← Chapters

အခန်း (၅၃၁-၅၃၂)

Vol. 27 Ch. 531-532

အခန်း (၅၃၁-၅၃၂)

Vol. 27 Ch. 531-532

အခန်း (၅၃၁)များများစားစား မဟုတ်ပါဘူး၊ များများစားစား မဟုတ်ပါဘူး

ချင်ယွမ်ဖုန်းသည် မြေနက်မြေမှ ထွက်ခွာလာခဲ့ပြီးနောက် ကောင်းကင်ယံထက်သို့ ပျံတက်၍ အရှိန်အဟုန်ပြင်းစွာ ဖြတ်သန်း မောင်းနှင်လာခဲ့ချေသည်။

ယခုအခါ သူ၏ ပျံသန်းနှုန်းမှာ ယခင်ကထက် သာလွန်မြန်ဆန်နေပြီး ဝမ်ချိုင်၏ အပြေးနှုန်းနှင့်ပင် ရင်ဘောင်တန်းနိုင်လုနီးပါး ဖြစ်နေတော့သည်။

နာရီဝက်ခန့်မျှသော အချိန်အတွင်းမှာပင် ချင်ယွမ်ဖုန်းသည် ဆေးနတ်ဘုရားဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာခဲ့၏။

လပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ဆေးနတ်ဘုရားဂိုဏ်းမှာ ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိပေ။

ဤအချိန်၌ ဆေးနတ်ဘုရားဂိုဏ်းသည် အခြားသော ဂိုဏ်းအနည်းငယ်နှင့် မဟာမိတ်ဖွဲ့ကာ တော်ဝင်မိသားစုနှင့် ရှာမိသားစုတို့၏ အင်အားစုများကို ဆန့်ကျင်အန်တုနေချိန် ဖြစ်ပေသည်။

သို့သော်လည်း မကြာသေးမီကစ၍ ရှာမိသားစုသည် တိတ်ဆိတ်ငြိမ်သက်နေခဲ့ရာ အေးအေးချမ်းချမ်း အခြေစိုက်နေသကဲ့သို့ ထင်မှတ်ရချေသည်။

ထိုသို့ဆိုစေကာမူ ရှာမိသားစုသည် အန္တရာယ်ကြီးမားလှသော အကြံအစည်တစ်ခုခုကို နောက်ကွယ်တွင် တိတ်တဆိတ် ကြံစည်နေရမည်ဖြစ်ကြောင်း လူတိုင်းက သိရှိနေကြ၏။

ချင်ယွမ်ဖုန်း ပြန်ရောက်လာကြောင်း ကြားသိရလျှင် အိုင်ဖေးသည် သူ့ထံသို့ အပြေးအလွှား လာရောက်ရှာဖွေတော့သည်။

အိုင်ဖေး၏ မျက်နှာသွင်ပြင်မှာ ယခင်ကထက် ပိုမိုရင့်ကျက် တည်ငြိမ်လာပုံရပြီး ယင်းမှာ သူ၏ ကျင့်စဉ်အဆင့် တိုးတက်လာခြင်းကြောင့် ဖြစ်နိုင်သကဲ့သို့ ယောကျာ်းတစ်ယောက်၏ တာဝန်ကို ပုခုံးထမ်းထားရခြင်းကြောင့်လည်း ဖြစ်တန်ရာ၏။

“ယွင်ယဲ့ယဲ့နဲ့ အခြေအနေ ဘယ်လိုလဲ” ချင်ယွမ်ဖုန်းက မေးမြန်းလိုက်သည်။

ချင်ယွမ်ဖုန်း၏ အမေးကို ကြားရလျှင် အိုင်ဖေး၏ မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်ထွက်လာချေသည်။

“အဆင်ပြေပါတယ် စီနီယာအကို၊ ကျွန်တော်တို့ နှစ်ယောက်လုံး လက်ထပ်ဖို့ ပြင်ဆင်နေကြပြီ” ဟု အိုင်ဖေးက ဆို၏။

“ဝမ်းသာစရာ သတင်းကောင်းပါလား” ချင်ယွမ်ဖုန်းက အိုင်ဖေး၏ ပုခုံးကို ပုတ်ပေးလိုက်ရင်း “မင်းဘက်က ကြိုးစားရမယ်နော်၊ ယွင်ယဲ့ယဲ့က မိန်းကလေးကောင်း တစ်ယောက်ပါ” ဟု ဆိုလေသည်။

“ကျွန်တော် သိပါတယ် စီနီယာအကို၊ စိတ်ချပါ” အိုင်ဖေးက ပြုံးလျက် ပြန်လည်ပြောကြားသည်။

သူတို့နှစ်ဦး အတန်ကြာ စကားစမြည် ပြောဆိုပြီးနောက် ချင်ယွမ်ဖုန်းသည် ဂိုဏ်းချုပ် ဒုန်ဖန်းရှန့်မင်ထံသို့ သွားရောက် ဂါရဝပြုခဲ့ပြီး ယင်းနောက်တွင် ဆေးနတ်ဘုရားဂိုဏ်းမှ ထွက်ခွာကာ နန်ဝူးမြို့သို့ တန်းတန်းမတ်မတ် ဦးတည်ခဲ့ချေသည်။

ဝမ်လင်းသည် သူ၏ မြေနက်မြေအပေါ်၌ မရိုးသားသော အကြံအစည်များ ရှိနေသည့်အတွက် ချင်ယွမ်ဖုန်းအနေဖြင့် သွားရောက်ကြည့်ရှုရန် လိုအပ်ပေသည်။

လူမလေးစားတတ်သော ဝမ်လင်း၏ သားဖြစ်သူ ဝမ်ချုံ သခင်လေးနှင့် တွေ့ဆုံခဲ့ဖူးသော်လည်း ချင်ယွမ်ဖုန်းသည် ဝမ်လင်းအပေါ်၌ များစွာ စိတ်ဝင်စားမိဆဲပင် ဖြစ်၏။

'ပထမဆုံးအနေနဲ့ သန်းတစ်ရာလောက် အရင်ရှာစမ်း' ဟု ပြောနိုင်စွမ်းရှိသူတစ်ဦး ဖြစ်သဖြင့် ဝမ်လင်းသည် သာမန်လူတစ်ယောက် မဟုတ်တန်ရာဟု ချင်ယွမ်ဖုန်း ခံစားမိသည်။

