အခန်း ၃၁၆
Vol. 23 Ch. 316
အပိုင်း(၃၁၆)
အော်သို၏ အခွံပေါ်မှ အနီနှင့် အမည်းရောင် မီးတောက်များ အနည်းငယ် ထွက်ပေါ်လာပြီး သူ၏ရှေ့ရှိ မီးခိုးရောင် အသားအရေနှင့် ကောင်လေးကို အကဲခတ်လိုက်သည်။
"သူက လူအများရှေ့မှာ အင်ပါယာရဲ့ လူဆိုးတစ်ယောက်ကို ရန်စပြီး နာမည်ကြီးချင်နေတာ..."
လိပ်ကြီးက အသံကို တိုးမထားဘဲ ပြောလိုက်ရာ လူတိုင်း ကြားသွားကြသည်။
"သူ့ရဲ့ ရလဒ်တွေက သူ့ကိုယ်စား စကားပြောပေးနိုင်လောက်အောင် သူက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိဘူးလေ... ဒါကြောင့် တခြားနည်းလမ်းနဲ့ ထင်ပေါ်အောင် လုပ်နေရတာ... သူက အောက်ခြေမှာ တွားသွားပြီး အကြွင်းအကျန်တွေကို လိုက်ရှာနေတဲ့ အားအနည်းဆုံး အမှိုက်ကောက်သမားပဲ... သူ့ကို ချေမှုန်းပစ်လိုက်..."
ထိုစကားလုံးများက တိတ်ဆိတ်သွားသော လေထုထဲတွင် ပဲ့တင်ထပ်သွားသည်။ ထို့နောက် မီးခိုးရောင် အသားအရေနှင့် လူငယ်၏ အတွင်း၌ စွမ်းအားများ ဖြည်းညင်းစွာ စုစည်း မြင့်တက်လာတော့၏။
အော်သိုကို မေးခွန်းသွားမေးမိသည့်အတွက် လင်းတုန်း နောင်တရသွားမိသည်။
သူက အတင်းပြုံးပြလိုက်ပြီး ငြိမ်းချမ်းရေး ပြယုဂ်အဖြစ် သူ၏ လက်များကို မြှောက်ပြလိုက်သည်။
"သူ့အတွက် ကျွန်တော် တောင်းပန်ပါတယ် ညီအစ်ကို... ကျေးဇူးပြုပြီး ခင်ဗျားရဲ့..."
သူ၏ ညာဘက်လက်က သူ၏ စကားကို ဖြတ်တောက်လိုက်၏။ လေထဲတွင် ငြိမ်နေရသည်ကို မကျေနပ်သည့်အလား အဖြူရောင် လက်ချောင်းများက မီးခိုးရောင် လည်ပင်းတစ်ခုဆီသို့ ဖမ်းဆုပ်ရန် ပြေးဝင်သွားတော့သည်။
တစ်စုံတစ်ရာ မဖြစ်ပွားမီတွင် လင်းတုန်းက ထိုလက်ကို အနိုင်နိုင် ပြန်ဆွဲထားလိုက်ရသည်။
မီးခိုးရောင် လူငယ်က သူ၏ ဒိုင်းလွှားကို မြှောက်ထားလိုက်၏။ သို့သော်လည်း... လင်းတုန်းက လက်ကို ပြန်ဆွဲထားသော အခါ သူက ဒိုင်းလွှားကို ပြန်ချလိုက်သည်။ သူ၏ ပန်းရောင် မျက်လုံးများက တောက်လောင်နေသည်။
"မင်း ရင်ဆိုင်နေရတာ ကြီးမြတ်တဲ့ ကိုထိုင်း ကလန် က ကိုထိုင်းထိုင်းယန် ပဲ... မဟူရာ မီးတောက်... မင်းကိုယ်မင်း ကာကွယ်တော့..."
နာရူကွေ့ နှင့် တွေ့ဆုံခဲ့သည်မှာ တစ်နာရီခန့်သာ ရှိသေးသည်။ လင်းတုန်းသည် ထိုကိစ္စမှ ပြန်လည် မသက်သာသေးဘဲ ငြိမ်းငြိမ်းချမ်းချမ်းဖြင့်သာ ဝင်ခွင့်စမ်းသပ်မှု လုပ်ချင်နေခဲ့၏။
သူက ဂရုတစိုက် ဦးညွှတ်လိုက်ပြီး သူ၏ မာဒြာ အများစုကို လက်တုကို ထိန်းချုပ်ရန်အတွက်သာ အသုံးပြုထားလိုက်သည်။
"ကျွန်တော် ရိုသေစွာနဲ့ တောင်းပန်ပါတယ်..."
