အခန်း ၁၂၁၇
Vol. 105 Ch. 1217
အခန်း ၁၂၁၇
ရှောင်းယီက ပြုံးလိုက်သည်။
“မနေ့က ကျုပ် လက်မည်းကြီးဆီကနေ စည်းမျဉ်းဟာကွက်ကို သုံးပြီး ခြိမ်းခြောက်ငွေညှစ်လိုက်တယ်လေ။ သူက တကယ်ကြီး အဲ့ဒီအုတ်မြစ်ကျောက်တွေကို ပေးလိမ့်မယ်လို့ မထင်ထားမိဘူး။ ကျုပ်ရဲ့ ဆုလာဘ်နှစ်ဆရတဲ့ အခြေအနေနဲ့ပါ ပေါင်းလိုက်တော့ အခုလို အရေအတွက် ဖြစ်သွားတော့တာပဲ။”
“ကောင်းပြီ။ ငါနားလည်ပြီ။ ဒီလောက် ကျယ်တဲ့ ဧရိယာကြီးနဲ့ဆိုရင် ငါတို့မှာ လူဦးတွေ ပိုပြီးလိုအပ်လိမ့်မယ်။”
ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“လူဦးရေကိစ္စကိုတော့ ကျုပ်ဘက်ကနေ နည်းလမ်းရှာကြည့်လိုက်ပါ့မယ်။”
“ကောင်းပါပြီ။”
ကျွန်းဧရိယာကို ချဲ့ထွင်ပြီးနောက်တွင်မူ ရှောင်းယီသည် နောက်ဆုံး၌ လက်မှတ်ထိုးဝင်ရန် ရွေးချယ်လိုက်တော့သည်။
[လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသော ဆုလာဘ် - ဖိုတိုဗော်လ်တိုက် နေရောင်ခြည်စွမ်းအင်သုံးဘောင်ကွက် (Photovoltaic solar panel) (SSS-အဆင့်) ၁]
[နှစ်ဆရိတ်သိမ်းခြင်းကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော ကုန်ကြမ်းပစ္စည်း - ဖိုတိုဗော်လ်တိုက် နေရောင်ခြည်စွမ်းအင်သုံးဘောင်ကွက် (SSS အဆင့်) ၂]
ထိုဆုလာဘ်ကို မြင်လိုက်ရသောအခါ ရှောင်းယီမှာ အကူအညီမဲ့စွာဖြင့် ခေါင်းသာ ခါယမ်းမိတော့သည်။ ယခုအခါ သူ့ကျွန်းသည် အလွန်ကျယ်ဝန်းနေပြီ ဖြစ်သော်လည်း လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုကမူ အလွန်အမင်း ဖူလုံနေဆဲပင်။
သူ့တွင် အကြီးစား နျူကလီးယားဓာတ်အားပေးစက်ရုံ ရှိနေရုံသာမက လေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများလည်း ရှိနေသေးသည်။ မည်သို့ပင်ကြည့်စေကာမူ ဤဖိုတိုဗော်လ်တိုက် နေရောင်ခြည်စွမ်းအင်သုံးဘောင်ကွက်များမှာ သူ့အတွက် လုံးဝ အသုံးမဝင်လှချေ။
ရှောင်းယီသည် ၎င်းတို့ကို စနစ်သိုလှောင်ခန်းထဲမှ ထုတ်ပင်မထုတ်တော့ဘဲ မတ်တတ်ရပ်ကာ အောက်ထပ်သို့ မနက်စာစားရန် ဆင်းလာခဲ့လိုက်တော့သည်။