နှစ်နာရီခန့် ကြာမြင့်သောအခါ ချင်ယွမ်ဖုန်းသည် နန်ဝူးမြို့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ ထိုအချိန်တွင် မိုးစုန်းစုန်းချုပ်လုနီးပြီဖြစ်၍ မကြာမီ ညမှောင်တော့မည့် အခြေအနေတွင် ရှိနေချေသည်။

ချင်ယွမ်ဖုန်းသည် ချွေရုံမြန်အား သူ နန်ဝူးမြို့သို့ လာရောက်၍ ဝမ်လင်းနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးဖြစ်ရာ ဝမ်လင်းသည်လည်း သူ့ကို စောင့်ဆိုင်းနေလိမ့်မည်ဟု ယုံကြည်နေမိသည်။

သို့သော်လည်း သူသည် ဝမ်လင်းထံသို့ တိုက်ရိုက် သွားရောက်ခြင်းမပြုဘဲ ဆေးဖော်စပ်သူများအသင်းသို့ ဦးစွာ ဝင်ရောက်ခဲ့၏။

လင်းထျန်းနှင့် ရှောင်ဝမ်တို့မှာ ပြန်လည်ရောက်ရှိနေကြပြီ ဖြစ်သည်။ ချင်ယွမ်ဖုန်း ရောက်ရှိနေကြောင်း သိရှိရလျှင် အသင်းခွဲမှ လူအများအပြားသည် သူ့ကို တွေ့ဆုံရန် ထွက်လာကြချေသည်။

အကြောင်းမူကား ဆေးဖော်စပ်သူ မဟာပြိုင်ပွဲ၏ ပထမဆုရှင်အဖြစ်လည်းကောင်း၊ ဆေးဖော်စပ်သူများအသင်း၏ ဂုဏ်ထူးဆောင် အကြီးအကဲ တစ်ဦးအဖြစ်လည်းကောင်း ချင်ယွမ်ဖုန်းသည် ဆေးဖော်စပ်သူများအသင်းအတွင်း၌ များစွာ ထင်ပေါ်ကျော်ကြားလှသော လူပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသောကြောင့်ပင်။

“ဟားဟားဟား၊ ယွမ်ဖုန်း၊ မင်းက ဆေးဖော်စပ်သူများအသင်းရဲ့ အကြီးအကဲ တစ်ယောက်ဆိုတာကို မေ့မသွားသေးဘူးပေါ့လေ” လင်းထျန်းက ရယ်မောရင်း ချင်ယွမ်ဖုန်း၏ ပုခုံးကို ပုတ်ကာ ဆိုလိုက်သည်။

ချင်ယွမ်ဖုန်းကလည်း လျင်မြန်စွာပင် ခေါင်းခါယမ်းလိုက်ရင်း “ဘယ်လိုလုပ်ပြီး မေ့ရမှာလဲ အဘိုး၊ ကျွန်တော် အလုပ်လေးတွေ နည်းနည်းများနေလို့ပါ” ဟု ပြန်ပြောလေသည်။

“မင်းရဲ့ မြေကွက်အကြောင်း ငါ ကြားပြီးပြီ၊ ဘာလို့ ဆေးပင်တွေ နည်းနည်းလောက် ယူမလာခဲ့တာလဲ” လင်းထျန်းက အားမနာတမ်း ဆိုလာချေသည်။

“ယူလာတာပေါ့၊ ယူလာပါတယ်၊ ဆေးဖော်စပ်သူများအသင်းရဲ့ ဂုဏ်ထူးဆောင် အကြီးအကဲ တစ်ယောက်အနေနဲ့ အသင်းအတွက် တစ်ခုခုတော့ လုပ်ပေးရမှာပေါ့ မဟုတ်ဘူးလား”

ထိုသို့ ပြောဆိုရင်း ချင်ယွမ်ဖုန်းသည် ကြိုတင်ပြင်ဆင်လာခဲ့သော ဆေးပင်များကို ထုတ်ယူကာ လင်းထျန်းထံသို့ ကမ်းပေးလိုက်၏။

ထိုဆေးပင်များမှာ အဆင့် ၄၊ အဆင့် ၅ နှင့် အတန်ငယ် အဖိုးတန်လှသော အဆင့် ၃ ဆေးပင်များ ဖြစ်ကြချေသည်။

ချင်ယွမ်ဖုန်းသည် မသေမျိုးနန်းတော်ကို သိမ်းဆည်းခဲ့ပြီးနောက် အတွင်း၌ရှိသော ဆေးပင်များအားလုံးကို မြေနက်မြေသို့ ပြောင်းရွှေ့ စိုက်ပျိုးခဲ့သည်။

ဤအချိန်တွင် မြေနက်မြေ၌ ရှိနေသော ဆေးပင်အမျိုးအစားပေါင်းမှာ သုံးရာကျော်အထိ ရှိနေပြီး ယင်းတို့အနက် အမျိုးအစား တစ်ရာ့ငါးဆယ်ခန့်မှာ အဆင့် ၄ နှင့် အထက် ဆေးပင်များ ဖြစ်ကြချေသည်။

လင်းထျန်းသည် ဆေးပင်များကို ကျေနပ်အားရစွာ လက်ခံလိုက်ပြီးနောက် လူအုပ်ကြီးကို လက်ကာပြ၍ လူစုခွဲစေကာ ချင်ယွမ်ဖုန်းကို အတွင်းဘက်သို့ ဆွဲခေါ်သွားတော့သည်။

“ယွမ်ဖုန်း၊ မင်း အဲဒီမှာ သန့်စင်တဲ့ နတ်ရေစင်ကိုလည်း ရောင်းနေတယ်လို့ ငါ ကြားတယ်၊ ဟုတ်လား” လင်းထျန်းက အသံကို နှိမ့်၍ မေးမြန်းလိုက်၏။

“ဟုတ်ပါတယ်၊ ဒါပေမဲ့ ဒီတစ်ခေါက်တော့ ယူမလာခဲ့ဘူး” ဟု ချင်ယွမ်ဖုန်းက ဆိုသည်။

လင်းထျန်းက ခေါင်းညိတ်လိုက်ရင်း “ငါ သိပါတယ်၊ ဒါပေမဲ့ ဒီနေ့ ငါ ကြားတာတော့ မင်း အဲဒီမှာ နတ်ရေစင်ကို ရောင်းနေပေမဲ့ ဆယ်ရက်မှ ပုလင်း တစ်ရာပဲ ရောင်းတယ်၊ အခြေခံဈေးက ငါးထောင် သတ်မှတ်ထားပြီး အမြင့်ဆုံး ပေးနိုင်တဲ့သူကို ရောင်းတယ်လို့ ကြားတယ်” ဟု ပြောလာချေသည်။

