အခန်း ၃၁၁
Vol. 23 Ch. 311
အပိုင်း(၃၁၁)
ရန်ဖေးနှင့် ပိုင်ရိုတို့မှလွဲ၍ မြို့ထဲတွင် ယီရင် မြင်တွေ့ခဲ့ရသမျှ အခြားသော စကိုင်းဆွန်း တိုင်းမှာ ကြောက်လန့်နေသော ယုန်တစ်ကောင်ကဲ့သို့ ဟိုဒီ ပြေးလွှားနေကြသည်။ အော်သိုကို တစ်ပါတည်း ခေါ်ကာ လင်းတုန်း သည်တိုင်း တိုက်ရိုက် လျှောက်ထွက်လာခဲ့သည်ဆိုခြင်းကို သူမ ယုံကြည်နိုင်စွမ်း မရှိသေးပေ။ တကယ်တမ်း ဘာတွေဖြစ်ခဲ့သည်ကို သူမ သိချင်နေမိသည်။
ပိုင်ရိုက ရန်ဖေးနှင့် အကြည့်ချင်း ဖလှယ်ရန် လှည့်လိုက်သည်။ သူက လင်းတုန်းကို လွှတ်ပေးလိုက်ပြီး ရုတ်တရက် နောက်သို့ တစ်လှမ်း ဆုတ်သွား၏။
ယီရင်သည် သူမ၏ ဓားကို လုံးဝ ဆွဲမထုတ်ခဲ့ဖူးသည့်အလား ဓားအိမ်ထဲသို့ ပြန်သွင်းလိုက်သည်။ သူမ၏ ရွှေအဆင့် အမှတ်အသား များလည်း ပြန်လည် ရုပ်သိမ်းသွားတော့၏။
သူမ၏ အမြုတေ အနီးတစ်ဝိုက် တစ်နေရာမှ ဖိတ်ခေါ်မထားသော ဧည့်သည်က စိတ်ပျက်အားငယ်သည့် လှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ပြည့်ဝမလာသော တပ်မက်မှုတစ်ခုကဲ့သို့ပင်။ ၎င်းက သူမ၏ အရေပြားပေါ်ရှိ ချိတ်ပိတ်ထားသော အစီအရင်ကို တွန်းကန်နေသော်လည်း ထိုဆည်က တောင့်ခံထားနိုင်ဆဲ ဖြစ်၏။
‘ဒီအခြေအနေက ဘယ်လောက်ကြာကြာ ခံနိုင်မှာလဲ’ ဟု သူမက တွေးတောနေမိသည်။ အီသန် သာ အချိန်မီ ပြန်မလာခဲ့ပါက သူမကိုယ်တိုင် ဖြေရှင်းရမည့် နည်းလမ်းကို ရှာဖွေရလိမ့်မည် ဖြစ်သည်။
သူက ဤကပ်ပါးကောင်ကို သူမထံမှ ဖယ်ရှားနိုင်မည့် နည်းလမ်းတစ်ခုနှင့် ပတ်သက်၍ အရိပ်အမြွက်ပြကာ စနောက်ခဲ့ဖူးသည်။ သို့သော်... သူမကို ၎င်းအား အသုံးပြုစေချင်ကြောင်းကိုလည်း ဖန်သားကဲ့သို့ ရှင်းလင်းစွာ ပြောပြခဲ့၏။ သူမကို ထိုတမန်တော်များထဲမှ တစ်ဦး ဖြစ်စေချင်နေသည်။ သို့မဟုတ် သွေးနီလဂိုဏ်း အတွက် အလုပ်မလုပ်ပေးပါက သူမကို ခေါ်ဝေါ်မည့် မည်သည့် အမည်နာမမျိုးကိုမဆို သူက ဖြစ်စေချင်နေသည်။
သူမက ထိုကိစ္စကို စိတ်ဝင်စားမှု အလျှင်းမရှိပေ။ သူမ၏ ကိုယ်ထဲရှိ... ဤရွံရှာဖွယ်ကောင်းသော အရာကို အရှုံးပေးရမည့်အစား ဓားလမ်းစဉ်မှ ထာဝရ ထွက်ခွာသွားရန်သာ ရွေးချယ်မည် ဖြစ်၏။ ဤမျှ ရှည်လျားလှသော တိုက်ပွဲကြီးကို အရှုံးပေးပြီး အဆုံးသတ်လိုက်၍ မရနိုင်ပေ။
