အခန်း ၃၁၈
Vol. 23 Ch. 318
အပိုင်း(၃၁၈)
ကလန် ခေါင်းဆောင်နှင့် တိုက်ရိုက် တွေ့ဆုံခွင့် တောင်းခံ၍ မရနိုင်သည်မှာ သေချာလှသည်။ သူမ၏ အချိန်များနှင့် သူ ထိုက်တန်သည်ဟု သွယ်ဝိုက်ပြောဆိုကာ ဧကရီ တစ်ပါးကို စော်ကားမိပါက သူ့ကို ပွဲချင်းပြီး သေဆုံးသွားစေနိုင်၏။ ထို့ပြင် ကျန်ရှိနေသော အာရီလီယပ် မိသားစု ထံသို့ပင် ထိုအကျိုးဆက်များ ကူးစက်သွားနိုင်ပေသည်။
ဝိညာဉ်အကြွင်းအကျန်များက ဖတ်ရှု၍မရနိုင်သော တွားသွားသတ္တဝါတို့၏ အကြည့်များဖြင့် သူ့ကို စစ်ဆေးနေကြသည်။ ဝိညာဉ်များက သူတို့ ဘာခံစားနေရသည်ကို ရုပ်ပိုင်းဆိုင်ရာ အရိပ်အယောင်မျှပင် မပြသသောကြောင့် ဤနေရာတွင် သူ၏ သွေးမျိုးဆက် စွမ်းအားများကပင် အသုံးမဝင်ခဲ့ပေ။
သူတို့ မည်မျှပင် အသိဉာဏ် မြင့်မားပြီး အဆင့်မြင့်နေပါစေ သူတို့သည် ဝိညာဉ်အကြွင်းအကျန် များသာ ဖြစ်ကြသေးသည်။ တခြားတစ်မျိုး လုပ်ဆောင်ရန် အကြောင်းပြချက် မပေးမချင်း သူတို့သည် မိမိတို့၏ သဘာဝအတိုင်းသာ ပြုမူကြမည် ဖြစ်၏။ ဤအရာများမှာမူ ကင်းစောင့်ရန် တာဝန်ပေးအပ်ခံထားရကြောင်း ထင်ရှားလှပေသည်။ တစ်ကောင်က သိသာထင်ရှားသော အချက်ပြမှုတစ်ခုအဖြစ် ဝိညာဉ်ရေးရာ လှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုလှိုင်း၏ အလေးချိန်က အီသန်ကို မြေကြီးပေါ်သို့ ဖိချပစ်လိုက်တော့မည့်အလား ခံစားရစေ၏။
အီသန်က စောင့်ဆိုင်းနေလိုက်သည်။ တံတိုင်း၏ အနောက်ဘက် တစ်နေရာရှိ ခံတပ်ကြီးကိုယ်တိုင်က လေထဲသို့ မီးတောက်များကို မှုတ်ထုတ်နေ၏။
သူတို့က သူ့ကို အထဲသို့ ဝင်ရန် မတောင်းဆိုပါစေနှင့်ဟု သူ မျှော်လင့်နေမိသည်။ အကယ်၍ သူသာ အာကူရာ အကျဉ်းခန်းတစ်ခုထဲတွင် အနှစ်တစ်ရာခန့် အဖမ်းခံလိုက်ရပါက သူ၏ အစီအစဉ်များကို ဆိုးရွားစွာ ပျက်စီးသွားစေမည် ဖြစ်၏။
နောက်ဆုံးတွင် တံတိုင်း၏ အလယ်ပိုင်း တစ်နေရာက အမည်းရောင် အရည်အိုင် တစ်ခုအဖြစ် အရည်ပျော်ကျသွားသည်။ ရှည်လျားပါးလျသော မုတ်ဆိတ်မွေးများနှင့် ခရမ်းရောင် မျက်လုံးများရှိသည့် အဘိုးအို တစ်ဦးက လက်များကို ရှေ့တွင် ယှက်ထားလျက် ထိုကွက်လပ်ထဲမှ လျှောက်ထွက်လာ၏။ ထိုလက်များမှာ တံတောင်ဆစ်အထိ ကတ္တရာစေးထဲသို့ နှစ်ထားသကဲ့သို့ ရှိနေသည်။ သံကြိုးထိန်းသိမ်းသူ လမ်းစဉ် ၏ ရွှေအဆင့် အမှတ်အသား ပင် ဖြစ်၏။ ခရမ်းရောင် မျက်လုံးများက သူသည် သွေးဆက်ခံသူ တစ်ဦး ဖြစ်ကြောင်း ပြသနေသည်။
