အခန်း ၁၂၁၁
Vol. 105 Ch. 1211
အခန်း ၁၂၁၁
ထိုလေကြောင်းခံတပ်ပေါ်တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခု ရှိနေသဖြင့် ရှောင်းယီသည် ၎င်းမှတစ်ဆင့် အန်းရန်ထံသို့ ချက်ချင်း မက်ဆေ့ခ်ျပို့လိုက်သည်။
“ရှီခုန်းတို့ကို ငါ့ဆီ အလတ်စား တည်နေရာကူးပြောင်းခြင်းအစီအရင်တစ်ခု အမြန်ဆုံး လွှဲပြောင်းပေးဖို့ ပြောလိုက်ပါ။”
“ဟုတ်ကဲ့။”
အန်းရန်က ပြန်ဖြေလိုက်ပြီး ရှောင်းယီ၏အမိန့်ကို လက်ဆင့်ကမ်းရန် ရှီခုန်းထံ ချက်ချင်း ဆက်သွယ်လိုက်သည်။
သုံးမိနစ်အကြာတွင် ရှီခုန်းသည် ကုန်ကြမ်းပစ္စည်းများနှင့် လူအင်အားကိုပါ ခေါ်ဆောင်၍ ရောက်ရှိလာခဲ့သည်။
“ရန်ရန်... ဟိုဘက်က ဓာတ်ခွဲခန်းကို လှမ်းမေးကြည့်ပေးပါဦး။ ဟင်းလင်းပြင်အက်ကွဲကြောင်းတွေကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုခု ရှိ၊ မရှိဆိုတာ။”
ရှောင်းယီက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် ထပ်ပြောသည်။
“ခဏစောင့်ဦးနော်။”
အန်းရန်က ပြန်ပြောလိုက်ပြီး မကြာမီမှာပင် သူမက ပြန်ဖြေလာခဲ့သည်။
“မရှိဘူးတဲ့။ ဉာဏ်ရည်မြင့် စက်ရုပ်တွေကို အဲ့ဒီဟင်းလင်းပြင်အက်ကွဲကြောင်းနားအထိ ကပ်ခွင့်ပေးနိုင်ရင်တော့ သုတေသနလုပ်ငန်းကို ပိုပြီးမြန်ဆန်အောင် လုပ်နိုင်လိမ့်မယ်။”
ရှောင်းယီက ခေါင်းညိတ်လိုက်၏။
“မင်းတို့ဘက်က သုတေသနစက်ရုပ် ငါးရုပ်ကို စီစဉ်ပြီး လွှတ်ပေးလိုက်ပါ။”
“ဟုတ်ကဲ့။”
အဖြူရောင် အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီးနောက် စက်ရုပ်ငါးရုပ် ရောက်ရှိလာခဲ့သည်။ ရှောင်းယီကို မြင်လျှင် မြင်ချင်း သူတို့အားလုံးက “ကျွန်းပိုင်ရှင်” ဟု နှုတ်ဆက်လိုက်ကြ၏။
“သွားကြည့်လိုက်ကြပါ။ ဟင်းလင်းပြင်အက်ကွဲကြောင်းရဲ့ တည်နေရာက ဟိုဘက်မှာပဲ။ တတ်နိုင်သမျှ အမြန်ဆုံး သုတေသနလုပ်ကြပါ။”
ရှောင်းယီက အမိန့်ပေးလိုက်သည်။
စက်ရုပ်ငါးရုပ်သည် ဟင်းလင်းပြင်အက်ကွဲကြောင်းရှိရာ တည်နေရာဆီသို့ ချက်ချင်း လျှောက်သွားကြတော့သည်။ ထိုစဥ် ရှီခုန်းတစ်ယောက် သူ့ဆီ လျှောက်လာခဲ့လေသည်။
