← Chapters

အခန်း ၁၂၁၉

Vol. 105 Ch. 1219

အခန်း ၁၂၁၉

Vol. 105 Ch. 1219

အခန်း ၁၂၁၉

“ဟမ်...။”

ဂျက်ဖ်တစ်ယောက် မှင်တက်သွား၏။

“တစ်ပုံစံတည်း တည်ဆောက်ပေးမယ် ဟုတ်လား။ ငါတို့ရဲ့ တော်ဝင်မြို့တော်ကြီးက ဘယ်လောက်အထိ ကြီးမားကျယ်ဝန်းလဲဆိုတာ မင်း သိရဲ့လား။”

“သိတာပေါ့။ ငါ မင်းတို့ဆီ တစ်ခါမှ မရောက်ဖူးတာလည်း မဟုတ်ဘဲနဲ့။”

ကော်နာက မျက်စောင်းထိုးကာ ပြန်ပြောလိုက်သည်။

“မင်း သိတယ်ဆိုရင်... သူတို့ အဲ့ဒါကို အပြီးဆောက်ဖို့ အချိန်ဘယ်လောက်တောင် ကြာမှာလဲ။”

ဂျက်ဖ်က ဆက်ပြောလိုက်သည်။

“သူတို့ဆီမှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေ ရှိတယ်ဆိုပေမဲ့ ငါတို့ရဲ့ အိမ်ပုံစံတွေက ဒီမိုးမျှော်တိုက်တွေရဲ့ ပုံစံခွက်တွေနဲ့မှ မတူတာ။”

ဂျက်ဖ်သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များက အဆောက်အဦးများကို ချက်ချင်း တည်ဆောက်ပေးနိုင်ကြောင်း သိထားသော်လည်း ၎င်းတို့တွင် ပုံစံခွက်များ ရှိရန်လိုအပ်ပြီး လူပုမျိုးနွယ်၏ ဗိသုကာလက်ရာများမှာ လူသားများ၏ ပုံစံများနှင့် ကွဲပြားခြားနားလှသည်။

ထို့ကြောင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ရှိနေလျှင်ပင် ၎င်းသည် အလွန်တရာ အလုပ်ရှုပ်သော ကိစ္စတစ်ခု ဖြစ်နေဦးမည်ပင်။

ကော်နာက ပြုံးလိုက်သည်။

“စိတ်မပူပါနဲ့။ တခြားမဟာမိတ်အဖွဲ့တွေမှာတော့ မင်းပြောတဲ့ စိုးရိမ်ပူပန်မှုမျိုး ရှိနိုင်ပေမဲ့ ငါတို့ မဟာမိတ်အဖွဲ့မှာတော့ အဲ့ဒီပြဿနာမျိုး မရှိဘူး။ ငါတို့ရဲ့ တော်ဝင်မြို့တော်တုန်းကလည်း ရက်ပိုင်းလေးအတွင်းမှာပဲ အပြီးသတ်နိုင်ခဲ့တာ။ မင်းလည်း ရက်အနည်းငယ်ပဲ စောင့်ကြည့်လိုက်။”

ဂျက်ဖ်က ခေါင်းညိတ်လိုက်သည်။

“အဲ့ဒါဆိုရင်လည်း ပြီးတာပဲခေ။ ဒါဆို ငါလည်း ပြန်သွားပြီး တော်ဝင်မြို့တော်က အရပ်သားတွေကို ဒီကိစ္စအကြောင်း သွားပြီး တိုက်တွန်းဆော်ဩလိုက်တော့မယ်။”

ထိုသို့သော အလားတူအခြေအနေမျိုးသည် အခြားနေရာများတွင်လည်း ဖြစ်ပွားနေခဲ့၏။ ဥပမာအားဖြင့် လျှို့ဝှက်ဆန်းကြယ်သော နတ်သူငယ်မျိုးနွယ်စုတွင် ဖြစ်သည်။