“အဲဒါကိုတော့ ကျွန်တော်လည်း မသိသေးဘူး၊ ဒီနေ့မှ ဆုံးဖြတ်လိုက်တာ ဖြစ်ရမယ်၊ လင်ဇီအာ လုပ်လိုက်တာပဲ နေမှာပါ” ချင်ယွမ်ဖုန်းက ချက်ချင်းပင် ရိပ်မိလိုက်တော့သည်။

အစောပိုင်းကတည်းက လင်ဇီအာသည် ပစ္စည်းရှားပါးအောင် ပြုလုပ်၍ ဈေးကွက်မြှင့်တင်သော မဟာဗျူဟာကို အသုံးပြုခဲ့ခြင်း ဖြစ်၏။

ထို့ပြင် ချင်ယွမ်ဖုန်း မထွက်ခွာမီကပင် နတ်ရေစင် ပေါ်ပေါက်လာသည်မှာ မကြာသေးသဖြင့် ယင်း၏ တန်ဖိုးမှာ သဘာဝအတိုင်း မြင့်တက်လာခဲ့ခြင်း ဖြစ်ပေသည်။

ဤတစ်ကြိမ်တွင် နတ်ရေစင်ကို ချင်ယွမ်ဖုန်း၏ နေရာတစ်ခုတည်း၌သာ သီးသန့် ရောင်းချခြင်း ဖြစ်သောကြောင့် ဈေးနှုန်းမှာ ပိုမိုမြင့်တက်လာမည်မှာ သေချာလှပြီး တစ်ပုလင်းလျှင် တစ်သောင်းအထိပင် ရောက်ရှိသွားနိုင်ချေရှိ၏။

လင်ဇီအာသည် ဤကဲ့သို့သော စီးပွားရေး အကွက်အကွင်းများတွင် အမှန်တကယ်ပင် ထူးချွန်ထက်မြက်လှသော ဦးနှောက်ရှိသည်ဟု ဆိုရပေမည်။

“မင်းက တော်ပါပေတယ်၊ လင်ဇီအာကို ဆေးပင်တွေတောင် ရောင်းခွင့်ပေးထားတယ်လား” လင်းထျန်းက ချင်ယွမ်ဖုန်းကို အံ့ဩစိတ် အနည်းငယ်ဖြင့် ကြည့်ကာ မေးလိုက်သည်။

“အကျိုးတူ ပူးပေါင်းဆောင်ရွက်တာပါ” ချင်ယွမ်ဖုန်းက ပြန်လည် ပြင်ဆင်ပြောကြားသည်။

“အတူတူပါပဲ” လင်းထျန်းက ချင်ယွမ်ဖုန်း၏ ပုခုံးကို ပုတ်လိုက်ရင်း “ဒါပေမဲ့ မင်းကလည်း ဆေးဖော်စပ်သူများအသင်းရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲလေ၊ ငါတို့ ဆေးဖော်စပ်သူများအသင်းအတွက် အထူးလျှော့စျေး တစ်ခုခု မပေးသင့်ဘူးလား” ဟု ဆိုလာချေသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်ကာ “စိတ်ချပါ အဘိုး၊ ဆေးဖော်စပ်သူများအသင်းက ဘယ်သူမဆို ကျွန်တော့်နာမည်ကို ပြောလိုက်ရုံနဲ့ အဆင်ပြေစေရပါမယ်၊ ကျွန်တော် အဘိုးအတွက် တစ်ခါတည်း ပုလင်း ငါးဆယ် ပြင်ဆင်ပေးမယ်၊ ဘယ်လိုလဲ”

“အဲဒါဆိုရင်တော့ တကယ်ကို ကောင်းတာပေါ့” လင်းထျန်းက စိတ်လှုပ်ရှားစွာဖြင့် လက်နှစ်ဖက်ကို ပွတ်သပ်ရင်း “မင်းဆီမှာ နတ်ရေစင် ဘယ်လောက်တောင် ရှိလဲ ကောင်လေး” ဟု မေးမြန်းတော့သည်။

“များများစားစား မဟုတ်ပါဘူး၊ များများစားစား မဟုတ်ပါဘူး” ချင်ယွမ်ဖုန်းက လျင်မြန်စွာပင် လက်ခါပြလိုက်၏။ သို့သော်လည်း သူ၏ စိတ်ထဲတွင် ‘ဘာပဲဖြစ်ဖြစ် စမ်းရေတွင်းက တစ်ခုတည်းပဲ ရှိတာလေ’ ဟူသော စကားစုကိုမူ ထုတ်ဖော်မပြောခဲ့ပေ။

“ကောင်းပြီ၊ ဒီနေ့တော့ ငါနဲ့အတူ အရက်သောက်ဖို့ အဖော်လုပ်ပေးဦး” လင်းထျန်းက ချင်ယွမ်ဖုန်းကို ဆွဲခေါ်ရင်း ဆိုလိုက်သည်။

သို့သော်လည်း ချင်ယွမ်ဖုန်းက ခေါင်းခါယမ်းလိုက်ကာ “မဖြစ်ဘူး အဘိုး၊ ဒီတစ်ခေါက် ကျွန်တော့်မှာ လုပ်စရာ အခြားကိစ္စ ရှိသေးတယ်” ဟု ငြင်းပယ်လိုက်၏။

“ဘာကိစ္စမလို့လဲ” လင်းထျန်းက မေးသည်။

ချင်ယွမ်ဖုန်းက မြေနက်မြေနှင့် ပတ်သက်သည့် အကြောင်းအရာများကို လင်းထျန်းအား ပြောပြရာ လင်းထျန်းက သူ၏ ရင်ဘတ်ကို ပုတ်လျက် ထိုကိစ္စကို ရှင်းလင်းပေးရန် ကူညီမည်ဟု ကမ်းလှမ်းလာခဲ့သော်လည်း ချင်ယွမ်ဖုန်းက လက်မခံခဲ့ပေ။

