← Chapters

အခန်း ၃၁၉+၃၂၀

Vol. 23 Ch. 319-320

အခန်း ၃၁၉+၃၂၀

Vol. 23 Ch. 319-320

အပိုင်း(၃၁၉)

"လျှောက်လွှာတင်ခြင်း လုပ်ငန်းစဉ်" ဆိုသည်မှာ ပြိုင်ပွဲတစ်ခုပင် ဖြစ်သည်။ အီသန် သူ့ကို လေ့ကျင့်ပေးစဉ်က အသုံးပြုခဲ့သော ရုပ်သေး ပြိုင်ကွင်းများနှင့် ဆင်တူသည့် အတားအဆီး ဖြတ်ကျော်ရသော ပြိုင်ကွင်းတစ်ခုဖြစ်ကြောင်း လင်းတုန်း ကြားသိခဲ့ရ၏။ ထိုပြိုင်ကွင်းမှာ ကျယ်ဝန်းလွန်းလှသဖြင့် ပွဲတော်ကွင်း၏ လေးပုံသုံးပုံခန့်ကို နေရာယူထားသည်။ အဆင့်နိမ့် ရွှေအဆင့် ပါဝင်ယှဉ်ပြိုင်သူ ငါးရာ့ငါးဆယ့်နှစ်ဦးစလုံး ပခုံးချင်းယှဉ်၍ တန်းစီကာ စတင်နိုင်လောက်အောင်ပင် ကျယ်ဝန်းလှပေသည်။

ပြိုင်ကွင်း တစ်ခုလုံးကို အတားအဆီးများ မမြင်ရစေရန် လိမ္မော်ရောင် တိမ်တိုက်တစ်ခုဖြင့် ဖုံးလွှမ်းထားသည်။ လျှောက်ထားသူများ အနေဖြင့် အခြေအနေအရ ချက်ချင်း တွေးတော ဆုံးဖြတ်နိုင်စေရန် သူတို့က အလိုရှိနေကြောင်း လင်းတုန်း မှန်းဆမိ၏။ အထဲတွင် ဘာတွေရှိနေနိုင်မည်ကို လူများ ခန့်မှန်း ပြောဆိုနေကြသည့် စကားသံ အနည်းငယ်ကိုလည်း သူ ကြားခဲ့ရသည်။

သို့သော်လည်း အဆင့်နိမ့် ရွှေအဆင့် အနည်းငယ်မျှသာ ခြေထောက်များဖြင့် ရပ်နေကြခြင်း ဖြစ်သည်။ သူတို့က အထွတ်အမြတ် မြင်းများကို စီးနင်းကြသည်။ သို့မဟုတ် ပျံသန်းနေသော ဓားများပေါ်တွင် ရပ်နေကြပြီး အချို့ကမူ အတောင်ပံများကို ဖြန့်ကြက်ထားကြ၏။ အချို့မှာ မှော်ပစ္စည်း များဖြင့် ဖန်တီးထားသော သေသပ်လှပသည့် လှောင်ချိုင့်များထဲတွင် သယ်ဆောင်ခံနေကြသည်။

တောင်ဝှေးကို မြင်းစီးသကဲ့သို့ ခွစီးကာ ရှေ့သို့ ကိုင်းညွတ်ပြီး လက်နှစ်ဖက်ဖြင့် တောင်ဝှေးကို အားပြုကိုင်တွယ်ထားသော မာစီ ကို သူ မြင်လိုက်ရသည်။ ထိုတောင်ဝှေးမှာ မြေကြီးပေါ်မှ ပေအနည်းငယ်ခန့် မြင့်သော နေရာတွင် လွင့်မျောနေ၏။

သို့သော်... သူမက အလွန်အမင်း ယိမ်းယိုင်နေသဖြင့် သူမများ ပြုတ်ကျသွားမလားဟု လင်းတုန်း တွေးပူမိသည်။ တောင်ဝှေးအဆုံးရှိ နဂါးခေါင်းက ဟိန်းဟောက်နေပြီး မျက်လုံးများ ရှိသင့်သော နေရာများတွင် ခရမ်းရောင် အလင်းများ တောက်ပနေ၏။ ၎င်းက ရှေ့ဆက်သွားရန် လောဆော်နေသည့်အလား ပင်။

သူက အဆင့်မြင့် ရွှေအဆင့် ပြိုင်ကွင်းဘက်သို့ လှမ်းကြည့်လိုက်ရာ ၎င်းမှာ များစွာ ပိုမို သေးငယ်ပြီး အဖြူရောင် တိမ်တိုက် တစ်ခု၏ ဝါးမျိုမှုကို ခံထားရသည်။ ထိုနေရာတွင် ပါဝင်ယှဉ်ပြိုင်သူ ငါးဆယ်သာ ရှိပြီး တစ်ခုခုကို စီးနင်းထားသူ အရေအတွက်မှာလည်း ပို၍ နည်းပါးလှ၏။ သူတို့၏ ကိုယ်ပိုင် အမြန်နှုန်းကို ပို၍ ယုံကြည်ကြသည့်အလား ပင်။ ယီရင် ကို သူ မမြင်ရသော်လည်း သံမဏိပေါ်တွင် နေရောင်ခြည် တောက်ပသွားသည်ကို သတိပြုမိလိုက်သဖြင့် သူမ၏ ရွှေအဆင့် အမှတ်အသား ကိုများ မြင်လိုက်ရတာလားဟု တွေးမိလေသည်။

"တခြားသူတွေ အားလုံးက တစ်ခုခုကို စီးနေကြတာ..."

