အခန်း ၁၂၁၄
Vol. 105 Ch. 1214
အခန်း ၁၂၁၄
“အားလုံးပဲ... ဒီခေါင်းဆောင် သုတ်သတ်တဲ့ စစ်ဆင်ရေးမှာ ပါဝင်ပေးခဲ့ကြတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။ ငါတို့ ဒီမစ်ရှင်ကို အောင်အောင်မြင်မြင် ပြီးမြောက်နိုင်ခဲ့တာက အားလုံးရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပါပဲ။”
ရှောင်းယီက သူတို့ကို ကြည့်ကာ ပြောလိုက်သည်။
“သူဌေးက အားနာစရာတွေ ပြောနေပြန်ပါပြီ။ ကျုပ်တို့က သာမန်မသေမျိုးတွေကိုပဲ တားဆီးပေးခဲ့တာပါ။”
“ဟုတ်တယ်။ အကြီးမားဆုံး အကျိုးဆောင်မှုက သူဌေးဆီမှာပဲ ရှိတာပါ။”
“သူဌေး ပေးထားတဲ့ ကာကွယ်ရေးပစ္စည်းတွေသာ မရှိရင် ကျုပ်လည်း အစောကြီးကတည်းက တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး။”
ရှောင်းယီက သူ့လက်ကို ဝှေ့ယမ်းလိုက်၏။
“ငါတို့ ၂၃ ယောက်ထဲမှာ တစ်ယောက်ချင်းစီတိုင်းက မရှိမဖြစ် အရေးပါခဲ့ကြတာပါ။ မဟုတ်ရင် ဒီမစ်ရှင်ကို အောင်မြင်အောင် လုပ်နိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။”
ထိုအခိုက်အတန့်တွင် ကျိကျိယင်း က မတ်တပ်ရပ်လိုက်၏။
“ဒီမစ်ရှင်မှာ ငါ အားလုံးကို အောက်ကိုဆွဲချခဲ့မိတယ်။ ငါ ဒါကို ပြန်သုံးသပ်ပါ့မယ်။ ကိုယ့်ရဲ့ အစွမ်းအစကို သေချာမသိခဲ့တဲ့ ငါ့အပြစ်ပါ။”
ကျိကျိယင်းက ရှေ့တက်လာပြီး မိမိ၏ အမှားကို ဝန်ခံသည်ကို မြင်လိုက်ရသောအခါ ရှောင်းယီ၏ စိတ်ထဲ၌ သူ့အပေါ် ရှိနေခဲ့သော မကျေနပ်မှု အနည်းငယ်မှာ လွင့်ပြယ်သွားခဲ့သည်။
“မင်း တကယ် အကောင်းဆုံး လုပ်ခဲ့ပြီးပါပြီ။ မင်းရဲ့ စွမ်းအားနဲ့ဆိုရင် အဲ့ဒီ မဟာအကြီးအကဲကို ရင်ဆိုင်ဖို့ တကယ်ပဲ နည်းနည်း ခက်တယ်။ ပြိုင်ဘက်က ထွက်ခွာသွားတာနဲ့ သက်ပြင်းချပြီး နားလိုက်တာက အရမ်းသဘာဝကျတဲ့ တုံ့ပြန်မှုပါပဲ။”
ရှောင်းယီက ရှေ့တက်ပြီး သူ့ပုခုံးကို ပုတ်ကာ နှစ်သိမ့်ရန် ပြင်လိုက်သည်။
သို့သော် ကျိကျိယင်းက ချက်ချင်းပင် နောက်သို့ ရှောင်ထွက်လိုက်၏။ သူက ရှောင်ယီကို ကြည့်ပြီး ပြောလိုက်သည်။
