← Chapters

အခန်း ၃၀၉

Vol. 23 Ch. 309

အခန်း ၃၀၉

Vol. 23 Ch. 309

အပိုင်း(၃၀၉)

လက်တုအသစ်ကြောင့် ရရှိလာသော လင်းတုန်း၏ စိတ်လှုပ်ရှားမှုများမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူသည် ဝေဝေဝါးဝါးဖြင့် သူ၏ ပစ္စည်းများကို သိမ်းဆည်းလိုက်၏။ သတိပြန်ဝင်လာချိန်တွင်မူ သူ၏ အခန်းသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်။ ၎င်းမှာ ရိုးရှင်းလှသည်။ စကိုင်းဆွန်းများ သူ့ကို ယခင်က ဖမ်းဆီးထားခဲ့သော အချုပ်ခန်းထက်ပင် အပြင်အဆင် နည်းပါးလှသည်။ သို့သော် တော်သေးသည်က ၎င်းထက် ပို၍ ကျယ်ဝန်းနေခြင်းပင်။ ထိုအခန်းသည် အော်သို အိပ်စက်ရာ တိရစ္ဆာန်တင်းကုပ် တစ်ခုနှင့် ဆက်သွယ်ထားသည်။

လင်းတုန်းသည် အခန်း၏ အလယ်ဗဟို၌ တွေဝေစွာ ရပ်နေမိ၏။

မည်သူ့ကို အမီလိုက်ချင်နေသနည်းဟု ဂီရှာ မေးခဲ့စဉ်က သူ၏ စိတ်ထဲတွင် မျက်နှာနှစ်ခုသာ ပေါ်လာခဲ့သည်။ ယီရင် နှင့် အီသန် တို့ ဖြစ်၏။

ထိုသူနှစ်ဦးစလုံး၏ နာမည်များကို အသံထွက်ပြောရန်မှာ များစွာ ရှက်ရွံ့စရာ ကောင်းလှသည်။ ယီရင် သည် သူတော်စင် တစ်ဦး၏ တပည့်ဖြစ်ပြီး ပါရမီရှင် တစ်ယောက် ဖြစ်၏။ အီသန် ကမူ အဆင့်နိမ့် အရှင်သခင် တစ်ဦးဖြစ်ပြီး ကြီးမြတ်သော မိသားစုကြီး တစ်ခု၏ ခေါင်းဆောင်ကြီး လည်း ဖြစ်ပေသည်။

သို့သော် သူတို့နှစ်ဦးစလုံးက သူ့ကို အမီလိုက်နိုင်စွမ်း ရှိသူတစ်ယောက်ကဲ့သို့ ဆက်ဆံခဲ့ကြသည်။ ထိုသို့ ယုံကြည်လာအောင်လည်း သူတို့က ပြုလုပ်ပေးခဲ့ကြ၏။

ယခုအခါတွင်မူ သူ တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။

ဘာလုပ်နေမှန်း သူ့ကိုယ်သူပင် မသိလိုက်ဘဲ သူ၏ အိတ်ကို ဘယ်လက်ဖြင့် ဆွဲယူကာ လွယ်လိုက်မိသည်။ ထို့နောက် အိတ်လွယ်စရာ မလိုသေးကြောင်းကို သတိပြုမိသွားသဖြင့် လွယ်နေတုန်း တစ်ဝက်တစ်ပျက်နှင့်ပင် ငြိမ်သက်သွား၏။ သို့သော် ထိုအရာက သူ့ကို စိတ်သက်သာရာ ရစေပြီး အသင့်ဖြစ်နေသကဲ့သို့ ခံစားရစေသည်။