လင်းတုန်းက တိုးတိတ်စွာ ရေရွတ်လိုက်သည်။

"ခြေလျင်ဆိုရင်တော့ သူတို့ကို လိုက်မီမှာ မဟုတ်ဘူး..."

အော်သို၏ မျက်လုံးများ တောက်လောင်လာသည်။

"ဒါပေါ့... ငါ့အခွံပေါ်ကို တက်လိုက်... ငါတို့ လမ်းကြောင်းမှာ ရှိသမျှ အတားအဆီး အားလုံးကို ဖျက်ဆီးပစ်ကြတာပေါ့..."

လင်းတုန်းက သူ၏ ကံကောင်းမှုအပေါ် သံသယ မဝင်ချင်သော်လည်း လိပ်ကြီးက ဤမျှ မြန်ဆန်စွာ သဘောတူလိုက်သဖြင့် များစွာ အံ့အားသင့်သွားရသည်။

"ကျေးဇူးတင်ပါတယ် အော်သို..."

"မင်း အသံက အံ့ဩနေတဲ့ ပုံပဲ..."

"ကျွန်တော့်ကို သယ်သွားပေးရတာက ခင်ဗျားအတွက်... အာ... အဆင့်အတန်း ကျတယ်လို့များ ထင်နေမလား တွေးမိလို့ပါ... ကျွန်တော်က အဲဒီလို ထင်လို့ ပြောတာမဟုတ်ပါဘူး... ခင်ဗျားက အဲဒီလိုများ မြင်မလားလို့ပါ..."

အော်သိုက သူ့ကို အလွန်အမင်း ထုံထုံထိုင်းထိုင်း ခေါင်းမပါသော ကလေးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လိုက်သည်။

"မြင်းတစ်ကောင်က လူကို သယ်သွားတဲ့အခါ သူတို့နှစ်ယောက်ထဲမှာ ဘယ်သူက ပိုသန်မာသလဲ... နဂါးတစ်ကောင်က သူ့ထက်နိမ့်ကျတဲ့ သတ္တဝါတွေကို သယ်သွားတယ်ဆိုတာက သင့်တော်တဲ့ ကိစ္စတစ်ခုပါပဲ..."

ထိုစကားကို လင်းတုန်း ငြင်းခုန်၍ မရနိုင်ခဲ့ပေ။

လိပ်ကြီး၏ အခွံမှာ ပူအိုက်ပြီး ဆူးချွန်များပါရှိကာ အလွန်ပင် သက်တောင့်သက်သာ မရှိလှပေ။ သူ၏ ဘောင်းဘီ ဖင်တွင် အပေါက်မဖြစ်သွားစေရန် အော်သိုထံမှ ထွက်ပေါ်လာသော မဟူရာ မီးတောက် မာဒြာ များကို လင်းတုန်းက စွမ်းအင်လှည့်ပတ်၍ ပြန်လည် တွန်းကန်ထားရသည်။

လိပ်ကြီး လှုပ်ရှားလိုက်သော ခြေလှမ်းတိုင်းက လင်းတုန်းကို ပြင်းထန်စွာ တုန်ခါသွားစေသဖြင့် သူ၏ ရင်ဘတ်ပေါ်ရှိ တံဆိပ်ပြားလေးပင် ခုန်ပေါက်နေတော့၏။ နာကျင်ရလုမတတ် အနေရခက်လွန်းလှသဖြင့် သူ အောက်သို့ ဆင်းကာ မီးတောက် ခြုံလွှာ ကိုသာ အားကိုးတော့မည်ဟု စဉ်းစားလိုက်စဉ်မှာပင် စကိုင်းဆွန်း တစ်ဦးက လူအုပ်ကြီး၏ အထက်သို့ မြင့်တက်လာသည်။

လင်းတုန်း သူမကို ယခင်က တစ်ခါမှ မမြင်ဖူးခဲ့ပေ။ သူမ၏ ခေါင်းထိပ်တွင် ဦးချိုတစ်ချောင်း ထွက်နေပြီး မြရောင် မိုင်တစ်ထောင် တိမ်တိုက် တစ်ခုပေါ်တွင် လွင့်မျောနေသည်။ သူမက လက်တစ်ဖက်ကို မြှောက်လိုက်ရာ အသစ်စက်စက် သံချပ်ကာဝတ်စုံက တောက်ပနေ၏။

"မင်းတို့က စကိုင်းဆွန်း ထဲမှာ တာဝန်ထမ်းဆောင်ချင်တဲ့ သူတွေအားလုံးထဲမှာ အတော်ဆုံးတွေပဲ..."

