပြီးပြီ။ ထပ်ပြီး ဖျောင်းဖျနေစရာ မလိုတော့ဘူး”
အနံ့ပြင်းသော မန်ဒရင်းငါးကို စားသောက်ဆိုင်မှ တိုက်ရိုက်မှာယူလိုက်သဖြင့် အခက်အခဲ မရှိပေ။
ခရုခေါက်ဆွဲမှာ ထုပ်ပိုးထားသော အထုပ်များ ရှိနေဆဲဖြစ်ပြီး ညနေပိုင်းတွင် ချက်ပြုတ်ရန် အချိန်ရသေး၏။
ဝက်အူမကြီးနှင့် ချက်ထားသော နံစော်တို့ဟူးအတွက်မူ လျိုတို့မိသားစုကို အနံ့ပြင်းသည့် တိုဟူးကို ကြိုတင်ပြင်ဆင်ခိုင်းထားပြီး အားမန် နေ့ဘက်တွင် ဝက်အူမကြီးကို ချက်ထားမည်ဖြစ်သည်။ ညနေပိုင်းတွင် မြေအိုးငယ်ထဲ၌ ထည့်ကာ ချက်လိုက်ရုံသာ ဖြစ်၏။
ဖတ်ချိုးတောင်းသုပ်မှာ မခက်ခဲသော်လည်း မော့ချွမ်း မြည်းစမ်းကြည့်ပြီးနောက် ဟွာကျွင်းကို အတင်းတားဆီးတော့၏။
“ကျွန်တော်တို့ အဲဒီအစား နံနံပင်နဲ့ပဲ သုပ်လိုက်ကြရအောင်၊ ဖတ်ချိုးတောင်းကို နည်းနည်းပဲ ထည့်ပါ။ ကျွန်တော် အလုပ်မပြုတ်ချင်သေးဘူး”
[T/N ဖတ်ချိုးတောင်း ဆိုတာအပင်တစ်မျိုးပါ။ ကြေးနီရွက်လို့လည်း ခေါ်ကြတယ်။ အရွက်က အသည်းပုံလေးကိုမှ အပွင့်ဖြူလေးတွေ ပွင့်ပါတယ်။ ငါးညှီနံ့လို့ အနံ့လည်းရှိပါတယ်။ ဒူးရင်းသီးလို့ ကြိုက်တဲ့သူက ကြိုက်ပါတယ်။ မကြိုက်တဲ့သူကတော့ ငါးညှီနံ့ပဲ ရမှာပါ]
ဤအရာများနှင့် နှိုင်းယှဉ်ပါက ဆေးဘဲဥနှင့် ဒူးရင်းသီးမှာ လူတိုင်း၏ အရသာခံလျှာကို သန့်စင်ပေးရန်အတွက် ဖြစ်သဖြင့် အမှတ်ပေးပွဲတစ်ခုကဲ့သို့ပင် ဖြစ်နေတော့သည်။
ဟွာကျွင်းသည် အားလုံးကို စီစဉ်ပြီးနောက် မော့ချွမ်းကို သင်တန်းကျောင်းတစ်ခုသို့ တကယ်ပင် ပို့လိုက်သည်။
ထို့နောက် သူမသည် ဟွာရှန့်ကိုလည်း ပညာရေးတွင် လစ်ဟင်းမသွားစေရန်အတွက် သင်္ချာ၊ ရူပဗေဒနှင့် ဓာတုဗေဒ ဘာသာရပ်များကို သင်ကြားပေးရန် ဆရာနှစ်ဦး ငှားရမ်းပေးခဲ့၏။
ထို့နောက် သူမသည် စိတ်ချလက်ချဖြင့် စျေးဝယ်ထွက်ခဲ့သည်။
သူမသည် ရေမွှေးအားလုံးကို သွားရောက်ယူရန် အရောင်းကောင်တာမှ အမျိုးသမီးနှင့် ချိန်းဆိုထားသည်။ ရေမွှေးအမျိုးအစား ၁၀ မျိုးကျော်၊ စုစုပေါင်း ပုလင်း ၄၀၀ နီးပါး ရှိသည်။ ရှားပါးသည့်ပုံစံဖြင့် အိုက်တင်မခံချင်သော်လည်း ကျန်ရှိသော ပစ္စည်းများမှာ တဖြည်းဖြည်းချင်းမှ ရောက်ရှိလာမည်ဖြစ်သဖြင့် သူမတွင် ရွေးချယ်စရာ မရှိပေ။
သူမသည် ပြတိုက် တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ပြန်လည်စစ်ဆေးရန် သွား၏။ အင်ဂျင်နီယာက သူမလာသည်ကို မြင်သောအခါ သူ့စိတ်ကူးများကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။
