အခန်း ၃၁၃
Vol. 23 Ch. 313
အပိုင်း(၃၁၃)
"ဒီ လမ်းစဉ် တစ်လျှောက်လုံးမှာ သူ ကျွန်တော့်ကို ကူညီပေးခဲ့တာ မှန်ပါတယ်..."
လင်းတုန်းက ပြောလိုက်သည်။ ဤအချက်က အီသန် အပေါ် ဆိုးဆိုးရွားရွား သက်ရောက်မှု မရှိစေရန် သူ မျှော်လင့်မိ၏။ အာရီလီယပ် အဆင့်နိမ့် အရှင်သခင်က သူပါဝင်ပတ်သက်နေမှုကို လျှို့ဝှက်ထားရန် သူ့ကို တစ်ခါမှ မပြောခဲ့ဖူးပေ။
စကိုင်းဆွန်း ခေါင်းဆောင်က ဤကိစ္စကို ကောင်းသည် ဆိုးသည်ဟု မည်သည့် အရိပ်အယောင်မှ မပြခဲ့ချေ။ သူက နံရံကို မှီထားဆဲဖြစ်ပြီး သစ်ရွက်ကိုသာ ဆက်ဝါးနေခဲ့သည်။
"မင်းရဲ့ အမြုတေ ကို သူ အဲဒီလို လုပ်ပေးခဲ့တာလား..."
ရန်ဖေး၊ ပိုင်ရို တို့နှင့် ယခင်က ပြောဆိုခဲ့သော စကားများအရ သူ၏ သန့်စင်သော အမြုတေ သည် မဟူရာ မီးတောက် လမ်းစဉ် ကို ဖုံးကွယ်ထားရန် အယောင်ဆောင်မှု တစ်ခုဟု သူတို့ ယူဆထားကြောင်း လင်းတုန်း သိရှိခဲ့ရသည်။
"ကျွန်တော့်ရဲ့ အမြုတေ ကို ကိုယ်တိုင် ခွဲထုတ်ခဲ့တာပါ ခင်ဗျာ... အီသန် နဲ့ မတွေ့ခင်ကတည်းကပါ..."
"ဒီ လမ်းစဉ် အသစ်နဲ့ မင်းကို ဘာလုပ်စေချင်တာလဲ... မင်းအတွက် သူ ဘာရည်ရွယ်ချက် ရှိနေတာလဲ..."
နောက်ဆုံးတွင်တော့ အဆင့်နိမ့် အရှင်သခင် လိုရင်းကို လင်းတုန်း သဘောပေါက်သွားသည်။ ဤအရာအားလုံးက အီသန် ၏ အစီအစဉ်များထဲမှ တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု နာရူကွေ့ က ယူဆထားခြင်း ဖြစ်၏။ ထို့ကြောင့် ထိုအစီအစဉ်မှာ ဘာလဲဆိုတာကို သူ သိချင်နေသည်။
"တိုက်ခိုက်ပွဲ အတွက်ပါ ခင်ဗျာ... ကျွန်တော့်ထက် ပိုသန်မာတဲ့သူကို ယှဉ်တိုက်နိုင်မယ့် လမ်းစဉ် တစ်ခုကို သင်ပေးဖို့ သူ့ကို တောင်းဆိုခဲ့တာပါ..."
"ငါ ကြားထားတာကတော့..."
ကွေ့ က ပြောလိုက်သည်။
"အီသန် က အဲဒီ တိုက်ခိုက်ပွဲကို ခွင့်ပြုပေးခဲ့တယ် ဆိုတာပဲ... သူကိုယ်တိုင်တောင် အကြံပြုခဲ့သေးတယ်မလား..."
"သူ အနှစ်သက်ဆုံး လေ့ကျင့်ရေး နည်းလမ်းကတော့... အစွန်းရောက်တဲ့ ဖိအားပေးမှုတွေလို့ပဲ ကျွန်တော် ခေါ်ရမယ် ထင်တယ်..."