သူမက မိုးကြိုးသံကဲ့သို့ ကျယ်လောင်စွာ ကြေညာလိုက်သည်။

"မင်းတို့ထဲက ပထမဆုံး ရောက်လာသူဟာ ဧကရာဇ် ရဲ့ နာမည်နဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရမယ့် ဂုဏ်ကျက်သရေကို ရရှိလိမ့်မယ်... အစွမ်းကုန် တိုက်ခိုက်ကြ... မင်းတို့ရဲ့ လမ်းကြောင်းမှာ ဘယ်အရာကိုမှ အတားအဆီး မခံနဲ့..."

လင်းတုန်းက သူနှင့်အတူ ပါဝင်ယှဉ်ပြိုင်ကြမည့် သူများကို ကြည့်လိုက်ရာ သူတို့မှာ အုပ်စုများ ဖွဲ့ထားကြသလို အခြားသူများကိုလည်း သံသယမျက်လုံးများဖြင့် စောင့်ကြည့်နေကြသည်။ သူ သိထားသည့် အချက်ကိုပင် သူတို့လည်း သိရှိထားကြ၏။ တိမ်တိုက်အတွင်း၌ သူတို့ အချင်းချင်း တိုက်ခိုက်ခြင်းကို မည်သည့်အရာကမျှ တားဆီးထားမည် မဟုတ်ပေ။ ၎င်းမှာ သန့်စင်သော ပြိုင်ပွဲတစ်ခုသာဖြစ်ပြီး ဒိုင်လူကြီးများက အခြားတစ်ဖက်မှ မည်သူ ထွက်ပေါ်လာမည် ဆိုသည်ကိုသာ ဂရုစိုက်ကြမည် ဖြစ်သည်။

မျိုးဆက်သစ် ကာကွယ်သူ များကို အချင်းချင်း အရင်ဆုံး ပြိုင်ဆိုင်တိုက်ခိုက်ကြရန် သင်ကြားပေးခြင်းက စကိုင်းဆွန်း တို့နှင့် ပတ်သက်၍ ဘာကို ဆိုလိုနေသနည်း။

ကောင်းကင်ယံရှိ ဒိုင်လူကြီးက သူမ၏ လက်ဝါးကို မြှောက်လိုက်ရာ အဝါနှင့် အပြာရောင် တဖျစ်ဖျစ်မြည်နေသော စက်ကွင်းတစ်ခုက သူမ၏ လက်ထဲတွင် ဖြစ်ပေါ်လာသည်။

"အသင့်ပြင်ထားကြ..."

သူမက ကြေညာလိုက်သည်။ လင်းတုန်းက အော်သို၏ အခွံအစွန်းကို ဆုပ်ကိုင်ကာ ရှေ့သို့ ကိုင်းညွတ်လိုက်၏။ ထို့နောက်...

ဘုန်း...

စက်ကွင်းက ပေါက်ကွဲသွားပြီး သူတို့ စတင် ထွက်ခွာသွားကြတော့သည်။

အော်သို က မျက်စိတစ်မှိတ်အတွင်း လျင်မြန်သော အရှိန်ဖြင့် ရှေ့သို့ ပြေးထွက်သွားရာ လိမ္မော်ရောင် တိမ်တိုက်က သူ့ကို တစ်စက္ကန့်အတွင်းမှာပင် ဝါးမျိုသွားတော့၏။ တိမ်တိုက်မှာ သူ ထင်ထားသကဲ့သို့ အေးစိမ့်မနေဘဲ သူ၏ မျက်နှာပေါ်တွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။

အခြားတစ်ဖက်တွင် သူ ပထမဆုံး မြင်လိုက်ရသည့် အရာမှာ တောက်ပနေသော သတ္တုဘောလုံး တစ်လုံးက သူ၏ ခေါင်းဆီသို့ တည့်တည့် ပြေးဝင်လာခြင်းပင် ဖြစ်သည်။

သူက မီးတောက် ခြုံလွှာ ကို ဖွင့်လှစ်လိုက်ပြီး ပေါက်ကွဲအားပြင်းသော လက်သီးတစ်ချက်ဖြင့် ထိုဘောလုံးကို ထိုးချလိုက်သည်။ ဘောလုံးမှာ လိမ္မော်ရောင် ဝေးကွာသော နေရာဆီသို့ လွင့်စင်သွားပြီး လင်းတုန်းက ဤအတားအဆီးကို ပိုမို ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။

၎င်းမှာ လေထဲတွင် ပျံသန်းကာ လှည့်ပတ်နေသော သတ္တုဘောလုံးများ ပြည့်နှက်နေသည့် ကျယ်ဝန်းသော ကွင်းပြင်ကြီး တစ်ခု ဖြစ်သည်။ ထိုဘောလုံးပေါင်း ထောင်နှင့်ချီ၍ ရှိနေမည်မှာ သေချာပြီး အားလုံးမှာ ကျပန်း ပုံစံများဖြင့် လှည့်ပတ်နေကြ၏။ ၎င်းတို့က ပြိုင်ပွဲဝင်များကို ပစ်မှတ်ထားနေပုံ မရသော်လည်း လေထုထဲတွင် အလွန် ထူထပ်စွာ ရှိနေသဖြင့် အဆင့်နိမ့် ရွှေအဆင့် လူအုပ်ကြီးမှာ နံရံတစ်ခုကို ဝင်တိုက်မိသကဲ့သို့ ထိုဘောလုံးများကို ဝင်တိုက်မိနေကြတော့သည်။

