အခန်း ၂၆၂၇
Vol. 188 Ch. 2627
အပိုင်း(၂၆၂၇)
ကြေညာချက် တစ်ရပ်သည် ဇုံအားလုံးကို ဖြတ်သန်း တိုက်ခတ်သွားခဲ့သည်။ ၎င်းသည် ချွင်းချက်မရှိ စစ်မြေပြင် တစ်ခွင်လုံးရှိ လှုပ်ရှားမှုများကို နှိုးဆွလိုက်လေသည်။ ဆယ်လင်း မျှော်စင် ၂,၉၉၉ ခုသည် ထူးခြားသော ကြိမ်နှုန်းတစ်ခုဖြင့် တုန်ခါသွားခဲ့သည်။ မှိန်ပျပျ အလင်းရောင်သည် အထက်သို့ ဆန့်ထွက်သွားပြီး ကောင်းကင်ယံကို ဖြတ်တောက်မည့် အဟုန်ဖြင့် ထိုးဖောက်သွားခဲ့လေသည်။
စစ်ပွဲ...
စစ်ပွဲ...
စစ်ပွဲ...
ဖန်တီးခြင်း ပညာရှင်များ အတွက် ထင်ရှားကျော်ကြားသော ကျင့်ကြံခြင်း အခြေအနေများကို အတုယူရန် ဖန်တီးပြောင်းလဲထားပြီး တန်ခိုးရှင် များ၏ နေထိုင်ရာ နေရာနှင့် တူသော သာယာလှပသည့် ပတ်ဝန်းကျင်သည် ပြင်းထန်စွာ နှောင့်ယှက်ခံလိုက်ရသည်။
သေမျိုး များနှင့် လျှို့ဝှက် အာဏာရှင်များ အပါအဝင် ကျင့်ကြံသူ အားလုံးသည် သူတို့၏ နေအိမ်များမှ အလျင်အမြန် ပျံသန်းထွက်ခွာလာခဲ့ကြသည်။ သူတို့သည် သူတို့၏ အမှတ်အသား လျှို့ဝှက် သင်္ကေတများ ကို ကိုင်ဆောင်ထားကြသည်။ သူတို့သည် ဇုံ၏ မျှော်စင်ကို ကြည့်ရှုပြီးနောက် သူတို့၏ ကိုယ်ပိုင် ဖန်တီးခြင်း စက်လုံး ကို လှမ်းကြည့်လိုက်ကြလေသည်။
"ဘာတွေ ဖြစ်နေတာလဲ..."
"စစ်ကြေညာလိုက်တယ် ဟုတ်လား... ဘယ်သူကလဲ... ငါတို့ကိုလား..."
"ငါတို့ကို စစ်ကြေညာရဲတယ်ပေါ့လေ... သေချင်နေတာပဲ..."
ဤမျှ ရဲတင်းသော လုပ်ရပ်အတွက် အဖြေရှာရန် မေးခွန်းများကို အော်ဟစ် မေးမြန်းနေခဲ့ကြသည်။ သို့သော်လည်း အိမ်နီးချင်း ဆယ်လင်း မျှော်စင် တိုင်းသည် လှုပ်ရှားမှုများဖြင့် တုန်ခါနေသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။ အားလုံးသည် စစ်ကြေညာခြင်းကို ခံရသဖြင့် တုံ့ပြန်နေကြခြင်း ဖြစ်ကြောင်း သိလိုက်ရသောအခါ သူတို့ ပို၍ပင် အံ့အားသင့် မှင်သက်သွားကြလေသည်။ သူတို့သည် တရားခံဖြစ်သော သူတို့၏ ရန်သူကို ရှာဖွေရန် အမှတ်အသား လျှို့ဝှက် သင်္ကေတများ ကို စစ်ဆေးကြည့်လိုက်ကြသည်။
"အထက်ပိုင်း တောက်ပခြင်း ဇုံ ဟုတ်လား..."
"အဲဒါက အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ က အုပ်ချုပ်နေတာ မဟုတ်ဘူးလား... ဘာလို့များ သူတို့က ငါတို့ကို စိန်ခေါ်ရတာလဲ..."