ရှေ့တန်းစစ်မျက်နှာတွင် နတ်သူငယ်မျိုးနွယ်စုသည်လည်း မသေမျိုးများကို တွန်းလှန်ရာ၌ အရေးပါသော အင်အားစုတစ်ခု ဖြစ်ခဲ့သည်။ မဟာမိတ်အဖွဲ့အတွင်း၌လည်း နတ်သူငယ်မျိုးနွယ်စုများ ရှိနေကြောင်း ကြားလိုက်သိရသည့်အခါ သူတို့သည် မဟာမိတ်ကျွန်းဆီသို့ လာရောက်လေ့လာရန် ရွေးချယ်ခဲ့ကြသည်။

သူတို့သည် မဟာမိတ်အဖွဲ့အတွင်းရှိ နတ်သူငယ်မျိုးနွယ်စုအခြေချရာနေရာ၌ နတ်သူငယ်မျိုးနွယ်စု၏ အကြီးအကဲများနှင့် တွေ့ဆုံခဲ့ကြပြီး ထို့အတူပင် နက်နက်ရှိုင်းရှိုင်း ဆွေးနွေးဖလှယ်ခဲ့ကြသည်။

နောက်ဆုံးတွင်တော့ သူတို့သည်လည်း ဤနေရာသို့ ရွှေ့ပြောင်းအခြေချရန် ဆုံးဖြတ်လိုက်ကြတော့သည်။

မဟာမိတ်အဖွဲ့ထဲသို့ မရောက်ရှိသေးသည့် အခြားသော မျိုးနွယ်ခြားများသည်လည်း အုပ်စုလိုက် လာရောက်လည်ပတ်ခဲ့ကြ၏။ ဧရာမဘီလူးမျိုးနွယ်စု၏ ရှင်းလင်းပြောကြားချက်များနှင့်အတူ သူတို့သည်လည်း တစ်စုပြီးတစ်စု ရွှေ့ပြောင်းလာရန် ဆုံးဖြတ်ခဲ့ကြတော့သည်။

ဤကဲ့သို့ မျိုးနွယ်ခြားများစွာ တပြိုင်နက်တည်း ရွှေ့ပြောင်းလာကြသဖြင့် အန်းယွဲ့သည် ချက်ချင်းပင် မျိုးနွယ်စုတစ်ခုချင်းစီအတွက် အခြေချမည့်နေရာများကို စတင်စီစဉ်ပေးရတော့သည်။

၎င်းတို့ကို ပိုမိုနွေးထွေးသော မိသားစုစိတ်ဓာတ်မျိုး ခံစားရစေရန်အတွက် ရှောင်းယီက အန်းယွဲ့ကို ကြိုတင်မှာကြားထားပြီးဖြစ်သည်။ မည်သည့် မျိုးနွယ်ခြားမဆို လူဦးရေ မည်မျှပင်ရှိစေကာမူ သီးခြားနယ်မြေတစ်ခုကို သတ်မှတ်ပေးရမည်ဖြစ်ပြီး ထိုနယ်မြေအတွင်း ၎င်းတို့၌ အပြည့်အဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိစေရမည်ဖြစ်သည်။

အန်းယွဲ့သည် မျိုးနွယ်ခြားတစ်ခုချင်းစီ၏ ခေါင်းဆောင်များနှင့် ဆက်သွယ်ဆွေးနွေးပြီးနောက် သူတို့အခြေချမည့် နယ်မြေများကို မြေပုံပေါ်တွင် မှတ်သားပေးလိုက်၏။

နောက်တစ်ဆင့်မှာမူ သူတို့၏ မူလအဆောက်အဦးများကို သွားရောက်တိုင်းတာ စစ်ဆေးရန်အတွက် လူများ စေလွှတ်ခြင်းဖြစ်ပေသည်။ သို့မှသာ မဟာမိတ်ကျွန်းပေါ်၌ တစ်ပုံစံတည်း ပြန်လည်ဖန်တီးနိုင်မည် ဖြစ်သည်။

မဟာမိတ်အဖွဲ့အတွင်း၌ ထူးခြားသည့် ကိစ္စရပ်များ မရှိတော့သည်ကို မြင်သောအခါ ရှောင်းယီသည် ဟင်းလင်းပြင်အက်ကွဲကြောင်း ရှိရာသို့ ပြန်လည်ကူးပြောင်းလာပြီး မသေမျိုးမြူခိုးများ၏ အစွန်းနားသို့ သွားလိုက်သည်။

“အစ်မရွှဲ့... အခု အခြေအနေ ဘယ်လိုရှိလဲ။”

