အခန်း ၁၂၂၀
Vol. 105 Ch. 1220
အခန်း ၁၂၂၀
“ဟုတ်တယ်။”
တိလင်းထျန်းရှားက သက်ပြင်းတစ်ချက်ချလိုက်ပြီး လေကို အဝဝရှူသွင်းကာ ပြောလိုက်သည်။
“ဒါပေမဲ့လည်း... ငါ ပိုပြီး ကြီးမားတဲ့ အားသာချက်တစ်ခုရဖို့အတွက် ဆက်ပြီး တိုက်ပွဲဝင်ရဦးမှာပဲ။”
“မဟာမိတ်ခေါင်းဆောင်... နောက်ထပ် ငါတို့ ဘာဆက်လုပ်ကြမလဲ။”
ချင်ချင်းလုံက မေးလိုက်သည်။
“အပြင်ဘက်ကို တိုက်ခိုက်မယ်။”
တိလင်းထျန်းရှားက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။ ချင်ချင်းလုံ အနည်းငယ် မှင်တက်သွား၏။
“ကျွန်တော်တို့ အနီးအနားမှာရှိတဲ့ မဟာမိတ်အဖွဲ့တွေကို သွားတိုက်မလို့လား။”
“မဟုတ်ဘူး... ငါတို့ တခြားနိုင်ငံခြား မဟာမိတ်အဖွဲ့တွေကို သွားတိုက်ကြမှာ။”
တိလင်းထျန်းရှားက ပြန်ဖြေလိုက်သည်။
“ကောင်းပြီ။ ကျွန်တော် နားလည်ပါပြီ။ ကျွန်တော့်ဘက်ကနေ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားလိုက်ပါ့မယ်။”
မနေ့က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အသိပေးချက်ကို ရရှိပြီးနောက် အပြင်ဘက်သို့ ကျူးကျော်စစ်ဆင်နွှဲရန် ဆုံးဖြတ်လိုက်ကြသည်မှာ သူတို့မဟာမိတ်အဖွဲ့တစ်ခုတည်း မဟုတ်ပေ။
အပြင်ဘက်သို့ ကျူးကျော်ခြင်းအားဖြင့်သာ အုတ်မြစ်ကျောက်များကို ပိုမိုမြန်ဆန်စွာ ရရှိနိုင်လိမ့်မည်ဟု လူတိုင်း တွေးတောနေကြပုံရသည်။
မဟာမိတ်အဖွဲ့များစွာသည် ကျူးကျော်စစ်အတွက် ပြင်ဆင်နေကြသော်လည်း ယီရန်ပင်းမဟာမိတ်အဖွဲ့ကိုတော့ မည်သည့်မဟာမိတ်အဖွဲ့မျှ ပစ်မှတ်မထားရဲကြချေ။
မသေမျိုးမျိုးနွယ်စုများကို တိုက်ခိုက်ခဲ့သည့် ဤတိုက်ပွဲမှတစ်ဆင့် ယီရန်ပင်း မဟာမိတ်အဖွဲ့သည် ၎င်းတို့၏ အစွမ်းထက်လှသော စစ်အင်အားကို လူတိုင်းအား သက်သေပြသခဲ့ပြီးဖြစ်၏။
မည်သည့်မဟာမိတ်အဖွဲ့မျှ ယီရန်ပင်းမဟာမိတ်အဖွဲ့နှင့် ထိပ်တိုက်တွေ့ပြီး ထပ်မံမစမ်းသပ်ရဲကြတော့ပေ။
ရှောင်းယီအနေဖြင့်လည်း အခြားမဟာမိတ်အဖွဲ့များကို လိုက်လံတိုက်ခိုက်ရန် စိတ်မဝင်စားပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ပိုင်ဆိုင်ထားသော သေးငယ်လှသည့် နယ်မြေအကျယ်အဝန်းကို သူ လုံးဝ အထင်မကြီးသောကြောင့်ပင် ဖြစ်သည်။
စကားပုံတစ်ခု ရှိသည်မဟုတ်ပါလော။ လူတစ်ယောက်တွင် ရေရှည်အတွက် စိုးရိမ်ပူပန်မှု မရှိလျှင် လက်ငင်းဒုက္ခများနှင့် ကြုံတွေ့ရတတ်သည်ဟူ၍။
ရှောင်းယီကမူ ယခုအခါ ထိုစကားနှင့် ပြောင်းပြန်ဖြစ်နေခဲ့လေသည်။ သူ့တွင် လက်ငင်းဒုက္ခဟူ၍ မရှိသဖြင့် အနာဂတ်အတွက် ပိုမိုတွေးတောနေရခြင်း ဖြစ်သည်။
မသေမျိုးမျိုးနွယ်များ၏ ကိစ္စမှာ အခြေခံအားဖြင့် သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေပြီဖြစ်သည်။ ပြီးခဲ့သည့်အကြိမ်ကကဲ့သို့ မသေမျိုးမြူခိုးများ ပါမလာသရွေ့ အခြား မသေမျိုးများသည် မဟာမိတ်တပ်ဖွဲ့များအတွက် မည်သည့်ခြိမ်းခြောက်မှုမျှ မပေးနိုင်တော့ချေ။