“ဟမ့်... ငါက ဒီမစ်ရှင်မှာ ငါ့အမှားကို ဝန်ခံရုံပဲ။ ဒါပေမဲ့ မင်းက အတွေ့အကြုံရင့်တဲ့ စစ်ပြန်ကြီးတစ်ယောက်လို ငါ့ကို လာပြီး ဆရာလုပ်လို့ရမယ်လို့ မထင်နဲ့။”
ရှောင်းယီ မြှောက်ထားသော လက်မှာ လေထဲတွင် တန့်ပြီးခဲ့ရပြီး ကိုးရို့ကားယားဖြင့် ပြန်ချလိုက်ရသည်။ သူက အခြားသူများကို ကြည့်ကာ ပြောလိုက်သည်။
“မင်းတို့ ဝတ်ထားတဲ့ ကာကွယ်ရေးဝတ်စုံတွေကို အိမ်ပြန်ယူသွားလို့ ရပါတယ်။ တကယ်လို့ ပျက်စီးသွားတာမျိုး ရှိရင်လည်း အသစ်စက်စက် တစ်စုံနဲ့ လဲလှယ်ပြီး အိမ်ပြန်သယ်သွားလို့ ရတယ်။”
“ကျေးဇူးတင်ပါတယ် သူဌေး။”
“ကိုယ်ကျပ်ဝတ်စုံ ဝတ်ထားတဲ့သူတွေအတွက်တော့ ငှားရမ်းတဲ့သက်တမ်း ကုန်ဆုံးတာနဲ့ အဲ့ဒီဝတ်စုံက ငါ့ဆီ အလိုအလျောက် ပြန်ရောက်လာမှာပါ။ မင်းတို့လည်း ကာကွယ်ရေးဝတ်စုံ တစ်စုံစီ လာထုတ်လို့ ရတယ်။”
“ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်ရှောင်း။”
တိလင်းထျန်းရှား လက်ယှက်ကာ ပြောလိုက်သည်။
“ရပါတယ်။ ဒါက အားလုံး ရသင့်ရထိုက်တဲ့ အရာပဲ။”
ရှောင်းယီက လက်ဝှေ့ယမ်းပြလိုက်သည်။
“ဒီကိစ္စတွေက ပြီးဆုံးသွားပြီ ဖြစ်ပေမဲ့ အားလုံးကို သန်းခေါင်ယံအချိန်အထိ ဒီမှာပဲ ဆက်နေဖို့ ငါ အကြံပြုချင်တယ်။ လက်မည်းကြီးက ဒီမှာ ဘယ်သူကျန်ခဲ့လဲဆိုတာပေါ် မူတည်ပြီး ပံ့ပိုးကူညီမှု အတိုင်းအတာကို သတ်မှတ်ပေးနိုင်တဲ့ ဖြစ်နိုင်ခြေကို ချန်ထားလို့မရဘူး။”
“အင်း... သတိပေးတဲ့အတွက် ကျေးဇူးပါ သူဌေး။ ကျုပ်လည်း အဲ့ဒီလိုပဲ တွေးထားပါတယ်။”
“ကျုပ်ကိုတော့ ချန်ထားလိုက်ပါ။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ကျုပ်အလှည့် ရောက်လာမှာ မဟုတ်ပါဘူး။ ကျုပ် အရင်ပြန်နှင့်တော့မယ်။ တကယ်လို့ တစ်ခုခု ဖြစ်လာရင် ကျုပ်ကို လှမ်းပြောပါဦး သူဌေး။”
“ကျုပ်လည်း ဒီမှာ စောင့်မနေတော့ဘူး။ သူဌေးရဲ့ အပန်းဖြေစခန်းကိုပဲ တန်းသွားတော့မယ်။ ကျုပ် ကြိုတင်စီစဉ်ထားတာလည်း ကြာပြီ။ မသေမျိုးတွေကို နှိမ်နင်းပြီးတာနဲ့ သူဌေးရဲ့ အပန်းဖြေစခန်းမှာ ရက်အနည်းငယ်လောက် ကောင်းကောင်း ပျော်ပါးပစ်မယ်။ အခုကစပြီး သွားရမယ်။”
ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“အပန်းဖြေစခန်းမှာ ကုန်ကျသမျှ အားလုံးကို ငါးဆယ်ရာခိုင်နှုန်း လျှော့ပေးမယ်။”
“ဒါဆို ကျေးဇူးအများကြီးတင်ပါတယ် သူဌေး။”
ထိုသို့ပြောပြီးနောက် အသက်ရှင်ကျန်ရစ်သူအချို့သည် မြို့ပြန်ကျောက်များကို အသုံးပြု၍ ပြန်သွားကြတော့သည်။
ကျန်နေခဲ့ရန် ဆန္ဒရှိသူများအတွက်မူ ရှောင်းယီက တဲအချို့ကို သေချာစွာ စီစဉ်ပေးလိုက်၏။
ခေါင်းဆောင်သုတ်သင်ရေးအဖွဲ့၏ ကိစ္စရပ်များကို ကိုင်တွယ်ပြီးနောက် ရှောင်းယီသည် ဟင်းလင်းပြင်အက်ကွဲကြောင်းအနီးသို့ တစ်ဖန် ပြန်လည်ရောက်ရှိလာခဲ့ပြန်သည်။ စက်ရုပ်ငါးရုပ်က အဆက်မပြတ် စမ်းသပ်စစ်ဆေးနေဆဲဖြစ်သည်ကို မြင်လျှင် သူ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်မိလေသည်။
“ဒီဟင်းလင်းပြင်အက်ကွဲကြောင်းကို ဘယ်တော့မှ ပြုပြင်နိုင်မလဲ မသိဘူး။”
“စိတ်မပူပါနဲ့။ ငါတို့ အနှေးနဲ့အမြန် နည်းလမ်းရှာတွေ့မှာပါ။”
ကျန်းယွင်ထျန်းက ဘေးမှ ပြောလိုက်သည်။ ရှောင်းယီက အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။
ရုတ်တရက်... သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ဟင်းလင်းပြင်အက်ကွဒကြောင်းကို စိုက်ကြည့်လိုက်မိသည်။ ရင်တုန်ပန်းတုန် ဖြစ်ရသည့် ခံစားချက်တစ်ခုက သူ့တစ်ကိုယ်လုံးသို့ ချက်ချင်း ပျံ့နှံ့သွား၏။
စေးပျစ်မှောင်မိုက်သော အမည်းရောင်အလင်းတန်းတစ်ခုသည် ဟင်းလင်းပြင်အက်ကွဲကြောင်းထဲမှ ရုတ်တရက် ပျံသန်းထွက်လာပြီး ရှောင်းယီထံသို့ တည့်တည့်မတ်မတ် ဦးတည်လာခဲ့သည်။
ထိုစဉ် ကျားကျန့်က အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူ၏လက်ထဲမှ သတ္တုတုတ်ကြီးဖြင့် ရှောင်းယီ၏ ရှေ့တွင် ချက်ချင်း ကာကွယ်ပေးလိုက်၏။
သို့သော် မူလက အလွန်တရာ မာကျောလှသော သတ္တုတုတ်ကြီးမှာ ထိုအမည်းရောင်အလင်းတန်းအောက်၌ တို့ဖူးကဲ့သို့ ဖြစ်သွားပြီး အလွယ်တကူ ထိုးဖောက်ခံလိုက်ရတော့သည်။
အမည်းရောင်အလင်းတန်းသည် အရှိန်အဟုန် လုံးဝလျော့ကျမသွားဘဲ ရှောင်းယီထံသို့ ဆက်လက်၍ ပြေးဝင်လာနေဆဲပင်။
“ကျွန်းပိုင်ရှင်....”