ဖိအားများ ကင်းစင်သွားပြီဖြစ်၍ ရှောင်းယီသည် ဖုန်းကိုပွတ်ရင်း အေးအေးလူလူ မနက်စာ သုံးဆောင်နေခဲ့သည်။
ထိုအချိန်တွင် ကျန်းယွင်ထျန်းတစ်ယောက် အပြင်မှ လျှောက်ဝင်လာခဲ့သည်။
“ကျွန်းပိုင်ရှင်... မောနင်းပါ။”
“မောနင်း....။”
ရှောင်းယီက ပြန်ပြောလိုက်၏။
“မနက်စာ စားပြီးပြီလား။”
“မစားရသေးဘူး။ မင်းလိုပဲ... ငါလည်း တာအိုကျမ်းစာကို အရင်ဖတ်ပြီးမှ မနက်စာ လာစားတာလေ။”
ကျန်းယွင်ထျန်းက ပြုံးကာ ပြန်ဖြေလိုက်သည်။
“အင်း... မဆိုးဘူး။ တိုးတက်မှု ရှိလာပြီပဲ။”
ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။
ကျန်းယွင်ထျန်းသည် သူ့မနက်စာကို ယူဆောင်လာပြီး ရှောင်းယီ၏ ဘေးတွင် ဝင်ထိုင်ကာ မေးလိုက်သည်။
“ကျွန်းပိုင်ရှင်... ဒီနေ့အတွက် ဘာလက်နက်သစ်တွေ ရှိသေးလဲ။”
“ငါတို့ မစ်ရှင်ကိုတောင် အောင်မြင်အောင် လုပ်ပြီးပြီလေ။ မင်းက ဘာလက်နက်တွေ ထပ်လိုချင်နေသေးတာလဲ။”
ရှောင်းယီက မျက်စောင်းထိုးကာ ပြန်ပြောလိုက်၏။
“ကျွန်းပိုင်ရှင်...မင်း အဲ့လိုပြောလို့ ဘယ်ရမလဲ။ ငါတို့ ဟင်းလင်းပြင်အက်ကွဲကြောင်းကို ထိန်းချုပ်ထားနိုင်ပြီ ဆိုပေမဲ့ မသေမျိုးတွေကိုတော့ အမြစ်ပြတ်အောင် မချေမှုန်းနိုင်သေးဘူးလေ။ ငါတို့မှာ အဆင့်မြင့်လက်နက်တွေ အမြောက်အမြား ရှိနေဦးမှ အဲ့ဒီမသေမျိုး အကြွင်းအကျန်တွေကို အမြန်ဆုံး ရှင်းပစ်နိုင်မှာပေါ့။”
ကျန်းယွင်ထျန်းက ဖြောင့်မတ်မှန်ကန်ဟန်ဖြင့် ပြောဆိုလိုက်သည်။ ရှောင်းယီ အနည်းငယ် ဆွံ့အသွားခဲ့၏။
“အဆင့်မြင့်လက်နက်တွေ မရှိရင်လည်း ငါတို့ ဖြည်းဖြည်းချင်းပဲ လုပ်ကြတာပေါ့။ ဘာပဲဖြစ်ဖြစ် လူတိုင်း SSS အဆင့်ကို ရောက်ဖို့က အချိန်အတိုင်းအတာတစ်ခုတော့ ထပ်လိုဦးမှာပဲ။”
ကျန်းယွင်ထျန်းက ပုခုံးတွန့်လိုက်ပြီး ပဲနို့ကို တစ်ငုံအင့်သောက်ကာ ဆက်ပြောလိုက်သည်။
“ကုန်းမြေပေါ်မှာ ငါတို့ မလောဘူးဆိုရင်တောင် ပင်လယ်ထဲက မသေမျိုးတွေရဲ့ ကိစ္စကတော့ တော်တော်လေး အရေးကြီးနေပြီ။ သူတို့ကို ပင်လယ်ထဲမှာ အမြဲတမ်း ဒီအတိုင်း ပစ်ထားလို့တော့ မဖြစ်ဘူးလေ။”
“ပင်လယ်ထဲက မသေမျိုးတွေရဲ့ ကိစ္စက တကယ်ကို ပြဿနာတစ်ခုပဲ။”
