← Chapters

အခန်း ၃၁၇

Vol. 23 Ch. 317

အခန်း ၃၁၇

Vol. 23 Ch. 317

အပိုင်း(၃၁၇)

"ပါးစပ်ဟ..."

မိန်းကလေးက အောက်သို့ ငုံ့ကာ ပြောလိုက်သည်။ သူက မတုံ့ပြန်သောအခါ သူမက သူ၏ ခေါင်းကို ပင့်တင်လိုက်ပြီး ဆေးလုံးကို ပါးစပ်ထဲသို့ အတင်း ထိုးထည့်လိုက်၏။ သူသည် ခဏမျှ ပျို့တက်သွားပြီး မျက်နှာမှာ အနီရောင် သန်းသွားသည်။ သို့သော် သူမက သူ၏ ပါးစပ်ကို ပိတ်ထားလိုက်သဖြင့် နောက်ဆုံးတွင်တော့ သူ မျိုချလိုက်ရလေသည်။

ဆေး၏ အာနိသင်က ချက်ချင်းပင် ပြသလာသည်။ အစိမ်း၊ အနီ နှင့် ခရမ်းရောင် အလင်းတန်းများက သူ၏ ရင်ဘတ်ထဲမှ ကြိုးတန်းရှည်များကဲ့သို့ ပန်းထွက်လာ၏။ သူ၏ ခန္ဓာကိုယ် အတွင်းရှိ အော်ရာ များမှာလည်း မုန်တိုင်းတစ်ခုအဖြစ် လောင်ကျွမ်းသွားတော့သည်။ တစ်စုံတစ်ယောက်က ကြိုးဖြင့် ဆွဲတင်လိုက်သည့်အလား သူ ကုန်းရုန်းထလိုက်ပြီး အသံကျယ်လောင်စွာ အသက်ရှူရင်း ပန်းရောင် မျက်လုံးများ ပြူးကျယ်သွားသည်။ သူ၏ ခေါင်းပတ်လည် လေထုထဲတွင် ကူးခတ်နေသော ငါးမှာလည်း စိတ်လှုပ်ရှားလာပြီး သူ၏ မျက်နှာတစ်ဝိုက်တွင် အထက်အောက် လှုပ်ရှားလာ၏။

မိန်းကလေးက သူ၏ ကျောကို ပုတ်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်သည်။

"ကဲ... အားလုံး အသစ်စက်စက် ပြန်ဖြစ်သွားပြီ... တစ်နာရီ နှစ်နာရီလောက်တော့ ဘာမှ မစားနဲ့ဦး... မဟုတ်ရင် အသက်ရှင်နေတဲ့ သတ္တဝါတွေကို အန်ထုတ်မိလိမ့်မယ်... ငါလည်း ဖြစ်ဖူးတယ်... အဲဒါက သိပ်ကြည့်ကောင်းတာ မဟုတ်ဘူး..."

စက္ကန့်အနည်းငယ်မျှ ကြာပြီးနောက် ထိုင်းယန် မှာ သတိပြန်လည်လာပြီး မှန်မှန် အသက်ရှူနေပြီ ဖြစ်သည်။ သူက လင်းတုန်းကို တစ်ချက်မျှ လှမ်းကြည့်လိုက်ပြီးနောက် အကြည့်ကို လွှဲဖယ်သွား၏။ ယင်းအစား သူ့ကို ကယ်တင်ခဲ့သော အမျိုးသမီးငယ်လေး ဘက်သို့ လှည့်လိုက်သည်။

"ကျွန်တော် ကျေးဇူးတင်ပါတယ်... ကျွန်တော် အသင့်မဖြစ်သေးခင်မှာပဲ မဟူရာ မီးတောက် က တိုက်ခိုက်ခဲ့လို့..."

သူမ၏ မျက်လုံးများကို မြင်လိုက်ရသောအခါ သူ အေးခဲသွားတော့သည်။ သူမကမူ ဘာဖြစ်လာမည်ကို မျှော်လင့်ထားသည့်အလား စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေ၏။

"...အာကူရာ လား..."

အက်ကွဲနေသော အသံဖြင့် သူက မေးလိုက်သည်။

"အာကူရာမာစီ ပါ..."

သူမက ပြောလိုက်သည်။

"ရှင့်ကို တွေ့ရတာ ဝမ်းသာပါတယ်..."