ထိုအလင်းတန်းသည် ရှောင်းယီထံသို့ မရောက်ရှိမီ စက္ကန့်ပိုင်းအလိုတွင် လူတိုင်း ထိုစကားလုံးနှစ်လုံးကိုသာ အော်ဟစ်လိုက်နိုင်ကြတော့သည်။
ရှောင်းယီသည်လည်း သွေးပျက်မတတ် ထိတ်လန့်သွားခဲ့ရ၏။ ထိုအလင်းတန်းသာ သူ့ကို ထိမှန်သွားပါက သေချာပေါက် ချက်ချင်းပွဲချင်းပြီး သေဆုံးသွားမည်ဖြစ်ကြောင်း သူ ခံစားမိနေသည်။ သူ ဝတ်ဆင်ထားသော SSS အဆင့် ကိုယ်ကျပ်ဝတ်စုံကြီး ရှိနေလျှင်ပင် ချက်ချင်းအသတ်ခံရမည့် ရလဒ်ကို မည်သို့မျှ ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ပေ။
ကျန်းယွင်ထျန်းသည် ထိုအမည်းရောင်အလင်းတန်းကို မိမိကိုယ်တိုင် ဝင်ရောက်ခံယူမည်ဟူသော စိတ်ဖြင့် ရှောင်းယီကို ဘေးသို့ တွန်းထုတ်ရန် ၎င်းထံသို့ အရှိန်အဟုန်ဖြင့် ခုန်အုပ်လိုက်ပြီ ဖြစ်သည်။
သို့သော်ငြားလည်း အရာအားလုံးက နောက်ကျလွန်းသွားခဲ့ချေပြီ။
ဤကဲ့သို့ အရေးကြီး အခိုက်အတန့်တွင် သန့်စင်သော အဖြူရောင်အလင်းတန်းတစ်ခုသည် မည်သည့်နေရာမှမှန်းမသိ ပျံသန်းထွက်ပေါ်လာပြီး အမည်းရောင်အလင်းတန်းနှင့် ထိပ်တိုက် တိုက်မိသွားကာ နှစ်ခုစလုံးမှာ လေထုထဲ၌ပင် တစ်စစီ ပျောက်ကွယ်သွားခဲ့တော့သည်။
“ဟမ့်... မင်းတို့တွေ ငါတို့ကမ္ဘာကို တိတ်တဆိတ် ကျူးကျော်ဝင်ရောက်နေတာကို ငါမသိဘူးလို့ တကယ်ပဲ ထင်နေတာလား။”
ရုတ်တရက် အသံတစ်သံ ရုတ်တရက် ဟိန်းထွက်လာ၏။
ထိုအသံကို ကြားလိုက်ရသောအခါ လူတိုင်း၏ စိတ်ထဲ၌ ကိုးကွယ်ဆည်းကပ်လိုစိတ်နှင့် ဒူးထောက်အညံခံလိုသော စိတ်ဆန္ဒတစ်ခုကို မအောင့်အီးနိုင်ဘဲ ခံစားလိုက်ကြရသည်။
ဤအချိန်တွင် ရှောင်းယီမှာ ကျန်းယွင်ထျန်း၏ တွန်းထုတ်မှုကြောင့် ဘေးဘက်သို့ ယိမ်းထိုးသွားပြီး လဲကျလုနီးပါး ဖြစ်သွားခဲ့ရသည်။ ထိုအသံကို ကြားလိုက်ရသောအခါ သူသည် စောစောက ပြင်းထန်သော တိုက်ခိုက်မှုနှစ်ခုကြောင့် အံ့အားသင့်နေရန်ပင် အချိန်မရတော့ပေ။
“ဟမ့်...။”
