အခန်း ၁၂၁၃
Vol. 105 Ch. 1213
အခန်း ၁၂၁၃
မကြာမီမှာပင် မသေမျိုးမျိုးနွယ်၏ တပ်ဖွဲ့များ အလောတကြီး ရောက်ရှိလာကြပြီး မူလက အရည်ကဲ့သို့ ထူထပ်ပိတ်မှောင်နေခဲ့သော ဤနေရာမှ အမည်းရောင်မြူခိုးများသည် ယခုအခါတွင်မူ ထူးထူးခြားခြား ပါးလွှာသွားခဲ့ပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသဖြင့် သူတို့အားလုံး အံ့အားသင့်သွားကြတော့သည်။
“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ဒီနေရာက မသေမျိုးမြူခိုးတွေက ဘာလို့ ဒီလောက်တောင် ပါးသွားရတာလဲ။”
“ဟုတ်တယ်။ ဒီလိုအခြေအနေမျိုးနဲ့ဆိုရင် ငါတို့တပ်တွေ သူတို့ကို ဘယ်လိုမှ ရင်ဆိုင်နိုင်မှာ မဟုတ်တော့ဘူး။”
“ဒါဆို ငါတို့ ဘာဆက်လုပ်ကြမလဲ။ ပတ်ပတ်လည် အတားအဆီးတွေကို ဖောက်ထွက်ဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူး။”
“မသေမျိုးမြူခိုးတွေထဲကို အရင်ပြန်ဆုတ်ပြီးမှ တခြားနည်းလမ်းကို ပြန်စဉ်းစားကြရအောင်။”
အဆင့်နိမ့် ဝတ်ရုံနက် ဗိုလ်မှူးအချို့သည် သူတို့အချင်းချင်း တိုင်ပင်ဆွေးနွေးလိုက်ကြပြီးနောက် မသေမျိုးမြူခိုးများထဲသို့ ပြန်လည်ဝင်ရောက်ပုန်းကွယ်သွားကြသည်။
အပြင်ဘက် ပတ်လည်မြို့ရိုးများပေါ်တွင် နေရာယူထားကြသော အခြား အသက်ရှင်ကျန်ရစ်သူများမှာမူ မသေမျိုးမျိုးနွယ်များအားလုံး နီးပါး ဆုတ်ခွာသွားကြသည်ကို ရုတ်တရက် သတိပြုမိလိုက်ကြသည်။
“သူဌေးက ဟင်းလင်းပြင်အက်ကွဲကြောင်းကို ရှင်းပစ်လိုက်ပြီလားမသိဘူး။”
“မပြီးလောက်သေးပါဘူး။ အဲ့ဒီမသေမျိုးတပ်တွေက ဟိုဘက်ကို စစ်ကူပေးဖို့ ပြန်လှည့်သွားတာ ဖြစ်ရမယ်။”
“ဒါဆို ငါတို့လည်း သူတို့ကို ကူညီဖို့ နောက်ကနေ လိုက်တိုက်ရမလား။”
“နောက်က လိုက်တိုက်မယ်ဟုတ်လား။ အဲ့ဒီလို လိုက်သွားရင် ငါတို့တွေ သူတို့အတွက် အစားအစာ သွားကျွေးသလိုပဲ ဖြစ်သွားလိမ့်မယ်။ ဒီမသေမျိုးတွေက အမည်းရောင်မြူတွေထဲမှာ ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ မင်းလည်း သိတာပဲ။”
“ဒါဆို ဘယ်လိုလုပ်မလဲ။ သူတို့ကို စစ်ကူပေးဖို့ ဒီအတိုင်းပဲ ပြန်လွှတ်ထားလိုက်ရမှာလား။”
“သူဌေးက ငါတို့ကို စစ်ကူတောင်းမလာဘူးဆိုကတည်းက သူ လက်ရှိအခြေအနေကို သူ့ဘာသာသူ ကိုင်တွယ်နိုင်လို့ပဲ ဖြစ်လိမ့်မယ်။ ငါတို့ ဒီအတိုင်းပဲ စောင့်ကြည့်ကြရအောင်။”
လူတိုင်းက သဘောတူညီဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။
ယခုအခါ ည ၉ နာရီခွဲ ရှိနေပြီဖြစ်ကာ စစ်မျက်နှာပြင် အားလုံးတွင် တိုက်ပွဲများ လုံးဝ ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။