ယင်းအရေးကိစ္စကို သူကိုယ်တိုင်သာ ဖြေရှင်းလိုသောကြောင့် ဖြစ်၏။

“ကောင်းပြီလေ၊ တကယ်လို့ တစ်ခုခု ဖြစ်လာရင် ဆေးဖော်စပ်သူများအသင်းဆီ တန်းတန်းမတ်မတ်သာ လာခဲ့၊ ငါတို့ ဆေးဖော်စပ်သူများအသင်း မဖြေရှင်းနိုင်တဲ့ ကိစ္စဆိုတာ ဤနေရာမှာ မရှိဘူး” လင်းထျန်းက ကြီးမားသော ယုံကြည်ချက်ဖြင့် ပြောကြားလိုက်သည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်၏။ သူသည် ဆေးဖော်စပ်သူများအသင်း၏ အင်အားကို အတန်ငယ် သိရှိထားပြီးဖြစ်ရာ သူတို့တွင် ဤကဲ့သို့ ပြောဆိုနိုင်သည့် အခွင့်အာဏာ ရှိသည်မှာ အမှန်ပင် ဖြစ်ပေသည်။

ဆေးဖော်စပ်သူများအသင်းမှ ထွက်ခွာလာပြီးနောက်တွင်လည်း ချင်ယွမ်ဖုန်းသည် ဝမ်လင်းထံသို့ သွားရောက်ခြင်းမပြုသေးဘဲ ပေါင်အန်းဆေးခန်းမသို့ ဦးတည်ခဲ့ပြန်သည်။

ဝမ်ရှူးကျူးမှာ လူနာများကို ကြည့်ရှုကုသပေးနေဆဲဖြစ်ပြီး လူနာများမှာ မကုန်နိုင်မခမ်းနိုင် ဖြစ်နေကာ ညဉ့်အချိန်၌ပင် အနားမရနိုင်လောက်အောင် အလုပ်များနေပုံရချေသည်။

ထိုစဉ် ဝမ်ယွန်းသည် ပေါင်အန်းဆေးခန်းမအတွင်းမှ ထွက်လာရာ ချင်ယွမ်ဖုန်းနှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံမိတော့သည်။

“လူရှုပ်ကြီး၊ နင် ပြန်ရောက်လာပြီလား” ဝမ်ယွန်းက စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ တိုးလာရင်း မေးမြန်းလိုက်၏။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်သော်လည်း ဝမ်ယွန်း၏ သူ့အပေါ် ခေါ်ဝေါ်ပုံကြောင့် အနည်းငယ် ခေါင်းခဲသွားရချေသည်။

“မကြာသေးခင်က အခြေအနေတွေ ဘယ်လိုလဲ” ချင်ယွမ်ဖုန်းက မေးလိုက်သည်။

“အရင်အတိုင်းပါပဲ” ဝမ်ယွန်းက ပြုံးလျက် ဆို၏။

“ချန်ဒါချောင်နဲ့ ချန်ရှောင်ချောင်တို့ တစ်ခါတလေ ဒီကို လာကစားကြတယ်၊ သူတို့က ရှင် ဆေးဖော်စပ်သူ မဟာပြိုင်ပွဲမှာ ပထမဆု ရခဲ့တယ်ဆိုပြီး ရှင့်အကြောင်းကို သိပ်ကို ဟိတ်ဟန်ကြီးကြီးနဲ့ ပြောနေကြတာ”

“ဟုတ်တာပေါ့၊ သူတို့က ငါ ဘယ်သူလဲဆိုတာကို ကြည့်ရုံနဲ့တင် သိသင့်တာပေါ့” ချင်ယွမ်ဖုန်း၏ စိတ်ထဲတွင် အနည်းငယ် ဂုဏ်ယူဝင့်ကြွားမိသွားချေသည်။

အတန်ကြာ စကားစမြည် ပြောဆိုပြီးနောက် ဝမ်ယွန်းသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် ဆိုလာ၏။

“ဩော်၊ ဒါနဲ့၊ အဘိုးက နင့်နေရာကနေ ဆေးပင်အချို့ ဝယ်ဖို့ ငါ့ကို ခိုင်းထားတယ်၊ အဲဒီက ဆေးပင်တွေက ဆေးစွမ်း သိပ်ထက်မြက်တယ်လို့ အဘိုးက ပြောတယ်”

“မင်းတို့အတွက် ငါ ယူလာပေးပါတယ်” ချင်ယွမ်ဖုန်းသည် သူ၏ သိုလှောင်လက်စွပ်အတွင်းမှ ဆေးပင်အိတ်ကြီးတစ်အိတ်ကို ထုတ်ယူလိုက်ရာ ယင်းတို့မှာ သူကိုယ်တိုင် အသေအချာ ရွေးချယ်လာခဲ့သော ဆေးဖက်ဝင် ဆေးပင်များ ဖြစ်ကြချေသည်။

ထိုမျှကြီးမားသော ဆေးပင်အိတ်ကြီးကို မြင်လျှင် ဝမ်ယွန်းသည်လည်း အံ့ဩတုန်လှုပ်သွားရ၏။

“သိမ်းထားလိုက်ပါ၊ ငါတို့က သူငယ်ချင်းတွေ မဟုတ်ဘူးလား” ဟု ချင်ယွမ်ဖုန်းက ဆိုသည်။

ဝမ်ယွန်းက ခေါင်းညိတ်လိုက်ရင်း “ကောင်းပါပြီ၊ အဲဒါဆိုရင်တော့ ကျွန်မ လက်ခံလိုက်ပါ့မယ်” ဟု ဆိုလေသည်။

ဝမ်ရှူးကျူးသည် သူ၏ အလုပ်များကို အဆုံးသတ်ပြီးနောက် ချင်ယွမ်ဖုန်းရှိရာသို့ ပြုံးရယ်လျက် ရောက်ရှိလာခဲ့ချေသည်။

အတိအကျပင် ထိုအချိန်၌ သိုင်းပညာရှင် အချို့သည် ပေါင်အန်းဆေးခန်းမသို့ ရောက်ရှိလာကြ၏။

သူတို့၏ ပုံပန်းသဏ္ဍာန်မှာ ဆေးကုသရန် လာရောက်သူများနှင့် မတူဘဲ ချင်ယွမ်ဖုန်းကို ရှာဖွေရန် လာရောက်ကြခြင်း ဖြစ်ပုံရတော့သည်။