လင်းတုန်း အခြားလူ၏ နံရိုးများအား ချိုးဖျက်လိုက်သည်ကို မြင်တွေ့စဉ်က လူတိုင်း နောက်သို့ တစ်လှမ်း ဆုတ်သွားခဲ့ကြသော်လည်း ယခု မာစီ ၏ မိသားစု နာမည်ကို ကြားလိုက်ရချိန်တွင်မူ သူတို့ ထွက်ပြေးကုန်ကြလေပြီ။ ကိုထိုင်း ကလန် မှ အခြားသော မီးခိုးရောင် အသားအရေရှိ အဖွဲ့ဝင်များပင်လျှင် လဲကျနေသော သူတို့၏ ဆွေမျိုးကို ထားရစ်ခဲ့ကာ အပြေးအလွှား ရှောင်ထွက်သွားကြ၏။

ကျန်ရစ်ခဲ့သော သူနှစ်မျိုး ရှိသည်။ လင်းတုန်း ခံစားရသကဲ့သို့ နားမလည်နိုင်အောင် ဖြစ်နေသူများနှင့် ပြေးရန်ပင် မဖြစ်နိုင်လောက်အောင် အရိုအသေ ပေးနေသူများ ဖြစ်၏။ လူတိုင်းက အာကူရာ ဟူသော နာမည်ကို ကြားဖူးကြပုံ မပေါ်ပေ။ သို့သော် အဓိက ကလန် ကြီးများမှ တပည့်များ အားလုံးကမူ ကြားဖူးကြသည်။ ကျင်း၊ နာရူ သို့မဟုတ် ကိုထိုင်း တို့ထဲမှ တစ်ယောက်မျှ ကျန်မနေခဲ့ချေ။

ကိုထိုင်းယန် မှလွဲ၍ ဖြစ်သည်။ သူ၏ မီးခိုးရောင် မျက်နှာမှာ ပြာနှမ်းသွားပြီး သူ၏ နဖူးကို မြေကြီးပေါ်တွင် အပ်ထားလိုက်၏။

"ကျွန်တော့်ရဲ့ ရိုင်းစိုင်းမှုအတွက် ခွင့်လွှတ်ပါ..."

သူက ပြောလိုက်သည်။

"ခင်ဗျားရဲ့ အကူအညီနဲ့ ကျွန်တော် မထိုက်တန်ပါဘူး..."

မာစီသည် အားယူ၍ မတ်တတ်ရပ်လိုက်ပြီး ကိုယ့်ခြေထောက်ကိုယ် အသားမကျသေးသည့်အလား တစ်စက္ကန့်ခန့် ယိမ်းယိုင်သွားသည်။ သူမက ဟန်ချက်ညီစေရန် တောင်ဝှေးကို မှီလိုက်ရာ ထိပ်ရှိ နဂါးခေါင်းမှာ ခရမ်းရောင် အလင်းဖြင့် တောက်ပသွား၏။ ၎င်း၏ မျက်လုံးများက ခရမ်းရောင် အစက်အပြောက်များအဖြစ် လင်းလက်နေပြီး ၎င်း ဟိန်းဟောက်လိုက်သံကို ကြားလိုက်ရသည်ဟု လင်းတုန်း ထင်လိုက်မိသည်။

"ဘာမှ တောင်းပန်နေစရာ မလိုပါဘူး..."

မာစီ က အပြုံးဖြင့် ပြောလိုက်သည်။

"ကျွန်မကို ထပ်ပြီး အရိုအသေ မပေးနဲ့တော့...”

မြေကြီးက နီရဲပူလောင်လာသည့်အလား ထိုင်းယန် က ခုန်ထလိုက်ပြီး လူအုပ်ကြီးထဲသို့ အလျင်အမြန်ပင် ပျောက်ကွယ်သွားတော့သည်။

မာစီက သူထွက်သွားသည်ကို ခဏမျှ ကြည့်နေပြီးနောက် သက်ပြင်းချလိုက်သည်။ ထို့နောက် တောင်ဝှေးကို အမှုမဲ့အမှတ်မဲ့ လှည့်ကစားရင်း အဝေးသို့ လျှောက်သွားလေသည်။

"ဘာတွေ ဖြစ်သွားတာလဲ..."