နောက်ထပ် အသံတစ်ခုက အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ ထိုအေးစက်လှသော နှာခေါင်းရှုံ့သံကြောင့် လူတိုင်းမှာ ငရဲပြည် တစ်ဆယ့်ရှစ်ထပ်တွင် ပိတ်လှောင်ခံထားရသကဲ့သို့ တစ်ကိုယ်လုံး တုန်ရီသွားကြရသည်။
သို့သော် ထိုခံစားချက်မှာ မကြာမီမှာပင် ပြန်လည်ပျောက်ကွယ်သွားခဲ့ပြီး ထိုအသံသည်လည်း ထပ်မံထွက်ပေါ်မလာတော့ပေ။
“ခင်ဗျားက ဘယ်သူလဲ။”
ရှောင်းယီသည် အတော်ကြာအောင် စောင့်ဆိုင်းခဲ့သော်လည်း မည်သည့်အသံမျှ ထပ်မံထွက်ပေါ်မလာသည်ကို မြင်သောအခါ သတ္တိမွေး၍ အသံကျယ်ကျယ်ဖြင့် လှမ်းမေးလိုက်သည်။
“ဟင်...မင်းလို ကလေးတစ်ယောက်ရဲ့ ကိုယ်ပေါ်မှာ သူ့ရဲ့ အငွေ့အသက်တွေ ရှိနေပါလား။”
ပထမဆုံး ထွက်ပေါ်ခဲ့သော အသံက ထပ်မံမြည်ဟီးလာပြန်သည်။
“မင်း ဒီလောက်အထိ လျင်လျင်မြန်မြန် ဖွံ့ဖြိုးတိုးတက်လာတာ မဆန်းတော့ပါဘူး။ မင်းရဲ့ ပင်ကိုယ်ပါရမီ အစွမ်းအစတွေကို အလဟဿ မဖြုန်းတီးပစ်ဖို့ ငါ မျှော်လင့်တယ်။”
ထိုပုဂ္ဂိုလ်သည် သူ့ဘာသာ ရေရွတ်နေခြင်းဖြစ်ကြောင်း ရှောင်းယီ သဘောပေါက်လိုက်ပြီး သူက စကားထပ်ပြောလိုက်သည်။
“ခင်ဗျားက အမှန်တကယ်ပဲ ဘယ်သူလဲ။”
“မင်းကို ငါ ဘယ်သူလဲဆိုတာ ပြောပြဖို့ အချိန်မတန်သေးဘူး။ ငါတို့တွေ ဆုံတွေ့ကြတဲ့အခါကျရင် ငါ မင်းကို ပြောပြမယ်။”
ထိုအသံက ဆိုသည်။
ထိုသို့ပြောပြီးနောက် တစ်ကမ္ဘာလုံး ဆိတ်ငြိမ်သွားခဲ့ပြီး လူတိုင်းသည်လည်း နောက်ဆုံးတွင် အသိစိတ် ပြန်လည်ဝင်ရောက်လာခဲ့ကြသည်။
“သေစမ်း... စောစောက ငါ ဘာကို မြင်လိုက်ရတာလဲ။ ဧရာမဘီလူးမျိုးနွယ်စုရဲ့ လက်ထဲက သတ္တုတုတ်ကြီးကို အလွယ်တကူ ထိုးဖောက်သွားနိုင်တာက ဘယ်လိုတိုက်ခိုက်မှုမျိုးလဲ။”
“အဲ့ဒါ လေဆာပဲ ဖြစ်ရမယ် ဟုတ်တယ်မလား။”
“လေဆာဆိုရင် အဖြူရောင်ဖြစ်ရမှာလေ။ ဒါကြောင့် နောက်မှ ပေါ်လာတဲ့အရာက လေဆာဖြစ်သင့်တယ်။ ဒါပေမဲ့ အဲ့ဒီ အမည်းရောင်အလင်းတန်းကြီးက ဘာကြီးလဲ။”
“ပြီးတော့ စောစောက စကားပြောသွားတဲ့သူက ဘယ်သူလဲ။ သူ စကားပြောတာကို ကြားရုံတင်နဲ့ ငါ ဘာလို့ ဒူးထောက်ချင်စိတ် ပေါက်သွားရတာလဲ။”