သူတို့သည် အတားအဆီးများကို ရင်ဆိုင်ဖြတ်ကျော်နေကြသည်။ သို့သော် ချွင်းချက် အနည်းငယ်မှလွဲ၍ သူတို့၏ အရှိန်ကို လျှော့ချကာ ဖြည်းညင်းစွာနှင့် သတိထား၍ သွားနေကြရ၏။ လျင်မြန်စွာ ဖြတ်သန်းသွားသူများကြားတွင် မာစီ ကို သူ မြင်တွေ့လိုက်ရသည်။ သူမ၏ မြင်းမြီးပုံစံ ဆံပင်လေးက အနောက်တွင် လွင့်ခါနေ၏။ သူမ၏ တောင်ဝှေးမှာ မြေကြီးပေါ်သို့ အချိန်မရွေး ပြုတ်ကျသွားတော့မည့်အလား ယိမ်းယိုင်နေဆဲ ဖြစ်သည်။ သို့သော် သူမက ဟန်ချက်ကို အမြဲတမ်း ပြန်လည် ထိန်းကျောင်းလိုက်ပြီး ပြောင်လက်နေသော သတ္တုဘောလုံးများကို သီသီလေး ရှောင်ကွင်းသွားလေ့ရှိ၏။ ၎င်းမှာ ကံကောင်းမှုကြောင့်ဟု ထင်ရသော်လည်း သူမသည် အရှိန်ကို လုံးဝ လျှော့ချမထားခဲ့ပေ။

အော်သိုသည်လည်း အရှိန်လျှော့မထားခဲ့ပေ။

သူ၏ အခွံမှ ပေးစွမ်းသော ကာကွယ်မှုများနှင့် ကျင့်သားရနေသောကြောင့် ဖြစ်ကောင်းဖြစ်မည်။ သူက လျင်မြန်စွာ ပြေးဝင်လာနေသော သတ္တုဘောလုံးများကို အန္တရာယ်တစ်ခုအဖြစ် မြင်ပုံမရချေ။ သူသည် တိမ်တိုက်အတွင်း၌ မျဉ်းဖြောင့်အတိုင်း အပြေးအလွှား ဖြတ်သန်းသွားလေသည်။

လင်းတုန်းက အခွံကို ဖက်တွယ်ထားရင်း အရှိန်လျှော့ရန် အော်ဟစ်လိုက်သည်။ ပထမဆုံး သတ္တုဘောလုံးကို ထိုးလိုက်ရသဖြင့် သူ၏ လက်ဆစ်များက နာကျင်နေ၏။ ထို့ကြောင့် သူက လက်ပြောင်းလိုက်ပြီး သူ၏ အသားဖြင့် ဖွဲ့စည်းထားသော လက်ဖြင့် အခွံကို ဆုပ်ကိုင်ထားလိုက်သည်။ ထို့နောက် အရိုးစုပုံစံ ဝိညာဉ်အကြွင်းအကျန် လက်တုကို အသုံးပြု၍ သူ့ကိုယ်သူ ကာကွယ်ရန် ပြင်ဆင်လိုက်၏။

သူ၏ လက်အသစ်မှာ တစ်ရက်သာ ရှိသေးသည်။ ထို့ကြောင့် သူ အမိန့်ပေးသည့်အတိုင်း အပြည့်အဝ လုပ်ဆောင်ပေးနိုင်ခြင်း မရှိသေးပေ။

ကံကောင်းသည်မှာ ထိုလက်တုက ကူညီရန် အလွန် စိတ်အားထက်သန်နေပုံရသည်။ လင်းတုန်း၏ ညွှန်ကြားချက် မပါဘဲနှင့်ပင် သတ္တုဘောလုံးများကို လက်ဝါးဖြင့် ဖမ်းယူလိုက်၏။ ၎င်းက ဘောလုံးများထဲမှ တစ်စုံတစ်ခုကို စုပ်ယူလိုက်ပုံရသည်။ အဘယ်ကြောင့်ဆိုသော် ထိုလက်တုက ဖမ်းဆုပ်လိုက်ပြီးနောက် ဘောလုံးများမှာ အသက်ကင်းမဲ့စွာဖြင့် မြေကြီးပေါ်သို့ ကျဆင်းသွားသောကြောင့် ဖြစ်၏။ ထိုအရာမှာ မာဒြာ ၏ ဂုဏ်သတ္တိကြောင့် ဖြစ်ရမည်။ အဘယ်ကြောင့်ဆိုသော် လက်တုအတွင်းရှိ အမြုတေကြိုး က အသက်ဝင်လာခြင်း မရှိသောကြောင့် ဖြစ်သည်။