သူမ ဆရာ၏ မှတ်ဉာဏ် အနည်းငယ်က ဤဧည့်သည်နှင့် သက်ဆိုင်နေသည်။ ဆရာ၏ ဝိညာဉ်အကြွင်းအကျန် ထံမှ သူမ ဆွဲထုတ်လိုက်သမျှသော အခြားမှတ်ဉာဏ်တိုင်းက သူမနှင့် ပတ်သက်နေသကဲ့သို့ ရှိ၏။ အီသန်ကမူ မိမိနှင့် တစ်နည်းနည်းဖြင့် ထိတွေ့ပတ်သက်နေသော မှတ်ဉာဏ်များကို ဆွဲထုတ်ရသည်မှာ ပို၍ လွယ်ကူကြောင်း ပြောခဲ့သည်။ သို့သော် သူမက စိတ်ပျက်နေမိ၏။ ဆရာနှင့် ပတ်သက်၍ သူမ မသိသေးသော အရာများကို လေ့လာနိုင်ရန် သူမ မျှော်လင့်ထားခဲ့သည်။
သို့တိုင်အောင် သူမ၏ သွေးအရိပ် နှင့် ပတ်သက်၍ သူ မည်သို့ ခံစားခဲ့ရသည်ကို သူမ သိထားပါ၏။ ရွံရှာမှုပင် ဖြစ်သည်။ ထိုကပ်ပါးကောင်က သူမအတွက် ဝန်ထုပ်ဝန်ပိုး တစ်ခုဖြစ်သည်ဟု သူ ယူဆထားပြီး ထိုအရာကို ဖယ်ရှားပစ်နိုင်လောက်အောင် သူမ အဆင့်မြင့်လာမည့် အချိန်ကိုသာ သူ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
သူမ အတွေးလွန်နေချိန်တွင် ကျန်သော လေးဦးမှာမူ မသက်မသာဖြင့် အချင်းချင်း စောင့်ကြည့်နေသည့် အနေအထားသို့ ပြန်လည် ရောက်ရှိသွားကြသည်။
"ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို အဆင့်နိမ့် အရှင်သခင် ဆီ ခေါ်သွားရမှာပဲ..."
ရန်ဖေးက နောက်ဆုံးတွင် ပြောလိုက်သည်။
"သူက မဟူရာ မီးတောက် တစ်ယောက်ကို စမ်းသပ်ဖို့ ဖိတ်ခေါ်ချင်တယ်ဆိုရင်တော့... အင်းလေ... အဲဒါ သူ့သဘောပဲပေါ့..."
လင်းတုန်းက ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
"အဆင့်နိမ့် ရွှေအဆင့် နေရာတွေထဲက တစ်ခုကို လျှောက်ထားဖို့ ကျွန်တော့်မှာ အရည်အချင်း ပြည့်မီတယ်လို့ ယုံကြည်ပါတယ်... ဒီနေ့က လျှောက်လွှာတင်ရမယ့် နေ့ဆိုတာ ကျွန်တော် သိထားတယ်လေ... အချိန်မရဘူးဆိုရင် အဆင့်နိမ့် အရှင်သခင် နဲ့ မတွေ့ခင် အဲဒီကို အရင် သွားစမ်းကြည့်လို့ရပါတယ်..."
"သူက စမ်းသပ်ကွင်းမှာ ရှိနေတာ..."
ပိုင်ရိုက လင်းတုန်းကို လျစ်လျူရှုကာ ပြောလိုက်သည်။
"ငါတို့ နံရံတွေဘေးကနေ ပတ်သွားရလိမ့်မယ်..."
ရန်ဖေးက လမ်းကြား၏ အရိပ်များထဲသို့ ကြည့်ရင်း ပြန်ဖြေသည်။
"လေထဲကနေဆိုရင် ပိုပြီးတောင် မြင်သာနေဦးမယ်... မြန်မြန်သွားဖို့ပဲ လိုတယ်..."
ပိုင်ရိုက လင်းတုန်းဘက်သို့ လှည့်ကြည့်လိုက်၏။ သူ၏ မျက်နှာမှာ အရိပ်ထဲတွင် ရှိနေသည်။
"နောက်ကနေ လိုက်ခဲ့..."
သူက အမိန့်ပေးလိုက်ပြီးနောက် ရွှေရောင် အရည် မာဒြာ များ ဖြာထွက်ကာ ထွက်ခွာသွားလေသည်။
"မင်း အရင်သွား..."
ရန်ဖေးက ပြောသည်။
"ထွက်ပြေးဖို့ ဒါမှမဟုတ် လမ်းကြောင်းကနေ သွေဖည်ဖို့ ကြိုးစားရင်တော့ နင့်ကို ငါကိုယ်တိုင် ရှင်းပစ်မယ်..."