သူက ပြောလိုက်စဉ် တစ်စုံတစ်ယောက်က သူ၏ ကျောကို ကန်ချလိုက်သည်။ သူ ရှေ့သို့ ခြေလှမ်းအနည်းငယ် ယိုင်ထွက်သွားပြီး မည်သူဖြစ်ကြောင်း သိရန် လှည့်ကြည့်လိုက်သည်။ သို့သော် မည်သူမှန်း ခွဲခြား၍ မရနိုင်ပေ။ ရန်လိုနေသော မျက်နှာများက စက်ဝိုင်းသဏ္ဌာန် ဝန်းရံနေကြ၏။
ထိုမွန်းလွဲပိုင်းတွင် ဒုတိယအကြိမ်အဖြစ် တကယ့် အန္တရာယ်ကို သူ စတင် ခံစားလာရသည်။ သူ့ပတ်လည်တွင် အဆင့်နိမ့် ရွှေအဆင့် ငါးရာကျော် ရှိနေပြီး မည်သူကမှ မဟူရာ မီးတောက် များကို မနှစ်မြို့ကြပေ။ စကိုင်းဆွန်း ခေါင်းဆောင်နှင့် ထိပ်တိုက်တွေ့ဆုံခဲ့ရခြင်းသာ မရှိခဲ့ပါက သူ ထွက်ပြေးရန် ကြိုးစားခဲ့မိမည် ဖြစ်၏။
သို့သော် ဤတစ်ကြိမ်တွင်မူ သူ၏ သည်းခံနိုင်စွမ်းများ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
အဆင့်နိမ့် အရှင်သခင် တစ်ယောက်ကို ရင်ဆိုင်ရချိန်တွင် တောင်းပန် တိုးလျှိုးရုံမှတစ်ပါး သူ့တွင် ရွေးချယ်စရာ မရှိခဲ့ပေ။ လွှမ်းမိုးနိုင်လွန်းသော ခွန်အားကို ဆန့်ကျင်ရန် မဖြစ်နိုင်ချေ။
ဤသူများကမူ... အဆင့်နိမ့် အရှင်သခင် များ မဟုတ်ကြပေ။
လင်းတုန်းသည် သူ၏ အသက်ရှူပုံစံကို ပြောင်းလဲလိုက်ပြီး မဟူရာ မီးတောက် အမြုတေ ကို ထုတ်ယူသုံးစွဲလိုက်သည်။ သူ၏ မျက်လုံးများတွင် အမည်းနှင့် အနီရောင်များ ပြည့်နှက်သွားသောအခါ သူ့အနီးဆုံးရှိ လူများ တွန့်ဆုတ်သွားကြသည်ကို သူ မြင်တွေ့လိုက်ရ၏။
ကိုထိုင်းထိုင်းယန် ကို သူ လှည့်ကြည့်လိုက်ပြီး နောက်တစ်ကြိမ် ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
"ခင်ဗျားကို တိုက်ခိုက်ရမယ့် အကြောင်းပြချက် ကျွန်တော့်မှာ မရှိပါဘူး ကိုထိုင်း... ကျွန်တော်တို့က ရန်သူတွေမှ မဟုတ်တာ..."
သို့သော် သူ တွက်ချက်မှု မှားယွင်းသွားခဲ့သည်။ ကောင်လေးကို ဖယ်ရှားပစ်နိုင်မည်ဟု သူ မျှော်လင့်ခဲ့သော်လည်း ထိုင်းယန် လိုချင်နေသည့် အတိအကျဖြစ်သော လူဆိုး ဇာတ်ရုပ်ကို သူ ပေးနေမိကြောင်း သိထားသင့်ပေသည်။
ပန်းရောင် မျက်လုံးများ တောက်ပသွားပြီး သူက ဒိုင်းလွှားကို မြှောက်ကာ ညာဘက်လက်ရှိ ဓားရှည်ကို ပြောင်းပြန် ကိုင်လိုက်သည်။
"ဒီ အင်ပါယာက မင်းတို့ အပိုင် မဟုတ်တော့ဘူး..."