၎င်းမှာ သတင်းကောင်း ပင် ဖြစ်၏။

သို့သော် ဆိုးရွားသော အခြမ်းလည်း ရှိနေသေးသည်။ လက်တုက တစ်ကြိမ်လျှင် ဘောလုံးတစ်လုံးကိုသာ အာရုံစိုက်သည်။ သူ့ကို ကာကွယ်ပေးခြင်းထက် ၎င်း၏ စားသုံးမှုကိုသာ ပို၍ အလေးပေးနေ၏။ သံမဏိဘောလုံး တစ်လုံးက သူ၏ နံရိုးများကို ဝင်တိုက်မိသွားသည်။ နောက်ထပ် တစ်လုံးက သူ၏ တံတောင်ဆစ်နှင့် အော်သို ၏ အခွံကြားတွင် ညပ်ကာ ဝင်တိုက်မိ၏။ တတိယမြောက် တစ်လုံးကမူ သူ၏ ဖနောင့်ကို ဝင်ဆောင့်သွားလေသည်။

နာကျင်မှုကြောင့် လင်းတုန်း အသက်ရှူရပ်မတတ် ဖြစ်သွားသည်။ သူ၏ သွေးရည်ကြို သံမဏိ ခန္ဓာကိုယ်က ဒဏ်ရာများကို ကုသရန် မာဒြာ များကို စုပ်ယူနေစဉ် သူ၏ နံရိုးများမှ နာကျင်မှုသည် ကိုထိုင်းယန် အတွက် နတ်ဘုရားများက ပေးသော တရားမျှတမှုများ ဖြစ်နေမလားဟု သူ တွေးတောမိလေတော့သည်။

***

အပိုင်း(၃၂၀)

သူတို့သည် ဘောလုံးကွင်းပြင်ကြီးကို အလွန် လျင်မြန်စွာ ဖြတ်ကျော်နိုင်ခဲ့ကြသည်။ လင်းတုန်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး လက်နှစ်ဖက်စလုံးဖြင့် အခွံကို ဆုပ်ကိုင်ထားလိုက်၏။ သူသည် တငွေ့ငွေ့ လောင်ကျွမ်းနေသော အခွံပေါ်တွင် ဝမ်းလျားမှောက်ကာ အော်သို ကို အသည်းအသန် ဖက်တွယ်ထားရသည်။ သူသည် တည်ငြိမ်စွာ နေနိုင်ရန်နှင့် သတိမလစ်သွားစေရန် အဓိက အာရုံစိုက်ထားရသည်။ သို့သော် သူ၏ အဝတ်အစားများ မီးမလောင်သွားစေရန် ကာကွယ်ရခြင်းကလည်း သူ၏ ဒုတိယ အရေးအကြီးဆုံးသော စိုးရိမ်စရာ ကိစ္စတစ်ခု ဖြစ်နေ၏။

ဒုတိယ အတားအဆီးမှာ အုတ်တံတိုင်း တစ်ခု ဖြစ်သည်။ အော်သို က အရှိန်ကို လျှော့ချမသွားသေးပေ။ လင်းတုန်း သည် နဂါး မီးတောက် ကို ဖန်တီးကာ ဖောက်ထွက်ရန် အချိန် အနည်းငယ်သာ ရလိုက်၏။ ပံ့ပိုးပေးရန် ဒုတိယ လက်တစ်ဖက် မရှိသဖြင့် သူသည် နည်းစနစ်အပေါ် ထိန်းချုပ်နိုင်စွမ်း လွတ်လုနီးပါး ဖြစ်သွားခဲ့သည်။ နောက်ဆုံးတွင်တော့ သူ အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည်။ အရည်များကဲ့သို့ ဖြစ်နေသော မဟူရာ မီးတောက် မာဒြာ တန်းကြီးတစ်ခုကို ထုတ်လွှတ်လိုက်ရာ အုတ်ခဲများကို ထောပတ်တုံးများသဖွယ် ဖြတ်တောက်သွားလေသည်။

၎င်းက အောက်ဘက်သို့ တည့်မတ်သော မျဉ်းကြောင်းတစ်ခု ဖန်တီးသွား၏။ အကယ်၍ ပူလောင်နေသော အုတ်ခဲများက သူ့ကို ဖိကပ်သွားမည်ကို ဂရုမစိုက်ပါက ထိုနေရာမှ သူ တိုးထွက်နိုင်ကောင်း တိုးထွက်နိုင်ပေမည်။ သို့သော် အော်သို ကို စီးနင်းရင်း ထိုနေရာမှ တိုးထွက်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

သူတို့ မဝင်တိုက်မိမီ နည်းစနစ်တစ်ခုကို အသုံးပြုရန် အချိန်မရှိတော့မှန်း သူ သိထားသော်လည်း သူ မာဒြာ များကို အသည်းအသန် စုစည်းလိုက်သည်။

ထိုအချိန်မှာပင် အော်သို က ပါးစပ်ကို ဟကာ တံတိုင်း၏ အလယ်ဗဟိုကို မှုတ်ထုတ်၍ အပေါက်တစ်ခု ဖောက်လိုက်လေသည်။