ရှောင်းယီ မျက်မှောင်ကြုတ်လိုက်သည်။
“ခဏနေရင် ငါတို့ အဲ့ဒီပင်လယ်ထဲက မသေမျိုးတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ ကွင်းဆင်းပြီး သွားကြည့်ကြတာပေါ့။”
“ကောင်းပြီ။”
ရှောင်းယီသည် မိမိကိုယ်တိုင် ရှိနေရန်လိုအပ်သော ရိက္ခာသိမ်းဆည်းမှုအားလုံးကို ပြီးစီးအောင် ဆောင်ရွက်ပြီးနောက် ကျန်းယွင်ထျန်းနှင့်အတူ ဟင်းလင်းပြင်အက်ကွဲကြောင်းရှိရာ ကျွန်းဆီသို့ ပြန်လည်ကူးပြောင်းလာခဲ့သည်။
ရှောင်းယီ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကျားကျန့်တစ်ယောက် လျှောက်လာ၏။
“အခု မသေမျိုးမျိုးနွယ်စုတွေကို ထိန်းချုပ်ထားနိုင်ပြီဆိုတော့ မျိုးနွယ်ခြားတွေက သူတို့နေရာတွေကို ပြန်ပြီး သွားကြည့်ချင်နေကြတယ်။ သူတို့ ပြန်မရောက်တာလည်း တော်တော်လေး ကြာနေပြီလေ။”
“ဒါပေါ့... သူတို့ကို အကုန် ပြန်ခွင့်ပြုလိုက်ပါ။ ဒီက ကာကွယ်ရေးတွေကိုတော့ ကျုပ်တို့ကိုပဲ လွှဲထားလိုက်။”
ရှောင်းယီက ခေါင်းညိတ် တုံ့ပြန်လိုက်သည်။
“ကောင်းပါပြီ။”
ကျားကျန့်က တုံ့ပြန်ပြီး မျိုးနွယ်ခြားများရှိရာဘက်သို့ ပြန်သွားရန် ပြင်လိုက်သည်။
ထိုစဉ် ရှောင်းယီသည် ရုတ်တရက် မေးခွန်းတစ်ခုကို သတိရသွားပြီး လှမ်းခေါ်လိုက်၏။
“ခေါင်းဆောင်ကျား... အဲ့ဒီ မျိုးနွယ်ခြားတွေကို မေးကြည့်ပေးပါဦး။ သူတို့ ကျုပ်တို့ရဲ့ မဟာမိတ်ကျွန်း ဆီလာပြီး အခြေချနေထိုင်ပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ချင်ကြသလားလို့။”
ယခုအခါ ရှောင်းယီ၏ ကျွန်းဧရိယာမှာ အလွန်တရာ ကြီးမားကျယ်ဝန်းသွားခဲ့ပြီ ဖြစ်ရာ လူဦးရေ တိုးချဲ့ရန် လိုအပ်နေသည်ဖြစ်သောကြောင့် မိမိနှင့်အတူ ပခုံးချင်းယှဉ်ပြီး တိုက်ပွဲဝင်ခဲ့ကြသော ဤမျိုးနွယ်ခြားများကို စည်းရုံးခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။ သူတို့သည် အသက်ရှင်ကျန်ရစ်သူများနှင့်စာလျှင် တွက်ကပ်မှု အလွန်နည်းပါးကြပေသည်။
ကျားကျန့်၏ မျက်လုံးများ အနည်းငယ် တောက်ပသွား၏။ ထို့နောက် သူက မေးလိုက်သည်။
“ကျွန်းပိုင်ရှင်... ငါတို့ကျွန်းရဲ့ ဧရိယာက ဒီလောက်များတဲ့ တစ်ပါးသော မျိုးနွယ်ခြားတွေကို ဝင်ဆန့်ပါ့မလား။”