လင်းတုန်းက အော်သိုကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ သူတို့ ပြေးလွှားနေစဉ်အတွင်း အော်သို သူ့ကိုယ်သူ ထိန်းချုပ်ထားနိုင်ပါ့မလားဟု ယီရင် တွေးနေခဲ့သည့်အတိုင်း သူလည်း တွေးပူနေမိ၏။ လိပ်ကြီး၏ ခေါင်းကို စိတ်အေးသွားစေရန် တစ်ချက် ပုတ်ပေးလိုက်ပြီးနောက် သူ၏ ခေါင်းပေါ်မှ အပြာလေး ကို လက်ဝါးထဲသို့ ဆယ်ယူလိုက်သည်။
ဆယ်လ်ဗန် မြစ်မျိုးစေ့ လေး အောက်သို့ ဆင်းလာချိန်တွင် ယီရင်နှင့် မျက်လုံးချင်း ဆုံသွားရာ ယီရင်က လက်ပြနှုတ်ဆက်လိုက်သည်။
ထိုဝိညာဉ် လေးမှာ ရုတ်တရက် လန့်သွားသည့်အလား မျက်နှာလွှဲသွားပြီး လင်းတုန်း၏ လက်ဝါးထဲတွင် ကွေးကွေးလေး နေနေ၏။ ယီရင် သက်ပြင်းချလိုက်သည်။
ခဏအကြာတွင် လင်းတုန်း၏ မျက်လုံးများမှာ ထပ်မံ၍ မည်းနက်သွားသည်။ လောင်ကျွမ်းနေသော ခြုံလွှာ က သူ၏ ပတ်လည် လေထုထဲတွင် အနီနှင့် အမည်းရောင် အခိုးအငွေ့များအဖြစ် တောက်လောင်လာ၏။ သူက ခုန်ထွက်သွားပြီး အော်သိုကလည်း နောက်မှ ပြေးလိုက်သွားရာ ယီရင်လည်း သူမ၏ ခန္ဓာကိုယ်ထဲသို့ မာဒြာ များ ဖြည့်တင်းလိုက်သည်။
အဆုံးမဲ့ဓား လမ်းစဉ်တွင် ခန္ဓာကိုယ် တစ်ခုလုံးအတွက် ကာကွယ်သူ နည်းစနစ် မရှိပေ။ သို့သော်... သူမ၏ သံမဏိအဆင့် ခန္ဓာကိုယ်မှာ ကြံ့ခိုင်သန်စွမ်းလှသည်။ သူမသည် ခြေလက်များဆီသို့ မာဒြာ များ ပို့ဆောင်ကာ သာမန် ကာကွယ်မှု မျိုး ပြုလုပ်လိုက်၏။ ၎င်းမှာ အစစ်အမှန် နည်းစနစ်တစ်ခုလောက်တော့ မကောင်းမွန်သော်လည်း လင်းတုန်းနောက်သို့ လိုက်ရန်မူ သူမအတွက် အခက်အခဲ မရှိခဲ့ပေ။
သူမက ဘာပြောရမည်ကို စဉ်းစားနေရင်း သူတို့နှစ်ဦး ခဏမျှ ယှဉ်ပြေးနေခဲ့ကြသည်။ သို့သော် စကားလုံးများက သူမ၏ ရင်ထဲတွင် ရှုပ်ထွေးနေ၏။ ထိုအထုံးအဖွဲ့များကို လျှာဖျားမှတစ်ဆင့် အပြင်သို့ တွန်းထုတ်နိုင်စွမ်း မရှိသကဲ့သို့ ဖြစ်နေသည်။
သူတို့အဖွဲ့သည် စိုစွတ်နေသော လမ်းကြားများတစ်လျှောက် အပြေးအလွှား သွားခဲ့ကြသည်။ ခပ်နိမ့်နိမ့် တံတိုင်းများကို ကျော်ဖြတ်ပြီး အမှိုက်ပုံများနှင့် လမ်းဘေးတွင် ကုပ်ကုပ်လေး ထိုင်နေကြသော မျှော်လင့်ချက်မဲ့နေသည့် လူများကို ရှောင်ကွင်းသွားကြ၏။ မြို့ပြများ၏ ပျက်စီးယိုယွင်းမှုများကို ယခင်ကတည်းက သူမ မြင်တွေ့ခဲ့ဖူးသည်။ စကိုင်းဆွန်း တို့၏ မြို့တော်ဖြစ်သော ဤနေရာအထိ ထိုရောဂါဆိုးကြီး ကူးစက်နေသည်ကို မြင်ရခြင်းက သူမကို တစ်နည်းတစ်ဖုံ စိတ်သက်သာရာ ရစေသလိုပင်။
သူမ နှုတ်ဆိတ်နေသည်မှာ ကြာလွန်းနေပြီဖြစ်ပြီး ရှုပ်ထွေးနေသော စကားလုံးများက သူမကို စိတ်ပျက်လာစေသည်။ နောက်ဆုံးတွင်တော့ သူမက ဗြုန်းခနဲ ဖွင့်ပြောလိုက်တော့၏။
"နင် ငါ့နောက်ကို လိုက်လာတယ်ပေါ့..."