သူတို့သည် ထိုနေရာမှ ဖြတ်သန်းသွားခဲ့ကြ၏။ လင်းတုန်း၏ အပေါ်ဝတ်ရုံ ကျောဘက်တွင် မီးစွဲလောင်သွားသည့် အရာလေးတစ်ခုမှလွဲ၍ မည်သည့် ထိခိုက်မှုမျှ မရှိခဲ့ပေ။ ၎င်း လောင်ကျွမ်းနေသည်ကို သူ ခံစားသိရှိနိုင်သော်လည်း ငြိမ်းသတ်ရန် အာရုံမစိုက်နိုင်ခဲ့ချေ။

ယခုအချိန်အထိ အတားအဆီးများ နောက်ကွယ်ရှိ ရည်ရွယ်ချက်များကို သူ နားလည်ခဲ့ပြီ ဖြစ်၏။ ပျံသန်းနေသော ဘောလုံးများက ပါဝင်ယှဉ်ပြိုင်သူများ၏ သတိရှိမှုနှင့် တုံ့ပြန်နိုင်စွမ်းကို စမ်းသပ်ခြင်း ဖြစ်သည်။ အုတ်တံတိုင်းကမူ ကြမ်းတမ်းသော စွမ်းအားကို စမ်းသပ်ခြင်း ဖြစ်၏။ ထိုအုတ်တံတိုင်းသည် လင်းတုန်းတို့ ဖြတ်ကျော်ပြီးသည်နှင့် အနောက်ဘက်တွင် ပြန်လည် ပေါင်းစပ်သွားပြီ ဖြစ်ရာ ဖြတ်ကျော်ရန် တစ်ခုတည်းသော နည်းလမ်းမှာ အပေါက် ဖောက်ထွက်ခြင်းသာ ဖြစ်သည်။

တတိယမြောက် အတားအဆီးကမူ နဂျီကောင် တိမ်တိုက် တစ်ခု ဖြစ်သည်။

သူ ငိုချင်စိတ် ပေါက်သွားတော့၏။ ထိုအရာက တရားဥပဒေ စိုးမိုးရေး လုပ်ဆောင်သည်နှင့် ဘာသက်ဆိုင်လို့နည်း။

ဤကဲ့သို့သော စမ်းသပ်မှုများကို ကြိုတင် မလေ့လာဘဲ နောက်တစ်ကြိမ် ဘယ်တော့မှ ထပ်မလုပ်တော့ဟု သူ၏ စိတ်ထဲတွင် ပြင်းပြင်းထန်ထန် ကျိန်ဆိုလိုက်သည်။ သူသာ သိထားပါက ဤနေရာကို ပြဿနာမရှိဘဲ လှည့်စား ဖြတ်ကျော်နိုင်ခဲ့မည် ဖြစ်၏။

အော်သိုကို စီးနင်းခြင်းကလည်း လှည့်စားခြင်း တစ်မျိုးနှင့် တူလှပေသည်။ သက်တောင့်သက်သာ ရှိမှုတော့ အများကြီး၊ အများကြီး ပိုနည်းပါးသော်လည်း ဘာပဲဖြစ်ဖြစ် လှည့်စားခြင်း တစ်မျိုးပင်။

နဂျီကောင်များက သူ့ကို စတင် တုပ်ကြတော့သည်။ ထိုအခါ သူ၏ သွေးရည်ကြို သံမဏိ ခန္ဓာကိုယ် အတွက် အီသန် ကို သူ ကျေးဇူးလည်း တင်မိသလို ကျိန်လည်း ကျိန်ဆဲမိ၏။ အဆိပ်ကို ဖြေရှင်းရာတွင် ၎င်းထက် ပိုကောင်းသောအရာ မရှိပေ။ ထိုခန္ဓာကိုယ်၏ အကူအညီသာ မပါပါက သူ သတိလစ်သွားလောက်ပြီ ဖြစ်သည်။

ထိုအရာပြီးနောက် နောက်ထပ် အတားအဆီး လေးခု ရှိနေပေသေးသည်။

...

ယီရင်...

ယီရင်သည် အဆင့်မြင့် ရွှေအဆင့် လျှောက်လွှာတင်ခြင်း လုပ်ငန်းစဉ်ကို အိပ်နေရင်းပင် အောင်မြင်နိုင်ပေသည်။ မဟူရာ မီးတောက် စမ်းသပ်မှုများက ဤသည်ထက်မက သူမကို ပို၍ ဖိအားပေးခဲ့သည်။ ထို့ပြင် ကပ်ဆီးယပ်စ် ၊ အီသန် တို့နှင့် လေ့ကျင့်ခဲ့ရမှုများက ပို၍ပင် ပြင်းထန်သေး၏။

သူမသည် ပထမနေရာမှ အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်။ ထို့ကြောင့် အံ့သြမှင်သက်နေသော အကြည့်များကို ရရှိခဲ့ပြီး သူမကို မိမိတို့၏ အဖွဲ့အစည်းများအတွက် သိမ်းသွင်းရန် ကြိုးစားသူ အနည်းငယ်မျှပင် မက ရှိနေခဲ့၏။