ရှောင်းယီက ပြုံးလိုက်သည်။
“ကျုပ် အခုလေးတင်ပဲ ကျွန်းဧရိယာကို ထပ်ပြီး ချဲ့ထွင်လိုက်တယ်လေ။ ကျုပ်တို့ မဟာမိတ်ကျွန်းရဲ့ ဧရိယာက စတုရန်းကီလိုမီတာ ၄၈ သန်းအထိ ရောက်သွားပြီ။ ခင်ဗျားအထင် အဲ့ဒါက ဆန့်မယ်ထင်လား။”
“အဲ့လောက်တောင် ကြီးလာတာလား။ ဆန့်တယ်...သေချာပေါက် ဆန့်တာပေါ့။”
ကျားကျန့်က ခေါင်းတညိတ်ညိတ်ဖြင့် ပြောလိုက်၏။
“ကျွန်းပိုင်ရှင် မင်း စိတ်ချပါ။ သူတို့အားလုံး မဟာမိတ်ကျွန်းဆီ ပြောင်းရွှေ့လာအောင် ငါ သေချာပေါက် ဖျောင်းဖျပေးပါ့မယ်။”
ရှောင်းယီက လက်ကာပြလိုက်၏။
“အတင်းအကျပ် လုပ်စရာတော့ မလိုပါဘူး။ တကယ်လို့ သူတို့ မလာနေချင်ဘူးဆိုရင်လည်း ကျုပ် တခြား ဒေသခံတွေကို ရှာလို့ရတယ်။”
“နားလည်ပါပြီ။”
ကျားကျန့်က ပြန်ပြောပြီး ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။
ကျားကျန့်နှင့် ဟူကျဲတို့၏ စိတ်အားထက်သန်သော ရှင်းလင်းပြောကြားချက်များကို ကြားပြီးနောက် ထိုမျိုးနွယ်ခြားများ၏ ခေါင်းဆောင်များနှင့် မျိုးနွယ်စု ခေါင်းဆောင်များ အားလုံးသည် ကျားကျန့်ကို သံသယမျက်လုံးများဖြင့် ဝိုင်းကြည့်လိုက်ကြ၏။
သူတို့၏ အကြည့်များမှာ ပိရမစ်စနစ်၏ လိမ်လည်လှည့်ဖြားရေး အဖွဲ့ခေါင်းဆောင်တစ်ဦးကို ကြည့်နေသည့်အတိုင်းပင်။
“မင်းတို့က ဘာလို့ အဲ့ဒီလိုမျက်လုံးတွေနဲ့ ကြည့်နေကြတာလဲ။ ငါတို့ပြောတာတွေ အကုန်လုံးက အမှန်တရားတွေချည်းပဲ။”
ဟူကျဲက မျှော်လင့်ချက်ကင်းမဲ့စွာ ပြောလိုက်သည်။
“တကယ်လို့ မယုံဘူးဆိုရင် ငါတို့နဲ့အတူ လိုက်ခဲ့ပြီး ကိုယ်တိုင်ကိုယ်ကျ သွားကြည့်လို့ရတယ်။ သွားကြည့်ပြီးလို့မှ မနေချင်ဘူးဆိုရင်လည်း ငြင်းပယ်လိုက်လို့ ရတာပဲ။”
“ဟုတ်တယ်။ ကျွန်းပိုင်ရှင်ကလည်း အတင်းအကျပ် မလုပ်ရဘူးလို့ ပြောထားပြီးသား။”
ကျားကျန့်ကပါ ဝင်ပြောပေးလိုက်သည်။
သူတို့က ထိုသို့ ပြောလာပြီဖြစ်ရာ ထိုခေါင်းဆောင်များလည်း နောက်ဆုံးတွင် ခေါင်းညိတ်လိုက်ကြပြီး ဆုံးဖြတ်ချက်မချမီ အခြေအနေကို အရင်ဆုံး သွားရောက်လေ့လာကြည့်ရှုမည်ဟု အချက်ပြလိုက်ကြတော့သည်။