“မသေမျိုးတွေက နောက်ဆုတ်သွားပြီးတော့ ထပ်ပေါ်မလာတော့ဘူး။ ဒါပေမဲ့ ကျွန်မတို့ ဒီမသေမျိုးမြူခိုးတွေကို တဖြည်းဖြည်းချင်း အဆင့်လိုက် ရှင်းလင်းနေတုန်းပဲ။ မြူခိုးတွေရဲ့ ကိုးဆယ်ရာခိုင်နှုန်းကျော်ကို ရှင်းလင်းပြီးသွားပြီဆိုရင်တော့ အဲ့ဒီမသေမျိုးတွေကို အမြစ်ပြတ်ချေမှုန်းဖို့ အချိန်ကျပါပြီ။”

ကျန်းရွှဲ့က ပြန်ဖြေလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။

အတိအကျပင် ထိုအခိုက်အတန့်၌ ဟင်းလင်းပြင်အက်ကွဲကြောင်းတွင် ထူးဆန်းသော ဖြစ်ရပ်တစ်ခု ရုတ်တရက် ထပ်မံပေါ်ပေါက်လာပြန်၏။ ဝတ်ရုံနက်ဝတ်ဆင်ထားသော ပုံရိပ်အတော်များများက ဟင်းလင်းပြင်အက်ကွဲကြောင်း တည်ရှိရာနေရာမှ အမှန်တကယ်ပင် တိုးဝှေ့ထွက်လာကြလေသည်။ သို့သော်လည်း ယခုအချိန်တွင် ဟင်းလင်းပြင်အက်ကွဲကြောင်းကို မြင့်မားလှသော မြို့ရိုးကြီးများဖြင့် ဝန်းရံထားပြီးသား ဖြစ်သည်။ သူတို့ ခေါင်းပြူထွက်လာသည်နှင့်တစ်ပြိုင်နက် မြို့ရိုးပေါ်ရှိ အကြီးစားစက်သေနတ်ကြီးများက တဝုန်းဝုန်းနှင့် ဟိန်းဟောက်သံပေးကာ စတင်ပစ်ခတ်ကြတော့သည်။

“ဒပ်... ဒပ်... ဒပ်....”

အကြီးစားစက်သေနတ်သံများကို ကြားရသောအခါ ရှောင်းယီသည် ထိုမြို့ရိုးတည်ရှိရာနေရာသို့ ချက်ချင်းပင် ပြေးဝင်သွားလိုက်၏။

ရှောင်းယီ မြို့ရိုးပေါ်သို့ တက်ကြည့်လိုက်ပြီးနောက် တိုက်ပွဲက ပြီးဆုံးသွားခဲ့ပြီဖြစ်ကြောင်း တွေ့လိုက်ရတော့သည်။ ဝတ်ရုံနက်ဝတ်ပုံရိပ် အချို့မှာ ဟင်းလင်းပြင်အက်ကွဲကြောင်းအနီး၌ လဲကျသေဆုံးနေခဲ့ကြပြီ ဖြစ်သည်။

“ဒီလိုမျိုး အသေခံတိုးဝင်နေတာက ဘာအဓိပ္ပါယ် ရှိလို့လဲ။”

ရှောင်းယီ မျက်မှောင်ကြုတ်ရင်း တွေးတောလိုက်မိသည်။

မနေ့ညက ဖြစ်ပွားခဲ့သော အနက်ရောင်နှင့် အဖြူရောင် အလင်းတန်းနှစ်ခု၏ ပြင်းထန်သော ထိပ်တိုက်တွေ့ဆုံမှုက မသေမျိုးမျိုးနွယ်စုများအနေဖြင့် ဤဟင်းလင်းပြင်အက်ကွဲကြောင်းမှတစ်ဆင့် ဤကမ္ဘာမြေကို ဆက်လက်ကျူးကျော်ရန် လက်လျှော့သွားလောက်ပြီဟု ရှောင်းယီကို ထင်မှတ်စေခဲ့သည်။

မည်သို့ပင်ဆိုစေ ထိုလျှို့ဝှက်ဆန်းကြယ်သော အသံပိုင်ရှင်က ဤနေရာသည် မသေမျိုးများ ကျူးကျော်ဝင်ရောက်ရာနေရာဖြစ်ကြောင်း သူ သိရှိပြီးသားဖြစ်သည်ဟု ပြောကြားခဲ့သည် မဟုတ်ပါလော။

