← Chapters

အခန်း (၈၃၉-၈၄၀)

Vol. 79 Ch. 839-840

အခန်း (၈၃၉-၈၄၀)

Vol. 79 Ch. 839-840

အခန်း (၈၃၉) - ‘အစီအရင်နှလုံးသားကူ’ အဋ္ဌမအဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေး၊ ဖေးဟော်လျှို့ဝှက်နယ်မြေနှင့် အစစ်အမှန်ဝိညာဉ်မျိုးနွယ်စု ထျန်းဖန်မျိုးနွယ် (၂)။

"လူသားမျိုးနွယ်လား။ မကြားဖူးဘူး။ ဘယ်နေရာက မျိုးနွယ်စုအသေးစားလေးလဲ မသိဘူး။ ထားလိုက်ပါတော့။ ကြယ်ကွဲပင်လယ်ထဲမှာ မျိုးနွယ်စုအသေးစားတွေက အမြောက်အမြားရှိတာပဲ။ မရေမတွက်နိုင်အောင် များလွန်းလို့ မှတ်ထားဖို့လည်း အချိန်မရှိဘူး…”

“ဟယ်ဖုန်းကျွန်းကို ပထမဆုံးအကြိမ် လာတာဆိုတော့ ကျွန်းဝင်ကြေးအဖြစ် အရည်အသွေးမြင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံး ပေးဆောင်ရမယ်။ တစ်ကြိမ် ပေးဆောင်ပြီးရင်တော့ ဟယ်ဖုန်းအမိန့်ပေးတံဆိပ်ကို ယူသွား။ နောက်တစ်ခါဆိုရင် တိုက်ရိုက် အခမဲ့ ဝင်လို့ရပြီ။ ဒါနဲ့ မင်းနာမည် ဘယ်လိုခေါ်လဲ...”

ကျိုးစွေ့က ပြန်ပြောလိုက်၏။

"ကျုပ်က ရွှမ်ဟွမ်တာအိုအရှင်ပါ...”

ဤကဲ့သို့သော ကျွန်းများသို့ ရောက်ရှိလာချိန်တွင် မိမိ၏နာမည်ရင်းကို ထုတ်ဖော်ပြောဆိုသူ အလွန်နည်းပါးပေသည်။ အားလုံးက မိမိတို့၏ တာအိုဘွဲ့အမည် သို့မဟုတ် လုပ်ကြံထားသော နာမည်များကိုသာ ပြောဆိုလေ့ရှိကြပြီး အခေါ်အဝေါ်တစ်ခု ရှိနေလျှင်ပင် လုံလောက်‌၏။ သူသည် အရည်အသွေးမြင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထုတ်ယူကာ ကမ်းပေးလိုက်တော့သည်။

ထိုထျန်းဖန်ကျင့်ကြံသူက လက်ယမ်းပြကာ ကျိုးစွေ့ကို တိုက်ရိုက်ဝင်သွားရန် အချက်ပြလိုက်၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏နောက်တွင် ကျွန်းထဲသို့ဝင်ရန် တန်းစီစောင့်ဆိုင်းနေသော ကျင့်ကြံသူအများအပြား ရှိနေသေးသောကြောင့် ဖြစ်၏။

သူသည်လည်း အခက်အခဲဖြစ်စေရန် ရည်ရွယ်ချက်မရှိပေ။ သူ့အတွက်မူ ဤသည်မှာ တာဝန်အရ လုပ်ဆောင်ခြင်းသာ ဖြစ်သည်။

"အင်း... ဒါက မင်းရဲ့ ဟယ်ဖုန်းအမိန့်ပေးတံဆိပ်ပဲ။ တံဆိပ်ကို ယူပြီး ဝင်သွားတော့...”

ရွှစ်…။

ကျိုးစွေ့က ခေါင်းညိတ်ပြကာ ဟယ်ဖုန်းအမိန့်ပေးတံဆိပ်ကို ကိုင်ဆောင်လျက် ကျွန်းအတွင်းသို့ ဝင်ရောက်သွားလေသည်။

ချက်ချင်းပင် သူ၏မျက်စိရှေ့၌ ကျွန်းတစ်ခုလုံးကို လွှမ်းခြုံထားသော ဧရာမမြို့တော်ကြီးတစ်ခု ပေါ်လာလေသည်။ လွင်ပြင်ကျယ်ပေါ်တွင် ရှေးဟောင်းအဆောက်အအုံများ အစီအရီ ဆောက်လုပ်ထားပြီး တောင်ထိပ်များပေါ်တွင်မူ ရှေးဟောင်းနန်းတော်များကို ဆောက်လုပ်ထား‌ချေသည်။

ကျွန်းတစ်ခုလုံးတွင် လမ်းမကြီးများမှာ ဘက်ပေါင်းစုံသို့ ဆက်သွယ်ထားပြီး လမ်းတစ်လျှောက်တွင်လည်း ဆိုင်ခန်းများစွာ ရှိနေ၏။ ထို့ပြင် တည်းခိုခန်းများ၊ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များလည်း အများအပြား ရှိနေပေသည်။

လမ်းဘေးတွင် ဈေးသည်များက ကုန်ပစ္စည်းမျိုးစုံကို အော်ဟစ်ရောင်းချနေကြပြီး ကွဲပြားခြားနားသော မျိုးနွယ်စုများမှ ကျင့်ကြံသူအများအပြား ဝင်ထွက်သွားလာနေသဖြင့် အလွန်စည်ကားလှပေသည်။

ဤပင်လယ်ဒေသ၏ အစည်ကားဆုံးသော ကုန်သွယ်ရေးကျွန်းများထဲမှ တစ်ခုဖြစ်သည့်အတိုင်း အမှန်တကယ်ပင် အလွန်စည်ကားလှသည်ဟု ဆိုရပေမည်။

ကျိုးစွေ့က တစ်ချက်သာ ကြည့်လိုက်ပြီးနောက် ဆက်လက်မကြည့်တော့ပေ။

'ထျန်းဖန်ရတနာတိုက်က ရှေ့နားမှာပဲ ရှိရမယ်...'