“ကျွန်းပိုင်ရှင်... အဲ့ဒီမသေမျိုးတွေ မသေမျိုးမြူခိုးတွေထဲကို ပြန်ပုန်းသွားကြပြီ။ လေထုသန့်စင်တဲ့ ဧရိယာ ပိုမိုကျယ်ပြန့်လာတာနဲ့အမျှ သူတို့ကို ငါတို့ စောစောစီးစီး အပြတ်ရှင်းပစ်နိုင်မှာပါ။”
ကျန်းယွင်ထျန်းက လျှောက်လာပြီး အစီရင်ခံလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“လူတိုင်းကို ကောင်းကောင်းအနားယူခိုင်းလိုက်ပါ။ မသေမျိုးတွေ နောက်တစ်ကြိမ် လွယ်လွယ်နဲ့ ထပ်ပြီး တိုက်ခိုက်ရဲတော့မှာ မဟုတ်ဘူး။”
ကျန်းယွင်ထျန်းက အနည်းငယ်ခေါင်းညိတ်ပြပြီးနောက် မလှမ်းမကမ်းရှိ ဟင်းလင်းပြင်အက်ကွဲကြောင်းကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။
“ဒါကို ဖြေရှင်းဖို့ နည်းလမ်းရှိပြီလား။”
ရှောင်းယီက မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ခေါင်းကိုသာ ခါယမ်းပြလိုက်ပြီး ဘာမှမပြောခဲ့ပေ။
ကျန်းယွင်ထျန်းသည်လည်း သူ၏အဓိပ္ပာယ်ကို သဘာဝအတိုင်း နားလည်သွားခဲ့သည်။
“ငါတို့ရဲ့ လက်ရှိအခြေအနေအရဆိုရင် မသေမျိုးတွေကို အောင်အောင်မြင်မြင် နှိမ်နင်းနိုင်ခဲ့ပြီလို့ ပြောလို့ရပါတယ်။”
ရှောင်းယီသည် အနည်းငယ် အံ့အားသင့်သွားခဲ့ပြီးမှ ခေါင်းညိတ်လိုက်၏။
သူတို့သည် ယခုအခါတွင် မသေမျိုးမျိုးနွယ်များကို လုံးဝ ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော် ဟင်းလင်းပြင်အက်ကွဲကြောင်း ပြဿနာကိုမူ မဖြေရှင်းနိုင်သေးပေ။
“ဘာပဲဖြစ်ဖြစ် ငါတို့ အစွမ်းကုန် ကြိုးစားခဲ့ပြီးပြီပဲ။ အဲ့ဒီလက်မည်းကြီးက ဒီမစ်ရှင် အောင်မြင်မှုကို ဘယ်လို သတ်မှတ်မလဲဆိုတာပဲ စောင့်ကြည့်ရတော့မယ်။”
ရှောင်းယီက ကူကယ်ရာမဲ့စွာဖြင့် ပုခုံးတွန့်ပြရင်း ပြောလိုက်သည်။
“အမှန်ပဲ။ တကယ်လို့ လက်မည်းကြီးက မတရားလုပ်ရင်လည်း ငါတို့ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။”
ကျန်းယွင်ထျန်းက ခါးသီးစွာ ပြုံးလိုက်သည်။
အဆုံး၌ သူတို့သည် လောလောဆယ် စဉ်းတီတုံးပေါ်က ငါးတစ်ကောင်လို ဖြစ်နေပြီး တစ်ဖက်လူက သူတို့ကို ဘယ်လိုပဲ ကစားချင်ကစားချင် သူတို့ သဘောအတိုင်းသာ ဖြစ်ပေလိမ့်မည်။
သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် ဟင်းလင်းပြင်အက်ကွဲကြောင်းဆီမှ ရုတ်တရက် လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ဟင်းလင်းပြင်လှိုင်းဂယက်တွေ ပိုပြီး ပြင်းထန်လာနေတယ်။ တစ်ခုခု ထွက်လာတော့မယ် ထင်တယ်။”
သုတေသနစက်ရုပ်တစ်ရုပ်က ရုတ်တရက် လှမ်းပြောလာခဲ့သည်။