သူမက သူတို့အားလုံးကို လျစ်လျူရှုကာ အဆင့်နိမ့် ရွှေအဆင့် ပြိုင်ကွင်း၏ အဆုံးသတ် နေရာဆီသို့ လမ်းလျှောက်သွားခဲ့သည်။ သူမက အဆင့်မြင့် ရွှေအဆင့် ကို ဤမျှ လွယ်ကူစွာ ဖြတ်ကျော်နိုင်ခဲ့သည် ဆိုလျှင် လင်းတုန်း သည်လည်း ဤစမ်းသပ်မှုကို နွေဦးလေပြေကဲ့သို့ အေးဆေးစွာ ဖြတ်သန်းသွားနိုင်သင့်ပေသည်။

ဤကဲ့သို့သော ကိစ္စများအတွက် ကြိုတင်ပြင်ဆင်ရန် အချိန်ရခြင်းကို ထိုကောင်လေးမှာ သဘောကျလေ့ရှိသည်။ သို့သော် သူ တကယ်တမ်း လိုအပ်နေ၍တော့ မဟုတ်ပေ။ အနည်းဆုံးတော့ သူမ၏ အမြင်တွင် မလိုအပ်ချေ။

တိုက်ပွဲတစ်ခုအတွက် ကြိုတင်ပြင်ဆင်ခြင်းက အရေးကြီးသော်လည်း သူက အစီအစဉ်ကို ချိုင်းထောက်တစ်ခုကဲ့သို့ အသုံးပြုလေ့ရှိ၏။ ထိုအရာက အားနည်းသူများ လုပ်ဆောင်လေ့ရှိသော နည်းလမ်းသာ ဖြစ်သည်။

အဆင့်နိမ့် ရွှေအဆင့် ပြိုင်ကွင်းက သူမ၏ ပြိုင်ကွင်းထက် ပို၍ ရှည်လျားသည်။ ထို့ကြောင့် လိမ္မော်ရောင် တိမ်တိုက်ထဲမှ ပထမဆုံး ထွက်ပေါ်လာသူကို မြင်တွေ့နိုင်ရန် ယီရင် အချိန်မီ ရောက်ရှိသွားခဲ့၏။ သူမကို အံ့အားသင့်သွားစေသည်မှာ ထိုသူက လင်းတုန်း မဟုတ်နေခြင်းပင် ဖြစ်သည်။

ပျံသန်းနေသော တံမြက်စည်း တစ်ခုကို စီးနင်းထားသည့် မိန်းကလေးတစ်ယောက်က အပြင်သို့ ပြေးထွက်လာပြီး အဆုံးသတ်ရှိ မြက်ခင်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူမသည် ခေါင်းနှင့်ပန်းလို ပြောင်းပြန်လန်ကာ လိမ့်ထွက်သွားပြီးနောက် ရပ်တန့်သွားသည်။ ထို့နောက် မူးဝေနေသည့်အလား ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေ၏။ ပြုတ်ကျမှုကြောင့် သူမ၏ ဆံပင်များမှာ ရှုပ်ပွနေပြီး မြင်းမြီးပုံစံ ဆံပင်လေးထဲတွင် မြက်ခြောက်များ ကပ်ငြိနေသည်။ ထို့ပြင် သူမ၏ ခရမ်းရောင် မျက်လုံးများမှာလည်း ဝေဝါးနေ၏။

သူမက ထထိုင်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း မည်သူ့ကိုမျှ မမြင်ရပေ။ ထို့နောက် အောင်ပွဲခံသည့်အနေဖြင့် သူမ၏ လက်များကို အပေါ်သို့ မြှောက်လိုက်သည်။ ထိုလက်များတွင် အမည်းရောင် လက်အိတ်များ စွပ်ထား၏။ ထို့နောက် သူမသည် နောက်သို့ ပက်လက်လန်ကျသွားပြီး အမောတကော အသက်ရှူနေတော့သည်။

ယီရင်သည် သူမကို တိတ်တဆိတ် အကဲခတ်လိုက်ပြီး သူမ၏ ဝိညာဉ်ကို လျှပ်တစ်ပြက် လှမ်းကြည့်လိုက်သည်။ အဆင့်နိမ့် ရွှေအဆင့် တစ်ယောက်အတွက် သူမ၏ မာဒြာ က ကျောက်ဆောင်တစ်ခုလို တည်ငြိမ်နေသည်။ ဆောင်းရာသီမှ ရေကန်တစ်ခုကဲ့သို့ နက်ရှိုင်းပြီး တိတ်ဆိတ်ငြိမ်သက်နေ၏။ အဘယ်ကြောင့် အဆင့်မြင့် ရွှေအဆင့် သို့ မတက်ရောက်သေးသနည်း ဆိုသည်ကို ယီရင် စဉ်းစား၍ မရနိုင်ခဲ့ပေ။ ထိုမျှ ခိုင်မာသော စွမ်းအားမျိုးဖြင့်ဆိုလျှင် မျက်စိတစ်မှိတ်အတွင်းမှာပင် အဆင့်တက်သွားနိုင်သင့်ပေသည်။

မိန်းကလေးက တစ်စုံတစ်ခုကို သတိထားမိသွားပုံရပြီး ယီရင် ကို မတွေ့မချင်း ပတ်ဝန်းကျင်ကို လိုက်ကြည့်နေ၏။ ယီရင်က အကြည့်မလွှဲခဲ့ပေ။ အမိခံရလျှင်လည်း အမိခံရခြင်းသာ ဖြစ်သည်။ ဟန်လုပ်နေ၍လည်း အကျိုးမရှိနိုင်ပေ။