လင်းတုန်းက အော်သိုကို မေးလိုက်သည်။

တုံ့ပြန်မှု မရှိပေ။ လင်းတုန်းက သူ၏ ဘယ်ဘက်ရှိ လိပ်ကြီးကို လှမ်းကြည့်လိုက်သည်။

အော်သိုသည် သူ၏ ခေါင်းနှင့် ခြေလက်အားလုံးကို အခွံထဲသို့ သွင်းထားလိုက်လေပြီ။ သူ၏ ဝိညာဉ်အပေါ်တွင် ဖုံးကွယ်ထားမှုကြောင့်လည်း ဖြစ်နိုင်သော်လည်း သူ၏ အမြုတေ မှာ သေးငယ်ပြီး တိတ်ဆိတ်နေပုံရ၏။ ခဏအကြာတွင် အခွံအတွင်းမှ သူ၏ အသံ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။

"သူ သွားပြီလား..."

"ကျွန်တော့်အမြင်တော့ သူက သိပ်ဆိုးပုံမရပါဘူး..."

မာစီ ၏ မြင်းမြီးပုံစံ ဆံပင်လေး လူအုပ်ထဲ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း လင်းတုန်းက ပြောလိုက်သည်။ ခြေလှမ်း အနည်းငယ် လှမ်းတိုင်း သူမ၏ ခြေထောက်ကို သူမ ပြန်ခလုတ်တိုက်မိပြီး တောင်ဝှေးကို အားပြုကာ အတင်း ပြန်ထိန်းနေရ၏။

သူမ တကယ်ပဲ ထွက်သွားပြီလားဆိုတာကို အော်သိုက အခွံထဲမှ ချောင်းကြည့်၍ အတည်ပြုလိုက်ပြီး နောက်ဆုံးတွင် အပြင်သို့ ထွက်လာသည်။

"သူက တကယ်ပဲ အာကူရာ ကလန် ရဲ့ သွေးဆက် ဖြစ်နေမယ်ဆိုရင်တော့ သူ စိတ်ကြည်နေလို့ ငါတို့ ကံကောင်းသွားတာပဲ... သူ့ရဲ့ မိသားစုက ဒီတိုက်ကြီးတစ်ခုလုံးရဲ့ လေးပုံသုံးပုံကို ပိုင်ဆိုင်တာလေ..."

"ဒီ အင်ပါယာ ကို မဟုတ်ဘူးလား..."

"မဟူရာ မီးတောက် အင်ပါယာ ဆိုတာ သူတို့ ပိုင်ဆိုင်တဲ့ နယ်မြေတွေထဲက တစ်ခုပဲ ရှိသေးတယ်..."

မာစီ ပျောက်ကွယ်သွားသော နေရာကို စိုက်ကြည့်နေဆဲဖြစ်သော အော်သိုက ပြောလိုက်သည်။

"ပြီးတော့ သူတို့အတွက် တန်ဖိုးအရှိဆုံး အရာလည်း မဟုတ်ဘူး... ဒီ အင်ပါယာ ကို သူ အရွယ်ရောက်လာရင် ပေးတဲ့ လက်ဆောင်အနေနဲ့တောင် သူ ရသွားနိုင်သေးတယ်..."

"ဒါဆိုရင် ဘာလို့ ဧကရာဇ်က အာကူရာ ကလန်က မဖြစ်ရတာလဲ..."

အော်သိုက အခိုးအငွေ့များကို မှုတ်ထုတ်လိုက်သည်။

"ဧကရာဇ် က အင်ပါယာ ကို အုပ်ချုပ်ရုံပဲလေ... သူတို့က ပိုင်ဆိုင်တာ... အဲဒီလို လုပ်စရာ မလိုတဲ့အတွက် သူတို့လူကို ထီးနန်းပေါ် မတင်ကြတာပေါ့... သူတို့ လုပ်ခိုင်းချင်တာမှန်သမျှကို လုပ်ပေးဖို့ နာရူဟွမ် က လုံလောက်အောင် သိထားပြီးသားပဲ..."

လင်းတုန်းက လိပ်ကြီး၏ ခေါင်းပေါ်သို့ လက်တစ်ဖက်ကို တင်လိုက်သည်။ အော်သိုက ထိုအရာကို ဘယ်တော့မှ ဝန်ခံမည် မဟုတ်သော်လည်း ထိုသို့လုပ်ပေးခြင်းက သူ့ကို စိတ်သက်သာရာ ရစေကြောင်း လင်းတုန်း သိထား၏။

"နဂါးတစ်ကောင်ကိုတောင် နောက်ဆုတ်သွားအောင် လုပ်နိုင်တယ်ဆိုတော့ သူက တော်တော် အထင်ကြီးစရာကောင်းမှာပဲ..."

"နဂါးတွေတောင်မှလေ..."

အော်သိုက ပြောလိုက်သည်။

"ဘယ်အချိန်မှာ ခေါင်းငုံ့ရမလဲဆိုတာ သိကြတယ်…”

...