ထို့နောက် သူသည် ရည်ရွယ်ချက်မဲ့စွာဖြင့် အော်သို ၏ အခန်းဘက်သို့ လျှောက်သွားလိုက်သည်။ ထိုအခန်းမှာ ကျယ်ဝန်းပြီး ဟာလာဟင်းလင်း ဖြစ်နေသည်။ ၎င်း၏ နံရံများကို အစီအရင်များ ရေးဆွဲထားသော သတ္တုမည်းများဖြင့် ကာရံထား၏။ ၎င်းကို စာချုပ်ချုပ်ဆိုထားသော အထွတ်အမြတ် သားရဲများ ထားရှိရန် ရည်ရွယ်၍ တည်ဆောက်ထားခြင်း ဖြစ်ကြောင်း လင်းတုန်း ကြားသိခဲ့ရသည်။

လင်းတုန်း ထင်ထားသည့်အတိုင်း အော်သို က အိပ်ပျော်နေခြင်း မရှိပေ။ ထိုအစား လိပ်ကြီးသည် မြို့ထဲမှ လင်းတုန်း လိုက်လံ စုဆောင်းထားသော ကျောက်ခဲပုံများနှင့် လမ်းပေါ်မှ ကျောက်တုံး အကျိုးအပဲ့များကို ဝါးစားနေသည်။ လင်းတုန်း ဝင်လာသောအခါ အနီရောင် မျက်လုံးဝိုင်းကြီးများဖြင့် လှည့်ကြည့်လာသော်လည်း ၎င်းက ဘာမှ မပြောခဲ့ပေ။ ဆက်လက်၍သာ ဝါးစားနေခဲ့၏။

လင်းတုန်းက အိတ်ကို ရင်ခွင်ထဲတွင် ပိုက်ထားလိုက်သည်။ လက်တစ်ဖက်တည်းဖြင့်သာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အခြား လက်တစ်ဖက်က ထပ်မံ၍ ထိန်းမရ ဖြစ်နေသောကြောင့် ဖြစ်သည်။ ထို့နောက် သူ ထိုင်ချလိုက်သည်။

အော်သိုမှာ ထပ်မံ၍ အားနည်းပြီး ဝေခွဲမရ ဖြစ်နေပြန်သည်။ ပျက်စီးနေသော ဝိညာဉ်ဖြင့် နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရခြင်းက သူ၏ စိတ်အပေါ် အမာရွတ်များ ထင်ကျန်ရစ်စေခဲ့၏။ ယခုအခါတွင် သူသည် တွေးတောနိုင်ရန်ပင် များစွာ ရုန်းကန်နေရသည်။

အပြာလေးက လင်းတုန်း၏ ဝတ်ရုံထဲမှ ထွက်လာပြီး အော်သို ကို ကြည့်လိုက်သည်။ သူမက လင်းတုန်းကို အမြန် တစ်ချက်ကြည့်လိုက်ပြီးနောက် ကြမ်းပြင်ပေါ်မှ အပြေးလေး သွားကာ လိပ်ကြီး၏ ရှေ့ခြေထောက်တစ်ဖက်ပေါ်သို့ သူမ၏ အပြာရောင် လက်လေးကို တင်လိုက်သည်။

ဆယ်လ်ဗန် မြစ်မျိုးစေ့ ၏ စွမ်းအားက မာဒြာ လမ်းကြောင်းများကို သန့်စင်ပေးလိုက်သောအခါ သူ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်မှာ တုန်ခါသွား၏။ သို့သော် သူကမူ ကျောက်တုံးကိုသာ ဆက်လက် ဝါးစားနေခဲ့သည်။

"လင်း... တုန်း..."

ကျောက်စရစ်ခဲများကို ပါးစပ်အပြည့် ငုံထားရင်း သူက ပြောလိုက်သည်။

အပြာလေး က ဝမ်းနည်းဖွယ် အသံစူးစူးလေး တစ်ချက် ပြုလုပ်လိုက်ပြီးနောက် လင်းတုန်းဆီသို့ ပြန်လာခဲ့သည်။

"မင်္ဂလာနံနက်ခင်းပါ... အော်သို..."