ရှောင်းယီနှင့် အခြားသူများ ချက်ချင်းပင် တင်းမာသွားကြ၏။ အကယ်၍ နောက်ထပ် အစစ်အမှန် အရိုးနဂါးတစ်ကောင် ထပ်လာမည်ဆိုပါက အခုအချိန်၌ သူတို့အတွက် ကိုင်တွယ်ရ အလွန်ခက်ခဲသွားပေလိမ့်မည်။
“အားလုံးပဲ... တိုက်ပွဲအတွက် ပြင်ဆင်ကြ။”
ရှောင်းယီက တည်ကြည်လေးနက်သောအသံဖြင့် အော်ဟစ်လိုက်သည်။
မျိုးနွယ်ခြားများအပါအဝင် လူတိုင်းသည် လက်နက်များကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း ဟင်းလင်းပြင်အက်ကွဲကြောင်းဆီသို့ တင်းမာစွာဖြင့် ချက်ချင်း စောင့်ကြည့်လိုက်ကြသည်။
ကျားကျန့်တို့ ဧရာမဘီလူးကြီးများသည်မူ သူတို့၏ သတ္တုတုတ်ကြီးများကို မြှောက်ကာ ဟင်းလင်းပြင်အက်ကွဲကြောင်းအနီးသို့ ချဉ်းကပ်သွားကြပြီ ဖြစ်သည်။ အကယ်၍ ဟင်းလင်းပြင်အက်ကွဲကြောင်းထဲမှ တစ်ခုခု ထွက်လာမည်ဆိုပါက ထိုတုတ်ကြီးများနှင့် သေအောင် ရိုက်သတ်ခံရမည်မှာ သေချာသည်။
ဟင်းလင်းပြင်အက်ကွဲကြောင်း၏ လှိုင်းဂယက်များသည် ပို၍ပို၍ ပြင်းထန်လာပြီးနောက် ဝတ်ရုံနက်ဝတ်ဆင်ထားသော လူတစ်ယောက်က ခေါင်းပြူထွက်လာခဲ့သည်။
ထိုလူသည် ပထမဆုံးအနေဖြင့် မိမိထံသို့ ချိန်ရွယ်ထားသော သေနတ်များနှင့် အမြောက်မြား၏ မရေမတွက်နိုင်သော အနက်ရောင်ပြောင်းဝများကို မြင်တွေ့လိုက်ရ၏။ ထို့နောက်တွင်တော့ ဧရာမဘီလူးကြီးအများအပြားက ကြီးမားလှသော သတ္တုတုတ်ကြီးများကို ကိုင်ဆောင်ကာ ဘေးတစ်ဖက်တစ်ချက်စီတွင် ဝိုင်းရံထားကြသည်ကို တွေ့ရှိလိုက်ရသည်။
ထိုအရာများက သူ့ကို အံ့အားသင့်စေသော်လည်း သူ အထူးတလည် စိုးရိမ်ပူပန်ခြင်းမရှိပေ။
သို့သော် နောက်တစ်ခဏ၌ ထိုဝတ်ရုံနက်ဝတ်ဆင်ထားသူသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော အစစ်အမှန် အရိုးနဂါးကြီးကို မြင်လိုက်ရ၏။ ထိုအစစ်အမှန် အရိုးနဂါးကြီးထံတွင် မည်သည့် သေခြင်းတရားစွမ်းအင်၏ အရိပ်အယောင်မျှး မကျန်ရှိတော့ချေ။
၎င်းသည် သေချာပေါက် အသတ်ခံလိုက်ရခြင်း ဖြစ်ပေသည်။
ထိုအချက်ကို သဘောပေါက်သွားသည်နှင့် ဟင်းလင်းပြင်အက်ကွဲကြောင်းထဲမှ လုံးဝပင် ထွက်မလာရသေးသော ထိုဝတ်ရုံနက်ဝတ်ဆင်ထားသူသည် ချက်ချင်းပင် နောက်သို့ ပြန်လည်ဝင်ရောက် ပုန်းကွယ်သွားတော့သည်။
“ဟင်...ပြန်သွားပြီလားဟ။”
ရှောင်းယီ အနည်းငယ် အံ့အားသင့်သွား၏။
“ငါတို့ သူ့ကို ဒီလောက်အထိ နွေးနွေးထွေးထွေး ကြိုဆိုလိုက်တော့ သူ ခံနိုင်ရည်မရှိ ဖြစ်သွားတာဖြစ်လိမ့်မယ်။”
ကျန်းယွင်ထျန်းက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
ဟင်းလင်းပြင်အက်ကွဲကြောင်းအနီးတွင် စောင့်ကြပ်နေသော ဟူကျဲကလည်း ပြုံးလိုက်မိသည်။
“တကယ်လို့ သူသာ အပြင် တကယ်ထွက်ရဲရင် ငါတို့ သူ့ကို အရိုးမှုန့်ဖြစ်အောင် သေချာပေါက် ရိုက်ခြေပစ်မယ်။”