“ကျွန်းပိုင်ရှင်... အလတ်စား တည်နေရာကူးပြောင်းခြင်း အစီအရင်ကို တည်ဆောက်ပြီးပါပြီ။ အချိန်မရွေး အသုံးပြုလို့ရပါပြီ။”
“ကောင်းပြီ။”
ထို့နောက် ရှောင်းယီက သူ၏ ဝေါ်ကီတော်ကီကို ထုတ်ပြီး ပြောလိုက်၏။
“အားလုံးပဲ...ခံတပ်တံတိုင်းအပြင်ဘက်ကို ချက်ချင်းဆုတ်ခွာပြီး အနားယူရင်း ပြန်လည်စုဖွဲ့ကြပါ။ အနားယူပြီးသားအဖွဲ့တွေကို တည်နေရာကူးပြောင်းခြင်းအစီအရင်ကနေ ဒီကို ခေါ်လာခဲ့။ ငါတို့ အတွင်းထဲကနေ အပြင်ကို ပြန်တိုက်မယ်။”
“ဟုတ်ကဲ့။”
ကျန်းရွှဲ့ ပြန်လည်တုံ့ပြန်လိုက်သည်။
“အားလုံးပဲ...ခံတပ်မြို့ရိုးဆီ ဆုတ်ခွာကြ။”
ကျန်းရွှဲ့က အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်၏။
“ဟုတ်ကဲ့။”
ရှောင်းယီ၏ အမိန့်သည် အခြားသော အရပ်မျက်နှာများဆီသို့ လျင်မြန်စွာ ရောက်ရှိသွားရာ လူတိုင်း အံ့အားသင့်သွားကြတော့သည်။
“ဒါက ဘာအဓိပ္ပာယ်လဲ။ အပြီးအပိုင် ဆုတ်ခွာတာလား။ ခေါင်းဆောင်ကို ချေမှုန်းတဲ့ စစ်ဆင်ရေးက ရှုံးနိမ့်သွားတာလား။”
“အေးလေ ဘာလို့ ငါတို့ကို ဆုတ်ခွာခိုင်းတာလဲ။”
“ဒါပေမဲ့ ဒီမသေမျိုးတွေက တိုက်ရတာ အရမ်းခက်တာပဲ။ ဆုတ်ခွာတာကလည်း ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်နိုင်ပါတယ်။”
“အခုတောင် ဒီလောက် တိုက်ရခက်နေတာ။ တကယ်လို့ သူတို့တွေက ဟိုလက်မည်းကြီးကြောင့် ထပ်ပြီး အစွမ်းထက်လာရင် ငါတို့ ဘယ်လိုတိုက်ရတော့မှာလဲ။”
“အခုချိန်မှာ ဒါတွေကို ငြင်းခုံနေလို့လည်း အပိုပဲ။ သူဌေးရဲ့ အမိန့်အတိုင်းပဲ လုပ်ကြရအောင်။”
အနည်းငယ် ဆွေးနွေးပြီးနောက် လူတိုင်းက ခံတပ်မြို့ရိုးဆီသို့ ဆုတ်ခွာလာခဲ့လိုက်ကြသည်။
သို့သော်လည်း အရပ်မျက်နှာအသီးသီးမှ မျိုးနွယ်ခြားများ အားလုံးမှာမူ ဟင်းလင်းပြင်အက်ကွဲကြောင်း ရှိရာနေရာသို့ ရောက်ရှိလာကြပြီဖြစ်သည်။
အပြင်ဘက် ပတ်လည်အတားအဆီးကို အသက်ရှင်ကျန်ရစ်သူအဖွဲ့များ စောင့်ကြပ်ရန် ချန်ထားရစ်ခဲ့ပြီး ဟင်းလင်းပြင်အက်ကွဲကြောင်း ပတ်ပတ်လည် နေရာကိုမူ မျိုးနွယ်ခြားများထံ လွှဲပြောင်းပေးလိုက်၏။
ကျန်းရွှဲ့တို့အဖွဲ့ ဟင်းလင်းပြင်အက်ကွဲကြောင်းနေရာသို့ ရောက်ရှိလာသောအခါ ထိုနေရာ၌ မျိုးနွယ်ခြား အမြောက်အမြား စုဝေးရောက်ရှိနေပြီ ဖြစ်သည်။