သူက ခန့်ညားသော ဂုဏ်သိက္ခာဖြင့် လျှောက်ထွက်လာသော်လည်း မာနထောင်လွှားသည့် အမူအရာမျိုး မရှိပေ။ သူ၏ အဖြူနှင့် အမည်းရောင် ဝတ်ရုံများမှာ ရိုးရှင်းလှပြီး အီသန်၏ မျက်လုံးများကို တည်ငြိမ်သော အကြည့်ဖြင့် ဆုံကြည့်လာ၏။ အီသန်က သူ့ကို ချက်ချင်းပင် သဘောကျသွားသည်။ အာကူရာ ကလန် ၏ အခြားသော အဖွဲ့ဝင် တစ်ဦးဦးသာဆိုလျှင် သူ၏ စကားတစ်ခွန်းကို နားထောင်ပေးရန် ဝန်မလေးမီ အီသန်ကို တစ်နာရီခန့် အရိုအသေပေး ခစားခိုင်းထားမည်မှာ သေချာလှသည်။
အီသန်သည် သူ့ကို တိုက်ရိုက် စစ်ဆေးခြင်း မပြုခဲ့ပေ။ ထိုသို့လုပ်ခြင်းက အလွန် ရိုင်းစိုင်းသော အပြုအမူ ဖြစ်သွားမည် ဖြစ်၏။ သို့သော် ထိုသူ၏ အဆင့်ကို မှန်းဆနိုင်ရန် သူ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းကိုမူ သတိထား၍ ဖြန့်ကျက်ကြည့်လိုက်သည်။
သူ ထင်ထားသည့်အတိုင်းပင် သူ မသိနိုင်ခဲ့ပေ။ ထိုသူမှာ ကျင့်ကြံသူ တစ်ဦး လုံးဝ မဟုတ်သကဲ့သို့ပင် ဖြစ်နေ၏။
ဆိုလိုသည်က သူသည် အနည်းဆုံးတော့ ဖုံးကွယ်ခြင်း ပညာရပ်တွင် ကျွမ်းကျင်သော အဆင့်နိမ့် အရှင်သခင် တစ်ဦး ဖြစ်ရမည်။ ပို၍ ဖြစ်နိုင်ခြေရှိသည်က သူသည် ထိုအဆင့်ထက် အများကြီး ပို၍ မြင့်မားနေခြင်းပင် ဖြစ်၏။
အီသန်သည် လက်သီးနှစ်ဖက်ကို ဆုပ်ကာ ခါးကို ကိုင်း၍ အရိုအသေပေးလိုက်သည်။
"မဟူရာ မီးတောက် အင်ပါယာ ရဲ့ တန်ဖိုးမရှိတဲ့ အစေခံ တစ်ဦးအနေနဲ့ ဂုဏ်သရေရှိတဲ့ အာကူရာ ကလန် ရဲ့ ကိုယ်စားလှယ်ကို နှုတ်ခွန်းဆက်သပါတယ်..."
အဘိုးအိုက အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းတစ်ချက် ငုံ့ပြလိုက်သည်။
"ငါက အာကူရာဂျက်စတစ် ပဲ... ကလန် က မင်းကို ကြိုဆိုပါတယ်... အီသန် အာရီလီယပ်..."
အာကူရာ ကလန်က သူ၏ နာမည်ကို သိနေခြင်းအတွက် အီသန် လုံးဝ အံ့သြမသွားခဲ့ပေ။ သို့သော် ဂျက်စတစ်က ထိုနာမည်ကို ရွေးချယ် အသုံးပြုခဲ့ခြင်းအတွက်မူ အနည်းငယ် အံ့သြသွားမိသည်။
"ကျွန်တော့်ကို ဒီလောက်အထိ သတိထားမိတဲ့အတွက် ဂုဏ်ယူမိပါတယ်..."