"နေပါဦး... အထက်ပိုင်း စီးဆင်းခြင်း ဇုံက ငါ့မဟာမိတ်ဆီကနေ စိတ်ပိုင်းဆိုင်ရာ သတင်းပို့ချက် တစ်ခု ခုလေးတင် ရလိုက်တယ်... သူတို့ဇုံကိုလည်း အထက်ပိုင်း တောက်ပခြင်း ဇုံ က စစ်ကြေညာလိုက်တယ်လို့ သူက ပြောနေတယ်..."
"စစ်မျက်နှာ တစ်ခုထက် ပိုပြီး ဖွင့်တဲ့ စစ်ပွဲလား... ဘာလို့များ သူတို့က ဇုံနှစ်ခုကို တစ်ပြိုင်နက်တည်း ကြေညာရတာလဲ..."
"သူတို့က တည်ရှိနေတဲ့ ဇုံအများစုနဲ့ ပူးပေါင်းလုပ်ဆောင်နေတာ ဖြစ်ရမယ်... အဲဒီ ကောလာဟလနဲ့များ ပတ်သက်နေမလား..."
"ဇုံနှစ်ခု ဟုတ်လား... မဟုတ်ဘူး... အထက်ပိုင်း တောက်ပခြင်း ဇုံ က နှစ်ခုထက်မက စိန်ခေါ်နေတာ... သုံးခုလား... မဟုတ်ဘူး... သုံးခုတည်း မကဘူး... သူတို့က... စိန်ခေါ်မှု အားလုံးအတွက်... တာဝန်ရှိနေတာများလား..."
ဆက်လက် စုံစမ်းစစ်ဆေးမှုများနှင့်အတူ သဘာဝကျကျ ကောက်ချက်ချနိုင်ခဲ့ကြသည်။ အတွင်းပိုင်း စစ်မြေပြင်ထက် ပိုမို မြင့်မားသော အရည်အသွေးနှင့် အမြန်နှုန်းရှိသည့် ဆက်သွယ်ရေး ချိတ်ဆက်မှုစနစ်က ဤနေရာတွင် အပြည့်အဝ အလုပ်လုပ်နေခဲ့သည်။ ထို့ကြောင့် အမှန်တရားကို အချိန်တိုအတွင်း ဖော်ထုတ်နိုင်ခဲ့လေသည်။ အထက်ပိုင်း တောက်ပခြင်း ဇုံ သည် အခြား မည်သည့် အထောက်အပံ့မျှ မပါဘဲ ဇုံတိုင်းအပေါ်သို့ ရဲတင်းစွာ စစ်ကြေညာခဲ့ခြင်း ဖြစ်ကြောင်း လူအများစု သိရှိသွားခဲ့ကြသည်။
ပြင်ပ စစ်မြေပြင်သည် ဂလက်ဆီ အစုအဝေး တစ်ခွင်ရှိ ဖန်တီးခြင်း ပညာရှင်များ ကို ကိုယ်စားပြုပြီး ဂလက်ဆီ သုံးဆယ့်သုံးခုစလုံးသို့ ဖြန့်ကျက်ထားသည်။ ဤစစ်မြေပြင်သည် ဂလက်ဆီ များစွာ ပါဝင်သော နယ်မြေကို သတ်မှတ်ပေးထားခြင်း ဖြစ်သည်။ ဤနေရာတွင် မပါဝင်သော ဂလက်ဆီ အင်အားစု ဟူ၍ မရှိပေ။ ပါဝင်နိုင်သော ဖန်တီးခြင်း ပညာရှင် တိုင်းသည် မည်သို့မျှ သာမန် မဟုတ်ကြပေ။ သူတို့သည် ရွေးချယ်ထားသော ပညာရပ်များတွင် ထူးချွန်ပြောင်မြောက်စွာ ကျွမ်းကျင်ကြသည်။ ၎င်းတို့၏ အသက်ကိုပင် ပဓာနမထားဘဲ အလွန် ကန့်သတ်ချက်များသော နယ်ပယ်တစ်ခုတွင် လေ့လာသင်ယူကာ ယှဉ်ပြိုင်နေကြခြင်း ဖြစ်သည်။ လုံခြုံဘေးကင်းစွာ ကြီးပြင်းလာခဲ့ရသော သာမန် ဖန်တီးခြင်း ပညာရှင်များ နှင့် များစွာ ကွာခြားလှပေသည်။
သူတို့သည် စနစ်၏ စစ်သားများ ဖြစ်ကြသည်။ သူတို့သည် စနစ် တပ်မှူးများ ဖြစ်ကြသည်။ သူတို့သည် အတွင်းရော အပြင်ပါ တိုက်ခိုက်ရေးသမားများ ဖြစ်ကြသည်။ ဤစစ်မြေပြင်သည် ပတ်ဝန်းကျင် အလှတရားများကို ကြွားဝါနေသော်လည်း အတွင်းပိုင်း စည်းမျဉ်း စစ်မြေပြင်ထက် သေကြေပျက်စီးမှု နည်းပါးခြင်း လုံးဝ မရှိပေ။ ယခုအခါတွင်မူ သူတို့၌ ရန်သူတစ်ဦး ရှိလာခဲ့ပြီ ဖြစ်သည်။
သို့သော် ကြီးမားသော မေးခွန်းတစ်ခုက ကျန်ရစ်နေဆဲ ဖြစ်သည်။
"ဘယ်သူကများ သေချင်စော်နံလောက်အောင်ကို ရူးသွပ်နေရတာလဲ..."