“ဒီပြတိုက်ရဲ့ အဓိကအကြောင်းအရာကို သမိုင်း ခြေရာများလို့ ကျွန်တော် သတ်မှတ်ထားပါတယ်။ အပြင်ဘက်နံရံတွေကိုတော့ တစ်လမ်းလုံးရဲ့ ပုံစံအတိုင်း အမည်း၊ အဖြူနဲ့ မီးခိုးရောင်တွေကို သုံးပြီး တည်ငြိမ်တဲ့ အရောင်တွေနဲ့ ဖော်ပြထားပါတယ်”
“ပြတိုက်အတွင်းပိုင်းကိုတော့ လင်းထိန်ပြီး နည်းပညာတွေ ပြည့်နှက်နေစေရမယ်လို့ ကျွန်တော် ထင်ပါတယ်။ ပထမအချက်က လာရောက်ကြည့်ရှုသူတွေ ပိုမိုသက်သောင့်သက်သာရှိစေဖို့ဖြစ်ပြီး ဒုတိယအချက်ကတော့ အပြင်ဘက်နဲ့ ကွဲပြားခြားနားတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်ဖို့ပါ”
“ပြပွဲခန်းမတစ်ခုလုံးကို အပိုင်းလေးပိုင်း ခွဲခြားထားပါတယ်၊ ရှေးဟောင်းယဉ်ကျေးမှုခန်းမ၊ အနုပညာရတနာခန်းမနဲ့ ရိုးရာယဉ်ကျေးမှုခန်းမတို့ ဖြစ်ပါတယ်။ ရှေးဟောင်းယဉ်ကျေးမှုခန်းမမှာတော့ မြေအိုး၊ ကျောက်စိမ်းနဲ့ ကြေးထည်ပစ္စည်းတွေကို ပြသထားမှာပါ”
[T/N လေးမျိုးခွဲပြီး သုံးမျိုးပဲ ပြောထားတာ မူရင်းမှာကိုက ဖြစ်နေတာရယ်]
“အနုပညာရတနာခန်းမမှာတော့ ပန်းချီကားတွေ၊ လက်ရေးလှစာမူတွေနဲ့ တခြား အနုပညာလက်ရာတွေကို ထားရှိမှာပါ။ ရိုးရာယဉ်ကျေးမှုခန်းမမှာတော့ လက်ရာမြောက်တဲ့ ပန်းထိုးထည်တွေ၊ ရိုးရာလယ်ယာသုံးပစ္စည်းတွေ၊ ရိုးရာလက်မှုပစ္စည်းတွေ စတာတွေကို ပြသနိုင်ပါတယ်”
အင်ဂျင်နီယာ၏ ရှင်းပြချက်အောက်တွင် ဟွာကျွင်းသည် ပြတိုက်တည်ဆောက်ပြီးနောက် ခန့်ညားထည်ဝါပြီး အရောင်အသွေးစုံလင်သော ပြကွက်များကို ကမ္ဘာ့ရှေ့မှောက်တွင် ပြသထားသည့် မြင်ကွင်းကို စိတ်ကူးယဉ်ကြည့်မိ၏။
“ဒါပေမဲ့ အသုံးစရိတ်ကိုတော့ ထပ်တိုးရဖို့ ရှိပါတယ်”
အင်ဂျင်နီယာ ဘေးမှ သတိပေးလိုက်သည်။
“ရပါတယ်၊ ပြဿနာမရှိဘူး၊ အကောင်းဆုံးတွေပဲ သုံးပေးပါ”
သူမအနေဖြင့် ငွေအချို့ရရန် ရှေးဟောင်းပစ္စည်းအချို့ကို အရင်သွားရှာရတော့မည်။
ဟွာကျွင်း အိမ်ပြန်ရောက်သောအခါ မော့ချွမ်း သင်တန်းတက်ပြီး၍ ပြန်ရောက်နေပြီဖြစ်ကာ ဟွာရှန့်မှာမူ စာကြည့်ခန်းထဲတွင် စာသင်နေဆဲပင်။
မော့ချွမ်း၏ နွမ်းလျပြီး စိတ်ပျက်နေသော ပုံစံကို မြင်သောအခါ ဟွာကျွင်းက စိုးရိမ်တကြီး မေးလိုက်၏။
“ဘာဖြစ်လို့လဲ၊ သင်တန်းတက်တာပဲလေ၊ ရှင့်ပုံစံက ဆိပ်ကမ်းမှာ ဆန်အိတ်ထမ်းလာတဲ့အတိုင်းပဲ”
မော့ချွမ်းက သူ့မျက်နှာကို အုပ်လိုက်ပြီး ဖြေ၏။
“အဲဒါကို ထည့်တောင်မပြောပါနဲ့တော့၊ အရမ်း အရှက်ရဖို့ ကောင်းလွန်းလို့ပါ”