အီသန်...

အီသန်သည် သေမင်းတမန် ခံတပ်ကြီးကို မော့ကြည့်လိုက်သည်။ ထို့နောက် ဤမျှ ရှုပ်ထွေးခက်ခဲသော အခြေအနေမျိုးထဲသို့ သူ မည်သို့များ ရောက်ရှိလာခဲ့သနည်းဟု တွေးတောနေမိ၏။

အာကူရာ ကလန် နယ်မြေ၏ အသည်းနှလုံးဖြစ်သော ထိုနေရာသည် မြင်တွေ့ရသူတိုင်း ထိတ်လန့်သွားစေရန် ရည်ရွယ်ချက်ရှိရှိ ပုံဖော် တည်ဆောက်ထားခြင်း ဖြစ်သည်။ သူ၏ ခေါင်းအထက်တွင် မြင့်မားစွာ မိုးနေပြီး မျက်စိတစ်ဆုံး မိုင်ပေါင်းများစွာ ရှည်လျားသော ထိုတံတိုင်းကြီးကို အမည်းရောင် ဖန်တီးထားသော မာဒြာ များဖြင့် ပြုလုပ်ထား၏။

ထို့ပြင် တံတိုင်း၏ ထိပ်တွင် လူတစ်ရပ်စာခန့်ရှိသော ဓားသွားကြီးများကိုလည်း တပ်ဆင်ထားသေးသည်။ သူ၏ အာရုံများအပေါ် ဖိနှိပ်လာသော ရေခဲတမျှ အေးစက်သည့် ကြောက်ရွံ့မှုနှင့် အတွင်းပိုင်း နက်ရှိုင်းသော နေရာမှ ကြားနေရသည့် အေးစက်စက် အူသံများအရ တံတိုင်းကို တည်ဆောက်ထားသော ပစ္စည်းများတွင် သေမင်း မာဒြာ ၏ ဂုဏ်သတ္တိများ အနည်းဆုံးတော့ ပါဝင်နေမည်ဟု သူ အသေအချာ ယုံကြည်မိသည်။

ထိုအရာက အပြင်ဘက် တံတိုင်းသာ ရှိသေး၏။ ဧကရာဇ်ထံတွင် အီသန်ကို မိုင်ပေါင်း တစ်သောင်းကျော် အကွာအဝေးမှ ဝင်ပေါက်ဆီသို့ တိုက်ရိုက် ပို့ဆောင်ပေးနိုင်သော တံခါးသော့ တစ်ချောင်း ရှိခဲ့သည်။ သို့သော် ထိုသို့သော သော့မျိုးကပင် သူ့ကို တံခါးအတွင်းသို့ ဝင်ရောက်နိုင်အောင် မစွမ်းဆောင်ပေးနိုင်ခဲ့ပေ။ မဟူရာ မီးတောက် အင်ပါယာ အတွင်းရှိ မည်သူကမျှ ထိုမျှလောက် ဟင်းလင်းပြင်ကို ထိန်းချုပ်နိုင်စွမ်း မရှိကြပေ။ ထို့ကြောင့် ထိုတံခါးသော့ကို အာကူရာ မိသားစု ၏ ခေါင်းဆောင်ကြီး ကိုယ်တိုင် သို့မဟုတ် သူမ၏ ရင်းနှီးသော တပည့်တစ်ဦးဦးက ဖန်တီးခဲ့ခြင်းသာ ဖြစ်ရမည်။

အစောင့်များမှာ သူတို့ စောင့်ကြပ်နေသော တံတိုင်းကြီးထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းနေသေး၏။ ထိုဝိညာဉ်အကြွင်းအကျန် နှစ်ခုမှာ နောက်ကျိနေသော ရွှံ့နွံရေများကဲ့သို့ အစိမ်းပုပ်ရောင် ရှိနေကြသည်။ သူတို့၏ ပုံပန်းသဏ္ဌာန်မှာ ခြောက်သွေ့နေသော ဖွတ်သေကောင်များနှင့် တူလှပေသည်။ သို့သော် သူတို့မှာ ဆယ့်ငါးပေခန့် အရပ်မြင့်မားကြပြီး တစ်ဦးစီတိုင်းက အမည်းနှင့် ခရမ်းရောင် မီးတောက်များ တောက်လောင်နေသော လှံရှည်ကြီးများကို ကိုင်ဆောင်ထားကြ၏။ ၎င်းမှာ မဟူရာ မီးတောက် နှင့် မတူညီသော အခြား နဂါးမီးတောက် အမျိုးအစား တစ်ခုဖြစ်သော်လည်း သေစေနိုင်လောက်အောင် အန္တရာယ်ကြီးမားမှုကတော့ အတူတူပင် ဖြစ်သည်။