စကိုင်းဆွန်း ခေါင်းဆောင်သည် သစ်ရွက်ကို မျိုချလိုက်ပြီး သူ၏ သံချပ်ကာဝတ်စုံထဲမှ ကောက်ရိုးတံ ရှည်ရှည်တစ်ခုကို ဆွဲထုတ်လိုက်သည်။ ထိုအရာကို သွားများကြားတွင် ကိုက်ထားပြီး ဆက်လက်၍ ဝါးနေပြန်၏။
"ဒါဆို သူက ဒီတိုက်ခိုက်ပွဲကို အကြံပြုတယ်... မင်းကို အဲဒီထဲ အတင်းဆွဲသွင်းတယ်... ပြီးတော့ မဟူရာ မီးတောက် လမ်းစဉ် ကို မင်းအတွက် တစ်ခုတည်းသော ကယ်တင်ရှင်အဖြစ် ကမ်းလှမ်းခဲ့တယ်ပေါ့... အဲဒါက မင်းအတွက် အစီအစဉ်တစ်ခုလို့ မထင်ဘူးလား..."
"သူ ကျွန်တော့်ကို ရှေ့ဆက်သွားနိုင်အောင် တွန်းအားပေးနေတာပါ..."
လင်းတုန်းက အခိုင်အမာ ပြောလိုက်သည်။
"ကျွန်တော် တိုးတက်လာအောင် ကူညီပေးနေတာပါ..."
နာရူကွေ့သည် လက်ပိုက်ထားမှုကို ဖြေလျှော့လိုက်ပြီး ရှေ့သို့ တိုးလာသည်။
"ဘာဖြစ်လာအောင်လဲ..."
ထိုမေးခွန်းအတွက် လင်းတုန်း တွင် အဖြေမရှိခဲ့ပေ။
"တိုက်ခိုက်ပွဲ ပြီးရင် မင်း ဘာလုပ်ရမယ်လို့ သူ ပြောခဲ့လဲ..."
"ကျွန်တော် သိသလောက်တော့ ဘာမှ မရှိပါဘူး... သူ ကျွန်တော့်ကို အဆင့်တက်အောင် ကူညီပေးနေတာပါ..."
လင်းတုန်းမှာ ယခင်ကလောက် ယုံကြည်မှု မရှိတော့သကဲ့သို့ ခံစားလာရသည်။
အဆင့်နိမ့် အရှင်သခင် က သူ့ကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးနောက် တံခါးဘက်သို့ ခေါင်းဆတ်ပြလိုက်သည်။ သူ၏ လက်အောက်ငယ်သား နှစ်ဦးက အကြည့်ချင်း ဖလှယ်လိုက်ကြသော်လည်း ထွက်ခွာသွားရုံမှလွဲ၍ ဘာမှမလုပ်နိုင်ကြပေ။ ပိုင်ရို သည် ယက်လုပ်ထားသော ဦးထုပ်ကို တံခါးဘောင်အောက်တွင် ငုံ့၍ ထွက်သွား၏။ ရန်ဖေး ၏ ခေါင်းပေါ်ရှိ တိမ်တိုက်ကမူ လွတ်လွတ်ကျွတ်ကျွတ်ပင် ဖြတ်သန်းသွားလေသည်။
သူတို့သည် လင်းတုန်း ဘက်သို့ လှည့်မကြည့်ခဲ့ကြပေ။
"တိုက်ခိုက်ပွဲ ကတော့ ပြီးသွားပြီ..."
နာရူကွေ့ က ပြောသည်။
"အခုတော့ သူကိုယ်တိုင် ပါဝင်ပတ်သက်နေတဲ့ အင်ပါယာရဲ့ အကျပ်အတည်း ကြားထဲမှာ သူက မဟူရာ မီးတောက် တစ်ယောက်ကို ငါ့ရဲ့ စကိုင်းဆွန်း ထဲ အတင်းထိုးထည့်ဖို့ ကြိုးစားနေတယ်... သူကိုယ်တိုင် အာဏာသိမ်းဖို့ ကြိုးစားနေတဲ့အချိန်မှာပေါ့... အဆင့်နိမ့် အရှင်သခင် တွေကို စကိုင်းဆွန်း နဲ့ ချိတ်ဆက်ပေးပြီး သူ ဘာလုပ်နေလဲဆိုတာကို ငါ သိတယ်... ငါ့ဆီကနေ သူတို့ကို သိမ်းသွင်းဖို့ ကြိုးစားနေတာပဲ..."