“အစ်မရွှဲ့...ဒီနေရာ ပတ်ပတ်လည်မှာ ကာကွယ်ရေးတွေ ပြင်ဆင်လိုက်ပါ။ ဟိုမသေမျိုးတွေ ဒီဘက်ကို တိုးမလာနိုင်အောင် ငါတို့ သေချာပေါက် လုပ်ထားရမယ်။”
ရှောင်းယီက အမိန့်ပေးလိုက်သည်။
“စိတ်မပူပါနဲ့ ကျွန်းပိုင်ရှင်။ စောစောက မသေမျိုးမြူခိုးတွေထဲမှာတောင် သူတို့ကို ကျွန်မတို့ တောင့်ခံနိုင်ခဲ့သေးတာပဲ။ ဒီနေရာမှာဆိုရင် ပိုပြီးတော့တောင် ပြဿနာမရှိနိုင်ပါဘူး။”
ကျန်းးရွှဲ့က ယုံကြည်မှုရှိရှိဖြင့် ပြောလိုက်သည်။
ဤအချိန်တွင် ညနေ လေးနာရီ ထိုးနေပြီဖြစ်သည်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် ဖော်ပြထားသော တာဝန်ပြီးဆုံးမည့် သတ်မှတ်ချိန်ကိုရောက်ရန် ရှစ်နာရီပင် မလိုတော့ပေ။
ရှောင်းယီသည် ချင်းလုံကို သွားရောက်ကူညီရန်ပင် မစဉ်းစားတော့ပေ။ ထိုအစား သူသည် ဟင်းလင်းပြင်အက်ကွဲကြောင်းအနီးသို့ ရောက်လာပြီး စက်ရုပ်ငါးရုပ်က ထိုဝန်းကျင်တွင် တစ်စုံတစ်ခုကို အဆက်မပြတ် စမ်းသပ်စစ်ဆေးနေသည်အား စောင့်ကြည့်နေလိုက်သည်။
“ဘယ်လိုလဲ။”
ရှောင်းယီက မနေနိုင်ဘဲ မေးလိုက်မိ၏။
“ကျွန်းပိုင်ရှင်ကို အစီရင်ခံပါတယ်။ ဒီဟင်းလင်းပြင် ဧရိယာက အလွန်အမင်း မတည်မငြိမ် ဖြစ်နေပါတယ်။ ဒီလို မတည်ငြိမ်မှုကြောင့်ပဲ ဟင်းလင်းပြင်အက်ကွဲကြောင်း ပေါ်လာရတာ ဖြစ်နိုင်တယ်။ ကျုပ်တို့ ဆက်ပြီး သုတေသနလုပ်နေပါတယ်။ အချိန်အနည်းငယ်တော့ ထပ်ယူရဦးမှာပါ။”
စက်ရုပ်တစ်ရုပ်က ပြန်ဖြေလာခဲ့သည်။ ရှောင်းယီ သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်မိ၏။
“အင်း... ဒါဆို မင်းတို့ ဆက်လုပ်လိုက်ကြပါ။”
ဓာတ်ခွဲခန်းမှ စက်ရုပ်များသည် အချိန်တိုအတွင်း ရလဒ်တစ်ခု ထွက်ပေါ်လာနိုင်မည့်ပုံ မပေါ်ပေ။
“အခြေအနေက ဒီလိုဖြစ်နေမှတော့ ဒါကို တွေးပြီး ခေါင်းခြောက်ခံမနေတော့ဘူး။ အရင်ဆုံး အဲ့ဒီ အစစ်အမှန် အရိုးနဂါးကိုပဲ ရှင်းပစ်လိုက်တော့မယ်။”
ရှောင်းယီက စိတ်ထဲမှ တွေးလိုက်သည်။
သူသည် ရွှမ်းယွမ်ဓားကို ဆွဲထုတ်ပြီး ချင်းလုံတို့ တိုက်ခိုက်နေသည့် နေရာဆီသို့ ချက်ချင်း ပြေးဝင်သွားတော့သည်။
“ဘမ်း...”