အဘယ်ကြောင့်ဆိုသော် သွေးဝမ်ယန်အပါအဝင် သွေးလမင်းမျိုးနွယ်စုဝင် ကျင့်ကြံသူများ၏ ဝိညာဉ်မှတ်ဉာဏ်များထဲမှ ဤကျွန်းနှင့်ပတ်သက်သော သတင်းအချက်အလက် အမြောက်အမြားကို သူ ရရှိထားပြီး ဖြစ်သောကြောင့်ပင်။

သူသည် ဤကျွန်းသို့ အကြိမ်ပေါင်းထောင်သောင်းမက ရောက်ရှိဖူးသကဲ့သို့ ခံစားနေရသည်။ ထို့ကြောင့် သူသည် ဤကျွန်းကို လှည့်လည်ကြည့်ရှုရန် စိတ်မဝင်စားတော့ဘဲ ထျန်းဖန်ရတနာတိုက်သို့ တိုက်ရိုက်ဦးတည်သွားရန်သာ ဆုံးဖြတ်လိုက်၏။

ထျန်းဖန်ရတနာတိုက်ဆိုသည်မှာ ထျန်းဖန်မျိုးနွယ်စုမှ ဖွင့်လှစ်ထားသော စီးပွားရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ခွန်ဖန်ပင်လယ်ပြင်ရှိ ကျွန်းကြီးများအားလုံးတွင် ပျံ့နှံ့တည်ရှိနေပေသည်။ ၎င်းတို့သည် အဆောင်များ၊ ဆေးလုံးများ၊ ရတနာများ၊ စိတ်ဝိညာဉ်ဆေးပင်များနှင့် ကုန်ကြမ်းမျိုးစုံကို ရောင်းချကြသည်။

အကျဉ်းချုပ်ပြောရလျှင် ၎င်းသည် အရာအားလုံးကို ဝယ်ယူနိုင်သော ကုန်တိုက်ကြီးတစ်ခုကဲ့သို့ပင် ဖြစ်၏။ ဖေးဟော်လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ခွင့်ရရှိရန်အတွက် ထျန်းဖန်ရတနာတိုက်ကိုသာ တိုက်ရိုက်ရှာဖွေရန် လိုအပ်ပေသည်။

ရွှစ်...။

မကြာမီအချိန်အတွင်း ကျိုးစွေ့သည် ဤကျွန်းပေါ်ရှိ အကြီးဆုံးသော ကုန်ဆိုင်ကြီးရှေ့သို့ ရောက်ရှိလာခဲ့သည်။ ၎င်းသည် အနည်းဆုံး အထပ်တစ်ရာခန့် မြင့်မားလှပြီး အတွင်းရှိ ကုန်ပစ္စည်းများမှာလည်း မျက်စိတစ်ဆုံး ရှိနေချေသည်။

ကွဲပြားခြားနားသော မျိုးနွယ်စုပေါင်းစုံမှ ကျင့်ကြံသူများသည် ဤနေရာသို့ ဝင်ထွက်သွားလာရင်း ပစ္စည်းများကို ရွေးချယ်ဝယ်ယူနေကြသဖြင့် အလွန်စည်ကားကာ အရောင်းအဝယ်ကောင်းမွန်နေသည်။

ထိုစဉ် ထျန်းဖန်ကျင့်ကြံသူတစ်ဦးက ကျိုးစွေ့ကို သတိပြုမိသွားပြီး ရှေ့သို့ တိုးလာကာ မေးမြန်းလိုက်၏။

"ဒီကရောင်းရင်း... ဘာများ လိုချင်လို့လဲခင်ဗျာ။ ကျုပ်က ဒီနေရာရဲ့ တာဝန်ခံဖန်ရှန်းပါ...”

သူသည် ကျိုးစွေ့ထံမှ လေဟာနယ်သန့်စင်ခြင်းအဆင့် အရှိန်အဝါကို ခံစားမိလိုက်သဖြင့် ကြီးမားသော အရောင်းအဝယ်တစ်ခု ရောက်ရှိလာပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

ထျန်းဖန်ရတနာတိုက်တွင် ဧည့်သည်အများအပြား ရှိသော်လည်း လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိနေသော ဧည့်သည်များမှာ အလွန်ပင် ရှားပါးလှသည်။

ဤအဆင့်ရှိ ကျင့်ကြံသူများသည် အပြင်သို့ထွက်၍ ပစ္စည်းဝယ်ယူလေ့မရှိကြ၊ ဝယ်ယူပါကလည်း တန်ဖိုးကြီးမားသော ရတနာများကိုသာ ဝယ်ယူလေ့ရှိကြ၏။ တန်ဖိုးနည်းသော အရာများကိုမူ ၎င်းတို့၏လက်အောက်ငယ်သားများက ကိုယ်စားဝယ်ယူပေးနိုင်သဖြင့် ကိုယ်တိုင်လာရောက်ရန် မလိုအပ်ပေ။