ထိုလျှို့ဝှက်ဆန်းကြယ်သော အသံပိုင်ရှင်က အလွန်အမင်း အစွမ်းထက်နေသည်ဖြစ်ရာ မသေမျိုးမျိုးနွယ်စုများအနေဖြင့် အတိုင်းအတာတစ်ခုအထိတော့ တွန့်ဆုတ်သွားသင့်သည် မဟုတ်ပါလော။ သို့သော်လည်း အခုကြည့်ရသည်မှာ ထိုသို့မဟုတ်ပဲ ရှိနေသေးပုံရသည်။

မသေမျိုးမျိုးနွယ်စုများသည် ဤကမ္ဘာကို ကျူးကျော်ဝင်ရောက်ရန် စဉ်ဆက်မပြတ် ရွေးချယ်နေကြဆဲပင်။

အမှန်တကယ်တွင် ရှောင်းယီ ပို၍ပင် စဉ်းစားမရဖြစ်နေသည့်အချက်မှာ ထိုလျှို့ဝှက်ဆန်းကြယ်သောအသံပိုင်ရှင်သည် ဤမျှအထိ စွမ်းအားကြီးမားနေပါလျက်နှင့် ဘာကြောင့် ဤဟင်းလင်းပြင်အက်ကွဲကြောင်းကို တိုက်ရိုက် လာရောက်မဖြေရှင်းပေးရသနည်း ဟူသည့်အချက်ပင်။

ရှောင်းယီ ခေါင်းခါယမ်းလိုက်ပြီး ကူကယ်ရာမဲ့စွာသာ သက်ပြင်းချလိုက်မိသည်။

“ဒါက ငါတို့ကို ပေးထားတဲ့ နောက်ထပ် စမ်းသပ်ချက်တစ်ခု ဖြစ်ရမယ်။ တကယ့်ကို ခေါင်းခဲစရာပဲ။”

“ငါတို့ ဟင်းလင်းပြင်အက်ကွဲကြောင်းဆီက မသေမျိုးတွေရဲ့ လှုပ်ရှားမှုကို အနီးကပ် စောင့်ကြည့်ရမယ်။ သူတို့ ပေါ်လာတာနဲ့ ဟင်းလင်းပြင်အက်ကွဲကြောင်းရဲ့ အထွက်မှာတင် အပြတ်ရှင်းပစ်နိုင်ဖို့ သေချာအောင် လုပ်ထား။”

ရှောင်းယီက ညွှန်ကြားလိုက်၏။

“ဟုတ်ကဲ့ပါ။”

တစ်ချိန်တည်းမှာပင် ကျိမိသားစု၏ မဟာမိတ်ကျွန်းပေါ်တွင် ကျီပါ့ထျန်းသည် ရိက္ခာသေတ္တာများထဲမှ ရရှိလာသော အုတ်မြစ်ကျောက် ၆၀၀၀၀၀ ကို ကြည့်ကာ ဝမ်းသာအားရဖြစ်နေ၏။

“ကျိယင်း... လက်မည်းကြီးက မင်းရဲ့ ဒီတစ်ခေါက် စွမ်းဆောင်ရည်ကို တော်တော်လေး အသိအမှတ်ပြုပုံရတယ်။”

ကျိကျိယင်းက ခေါင်းခါယမ်းလိုက်သည်။

“ဒါပေမဲ့ ဒီတိုက်ပွဲအတွင်းမှာ... ကျွန်တော်နဲ့ အဲ့ဒီရှောင်ယီကြားထဲမှာ တကယ့်ကို ကြီးမားတဲ့ ကွာဟချက်ကြီး ရှိနေတယ်ဆိုတာကို သိလိုက်ရတယ်။”

ကျီပါ့ထျန်းက ခေါင်းညိတ်လိုက်ပြီး ကျိကျိယင်း၏ ပုခုံးကို ပုတ်ပေးလိုက်သည်။

“အင်း... ငါလည်း ရှောင်းယီရဲ့ စွမ်းအားက ဒီလောက်အထိ ကြောက်စရာကောင်းလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး။”