ထို့ပြင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အသိပေးချက်တွင် ဖော်ပြထားသော ဒေသခံများနှင့် ပင်လယ်ရေသတ္တဝါများ၏ တိုက်ခိုက်မှုမှာလည်း ရှောင်းယီအတွက်မူ ဂရုစိုက်စရာပင် မလိုလောက်အောင် အရေးမပါလှပေ။
ထို့ကြောင့် ယခုအခါ ရှောင်းယီသည် ဤကမ္ဘာကြီးနှင့်ပတ်သက်သော အချက်အလက်များကို မည်သို့ပိုမို တူးဆွရမလဲဆိုသည်ကိုသာ စဉ်ဆက်မပြတ် စဉ်းစားနေမိသည်။
သူသည် ယီထျန်းဂရုချက်အတွင်းသို့ စာတစ်စောင် ပို့လိုက်သည်။
“စစ်တမ်းတစ်ခု ကောက်ယူချင်လို့ပါ။ အရင်အသုတ်က အသက်ရှင်ကျန်ရစ်သူတွေရဲ့ ကျွန်းတွေကို ရှာဖွေတွေ့ရှိခဲ့တဲ့သူ ဘယ်နှစ်ယောက်လောက် ရှိလဲ။”
“အရင်အသုတ်က အသက်ရှင်ကျန်ရစ်သူတွေရဲ့ ကျွန်းတွေ ဟုတ်လား။ အဲ့ဒါမျိုးက သိပ်မရှိလောက်ဘူး ထင်တယ်။ ဘာပဲဖြစ်ဖြစ် ကျုပ်ကတော့ တစ်ခုမှ မတွေ့ဖူးသေးဘူး။”
“ကျုပ်လည်း မတွေ့ဖူးသေးဘူး။”
“မတွေ့ဖူးသေးဘူး + ၁၀၀၈၆။”
လူတိုင်း၏ ပြန်စာများကို ကြည့်ရင်း ရှောင်းယီ မျက်မှောင်ကြုတ်သွား၏။
“တစ်ယောက်မှ ရှာမတွေ့ခဲ့ဘူးလား။”
သူက ထပ်မေးလိုက်၏။ စကားဝိုင်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
တစ်နည်းအားဖြင့် ပြောရလျှင် ယခုအချိန်အထိ ရှောင်းယီတစ်ဦးတည်းသာ ရင်အသုတ်က အသက်ရှင်ကျန်ရစ်သူများ၏ ကျွန်းနှစ်ကျွန်းကို ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
ပြီးခဲ့သည့်အပတ်က အသက်ရှင်ကျန်ရစ်သူများထံတွင် အတိအကျ ဘာတွေဖြစ်ပျက်ခဲ့သနည်း။ အဘယ်ကြောင့် ဒီလောက်အထိ နည်းပါးနေရသနည်း။
မနေ့က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အသိပေးချက်အရ ဆိုလျှင်... အရင်အသုတ်က အသက်ရှင်ကျန်ရစ်သူများသည် နောက်ထပ်အဆင့်သို့ ကူးပြောင်းသွားသည့်အခါ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များနှင့် အုတ်မြစ်ကျောက်များအားလုံးကို သူတို့နှင့်အတူ တစ်ပါတည်း ယူဆောင်သွားခဲ့ကြခြင်း ဖြစ်နိုင်ပါမည်လော။
ဤအချက်တစ်ခုတည်းကသာ ဤနေရာတွင် အုတ်မြစ်ကျောက်ကျွန်းများ အဘယ်ကြောင့် ယခုလောက်အထိ နည်းပါးနေရသနည်းဆိုသည်ကို ရှင်းပြနိုင်ပေလိမ့်မည်။
ရှောင်းယီ ကိုယ်ခေါင်းကိုယ် ပွတ်သပ်မိလိုက်၏။ ရှေ့ဆက်ပြီး ဘာတွေဖြစ်လာမလဲဆိုသည်ကို လုံးဝ မသိရှိရသော ဤခံစားချက်ကြီးမှာ တကယ့်ကို ခေါင်းခဲစရာ ကောင်းလှသည်။
ထိုအခိုက်အတန့်တွင် ဂရုချပ်ထဲမှ လူတစ်ဦးက ရုတ်တရက် ပြောလာခဲ့လေသည်။
“ကျုပ် အုတ်မြစ်ကျောက်ကျွန်းတစ်ခုတော့ ရှာတွေ့ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒါက သိပ်တော့မကြီးဘူး။”
“အဲ့ဒါက ဘယ်နားမှာလဲ။ တည်နေရာကို မျှဝေပေးလို့ ရမလား။”