သတ္တုတုတ်ကြီးတစ်ခုက အစစ်အမှန် အရိူနဂါး၏ ခန္ဓာကိုယ်ကို အရှိန်အဟုန်ဖြင့် ရိုက်ချလိုက်ရာ ၎င်း၏ပုံရိပ်မှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားရ၏။
ထို့နောက်တွင်တော့ အရိုးများဖြင့်သာ ဖွဲ့စည်းထားသည့် နဂါးအမြီးကြီးတစ်ခုသည် ထိုသတ္တုတုတ် ပိုင်ရှင်ထံသို့ ပြန်လည်ဝှေ့ယမ်းလိုက်၏။ ၎င်းကို မြင်လျှင် မြင်ချင်း ဟူကျဲသည် နဂါးအမြီးကို ခုခံရန် သူ၏ သတ္တုတုတ်ကို ဒေါင်လိုက်ကာကွယ်လိုက်ရသည်။
“ဘမ်း..”
ဟူကျဲသည် ခြေလှမ်း ခြောက်လှမ်း၊ ခုနစ်လှမ်းခန့် နောက်ဆုတ်လိုက်ရပြီးမှသာ ဟန်ချက်ကို တည်ငြိမ်အောင် ပြန်ထိန်းနိုင်ခဲ့သည်။
“ဒီနဂါးရဲ့ ခွန်အားက ဒီလောက်တောင် ကြီးရလားကွာ...။”
ဟူကျဲက တစ်ဖန် ညည်းတွားလိုက်ပြန်သည်။
အခြားတစ်ဖက်တွင်မူ ကျားကျန့်သည် သူ၏ သတ္တုတုတ်ကို နဂါးဦးခေါင်းဆီသို့ တည့်တည့်မတ်မတ် လွှဲရိုက်ချလိုက်၏။
“ဘမ်း...”
အစစ်အမှန် အရိုးနဂါးသည် မရှောင်တိမ်းဘဲ ထိုရိုက်ချက်ကို ထိပ်တိုက်ရင်ဆိုင်လိုက်ရာ တန်ပြန်သက်ရောက်လာသော အရှိန်ကြောင့် ကျားကျန့်မှာလည်း နောက်သို့ ခြေလှမ်းအနည်းငယ် ယိမ်းထိုးဆုတ်ခွာလိုက်ရသည်။
ရှောင်းယီသည် သူတို့ကို ကြည့်ရင်း မျက်မှောင်ကြုတ်သွားမိသည်။ သူတို့အနေဖြင့် ထိုနဂါး၏ ခုခံကာကွယ်မှုကို လုံးဝ ဖောက်ထွက်နိုင်ခြင်း မရှိပေ။
ဤမျှကြာအောင် တိုက်ခိုက်ခဲ့သော်လည်း အစစ်အမှန် အရိုးနဂါးတွင် မည်သည့်ဒဏ်ရာ အနာတရဖြစ်သည့် အရိပ်အယောင်မျှ မရှိချေ။ ဆန့်ကျင်ဘက်အနေဖြင့် ချင်းလုံမှာမူ တစ်ကိုယ်လုံး ဒဏ်ရာဗရပွဖြင့် ဖြစ်နေပြီး ကျားကျန့်နှင့် ဟူကျဲတို့ နှစ်ဦးစလုံးမှာလည်း မောပန်းနွမ်းနယ်သည့် အရိပ်အယောင်များ ပြသနေပြီ ဖြစ်သည်။
ရှောင်းယီသည် အစစ်အမှန် အရိုးနဂါး၏ ခန္ဓာကိုယ်ပေါ်တွင် အားနည်းချက်တစ်ခုခုကို ရှာဖွေနိုင်ရန် မျှော်လင့်ချက်ဖြင့် သေသေချာချာ စောင့်ကြည့်လေ့လာနေခဲ့သည်။
ရုတ်တရက်... အစစ်အမှန် အရိုးနဂါး၏ ဦးခေါင်းခွံထဲတွင် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော အစိမ်းရောင်ဖျော့ဖျော့ အလင်းတန်းတစ်ခုကို သူ မြင်လိုက်ရသည်။
[ဝိညာဉ်မီးလျှံ - မသေမျိုးမျိုးနွယ်စုများ အသက်ရှင်ရန် အမှီပြုရသည့် အနှစ်သာရ ဖြစ်သည်။ တကယ်၍ ဝိညာဉ်မီးလျှံ ငြိမ်းသတ်ခံလိုက်ရပါက မသေမျိုးများ သေဆုံးရမည်။]