အခန်း(၅၃၂)

“မင်းက ချင်ယွမ်ဖုန်း မဟုတ်လား၊ ငါတို့ရဲ့ အကြီးအကဲက မင်းကို တွေ့ချင်နေတယ်”

ထိုသိုင်းပညာရှင်သည် ချင်ယွမ်ဖုန်းအား စူးစိုက်ကြည့်ကာ ပြောဆိုလိုက်လေသည်။

သို့သော်လည်း ချင်ယွမ်ဖုန်းက ယင်းသိုင်းပညာရှင်အား လုံးဝအရေးမစိုက်ဘဲ ဝမ်ရှူးကျူးနှင့်သာ ဆက်လက်၍ ပြုံးရယ်မောကာ စကားလက်ဆုံဆိုနေခဲ့ချေသည်။

“ငါ မင်းကို စကားပြောနေတာနော်”

မိမိအား လုံးဝဥပေက္ခာပြုထားသော ချင်ယွမ်ဖုန်း၏ အပြုအမူကြောင့် ထိုသိုင်းပညာရှင်သည် ဒေါသအလိပ်လိပ် ထွက်ပေါ်လာပြီး ချင်ယွမ်ဖုန်း၏ ပုခုံးကို လှမ်း၍ ဖမ်းဆွဲရန် လက်ကို ဆန့်ထုတ်လိုက်လေတော့သည်။

ဤသူကား ဘိုးဘေးနယ်ပယ်၏ ပထမအဆင့်သို့ တက်လှမ်းထားသော သိုင်းပညာရှင်တစ်ဦးဖြစ်ပြီး ဝမ်လင်း၏ ယုံကြည်စိတ်ချရသော လက်အောက်ငယ်သားတစ်ယောက် ဖြစ်ဟန်တူပေသည်။

“ရုန်ဟောက်ရန်ထံမှ အာဃာတတန်ဖိုး ခြောက်ဆယ့်ခြောက်မှတ် ရရှိပါသည်”

ချင်ယွမ်ဖုန်းသည် ဤသတင်းစကားကို လက်ခံရရှိလိုက်ချေသည်။ ရုန်ဟောက်ရန်သည် ဒေါသတကြီးဖြင့် စတင်လှုပ်ရှားလိုက်ခြင်း ဖြစ်ပေသည်။

မနေ့တုန်းက ချွေရုံမြန်သည် လက်တစ်ဖက် ပြတ်တောက်လျက် သနားစဖွယ် အခြေအနေဖြင့် ပြန်လည်ရောက်ရှိလာခဲ့ရာ ရုန်ဟောက်ရန်အနေဖြင့် ယင်းအပေါ် များစွာ အထင်သေးမိခဲ့သည်။

သူသည် ချင်ယွမ်ဖုန်း၏ အမည်ကို ကြားဖူးနားဝ ရှိသော်လည်း ချင်ယွမ်ဖုန်းမှာ ငယ်ရွယ်လွန်းလှသဖြင့် မည်မျှပင် စွမ်းအားကြီးမားသည်ဆိုစေဦးတော့ အမှန်တကယ် မည်မျှအထိ တတ်စွမ်းနိုင်မည်နည်းဟု တွေးတောမိခဲ့၏။

ယခုတစ်ကြိမ်တွင် ဝမ်လင်းက သူ့အား ချင်ယွမ်ဖုန်းကို သွားရောက်ခေါ်ဆောင်ရန် စေခိုင်းခဲ့ပြီး ယဉ်ကျေးပျူငှာစွာ ဆက်ဆံရန်ပင် မှာကြားခဲ့သဖြင့် သူသည် ပို၍ပင် အောက်ခြေလွတ်ကာ အထင်သေးစိတ် ဝင်ခဲ့ရပေသည်။

ထို့ကြောင့် သူသည် ချင်ယွမ်ဖုန်းအား တမင်တကာပင် အထိနာအောင် ပညာပြလိုစိတ် ပြင်းပြနေခဲ့သည်။

ချင်ယွမ်ဖုန်း၏ မျက်ဝန်းအစုံသည် အေးစက်သွားခဲ့ချေသည်။ ရုန်ဟောက်ရန်၏ လက်က လှမ်းဆွဲလာသည်ကို မြင်လျှင် မြင်ချင်း ဖမ်းချုပ်လိုက်ပြီးနောက် ရုန်ဟောက်ရန်၏ ရင်ဘတ်ဆီသို့ ပြင်းထန်လှသော လက်သီးတစ်ချက်ကို ဝုန်းခနဲ ပစ်သွင်းလိုက်လေတော့သည်။

ယင်းလက်သီးချက်တွင် အတိုင်းအဆမရှိသော ကိုယ်တွင်းစွမ်းအင်များ စုစည်းနေကာ အမြောက်ဆန်တစ်ခုပမာ ပေါက်ကွဲထွက်သွားပြီး လေထုထဲတွင် နားကွဲလုမတတ် စူးရှသောအသံကို ဖြစ်ပေါ်စေခဲ့၏။

ပြင်းထန်လှသော အသံဗလံနှင့်အတူ ချင်ယွမ်ဖုန်း၏ လက်သီးချက်သည် ရုန်ဟောက်ရန်၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားချေပြီ။

ရုန်ဟောက်ရန်၏ မျက်နှာတစ်ခုလုံး ပျက်ယွင်းသွားကာ ပါးစပ်အပြည့် သွေးများ အန်ထုတ်လျက် ခန္ဓာကိုယ်သည် နောက်ပြန်လွင့်စင်သွားရလေသည်။

ရုန်ဟောက်ရန်၏ လက်အောက်ငယ်သားများက လှမ်း၍ ဖမ်းထိန်းရန် ကြိုးပမ်းကြသော်လည်း ရိုက်ခတ်လာသော အရှိန်အဟုန်က ပြင်းထန်လွန်းလှသဖြင့် သူတို့အားလုံးပါ ရုန်ဟောက်ရန်နှင့်အတူ မြေပြင်ပေါ်သို့ လဲပြိုသွားကြရချေသည်။

“ဟိုဘက်မှာ သွားစောင့်နေ”