ထိုမေးခွန်းအတွက် အဖြေကို ချက်ချင်းပင် ရရှိသွားခဲ့သည်။
ထပ်မံ၍ ဖန်တီးခြင်း စက်လုံးများသည် စတင် နိမ့်ဆင်းသွားခဲ့သည်။ ကောင်းကင်ယံတွင် တစ်မီတာမျှသာ ရှိသော သေးငယ်သည့် ဖန်တီးခြင်း စက်လုံး တစ်ခုတည်းသာ လွင့်မျော ကျန်ရစ်နေခဲ့သည်။ အထက်ပိုင်း တောက်ပခြင်း ဇုံ နှင့် ဆက်သွယ်နေသူများသည် သူတို့ လက်ခံရရှိနေသော တုံ့ပြန်ချက်များကြောင့် တုန်လှုပ်သွားခဲ့ကြလေသည်။
"လက်ရှိမှာ အထက်ပိုင်း တောက်ပခြင်း ဇုံ ထဲမှာ တပ်မှူး အဖြစ် ရောက်နေတဲ့ ခရမ်းရောင် အားဆေး အဂ္ဂိရတ် ရှန့်ထို ရဲ့ အဆိုအရတော့... ဘာတွေ ဖြစ်နေလဲဆိုတာကို သူတို့လည်း လုံးဝ မသိဘူးတဲ့..."
"မသိဘူး ဟုတ်လား... အဓိပ္ပာယ် မရှိတာ..."
"ဟိုမှာ ကြည့်... ကြည့်လိုက်စမ်း... ဖန်တီးခြင်း စက်လုံး တစ်ခုတည်းပဲ ရှိတော့တယ်...”
ဝမ်... ဝမ်...
အသစ်စက်စက် ဖန်တီးထားသော ဖန်တီးခြင်း စက်လုံး တစ်ခုသည် ကောင်းကင်ယံကို အလှဆင်လာသောအခါ လူအများ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့သည်။ ၎င်းသည် နူးညံ့သော အလင်းရောင် တစ်ခုကို ထုတ်လွှတ်နေခဲ့သည်။ မည်သို့မျှ တုံ့ဆိုင်းနေခြင်း မရှိဘဲ၊ ၎င်းသည် အဂ္ဂိရတ် ပညာရပ်အတွက် ရည်ရွယ်ထားသော ဖန်တီးခြင်း စက်လုံး တစ်ခုဖြစ်ကြောင်း လူအများစုက ခန့်မှန်းသိရှိနိုင်ခဲ့ကြသည်။
အဂ္ဂိရတ် ပညာရှင် တစ်ဦးတည်းက မည်သည့် အကူအညီမှ မပါဘဲ အခြား ဇုံများ အားလုံးကို စိန်ခေါ်နေခြင်းများလော။ အဂ္ဂိရတ် ပညာရှင် တစ်ဦးတည်းကလော...။
၎င်းသည် အလွန်တရာ ရယ်စရာကောင်းလှပေသည်။
သို့သော်လည်း ခံစားချက်များကို ဘေးဖယ်ထားလိုက်လျှင်ပင်၊ အဂ္ဂိရတ် ပညာရှင် တစ်ဦးသည် အခြားသော တပ်မှူးများ ထံမှ မည်သည့် ခွင့်ပြုချက်မျှ မရယူဘဲ အထက်ပိုင်း တောက်ပခြင်း ဇုံ အတွင်း အခြေစိုက်ထားသော မည်သည့် အဖွဲ့အစည်း၊ အုပ်စုထံမှမျှ အကူအညီ မတောင်းခံဘဲ လုပ်ဆောင်ခဲ့ခြင်းက သူတို့၏ မယုံကြည်နိုင်မှုများကို ပိုမို ကြီးထွားလာစေခဲ့သည်။ သူသည် တကယ်ကို တစ်ဦးတည်း လုပ်ဆောင်နေခြင်း ဖြစ်သည်။ ထိုဇုံအတွက် အခြားသော ဖန်တီးခြင်း စက်လုံး များစွာသည် စိန်ခေါ်ရန် အထက်သို့ တက်မလာဘဲ အောက်ဘက်တွင်သာ ရှိနေသည်ကို မျက်မြင်တွေ့ရှိရသောအခါ၊ ၎င်းသည် အဂ္ဂိရတ် ပညာရှင် တစ်ဦးတည်း၏ ဆန္ဒသာ ဖြစ်ကြောင်း ထင်ရှားနေခဲ့သည်။
သို့သော် မည်သူနည်း။
...