အဆင့်နိမ့် အရှင်သခင်က လင်းတုန်း အပေါ်သို့ မိုးလာပြီး အခန်းထဲရှိ လေထုမှာလည်း လေမုန်တိုင်း တစ်ခုအဖြစ် လှည့်ပတ် တိုက်ခတ်လာသည်။ အမာရွတ်များနှင့် သူ၏ မျက်နှာမှာ ရန်လိုနေ၏။ သူကိုယ်တိုင် ဒေါသထွက်လာအောင် လှုံ့ဆော်နေသကဲ့သို့ ရှိသည်။ အပြင်ဘက်တွင် ဘာတွေဖြစ်နေသည်ဖြစ်စေ ထိုအရာများက စကိုင်းဆွန်း ခေါင်းဆောင်အပေါ် ဖိအားများစွာ သက်ရောက်စေခဲ့သည်။ သွေးနီလဂိုဏ်း ၏ ခြိမ်းခြောက်မှုကြောင့် ဖြစ်စေ၊ အီသန် လုပ်ခဲ့သော ကိစ္စများကြောင့် ဖြစ်စေ အလွန် ဖိအားများနေခြင်း ဖြစ်၏။
မည်သို့ပင်ဖြစ်စေ လင်းတုန်းသည်လည်း ထိုအရာများထဲမှ တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု နာရူကွေ့ က ဆုံးဖြတ်ထားပြီး ဖြစ်သည်။
လင်းတုန်း၏ ညာဘက်လက်မှာ အချုပ်အနှောင်များကို စတင် ရုန်းကန်နေပြီး သူကိုယ်တိုင်ပင် ထိုလက်ကို ကူညီချင်စိတ် ပေါက်လာမိသည်။
အဆင့်နိမ့် အရှင်သခင်သည် လင်းတုန်း ဘက်သို့ ကိုင်းညွတ်လာရာ သူ၏ ညစ်ပေနေသော ဆံပင်ဖြူများမှာလည်း နီးကပ်စွာ ရမ်းခါလာသည်။ လင်းတုန်းက ပါးစပ်ကို ပိတ်ထားလိုက်၏။ နာရူကွေ့ ၏ ရာသီဥတုဒဏ်ခံထားရသော မျက်နှာမှာ ပင်ပန်းနွမ်းနယ်နေပြီး တစ်ချိန်တည်းမှာပင် ပြင်းထန်သော အသွင်ရှိနေသည်။ ယခင်က အကြိမ်ရာပေါင်းများစွာ လုပ်ဆောင်ခဲ့ဖူးသည့် မနှစ်မြို့ဖွယ် အလုပ်တစ်ခုကို လုပ်ဆောင်ရန် ပြင်ဆင်နေသည့်အလား ပင်။
"မင်း ခေါင်းငုံ့ထားလိုက်..."
အဆင့်နိမ့် အရှင်သခင် က အမိန့်ပေးလိုက်သည်။ ထိုအမိန့်သံထဲတွင် သူ၏ သေမင်းကို လင်းတုန်း ကြားလိုက်ရသလိုပင်။
"အီသန် ကြောင့် မဟုတ်ပါဘူး..."