“အဲ့ဒါ မင်း အကြောက်လွန်ကြီး ခြေထောက်တွေ ပျော့ခွေသွားလို့နေမှာပါ။”
“လစ်လိုက်စမ်း။ ငါက ရှားနိုင်ငံရဲ့ မတ်တတ်ရပ်နိုင်တဲ့ ယောက်ျားကောင်းတစ်ယောက်ပဲ။ အသံတစ်သံတည်းနဲ့ ပျော့ခွေသွားစရာလားကွ။”
“စောစောက လူက သူဌေးကို စကား လှမ်းပြောသွားသလိုပဲ။ မင်းတို့ကော သေချာ ကြားလိုက်လား။”
“ငါ အဲ့ဒီအချိန်တုန်းကတော့ သေသေချာချာ ကြားလိုက်ရတယ်။ ဒါပေမဲ့ အခုကျတော့ ဘာတစ်ခုမှ မမှတ်မိတော့ဘူး။”
“မင်းက ငါးတစ်ကောင်လား။ မှတ်ဉာဏ်က ခုနစ်စက္ကန့်ပဲ ရှိတာလားဟ။”
“ဒါဆို မင်းကော မှတ်မိလို့လား။”
“ငါ... ငါလည်း မေ့သွားပြီ ထင်တယ်။”
“မင်းလည်း ငါးပဲမဟုတ်ဘူးလား။”
“ခဏလောက် ဖြတ်ပြောပါရစေ။ ငါတို့ ငါးတွေရဲ့ ဂုဏ်သိက္ခာကိုတော့ ပြန်ဆယ်ပေးဖို့ လိုမယ်ထင်တယ်။ သိပ္ပံနည်းကျ သုတေသနပြုချက်တွေအရ ငါးတွေရဲ့ မှတ်ဉာဏ်က သေချာပေါက် ခုနစ်စက္ကန့်တည်း မဟုတ်ပါဘူး။”
“သောက်ကျိုးနည်း... အဲ့ဒါက အရေးကြီးလို့လား။ အခု ငါတို့ ပြန်စဉ်းစားရမှာက အဲ့ဒီအသံနဲ့ သူဌေးတို့အကြား ပြောခဲ့တဲ့ စကားဝိုင်းကိုကွ။”
“လူတိုင်း မေ့သွားကြတာတော့ မဟုတ်လောက်ပါဘူးနော်။”
“တကယ်ကြီးဟ...။ ငါတို့ရဲ့ မှတ်ဉာဏ်တွေ ပြောင်းလဲပြင်ဆင်ခံလိုက်ရတာများလား။”
“ဒါက ဘယ်လိုမျိုး တန်ခိုးစွမ်းအားကြီးလဲ။”
“တော်ကြပါတော့။ ငါ ကြောက်လာပြီ။”
ရှောင်ယီသည်လည်း ဤအချိန်တွင် ထိတ်လန့်တုန်လှုပ်ခြင်း၊ ဝေခွဲမရခြင်းတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
သူသည် ထိုအသံနှင့် မိမိအကြား ပြောဆိုခဲ့သော စကားများကို မေ့လျော့သွားခြင်း မရှိပေ။ သို့သော် သူ၏ စိတ်နှလုံးထဲတွင် သံသယများစွာ တိမ်တိုက်ပမာ လွင့်မျောနေခဲ့သည်။
စောစောက တိုက်ခိုက်မှုက အမှန်တကယ် ဘာကြီးလဲ။ အဲ့ဒါက တကယ်ပဲ လေဆာတစ်ခုလား။
အဲ့ဒါကို လူတစ်ယောက်က ထုတ်လွှတ်လိုက်တာလား။ ဒါမှမဟုတ် စက်တစ်လုံးက ထုတ်လွှတ်လိုက်တာလား။
ပြီးတော့... အဲ့ဒီအသံက ပြောသွားတဲ့ ‘သူ့ရဲ့ အငွေ့အသက်’ ဆိုတာကရော...။ အဲ့ဒီ ‘သူ’ ဆိုတာက ဘယ်သူ့ကို ပြောတာလဲ။