ဖန်ရှန်းကဲ့သို့သော ထျန်းဖန်ရတနာတိုက်၏ တာဝန်ခံတစ်ဦးအတွက်မူ ဤကဲ့သို့သော ဧည့်သည်များမှာ အကောင်းဆုံးပင် ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ရတနာအမြောက်အမြားကို ရောင်းချနိုင်ပါက သူသည်လည်း အကျိုးဆောင်ခအချို့ ရရှိနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသည် သဘာဝကျစွာပင် အလွန်တရာ ဖော်ရွေပျူငှာနေတော့သည်။

ကျိုးစွေ့က ဝေ့ဝှိုက်မနေဘဲ ဟယ်ဖုန်းကျွန်းသို့ အကြိမ်ပေါင်းများစွာ ရောက်ဖူးသကဲ့သို့ တိုက်ရိုက်ပင် ပြောလိုက်၏။

"ကျုပ်က ရွှမ်ဟွမ်တာအိုအရှင်ပါ။ ဖေးဟော်လျှို့ဝှက်နယ်မြေရဲ့ ဝင်ခွင့်လက်မှတ်တစ်စောင် လိုချင်ပါတယ်...”

ထိုစကားကို ကြားလိုက်ရသဖြင့် ဖန်ရှန်း၏မျက်လုံးများ ချက်ချင်းတောက်ပသွားပြီး အလွန်စိတ်လှုပ်ရှားသွားဟန် တူပေသည်။ သူသည် ဖေးဟော်လျှို့ဝှက်နယ်မြေအတွင်း ဝင်ရောက်နိုင်မည့် အခြေအနေအရပ်ရပ်ကို ရှင်းလင်းပြောပြလိုက်၏။

"ဖေးဟော်လျှို့ဝှက်နယ်မြေရဲ့ ဝင်ခွင့်လက်မှတ်လား။ ဒီရောင်းရင်းကလည်း အမြင်သိပ်ကောင်းတဲ့သူပဲ။ လတ်တလောမှာ အနှစ်တစ်ရာမှ တစ်ကြိမ်သာပွင့်မယ့် ဖေးဟော်လျှို့ဝှက်နယ်မြေ ပွင့်မယ့်အချိန် ရောက်နေပြီဆိုတာ သိနေတယ်ပေါ့…”

“ဒါပေမဲ့ ဖေးဟော်လျှို့ဝှက်နယ်မြေရဲ့ ဝင်ခွင့်လက်မှတ်ကတော့ မသက်သာလှဘူး။ အင်မော်တယ်သလင်းကျောက်သုံးတုံး လိုအပ်သလို ဝင်သွားပြီးလို့ ရတနာရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကျုပ်တို့ဘက်က ပြန်အမ်းပေးမှာ မဟုတ်ဘူး…”

“ပြီးတော့ ရောင်းရင်းတို့က လျှို့ဝှက်နယ်မြေထဲကနေ ရတနာတွေ ရရှိခဲ့မယ်ဆိုရင်လည်း ရရှိတဲ့ရတနာတွေရဲ့ ခုနစ်ပုံကို ကျုပ်တို့ကို ပေးရမယ်။ အဆင်ပြေတယ်ဆိုရင်တော့ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ...”

ဤကဲ့သို့သော ကန့်သတ်ချက်များကို ကြားလိုက်ရသဖြင့် ကျိုးစွေ့၏နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားကာ ထျန်းဖန်မျိုးနွယ်စုမှာ စီးပွားရေးအလွန်တွက်ခြေကိုက်တတ်ကြောင်း စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

မည်သို့ပင်ဖြစ်စေ ထျန်းဖန်မျိုးနွယ်စုမှာ လုံးဝအရှုံးမရှိပေ။ အကယ်၍ တစ်စုံတစ်ဦးက လျှို့ဝှက်နယ်မြေအတွင်းမှ ရတနာများကို အမှန်တကယ်ရရှိခဲ့လျှင်ပင် ၎င်းတို့က ခုနစ်ပုံကို သိမ်းပိုက်နိုင်မည် ဖြစ်၏။

၎င်းတို့သည် ဖေးဟော်လျှို့ဝှက်နယ်မြေကို ဖွင့်လှစ်ပေးရန် အဘယ်ကြောင့် ဆန္ဒရှိနေကြသည်ကို နားလည်နိုင်ပေသည်။ ၎င်းတို့သည် ကျင့်ကြံသူများကို အသုံးချနေခြင်းသာ ဖြစ်သည်။

သို့သော်ငြား ကျင့်ကြံသူများစွာမှာ တစ်ညတည်းနှင့် ချမ်းသာလိုသော စိတ်ကူးဖြင့် ဖေးဟော်လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ရန် လွန်စွာဆန္ဒပြင်းပြနေကြဆဲပင်။

ကျိုးစွေ့က ခေါင်းညိတ်ပြကာ သူ၏ခန္ဓာကိုယ်ပေါ်မှ အင်မော်တယ်သလင်းကျောက်သုံးတုံးကို ချက်ချင်းထုတ်ယူလိုက်၏။ သူသည် သွေးဝမ်ယန်အပါအဝင် သွေးလမင်းမျိုးနွယ်စုကျင့်ကြံသူများ၏ ဝိညာဉ်မှတ်ဉာဏ်များမှတစ်ဆင့် ဤအခြေအနေများကို သိရှိပြီးဖြစ်သဖြင့် တုံ့ပြန်ရန် နည်းလမ်းကိုလည်း စဉ်းစားထားပြီးဖြစ်သည်။

ယခုတစ်ကြိမ်တွင် သူသည် အင်မော်တယ်သလင်းကျောက်သုံးတုံးကို ပြန်လည်ရရှိရန်သာမက ထျန်းဖန်မျိုးနွယ်စုကိုလည်း ကြီးမားသော ဆုံးရှုံးမှုကြီးနှင့် ရင်ဆိုင်စေမည်ဖြစ်၏။

"ကောင်းပါပြီ။ ကျုပ်နားလည်ပါတယ်။ ဒီအခြေအနေတွေကို လက်ခံနိုင်တယ်။ ဒါက အင်မော်တယ်သလင်းကျောက်သုံးတုံးပါ...”