“သူတို့က ကျွန်တော့်ကို ‘ကျေးဇူးတင်တတ်တဲ့ နှလုံးသား’ သီချင်းကို ဆိုခိုင်းပြီး ကခိုင်းတယ်”
သူမော့ကြည့်ပြီး ဟွာကျွင်းကို မေးလိုက်သည်။
“ခင်ဗျား ရှာပေးတဲ့ သင်တန်းကျောင်းက တကယ်ကော တရားဝင် သင်တန်းကျောင်း ဟုတ်ရဲ့လား”
ဟွာကျွင်းသည် သူ မေးသောအခါ အနည်းငယ် ဝေခွဲမရဖြစ်သွားပြီး ဖြေ၏။
“ဟို... ဟုတ်မှာပါ... ဘာပဲဖြစ်ဖြစ် ကျွန်မ ငွေပေးထားပြီးပြီဆိုတော့ ရှင် ဘယ်လိုပဲဖြစ်ဖြစ် သင်တန်းပြီးအောင် တက်ရမယ်”
မွန်းလွဲပိုင်းတွင် အနံ့ပြင်းသည့် မန်ဒရင်းငါး (၃၀)မှာ အချိန်မှန် ရောက်ရှိလာပြီး ဒူးရင်းသီးလည်း ရောက်လာသည်။ မော့ချွမ်းသည် ဒူးရင်းသီးကို ခွဲကာ အသားများကို ထုတ်ပြီး ပန်းကန်ထဲတွင် စီထားလိုက်သည်။
ဟွာကျွင်းသည် ဆေးဘဲဥတစ်လုံးစီကို လေးစိတ် စိတ်လိုက်ပြီး ပန်းကန်တစ်ချပ်လျှင် ဆေးဘဲဥနှစ်လုံးနှင့် တိုဟူးတစ်ဝက်စီ ထည့်လိုက်သည်။
တိုဟူးကို အချပ်များ လှီးဖြတ်ကာ ပန်းကန်အလယ်တွင် ထားပြီး ဆေးဘဲဥများကို ပန်းပွင့်ချပ်များကဲ့သို့ ပတ်ပတ်လည်တွင် စီထားလိုက်သည်။ ပဲငံပြာရည်အကြည်နှင့် ရှာလကာရည်ကို (၂:၁) ဖြင့် ရောစပ်ပြီးနောက် သကြားဖြူ၊ ငရုတ်ဆီ၊ ခရုဆီနှင့် နှမ်းဆီတို့ကို အစဉ်အလိုက် ထည့်လိုက်သည်။
ထို့နောက် ငရုတ်သီးစိမ်းတောင့်၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ကြက်သွန်မြိတ်နှင့် ကြက်သွန်ဖြူအနည်းငယ်တို့ကို ဆော့စ်ထဲသို့ ထည့်ကာ သမအောင် မွှေပြီး ဆေးဘဲဥနှင့် တိုဟူးပေါ်သို့ လောင်းချလိုက်၏။
နောက်ဆုံးတွင် နှမ်းဖြူနှင့် လှော်ထားသော မြေပဲထောင်းအနည်းငယ်ကို အပေါ်မှ ဖြူးလိုက်သည်။ ညနေပိုင်း စားသုံးသည့်အချိန်တွင် ဆေးဘဲဥနှင့် တိုဟူးတို့မှာ အရသာ အလွန်စိမ့်ဝင်နေပြီဖြစ်သည်။
နောက်တစ်ခုမှာ ဖတ်ချိုးတောင်းနှင့် ရောထားသည့် နံနံပင်သုပ်ဖြစ်၏။
ပုံမှန်အားဖြင့် လူများစားသည့် နံနံပင်မှာ အရသာရှိစေရန် ဟင်းလျာများတွင် သေးသေးလေးများ လှီးထည့်လေ့ရှိသည်။
သို့သော် နံနံပင်ကို အများကြီး စားရခြင်းမှာ လူအများအပြားကို တွန့်ဆုတ်သွားစေနိုင်၏၊ ၎င်းအပြင် ဤဟင်းလျာတွင် အဓိကလက်နက်တစ်ခု ပါဝင်နေသေးသည်။ ထိုမှာ ဖတ်ချိုးတောင်း ပင်။
ဖတ်ချိုးတောင်းသည် အလွန်အမင်း နှစ်သက်ကြသူရှိသလို တစ်လုပ်စားပြီးသည်နှင့် ပြန်ထွေးထုတ်ချင်လောက်အောင် မုန်းတီးသူလည်း ရှိသည့် အစားအစာတစ်ခုဖြစ်သည်။
ဤသည်မှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။