သူက ကြေညာကာ ပြေးဝင်လာတော့၏။
အော်သို၏ ရယ်မောသံမှာ ဆာလောင်နေသော နဂါးတစ်ကောင်၏ အသံနှင့် တူလှပေသည်။
ထိုင်းယန် တစ်လှမ်းပင် မလှမ်းရသေးမီ လင်းတုန်းက လောင်ကျွမ်းနေသော ခြုံလွှာ ကို ဖွင့်လှစ်လိုက်ပြီး ရှေ့သို့ ပြေးထွက်သွားသည်။ ထိုင်းယန်၏ ဒိုင်းလွှားနံဘေးရှိ ကွက်လပ်ဆီသို့ သူက လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။ တစ်ဖက်လူက ရွေ့လျားပြီး သူ၏ တိုက်ခိုက်မှုကို ကာကွယ်လိမ့်မည်ဟု သူ အပြည့်အဝ မျှော်လင့်ထားသည်။ ထိုအရှိန်က တစ်ဖက်လူကို နောက်သို့ လန်ထွက်သွားစေမည်ဖြစ်ပြီး လင်းတုန်းကို နောက်ထပ်...
ဂျွတ်... ဂျွတ်...
ထိုင်းယန်၏ နံရိုးများမှာ ခြောက်သွေ့နေသော သစ်ကိုင်းခြောက်များဖြင့် ပြုလုပ်ထားသည့် လှောင်ချိုင့်တစ်ခုကဲ့သို့ ချိုးကြေသွားတော့သည်။
သူ၏ ခန္ဓာကိုယ်မှာ လူအုပ်ကြီးထဲသို့ နောက်ပြန် လွင့်စင်သွားပြီး အခြားသော မီးခိုးရောင် အသားအရေရှိ အဆင့်နိမ့် ရွှေအဆင့် တစ်စုကို ဘေးသို့ လွင့်စင်သွားစေသည်။ သူ၏ လက်နက်များမှာ အားအင်မဲ့နေသော လက်များထဲမှ လွတ်ကျသွားပြီး သူ၏ ငါးလေးမှာလည်း အပေါ်တွင် ဂနာမငြိမ်စွာ လှည့်ပတ် ကူးခတ်နေ၏။ ထို့နောက် ချောင်းဆိုးသံများနှင့်အတူ သူ၏ နှုတ်ခမ်းများမှနေ၍ သွေးများ ပန်းထွက်လာတော့သည်။
လင်းတုန်းသည် မီးတောက် ခြုံလွှာ ၏ အမည်းနှင့် အနီရောင် အခိုးအငွေ့များကြားမှနေ၍ စိုက်ကြည့်ကာ ရပ်နေမိသည်။
“ဟူး... ဟား... ဟား... ဟား...”
အော်သို၏ ရယ်မောသံမှာ လူအုပ်ကြီးတစ်ခုလုံး နားအူသွားသည်အထိ ကျယ်လောင်လာ၏။ လိပ်ကြီးက ကြမ်းပြင်ကို ခြေဆောင့်ကာ ရယ်မော အူမြူးနေ၏။ သူ၏ မျက်လုံးများမှာ မှိတ်လုနီးပါး ဖြစ်နေသည်။ သူသာ လူတစ်ယောက်ဖြစ်ခဲ့လျှင် မျက်ရည်ထွက်မတတ် ရယ်မောနေမည်မှာ သေချာပေါက်ပင် ဖြစ်သည်။
လူအုပ်ကြီးထဲရှိ လူတိုင်းက နောက်သို့ တစ်လှမ်း ဆုတ်သွားကြသည်။
တခစ်ခစ် ရယ်မောနေဆဲဖြစ်သော လိပ်ကြီးက ရှေ့သို့ လျှောက်သွားကာ လဲကျနေသော ကောင်လေး၏ ဒိုင်းလွှားကို နမ်းရှူကြည့်လိုက်သည်။
"စစ်ပွဲရဲ့ လက်ရသုံ့ပန်း ပစ္စည်းတွေပဲ..."