"ဟားဟား... ရွှမ်ဟွမ်ရောင်းရင်းက တကယ်ကို ပွင့်လင်းပြတ်သားတဲ့သူပဲ။ ဒါဆိုရင်တော့ ဖေးဟော်လျှို့ဝှက်နယ်မြေရဲ့ ဝင်ခွင့်လက်မှတ်ကို ရောင်းရင်းကို ရောင်းပေးပါ့မယ်။ ဒါက ဖေးဟော်လျှို့ဝှက်နယ်မြေရဲ့ သီးသန့်အဆောင်ဖြစ်ပြီး ဖေးဟော်အဆောင်လို့ ခေါ်ပါတယ်…”

“ဒီအဆောင်ကို ကိုင်ဆောင်ထားရင် ဖေးဟော်လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်နိုင်မှာပါ။ အကယ်၍ အန္တရာယ်နဲ့ ကြုံတွေ့ရရင်လည်း ဒီအဆောင်ကို အသက်သွင်းနိုင်ပါတယ်။ အဲဒီအချိန်ကျရင် ရောင်းရင်းက ချက်ချင်း ဖေးဟော်လျှို့ဝှက်နယ်မြေကနေ ထွက်ခွာပြီး ဟယ်ဖုန်းကျွန်းကို ပြန်လာနိုင်မှာပါ…”

“ဒါပေမဲ့ တိုက်ပွဲဖြစ်ပွားနေချိန်မှာတော့ ဒီအဆောင်ကို အသက်သွင်းလို့မရပါဘူး။ ဘေးကင်းပြီး ဘယ်သူမှ မနှောင့်ယှက်နိုင်တဲ့ နေရာမှာပဲ သုံးလို့ရပါလိမ့်မယ်...”

ဖန်ရှန်းက ပြုံးလိုက်၏။

သူသည် သူ၏လက်အောက်ငယ်သားကို ဖေးဟော်အဆောင်တစ်ခု ယူဆောင်လာရန် ညွှန်ကြားလိုက်ပြီး ကျိုးစွေ့အား ကမ်းပေးလိုက်သည်။ ရော့ ပတ္တမြား၊ ရော့ နဂါးဖြင့် အရောင်းအဝယ်ပြီးဆုံးသွားလေသည်။

ကျိုးစွေ့က လက်ဆန့်ကာ ဖေးဟော်အဆောင်ကို လှမ်းယူလိုက်ပြီး သူ၏သိုလှောင်အိတ်ထဲသို့ ထည့်လိုက်၏။

အခြေအနေများက ဤမျှအဆင်ပြေချောမွေ့စွာ ပြီးမြောက်သွားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။

သို့သော်ငြား ဤသည်မှာ ပုံမှန်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဖေးဟော်လျှို့ဝှက်နယ်မြေ၏ ဝင်ခွင့်အဆောင်များကို မူလကတည်းကပင် အမြောက်အမြား ထုတ်ဝေပေးထားသောကြောင့် ဖြစ်၏။

လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် ဖေးဟော်လျှို့ဝှက်နယ်မြေ၏ ဝင်ခွင့်လက်မှတ်တစ်စောင် ရရှိခြင်းမှာ သဘာဝကျလှသော ကိစ္စရပ်တစ်ခုသာ ဖြစ်ပေသည်။

"ဖေးဟော်လျှို့ဝှက်နယ်မြေက ဘယ်တော့ စမှာလဲ...”

ကျိုးစွေ့က မေးလိုက်၏။

"နောက်တစ်လကျရင် စပါလိမ့်မယ်...”

"ဖေးဟော်လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်ပြီးရင် ခုနစ်ရက်ပဲ နေခွင့်ရှိပါမယ်...”

"ခုနစ်ရက်ပြည့်တာနဲ့ လျှို့ဝှက်နယ်မြေက ပြန်လည်ပိတ်သိမ်းသွားမှာ ဖြစ်လို့ ရောင်းရင်းအနေနဲ့ အချိန်ကို သေချာအသုံးချနိုင်ပါစေလို့ မျှော်လင့်ပါတယ်...”

ဖန်ရှန်းက ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်၏။

တန်ဖိုးမရှိသော ဝင်ခွင့်လက်မှတ်တစ်စောင်ကို ရောင်းချပြီး အင်မော်တယ်သလင်းကျောက် သုံးတုံးအထိ ရရှိလိုက်သဖြင့် သူ၏စိတ်အခြေအနေမှာ အလွန်တရာ ကောင်းမွန်နေသည်။

ဤသည်မှာ တကယ့်ကို အမြတ်အစွန်း အဆမတန်များပြားလှသော ကိစ္စရပ်တစ်ခု ဖြစ်၏။

ဤလောကတွင် ဤကဲ့သို့သော အရင်းနည်းပြီး အကျိုးအမြတ်များပြားလှသော အရောင်းအဝယ်မျိုး ဘယ်မှာ ရှိနိုင်ပါမည်နည်း။

"ကျေးဇူးတင်ပါတယ်...”