ချင်ယွမ်ဖုန်းက အေးစက်စွာ ပြောဆိုလိုက်၏။ ရုန်ဟောက်ရန်သည် ချင်ယွမ်ဖုန်း၏ အေးစက်လှသော မျက်လုံးအစုံကို ကြည့်ကာ တုန်လှုပ်ခြောက်ခြားသွားရလေသည်။

ယခုအခိုက်အတန့်တွင်မှ မိမိ၏ အမြင်မှာ ကျဉ်းမြောင်းလွန်းလှကြောင်း သူ သဘောပေါက်သွားခဲ့ရပေသည်။

မူလက ဘိုးဘေးနယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်၍ လောကအလယ်တွင် လွတ်လပ်စွာ ကျင်လည်နိုင်ပြီဟု ထင်မှတ်ထားခဲ့သော်လည်း ပကတိလက်တွေ့ ဘဝက သူ့အား ပြင်းထန်သော ပါးရိုက်ချက်တစ်ခု ပေးလိုက်သကဲ့သို့ ဖြစ်သွားရချေသည်။

ရုန်ဟောက်ရန်သည် ချင်ယွမ်ဖုန်းအပေါ် ထပ်မံ၍ ရိုင်းစိုင်းခြင်း မပြုဝံ့တော့ဘဲ ထရပ်ကာ ဘေးဘက်တွင်သာ ငြိမ်သက်စွာ စောင့်ဆိုင်းနေရတော့၏။ သူသည် စိတ်ထဲမှလည်း တုန်လှုပ်မိနေခဲ့သည်။

ဤလက်သီးတစ်ချက်တည်းနှင့်ပင် သူ့အား ဒဏ်ရာရရှိစေခဲ့ရာ ချင်ယွမ်ဖုန်း၏ ကျင့်ကြံခြင်းအဆင့်မှာ မည်မျှအထိ မြင့်မားနေသနည်းဟု တွေးတောရင်း ထိတ်လန့်နေမိချေသည်။

ထို့နောက် ချင်ယွမ်ဖုန်းနှင့် ဝမ်ရှူးကျူးတို့သည် ပေါင်အန်းဆေးခန်းမအတွင်းသို့ ဝင်ရောက်သွားကြသည်။

အကယ်၍ ဝမ်ရှူးကျူးက တိုက်တွန်းခြင်း မပြုခဲ့ပါက ချင်ယွမ်ဖုန်းသည် မထွက်ခွာမီ အစားအသောက်ပင် စားသောက်လိုစိတ် ရှိနေသေး၏။

ထိုသို့ဆိုစေဦးတော့ သူတို့သည် ညဉ့်နက်သည်အထိ အချိန်ဆွဲနေခဲ့ကြသေးသည်။

“အကြီးအကဲဝမ်၊ ကျွန်တော် သွားတော့မယ်။ ကိုယ်ခန္ဓာကို ဂရုစိုက်ပါဦး။ဆေးပင်တွေ လိုအပ်ရင် ချန်ဒါချောင်တို့ဆီကို လူလွှတ်ပြီး သတင်းစကား ပါးလိုက်ရုံပါပဲ”

ချင်ယွမ်ဖုန်းက ပြောလိုက်ရာ ဝမ်ရှူးကျူးက ခေါင်းညိတ်ပြလျက်-

“ကောင်းပြီ၊ မင်းလည်း ဂရုစိုက်ဦး။ သူတို့ရဲ့ နောက်ခံက မရိုးရှင်းလှဘူး ထင်တယ်”

“ကိစ္စမရှိပါဘူး”

ချင်ယွမ်ဖုန်းက ဂရုမစိုက်ဟန်ဖြင့် ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။

သူသည် ရုန်ဟောက်ရန်၏ ရှေ့သို့ လျှောက်လှမ်းသွားပြီးနောက် နောက်ဆုံးတွင်မှ ခေါင်းကို အသာညိတ်ပြကာ-

“ကဲ၊ သွားကြစို့”

“ငါတို့ရဲ့ အကြီးအကဲက ဘယ်သူလဲဆိုတာ မင်းသိရဲ့လား။ သူ့ကို ဒီလောက်အထိ အကြာကြီး စောင့်ခိုင်းရဲတယ်ပေါ့လေ”

ရုန်ဟောက်ရန်သည် ဒေါသကို မြိုသိပ်ထားရင်း အေးစက်စွာ ပြောဆိုလိုက်သည်။

“ဟွန်း၊ မင်းတို့ရဲ့ အကြီးအကဲက ဘယ်သူပဲဖြစ်ဖြစ် မင်းကတော့ ခွေးတစ်ကောင်ပဲ။ ငါ့ကို လာပြီး ဟောင်မနေနဲ့။ မဟုတ်ရင် ငါ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဘဲ မင်းကို သတ်မိသွားမှာ စိုးလို့”

ချင်ယွမ်ဖုန်းက သရော်သံဖြင့် အေးစက်စွာ တုံ့ပြန်လိုက်ချေသည်။ စွမ်းအားကြီးမားခြင်း၏ အားသာချက်မှာ ဤသို့ပင် ဖြစ်ပြီး မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်ဖြင့် ရဲရဲဝံဝံ ပြောဆိုနိုင်ခြင်းပင်။

ရုန်ဟောက်ရန်၏ နားထင်မှ သွေးကြောများသည် တဖျပ်ဖျပ် တုန်ခါသွားရကာ သူသည် အလွန်အမင်း ဒေါသထွက်နေသည်မှာ ထင်ရှားလှပေသည်။

သို့သော်လည်း အဆုံးသတ်တွင်မူ သူသည် ချင်ယွမ်ဖုန်းအား ပြန်လည်တိုက်ခိုက်ရန် မဝံ့ရဲခဲ့ချေ။

သူတို့သည် ချင်ယွမ်ဖုန်းအား ဝမ်တာဟိုင် စားသောက်ဆိုင်သို့ ခေါ်ဆောင်လာခဲ့ကြသည်။ ထိုစားသောက်ဆိုင်သည် ဝမ်လင်း ကြီးပွားချမ်းသာလာစေရန် အခြေခံပေးခဲ့သော နေရာတစ်ခုဖြစ်ကြောင်း ကောလာဟလများ ရှိခဲ့ဖူးသည်။

