အခန်း ၁၂၁၆
Vol. 105 Ch. 1216
အခန်း ၁၂၁၆
“သူဌေးက ဒီတစ်ခေါက် လက်မည်းကြီးကို ဆွံ့အသွားအောင် လုပ်လိုက်တာလားမသိဘူး။”
“ကြည့်ရတာတော့ ဟုတ်မယ့်ပုံပဲ။ ဒီလိုမျိုး စည်းမျဉ်းဟာကွက်ကို အခွင့်ကောင်းယူတာက တစ်ဖက်လူအတွက် သဘောတူဖို့ တော်တော်ခက်လိမ့်မယ်။”
“ဟုတ်တယ်။ ဒီတစ်ခေါက်တော့ သူဌေး နည်းနည်း လောဘကြီးသွားတယ်။”
“သူဌေးတော့ တကယ့်ကို အကြီးအကျယ် နစ်နာသွားပြီပဲ။ တခြား ကုန်ကြမ်းအရင်းအမြစ်တွေကိုသာ တိုက်ရိုက်နှစ်ဆတိုးခိုင်းရင် ရရဲ့သားနဲ့။ အခုတော့ ဘာမှမရတော့ဘူး။”
“သူဌေးတစ်ယောက် နောင်တတွေ တန်းစီနေတော့မှာလား။ ငါတို့ အခုပဲ @ယီရန်ပင်း လိုက်ကြရအောင်။”
“အပေါ်က ညီအစ်ကို... ဒဏ်ရာပေါ် ဆားမပက်စမ်းပါနဲ့။”
“အခု သူ့ကို Tag တွဲလည်း အပိုပဲ။ ဘာလို့လဲဆိုတော့ သူဌေးက သူ့ကျွန်းကို ပြန်ရောက်ဦးမှာ မဟုတ်သေးဘူး။ သူက ဟင်းလင်းပြင်အက်ကွဲကြောင်းနားမှာပဲ ရှိနေဦးမှာ။”
လူတိုင်းက ဆွေးနွေးငြင်းခုံနေကြပြီး ရှောင်းယီကိုယ်တိုင်လည်း လက်လျှော့တော့မည့် အချိန်မှာပင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ရုတ်တရက် တုံ့ပြန်လာခဲ့သည်။
[ကောင်းပြီ။ ဒီတစ်ခေါက် မသေမျိုးမျိုးနွယ်စုတွေကို နှိမ်နင်းတဲ့နေရာမှာ အထူးချွန်ဆုံး အသက်ရှင်ကျန်ရစ်သူဖြစ်တဲ့အတွက် မင်းရဲ့ လက်ရှိကျွန်းဧရိယာနဲ့ ညီမျှတဲ့ အုတ်မြစ်ကျောက်တွေကို ဆုလာဘ်အဖြစ် ချီးမြှင့်လိုက်မယ်။]
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်၌ အသိပေးချက် ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ရှောင်းယီတစ်ယောက် မှင်တက်သွားရသလို လူတိုင်းလည်း အံ့အားသင့်သွားကြရသည်။
“သေစမ်း... သူက တကယ်ကြီး သဘောတူလိုက်တာလား။”
“စောစောက သူဌေး အကြီးအကျယ် နစ်နာသွားပြီလို့ ဘယ်ကောင် ပြောလိုက်တာလဲ။ ဒါက အမြတ်ကြီးစား ရလိုက်တာ မဟုတ်ဘူးလားကွ။”
“ကျွန်းဧရိယာက နှစ်ဆဖြစ်သွားပြီ။ ပြီးတော့ အဲ့ဒါနဲ့ညီမျှတဲ့ အုတ်မြစ်ကျောက် အရေအတွက်ကိုပါ ပေးလိုက်သေးတယ်။”
“မနာလိုဖြစ်လွန်းလို့ မျက်လုံးတွေတောင် စိမ်းနေပြီ။ မရတော့ဘူး...။ ငါ့ရဲ့ မနာလိုဖြစ်နေတဲ့ စိတ်ကို အေးငြိမ်းအောင် အပန်းဖြေစခန်းကိုပဲ သွားတော့မယ်။”