ဤအချိန်တွင် မဟာမိတ်အဖွဲ့အတွင်း၌မူ လူပုမျိုးနွယ်စု၏ ဘုရင်ဖြစ်သူ ကော်နာသည် ရှေ့တန်းစစ်မျက်နှာမှ ရောက်လာသော အခြားလူပုမျိုးနွယ်စု ဘုရင် ဂျက်ဖ်ကို တည်နေရာကူးပြောင်းခြင်းအစီအရင်ထဲသို့ အတင်းဆွဲထည့်နေခဲ့ပြီ ဖြစ်သည်။
“ဂျက်ဖ်... ငါ မင်းကို ပြောမယ်။ ဒါက တကယ့်ကို အခွင့်အရေးကောင်းကြီးတစ်ခုပဲ။ တကယ်လို့ မင်းသာ ဒီအခွင့်အရေးကို လက်လွတ်ခံလိုက်ရင် တစ်သက်လုံး နောင်တရနေရလိမ့်မယ်။”
ကော်နာက လမ်းလျှောက်ရင်း တတွတ်တွတ် ပြောနေ၏။ ဂျက်ဖ်တစ်ယောက် ကော်နာကို ကြည့်ကာ ကူကယ်ရာမဲ့နေခဲ့ရသည်။
“မင်း ဒီလောက်တောင် စကားများမှန်း ငါ အရင်က လုံးဝ သတိမထားမိခဲ့ဘူး။”
“ကောင်းပြီလေ...။ မင်းက ငါ့ကို စကားများတယ်လို့ အပြစ်တင်နေမှတော့ ငါ တစ်လုံးမှ ထပ်မပြောတော့ဘူး။ ငါ့နောက်ကိုသာ လိုက်ခဲ့တော့။”
ကော်နာက ပုခုံးတွန့်ရင်း ဂျက်ဖ်ကို အစီအရင်ထဲသို့ အတင်းဆွဲခေါ်သွားတော့သည်။
အဖြူရောင်အလင်းတန်း တစ်ချက်ဖျတ်ခနဲ လက်သွားပြီးနောက် ကော်နာနှင့် ဂျက်ဖ်တို့သည် အပန်းဖြေစခန်း၏ ရင်ပြင်သို့ ရောက်ရှိလာခဲ့ကြလေသည်။
ဂျက်ဖ်အတွက်မူ အပန်းဖြေစခန်းသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ရာ မိုးထိတိုင် မြင့်မားလှသော အဆောက်အဦးကြီးများကို မြင်လိုက်ရသဖြင့် မှင်တက်အံ့အားသင့်သွားရတော့သည်။
ကော်နာက သူ့နောက်သို့ လိုက်ခဲ့ရန် အချက်ပြသည့်အနေဖြင့် ခေါင်းတစ်ချက်ဆိတ်ပြလိုက်၏။
ဂျက်ဖ်လည်း ခြေလှမ်းများကို အရှိန်မြှင့်လိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ချေ။ ကော်နာက သူ့ကို ကားတစ်စီးထဲသို့ ခေါ်ဆောင်သွားခဲ့သည်။
နာရီဝက်ခန့် ကြာပြီးနောက် ကားသည် အပန်းဖြေစခန်း ဘား၏ အဝင်ဝတွင် ရပ်တန့်သွားခဲ့၏။ ဤသည်မှာ လာရောက်လည်ပတ်သူ အလွန်အမင်း များပြားနေခြင်းကြောင့် ဖြစ်ပြီး မဟုတ်လျှင်မူ ယခုလောက်အထိ အချိန်ကြာမည် မဟုတ်ချေ။
လမ်းတစ်လျှောက်တွင် လူပင်လယ်ကြီးအပြင် အခြားသော မျိုးနွယ်ခြားများစွာကိုလည်း တွေ့ရှိခဲ့ရသည်။ သေချာသည်မှာ ဂျက်ဖ်သည် လူများထက် ထိုအဆောက်အဦးများနှင့် အပန်းဖြေစရာ အဆောက်အဦး ပစ္စည်းကိရိယာများကို ပိုမိုစိတ်ဝင်စားနေခဲ့ခြင်း ဖြစ်သည်။
“ဒါတွေက ဘာကြီးတွေလဲ။”
ဂျက်ဖ် နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ မေးလိုက်၏။
“မင်းပဲ ငါ့ကို စကားများတယ်ဆို။ မင်းဘာသာမင်းပဲ ကြည့်လိုက်ပေါ့။”
ဂျက်ဖ်တစ်ယောက် အနည်းငယ် ဆွံ့အသွား၏။ ထို့နောက် ရယ်မောရင်း မေးလိုက်သည်။
“မင်း ဘယ်တုန်းကစပြီး ဒီလောက်တောင် အငြိုးကြီးတဲ့ မိန်းမကြီးလို ဖြစ်သွားရတာလဲ။”
“ငါက မိန်းမကြီးလို လုပ်နေတာ မဟုတ်ဘူး။ မင်းကိုက ကျေးဇူးကန်းနေတာ။”
ကော်နာက နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်သည်။
“ဟုတ်ပါပြီ...။ ငါကပဲ ကျေးဇူးကန်းတဲ့ကောင် ဖြစ်လိုက်ပါ့မယ်။ ငါ့ကို ရှင်းပြပါဦး။”
ဂျက်ဖ်က အလျော့ပေးသည့်အနေဖြင့် နောက်သို့ တစ်လှမ်းဆုတ်လိုက်ရသည်။
“ဒီလိုမှပေါ့။ ဒါတွေအားလုံးက အပြင်ဘက် ဖျော်ဖြေရေး ကစားကွင်းတွေပဲ။ မင်းကို လုံးဝ စိတ်အပန်းပြေစေမယ့် အရာတွေပေါ့။”
ကော်နာက ပြန်ဖြေလိုက်သည်။ စကားပြောရင်းနှင့်ပင် ကော်နာသည် သူ့ကို ဘားထဲသို့ ဦးဆောင်ခေါ်သွားလိုက်၏။
ဘား၏ ပထမထပ်တွင်မူ ယခုအချိန်၌ လူများဖြင့် ပြည့်နှက်နေခဲ့ပြီး လွတ်နေသော ခုံတစ်ခုံမျှပင် မရှိချေ။
ကော်နာတစ်ယောက် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ဂျက်ဖ်ကို ဒုတိယထပ်သို့သာ ခေါ်လာခဲ့ရသည်။ သူသည် သီးသန့်ခုံတစ်ခုကို ရှာဖွေလိုက်ပြီးနောက် ဘီယာနှစ်ခွက် မှာယူလိုက်လေသည်။
“ဒါက ဘားလို့ ခေါ်တယ်။ ငါ အကြိုက်ဆုံးနေရာပေါ့။ ငါ အချိန်ရရင် ဒီကိုလာပြီး တစ်နေကုန် ထိုင်လေ့ရှိတယ်။”
ကော်နာက ဆက်ပြောလိုက်သည်။ ဂျက်ဖ်က ဖန်ခွက်ကို ကောက်ကိုင်ကာ တစ်ငုံ သောက်ကြည့်လိုက်ပြီး နောက်တွင် သူ၏မျက်လုံးများ ချက်ချင်း တောက်ပသွားတော့သည်။
“ဒါက SSS အဆင့် ဘီယာလား။”
“ဒါပေါ့။”
ကော်နာက သဘာဝကျစွာ ပြန်ဖြေလိုက်သည်။
“ဒီလောက် အဆင့်မြင့်တဲ့ ထိပ်တန်းအဆင့်ဘီယာကို ဒီလိုဘားမျိုးမှာ အလွယ်တကူ ရောင်းချပေးနေတာလား။”
ဂျက်ဖ်က အံ့သြတုန်လှုပ်စွာ မေးလိုက်တော့သည်။