ကျိုးစွေ့က ပြောလိုက်၏။

ထိုစကားများကို ကြားပြီးနောက် ကျိုးစွေ့သည် အခြားမည်သည့်အရာကိုမျှ ထပ်မံဝယ်ယူရန် ဆန္ဒမရှိတော့သဖြင့် လှည့်ထွက်လာခဲ့ရာ မကြာမီအချိန်အတွင်း သူ၏ပုံရိပ်က ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။

အခန်း (၈၄၀) - ‘အစီအရင်နှလုံးသားကူ’ အဋ္ဌမအဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေး၊ ဖေးဟော်လျှို့ဝှက်နယ်မြေနှင့် အစစ်အမှန်ဝိညာဉ်မျိုးနွယ်စု ထျန်းဖန်မျိုးနွယ် (၃)။

"ဟားဟား... နောက်ထပ် ငတုံးတစ်ယောက်ပဲ...”

"အင်မော်တယ်သလင်းကျောက် သုံးတုံးတောင်ပေးပြီး ဖေးဟော်လျှို့ဝှက်နယ်မြေရဲ့ ဝင်ခွင့်လက်မှတ်ကို ဝယ်လိုက်တယ်... သူ ဘာတွေးနေတာလဲ မသိဘူး...”

"တကယ်လို့ ဖေးဟော်လျှို့ဝှက်နယ်မြေထဲမှာ ရတနာတွေက အဲဒီလောက်လွယ်လွယ်နဲ့ ရနိုင်မယ်ဆိုရင် ငါတို့ထျန်းဖန်မျိုးနွယ်စုက အကုန်အစင် သုတ်သင်သိမ်းပိုက်သွားတာ ကြာလှပြီ... မင်းတို့လို မျိုးနွယ်ခြားကျင့်ကြံသူတွေလက်ထဲ ရောက်လာပါဦးမလား...”

"ဒါပေမဲ့လည်း ဒါက ကိစ္စကောင်းတစ်ခုပါပဲ... ဒီလိုမျိုးနွယ်ခြားကျင့်ကြံသူတွေသာမရှိရင် ငါတို့က အင်မော်တယ်သလင်းကျောက်တွေကို ဘယ်လိုလုပ်ပြီး အလွယ်တကူ ရှာဖွေနိုင်ပါ့မလဲ... ဒီဝင်ခွင့်လက်မှတ်ဖိုးတွေနဲ့တင် ငါတို့အတွက်တော့ အဆမတန် အကျိုးအမြတ်တွေ ရနေပြီ...”

ကျိုးစွေ့၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ကာ အနီးနားရှိ ထျန်းဖန်မျိုးနွယ်စု ကျင့်ကြံသူများက လှောင်ပြောင်သရော်သည့် မျက်နှာအမူအရာများဖြင့် ဟားတိုက် ရယ်မောလိုက်ကြ၏။

၎င်းတို့အတွက်မူ ယခုလေးတင် ထွက်သွားသော မျိုးနွယ်ခြား ကျင့်ကြံသူမှာ အမဲဖျက်ရန် အကောင်းဆုံးသော သိုးသူငယ်တစ်ကောင်ပင် ဖြစ်တော့သည်။

"ဟားဟား... မအကြစမ်းပါနဲ့ဗျာ။ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ်ပြီး အရူးဖြစ်နိုင်မှာလဲ။ အစပိုင်းမှာဆိုရင်တော့ ငါတို့ ထျန်းဖန်မျိုးနွယ်စုရဲ့ လှည့်စားမှုကို ခံရတဲ့သူတွေ ရှိကောင်းရှိနိုင်တာပေါ့…”

“ဒါပေမဲ့ အချိန်တွေ ဒီလောက်ကြာသွားတာတောင်မှ လူတွေက တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြတုန်းပဲလေ။ ဒါကိုကြည့်ရင် အဲဒီကောင်လေးဆီမှာ အင်မော်တယ်ပုံဆောင်ခဲ သုံးတုံးထက်ပိုပြီး အမြတ်ရဖို့ သေချာတဲ့ နည်းလမ်းတစ်ခုခု ရှိနေတယ်ဆိုတာ သက်သေပြနေတာပဲ။ ဒီလိုမှမဟုတ်ရင် သူက ဘာလို့ ဒီလောက်များတဲ့ ပိုက်ဆံတွေကို အကုန်ခံပါ့မလဲ...”

ဖန်ရှန်း၏ မျက်လုံးများထဲတွင် စူးရှသောအလင်းရောင်တစ်ချက် လက်သွားလေ၏။ စောစောက ရွှမ်ဟွမ်တာအိုအရှင်မှာ သာမန်မဟုတ်ကြောင်း ခံစားမိနေပေသည်။

အကယ်၍ အရင်းပြန်ရမည့် အရည်အချင်း တစ်စုံတစ်ရာမျှ မရှိပါက ဖေးဟော်လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ရဲမည် မဟုတ်ပေ။

"ဖေးဟော်လျှို့ဝှက်နယ်မြေဟာ အရင်တုန်းက ဖေးဟော်မျိုးနွယ်စုရဲ့ အဓိက အခြေစိုက်စခန်းလေ။ ဒါပေမဲ့ အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုရဲ့ ဖျက်ဆီးမှုကို ခံလိုက်ရတာကြောင့် မဟာယာနအဆင့် ကျင့်ကြံသူတွေ အများကြီး ချက်ချင်း သေဆုံးသွားခဲ့ပြီး ဖေးဟော်မျိုးနွယ်စုလည်း ပျက်သုဉ်းသွားခဲ့ရတယ်…”