သူက ပြောလိုက်ပြီး ထိုအရာကို ကိုက်ဖြတ်ကာ ဝါးစားလိုက်၏။ လိမ်ကောက်သွားသော သတ္တုသံက သူ၏ ရယ်မောသံထက်ပင် ပို၍ ကျယ်လောင်စွာ လေထုထဲသို့ ဖြတ်သန်းသွားသည်။
ထိုင်းယန်မှာ သွေးများ ထပ်မံအန်ချလိုက်ပြီး ကျယ်လောင်စွာ ညည်းတွားရင်း ဘေးသို့ လိမ့်ရန် ကြိုးစားနေသည်။ ရုတ်တရက်ဆိုသလို လင်းတုန်းသည် သူ၏ မီးတောက် ခြုံလွှာ ကို မရုပ်သိမ်းရသေးကြောင်း သတိပြုမိသွားပြီး နောက်ဆုံးတွင် ထိုနည်းစနစ်ကို ပျောက်ကွယ်သွားစေလိုက်သည်။
သူ့ကို အလွယ်တကူ အနိုင်ကျင့်လို့ မရကြောင်း လူတိုင်းကို ပြသရန်သာ သူ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ မည်သူ့ကိုမျှ သူ မသတ်ချင်ခဲ့ပေ။
အဆင့်နိမ့် ရွှေအဆင့် အုပ်စုထဲရှိ လူတိုင်းက ရုတ်တရက်ဆိုသလို သူ့ကို ဓာတ်မတည့်သည့်အလား ဖြစ်သွားကြသည်။ အခြားသော မီးခိုးရောင် အသားအရေရှိ ကျင့်ကြံသူ များပင်လျှင် ထိုင်းယန် ထံမှ နောက်ဆုတ်သွားကြ၏။ သူ့ကို ကူညီခြင်းက သူတို့ကိုယ်သူတို့ သူ့ဘက်တော်သားများအဖြစ် သတ်မှတ်လိုက်သကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်နေကြသည့်အလား ပင်။
တစ်စုံတစ်ယောက်က လူအုပ်ကြီးကို တိုးဝှေ့လာသောအခါ လူအုပ်မှာ လှိုင်းထသွားပြီး လင်းတုန်းက နောက်ထပ် စိန်ခေါ်သူ တစ်ယောက် ဖြစ်နေမည်ကို စိုးရိမ်သဖြင့် သူ၏ မာဒြာ များကို အသင့်ပြင်ထားလိုက်သည်။ ထိုသို့ မဖြစ်ပါစေနှင့်ဟု သူ ရိုးသားစွာ ဆုတောင်းနေမိ၏။ တစ်စုံတစ်ယောက်ကို မထိခိုက်စေရန် သူ၏ ခွန်အားကို လျှော့ချ ချိန်ညှိရခြင်းမျိုးကို ယခင်က တစ်ခါမှ သူ မလုပ်ခဲ့ဖူးပေ။ သူတို့သာ တိုက်ခိုက်လာပါက သူ လက်တွန့်နေနိုင်မည် မဟုတ်ချေ။
လူတံတိုင်းကြီးထဲမှ မိန်းကလေးတစ်ယောက် ယိုင်နဲ့စွာ ထွက်ပေါ်လာသည်။ သူမမှာ သွယ်လျပြီး ယီရင် ထက် အရပ်အနည်းငယ် ပိုရှည်ကာ အမည်းရောင် ဆံပင်များကို နောက်တွင် မြင်းမြီးပုံစံ စည်းနှောင်ထားသည်။ သူမသည် အဖြူနှင့် အမည်းရောင် ကျင့်ကြံသူ ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရင်ဘတ်ပေါ်တွင် ချောမွေ့သော ခရမ်းရောင် သံချပ်ကာ ရင်အုပ်ကို ဝတ်ဆင်ထား၏။ ထိုသံချပ်ကာက အံ့ဩဖွယ်ကောင်းလောက်အောင် တောက်ပနေသော ခရမ်းရောင် ဖြစ်သည့် သူမ၏ မျက်လုံးများနှင့် လိုက်ဖက်နေသည်။ သူမ၏ မျက်လုံးများက စာချုပ်တစ်ခုမှတစ်ဆင့် အထွတ်အမြတ် သားရဲ တစ်ကောင်ထံမှ ငှားရမ်းထားသည့်အလား မဟုတ်ဘဲ လူသားတစ်ယောက်၏ မျက်လုံးများနှင့် တူနေသော်လည်း သူ သေချာ မသိနိုင်ပေ။
သူမသည် လက်တစ်ဖက်တွင် တောင်ဝှေးတစ်ချောင်းကို ကိုင်ဆောင်ထားသည်။ ထိုတောင်ဝှေးမှာ သူမ၏ အရပ်နှင့်အမျှ ရှည်လျားပြီး လက်ကောက်ဝတ်ခန့် တုတ်ခိုင်၏။ ၎င်းကို ချောမွေ့နေပုံရသော အမည်းရောင် အရွတ်များဖြင့် ပြုလုပ်ထားသည်။ ထိုအရွတ်များမှာ တောင်ဝှေး၏ ထိပ်ပိုင်းအထိ ရစ်ခွေတက်သွားပြီး ထိပ်တွင် နဂါးခေါင်းတစ်ခုဖြင့် အဆုံးသတ်ထားသည်။
ထိုမိန်းကလေးသည် လူအုပ်ကြီးထဲမှ ထွက်လာစဉ် ယိုင်နဲ့သွားသော်လည်း သူမကိုယ်သူမ ပြန်လည် ထိန်းချုပ်လိုက်သည်။ ထို့နောက် ကိုထိုင်းထိုင်းယန် ၏ ဘေးတွင် ဒူးထောက်ထိုင်ချလိုက်၏။
"အိုး... ဝိုး... ရှင် သူ့ကို တကယ်ပဲ အပြတ်အသတ် ထိုးကြိတ်ပစ်လိုက်တာပဲ... ဒီလိုမျိုးလေ..."