ထို့နောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ ဖော်ပြချက်ကို ရှောင်းယီ မြင်လိုက်ရသည်။
[ရရှိသော အရင်းအမြစ် - အုတ်မြစ်ကျောက် ၁၆ ထရီလီယံ။]
ထိုအခါမှသာ ရှောင်းယီတစ်ယောက် အသိပြန်ဝင်လာတော့သည်။
“သူ တကယ်ကြီး သဘောတူလိုက်တာပဲ။”
နောက်တစ်ခဏတွင်မူ စနစ်မှ အသိပေးချက်က ထွက်ပေါ်လာခဲ့သည်။
[နှစ်ဆရိတ်သိမ်းခြင်း အခြေအနေကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော အရင်းအမြစ် - အုတ်မြစ်ကျောက် ၃၂ ထရီလီယံ။]
ရှောင်းယီ ခဏကြာအောင် ဆွံ့အသွားပြီးနောက် အလွန်အမင်း ဝမ်းသာအားရဖြစ်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“တကယ်ကြီး အောင်မြင်သွားတာလား။”
သူ့ဘေးတွင် ထိုင်နေသော ကျန်းယွင်ထျန်းကလည်း အံ့သြတုန်လှုပ်စွာ ရေရွတ်လိုက်၏။
ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။
“ဒါက လက်မည်းကြီးအတွက်တော့ ခက်ခဲတဲ့ကိစ္စ မဟုတ်လောက်ဘူး။ ဒါပေမဲ့လည်း သူ ငါ့ရဲ့တောင်းဆိုချက်ကို တကယ်ကြီး သဘောတူလိမ့်မယ်လို့ ငါ တကယ် မမျှော်လင့်ထားမိဘူး။”
“စောစောက မင်းကို ကယ်တင်ဖို့ ဝင်ရောက်စွက်ဖက်ခဲ့တဲ့ ထူးခြားဆန်းကြယ်တဲ့လူကြောင့်များ ဖြစ်နိုင်မလား။”
ကျန်းယွင်ထျန်းက အနည်းငယ် မျက်မှောင်ကြုတ် စဉ်းစားပြီးနောက် မေးလိုက်သည်။
“မဖြစ်နိုင်တာတော့ မဟုတ်ဘူး။”
ရှောင်းယီက အနည်းငယ် ခေါင်းညိတ်လိုက်သည်။
“ဘာပဲဖြစ်ဖြစ်... ဆုလာဘ်က လက်ထဲရောက်လာပြီဆိုတော့ ဒီတစ်ခေါက် ငါတို့ တကယ့်အမြတ်ထွက်သွားပြီပဲ။”
“အမှန်ပဲ။ အကြီးအကျယ် အမြတ်ထွက်သွားတာ။ ဒီလိုမျိုး ကြီးမားကျယ်ပြန့်တဲ့ ကျွန်းဧရိယာကြီးသာ ရှိနေရင် နောက်နောင် ငါတို့ ကုန်ကြမ်းအရင်းအမြစ်တွေ လုံးဝ ပြတ်လပ်တော့မှာ မဟုတ်ဘူး။”
ကျန်းယွင်ထျန်းက ဝမ်းသာအားရ ပြောလိုက်သည်။
သူတို့ကျွန်းပေါ်ရှိ ကုန်ကြမ်းအရင်းအမြစ်များမှာ မူလကတည်းက အလွန်ပေါများနေပြီးသားဖြစ်ရာ ယခုကဲ့သို့ နှစ်ဆတိုးသွားပြီးနောက်တွင်မူ အရင်းအမြစ် ပြတ်လပ်မှု ပြဿနာမှာ သေချာပေါက် ထာဝရ ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။