လင်းတုန်းက နှုတ်ဆက်လိုက်သည်။

"...လက်တု..."

လိပ်ကြီးက အားယူ၍ ပြောလိုက်သည်။

"အသစ်လေ..."

လင်းတုန်းက ပြောကာ လက်ကို မြှောက်၍ ခက်ခဲစွာ လှည့်ပြလိုက်သည်။

"ဒါပေမဲ့ ပိုကောင်းလာဖို့ ရှိပါတယ်..."

အော်သို၏ သတိလွတ်နေမှုမှာ တစ်စက္ကန့်ထက် တစ်စက္ကန့် ပိုမို ကြည်လင်လာသော်လည်း စကားပြောရန်မူ အခက်အခဲ ရှိနေဆဲ ဖြစ်သည်။ ခဏအကြာတွင် သူက ခေါင်းတစ်ချက် ညိတ်လိုက်၏။

"ကောင်းတယ်... သဘောကျတယ်..."

ယခုတော့ ယီရင် နှင့် အော်သို တို့ထံမှ ချီးကျူးမှုကို ရရှိခဲ့ပြီ ဖြစ်သည်။

"ကျွန်တော့် ရုပ်ထွက်က ပိုပြီး ကြောက်စရာကောင်းလာလေ ခင်ဗျားနဲ့ ယီရင် က ပိုပြီး သဘောကျလေ ဖြစ်မယ်ထင်တယ်..."

လင်းတုန်းက အိတ်ကို အမှုမဲ့အမှတ်မဲ့ ဖွင့်ရင်း ပြောလိုက်သည်။

"နဂါးတွေက... ကြောက်စရာကောင်းတယ်..."

အော်သို က ပြောလိုက်ရာ သူ၏ မျက်လုံးများထဲမှ အနီရောင်များ တောက်ပလာသည်။

"အဲဒါ ကျွန်တော်က ကြောက်စရာကောင်းချင်တယ်လို့ ပြောတာမဟုတ်ဘူးနော်..."

လင်းတုန်းက သူ၏ ပစ္စည်းများကို မွှေနှောက်ကြည့်ရင်း ပြောလိုက်သည်။ သူသည် ပစ္စည်းများကို စာရင်းကောက်နေခြင်း ဖြစ်၏။ ဤနေရာ... ဤအခန်းထဲတွင် သူပိုင်ဆိုင်သမျှ အရာအားလုံး ရှိနေသည်။

အပြာလေး၊ အော်သို နှင့် သူ၏ အိတ်ထဲမှ ပစ္စည်းများသာပင်...။

အီသန် က သူ့ကို ဆက်လက် ကူညီပေးမည် ဖြစ်သော်လည်း သူသည် ထွက်သွားခဲ့ပြီ ဖြစ်သည်။ အဆင့်နိမ့် အရှင်သခင် တစ်ယောက် မည်သည့်အချိန်တွင် ပြန်လာမည်ကို မည်သူ သိနိုင်မည်နည်း။ အင်ပါယာ၏ အကျပ်အတည်းတစ်ခုကို ဖြေရှင်းပေးရန် ဧကရာဇ်က သူ့ကို မလိုအပ်ခင်ကတည်းက အီသန် မှာ စိတ်ပြောင်းလွယ်သူ တစ်ယောက် ဖြစ်ခဲ့သည်။

လင်းတုန်းသည် သယ်ဆောင်ရလွယ်ကူသော အစီအရင် မီးအိမ်၊ အပို အဝတ်အစား တစ်စုံနှင့် ကြိုးလုံးတစ်ခုတို့ကို ကျော်လွန်၍ အောက်ခြေအထိ နှိုက်ကြည့်လိုက်သည်။ အိတ်ထဲရှိ အရာအားလုံးကို ရေတွက်နေခြင်းက သူ့ကို စိတ်တည်ငြိမ်သွားစေပြီး အရာရာကို ထိန်းချုပ်ထားနိုင်သည်ဟူသော ခံစားချက်ကို ပေးစွမ်း၏။ သူသည် တတ်နိုင်သမျှ အရာအားလုံးအတွက် ပြင်ဆင်ထားခဲ့ပြီး ဤအရာများသည် သူ၏ ပြင်ဆင်မှု အသီးအပွင့်များပင် ဖြစ်သည်။