“အဲဒီနောက်မှာတော့ ဖေးဟော်လျှို့ဝှက်နယ်မြေကြီး ကျန်ရစ်ခဲ့တာပဲ။ ငါတို့ ထျန်းဖန်မျိုးနွယ်စုက ဒီဖေးဟော်လျှို့ဝှက်နယ်မြေကို ရရှိပြီးတဲ့နောက်မှာ မဟာယာနအဆင့် ဘိုးဘေးတွေ အများကြီးကလည်း လျှို့ဝှက်နယ်မြေထဲ ဝင်ရောက်ပြီး ရတနာတွေကို ရှာဖွေဖို့ ကြိုးစားခဲ့ကြသေးတယ်…”

“ဒါပေမဲ့ ဖေးဟော်လျှို့ဝှက်နယ်မြေထဲက တားမြစ်အစီအရင်တွေဟာ တကယ်ကို ကြောက်စရာကောင်းပြီး အဋ္ဌမအဆင့် အလယ်အလတ်အထိတောင် ရောက်နေတယ်ဆိုတာကို တွေ့ရှိခဲ့ရတယ်…”

“အကယ်လို့ အတင်းအဓမ္မ ဖျက်ဆီးဖို့ ကြိုးစားမယ်ဆိုရင် ကွင်းဆက်တုံ့ပြန်မှုတွေ ဖြစ်ပေါ်လာပြီး ဖေးဟော်လျှို့ဝှက်နယ်မြေကြီး ချက်ချင်း ပျက်စီးသွားနိုင်သလို မဟာယာနအဆင့် ကျင့်ကြံသူတွေတောင် သေဆုံးသွားနိုင်တယ်...”

"ဒါကြောင့် ငါတို့ကိုယ်တိုင်တောင် ဒီလျှို့ဝှက်ကမ္ဘာငယ်ကို အပြည့်အဝ မထိန်းချုပ်နိုင်ခဲ့ဘဲ အလွန်ဆုံး အဝင်အထွက်ကိုသာ ထိန်းချုပ်ထားနိုင်ခဲ့တာပဲ။ နှစ်ပေါင်းများစွာ ကြာတဲ့အထိ အတွင်းက တားမြစ်အစီအရင်တွေကို ဖျက်ဆီးဖို့ ကြိုးစားခဲ့ပေမဲ့ သိပ်ပြီး အကျိုးမထူးခဲ့ဘူး…”

“ဒါကြောင့်လည်း ငါတို့ ထျန်းဖန်မျိုးနွယ်စုက ဖေးဟော်လျှို့ဝှက်နယ်မြေကို ဖွင့်လှစ်ပေးခဲ့ပြီး တခြားမျိုးနွယ်စုက ကျင့်ကြံသူတွေကို လာရောက်ရှာဖွေခွင့်ပြုကာ သူတို့ရဲ့ အသက်တွေကို အသုံးချပြီး အတွင်းက တားမြစ်အစီအရင်တွေကို စမ်းသပ်ဖို့ ကြိုးစားခဲ့တာပဲ…”

“ပြောရမယ်ဆိုရင် ဒီအစီအစဉ်က တကယ်ကို အကျိုးသက်ရောက်မှု ရှိတယ်။ ငါတို့ ထျန်းဖန်မျိုးနွယ်စုဝင် တစ်ယောက်မှ သေစရာမလိုဘဲ တခြားမျိုးနွယ်စုတွေကို သေလမ်းပို့နိုင်တဲ့အပြင် ရရှိလာတဲ့ အကျိုးအမြတ်ရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းကိုပါ ရနိုင်တာမို့ ဘယ်လိုကြည့်ကြည့် ငါတို့ ထျန်းဖန်မျိုးနွယ်စုအတွက် အမြတ်ကြီး အမြတ်နေတာပဲ…”

“ဒါပေမဲ့ နှစ်ပေါင်းများစွာ ကြာလာတော့ ဖေးဟော်လျှို့ဝှက်နယ်မြေကနေ ရနိုင်တဲ့ ရတနာတွေကလည်း တဖြည်းဖြည်း နည်းပါးလာခဲ့ပြီ။ ဒီကောင်လေးက သေချာပေါက် ယုံကြည်ချက်ရှိနေပုံထောက်ရင် ငါတို့ ထျန်းဖန်မျိုးနွယ်စုတောင် မတွေ့သေးတဲ့ လျှို့ဝှက်ချက်တစ်ခုခုကိုများ သူ တွေ့ရှိသွားတာလား...”

ထျန်းဖန်မျိုးနွယ်စု ကျင့်ကြံသူ အများအပြား၏ မျက်လုံးများမှာ တလက်လက် တောက်ပသွားကြလေ၏။

၎င်းတို့အနေဖြင့် ထိုရွှမ်ဟွမ်တာအိုအရှင်တွင် ထိုသို့သော စွမ်းရည်ရှိမည်ဟု မထင်မှတ်ထားသော်လည်း မရှိနိုင်ဟု မယုံကြည်ခြင်းထက် ရှိသည်ဟု ယုံကြည်လိုက်ခြင်းက ပိုကောင်းပေသည်။