“ဟား... ဟား... ဟား...”
ဝေ့ဝူယင် ၏ ရယ်မောသံသည် တီလီ ၏ နှလုံးသားထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။ ၎င်းတွင် ရူးသွပ်မှုများနှင့် စိန်ခေါ်လိုသော ပြင်းပြသည့် ဆန္ဒများ ပြည့်နှက်နေခဲ့သည်။ မျှော်လင့်ချက်များနှင့် စိတ်လှုပ်ရှားမှုများကိုပါ သယ်ဆောင်ထားလေသည်။
ဤအရာသည် အတွင်းပိုင်း စစ်မြေပြင် တစ်ခုကို ရင်ဆိုင်ရခြင်းနှင့် ကွဲပြားခြားနားလှသည်။ ပြင်ပဇုံ တစ်ခုစီတိုင်းအတွက် အတွင်းပိုင်း ဇုံ ၃,၀၀၀ စီ ရှိပေသည်။ ထို့ကြောင့် ဤနေရာသည် ဂလက်ဆီ အစုအဝေး တစ်ခွင်မှ အစစ်အမှန် ထိပ်တန်း ပါရမီရှင်များ စစ်မြေပြင် တစ်ခုတည်းတွင် စုဝေးနေသော နေရာပင် ဖြစ်သည်။ အန္တရာယ်က ပို၍ ကြီးမားလေသည်။
ဇုံတစ်ခုစီတွင် ပြန့်ကျဲနေသော ဖန်တီးခြင်း ပညာရှင်များ၏ ပမာဏ အစစ်အမှန်ကို ရှင်းလင်းစွာ ဖော်ပြရန် ခက်ခဲလှပေသည်။ သို့တိုင်အောင် သူတို့ အားလုံးသည် ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြပြီး ရဲရင့်ကြသည်။ ယုံကြည်မှု ရှိကြပြီး အဆက်မပြတ် ဖြစ်ပွားနေသော ရွှင်းစု တာအို တိုက်ပွဲများ ဖြင့် စမ်းသပ်ခံထားရသူများ ဖြစ်ကြသည်။ အခြားသူများထက် အရည်အသွေးနှင့် အမြန်နှုန်း သာလွန်စေရန် အမြဲမပြတ် လေ့ကျင့်နေကြသူများ ဖြစ်ပေသည်။ တီလီ ပင်လျှင် ရှုံးနိမ့်ခြင်းနှင့် ပတ်သက်၍ အဆိုးမြင်သော အတွေးအချို့ကို မတွေးဘဲ မနေနိုင်အောင် ဖြစ်လာခဲ့ရသည်။ မည်သို့ပင်ဆိုစေ... ပုရွက်ဆိတ်များကလည်း ဘီလူးကြီးကို လဲကျသွားအောင် လုပ်နိုင်စွမ်း ရှိသည် မဟုတ်ပါလော။
ထိုနေရာတွင် ရှိနေသူ အချို့သည် အဂ္ဂိရတ် ဝိညာဉ်များ ကို ပိုင်ဆိုင်ထားသော အစစ်အမှန် လောကရှန့်ထို အဂ္ဂိရတ် ပညာရှင်များ ဖြစ်ကြသည်။ သို့မဟုတ် ပန်းပဲထုခြင်း၊ ပညာရပ်ပိုင်းဆိုင်ရာ လေ့လာမှုများ၊ သို့မဟုတ် အဆောင် ဖန်တီးခြင်း တို့အတွက် သီးသန့် မြှုပ်နှံထားသော ဝိညာဉ်များ ရှိကြသူများ ဖြစ်ပေသည်။ သူတို့သည် သူတို့၏ သက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအတွက် သူတို့၏ ဘဝများကို မြှုပ်နှံထားခဲ့ကြသည်။