သူက ခါးကို မတ်မလာဘဲ ပြောလိုက်သည်။
"ထာဝရ တည်ရှိပြီး အရာရာကို သိမြင်တဲ့ ငါတို့ရဲ့ ခေါင်းဆောင်ကြီး က ကမ္ဘာပေါ်မှာ အကောင်းဆုံး အိပ်မက် ကျင့်ကြံသူ တွေကို အသုံးပြုထားတယ်..."
ဂျက်စတစ် က တည်ငြိမ်စွာ ပြောလိုက်သည်။
"သူတို့က မင်းကို မြင်ခဲ့ကြတယ်... မကြာသေးခင်က ကံကြမ္မာမှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်သွားပုံရတယ်... ဒီရက်ပိုင်းတွေမှာ ကံကြမ္မာ ရေစီးကြောင်းတွေက လျင်မြန်စွာ ပြောင်းလဲနေပြီး အိပ်မက်ဖတ်သူတွေက သူတို့ရဲ့ စီးဆင်းနေတဲ့ ရေစီးကြောင်းတွေထဲမှာ မင်းကို မြင်တွေ့ခဲ့ရတယ်..."
အီသန် ချွေးပျံလာတော့သည်။ သူတို့၏ စွမ်းရည်များ ကွဲပြားကြသော်လည်း ဒဏ္ဍာရီလာ အင်ပါယာကြီးများသည် အဝေးကြီးအထိ မြင်နိုင်စွမ်း ရှိကြ၏။ သူ၏ ကံကြမ္မာအပေါ် သူတို့ မည်သို့ ဆုံးဖြတ်မည်ကို မူတည်၍ သူ့ကို ဤနေရာတွင်ပင် သတ်ပစ်နိုင်ပေသည်။ သို့မဟုတ် ထိုထက်ပို၍ပင် ဆိုးရွားသွားနိုင်၏။
"သူက မင်းအတွက် စကားတွေ ချန်ထားခဲ့တယ်..."
ဂျက်စတစ် က ပြောလိုက်ရာ သူ၏ အသံတွင် အံ့ဩကြည်ညိုမှုများ ပါဝင်နေသည်။ သူသည် ကလန် ခေါင်းဆောင်ကြီး၏ သွေးဆက် တစ်ဦး ဖြစ်ရမည်ဖြစ်ရာ သူ၏ ကိုယ်ပိုင် မိခင်၊ အဘွား သို့မဟုတ် အဘေး အကြောင်းကို ပြောဆိုနေခြင်း ဖြစ်ပေမည်။ သို့သော် သူ၏ လေသံက လူသားအသွင်ယူထားသော နတ်ဘုရား တစ်ပါးအကြောင်းကို ရည်ညွှန်းနေသည့်အလား ထင်ရ၏။
"တခြား အခြေအနေတွေမှာဆိုရင် ဒီလောက် ဂုဏ်ပြုခံရတဲ့ ဘယ်သူ့ကိုမဆို ငါတို့က စားပွဲသောက်ပွဲနဲ့ ဧည့်ခံမှာပဲ... ဒါပေမဲ့ အချိန် သိပ်မရှိတော့ဘူး..."
အီသန်သည် ဒူးထောက်ချလိုက်ပြီး ခံတပ်ကြီး ရှိရာဘက်သို့ ဦးခေါင်းကို မြေကြီးနှင့် သုံးကြိမ်တိုင်တိုင် ထိ၍ ရှိခိုးလိုက်သည်။ အောက်သို့ ငုံ့ထားစဉ် မျက်နှာမဲ့ချင်သော ဆန္ဒကို သူ အတင်းအကျပ် ထိန်းချုပ်ထားရ၏။ ဂျက်စတစ် က မမြင်နိုင်သော်လည်း အင်ပါယာ တစ်ပါးကမူ မြင်နိုင်ပေလိမ့်မည်။ အကယ်၍ သူမသာ စောင့်ကြည့်နေခဲ့မည် ဆိုလျှင်ပင်။
ဘေးကင်းအောင် နေတာက ပိုကောင်းသည်။
"ကျွန်တော် မထိုက်တန်ပါဘူး..."
အီသန်က ပြောလိုက်သည်။ ထို့နောက် ပို၍ ရိုးသားသော လေသံဖြင့်...