သူမက လေထဲတွင် လက်သီးဖြင့် ထိုးဟန်လေး လုပ်ပြလိုက်သည်။
"သူက အစွန်းအထင်းမဲ့ ဒိုင်းလွှား လမ်းစဉ် ကပါ... လေ့ကျင့်ရေးတွေ ခိုကပ်နေခဲ့လို့ နေမှာပေါ့ ဟုတ်တယ်မလား..."
သူမသည် ပတ်ပတ်လည်တွင် ရပ်နေကြသော အခြား မီးခိုးရောင် အသားအရေရှိ လူငယ်များကို ဝေ့ကြည့်လိုက်သည်။ သူတို့မှာ ဘယ်လို တုံ့ပြန်ရမည်ကို သေချာ မသိကြသည့်အလား နေရာတွင်ပင် လူးလွန့်နေကြ၏။
ထိုင်းယန် မှာ ထပ်မံ၍ ချောင်းဆိုးလိုက်ရာ သူ၏ နှုတ်ခမ်းများတွင် သွေးများ ပေကျံသွားသည်။
"မင်းက သူ့ရဲ့... သူငယ်ချင်းလား..."
လင်းတုန်းက တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။
"ငါက အမြဲတမ်း တတ်နိုင်သလောက်တော့ ခင်မင်စရာကောင်းအောင် နေတာပါပဲ..."
သူမက မျက်လုံးပေါ် ကျနေသော ဆံပင်တစ်စကို သပ်တင်ကာ တောက်ပစွာ ပြုံးရင်း ရွှင်လန်းစွာ ပြောလိုက်သည်။
"ဒါပေမဲ့ မဟုတ်ပါဘူး... သူ့ကို အရင်က တစ်ခါမှ မမြင်ဖူးပါဘူး..."
သူမက သူ၏ နံရိုးများပေါ်သို့ လက်နှစ်ချောင်း တင်လိုက်ပြီးနောက် တွန့်ဆုတ်သွား၏။
"တောင်းပန်ပါတယ်... ရှင် တော်တော် နာနေမှာပေါ့... ခဏလေး စောင့်နော်..."
သူမသည် ခါးတွင် ချည်နှောင်ထားသော အိတ်ကလေးကို ဖြုတ်ယူလိုက်ပြီး အတွင်း၌ မွှေနှောက် ရှာဖွေလိုက်သည်။ သူမ၏ လက်သည် အိတ်ထဲသို့ ဝင်သင့်သည်ထက် ပို၍ နက်ရှိုင်းစွာ ဝင်သွားပုံရ၏။ ထို့ပြင် သူမ၏ လက်ကောက်ဝတ်အထိ တင်းကျပ်သော အမည်းရောင် လက်အိတ်များကို ဝတ်ဆင်ထားကြောင်း လင်းတုန်း သတိပြုမိလိုက်သည်။ ထိုအရာများမှာ သူမ၏ တောင်ဝှေးကို ပြုလုပ်ထားသော ပစ္စည်းမျိုးနှင့် တူညီနေပုံရသည်။ သူမ၏ လက်များကို တောက်ပသော အမည်းရောင် အရည်များထဲသို့ နှစ်ထားသကဲ့သို့ ပင်။ သူမ၏ ရွှေအဆင့် အမှတ်အသား များ ဖြစ်မည်လော။
ခဏမျှ မွှေနှောက် ရှာဖွေပြီးနောက် သူမ၏ မျက်နှာလေး လင်းလက်သွားသည်။ အဝတွင် အဝတ်စဖြင့် ချည်နှောင်ထားသော ချောမွေ့သည့် အဖြူရောင် ပုလင်းလေး တစ်လုံးကို ဆွဲထုတ်လိုက်၏။ သူမက လျင်မြန်သော လှုပ်ရှားမှုဖြင့် ၎င်းကို ဖြုတ်လိုက်ပြီး အစိမ်းနှင့် မီးခိုးရောင် ရောစပ်နေသော ဆေးလုံးဝိုင်းဝိုင်းလေး တစ်လုံးကို ထုတ်ယူလိုက်လေသည်။
ထင်းရှူးတောထဲတွင် လေမုန်တိုင်း တိုက်ခတ်နေသကဲ့သို့သော အနံ့ကို ရပ်နေသော နေရာမှပင် လင်းတုန်း ရရှိနိုင်ပေသည်။
***