ဝေ့ဝူယင်သည် တီလီ ၏ နဖူးကို အနမ်းတစ်ပွင့် ပေးလိုက်ရာ သူမ၏ နှလုံးသားကို ချက်ချင်း တည်ငြိမ်သွားစေခဲ့သည်။ ထို့နောက် သူသည် နောက်ပြန် ရွေ့လျားနေသော ကြယ်တံခွန် တစ်ခုကဲ့သို့ ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့သည်။ အောက်သို့ ကျဆင်းလာမည့်အစား အထက်သို့ တက်သွားခဲ့ခြင်း ဖြစ်ပြီး မြူခိုးများဖြင့် ဖုံးလွှမ်းနေသော အရောင်ခုနစ်မျိုးရှိသည့် တောက်ပသော အလင်းတန်းများကို ထုတ်လွှတ်နေခဲ့သည်။ သူ ဖန်တီးခြင်း စက်လုံး အတွင်းသို့ မဝင်ရောက်မီ၊ လူတိုင်း၏ မျက်လုံးများသည် သူ တက်လှမ်းသွားသည်ကို အစွမ်းကုန် အာရုံစိုက်ကာ ကြည့်ရှုနေခဲ့ကြသည်။ သူ၏ ဝိညာဉ်အသံသည် လူတိုင်း၏ နှလုံးသားများထဲသို့ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
"မင်းတို့ရဲ့ ဖန်တီးခြင်း နည်းလမ်းတွေကို ရဲရင့်မှု၊ ကျွမ်းကျင်မှုတွေနဲ့ အတူ ကိုင်စွဲထားကြစမ်း... ငါက အားလုံးကို အတူတူပဲ ချေမှုန်းပစ်မယ်..."
အာဏာရှင်ဆန်သော ထိုအသံထိုသည် နှလုံးသားများထဲသို့ သနားညှာတာမှု ကင်းမဲ့စွာဖြင့် ဝင်ရောက်လာခဲ့သည်။ အလွန်တရာ ရဲတင်းလွန်းသော စစ်ကြေညာခြင်း တစ်ရပ်ပင် ဖြစ်ပေသည်။
"ဒီလူက ဘယ်သူလဲ..."
အော်ဟစ်သံများ အားလုံးတွင် ဒေါသနှင့် ခက်ထန်မှုများ ရောယှက်နေခဲ့သည်။ ရဲတင်းလွန်းလှပေသည်။ တကယ့်ကို ရဲတင်းလွန်းလှပေသည်။
တစ်ချိန်တည်းမှာပင်... အထက်ပိုင်း တောက်ပခြင်း ဇုံ မှ လူများသည် တိတ်ဆိတ်နေခဲ့ကြသည်။ ဤရူးသွပ်နေသူနှင့်အတူ စစ်ပွဲတွင် ပါဝင်ရန် သူတို့ကို တိုက်တွန်းချက် တစ်ခု ပေးအပ်ခံခဲ့ရသည်။ သို့သော် သူတို့ လုပ်နိုင်ပါမည်လော။
၎င်းက သက်သက် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း မဟုတ်ပါလော။ စစ်ပွဲတစ်ခုကို စတင်မည်၊ မစတင်မည်ကို ရွေးချယ်ရန် ရုန်းကန်နေရချိန်တွင်၊ လူတိုင်းနီးပါးသည် မပါဝင်ရန် အလွယ်တကူ ဆုံးဖြတ်လိုက်ကြသည်။ ကိုးနာရီ အပြည့် အချိန်အတွင်း လူအနည်းငယ်ကသာ အလေးအနက် စဉ်းစားခဲ့ကြသည်။ သို့သော်... ဖန်တီးခြင်း စက်လုံး တစ်ခုတည်းသာ အထက်သို့ တက်လာခဲ့လေသည်။
တစ်ခုတည်းသာ ဖြစ်ပေသည်။
***