ချင်ယွမ်ဖုန်းသည် ဤနေရာသို့ တစ်ကြိမ်ရောက်ဖူးကာ အတွင်းပိုင်း ပြင်ဆင်မွမ်းမံမှုများမှာ အလွန်ပင် ခမ်းနားထည်ဝါလှပြီး မြင့်မြတ်သော အရှိန်အဝါများ ထွက်ပေါ်နေသည်ကို တွေ့ရှိခဲ့ရသည်။

ညဉ့်နက်သန်းခေါင် အချိန်အခါမျိုးတွင်ပင် မီးရောင်စုံများ လင်းထိန်နေဆဲဖြစ်ကာ စားသောက်ကြသူများဖြင့် အစဉ်အမြဲ စည်ကားလျက် ရှိနေချေသည်။

ရုန်ဟောက်ရန်သည် ချင်ယွမ်ဖုန်းအား စားသောက်ဆိုင်၏ အပေါ်ဆုံးထပ်သို့ ဦးဆောင်ခေါ်သွားခဲ့ရာ ထိုနေရာတွင် စားသောက်ဖွယ်ရာ အစုံအလင်ကို ပြင်ဆင်ထားပြီး ဖြစ်ကာ စားပွဲ၏ တစ်ဖက်စွန်းတွင် အလယ်အလတ်အရွယ် လူကြီးတစ်ဦး ထိုင်နေသည်ကို တွေ့လိုက်ရ၏။

ထိုလူကြီးသည် တည်ကြည်လေးနက်သော မျက်နှာထားရှိပြီး ဝါရင့်အရာရှိကြီးတစ်ဦးနှင့် တူလှပေသည်။

အသက်အရွယ်အားဖြင့် မငယ်တော့သော်လည်း သူ၏ ကျောပြင်မှာ မတ်တပ်ဖြောင့်စင်းနေဆဲ ဖြစ်သည်။ ချင်ယွမ်ဖုန်းပင်လျှင် ဝမ်လင်း၏ ကျင့်ကြံခြင်းအဆင့်ကို အကဲမဖြတ်နိုင်ခဲ့ချေ။

ဤသူသည် ကျင့်ကြံခြင်း မပြုလုပ်ဖူးသော သာမန်လူတစ်ဦး ဖြစ်တန်ရာသည် သို့မဟုတ်ပါက သူ၏ ကျင့်ကြံခြင်းမှာ ချင်ယွမ်ဖုန်းထက်ပင် သာလွန်မြင့်မားနေခြင်း ဖြစ်ပေလိမ့်မည်။

ဤသူကား ဝမ်လင်းပင်။

“မင်းက မောင်ရင်ချင် ဖြစ်ရမယ်။ အမှန်တကယ်ပင် လူအများကြားထဲက ထူးချွန်ထက်မြက်သူတစ်ယောက်ပါလား”

ဝမ်လင်းက ပြုံးရွှင်စွာဖြင့် ပြောဆိုလိုက်ပြီး ချင်ယွမ်ဖုန်းက သူ့အား အကြာကြီး စောင့်ဆိုင်းစေခဲ့သည့် ကိစ္စကို စိတ်ထဲထားဟန် မပြခဲ့ချေ။

စားပွဲပေါ်တွင် ဆင်ယင်ထားသော ဟင်းလျာများမှာလည်း အလွန်ပင် ခမ်းနားထည်ဝါလှပြီး မွှေးကြိုင်သော ရနံ့များနှင့်အတူ အငွေ့တထောင်းထောင်း ထွက်နေဆဲဖြစ်ရာ ၎င်းတို့ကို အသစ်တဖန် ပြန်လည်လဲလှယ်ပေးထားခြင်း ဖြစ်ရပေမည်။

“အကြီးအကဲဝမ်၊ တွေ့ရတာ ဝမ်းသာပါတယ်”

ချင်ယွမ်ဖုန်းက လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ ဂါရဝပြုကာ ထိုင်ချလိုက်လေသည်။

ဝမ်လင်းက ပြုံးလျက်-

“မင်းလို လူမျိုးနဲ့ သိကျွမ်းခွင့်ရတာ ငါ့ရဲ့ ကံကောင်းခြင်းပါပဲ။ ကဲ၊ ဒီဟင်းလျာတွေက အသစ်လေးတင် လဲထားတာ။ မြည်းစမ်းကြည့်ပါဦး”

ချင်ယွမ်ဖုန်းက ခေါင်းကို ခါယမ်းလိုက်၏။ သူသည် ဝမ်လင်းက မိမိအား အဆိပ်ခတ်လိမ့်မည်ဟု စိုးရိမ်ပူပန်နေခြင်း မဟုတ်သော်လည်း အနည်းငယ် သတိထားခြင်းက ပို၍ ကောင်းမွန်ပေသည်။

“မလိုပါဘူး၊ ကျွန်တော် ဒီကိုလာတာ အရေးကြီးတဲ့ ကိစ္စကို ဆွေးနွေးဖို့ပါ။ အကြီးအကဲဝမ်လည်း ကျွန်တော် ဘာကြောင့် ရောက်လာရလဲဆိုတာ သိပြီးသား ဖြစ်မှာပါ”

ချင်ယွမ်ဖုန်းက လိုရင်းကိုသာ ပြတ်သားစွာ ပြောလိုက်ချေသည်။

ဝမ်လင်းက ခေါင်းညိတ်ပြလျက်-

“သိတာပေါ့၊ သိတာပေါ့။ အဲဒီနေရာက မင်းရဲ့ ပိုင်ဆိုင်မှုဖြစ်မှန်း ငါ အရင်က မသိခဲ့လို့ပါ။ စိတ်မပူပါနဲ့၊ နောင်အနာဂတ်မှာ ဝမ်မိသားစုက ဘယ်သူမှ အဲဒီနေရာကို သွားပြီး ပြဿနာရှာမှာ မဟုတ်တော့ပါဘူး။ ဒါပေမဲ့ ငါတို့ အတူတူ ပူးပေါင်းဆောင်ရွက်လို့တော့ ရတာပေါ့”

“အခု အဲဒီနေရာကို လင်ဇီအာက တာဝန်ယူ စီမံခန့်ခွဲနေတာပါ။ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေအတွက် ဆိုရင်တော့ သူမဆီကိုသာ တိုက်ရိုက် သွားရောက်ပြောဆိုပါ”

ချင်ယွမ်ဖုန်းက အေးဆေးစွာပင် တုံ့ပြန်လိုက်၏။

ဝမ်လင်းက-

“ကောင်းပါပြီ၊ ငါတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက အလွန် စိတ်ချမ်းမြေ့စရာ ကောင်းလိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်”