လင်းတုန်းက အသည်းအသန် ပြောလိုက်ပြီး သူ၏ မဟူရာ မီးတောက် အမြုတေ ကို လှုံ့ဆော်လိုက်သည်။ သူ၏ မျက်လုံးများမှာ ပူနွေးလာပြီး အတွေ့အကြုံအရ အော်သို ၏ မျက်လုံးများနှင့် တစ်ပုံစံတည်း ပြောင်းလဲသွားမည်ကို သူ သိထား၏။ အနီရောင် မျက်ဝန်းများ ဝိုင်းရံထားသော အမည်းရောင် မျက်လုံးများအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။ မဟူရာ မီးတောက် လမ်းစဉ် သည် သူ၏ ဘယ်ဘက်လက်ထဲသို့ စီးဝင်သွားပြီး ညာဘက်လက်မှာမူ ကံကောင်းထောက်မစွာဖြင့် မည်သို့မျှ မဖြစ်ဘဲ နဂိုအတိုင်း ကျန်ရစ်ခဲ့သည်။
သူက သူ၏ ကြွက်သားများကို ကာကွယ်သူ နည်းစနစ် ဖြင့် အားဖြည့်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုစွမ်းအားများကို လက်ထိတ်ဆီသို့ လောင်းထည့်လိုက်သည်။ အကယ်၍ လက်ထိတ်ကို အရည်ပျော်အောင် လုပ်လိုက်ပါက သူ၏ လက်ကောက်ဝတ်များကိုပါ ဖောက်ထွင်း လောင်ကျွမ်းသွားမည် ဖြစ်၏။ ထို့ကြောင့် ထိခိုက်မှုများ အလွန်အမင်း မကြီးမားခင် သူ၏ လက်ကို ရုန်းထွက်နိုင်မည်ဟုသာ မျှော်လင့်ရတော့သည်။
သို့သော်လည်း မာဒြာ များမှာ လက်ထိတ်နှင့် ထိတွေ့သွားသည်နှင့် တစ်ပြိုင်နက် ရေခိုးရေငွေ့များအဖြစ် ပြိုကွဲသွားခဲ့သည်။ သူ၏ လက်ကောက်ဝတ်ကို ရေခဲချွန်တစ်ခုဖြင့် ထိုးဖောက်လိုက်သည့်အလား အေးစက်သော ခံစားချက်တစ်ခုက လင်းတုန်း၏ လက်မောင်းများဆီသို့ စူးဝင်လာ၏။
လက်ထိတ်ထဲတွင် ငွေတစ်ဝက် ပါဝင်နေခြင်း ဖြစ်သည်။ ထိုအချက်ကို သူ မှတ်မိခဲ့သော်လည်း အားနည်းချက် တစ်ခုခုများ ရှိနေမလားဟု မဖြစ်နိုင်မှန်းသိလျက်နှင့် မျှော်လင့်နေခဲ့မိ၏။
"ကျွန်တော့် သူငယ်ချင်း တစ်ယောက်က ဝင်ချင်လို့ပါ... ယီရင် လေ... စောစောက ကျွန်တော် ပြောခဲ့တဲ့ အီသန် မွေးစားထားတဲ့ အဖော်ပါ... သူက သွေးနီလဂိုဏ်း ကို တိုက်ခိုက်ချင်လို့ စကိုင်းဆွန်း ထဲကို အတင်းဝင်ချင်နေခဲ့တာပါ... ကျွန်တော်က မဝင်ချင်ပေမဲ့ သူ့ကို စိတ်မပျက်စေချင်လို့ပါ..."
သူ၏ ပါးစပ်မှ ထွက်လာသမျှ စကားလုံးတိုင်းက အဆင့်နိမ့် အရှင်သခင်၏ တိုက်ခိုက်မှုကို နှေးကွေးသွားစေမည့်အလား သူက တတွတ်တွတ် ပြောနေမိသည်။
သူ အသက်ရှင်နေသေးသည်ကို ထည့်တွေးကြည့်လျှင် သူ၏ ထိုသီအိုရီက အနည်းငယ်တော့ မှန်ကောင်းမှန်နေပေလိမ့်မည်။
"သူက ကူညီချင်ရုံ သက်သက်ပါ... ပြီးတော့... အာ... ကျွန်တော်လည်း အဲဒီလိုပါပဲ... တကယ်ပါ..."
နာရူကွေ့၏ လက်က သူ၏ ဓားရိုးဆီသို့ တဖြည်းဖြည်း မြင့်တက်လာသောအခါ လင်းတုန်း၏ အသက်ရှူနှုန်းများမှာ ပို၍ပို၍ မြန်ဆန်လာသည်။ သူ၏ အသက်ရှူသံများပင် ဝေဝါးလာပြီး အချုပ်အနှောင်များကို ချိုးဖျက်ရန် အားပိုစိုက်လိုက်လေလေ သူ၏ လက်ကောက်ဝတ်များရှိ အအေးဒဏ်က ပို၍ စူးရှလာလေလေ ဖြစ်သည်။ သူ၏ အဖြူရောင် လက်တုပင်လျှင် အသည်းအသန် လိမ်ယှက် ရုန်းကန်နေ၏။
‘နည်းနည်းလေးပါပဲ... သေချာပေါက် ရတော့မှာပါ... ‘
သူ သည်လို ယုံကြည်ထားမှ ရမည်။ နောက်ထပ် နည်းနည်းလေးပါပဲ...။
"အီသန် က သူ့ကိုလည်း မွေးစားထားတာကိုး..."