ခဏအကြာတွင် သူ၏ လက်ချောင်းထိပ်များက ဟောင်းနွမ်း၍ ဝါကြန့်ကြန့် ဖြစ်နေသော စာရွက်တစ်ခုကို ထိမိသွားသည်။ သူက ၎င်းကို ဆွဲထုတ်လိုက်၏။ အဖုံးပေါ်တွင် "အမြွှာကြယ် နှလုံးသား" ဟု ရေးသားထားသည်။

အထဲတွင်မူ လမ်းညွှန်စာအုပ်၌ ပါဝင်သော စာရွက်လွတ်များပေါ်တွင် သူက စာများ ရေးသားထားပြီး လိုအပ်သလို စာမျက်နှာများကိုလည်း ထပ်မံ ဖြည့်စွက်ထားခဲ့သည်။

"အမြွှာကြယ် လမ်းစဉ်" ဟု သူ၏ ကိုယ်ပိုင် လက်ရေးဖြင့် ရေးသားထား၏။

ဤစာအုပ်ထဲတွင် သူ၏ အဆင့်တက်ခြင်း လုပ်ငန်းစဉ် အဆင့်ဆင့်ကို မှတ်တမ်းတင်ထားသည်။ သန့်စင်သော မာဒြာ များကို အသုံးပြုပုံများလည်း ပါဝင်၏။ ဗလာလက်ဝါး နည်းစနစ်၏ စွမ်းဆောင်ရည်၊ အကွာအဝေးနှင့် ခံစားရမှု မှတ်စုများကိုလည်း ရေးသားထားသည်။

သူ အမြုတေ ကို ခွဲထုတ်ခဲ့သည့် အတွေ့အကြုံများနှင့် စွမ်းအင်သိုလှောင်နိုင်စွမ်းကို ချဲ့ထွင်ရန်အတွက် သူ့ကိုယ်တိုင် ဖန်တီးခဲ့သော မာဒြာပြား များကို မည်သို့ အသုံးပြုခဲ့ပုံတို့ကိုပါ မှတ်တမ်းတင်ထားခဲ့သည်။ ထို့ပြင် ကောင်းကင်နှင့် မြေကြီး သန့်စင်ခြင်း ဘီး နည်းစနစ်သို့ ကူးပြောင်းကျင့်ကြံခဲ့သည့် အချိန်ကိုလည်း မှတ်တမ်းတင်ထား၏။ သို့သော် ထိုစွမ်းအင် လှည့်ပတ်ခြင်း နည်းစနစ်ကို လျှို့ဝှက်ထားရန် အီသန် ၏ အကြံပေးချက်အရ ထိုအသေးစိတ် အချက်အလက်များနှင့် ပတ်သက်၍မူ ဝေဝါးစွာသာ ရေးသားထားခဲ့သည်။

ထိုနောက်ပိုင်းတွင်တော့ သူ၏ မှတ်စုများမှာ ကျဲပါးသွားခဲ့သည်။ လေ့ကျင့်ရန်အတွက် အီသန် ပေးခဲ့သော ဆေးလုံးများအကြောင်းကို မှတ်တမ်းတင်ထားခဲ့၏။ ထို့ပြင် လင်းတုန်း စုပ်ယူနိုင်ရန်အတွက် အဆင့်နိမ့် ရွှေအဆင့် နှင့် အဆင့်မြင့် ရွှေအဆင့် အမြုတေများကို မည်သို့ သန့်စင်ပေးခဲ့ကြောင်းကိုလည်း ရေးသားထားသည်။ ထိုနည်းလမ်းမှာ လင်းတုန်း၏ သန့်စင်သော အမြုတေကို အဆင့်နိမ့် ရွှေအဆင့် သို့ ရောက်ရှိစေရန် အသုံးပြုခဲ့သော နည်းလမ်းပင် ဖြစ်သည်။