ထိုစဉ် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အသိပေးချက်က ဆက်လက်ပေါ်ထွက်လာခဲ့သည်။
[မင်းတို့အနေနဲ့ မသေမျိုးမျိုးနွယ်စုတွေကို လုံးဝ ထိန်းချုပ်ထားနိုင်ခဲ့ပြီဆိုတော့ နောက်အဆင့်မှာ မင်းတို့အတွက် အခက်အခဲကို ထပ်ပြီး တိုးမြှင့်တော့မှာ မဟုတ်ပါဘူး။]
ထိုအသိပေးချက်ကို မြင်လိုက်ရသောအခါ လူတိုင်းက စိတ်လှုပ်ရှားစွာဖြင့် အုန်းအုန်းကျွက်ကျွက် အော်ဟစ်အားပေးလိုက်ကြတော့သည်။
“ကောင်းလိုက်တာ...နောက်ဆုံးတော့ ငါတို့ စိတ်အေးလက်အေး အနားယူလို့ ရပြီ။”
“ဟုတ်တယ်။ စမ်းသပ်ချက်တွေရဲ့ အခက်အခဲက တစ်ရက်ထက်တစ်ရက် ပိုပြီး မြင့်တက်လာတာ။ တောင့်ခံရတာ တော်တော်လေး အသက်ရှူကျပ်လှပြီ။”
“ငါတော့ အားလပ်ရက်အရှည်ကြီး ယူတော့မယ်။ ဒီတစ်ခေါက် ဆုရတဲ့ အုတ်မြစ်ကျောက်တွေကို သုံးပြီး သူဌေးရဲ့ အပန်းဖြေစခန်းမှာ ငါကိုယ်တိုင် SSS အဆင့် ရောက်တဲ့အထိ ကဲပစ်မယ်။”
“ငါလည်း အတူတူပဲ။”
လူတိုင်း ဝမ်းသာအားရ အော်ဟစ်နေကြစဉ်မှာပင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာ အသိပေးချက်က ဆက်လက်ပေါ်လာပြန်သည်။
[ဒါပေမဲ့... ဒေသခံတွေနဲ့ ပင်လယ်သတ္တဝါတွေရဲ့ တိုက်ခိုက်မှုတွေကတော့ ပိုပြီး ပြင်းထန်လာလိမ့်မယ်။ မင်းတို့ လက်ရှိပိုင်ဆိုင်ထားတဲ့ ကျွန်းဧရိယာက နောက်ထပ်အဆင့်မှာ အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် အကြီးအကျယ် သက်ရောက်မှုရှိမှာကို သတိပြုကြပါ။ အားလုံးပဲ မင်းတို့ရဲ့ ကျွန်းဧရိယာတွေကို ချဲ့ထွင်ဖို့အတွက် အုတ်မြစ်ကျောက်တွေကို အမြန်ဆုံး ပိုမိုရယူကြလိမ့်မယ်လို့ မျှော်လင့်တယ်။]
“သေစမ်း... ငါ အဲ့ဒီ ‘ဒါပေမဲ့’ ဆိုတဲ့ စကားလုံးကို အမုန်းဆုံးပဲ။”
“ငါလည်း မုန်းတယ်။ ဘာလို့ အဲ့ဒီလို စကားစပ်တွေကို ထည့်ရတာလဲ။ ငါ အခုလေးတင် စိတ်အေးလက်အေး နေချင်ပါတယ်ဆိုမှ။ သူက ငါ့ကို ချက်ချင်း ပြန်ပြီး ဇက်ကြိုးဆွဲလိုက်ပြန်ပြီ။”
“ဒါက ဘာအဓိပ္ပာယ်လဲ။ ငါတို့ကို အုတ်မြစ်ကျောက်တွေ ပိုပြီး ရှာခိုင်းနေတာလား။ အခု နေ့တိုင်း ရိက္ခာသေတ္တာတွေ ဖွင့်လို့ရတာက အုတ်မြစ်ကျောက် နည်းနည်းလေးပဲ ရှိတာကို။ ပိုပြီး လိုချင်ရင် တခြားတိုက်ကြီးတွေဆီ သွားပြီး သေတ္တာတွေ လိုက်ရှာဖွင့်ရုံပဲ ရှိတော့တယ်။”