ရှစ်ပေခန့်မြင့်သော တံတိုင်းပေါ်သို့ ခုန်တက်ပြီး သူ နောက်မှလိုက်လာရန် စောင့်နေရင်း သူမက အော်ပြောလိုက်သည်။
"ဘာလို့လဲ... လွန်ခဲ့တဲ့ ဆယ်စက္ကန့်စာလောက်က နင် တိုက်ချင်တာမှ မဟုတ်တာ..."
သူမဘေးသို့ ဆင်းသက်လိုက်ရင်း သူက ပခုံးတွန့်ပြလိုက်သည်။ သို့သော် သူ၏ အဖြူရောင် လက်တုမှာ လှုပ်ရှားမှုကြောင့် ခေါက်ဝင်သွားပြီး ပြန်ဆန့်ထုတ်၍ မရဖြစ်နေ၏။
"နင် ငါ့နောက်ကို လိုက်လာတာ နှစ်နှစ်နီးပါးလောက်တောင် ရှိနေပြီလေ..."
နောက်ဆုံးတွင် သူက ပြောလိုက်၏။ ထို့နောက်... သူမ နောက်မှ လိုက်လာနိုင်မည်ဟု ယုံကြည်ကာ ဆက်ထွက်သွားသည်။
"အထွတ်အမြတ် တောင်ကြား ကနေ ထွက်လာပြီးကတည်းက နင် ငါနဲ့အတူ ဆက်နေဖို့ မလိုခဲ့ပါဘူး... ပြီးတော့ မဟူရာ မီးတောက် စမ်းသပ်မှုတွေ တစ်လျှောက်လုံးမှာလည်း ငါ့ကို ကူညီဖို့ မလိုအပ်ခဲ့ဘူးလေ... အခုတော့ ငါ့အလှည့် ရောက်ပြီထင်ပါတယ်..."
သူက ရှက်ကိုးရှက်ကန်းဖြင့် ပြုံးပြလိုက်သည်။
"ပြဿနာတွေ အားလုံးကို လိုက်ကြည့်မနေတော့ဘဲ ငါ တကယ် ဘာလုပ်ချင်လဲလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်လိုက်တော့... နင်နဲ့အတူ လိုက်သွားချင်တယ် ဆိုတာကို သဘောပေါက်လိုက်တယ်... အဲဒါကြောင့် ငါ ရောက်လာတာပဲ..."
ယီရင်က ပိုင်ရို၏ ကျယ်ပြန့်သော ကျောပြင်ကိုသာ အာရုံစိုက်ကာ ကြည့်နေလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ လည်ပင်းမှတစ်ဆင့် ပါးပြင်များဆီသို့ အပူရှိန်များ တက်လာသည်ကို ခံစားလိုက်ရသောကြောင့် ဖြစ်၏။ သူမ၏ စကားလုံးများမှာ လည်ချောင်းထဲတွင် တစ်ဆို့သွားပြန်သည်။ သို့သော် ဤတစ်ကြိမ်တွင်တော့ အကြောင်းပြချက် မတူညီတော့ပေ။
"အင်းပါ..."
နောက်ဆုံးတွင် သူမက ပြောလိုက်သည်။
"နင် နောက်ဆုံးတော့ အမှန်တရားကို မြင်သွားတဲ့အတွက် ဝမ်းသာပါတယ်..."
ထို့နောက် စကားလမ်းကြောင်း လွှဲသည့်အနေဖြင့် သူမက မေးလိုက်သည်။
"နင် အစောင့်တွေကို ဘယ်လိုများ ကျော်ဖြတ်လာခဲ့တာလဲ..."
"လျှောက်လွှာတင်တဲ့ နေရာက မျှော်စင်ထဲမှာ မဟုတ်တာ တော်သေးတယ်..."
လင်းတုန်းက အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"အော်သို က နံရံကို မီးနဲ့ထိုးပြီး အပေါက်ဖောက်လိုက်တာ..."
***