သို့သော် ထိုမျှသာ ဖြစ်၏။ စာမျက်နှာလွတ်များ များစွာ ကျန်ရှိနေသေးသည်။

လင်းတုန်းသည် လမ်းညွှန်စာအုပ်ကို လက်ထဲတွင် ကိုင်ထားရင်း အချိန်အတော်ကြာအောင် ထိုင်နေမိသည်။ ဟောင်းနွမ်းနေသော စာရွက်၏ အထိအတွေ့နှင့် အနံ့တို့က အတိတ်မှ ခံစားချက်ဟောင်းများကို ပြန်လည် နိုးကြားလာစေ၏။

ဝိညာဉ်မဲ့ ဆိုသည်မှာ အထွတ်အမြတ် တောင်ကြား မှ ဖန်တီးထားသော လုပ်ကြံဇာတ်လမ်း တစ်ခုသာဖြစ်ကြောင်း ယီရင် က သင်ပေးခဲ့စဉ်က သူ မည်သို့ ခံစားခဲ့ရသည်ကို ပြန်လည် အမှတ်ရလာသည်။ သူ၏ ကိုယ်ပိုင် လမ်းစဉ် ကို မည်သို့ ဖောက်လုပ်နိုင်မည် ဆိုသည်ကိုလည်း တွေးမိလေသည်။

"အော်သို..."

လင်းတုန်း က တိုးတိတ်စွာ ပြောလိုက်သည်။

"ယီရင် က စကိုင်းဆွန်း တွေဆီ သွားပူးပေါင်းပြီ..."

လိပ်ကြီးက ခဏမျှ ညည်းတွားလိုက်ပြီးနောက် အားယူ၍ မေးလိုက်သည်။

"ဘာလို့လဲ..."

"သူတို့က သွေးနီလဂိုဏ်း နဲ့ တိုက်ခိုက်နေကြလို့လေ..."

အော်သို၏ ဝိညာဉ်ထဲတွင် ဒေါသများ ဆူပွက်လာသည်။ ထိန်းချုပ်မှုများကို တွန်းကန်နေသော အထွတ်အမြတ် သားရဲ၏ ထိုဒေါသများကို လင်းတုန်း ခံစားသိရှိနိုင်၏။ သွေးမျိုးပွားလူများ အကြောင်းနှင့် သူ အိပ်ပျော်နေစဉ်အတွင်း ထိုအရာများ ဘာတွေလုပ်ခဲ့ကြောင်းကို သူ ကြားသိထားပြီး ဖြစ်သည်။ ထို့ပြင် ထိုအရာများသည် ကပ်ဘေးနတ်ဘုရား တစ်ပါးထံမှ လာခြင်းဖြစ်ကြောင်းကိုလည်း သိထား၏။ သူ၏ စိတ်ထဲတွင်တော့ သူ အိပ်ပျော်နေစဉ် သွေးနီလဂိုဏ်း က သူ့ကို အရူးလုပ်သွားခဲ့သည်ဟု ခံစားနေရသည်။

အော်သိုသည် သူ့ကိုယ်သူ ထိန်းချုပ်ထားသော်လည်း မတ်တပ်ရပ်လိုက်ပြီး လင်းတုန်း ဘက်သို့ ခေါင်းလှည့်လာသည်။

"မင်းကရော... သူတို့ကို ဘာမှမတားဆီးဘဲ သူတို့ လုပ်ချင်တာ လုပ်ခွင့်ပေးထားမှာလား..."