"အင်ပါယာကြီး ရဲ့ စကားတွေကို ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ ကမ္ပည်းတင်ထားပါ့မယ်..."
ထိုအချက်ကတော့ အနည်းဆုံး အမှန်တရား ဖြစ်သည်။ အနာဂတ်မှနေ၍ သူမ မည်သည့်အရာများကို သိရှိခဲ့သည်ဖြစ်စေ ထိုအရာများက သူ့အတွက် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိနေမည် ဖြစ်၏။
"ခု ငါပြောမယ့် စကားတွေက ငါ့စကားတွေ မဟုတ်ဘူး... အင်ပါယာကြီး ရဲ့ စကားတွေပဲ..."
ဂျက်စတစ် သည် ကိုယ်နေဟန်ထားကို မတ်လိုက်ပြီး ကြေညာချက်တစ်ခုကဲ့သို့ အသံကို မြှင့်ကာ ပြောလိုက်သည်။
"တစ်ကြိမ်... တစ်ကြိမ်တည်းပဲ... မင်းတို့ရဲ့ အင်ပါယာ ကို ပုန်ကန်ထကြွလာမယ့် မိစ္ဆာ ဘေးကနေ ငါ ကာကွယ်ပေးမယ်... မကြာခင်မှာ ငါ့အတွက် ပိုကြီးမားတဲ့ ပူပန်စရာတွေ ရှိလာလိမ့်မယ်... ဒါကြောင့် မင်းကိုယ်တိုင် ကာကွယ်သူ တွေကို မွေးမြူရမယ်... သူတို့က နောက်ဆက်တွဲ ဖြစ်လာမယ့် ကြီးမားတဲ့ ကပ်ဘေးကြီး ကနေ ငါတို့အားလုံးကို ကာကွယ်ပေးလိမ့်မယ်... မင်းရဲ့ အောင်မြင်မှုကို ငါ စောင့်မျှော်နေမယ်... အဆင့်နိမ့် အရှင်သခင်..."
"သူက အဲဒီစကားတွေကို ကျွန်တော့်အတွက် ချန်ထားခဲ့တာလား..."
အီသန်က ခေါင်းမော့ကာ မေးလိုက်သည်။
"မင်းရဲ့ နာမည်ကို တပ်ပြီးတော့ကို ချန်ထားခဲ့တာ... သူက မင်းရဲ့ အစီအစဉ်တွေကို မြင်ခဲ့ပြီး မင်းမှာ အောင်မြင်နိုင်ခြေ ရှိတယ်ဆိုတာကို သိနေတယ်..."
အီသန်သည် မတုန်ယင်သွားစေရန် ကြိုးစားလိုက်ရသည်။ အင်ပါယာကြီး တစ်ပါး၏ အကူအညီက အရာအားလုံးကို အတိုင်းအဆမရှိ ပိုမို လွယ်ကူသွားစေနိုင်၏။ သို့သော် ထိုအဆင့်ရှိ မည်သူကမျှ ကိုယ်ကျိုးမငဲ့ဘဲ မနေကြပေ။ သူမက လွှမ်းမိုး ထိန်းချုပ်သွားနိုင်ပြီး ထိုသို့ဖြစ်လာပါက သူမကို တားဆီးရန် အီသန် လုပ်နိုင်သည့်အရာ ဘာတစ်ခုမျှ ရှိမည် မဟုတ်ချေ။
သို့သော် သူ၏ ကံကြမ္မာနှင့် ပတ်သက်သည့် မည်သည့် အချက်အလက်မဆို အဖိုးမဖြတ်နိုင်ပေ။
"ကျွန်တော့်ရဲ့ ကျေးဇူးတင်မှုကို စကားလုံးတွေနဲ့တောင် ဖော်ပြလို့ မရနိုင်ပါဘူး... တကယ်လို့ အာကူရာ ကလန် ရဲ့ နယ်မြေကို ကျွန်တော် ကာကွယ်ပေးနိုင်မယ့် အချိန် ရောက်လာခဲ့ရင် အဲဒီလို လုပ်ဆောင်ပေးပါ့မယ်..."