စနစ်၏ အသိပေးချက်က အချိန်ကိုက် ထွက်ပေါ်လာခဲ့သည်။ ရှောင်းယီ၏ မျက်လုံးများ ချက်ချင်း တောက်ပသွား၏။ သူသည် ချင်းလုံ၏ ကျောပေါ်သို့ တက်လိုက်ပြီး စာချုပ်စွမ်းအားကို အသုံးပြုကာ ၎င်းအား လှမ်းပြောလိုက်သည်။
“ငါ့ကို မင်းရဲ့ ခေါင်းနောက်မှာ ပုန်းခွင့်ပေးထား။ ငါ အဲ့ဒီ အစစ်အမှန် အရိုးနဂါးရဲ့ ဦးခေါင်းခွံနားကို ကပ်နိုင်မယ့် အခွင့်အရေးတစ်ခု ရှာရမယ်။”
“ဟုတ်ကဲ့။”
ချင်းလုံ ပြန်လည်တုံ့ပြန်လိုက်ပြီး ရှေ့သို့ တစ်ဖန် ခုန်အုပ်လိုက်ပြန်သည်။
အရိုးနဂါး၏ ထက်မြက်လှသော လက်သည်းများသည် ချင်းလုံ၏ ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများကို တစ်ဖန် ဆုတ်ဖြဲလိုက်ပြန်သဖြင့် သွေးများ ချက်ချင်း စီးကျလာခဲ့သည်။
သို့သော်လည်း ချင်းလုံသည် အရိုးနဂါး၏ အရိုးများကို လှမ်းဆွဲပြီး ၎င်း၏ခန္ဓာကိုယ်နှင့် တိုက်ရိုက် ရစ်ပတ်ချုပ်နှောင်လိုက်တော့သည်။
“ချင်းလုံ... မလုပ်နဲ့။”
ကျားကျန့်က ချက်ချင်း အော်ဟစ်လိုက်၏။
တကယ်၍ ချင်းလုံနှင့် အရိုးနဂါးတို့ တစ်ဦးနှင့်တစ်ဦး ရစ်ပတ်ချုပ်နှောင်မိသွားပါက သူနှင့် ဟူကျဲတို့အတွက် တိုက်ခိုက်ရန် နည်းလမ်းမရှိတော့ပေ။ ထိုနှစ်ကောင် ရောထွေးနေစဉ်အတွင်း မတော်တဆ လွဲချော်သွားပါက ချင်းလုံအား အလွယ်တကူ ထိမှန်သွားနိုင်ပေသည်။
ဟူကျဲသည် ချင်းလုံကို ကယ်တင်ရန် ရှေ့သို့ ပြေးဝင်တော့မည့်ဆဲဆဲတွင်ရှိနေသည့် ကျားကျန့်ကို ဆွဲထိန်းထားလိုက်၏။
“ကျွန်းပိုင်ရှင်က ချင်းလုံရဲ့ ကျောပေါ်မှာ ရှိနေတယ်။ သူမှာ သေချာပေါက် အစီအစဉ်တစ်ခုတော့ ရှိမှာပဲ။ ကျုပ်တို့ အခြေအနေကို ကြည့်ပြီး လှုပ်ရှားကြရအောင်။”
ရှောင်းယီသည် ချင်းလုံ၏ခေါင်းနောက်တွင် ပုန်းကွယ်နေသဖြင့် ကျားကျန့်၏ အမြင်မှဆိုလျှင် လုံးဝ မမြင်ရပေ။
ဟူကျဲ၏ စကားကို ကြားလိုက်ရပြီးနောက် ကျားကျန့်သည် ဤတစ်ကြိမ်တွင် သေချာစွာ ကြည့်လိုက်၏။ ထိုအခါမှ ရှောင်းယီတစ်ယောက် ချင်းလုံ၏ ကျောပေါ်တွင် အမှန်တကယ် ရှိနေသည်ကို မြင်လိုက်ရတော့သည်။
“ဒါက အရမ်းအန္တရာယ်များလွန်းတယ်။”
ကျားကျန့်က မျက်မှောင်ကြုတ်လိုက်၏။
“လာခဲ့... ငါတို့ အနားကို ပိုးတိုးသွားရမယ်။”