ကျိကျန့်ထျန်းက မျက်မှောင်ကြုတ်လိုက်သည်။

“ဒီရှောင်းယီက ရှေးဟောင်းသိုင်းပညာမိသားစုကလည်း မဟုတ်ဘဲနဲ့ ဘာဖြစ်လို့ သူ့ရဲ့ကိုယ်ပိုင်စွမ်းအားကို ဒီလောက်အထိ မြှင့်တင်နိုင်ရတာလဲ။”

“ဒါက တကယ် ထူးဆန်းတယ်။”

ကျိပါ့ထျန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်ပြီးမှ တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် ပြောလိုက်သည်။

“ဒါပေမဲ့ စိတ်မပူပါနဲ့။ ကျိယင်း ပြောဖူးတယ်မလား...။ SSS အဆင့်ကို ရောက်ပြီးသွားရင်လည်း ငါတို့ ကျိမိသားစုရဲ့ ကျင့်စဉ်က တစ်ဦးချင်းစီရဲ့ စွမ်းအားကို ဆက်ပြီး မြှင့်တင်ပေးနိုင်သေးတယ်။ ကျိယင်းအတွက် အချိန်သာ လုံလုံလောက်လောက် ရှိမယ်ဆိုရင် တစ်နေ့ကျရင် ရှောင်းယီကို သေချာပေါက် ကျော်တက်နိုင်မှာပါ။”

“ဟုတ်တယ်။ ရှောင်းယီက ရှေးဟောင်းသိုင်းပညာမိသားစုက မဟုတ်တော့ သူ့မှာ ဘာကျင့်စဉ်မှ ရှိမှာမဟုတ်ဘူး။ ဒါက ငါတို့ရဲ့ အားသာချက်ပဲ။”

ကျိကျန့်ထျန်းကလည်း ထောက်ခံလိုက်သည်။ ကျိကျိယင်းက သူတို့နှစ်ဦးကို ကြည့်ကာ လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

“အဖေ... ဒုတိယဦးလေး ကျွန်တော် တံခါးပိတ်ကျင့်ကြံ ဆုံးဖြတ်လိုက်ပြီ။ တကယ်လို့ ကြီးမားတဲ့ ကိစ္စရပ်မျိုး မရှိဘူးဆိုရင် လူတိုင်း SSS အဆင့် ရောက်တဲ့အထိ ကျွန်တော် တံခါးပိတ် ကျင့်ကြံတော့မယ်။”

“ကောင်းပြီ... မင်း စိတ်အေးလက်အေးနဲ့ တံခါးပိတ်ကျင့်ကြံလိုက်ပါ။ မဟာမိတ်အဖွဲ့ရဲ့ ကိစ္စရပ်တွေကိုတော့ ငါနဲ့ မင်းရဲ့ ဒုတိယဦးလေးကိုသာ လွှဲထားလိုက်။”

ကျိပါ့ထျန်းက ခေါင်းညိတ် သဘောတူလိုက်သည်။ ထို့နောက် ကျိကျိယင်းတစ်ယောက် လှည့်ထွက်သွားခဲ့တော့သည်။

ကျိပါ့ထျန်းသည် ဝေးကွာသွားသော ကျိကျိယင်း၏ ကျောပြင်ကို ကြည့်ကာ လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

“ဒီမစ်ရှင်က သူ့အတွက် တကယ့်ကို အကြီးအကျယ် စိတ်ဒဏ်ရာ ရသွားစေခဲ့တာပဲ။”

“ဒါပေမဲ့ သူက ပိုပြီးတော့ တည်ငြိမ်ရင့်ကျက်လာပုံရတယ်။ လူဆိုတာ ရုန်းကန်လှုပ်ရှားမှုတွေ ကြုံတွေ့ရမှပဲ ကြီးထွားလာတတ်တာလေ။”

ကျိကျန့်ထျန်းက ပြောလိုက်သည်။

“မှန်တာပေါ့။ သူ ဒီအခြေအနေကနေ အမြန်ဆုံး ရုန်းထွက်နိုင်ပြီး စိတ်အေးချမ်းသာစွာနဲ့ ကျင့်ကြံနိုင်ပါစေလို့ပဲ မျှော်လင့်ရတော့မယ်။”