အနည်းဆုံးတော့ သူ စကားများကို အပြည့်အစုံ ပြန်ပြောနိုင်နေပြီ ဖြစ်၏။

"အာရီလီယပ် မိသားစု နဲ့ အတူနေတာက ပိုပြီး ပညာပါတဲ့ ရွေးချယ်မှုပဲ..."

လင်းတုန်း က ပြောလိုက်သည်။

"အရင်ဆုံး ပိုသန်မာအောင် လုပ်ရမယ်... အခု သွားတိုက်မယ်ဆိုရင် ကျွန်တော် ဘာမှ စွမ်းဆောင်နိုင်မှာ မဟုတ်ဘူး... ရှုံးဖို့ ဒါမှမဟုတ် သေဖို့ သွားသလိုပဲ ဖြစ်နေလိမ့်မယ်..."

အော်သိုက သူ့ကို နံရံဆီသို့ ဆုတ်ခွာသွားစေပြီး အပေါ်မှ မိုးကာ ကြည့်လိုက်သည်။ လိပ်ကြီးက သူ့ကိုယ်သူ အပြည့်အဝ ထိန်းချုပ်ထားနိုင်ကြောင်းကို လင်းတုန်း ခံစားသိရှိနိုင်သော်လည်း ကြောက်ရွံ့မှု တစ်ချက်တော့ ဝင်ရောက်သွားခဲ့၏။ ထိန်းမရသိမ်းမရ ဖြစ်နေသော အော်သို နှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ရဖူးသဖြင့် သူ လုံးဝ စိတ်အေးလက်အေး မဖြစ်နိုင်သေးပေ။

"နဂါးတစ်ကောင်က သူ့အတွက် ဆုံးဖြတ်ချက်တွေကို ကြောက်ရွံ့မှုက ချမှတ်ပေးတာမျိုး ဘယ်တော့မှ ခွင့်မပြုဘူး..."

အော်သို က ဟိန်းဟောက်လိုက်သည်။

"နဂါးဆိုတာ ကိုယ့်လမ်းစဉ် အတွက် ကိုယ်တိုင် ဆုံးဖြတ်ရတယ်..."

လင်းတုန်းက သူ၏ လက်ထဲရှိ လမ်းညွှန်စာအုပ်ကို ငုံ့ကြည့်လိုက်သည်။

သူ၏ ကိုယ်ပိုင် လမ်းစဉ်...

သူ ဘာလုပ်ချင်နေသနည်း...

အပြာလေးက သူ၏ ခြေသလုံးနား တစ်နေရာမှ သူ့ကို မော့ကြည့်နေသည်။ သူမ၏ သမုဒ္ဒရာလို ပြာလဲ့နေသော ခန္ဓာကိုယ်လေးက အော်သို ၏ အခိုးအငွေ့များကြားတွင် တောက်ပနေ၏။ သူမက နှစ်သိမ့်မှုပေးရန် သူ့ကို လှမ်း၍ ပုတ်ပေးလေသည်။

သူက အသားဖြင့် ဖွဲ့စည်းထားသော လက်ဖြင့် သူမကို ကမ်းကြိုလိုက်ရာ သူမက သူ၏ ပခုံးပေါ်သို့ ပြေးတက်ကာ ထိုင်နေလိုက်သည်။ ထို့နောက် သူ မတ်တတ်ရပ်လိုက်၏။

"သွားကြစို့..."

လင်းတုန်းက ပြောလိုက်သည်။

အော်သိုက တံခါးအပြင်သို့ ခြေဆောင့်ကာ ထွက်သွားသည်။

"သွားမယ်ဆိုတာ ငါ့ကို လာပြောနေစရာ မလိုဘူး... သွားရမှာက သေချာနေတာပဲ..."

သူက စကားပြောရင်း ကြမ်းပြင်မှ ကျောက်တုံးတစ်တုံးကို ကိုက်ဖြတ်ကာ ဝါးစားလိုက်သည်။

"နဂါးဆိုတာ အမြဲတမ်း တိုက်ခိုက်နေရမယ်..."

***

All Chapters