ကျားကျန့်နှင့် ဟူကျဲတို့သည် ချက်ချင်းပင် အနားသို့ တိုးကပ်သွားလိုက်ကြလေသည်။ သို့သော်လည်း ချင်းလုံနှင့် အရိုးနဂါးတို့မှာ လုံးဝ ရစ်ပတ်ချုပ်နှောင်မိနေပြီ ဖြစ်သည်။
“ဟားဟားဟား... မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်က ငါ့ကို ဘယ်လိုမှ မယှဉ်နိုင်ဘူး။ ငါနဲ့ အနီးကပ် တိုက်ပွဲဝင်ဖို့ ကြိုးစားတာက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာပဲ။”
အရိုးနဂါးဆီမှ စိတ်ဝိဉာည် လှိုင်းကူးပြောင်းမှုတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဒါဆိုလည်း တကယ် ဟုတ်မဟုတ် ကြည့်ကြသေးတာပေါ့။”
ချင်းလုံက ပြန်လည်တုံ့ပြန်လိုက်သည်။
ထိုအခိုက်အတန့်တွင် ရှောင်းယီသည် ချင်းလုံ၏ ခေါင်းနောက်မှ ရုတ်တရက် ခုန်ထွက်လိုက်ပြီး အရိုးနဂါး၏ ဦးခေါင်းခွံပေါ်သို့ လွှားခနဲ ခုန်တက်လိုက်တော့သည်။
အရိုးနဂါးသည် ရှောင်းယီ၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်သွား၏။ ၎င်းသည် ရှောင်းယီကို ခါချပစ်ရန်အတွက် ၎င်း၏ဦးခေါင်းကို ရူးသွပ်စွာ ခါယမ်းပြီး ခန္ဓာကိုယ်ကို တွန့်လိမ်ပစ်လိုက်သည်။
သို့သော်လည်း ချင်းလုံက ၎င်းကို တင်းကျပ်စွာ ဖက်တွယ်ထားခဲ့လေသည်။ အရိုးနဂါးက ၎င်း၏ခန္ဓာကိုယ်ပေါ်သို့ ဒဏ်ရာ မည်မျှပင် ပေးစေကာမူ ချင်းလုံက လက်လွှတ်ရန် အစီအစဉ် လုံးဝမရှိပေ။
ရှောင်းယီသည်လည်း အရိုစနဂါး၏ လုံးဝ ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်နေသော နဂါးချိုတစ်ခုကို အသက်လု၍ တင်းကျပ်စွာ ဆွဲကိုင်ထားလိုက်သည်။
သူသည် သူ၏ အခြားလက်တစ်ဖက်ဖြင့်မူ ရွှမ်းယွမ်ဓားကို မြှောက်ကာ၊း ဓားသွားကို အောက်သို့စိုက်ပြီး ဦးခေါင်းခွံရှိ အက်ကြောင်းတစ်ခုထဲသို့ ထိုးစိုက်ချလိုက်သည်။
“ချလွင်...”
အရိုးနဂါးသည် ၎င်း၏ဦးခေါင်းကို ပြင်းထန်စွာ ဆတ်ခနဲ ခါယမ်းလိုက်၏။ ထိုစဉ် ရှောင်းယီ၏ ဓားချက်မှာ ပစ်မှတ်ကိုနှင့် လွဲချော်သွားခဲ့သည်။
“နောက်တစ်ကြိမ်....”
ရှောင်းယီသည် တုန်ခါမှုကြောင့် အနည်းငယ် ထုံကျင်သွားသော သူ၏လက်ကို ခါယမ်းလိုက်ပြီး ရွှမ်းယွမ်ဓားကို ထပ်မံကိုင်မြှောက်ကာ အချိန်ကိုက် အခွင့်အရေးကို စောင့်ဆိုင်းပြီး အောက်သို့ နောက်တစ်ကြိမ် ထိုးစိုက်ချလိုက်ပြန်သည်။