“သူက ငါတို့ကို တခြားတိုက်ကြီးတွေဆီ ပိုပြီး သွားရောက်စူးစမ်းလေ့လာစေချင်တာ ထင်ရှားတယ်။”
“နောက်ထပ် အဓိပ္ပာယ်တစ်ခုလည်း ရှိနိုင်သေးတယ်...။ အဲ့ဒါက ငါတို့ကို တစ်ယောက်နဲ့တစ်ယောက် ပြိုင်ခိုင်းနေတာပဲ။ တခြားနေရာတွေကို သွားရောက်စူးစမ်းတာက တခြားမဟာမိတ်အဖွဲ့တစ်ခုကို ဝင်တိုက်ပြီး သိမ်းပိုက်လိုက်တာထက်စာရင် အုတ်မြစ်ကျောက်တွေ ပိုရနိုင်ပါ့မလား။”
“မလုပ်ပါနဲ့...။ ရှားနိုင်ငံသားအချင်းချင်းတော့ ပြန်မတိုက်ကြပါနဲ့ဗျာ...။”
“ဒါဆိုရင် ငါ တခြားနိုင်ငံကလူတွေကို သွားတိုက်မယ်။ အဲ့ဒါဆိုရင် အုတ်မြစ်ကျောက်တွေ ရတဲ့အရှိန်က ပိုမြန်သွားလိမ့်မယ်။”
ရှောင်းယီ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ကြည့်လိုက်၏။ နောက်ဆုံး အသိပေးချက် ပေါ်လာပြီးနောက် ၎င်းသည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီး ယခုတစ်ပတ်အတွက် အသိပေးချက်များ ပြီးဆုံးသွားပြီဖြစ်ကြောင်း သူ သိလိုက်တော့သည်။
သူ သက်ပြင်းအရှည်ကြီးတစ်ချက်ချလိုက်မိ၏။
“ကြည့်ရတာ ငါတို့ နောက်ဆုံးတော့ ခဏလောက် စိတ်အေးလက်အေး နေလို့ရပြီ ထင်တယ်။”
“ဟုတ်တယ်။ ငါတို့တစ်ပတ်လုံး လုံးပန်းထားရတာ။ အခုက ကောင်းကောင်း အနားယူရမယ့် အချိန်ပဲ။”
ကျန်းယွင်ထျန်းကလည်း ထောက်ခံသည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင် အသိပေးချက်၏ နောက်ဆုံးစာကြောင်းကိုမူ ရှောင်းယီက လုံးဝ လျစ်လျူရှုထားလိုက်သည်။
ယီရန်ပင်းမဟာမိတ်အဖွဲ့သည် ယခုအခါတွင် သားရဲကြီးတစ်ကောင်ကဲ့သို့ အလွန်တောင့်တင်းခိုင်မာနေပြီဖြစ်ရာ အသက်ရှင်ကျန်ရစ်သူများဖြစ်စေ ဒေသခံများဖြစ်စေ ၎င်းကို ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။
“ဒါဆို ပြန်ကြရအောင်။ ဒီနေရာက မသေမျိုးတွေလည်း ထပ်ပြီး လှုပ်ရှားတော့မှာ မဟုတ်ဘူး။”
“အင်း။”