ဝတ်ရုံနက်ဝတ်ထားသူ၏ ရုပ်ခန္ဓာ ကြံ့ခိုင်မှုသည် အစစ်အမှန် အရိုးနဂါးကို ဘယ်လိုမှ ယှဉ်နိုင်မည် မဟုတ်ပေ။
“ငါတို့ သတိလက်လွတ် နေလို့မရဘူးထင်တယ်။ အဲ့ဒီ မဟာအကြီးအကဲ ကိုးဦး မရှိတော့ရင်တောင် ဒီမသေမျိုးတွေက ဟင်းလင်းပြင်အက်ကွဲကြောင်းကနေတစ်ဆင့် စစ်တပ်တွေကို ဆက်ပြီး စေလွှတ်နိုင်သေးတယ်။”
ရှောင်းယီက ပြောလိုက်သည်။ သူ့ဘေးနားရှိ လူများကလည်း တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။
“အစ်ကိုကျန်း... မင်းတို့ဘက်က ကင်းလှည့်ဆိုင်းတွေကို စီစဉ်လိုက်ပါ။ ငါလည်း ဒီနေ့ ဒီမှာပဲ နားပြီး စောင့်ကြပ်ပေးမယ်။”
ရှောင်းယီက ဆက်ပြောလိုက်သည်။
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်ပြီး ထွက်ခွာသွားတော့သည်။
မကြာမီမှာပင် ယီရန်ပင်း မဟာမိတ်အဖွဲ့မှ စစ်သားအမြောက်အမြား အစီအရင်ထဲမှ ထပ်မံထွက်လာခဲ့ကြသည်။
ရှောင်းယီသည် လေကြောင်းခံတပ်ဆီသို့ ပြန်လျှောက်လာခဲ့ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ထိုင်ကာ ဂရုထဲသို့ စာပို့လိုက်သည်။
“အားလုံးပဲ... ငါ့ဘက်မှာ ဟင်းလင်းပြင်အက်ကွဲကြောင်းကို ထိန်းချုပ်ထားပြီးပြီ။ အခု မင်းတို့တွေ ပြန်ဖို့ ရွေးချယ်နိုင်သလို မသေမျိုးတွေ အပြင်ကို လျှံထွက်မလာစေဖို့ ကာကွယ်ရေးမှာ ကူညီပေးဖို့အတွက် အပြင်ဘက်မြို့ရိုးတွေကို စောင့်ကြပ်ဖို့ စစ်တပ်တွေ စေလွှတ်ထားရင်လည်း ရပါတယ်။”
“သူဌေးကတော့ တကယ်မိုက်တာပဲ။ သူဌေး သေချာပေါက် မသေမျိုးတွေကို ကိုင်တွယ်နိုင်မယ်ဆိုတာ ငါသိသားပဲ။”
“အပြင်ဘက် ပတ်ပတ်လည်က မသေမျိုးတပ်တွေအကုန်လုံး အထဲကို ပြန်လှည့်သွားကြပြီ။ သူဌေး... ခင်ဗျားတို့ဘက်က တောင့်ခံနိုင်ရဲ့လား။”
“ဟုတ်တယ်။ ဒီလောက်အထိ အစွမ်းထက်တဲ့ မသေမျိုး တပ်ဖွဲ့အမျိုးအစားတွေ အများကြီးရှိနေတာ...ကျုပ်တို့ဘက်က စစ်ကူတွေ လွှတ်ပေးဖို့ လိုအပ်ဦးမလား။”
“အားလုံးရဲ့ စိတ်ပူပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ တကယ်လို့ ငါ့ဘက်က လိုအပ်ချက်ရှိလာခဲ့ရင် အားလုံးကို ကြိုတင်ပြီး သေချာပေါက် အသိပေးပါ့မယ်။”
ရှောင်းယီက ဂရုတွင် ဆက်ပြောလိုက်သည်။
“အခု မျိုးနွယ်ခြားတွေအားလုံးလည်း ဒီမှာ ရှိနေကြတာမို့ ကာကွယ်ရေးအင်အားက လုံလောက်နေပါပြီ။ တကယ်လို့ မင်းတို့ လာရောက်ကြည့်ရှုချင်တယ်ဆိုရင်တော့ ရပါတယ်။ ဒါပေမဲ့ လူအများကြီးတော့ ခေါ်မလာကြနဲ့။”
“ဟုတ်သားပဲ။ မျိုးနွယ်ခြားတွေပါ ရောက်နေမှတော့ ငါတို့ဘက်က စစ်ကူပေးဖို့ လုံးဝ မလိုတော့ဘူးပေါ့။ အဲ့ဒီ မျိုးနွယ်ခြာစတွေရဲ့ ခွန်အားကလည်စ အရမ်းကြီးလွန်းတယ်။”