ထိုမိန်းကလေးမှာ စိတ်ဆိုးသွားပုံ မပေါ်ဘဲ ရွှင်လန်းစွာဖြင့် လက်ပြနှုတ်ဆက်လိုက်သည်။ ထို့နောက် မြေကြီးပေါ်သို့ ခေါင်းကို ပြန်ချကာ လှဲအိပ်နေလိုက်၏။

ခဏအကြာတွင် တပည့် အသုတ်သစ် တစ်ခုက တိမ်တိုက်များထဲမှ ထွက်ပေါ်လာသည်။ ပထမဆုံး တစ်ယောက်က အစိမ်းရောင် အတောင်ပံများဖြင့် ပျံသန်းလာသည်။ သို့သော် အတောင်ပံ တစ်ဖက်မှာ ကျိုးနေပြီး သူ၏ မျက်လုံးတစ်ဖက်မှာလည်း ဖူးယောင် ပိတ်နေ၏။ နောက်တစ်ယောက်ကမူ ခေါင်းမှခြေဖျားအထိ ဝတ်ရုံဖြင့် ဖုံးလွှမ်းထားပြီး ပြာလဲ့လဲ့ မီးပွားတန်းတစ်ခုကို စီးနင်းကာ ပျံသန်းလာသည်။

တတိယမြောက် တစ်ယောက်ကမူ အော်သို ဖြစ်သည်။

လင်းတုန်းကို အော်သို ခေါ်သွားခွင့် ပြုလိုက်သည့်အတွက် သူမ အံ့သြမိသည်။ စာချုပ်ဝင် အဖော်များကို ပုံမှန်အားဖြင့် လက်နက် သို့မဟုတ် မှော်ပစ္စည်း တစ်ခုကဲ့သို့ သတ်မှတ်လေ့ရှိသည်မှာ မှန်ပါသည်။ သို့သော် သူတို့သည် စာချုပ်ချုပ်ဆိုသူများနှင့် အဆင့်နှစ်ဆင့် ကွာဟလေ့ မရှိကြပေ။ အထွတ်အမြတ် သားရဲ များသည် ကျင့်ကြံသူ များကဲ့သို့ အဆင့်တက်လေ့ မရှိကြပေ။ သို့တိုင်အောင် အော်သို ထံတွင် အစစ်အမှန် ရွှေအဆင့် အဆင့်ရှိ စွမ်းအားများ ရှိနေသေး၏။

ထိုအချက်က သူမကို ပို၍ပင် အံ့အားသင့်သွားစေသည်။ အဘယ်ကြောင့်ဆိုသော် သူက စတုတ္ထနေရာမှသာ ဝင်ရောက်လာသောကြောင့် ဖြစ်၏။

အော်သိုက အလောတကြီး မရှိပုံဖြင့် ပါးစပ်ထဲတွင် တစ်စုံတစ်ခုကို ကိုက်ချီကာ ဖြည်းညင်းစွာ ထွက်လာသည်။ ထိုအရာက သွေးသံရဲရဲဖြင့် ပျော့ခွေနေသော လင်းတုန်း ဖြစ်ကြောင်း မြင်တွေ့ရန် သူမ အသက်တစ်ခါ နှစ်ခါရှူစာခန့် အချိန်ယူလိုက်ရ၏။ သူ၏ အပေါ်ဝတ်ရုံတွင် စုတ်ပြဲနေသော နေရာများ ရှိနေပြီး အချို့နေရာများတွင် မီးစွဲလောင်နေသည်။ ထို့ပြင် သူ၏ မျက်နှာတစ်ခုလုံးတွင်လည်း ပိုးကောင်ကိုက်ခံထားရသကဲ့သို့ အဖုအပိမ့်များ ပြည့်နှက်နေ၏။

သို့သော် သူက ညည်းတွားလိုက်ပြီး အော်သို ၏ ပါးစပ်ထဲတွင် လှုပ်ရှားလိုက်သဖြင့် သူ အဆင်ပြေနေသေးကြောင်း သူမ သုံးသပ်မိလိုက်သည်။

အောင်မြင်သူ ငါးဆယ်ထဲမှ ကျန်ရှိနေသော အဖွဲ့ဝင်များ အောင်မြင်စွာ ဖြတ်ကျော်လာချိန်တွင် သူမက လိပ်ကြီးဆီသို့ လျှောက်သွားလိုက်သည်။

"ဘာက သူ့ကို ဒီလောက်တောင် အထိနာသွားစေတာလဲ..."

သူမက မေးလိုက်သည်။

အော်သို က သူ့ကို မြေကြီးပေါ်သို့ ထွေးချလိုက်၏။ မြေကြီးနှင့် ထိသွားသောအခါ လင်းတုန်း က ညည်းတွားလိုက်သည်။

"သူ အခွံတစ်ခု လိုနေတယ်..."

အော်သို က ပြောလိုက်လေသည်။

***

All Chapters