ထိုသို့ပြောပြီးနောက် ဝမ်လင်းသည် စပျစ်ရည်ခွက်ကို မြှောက်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်လေတော့သည်။

ချင်ယွမ်ဖုန်းမှာမူ ထိုနေရာတွင် တုန်လှုပ်ခြင်းမရှိဘဲ ငြိမ်သက်စွာ ထိုင်နေခဲ့၏။ ဝမ်လင်းက စပျစ်ရည်ခွက်ကို ချလိုက်သည့် အခါမှသာ ချင်ယွမ်ဖုန်းသည် ဖြည်းညင်းစွာ မတ်တတ်ထရပ်လိုက်လေသည်။

“အကြီးအကဲဝမ်၊ ကိစ္စရပ်တွေ ပြီးပြတ်သွားပြီဆိုတော့ ကျွန်တော်လည်း အနှောင့်အယှက် မပေးတော့ပါဘူး။ အကြီးအကဲဝမ်အနေနဲ့ ဒီနေ့ ပြောခဲ့တဲ့ စကားတွေကို မှတ်မိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မဟုတ်ရင်တော့ ကျွန်တော်ကလည်း အလှူရေစက် လက်နဲ့မကွာလှတဲ့ စိတ်ရှည်သည်းခံတတ်သူမျိုး မဟုတ်ဘူးလေ”

ချင်ယွမ်ဖုန်းက သာမန်ကာလျှံကာပင် ပြောဆိုလိုက်ချေသည်။

ဝမ်လင်းက ခေါင်းညိတ်ကာ-

“စိတ်ချပါ၊ ဒါပေမဲ့ မင်းရဲ့ အကူအညီ လိုအပ်နေတဲ့ ကိစ္စတစ်ခုတော့ ရှိသေးတယ်”

“ကျွန်တော့်ရဲ့ အကူအညီကို လိုချင်တာလား”

ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်လျက်

“ကျွန်တော် အရမ်း အလုပ်ရှုပ်နေတာမို့ အချိန်မရှိဘူး”

“စိတ်မပူပါနဲ့၊ ဒါက သေးငယ်တဲ့ ကိစ္စလေးတစ်ခုပါပဲ”

ဝမ်လင်းက ပြုံးလျက် ၎င်း၏ နောက်ဘက်သို့ လက်လှမ်းပြကာ

“ထွက်ခဲ့တော့”

ဝမ်လင်း၏ နောက်ကွယ်မှ လူတစ်ယောက်သည် ဖြည်းညင်းစွာ လျှောက်လှမ်းထွက်ပေါ်လာခဲ့သည်။ ချင်ယွမ်ဖုန်းက သေချာစွာ စိုက်ကြည့်လိုက်ရာ ယင်းသူမှာ ဝမ်ချုံ သခင်လေး ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ဝမ်လင်းသည် မိမိထံမှ မည်သည့်အကူအညီကို တောင်းခံလိုနေကြောင်း ချက်ချင်းပင် သဘောပေါက်သွားခဲ့ရပေသည်။

“ငါ့ရဲ့ မိုက်မဲတဲ့ သားက အရင်က မင်းကို စော်ကားမိခဲ့ဖူးတယ်။ အခု ကိစ္စတွေကလည်း အတိတ်မှာ ကျန်ရစ်ခဲ့ပြီဆိုတော့ မင်းအနေနဲ့ အဲဒီ ကျွန်အဖြစ် ရောင်းချတဲ့ စာချုပ်ကို ပြန်ပေးလို့ ရမလားလို့ပါ”

ဝမ်လင်းက ချင်ယွမ်ဖုန်းအား စိုက်ကြည့်ရင်း ပြောဆိုလိုက်၏။ ချင်ယွမ်ဖုန်းသည် ဝမ်ချုံ သခင်လေးအား တစ်ချက်မျှ လှမ်းကြည့်လိုက်သော်လည်း မည်သည့်စကားမျှ မဆိုခဲ့ချေ။

“ဒါပေါ့၊ အလကားတော့ အလုပ်မရှုပ်စေရပါဘူး”

ဝမ်လင်းသည် သိုလှောင်အိတ်တစ်ခုကို စားပွဲပေါ်သို့ တင်လိုက်ပြီး ချင်ယွမ်ဖုန်း၏ အနီးသို့ တွန်းပို့ပေးလိုက်လေသည်။

ချင်ယွမ်ဖုန်းသည် ထိုသိုလှောင်အိတ်ကို ကြည့်ကာ ပြုံးလိုက်မိချေသည်။

“အကြီးအကဲဝမ်က အမှန်တကယ်ပဲ ပွင့်လင်းပြတ်သားသူတစ်ယောက်ပါလား။ ဒါပေမဲ့ ဒီသားဖြစ်သူကိုတော့ သေချာလေး ဆုံးမသွန်သင်ဖို့ လိုအပ်ပါလိမ့်မယ်။ အိမ်နီးနားချင်းတွေကို နှိပ်စက်ညှဉ်းပန်းတတ်တဲ့သူတွေဟာ ဘယ်တော့မှ နိဂုံးမလှတတ်ကြဘူး”

ချင်ယွမ်ဖုန်းသည် ၎င်း၏ သိုလှောင်လက်စွပ်အတွင်းမှ ဝမ်ချုံ သခင်လေး ကိုယ်တိုင် ရေးသားခဲ့သော ကျွန်အဖြစ် ရောင်းချသည့် စာချုပ်ကို ထုတ်ယူကာ စားပွဲပေါ်သို့ တင်ပေးလိုက်လေသည်။

ဝမ်လင်းသည် ထိုစာချုပ်ကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် ချင်ယွမ်ဖုန်းသည် သိုလှောင်အိတ်ကို သိမ်းဆည်းလိုက်လေသည်။

ယင်းအိတ်အတွင်း၌ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး အရေအတွက် တစ်သိန်းခန့် ပါရှိနေခဲ့ရာ ဝမ်တာ ကုန်သည်ကြီးများအသင်းသည် အမှန်တကယ်ပင် လက်ကြီးလှပေသည်ဟု သူ စိတ်ထဲမှ ကျေနပ်စွာ တွေးတောနေမိတော့သည်။

All Chapters