ကျိပါ့ထျန်းကလည်း ထောက်ခံလိုက်သည်။

တိလင်းထျန်းရှားဖက်တွင်မူ သူသည် ရိက္ခာသေတ္တာများထဲမှ အုတ်မြစ်ကျောက် ၈၀၀၀၀၀ ရရှိခဲ့လေသည်။ ဤသည်မှာ သူ၏ ပံ့ပိုးကူညီမှုက ကျိကျိယင်းထက် ပိုမိုများပြား၍ မဟုတ်ဘဲ ခေါင်းဆောင်သုတ်သင်ရေးစစ်ဆင်ရေးတွင် သူတို့မဟာမိတ်အဖွဲ့မှ လူနှစ်ဦး ပါဝင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

သူတို့နှစ်ဦး ပေါင်းစပ်လိုက်သောအခါ စုစုပေါင်း အုတ်မြစ်ကျောက် ၈၀၀၀၀၀ ကို ဆုလာဘ် ရရှိခဲ့ခြင်းဖြစ်သည်။

“ဒီလိုမျိုး ဆုလာဘ်တွေကနေတစ်ဆင့် အုတ်မြစ်ကျောက်တွေ ရတာက တကယ် အမြန်ဆုံးပဲ။”

ချင်ချင်းလုံက ပြုံးကာ ပြောလိုက်သည်။ တိလင်းထျန်းရှားက ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်။ ဒါပေမဲ့ ချင်းလုံ... မင်းလည်း မင်းရဲ့ အဆင့်ကို မြန်မြန်မြှင့်တင်ရမယ်။ တကယ်လို့ ငါတို့ မဟာမိတ်အဖွဲ့ကနေ ဒီမစ်ရှင်မှာ နောက်ထပ် လူတစ်ယောက်သာ ထပ်ပြီး ပါဝင်နိုင်ခဲ့မယ်ဆိုရင် ဆုလာဘ်က အခုထက်မက ပိုများနိုင်တယ်။”

“ဟုတ်ကဲ့ပါ။ ကျွန်တော် သေချာပေါက် တတ်နိုင်သမျှ အမြန်ဆုံး အဆင့်တက်အောင် လုပ်ပါ့မယ်။”

တိလင်းထျန်းရှားသည် ထိုအုတ်မြစ်ကျောက်များကို ကြည့်ကာ သက်ပြင်းချလိုက်၏။

“ယီရန်ပင်းရဲ့ ကျွန်းဧရိယာက ပိုပိုပြီး ကြီးမားလာနေပြီ။ အခုလိုမျိုး ထပ်ဆောင်းဆုလာဘ် နှစ်ဆရတဲ့ အခြေအနေနဲ့ပါ ပေါင်းလိုက်မယ်ဆိုရင် ဘယ်သူမှ သူ့ကို ကျော်ဖြတ်နိုင်မယ့် အခွင့်အရေး ရှိတော့မယ် မထင်ဘူး။”

ချင်ချင်းလုံက ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ်။ ဒါက လူတိုင်းကို တစ်ချက်တည်းနဲ့ ဖုန်မှုန့်တွေကြားမှာ ချန်ထားခဲ့သလိုပဲ။”

“မူလကတော့ ငါ နောက်တစ်ဆင့်ကျရင် သူ့ကို ကျော်တက်ဖို့ ရည်မှန်းထားတာ။ ဒါပေမဲ့ အခုကြည့်ရတာတော့ အခွင့်အရေးမရှိတော့ဘူး ထင်တယ်။”

တိလင်းထျန်းရှားက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်မိတော့သည်။

“မနေ့က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ အသိပေးချက်ထဲမှာလည်း ပြောထားတယ်...။ ကျွန်းဧရိယာရဲ့ အရွယ်အစားက နောက်ထပ်တစ်ဆင့်အတွက် အရမ်း ကြီးမားတဲ့ သက်ရောက်မှု ရှိလိမ့်မယ်။ ရှောင်းယီရဲ့ အားသာချက်က တခြားလူတွေအားလုံးကို လုံးဝ အပြတ်အသတ် ကျော်လွန်သွားခဲ့ပြီ။”

ချင်ချင်းလုံက ခေါင်းကို ခါယမ်းရင်း ပြောလိုက်သည်။

All Chapters