သူက အကြွေးတင်ကြောင်း ဝန်မခံမိစေရန် သတိထားလိုက်သည်။ သူ၏ ဝိညာဉ်က ထိုစကားများအပေါ်တွင် တာဝန်ယူသွားနိုင်ပြီး အထူးသဖြင့် အင်ပါယာကြီး တစ်ပါးနှင့် ဆက်ဆံနေရချိန်မျိုးတွင် ပို၍ပင် အန္တရာယ်များလှ၏။
ဂျက်စတစ် က ခေါင်းညိတ်လိုက်ပြီး အီသန်ကို မတ်တတ်ရပ်ရန် လက်ဟန်ပြလိုက်သည်။ သူက မတ်တတ်ရပ်လိုက်ပြီး သူ၏ အပေါ်ဝတ်ရုံမှ ရွှံ့စွန်းနေသော နေရာများကို မသုတ်မိဘဲ နေရန် ကြိုးစားလိုက်၏။
"ကျွန်တော့်ရဲ့ နေရာကို မကျော်လွန်ချင်ပါဘူး..."
အီသန်က သူ၏ အပြုံးတွင် ဆွဲဆောင်မှုများကို ပို၍ ဖြည့်တင်းရင်း ပြောလိုက်သည်။
"ဒါပေမဲ့ ကျွန်တော့်ရဲ့ ဧကရာဇ် ဆီကို ပြန်ပြောပြရမယ့် ညွှန်ကြားချက်တွေများ ရှိနေမလား..."
ဂျက်စတစ်သည် အမည်းရောင် လက်အိတ်စွပ်ထားသော လက်တစ်ဖက်ဖြင့် သူ၏ မုတ်ဆိတ်မွေးများကို ပွတ်သပ်လိုက်သည်။
"ငါတို့ရဲ့ လမ်းလွဲနေတဲ့ သမီး နဲ့ ပတ်သက်ပြီး ငါတို့ရဲ့ ဆန္ဒကို မင်းတို့ အင်ပါယာ ကို အသိပေးထားပြီးပါပြီ... ပြီးတော့ သူတို့က ငါတို့ရဲ့ ညွှန်ကြားချက်တွေကို လက်ခံနိုင်တဲ့ ပုံစံမျိုးနဲ့ အဓိပ္ပာယ် ဖွင့်ဆိုထားကြပါတယ်... သမီးကို အစွန်းဆုံး ရောက်သွားအောင် တွန်းပို့ဖို့ကသာ အရေးကြီးတာပါ... သူ ပျံသန်းနိုင်သွားသည်ဖြစ်စေ သေဆုံးသွားသည်ဖြစ်စေ အင်ပါယာ ကလန် က ဆုချီးမြှင့်ခံရပါလိမ့်မယ်…”
ဤနေရာသို့ မလာရောက်မီကတည်းက အာကူရာ ကလန် ၏ "လမ်းလွဲနေသော သမီး" အကြောင်းကို ကြိုတင် လေ့လာစုံစမ်းခဲ့မိသည့်အတွက် အီသန် အလွန်ပင် ဝမ်းသာမိသည်။ ထိုသို့သာ မလုပ်ခဲ့ပါက သူသည် လုံးဝ အမှောင်ကျနေမည်သာ ဖြစ်၏။ မသိနားမလည်ဘဲ နေရခြင်းထက် သူ ပို၍ မုန်းတီးသောအရာဟူ၍ မရှိသလောက်ပင် ဖြစ်သည်။
သူသည် နောက်ထပ်တစ်ကြိမ် ဦးညွှတ်လိုက်ပြီး သူ၏ တံခါးသော့ကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။
"အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်... ဒါပေမဲ့ ခင်ဗျားကို နောက်ထပ် အကူအညီတစ်ခုလောက် တောင်းဆိုခွင့်ပြုပါ..."
ဂျက်စတစ်က အဘိုးတစ်ဦးကဲ့သို့ ပြုံးလိုက်ပြီး သလင်းကျောက် သော့ကို ထိရန် လက်တစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။
"နှုတ်ဆက်ပါတယ် အဆင့်နိမ့် အရှင်သခင်... နောက်တစ်ခါ ပြန်တွေ့ကြတာပေါ့..."
အီသန် ပျောက်ကွယ်သွားတော့၏။
***