အကယ်၍ တစ်ဖက်လူက ဖေးဟော်လျှို့ဝှက်နယ်မြေ၏ လျှို့ဝှက်ချက်ကို အမှန်တကယ် သိရှိထားပါက အခွင့်ကောင်းယူ၍ ရတနာမြောက်မြားစွာကို သိမ်းပိုက်သွားနိုင်သည်။ ဤသို့ဖြစ်လာပါက ထျန်းဖန်မျိုးနွယ်စုမှာ အမှန်တကယ်ပင် ဆုံးရှုံးမှု ကြီးမားသွားနိုင်သည် မဟုတ်ပါလော။

"ဒီကိစ္စကတော့ ဒီလိုလည်း မဟုတ်နိုင်ပါဘူးလေ။ ဘာပဲဖြစ်ဖြစ် ဒါက ငါ့ရဲ့ ခန့်မှန်းချက် သက်သက်ပါပဲ။ တစ်ခါတလေ ဒီကောင်လေးက တကယ်ပဲ အတွေ့အကြုံမရှိတဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး ငါတို့ ထျန်းဖန်မျိုးနွယ်စုရဲ့ ဝါဒဖြန့်မှုအောက်မှာ လှည့်စားခံလိုက်ရတာလည်း ဖြစ်နိုင်တယ်…”

“ဘာဖြစ်လို့လဲဆိုတော့ အချိန်တစ်ခုကြာတိုင်း ဒီလိုအရူးမျိုးတွေက ပေါ်လာတတ်လို့ပဲ။ တချို့ မျိုးနွယ်ခြားကျင့်ကြံသူတွေရဲ့ ရူးသွပ်မှုကိုလည်း အရမ်း အထင်သေးလို့ မရဘူးလေ...”

ဖန်ရှန်းက ဤသည်မှာ ၎င်း၏ ခန့်မှန်းချက်သာဖြစ်ပြီး ရာခိုင်နှုန်းပြည့် မှန်ကန်လိမ့်မည် မဟုတ်ဟု တွေးလိုက်မိသည်။

ထျန်းဖန်မျိုးနွယ်စု ကျင့်ကြံသူ အများအပြားက နောက်တစ်ဆင့် အစီအစဉ်ကို သိချင်နေသဖြင့် မေးလိုက်ကြ၏။

"အကယ်လို့ ဒီလိုဆိုရင် ငါတို့ ဘာလုပ်သင့်လဲ...”

"ဒီကိစ္စကတော့ အဲဒီကောင်လေးကို စောင့်ကြည့်ထားလိုက်။ အဲဒီကောင်လေး ဖေးဟော်လျှို့ဝှက်နယ်မြေထဲကနေ ထွက်လာတာနဲ့ သူ့ဆီမှာပါတဲ့ သိုလှောင်အိတ်ကို စစ်ဆေးရမယ်။ သူ့ကို ဘယ်ရတနာမှ ဖွက်ပြီး ယူသွားခွင့်မပေးနိုင်ဘူး…”

“ဘာပဲဖြစ်ဖြစ် ဖေးဟော်လျှို့ဝှက်နယ်မြေရဲ့ အဝင်အထွက်အားလုံးကို ငါတို့က ထိန်းချုပ်ထားတာဆိုတော့ တန်ဖိုးကြီးရတနာတွေကို တိတ်တဆိတ် ယူသွားဖို့ဆိုတာ အိပ်မက်မက်နေသလိုပါပဲ...”

တာဝန်ခံဖန်ရှန်းက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်လေသည်။

"အကယ်လို့ ဒီလူက အထဲမှာ သေသွားရင်ရော...”

ထျန်းဖန်မျိုးနွယ်စု ကျင့်ကြံသူတစ်ယောက်က မေးလိုက်၏။

အဘယ်ကြောင့်ဆိုသော် လျှို့ဝှက်နယ်မြေအတွင်း၌ တိုက်ခိုက်ခြင်းကို ကန့်သတ်မထားသောကြောင့် ဖြစ်ပေသည်။ အကြိမ်တိုင်းတွင် အတွင်း၌ သေဆုံးသွားသော မျိုးနွယ်ခြား ကျင့်ကြံသူများမှာ ရေတွက်၍ပင် မရနိုင်ချေ။

"သေသွားမှတော့ ဘာလုပ်လို့ရမှာလဲ။ ပေါက်ကရတွေ လာမေးနေရသလား...”

တာဝန်ခံဖန်ရှန်းမှာ စကားပင် မပြောနိုင်တော့ဘဲ ၎င်း၏ လက်အောက်ငယ်သားများကို ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။

ဤအကောင်များမှာ ထျန်းဖန်မျိုးနွယ်စုဝင်များ ဖြစ်နေသည့်တိုင် ဤမျှ မိုက်မဲသော မေးခွန်းမျိုးကို မေးလာလိမ့်မည်ဟု တွေးမထားမိပေ။

…

တစ်လအကြာ…။

ဟယ်ဖုန်းကျွန်း၊ ဖေးဟော်တောင်ထွတ်…။

ဤနေရာသည် ထိုကျွန်း၏ အမြင့်ဆုံးတောင်ထွတ်ဖြစ်ပြီး ဖေးဟော်လျှို့ဝှက်နယ်မြေ၏ အဝင်အထွက်နေရာလည်း ဖြစ်လေသည်။

ယခုအချိန်တွင် ကျင့်ကြံသူ အများအပြားမှာ ဤနေရာသို့ စုရုံးရောက်ရှိနေကြ၏။ အနည်းဆုံး နတ်ဘုရားအသွင်ပြောင်းအဆင့်များ ဖြစ်ကြသော်လည်း အများစုမှာ လေဟာနယ်သန့်စင်ခြင်းအဆင့်များ ဖြစ်ကြသည်။ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများမှာမူ တစ်ယောက်မျှပင် မရှိချေ။