ခေါင်းဆောင်က တိုးတိတ်စွာ ပြောလိုက်ရာ လင်းတုန်းက သူ၏ အသက်ကို အတင်းအကျပ် ပြင်းပြင်းရှူသွင်းလိုက်ရသည်။ အော်သိုသည် သူ၏ အချုပ်ခန်းထဲတွင် ဒေါသထွက်လာနေကြောင်းကို လင်းတုန်း ခံစားသိရှိနိုင်၏။ လင်းတုန်း၏ အကြောက်တရားများကို စုပ်ယူနေခြင်း ဖြစ်သည်။ အကယ်၍သာ အခြေအနေများ အလွန်အမင်း ဆိုးရွားသွားပါက သို့မဟုတ် လင်းတုန်းသာ အသတ်ခံလိုက်ရပါက လိပ်ကြီးသည် သောင်းကျန်းတော့မည် ဖြစ်သည်။
"ဘာလို့လဲ..."
နာရူကွေ့ က ဆက်မေးသည်။
"သူ့ဆီမှာ ဘာထူးခြားချက် ရှိလို့လဲ..."
"သူက သူတော်စင် တစ်ယောက်ရဲ့ တပည့်ဖြစ်ခဲ့လို့ပါ..."
လင်းတုန်းက ဗြုန်းခနဲ ပြောချလိုက်သည်။ ဤအကြောင်းကို သူ ဖွင့်ပြောသင့် မပြောသင့် ထပ်မံ၍ တွေးတောမိပြန်သည်။ သို့သော် ယီရင် က ဤကိစ္စကို တစ်ခါမှ လျှို့ဝှက်မထားခဲ့ပေ။ သူမက မည်သူ့ကိုမဆို ဂုဏ်ယူဝင့်ကြွားစွာ ပြောပြလေ့ရှိသည်။
"ဘယ် သူတော်စင် လဲ..."
"ဓားသူတော်စင် ပါ…”
နာရူကွေ့ ၏ အစိမ်းရောင် သံချပ်ကာဝတ်ဆင်ထားသော လက်ချောင်းများက သူ၏ ဓားရိုးကို ဆုပ်ကိုင်လိုက်သည်။
"ဘယ် ဓားသူတော်စင် လဲ..."
တစ်ယောက်ထက် ပိုရှိနေတာလား။
"ကျွန်တော် မသိဘူး..."
လင်းတုန်းက ပြောလိုက်သည်။
"ကျွန်တော် တကယ် မသိတာပါ... သူက အဆုံးမဲ့ ဓား လမ်းစဉ် ကို လိုက်ခံကျင့်သုံးနေတာပါ... အဲဒါကို သူတော်စင် ဆီကနေ သင်ယူခဲ့တာပေါ့... ဒါပေမဲ့ သူ့မှာ တခြားနာမည် ရှိသေးလား ဒါမှမဟုတ်..."
ခဏအကြာတွင် ခေါင်းဆောင် ၏ လက်က အောက်သို့ ပြန်ကျသွားသည်။ သူက နံရံကို စိုက်ကြည့်နေ၏။ အဆင့်နိမ့် အရှင်သခင်၏ အာရုံခံနိုင်စွမ်းက သူ့ကို ဖြတ်သန်းသွားသောအခါ သူ၏ ဝိညာဉ်ပေါ်တွင် ပေါ့ပါးသော အထိအတွေ့တစ်ခုကို လင်းတုန်း ခံစားလိုက်ရသည်။ ထို့နောက် ထိုအာရုံခံနိုင်စွမ်းက ဆက်လက် ထွက်ခွာသွားတော့၏။
သူက ယီရင် ကို ရှာဖွေနေခြင်း ဖြစ်သည်။
***