၎င်းတွင် နောက်ထပ် အမည်တစ်ခု ရှိသေး၏။ ငါးညှီနံ့ထွက်သော မြက်ပင်။ နာမည်အတိုင်းပင် ထိုအရသာမှာ ခမ်းခြောက်နေသော ငါးကန်ဘေးတွင် လမ်းလျှောက်နေစဉ် တစ်စုံတစ်ယောက်က မြစ်ထဲမှ တစ်ပိုင်းသေနေသော ငါးတစ်ကောင်ကို တူးထုတ်ကာ ဗိုက်ဖောက်ပြီး အတွင်းကလီစာများကို သံဝါယာကြိုးဖြင့် ငါးကြိမ်တိုင်တိုင် တိုက်ချွတ်ပြီးနောက် ထိုသံဝါယာကြိုးကို သင့်ပါးစပ်ထဲ ထည့်ပေးလိုက်သလိုမျိုးပင်။
၎င်းမှာ ငါးညှီနံ့၊ သံချေးနံ့၊ သွေးနံ့နှင့် မြေကြီးနံ့တို့ ရောနှောနေသော အရသာဖြစ်၏။
အခန်း (၂၇၀)
ခင်ဗျားတို့အကြိုက်နဲ့ တွေ့ချင်မှတွေ့မှာနော်
နံနံပင် ဖတ်ချိုးတောင်းသုပ် ပြုလုပ်နည်းမှာ အလွန်ရိုးရှင်းသည်။ နံနံပင်နှင့် ဖတ်ချိုးတောင်းများကို အရှည်ညီညာစွာ လှီးဖြတ်ပြီးနောက် ငရုတ်သီးမှုန့်၊ ငရုတ်သီးစိမ်းတောင့်၊ ပဲငံပြာရည်အကြည်၊ ရှာလကာရည်၊ ဆားနှင့် သကြားဖြူတို့ထည့်ကာ သမအောင်နယ်လိုက်ရုံဖြင့် အသင့်စားသုံးနိုင်သည်။
ညနေပိုင်းတွင် မုန့်ဆိုင်ဖွင့်သည့်အခါ အားမန်နှင့် လျိုတို့သည် ဆိုင်ရှေ့တွင် စောင့်ဆိုင်းနေကြပြီဖြစ်၏။ ယမန်နေ့က မည်သည့်ဟင်းလျာမျိုးမဆို စားနိုင်သည်ဟု ကြွားလုံးထုတ်ခဲ့ကြသော ဧည့်သည်များသည်လည်း ဆိုင်တံခါးဝတွင် တန်းစီလျက် ရောက်ရှိနေကြပြီဖြစ်သည်။
လျို နံစော် တိုဟူးအိုးကို မုန့်ဆိုင်ထဲသို့ သယ်ဆောင်သွားသည်ကို မြင်သောအခါ ဧည့်သည်များက ရယ်မောကာ ပြောကြ၏။
“သူဌေးမဟွာ ဒီနေ့တော့ အတော်လေး ကြိုးစားထားပုံပဲ။ နံစော်တို့ဟူးတွေကိုတောင် သယ်လာခိုင်းတယ်ပေါ့။ ဒါပေမဲ့ ဒါက ကျွန်တော်တို့ကို ဒုက္ခမပေးနိုင်ပါဘူး”
“ကျွန်မတို့ထဲမှာ နံစော်တို့ဟူး မစားဖူးတဲ့သူ ဘယ်သူရှိလို့လဲ၊ ဒါက အသေးအဖွဲပါ”
ဟွာကျွင်းသည် မီးဖိုချောင်ထဲတွင် ဟင်းပွဲများကို ဆက်လက်ချက်ပြုတ်နေပြီး မော့ချွမ်းကတော့ တံခါးဝတွင် စာရင်းကိုကြည့်ကာ အမည်များခေါ်ပြီး တစ်ဦးချင်းစီကို ဆိုင်ထဲသို့ ဝင်ခွင့်ပြုနေ၏။ အံ့သြစရာကောင်းသည်မှာ စာရင်းပါသူအားလုံး ရောက်ရှိနေကြခြင်းပင်။
အခြားဧည့်သည်များက စူးစမ်းလိုစိတ်ဖြင့် မေးကြသည်။ “ဒီနေ့ ဘာဖြစ်နေတာလဲ၊ တန်းစီတဲ့အတိုင်း မသွားတော့ဘူးလား”
မော့ချွမ်း ရှင်းပြ၏။
“ဒီဧည့်သည်တွေက မနေ့က ဟင်းလျာအသစ်တွေကို မြည်းစမ်းဖို့ ချိန်းထားကြတဲ့သူတွေပါ။ တခြားဧည့်သည်တွေကတော့ ခဏလောက် ထပ်စောင့်ပေးကြပါဦး။ အကယ်၍ မစောင့်နိုင်ရင် တခြားဆိုင်တွေမှာ သွားစားလို့ရပါတယ်၊ ဘာလို့လဲဆိုတော့ ဒီနေ့ ဟင်းလျာတွေက...”