ရှောင်းယီက ဆက်ပြီး မေးလိုက်သည်။
“ရတာပေါ့။”
ထိုလူက ပြန်ဖြေပြီး သူ အုတ်မြစ်ကျောက်ကျွန်းကို ရှာဖွေတွေ့ရှိခဲ့သည့် တည်နေရာကို ချက်ချင်းပင် ချပြပေးလိုက်သည်။
ဤတည်နေရာမှာ သူတို့ယခင်နယ်မြေ၏ ဝေးလံခေါင်ဖျားသော ထောင့်စွန်းတစ်ခုတွင် တည်ရှိနေခြင်းဖြစ်သည်။
“အဲ့ဒီ အုတ်မြစ်ကျောက်ကျွန်းပေါ်မှာ ထူးဆန်းတဲ့ အရာတစ်ခုခု တွေ့ခဲ့သေးလဲ။”
“ထူးထူးခြားခြားတော့ ဘာမှမရှိပါဘူး။ ဒါပေမဲ့ အဲ့ဒီ အုတ်မြစ်ကျောက်ကျွန်းပေါ်မှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တော့ မရှိဘူး။”
ထိုလူက ပြန်ဖြေလာခဲ့သည်။
“ကျွန်းအထိမ်းအမှတ်ကျောက်တိုင် မရှိဘူး ဟုတ်လား။ ဒါက ထူးဆန်းတာပဲ။ တစ်စုံတစ်ယောက်က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ဖျက်ဆီးပစ်ပြီးတော့ အုတ်မြစ်ကျောက်တွေကို ပြန်မသိမ်းဆည်းသွားတာမျိုးလား။”
“အဲ့ဒီလို ထူးဆန်းတဲ့ လူမျိုးတွေလည်း ရှိနိုင်တာပဲ။”
“ဖြစ်နိုင်တာကတော့... ဒီကမ္ဘာကို ရောက်ခါစမှာတင် မျှော်လင့်ချက်တွေကုန်၊ စိတ်ဓာတ်ကျပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို တိုက်ရိုက်ရိုက်ခွဲပစ်ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သွားတာမျိုး ဖြစ်လိမ့်မယ်။”
“အားပါးပါး...အဲ့ဒါဆို သူပ စိတ်ကျန်းမာရေးမကောင်းတဲ့ လူတစ်ယောက်ပဲ ဖြစ်ရမယ်။ ဟုတ်တယ်မလား။”
“ကမ္ဘာ့စည်းမျဉ်းတွေထဲမှာ စိတ်မနှံ့တဲ့လူတွေကို ဆွဲမခေါ်ရဘူးလို့ မပြဋ္ဌာန်းထားဘူးလေ။”
“အဲ့ဒါလည်း ဟုတ်တာပဲ။”
လူတိုင်း၏ ဆွေးနွေးပြောဆိုမှုများကို ကြည့်ရင်း ရှောင်းယီ မျက်မှောင်ကြုတ်သွားမိသည်။ မူလက သူသည် ထိုအုတ်မြစ်ကျောက်ကျွန်းပေါ်တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ရှိနေလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
၎င်းက ရှိမနေဘဲ နေလိမ့်မည်ဟု သူ ထင်မထားခဲ့မိချေ။
ရှောင်းယီ အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ဂရုထဲတွင် စာထပ်ပို့လိုက်၏။
“လူတိုင်း အပြင်ဘက်ကို ထွက်ပြီး ပိုပြီးတော့ စူးစမ်းလေ့လာသင့်တယ်။ အဲ့လိုဆို အရင်အသုတ်က အသက်ရှင်ကျန်ရစ်သူတွေ ချန်ထားခဲ့တဲ့ အုတ်မြစ်ကျောက်ကျွန်းတွေကို ကြုံတွေ့ရနိုင်ခြေရှိတယ်။ အဲ့ဒါက မင်းတို့ကို အုတ်မြစ်ကျောက်တွေ ပိုပြီး မြန်မြန်ဆန်ဆန် ရရှိစေနိုင်လိမ့်မယ်။”
“မှန်တယ်... ကျုပ်တို့ မဟာမိတ်အဖွဲ့လည်း အပြင်ထွက်ပြီး စူးစမ်းလေ့လာဖို့အတွက် သင်္ဘော တော်တော်များများကို စီစဉ်ပြီးသွားပြီ။”
“ဟုတ်တယ်... ဘာပဲဖြစ်ဖြစ် နောက်တစ်ဆင့်က ဘာလဲဆိုတာ ဘယ်သူမှ မသိနိုင်တော့ ကိုယ့်ဘက်က အားသာချက်တွေကို မြန်မြန်ဆန်ဆန် စုဆောင်းထားတာက ပိုကောင်းတယ်။”
“အတိအကျပဲ...။ ကျုပ်တို့ကတော့ ကျူးကျော်စစ် ဆင်နွှဲရင်းနