အခန်း ၁၂၁၈
Vol. 105 Ch. 1218
အခန်း ၁၂၁၈
ကော်နာက ပြုံးလိုက်သည်။
“ငါ မင်းကို အရင်ကတည်းက ပြောဖူးသားပဲ။ ငါတို့ မဟာမိတ်အဖွဲ့ရဲ့ အရင်းအမြစ်တွေက စိတ်ကူးလို့မရအောင် ပေါများလှပါတယ်ဆို။ SSS အဆင့် ဘီယာဆိုတာမျိုးက နေရာတိုင်းမှာ ရှိနေတာပဲ။ ပြီးတော့ လူတိုင်း အဆင့်တွေ မြန်မြန်တက်လာနိုင်အောင်လို့ ကျွန်းပိုင်ရှင်က SSS အဆင့် အစားအစာတွေအားလုံးကို အလွန်သက်သာတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းပေးထားတယ်။ ဒါကြောင့် ဘယ်သူမဆို ဝယ်စားနိုင်ကြတယ်လေ။”
ကော်နာ၏ မိတ်ဆက်ပေးမှုကို ကြားလိုက်ရသောအခါ ဂျက်ဖ်တစ်ယောက် အံ့အားသင့်သွားရသည်။
“မဟာမိတ်အဖွဲ့ထဲက SSS အဆင့် အစားအစာတွေက ဒီလောက်လူတွေ အများကြီး လာဝယ်တာကို တကယ်ပဲ လုံလောက်အောင် ထောက်ပံ့ပေးနိုင်တယ်ပေါ့။”
“ဒါပေါ့... ငါတို့ မဟာမိတ်အဖွဲ့က ဒီလိုမျိုး အတွင်းပိုင်းတင် ရောင်းတာ မဟုတ်ဘူး။ အပြင်ဘက်ကိုပါ ထုတ်ရောင်းနေတာ။ ပြောရရင် ငါတို့ မဟာမိတ်အဖွဲ့က အသက်ရှင်ကျန်ရစ်သူတွေအားလုံးနီးပါးကို SSS အဆင့် အစားအစာတွေ ထောက်ပံ့ပေးနေတာလို့တောင် ပြောလို့ရတယ်။”
ဂျက်ဖ်က ခေါင်းညိတ်လိုက်၏။ ကော်နာက ဘီယာကို တစ်ငုံသောက်လိုက်ပြီး ဆက်ပြောလိုက်သည်။
“အခု ကျွန်းပိုင်ရှင်က မင်းကို ဖိတ်ခေါ် ကမ်းလှမ်းထားတုန်း ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ထားရမယ်။ ဒီလို အုတ်မြစ်ကျောက်ကျွန်းပေါ်မှာ နေထိုင်ရတာက တခြား အကျိုးကျေးဇူးတွေလည်း အများကြီး ရှိသေးတယ်။ ငါ အကုန်လုံးကို ရှင်းပြပေးမယ်။”
ကော်နာနှင့် ဂျက်ဖ်တို့သည် ဘီယာသောက်ရင်း တောက်တိုမည်ရ စကားစမြည် ပြောဆိုနေခဲ့ကြ၏။
“ယီရန်ပင်းမဟာမိတ်အဖွဲ့က တကယ်ပဲ မင်းပြောသလို ကောင်းမွန်တာ သေချာရဲ့လား။”
ဂျက်ဖ်အနေဖြင့် ကော်နာ၏ ဖော်ပြချက်များမှာ ယုံနိုင်စရာမရှိအောင်ပင် ကောင်းလွန်းနေသည်ဟု ခံစားနေရသည်။ ကော်နာက အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ဂျက်ဖ်ကို ပို၍ စိတ်လှုပ်ရှားသွားစေမည့် စကားတစ်ခွန်းကို ပြောလိုက်သည်။
“ပိုပြီး အရေးကြီးတာက... မင်း ဒီကိုလာရင် ပိုပြီးတော့ အဆင့်မြင့်တဲ့ စက်မှုနည်းပညာ တွေကို လေ့လာခွင့်ရလိမ့်မယ်။”
၎င်းကို ကြားလျှင် ဂျက်ဖ်တစ်ယောက် မှင်တက်သွားခဲ့သည်။
“ငါတို့ လူပုမျိုးနွယ်စုရဲ့ နည်းပညာထက် ပိုကောင်းတဲ့ စက်မှုနည်းပညာမျိုး ရှိလို့လား။”
“ဒါပေါ့... မင်း ဒီအသက်ရှင်ကျန်ရစ်သူတွေရဲ့ နည်းပညာကို ထိတွေ့ခွင့်ရသွားတဲ့အခါကျရင် ငါတို့ရဲ့ စက်မှုအတတ်ပညာတွေက ကလေးကစားစရာအဆင့်ပဲ ရှိသေးတယ်ဆိုတာ မင်း သဘောပေါက်သွားလိမ့်မယ်။”
ကော်နာက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
“တကယ်ကြီးလား။”
ဂျက်ဖ်မှာ မယုံကြည်နိုင်သေးဘဲ ရှိနေဆဲပင်။ ကော်နာက သူ့ဖန်ခွက်ထဲက ဘီယာကို အကုန်မော့သောက်လိုက်၏။
“လာ... ငါ မင်းကို လိုက်ပြမယ်။ မဟုတ်ရင် မင်းက ငါ့ကို လိမ်ညာလှည့်ဖြားနေတယ်လို့ပဲ ထင်နေတော့မှာ။”
ထိုသို့ဆိုကာ ဂျက်ဖ်ကို အင်ဂျင်နီယာဌာန ရှိရာဘက်သို့ ဦးဆောင်ခေါ်သွားခဲ့တော့သည်။
ဤအချိန်တွင် ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သည် ဟင်းလင်းပြင်အက်ကွဲကြောင်းအနီးရှိ မြစ်ကမ်းပါးတစ်ခုတွင် ရှိနေခဲ့ကြသည်။
“စောစောက မသေမျိုးမဟာအကြီးအကဲ ဆင့်ခေါ်လိုက်တဲ့ ပင်လယ်ရေထဲက မသေမျိုးတွေက ဒီမြစ်ထဲကနေတစ်ဆင့် ပျံ့နှံ့သွားခဲ့တာ ဖြစ်ရမယ်။ အခုအချိန်မှာ သူတို့အများစုက ဒီကျွန်းရဲ့ အပြင်ဘက် ပတ်ပတ်လည်မှာ စုဝေးနေနိုင်သလို ပင်လယ်ရေအောက် လေဟာနယ်တံခါးတွေကနေတစ်ဆင့် တခြားနေရာတွေကို ထွက်ပြေးလွတ်မြောက်သွားလောက်ပြီ။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“ဒါဆို ငါတို့ အရင်ဆုံး လေဟာနယ်တံခါးတွေ အနီးအနားမှာရှိတဲ့ မသေမျိုးတွေကို ရှင်းလင်းပြီးတော့ အဲ့ဒီနေရာတွေကို စောင့်ကြပ်ရမယ်။ အနည်းဆုံးတော့ သူတို့တွေ တခြားနေရာတွေကို ထပ်ပြီး ပျံ့နှံ့မသွားအောင် တားဆီးရလိမ့်မယ်။ ပျံ့နှံ့သွားနှင့်ပြီးသား ကောင်တွေကိုတော့ သက်ဆိုင်ရာ မဟာမိတ်အဖွဲ့တွေ သူတို့ဘာသာ ကိုင်တွယ်ဖြေရှင်းကြပါစေ။”
“အင်း... အဲ့လိုလည်း ရပါတယ်။ ဒါပေမဲ့ ဒီမှာရှိတဲ့ လေဟာနယ်တံခါး အရေအတွက်က မနည်းဘူး။ ဒီလောက်များပြားတဲ့ လေဟာနယ်တံခါးတွေကို ကာကွယ်စောင့်ကြပ်ဖို့ဆိုရင် ငါတို့ရဲ့ ရေငုပ်သင်္ဘောတွေနဲ့ မလုံလောက်ဘူး။”
ကျန်းယွင်ထျန်းက မျက်မှောင်ကြုတ်ကာ ဆိုသည်။
“ဒါဆိုရင် ပိုပြီး ထုတ်လုပ်လိုက်ရုံပေါ့။ ငါတို့ ဒီမသေမျိုးမျိုးနွယ်စုရဲ့ ကိစ္စကို တစ်ခါတည်း အပြတ်ရှင်းပစ်ရမယ်။”
“ဟုတ်ကဲ့ပါ။”
“ရေငုပ်သင်္ဘောတွေ စီစဉ်တဲ့ကိစ္စကိုတော့ မင်းကိုပဲ လွှဲထားလိုက်မယ်။ ငါ ဂရုချက်ထဲ သွားပြီး လူတိုင်းကို ပင်လယ်ထဲက မသေမျိုးတွေကို ဝိုင်းပြီး ရှင်းလင်းကြဖို့ လှုံ့ဆော်လိုက်ဦးမယ်။”
“ဟုတ်ကဲ့။”
ရှောင်းယီသည် လေကြောင်းခံတပ်ပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြန်လာခဲ့ပြီး ဂရုချက်ထဲတွင် စာပို့လိုက်သည်။
“အားလုံးပဲ... ကျုပ်တို့ ပင်လယ်ထဲမှာ ကျန်နေသေးတဲ့ မသေမျိုးတွေကို ရှင်းလင်းရေးလုပ်ဖို့ ပြင်ဆင်နေတာမို့လို့ လူတိုင်း ပူးပေါင်းပါဝင်ပေးကြဖို့ လိုအပ်တယ်။ ခင်ဗျားတို့ သက်ဆိုင်ရာ မဟာမိတ်အဖွဲ့တွေရဲ့ အနီးအနားမှာရှိတဲ့ ပင်လယ်ရေအောက် လေဟာနယ်တံခါးတွေ အနီးက မသေမျိုးတွေကို အပြတ်အသတ် ရှင်းလင်းပေးကြပါ။ သူတို့ကို ဒီအတိုင်း ပစ်ထားရင် အမြဲတမ်း ပြဿနာဖြစ်နေလိမ့်မယ်။”
“သူဌေး...ကျုပ်တို့လည်း အဲ့ဒါတွေကို ရှင်းလင်းချင်တာပေါ့။ ဒါပေမဲ့ လောလောဆယ်မှာတော့ စိတ်ကူးပဲရှိပြီး လက်တွေ့ ခွန်အားမရှိဘူး ဖြစ်နေတယ်။”
“ကျုပ်တို့ မဟာမိတ်အဖွဲ့လည်း အတူတူပါပဲ။ အဲ့ဒီလက်မည်းကြီးက တကယ့်ကို လူမဆန်တာပဲ။ အခုမှ ရက်သတ္တပတ်ရဲ့ အစပဲ ရှိသေးတာကို...ကိစ္စတွေက တစ်ခုပြီးတစ်ခု တန်းစီနေတာပဲ။”
“အမှန်ပဲ...။ ပင်လယ်သတ္တဝါတွေကလည်း လာတိုက်နေကြတယ်။ ဒေသခံတွေရဲ့ သင်္ဘောတွေကလည်း ကျုပ်တို့ရဲ့ အကန့်အသတ်ကို လာပြီး စမ်းသပ်တဲ့အနေနဲ့ အနီးအနားမှာ ဟိုဟိုဒီဒီ လျှောက်ပြီး လှည့်ပတ်မောင်းနေကြတယ်။”
လူတိုင်း၏ ပြန်စာများကို မြင်လိုက်ရသောအခါ ရှောင်းယီတစ်ယောက် ခဏကြာအောင် မှင်တက်သွား၏။ အန်းယွဲ့က ဤကိစ္စများကို သူ့ထံ သတင်းပို့တင်ပြသည်ကို မကြားမိသေးသဖြင့် သူက ဤသို့သာ ပြောလိုက်နိုင်တော့သည်။
“ဒါဆိုရင် ပင်လယ်ထဲက မသေမျိုးတွေကို ရှင်းလင်းတဲ့ကိစ္စကို အရမ်းမလောတော့ပါဘူး။ ခင်ဗျားတို့ လက်ရှိရင်ဆိုင်နေရတဲ့ အရေးကြီးတဲ့ အခြေအနေတွေကိုပဲ အရင်ဆုံး ကိုင်တွယ်ဖြေရှင်းလိုက်ကြပါဦး။”
“နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သူဌေး။”
“ဒါနဲ့ သူဌေးက အခုအချိန်မှာ ပင်လယ်ထဲက မသေမျိုးတွေကို ရှင်းလင်းဖို့ ပြင်ဆင်နေတာဆိုတော့ သူဌေးရဲ့ မဟာမိတ်အဖွဲ့က ပင်လယ်သတ္တဝါတွေနဲ့ ဒေသခံတွေရဲ့ တိုက်ခိုက်မှုကို မရင်ဆိုင်ရဘူးလား။”
“သူဌေးရဲ့ မဟာမိတ်အဖွဲ့မှာ စစ်အင်အားက အရမ်းကိုမှ အလုံအလောက် ရှိနေတာပဲ။ ဒီလို တိုက်ခိုက်မှုမျိုးတွေကို လုံးဝ စိုးရိမ်စရာ မလိုဘူး။”
“အတိအကျပဲ။ ပြီးခဲ့တဲ့အပတ်က မသေမျိုးတွေကို တိုက်ခိုက်တုန်းက မမြင်လိုက်ကြဘူးလား။ လေယာဉ်တွေ၊ အမြောက်တွေ၊ စက်သေနတ်တွေ အမျိုးကိုစုံနေတာပဲ။ အဲ့ဒါတွေနဲ့ဆိုရင် ဒေသခံတွေ ဘယ်လောက်ပဲလာလာ ပြန်မောင်းထုတ်ခံရမှာပဲ။”
“ဟူး... နှိုင်းယှဉ်လို့တောင် မရပါဘူး။ ငါတို့လည်း ပင်လယ်သတ္တဝါတွေကိုပဲ ပြန်ပြီး ကိုင်တွယ်ရတော့မယ်။”
၎င်းကို မြင်လိုက်ရသောအခါ ရှောင်းယီသည် လေကြောင်းခံတပ်ထဲမှ ထွက်လာပြီး ကျန်းယွင်ထျန်းကို နှုတ်ဆက်ကာ ဗီလာသို့ ပြန်လာခဲ့လိုက်သည်။
ထိုဟင်းလင်းပြင်အက်ကွဲကြောင်း ပတ်ဝန်းကျင်အနီးတွင် ဖုန်းလိုင်း မရှိသဖြင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့်သာ အခြားသူများနှင့် ဆက်သွယ်နိုင်ခြင်းကို ရှောင်းယီအနေဖြင့် အနည်းငယ် အဆင်မပြေဟု ခံစားနေရသည်။
ဗီလာသို့ ပြန်ရောက်ရောက်ချင်း ရှောင်းယီသည် အန်းယွဲ့ထံသို့ ချက်ချင်း ဖုန်းခေါ်လိုက်၏။
“ဦးလေးအန်း... ဒီနေ့ ကျုပ်တို့ မဟာမိတ်ကျွန်းကို ပင်လယ်သတ္တဝါတွေ လာတိုက်ခိုက်တဲ့ အခြေအနေ ဘယ်လိုရှိလဲ။”
အန်းယွဲ့မှာ ထိုမေးခွန်းကြောင့် သိသိသာသာ ဆွံ့အသွားခဲ့သည်။
“ငါ အဲ့ဒီကိစ္စကို ဂရုမစိုက်မိတာ တော်တော်ကြာပြီ။”
ရှောင်းယီ အနည်းငယ် အံ့သြသွားခဲ့ပြီးနောက် ချက်ချင်းပင် အခြေအနေကို သဘောပေါက်သွားခဲ့လေသည်။
“ကောင်းပြီ... ဒါဆို ကျုပ် ရွှမ်းဝူကိုပဲ သွားမေးလိုက်တော့မယ်။”
အဘယ်ကြောင့်ဆိုသော် ရွှမ်းဝူကို သိမ်းသွင်းပြီးကတည်းက ရှောင်းယီအနေဖြင့် ပင်လယ်မှ တိုက်ခိုက်မှုများအတွက် အခြေခံအားဖြင့် စိုးရိမ်ရန် မလိုတော့ပေ။ ထို့အပြင် လူသတ်ဝေလငါးအုပ်စုများလည်း ရှိနေသေးသည် မဟုတ်ပါလော။
ရှောင်းယီသည် ပင်လယ်ကမ်းစပ်သို့ ကူးပြောင်းလာပြီး စာချုပ်စွမ်းအားကို အသုံးပြုကာ ရွှမ်းဝူကို ဆင့်ခေါ်လိုက်သည်။
“ကျွန်းပိုင်ရှင်... ဒီနေ့ ဘာကိစ္စရှိလို့ ကျုပ်ကို သတိရပြီး ဆင့်ခေါ်လိုက်တာလဲ။”
ရွှမ်းဝူ၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် ပင်လယ်ရေထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။
၎င်း၏ ခန္ဓာကိုယ် အရွယ်အစားမှာ အလတ်စား တည်နေရာကူးပြောင်းခြင်း အစီအရင်တစ်ခု လွှမ်းခြုံနိုင်သော ဧရိယာထက်ပင် ပိုမိုကြီးမားလှရာ ဤသည်မှာပင် ပြီးခဲ့သည့် ဟင်းလင်းပြင်အက်ကွဲကြောင်းရှိရာ ကျွန်းပေါ်မှ မသေမျိုးများနှင့် တိုက်ပွဲတွင် ၎င်းကို ဆင့်ခေါ်ခြင်းမပြုခဲ့သည့် အကြောင်းရင်း ဖြစ်သည်။ ၎င်းသည် အစီအရင်ထဲသို့ လုံးဝ ဝင်ဆံ့နိုင်ခြင်း မရှိသောကြောင့်ပင်။
“ဒီနေ့ ကျွန်းရဲ့ အုတ်မြစ်ကျောက်တွေကို လာတိုက်တဲ့ ပင်လယ်သတ္တဝါတွေအကြောင်း လာမေးတာ။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
“ဒါပေမဲ့ မင်း ဒီလောက်အထိ အေးအေးလူလူ ရှိနေတာကို ကြည့်ရရင်တော့ သိပ်ပြီး မရှိလောက်ပါဘူး။”
“မဟုတ်ပါဘူး။ တကယ်တော့ ဒီနေ့ ကျွန်းကို လာတိုက်တဲ့ ပင်လယ်သတ္တဝါ အရေအတွက်က အတော်လေး များတယ်။ ဒါပေမဲ့ လူသတ်ဝေလငါးအုပ်စုတွေကပဲ အကုန်ကိုင်တွယ်နိုင်လို့ ကျုပ် ကိုယ်တိုင် ဝင်ပါဖို့ မလိုတာ။”
ရွှမ်းဝူက ပြန်ဖြေလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“လူသတ်ဝေလငါးတွေက အသုံးဝင်တယ်ဆိုပေမဲ့ မင်း သူတို့ကိုလည်း အနားယူခွင့် ပေးသင့်တယ်။”
“သူတို့အားလုံးက ကိုယ့်သဘောနဲ့ကိုယ် တက်တက်ကြွကြွ လုပ်နေကြတာပါ။ နေ့တိုင်း သူတို့ကို SSS အဆင့် အစားအစာတွေနဲ့ ရေတွေ အပြည့်အဝ ပေးထားတော့ တစ်နေကုန် စိတ်ဓာတ်တွေ တက်ကြွပြီး သွေးဆူနေကြတာလေ။”
ရွှမ်းဝူက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ ရှောင်းယီ အနည်းငယ် မှင်တက်သွား၏။
“ကောင်းပြီ။ ဒါဆို ပင်လယ်ထဲက ကိစ္စတွေကို မင်းကိုပဲ လွှဲထားလိုက်မယ်။ ပေါ့ပေါ့ဆဆတော့ မလုပ်နဲ့။”
“ဟုတ်ကဲ့ပါ ကျွန်းပိုင်ရှင်။”
ရွှမ်းဝူက ပြန်ဖြေလိုက်ပြီးနောက် ပင်လယ်ရေအောက်ထဲသို့ ပြန်လည်ငုပ်လျှိုးသွားခဲ့တော့လေသည်။
ဤအချိန်တွင် ကော်နာ၏နောက်သို့ လိုက်ကာ အင်ဂျင်နီယာဌာနသို့ ရောက်ရှိနေသော ဂျက်ဖ်သည် သူ၏လက်ထဲမှ ပြဋ္ဌာန်းစာအုပ်ကို ကြည့်ရင်း လုံးဝ မယုံကြည်နိုင်သော မျက်နှာအမူအရာမျိုး ဖြစ်နေခဲ့ရသည်။
“ဒီအသက်ရှင်ကျန်ရစ်သူတွေဆီမှာ တကယ်ပဲ ဒီလောက်အထိ စနစ်ကျတဲ့ စက်မှုပညာရပ်ဆိုင်ရာ ဗဟုသုတတွေ ရှိနေတာလား။”
ဂျက်ဖ်တစ်ယောက် အံ့သြတုန်လှုပ်စွာ ရေရွတ်လိုက်၏။ ကော်နာက ပြုံးလိုက်သည်။
“ဘယ်လိုလဲ။ ငါတို့နိုင်ငံရဲ့ အနီးအနားမှာ မင်းတို့အတွက် မြေကွက်တစ်ကွက် လောက် လိုချင်လား။”
“လိုချင်တာပေါ့...။ ငါတို့ လိုချင်တယ်။ ငါတို့ အခုချက်ချင်း ရွှေ့ပြောင်းမယ်။”
အစတုန်းက ဝေခွဲမရဖြစ်နေခဲ့သော ဂျက်ဖ်သည် စက်မှုပြဋ္ဌာန်းစာအုပ်ကို မြင်လိုက်ရပြီးနောက် ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်တော့သည်။
ဂျက်ဖ် ဦးဆောင်သော လူပုမျိုးနွယ်စုသည် ယီရန်ပင်းမဟာမိတ်အဖွဲ့အတွင်းသို့ ပြောင်းရွှေ့အခြေချရန် ပြင်ဆင်ကြတော့သည်။
“မလောပါနဲ့ဦး။ အရင်ဆုံး ဗဟိုတိုင်းမှူးအန်းနဲ့ စကားပြောလိုက်ဦး။ သူက မင်းတို့ရဲ့ မူလမြို့ပုံစံအတိုင်း ဒီမှာ အလားတူမြို့တစ်မြို့ကို ပြန်လည်တည်ဆောက်ပေးဖို့ လူတွေ စီစဉ်ပေးလိမ့်မယ်။”
ကော်နာက ပြုံးကာ ပြန်ဖြေလိုက်လေသည်။