သူ ခဏမျှ စဉ်းစားလိုက်ပြီး အဓိပ္ပာယ်ပါပါဖြင့် ပြောလိုက်သည်။
“ဒီနေ့ ဟင်းလျာတွေက ခင်ဗျားတို့အကြိုက်နဲ့ တွေ့ချင်မှတွေ့မှာမို့လို့ပါ။”
သူသည် ထိုသို့ပြောကာ မုန့်ဆိုင်ထဲသို့ ဝင်သွားတော့၏။ ကျန်ရစ်သော ဧည့်သည်များမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မေးကြတော့သည်။
“ဘာကို ဆိုလိုတာလဲ၊ ငါတို့အကြိုက်နဲ့ မတွေ့ဘူးဆိုတာက”
“ထားလိုက်ပါတော့၊ သူက အရသာမြည်းစမ်းပွဲလို့ ပြောတယ်မဟုတ်လား၊ ဟင်းလျာအသစ်တွေ ရှိမှာသေချာတယ်။ ငါတော့ မပြန်ဘူး။”
“ငါလည်း မပြန်ဘူး”
“ငါလည်း မပြန်ဘူး”
ဟွာကျွင်းသည် မီးဖိုချောင်သို့ ဝင်ကာ နံစော်တို့ဟူးနှင့် ဝက်အူမကြီး ဟော့ပေါ့ကို ချက်ချင်း စတင်ချက်ပြုတ်တော့သည်။
နံစော်တို့ဟူးနှင့် ဝက်အူမကြီးမှာ အသင့်ပြင်ပြီးသား ဖြစ်သဖြင့် ချက်ပြုတ်ရာတွင် အလွန်မြန်ဆန်သည်။ အိုးထဲသို့ ဆီထည့်ကာ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီး၊ တရုတ်ငရုတ်သီးအနှစ် နှင့် စီချွမ်းငရုတ်ကောင်းတို့ကို မွှေးလာသည်အထိ ဆီသတ်လိုက်သည်။ ထို့နောက် လှီးထားသော ဝက်အူမကြီးများကို ထည့်ကာ ခဏမျှ လှော်ပေးပြီးနောက် နံစော်တို့ဟူး ကို ထည့်လိုက်သည်။
နံစော်တို့ဟူးမှာ ကြွေလွယ်သဖြင့် ဟွာကျွင်းသည် အထူးဂရုစိုက်ရ၏။ အကြိမ်အနည်းငယ် အသာအယာ မွှေပေးပြီးနောက် ပဲငံပြာရည်နှင့် ဟွာတျောင်အရက် တို့ကို လောင်းထည့်ကာ နောက်ဆုံးတွင် ရေနွေးပူပူကို လောင်းထည့်လိုက်သည်။
အိုးကို အဖုံးအုပ်ကာ ခဏမျှ အရှိန်ဖြင့် တည်ထားလိုက်သည်။ အနံ့ပြင်းသည့် တိုဟူးထဲသို့ ဟင်းရည်များ စိမ့်ဝင်သွားသောအခါ ကြက်သွန်မြိတ်လေးများ ဖြူးလိုက်သည်။ အခြားပန်းကန်ထဲသို့ ပြောင်းထည့်ရန် မလိုပေ၊၊ မြေအိုးအတိုင်းပင် စားပွဲပေါ်သို့ တင်လိုက်၏။ ပူပူနွေးနွေး စားသုံးရခြင်းက အကောင်းဆုံး အရသာကို ပေးစွမ်းနိုင်သည်။
အခြားတစ်ဖက်တွင်လည်း ခရုခေါက်ဆွဲမှာ ကျက်လုနီးပါး ဖြစ်နေပြီး ၎င်း၏ အနံ့မှာ ဆိုင်အပြင်ဘက်သို့ပင် လွင့်ပျံ့နေပြီဖြစ်၏။ အပြင်က ဧည့်သည်များ လှမ်းအော်ကြသည်။
“သူဌေးမဟွာ... လှည့်ကွက်အဟောင်းကို ထပ်မသုံးဘူးလို့ ပြောထားပြီးတော့ ဘာလို့ ဒီနေ့လည်း ခရုခေါက်ဆွဲပဲ ဖြစ်နေရတာလဲ”
မော့ချွမ်းက ဘာမှပြန်မပြောဘဲ ပြုံးလျက် ဟင်းပွဲများကို စတင်ချပေးတော့သည်။
ပထမဆုံး ဟင်းပွဲမှာ တို့ဟူးနှင့် ဆေးဘဲဥဖြစ်သည်။
ဆေးဘဲဥမှာ ဤခေတ်ကာလတွင် မပေါ်ပေါက်သေးသဖြင့် မော့ချွမ်း လာချပေးသည့်အခါ လူတိုင်းက အတော်လေး စူးစမ်းနေကြသည်။
“ညီအစ်ကိုမော့ချွမ်း... ဒီဟင်းကို ဘယ်လိုခေါ်လဲ၊၊ အဖြူရောင်အပိုင်းက တိုဟူးနဲ့တူပေမဲ့ အမည်းရောင်အပိုင်းက ဘာကြီးလဲ”
သူတို့ အမည်းရောင်အရာကို ဥမှန်းပင် မခွဲခြားနိုင်ကြပေ။
“ဆေးဘဲဥ နဲ့ တိုဟူးပါ”
“ဆေးဘဲဥဆိုတာ ဥအမျိုးအစားပဲလား”
မော့ချွမ်း လူတိုင်းကို ရှင်းပြ၏။
“ဆေးဘဲဥဆိုတာ အထူးနည်းနဲ့ လုပ်ထားတဲ့ ဘဲဥတစ်မျိုးပါ။ စိုးရိမ်စရာမရှိပါဘူး၊ စားလို့ရပါတယ်”
သူ ခဏရပ်ကာ ဆက်ပြောသည်။
“ဒါပေမဲ့ အရသာရှိမရှိဆိုတာကတော့ တစ်ဦးချင်းစီပေါ်မှာပဲ မူတည်လိမ့်မယ်...”
မော့ချွမ်းသည် ဤဧည့်သည်များကို အထင်သေးမိခြင်းဖြစ်သည်။ သူတို့အားလုံးမှာ ဟွာကျွင်း၏ လေ့ကျင့်ပေးမှုကြောင့် ပါးစပ်ထဲရောက်သည့် မည်သည့်အရာမဆို စားဝံ့သည့် စိတ်ဓာတ်များ ရှိနေကြပြီးဖြစ်သည်။
၎င်းမှာ ဥတစ်မျိုးဖြစ်ကြောင်း မော့ချွမ်း ပြောသည်ကို ကြားသည်နှင့် သူတို့သည် ချက်ချင်းပင် စိတ်အေးသွားကာ စတင်စားသုံးကြတော့၏။
“အိုး... အတော်လေး အရသာရှိတာပဲ၊ အနံ့က ပြင်းပြီး စူးရှပေမဲ့ စားလိုက်တဲ့အခါ မွှေးရနံ့အဖြစ် ပြောင်းသွားတာပဲ၊ ဆော့စ်နဲ့ဆိုရင် ပိုပြီး အရသာရှိတယ်...”
လီယွမ်ဝေသည် မုန့်ဆိုင်၏ ဖောက်သည်ဟောင်းတစ်ဦးဖြစ်ပြီး ဟွာကျွင်း၏ သစ္စာရှိ ပရိတ်သတ်တစ်ဦးဖြစ်သည်။ အနံ့အပြင်းဆုံး ခရုခေါက်ဆွဲကိုပင် ထိုစဉ်က သူသည် တွန့်ဆုတ်ခြင်းမရှိဘဲ စားခဲ့သူဖြစ်သည်။
သူ သေသေချာချာ မြည်းစမ်းကြည့်ပြီး ထပ်လောင်းပြော၏။
“ဥရဲ့ အကာအပိုင်းက ပယင်းရောင်သန်းနေပြီး ကြွတ်ကြွတ်လေး။ ဝါးရတာ တမူထူးခြားတယ်။ သာမန် ကြက်ဥအကာတွေနဲ့ ယှဉ်ရင် ပိုပြီး ဝါးလို့ကောင်းတယ်”
“ဥနှစ်အပိုင်းကတော့ နူးညံ့ပြီး စေးပိုင်နေတာပဲ၊ ပါးစပ်ထဲမှာ ကိတ်မုန့်ပေါ်က ခရင်မ်လို အရည်ပျော်သွားသလိုပဲ၊ ဒါပေမဲ့ သဲဝါးရသလို ခံစားချက်မျိုးလည်း ရှိတယ်၊ အဆိမ့်အရသာလည်း မပျက်ဘူး”
လူတိုင်းက သူပြောသည်ကို နားထောင်ပြီး လက်မထောင်ကာ ချီးကျူးကြသည်။
“လီယွမ်ဝေကတော့ တကယ့် ပညာရှင်ပါပဲ၊ ခင်ဗျားရဲ့ ဖော်ပြချက်က အရမ်းပေါ်လွင်တယ်၊ ကျွန်တော်တို့ ရင်ထဲရှိတာကို ပြောပြလိုက်သလိုပဲ”
လီယွမ်ဝေ တိုဟူးတစ်ဇွန်းကို ခပ်ယူလိုက်သည်။
“တိုဟူးက ဆေးဘဲဥလောက် အရသာမပြင်းပေမဲ့ သူ့ရဲ့ လတ်ဆတ်တဲ့ ဂုဏ်သတ္တိက ဆေးဘဲဥရဲ့ အဆိမ့်အရသာကို အပြည့်အဝ ထိန်းညှိပေးနိုင်တယ်။ ဒီဟင်းက တကယ်ကို အံ့သြစရာပဲ”
မော့ချွမ်း ပြုံးလိုက်၏။
“ဟင်း ဒီပထမဟင်းက အမြည်းသက်သက်ပဲ ရှိသေးတာ၊ လာဦးမှာတွေ အများကြီးပဲ”
သူ မီးဖိုချောင်သို့ ပြန်သွားပြီး တံခါးပိတ်လိုက်သည်နှင့် ဟွာကျွင်းကို အလျင်အမြန် ပြောလိုက်၏။
“ဆေးဘဲဥ နဲ့ တိုဟူးကတော့ အခြေအနေ မဟန်တော့ဘူး၊ သူတို့တွေ အကုန်စားနေကြပြီ၊ ကျွန်တော်တို့ ဘာဆက်လုပ်မလဲ”
ဟွာကျွင်း
“ဒါဆို ဒုတိယဟင်းကို ချပေးလိုက်တော့”
မော့ချွမ်းသည် ဒုတိယဟင်းကို ဧည့်သည်များ၏ စားပွဲသို့ သယ်ဆောင်လာခဲ့သည်။ သူတို့ မမေးမီမှာပင် သူ နာမည်ကို ကြေညာလိုက်၏။ “ဝက်အူမကြီးနဲ့ ချက်ထားတဲ့ နံစော်တိုဟူး”
လူတိုင်းက ထိုအမည်ကို ကြားသောအခါ အံ့သြသွားကြသည်။
“ဒါကတော့ အဓိကပွဲပဲ၊ ဝက်အူမကြီးက သူ့ဘာသာသူတောင် အတော်လေး အနံ့ရှိတာကို၊ အခု အနံ့ပြင်းတဲ့ တိုဟူးနဲ့ဆိုရင် အနံ့ပေါ် အနံ့ဆင့်တာမျိုး ဖြစ်မနေဘူးလား”
“လီယွမ်ဝေ.. ထုံးစံအတိုင်းပဲ၊ ခင်ဗျား အရင် စားမလား”
လီသူဌေး ခေါင်းခါပြသည်။
“တခြားတစ်ယောက်ယောက် အရင်စားပါလား၊ ကျွန်တော် တခြားသူတွေရဲ့ အမြင်ကို အရင်နားထောင်ချင်လို့ပါ”
သူ စားဖို့ ကြောက်နေခြင်း မဟုတ်ပေ။ လူအများ၏ အာရုံစိုက်မှုကို ထပ်ပြီး မယူချင်တော့ရုံသာ ဖြစ်သည်။
“ကျွန်တော် စားမယ်”
အစောင့်ခေါင်းဆောင်ရွှီ အင်္ကျီလက်ကို လိပ်တင်လိုက်သည်။
“ကျွန်တော်ကတော့ လီယွမ်ဝေလို စကားလုံးလှလှလေးတွေ မသုံးတတ်ဘူး။ ရိုးရိုးရှင်းရှင်းပဲ ပြောပြမယ်။ နားလည်ပေးကြပါ”
ခေါင်းဆောင်ရွှီသည် ရှေးရိုးစွဲသူတစ်ဦးဖြစ်သဖြင့် ရင်းနှီးပြီးသားဖြစ်သော နံစော် တိုဟူးကို အရင်စတင်ရန် ရွေးချယ်လိုက်သည်။
နံစော်တို့ဟူးမှာ ကြာကြာချက်လေ အရသာရှိလေဖြစ်သည်။ ယခုအခါ နံစော်တိုဟူးမှာ ပုံမှန်ထက် ပိုလေးလံနေပြီး ဟင်းရည်များ အပြည့်အဝ စိမ့်ဝင်နေ၏။
သူက တစ်ဝက်ကို ကိုက်လိုက်ရာ ဟင်းရည်များ ပန်းထွက်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။ တစ်ခုလုံးကို ပါးစပ်ထဲသို့ အတင်းထည့်လိုက်ရသဖြင့် အပူကြောင့် သူ၏မျက်နှာကြီး ရှုံ့မဲ့သွားတော့သည်။
“ပူတယ်၊ ဖူးး ပူတယ်”
“ဟားဟားဟား... ခေါင်းဆောင်ရွှီရဲ့ မှတ်ချက်ကတော့ တကယ်ကို တိုတိုရှင်းရှင်းနဲ့ လိုရင်းရောက်တာပဲ”
ခေါင်းဆောင်ရွှီသည် ခဏမျှ ပြန်လည် တည်ငြိမ်အောင် လုပ်ပြီးနောက် မော့ကြည့်ကာ အကျဉ်းချုပ် ပြောလိုက်သည်။
“တိုဟူးထဲက ဟင်းရည်က ငန်စိမ့်နေတာပဲ၊ အရသာရှိတယ်”
“ဒါကို ခင်ဗျား ပြောစရာ မလိုပါဘူး၊ မငန်ရင် စားလို့ကောင်းပါ့မလား”
“မလောကြပါနဲ့၊ ကျွန်တော် ဝက်အူမကြီးကို မြည်းကြည့်ဦးမယ်”
သူသည် ဝက်အူမကြီးတစ်တုံးကို ယူကာ အကြိမ်ပေါင်းများစွာ အားရပါးရ မှုတ်ထုတ်ပြီးနောက် ပါးစပ်ထဲ ထည့်ကာ မဝါးဘဲ မနေနိုင်အောင် ဖြစ်သွားသည်။