အဘယ်ကြောင့်ဆိုသော် ခန့်ညားလှသော ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူများမှာ အကြိမ်ပေါင်းများစွာ ရှာဖွေခံထားရပြီးဖြစ်သော ဤကဲ့သို့ သေးငယ်သည့် လျှို့ဝှက်နယ်မြေမျိုးကို အထင်မကြီးသောကြောင့် ဖြစ်၏။

နတ်ဘုရားအသွင်ပြောင်းအဆင့်နှင့် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများသာလျှင် ဆင်းရဲနွမ်းပါးလှသဖြင့် သေးငယ်သော လျှို့ဝှက်နယ်မြေမှ ထွက်ပေါ်လာသည့် ရတနာများပင် ဖြစ်စေကာမူ အရူးအမူး လိုချင်ကြကာ ရတနာရရှိရန် မည်သည့်အခွင့်အရေးကိုမျှ လက်မလွှတ်ကြခြင်းပင်။

ရွှစ်...။

ထိုအချိန်တွင် ကျိုးစွေ့မှာလည်း ဤနေရာသို့ ရောက်ရှိလာခဲ့လေသည်။

သူသည် နှလုံးသားမျက်လုံး အာရုံခံနိုင်စွမ်းဖြင့် ဖြည်းညင်းစွာ အာရုံခံကြည့်လိုက်ရာ ပတ်ဝန်းကျင်ရှိ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများစွာမှာ မျိုးနွယ်စုကြီး အသီးသီးမှ လာရောက်ကြခြင်းဖြစ်ကြောင်း ချက်ချင်း သိရှိလိုက်ရ၏။ ထိုအထဲတွင် ထျန်းဖန်မျိုးနွယ်စုမှ ကျင့်ကြံသူများလည်း ပါဝင်ပေသည်။

"ဒီက တာအိုရောင်းရင်း၊ ကျုပ်က ခြင်နက်မျိုးနွယ်စုက ဝမ်ကွမ်ကျန်းပါ၊ ဖေးဟော်လျှို့ဝှက်နယ်မြေကို အတူတူ ပူးပေါင်းရှာဖွေဖို့ စိတ်ဝင်စားမှု ရှိပါသလား။ ဘာပဲဖြစ်ဖြစ် ဖေးဟော်လျှို့ဝှက်နယ်မြေက အန္တရာယ်များတယ်လေ…”

“အရင်တုန်းက ဖေးဟော်မျိုးနွယ်စု ချန်ထားခဲ့တဲ့ တားမြစ်အစီအရင်တွေ ရှိနေရုံတင်မကဘူး အစွမ်းထက်တဲ့ ကန္တာရသားရဲတွေလည်း အများကြီး ရှင်သန်နေကြတယ်။ အကယ်လို့ တစ်ယောက်တည်း တိုက်ခိုက်မယ်ဆိုရင် အထဲမှာ သေဆုံးသွားဖို့ အရမ်းလွယ်ကူတယ်...”

ထိုအချိန်မှာပင် ခြင်နက်မျိုးနွယ်စု ကျင့်ကြံသူတစ်ယောက်က ချဉ်ကပ်လာလေသည်။ ၎င်း၌ လူပုံပန်းသဏ္ဌာန် ရှိသော်လည်း အရပ်သုံးမီတာခန့်ရှိကာ တစ်ကိုယ်လုံး မည်းနက်နေပြီး ကျောဘက်တွင် အနက်ရောင် အတောင်ပံတစ်စုံ ပါရှိ၏။

ဦးခေါင်းတွင် အနက်ရောင် အာရုံခံဦးမျှင်များ ရှိပြီး ပါးစပ်မှာ ချွန်ထက်သော စုပ်တံတစ်ချောင်းနှင့် တူသဖြင့် မြင်ရသူအဖို့ ကြက်သီးမွေးညင်းထစေသည်။

မှန်ပေသည်၊ ဝိညာဉ်ကမ္ဘာအတွင်းရှိ မျိုးနွယ်စုကြီး အသီးသီးသည် မူလခန္ဓာကိုယ်၌ ကွဲပြားခြားနားသော သက်ရှိပုံစံများ ရှိကြသော်လည်း ၎င်းတို့အားလုံးမှာ တိုက်ဆိုင်စွာပင် လူပုံစံအဖြစ်သို့ ပြောင်းလဲတတ်ကြခြင်း ဖြစ်သည်။

မျိုးနွယ်စု အားလုံးမှာ ဤသို့ပင် ဖြစ်ကြ၏။ ပြောစမှတ်များအရ လူသားပုံစံသည်သာလျှင် တာအိုကို နားလည်သဘောပေါက်ရန် အလွယ်ကူဆုံး အခြေအနေဖြစ်ပြီး ကျင့်ကြံခြင်း ထိရောက်မှုမှာလည်း အမြင့်မားဆုံးဖြစ်သည်ဟု ဆိုကြပေသည်။ တိုက်ခိုက်ချိန်၌သာ ၎င်းတို့က အစစ်အမှန် ခန္ဓာကိုယ်ကို ထုတ်ဖော်ပြသလေ့ ရှိကြလေသည်။

မှန်ပေ၏၊ လူသားပုံစံနှင့် ဆင်တူရုံသာ ဖြစ်သည်။ မတူညီသော မျိုးနွယ်စုများ၏ လူသားပုံစံများမှာလည်း ကွဲပြားခြားနားသော လူသားပုံစံ အသွင်အပြင်များ ပေါ်ထွက်လာတတ်‌ချေသည်။

All Chapters