သူတို့နှစ်ဦးစလုံး မြို့ပြန်ကျောက်ကို တပြိုင်နက်တည်း အသုံးပြု၍ ဗီလာသို့ ပြန်လာခဲ့ကြသည်။ ရှောင်းယီသည် အလျင်အမြန်ရေမိုးချိုးပြီး ကုတင်ပေါ်သို့ တန်းပြီး လှဲချလိုက်တော့သည်။ ယခုတစ်ခေါက် မသေမျိုးမဟာအကြီးအကဲကို သွားရောက်ချေမှုန်းပြီး အစစ်အမှန်အရိုးနဂါးကို တိုက်ခိုက်ခဲ့ရသည့် ခရီးစဉ်က သူ့ကို အမှန်တကယ် အကြီးအကျယ် ပင်ပန်းနွမ်းနယ်စေခဲ့သည်။
ညတာသည် မည်သည့်ထူးခြားမှုမျှမရှိဘဲ ကုန်ဆုံးသွားခဲ့၏။ နောက်တစ်နေ့တွင် ရှောင်းယီသည် မနက်ငါးနာရီတိတိ၌ အချိန်မှန် နိုးထလာခဲ့သည်။
သူ ပျင်းကြောဆန့်လိုက်ပြီး ဖုန်းကို ကောက်ကိုင်ကာ ဗဟိုဂရုချက်ထဲသို့ စာတစ်စောင် ပို့လိုက်သည်။
“ဒီနေ့ရဲ့ ရိက္ခာသိမ်းဆည်းမှုကို ကျုပ်ကိုယ်တိုင် လုပ်မယ်။”
“ဟုတ်ကဲ့ပါ။”
လူတိုင်းက ပြန်ဖြေလိုက်ကြသည်။
“အခုမှ ငါးနာရီပဲ ရှိသေးတာကို လူတိုင်း အစောကြီး နိုးနေကြတာပဲ။”
ရှောင်းယီက ပြုံးရင်း ဂရုထဲသို့ စာပို့ပြီးနောက် ရေချိုးခန်းသို့ လျှောက်သွားလိုက်သည်။
“လူတိုင်းက အမြဲတမ်း ဒီလိုပဲ စောစောထကြတာပါ။”
အန်းယွဲ့က ရယ်မောရင်း ပြောလိုက်သည်။ ရှောင်းယီသည် သွားတိုက်နေရင်းဖြင့် ပြန်စာပို့လိုက်သည်။
“လူတိုင်းက ဒီလောက်တောင် ကြိုးစားနေကြတော့... ကျုပ်လည်း အားလုံးကို ဘောနပ်စ်တွေ ပိုပေးရတော့မယ် ထင်တယ်။”
“စာအိတ်နီတွေ မျှော်နေပါတယ် (づ ̄ ³ ̄)づ။”
ကျန်းယွင်ထျန်းက ဂရုထဲသို့ အီမိုဂျီ တစ်ခုကို ပို့လိုက်၏။ ရှောင်းယီ အနည်းငယ် အံ့သြသွားခဲ့သည်။
“ဒီအီမိုဂျီတွေကို ဘယ်သူလုပ်တာလဲ။”
“အသက်ရှင်ကျန်ရစ်သူ အရေအတွက်က သိပ်မများတော့ဘူးဆိုပေမဲ့ သူတို့ထဲမှာ အရည်အချင်းရှိတဲ့သူတွေ အများကြီး ကျန်ပါသေးတယ်။”
ကျန်းယွင်ထျန်းက ပြုံးကာ ပြန်ဖြေလိုက်သည်။
“ငါ အင်တာနက်ကနေ ဒေါင်းလုဒ်ဆွဲထားတာ။ မနေ့ညက မအိပ်ခင် ဝက်ဘ်ဆိုက်တစ်ခုမှာ ခဏလျှောက်ကြည့်ရင်း တွေ့မိလိုက်လို့လေ။”
“မင်း တကယ်ပဲ ‘ခဏလောက်’ ကြည့်တာ ဟုတ်လို့လား။ ‘ကမ္ဘာပျက်မတတ် ကြာအောင်’ ကြည့်တာ မဟုတ်ဘူးမလား။”
ရှောင်းယီက ပြန်စာပို့လိုက်ပြီးနောက် မျက်နှာသစ်ကာ မနက်ခင်း ကျင့်ကြံခြင်းကို စတင်လိုက်တော့သည်။
နှစ်နာရီကြာပြီးနောက် ရှောင်းယီသည် ထကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီ ပြန်လာပြီး ရှေ့တန်းစစ်မျက်နှာ၏ အခြေအနေကို အရင်ဆုံး မေးလိုက်သည်။