“အရသာရှိတယ်၊ ဝက်အူမကြီးက ဝါးလို့ကောင်းတယ်။ တခြား ထူးဆန်းတဲ့ အနံ့အသက် လုံးဝမရှိဘူး၊၊ မြန်မြန်... ကျွန်တော့်ကို ထမင်းပေးကြပါဦး”
မော့ချွမ်း နှာခေါင်းရှုံ့လိုက်၏။
“အဓိက အစာက နောက်မှ လာမှာပါ၊ စောင့်နေလိုက်”
ဒုတိယဟင်းလျာမှာ တို့ဟူး နှင့် ဆေးဘဲဥ ထက်ပင် ပိုမို လူကြိုက်များသွားသည်။
မော့ချွမ်းသည် မီးဖိုချောင်ထဲသို့ တစ်ခေါက် ထပ်ဝင်လာပြီး ညည်းတွား၏။
“အနံ့ပြင်းတဲ့ အရာနှစ်ခု ပေါင်းထားတာတောင် သူတို့ကို မခြောက်လှန့်နိုင်ဘူး။ ကျွန်တော်တော့ အံ့သြမိတယ်”
ဟွာကျွင်း အနည်းငယ် စိတ်အေးသွားသည်။
“သူတို့က တကယ်ပဲ ကျွန်မ လေ့ကျင့်ပေးထားတဲ့ စစ်သည်တော်တွေပဲ”
သူမ ပြောလိုက်သည်။
“ဒါဆို အဓိက ဟင်းပွဲ ကို ချပေးလိုက်တော့”
ယနေ့၏ ခရုခေါက်ဆွဲ မှာ အသုပ် ပုံစံ ဖြစ်သည်။ ပထမဦးစွာ ခေါက်ဆွဲကို ကျက်အောင်ပြုတ်ကာ ရေစစ်ပြီး ဘေးတွင် ဖယ်ထားလိုက်သည်။
ထို့နောက် ဒယ်အိုးထဲသို့ ဆီထည့်ကာ ခရုခေါက်ဆွဲ၏ အရန်ဟင်းထုပ်ကို ခဏမျှ ဆီသတ်သည်။ ဝက်အူချောင်း၊ ဥများနှင့် အသီးအရွက်အချို့ကို ထည့်ကာ အတူတူ လှော်ပေးပြီးနောက် ပြုတ်ထားသော ခေါက်ဆွဲကို ထည့်လိုက်သည်။
ဟင်းရည်ထုပ်ကို အကုန်မလောင်းထည့်ဘဲ တစ်ဝက်ခန့်ဆိုလျှင်ပင် အရသာအတွက် လုံလောက်နေပြီဖြစ်သည်။
မော့ချွမ်း ဟင်းပွဲများကို ချပေးရင်း ခေါင်းခါလိုက်၏။
“ဒါကတော့ အမှတ်အလကား ပေးသလိုပါပဲ၊ အမှတ်အလကား ပေးတာ”
ဧည့်သည်များမှာ ယခင် စားဖူးသည့် ခရုခေါက်ဆွဲမှန်း သိလိုက်သောအခါ ပို၍ပင် စိတ်လှုပ်ရှားသွားကြသည်။
“မယုံနိုင်စရာပဲ၊ ကျွန်တော် ဒါကို စားချင်နေတာ ကြာပြီ၊ ဟင်... ဘာလို့ ဟင်းရည် မပါတာလဲ”
မော့ချွမ်း စိတ်မရှည်ဟန်ဖြင့် ပြန်ပြော၏။
“ဒါက ဟင်းရည်မပါဘဲ စားရတဲ့ အမျိုးအစားမို့လို့ပါ”
ဟင်းရည်မပါသော ခရုခေါက်ဆွဲမှာ ပို၍ပင် အရသာ ပြင်းထန်၏။ ချောမွတ်ပြီး ကြွတ်ဆပ်သော ဆန်ခေါက်ဆွဲများပေါ်တွင် ဆော့စ်များ စိမ့်ဝင်နေသဖြင့် စပ်စပ်လေးနှင့် အလွန်အရသာ ရှိလှသည်။
အသုပ်ရော၊ ဟင်းရည်ရော နှစ်မျိုးလုံးသည် အညီအမျှ အရသာရှိသော်လည်း အသုပ်မှာ ပိုမိုမြန်ဆန်စွာ အေးသွားသဖြင့် နွေရာသီနှင့် ပိုမို သင့်တော်သည်။
ထိုအချိန်တွင် လူတိုင်းမှာ နံစော် တို့ဟူး၊ ဝက်အူမကြီးနှင့် ခရုခေါက်ဆွဲတို့ကို တပြတ်ပြတ်နှင့် အားရပါးရ စားနေကြသဖြင့် မည်သူမျှ စကားပင် မပြောနိုင်ကြတော့ပေ။