သူတို့သည် ဖြူစုတ်စုတ် လူ့အရိုးပုံကြီးများ အပေါ်တွင် အသီးသီး နားခိုနေကြသည်။ ထိုအရိုးပုံကြီးများမှာ မြင်သူ ထိတ်လန့်စေရန် တမင် ရည်ရွယ်၍ ထားရှိခြင်းဖြစ်ကြောင်း ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။

ထိုသို့ ဆိုရာတွင် လှည့်စားထားခြင်းဟု မဆိုလိုပေ။ အစောင့်များ သတ်ဖြတ်ခဲ့သော အရိုးများကို နောင်လာမည့် ဧည့်သည်များအတွက် သတိပေး ကြေညာချက်တစ်ခုအဖြစ် ချန်ထားခဲ့ရန် ရွေးချယ်ထားခြင်းသာ ဖြစ်၏။

သူတို့သည် ဝိညာဉ်အကြွင်းအကျန်များသာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အီသန်ကို အေးစက်စက် မျက်လုံးများဖြင့် ငုံ့ကြည့်နေကြသည်။ ထိုဝိညာဉ်အကြွင်းအကျန် နှစ်ကောင်ကို တူညီသော လမ်းစဉ်မှ အရှင်သခင် များက ချန်ရစ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ဟယ်ရယ်လ်များ၏ စွမ်းအားကို ယှဉ်နိုင်သည့်အထိ အာကူရာ ကလန်က တဖြည်းဖြည်းချင်း ကျင့်ကြံပြုစုပေးခဲ့ခြင်း ဖြစ်၏။

ထိုအချက်ကပင် အီသန်ကို အဆင့်နိမ့် အရှင်သခင် တစ်ဦးဖြစ်သော သူ၏ အဆင့်အတန်းအား နာကျင်ဖွယ်ရာ သတိပြုမိသွားစေရန် လုံလောက်နေပြီ ဖြစ်သည်။ ပို၍ တိကျစွာ ဆိုရလျှင် သူ၏ အဆင့်အတန်း နိမ့်ကျမှုကို သတိပြုမိသွားစေခြင်း ဖြစ်၏။

အကယ်၍ အစောင့်များကသာ သူ့ကို အငွေ့ပျံသွားအောင် တိုက်ခိုက်လိုက်မည် ဆိုပါက ထိုသတင်းသည် မဟူရာ မီးတောက် အင်ပါယာ ထံသို့ ဘယ်တော့မှ ရောက်ရှိသွားမည် မဟုတ်ပေ။ ရောက်ရှိသွားခဲ့လျှင်ပင် ဧကရာဇ်ကသာ တောင်းပန်ရမည့်သူ ဖြစ်နေပေလိမ့်မည်။

သေရေးရှင်ရေး အန္တရာယ်နှင့် ကြုံတွေ့နေရချိန်တွင်ပင် အီသန်သည် ခြိမ်းခြောက်မှုများကို ဘယ်သောအခါမျှ အရှုံးပေးလေ့ မရှိသူ တစ်ဦး ဖြစ်သည်။ သူက တောက်ပစွာ ပြုံးလိုက်ပြီး သူ၏ အိတ်ကပ်ထဲမှ တံခါးသော့ကို ဆွဲထုတ်ကာ ရှေ့သို့ ကမ်းပေးလိုက်သည်။ ၎င်းကို ခရမ်းရောင် သန်းနေသော အမည်းရောင် သလင်းကျောက်ဖြင့် ပြုလုပ်ထားပြီး သူ၏ လက်ထဲတွင် နှလုံးသားတစ်ခုကဲ့သို့ ခုန်လှုပ်နေ၏။

"ကျွန်တော်က မဟူရာ မီးတောက် အင်ပါယာ ဧကရာဇ် နာရူဟွမ် ရဲ့ ကိုယ်စားလှယ်ပါ..."

သူက ကြေညာလိုက်သည်။

"ကျွန်တော် တွေ့ခွင့်ရနိုင်မယ့် အာကူရာ ကလန် ရဲ့ အဆင့်အမြင့်ဆုံး အဖွဲ့ဝင် တစ်ဦးနဲ့ တွေ့ဆုံခွင့် တောင်းခံချင်ပါတယ်..."

***

All Chapters