“ကျွန်းပိုင်ရှင်ကို သတင်းပို့ပါတယ်။ ဟင်းလင်းပြင်အက်ကွဲကြောင်းထဲကနေ ဘယ်မသေမျိုးမှ ထွက်လာတာမျိုး မတွေ့ရသေးပါဘူး။ ပြီးတော့ ပတ်ဝန်းကျင်က မသေမျိုးတွေလည်း ကျုပ်တို့ကို လာမတိုက်ပါဘူး။ လောလောဆယ် ကျုပ်တို့ မသေမျိုးမြူခိုးတွေကို ရှင်းလင်းရေးလုပ်နေပါတယ်။ အစီအစဉ်ကတော့ မသေမျိုးမြူခိုးအများစုကို အရင်ဆုံး ကိုင်တွယ်ပြီးမှ ကျန်ရှိနေတဲ့ မသေမျိုးတွေကို ဆက်ပြီး နှိမ်နင်းသွားမှာပါ။”
“အင်း... ကောင်းပြီ။ မင်းတို့ရဲ့ အစီအစဉ်အတိုင်းပဲ ဆက်လုပ်လိုက်ပါ။ ပြီးတော့ လူတိုင်းကို အနားယူဖို့နဲ့ ဘေးကင်းလုံခြုံရေးကို ဂရုစိုက်ဖို့ သတိပေးလိုက်ဦး။”
“ဟုတ်ကဲ့ ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”
ရှေ့တန်းစစ်မျက်နှာတွင် မည်သည့်ထူးခြားမှုမျှ မရှိသဖြင့် ရှောင်းယီလည်း ထိုနေရာသို့ သွားမနေတော့ပေ။ သူသည် ယခုရရှိထားသော အုတ်မြစ်ကျောက် ၃၂ ထရီလီယံကို အသုံးပြု၍ သူ၏ကျွန်းကို အရင်ဆုံး ချဲ့ထွင်လိုက်တော့သည်။
မူလက ကျွန်းဧရိယာမှာ စတုရန်းကီလိုမီတာ ၁၆ သန်း ရှိခဲ့ခြင်း ဖြစ်သည်။ ယခုတစ်ကြိမ်တွင် စတုရန်းကီလိုမီတာ ၃၂ သန်း ထပ်မံချဲ့ထွင်လိုက်သဖြင့် ရှောင်းယီ၏ ကျွန်းဧရိယာသည် တိုက်ရိုက်ပင် စတုရန်းကီလိုမီတာ ၄၈ သန်းအထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ထိုမျှအထိ ကြီးမားကျယ်ဝန်းသော ဧရိယာကြီး ဖြစ်လာပြီဖြစ်ရာ ကုန်ကြမ်းအရင်းအမြစ်များအတွက် စိုးရိမ်စရာ မလိုတော့သော်လည်း လက်ရှိတွင် ရှောင်းယီအတွက် သယ်ယူပို့ဆောင်ရေးကိစ္စက ခေါင်းခဲစရာ ဖြစ်လာခဲ့လေသည်။
“ဦးလေးအန်း... ကျုပ် အခု ကျွန်းဧရိယာကို ထပ်ပြီး ချဲ့လိုက်တယ်။ ကျုပ်တို့ကျွန်းပေါ်မှာ လေဆိပ်နည်းနည်းလောက်ကို ထပ်ပြီး တည်ဆောက်ဖို့ လိုလိမ့်မယ်။”
ရှောင်းယီက အန်းယွဲ့ထံသို့ ဖုန်းမှတစ်ဆင့် စာပို့လိုက်ပြီး ကျွန်းဧရိယာ ချဲ့ထွင်လိုက်သည့် မြေပုံပုံရိပ်ကိုပါ တွဲ၍ ပို့ပေးလိုက်သည်။
“တစ်ခေါက်တည်းနဲ့ ဒီလောက်အထိတောင် ကြီးသွားတာလား။”
အန်းယွဲ့မှာ လုံးဝ မှင်တက်သွားခဲ့ရတော့သည်။