“အမှန်ပဲ။ ဒါဆို ငါလည်း ဟင်းလင်းပြင်အက်ကွဲကြောင်းဆီ သွားပြီး လေ့လာရေးဆင်းဦးမယ်။ ငါ တစ်ခါမှ ဟင်းလင်းပြင်အက်ကွဲကြောင်းကို မမြင်ဖူးသေးဘူး။”
“တစ်ကမ္ဘာလုံးမှာလည်း မြင်ဖူးတဲ့သူ ရှိဦးမှာ မဟုတ်ပါဘူး။ ငါလည်း သွားကြည့်ဦးမယ်။”
လူအုပ်ကြီးသည် အချင်းချင်း ဆွေးနွေးငြင်းခုံကြပြီးနောက် အပြင်ဘက်ရှိ တည်နေရာကူးပြောင်းခြင်း အစီအရင်များမှတစ်ဆင့် ဟင်းလင်းပြင်အက်ကွဲကြောင်း ပတ်ဝန်းကျင်အနီးသို့ စတင်ကူးပြောင်းလာကြတော့သည်။
ထိုနေရာနှစ်ခုအကြား အကွာအဝေးမှာ ကီလိုမီတာ လေးဆယ်ခန့်သာ ရှိသော်လည်း ကြားထဲတွင် မသေမျိုးမြူခိုးများ ရှိနေဆဲဖြစ်ကာ မြူခိုးများထဲတွင်လည်း မသေမျိုးမျိုးနွယ်စုများစွာ ရှိနေသေးသဖြင့် သူတို့အနေဖြင့် အစီအရင်ကိုသာ အသုံးပြု၍ သွားလာနိုင်ကြသည်။
ဟင်းလင်းပြင်အက်ကွဲကြောင်းနေရာသို့ ရောက်ရှိလာကြသောအခါ လာရောက်လေ့လာကြသည့် အသက်ရှင်ကျန်ရစ်သူများအားလုံး အံ့အားသင့်မှင်တက်သွားတော့သည်။
“ဒီနေရာက မသေမျိုးမြူခိုးတွေက ဘာလို့ ဒီလောက်တောင် ပါးလွှာနေရတာလဲ။ အပြင်ဘက် ပတ်ပတ်လည်ကထက်တောင် ပိုပြီး ပါးလွှာနေသလိုပဲ။”
“အမှန်ပဲ။ မသေမျိုးမြူခိုးတွေ မရှိရင် မသေမျိုးတွေကို တိုက်ရတာ ပိုပြီး လွယ်ကူသွားမှာပဲ။ သူဌေးက စစ်ကူမလိုဘူးလို့ ပြောတာ မဆန်းတော့ဘူး။”
“ဟိုမှာ အမြန်ကြည့်လိုက်စမ်း။ အဲ့ဒီစက်ကြီးက မြူခိုးတွေကို ဝါးမြိုနေသလိုပဲ။”
လူတိုင်း၏ အာရုံသည် လေထုသန့်စင်မှု မျှခြေထိန်းညှိစက်ထံသို့ ချက်ချင်း ရောက်ရှိသွားကြ၏။
လေထုသန့်စင်မှု မျှခြေထိန်းညှိစက်သည် မသေမျိုးမြူခိုးများကို စုပ်ယူပြီးနောက် ပုံမှန်လေထုကို ပြန်လည်ထုတ်လွှတ်ပေးခြင်းဖြစ်ရာ ၎င်းကို သာမန်မျက်စိဖြင့် မမြင်တွေ့နိုင်ချေ။
ထို့ကြောင့် သူတို့၏အမြင်တွင် ထိုစက်ကြီးက မြူခိုးများကို ဝါးမြိုနေသည်ဟုသာ ခံစားမိကြခြင်း ဖြစ်သည်။
“သူဌေးက မသေမျိုးမြူခိုးတွေကို ကိုင်တွယ်နိုင်တယ်လို့ ပြောတာ ဒီစက်ကြောင့်ပဲ ဖြစ်ရမယ်။”
“သေချာပေါက်ပဲ။ ဒီစက်သာရှိရင် မသေမျိုးတွေဘက်က မြူခိုးတွေကို အဆက်မပြတ် ထပ်ပြီး ပို့မလာသရွေ့တော့ ဒီနေရာက မသေမျိုးမြူခိုးတွေက အနှေးနဲ့အမြန် ဒီစက်ရဲ့ ဝါးမြိုခြင်းကို ခံလိုက်ရမှာပဲ။”
“သူဌေးဆီမှာ တကယ့်ကို ပစ္စည်းကောင်းတွေ အများကြီး ရှိတာပဲ။”
ဤအချိန်တွင် ရှောင်းယီသည် ခေါင်းဆောင်ကို ချေမှုန်းသည့် စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ကြသော စစ်အဖွဲ့၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။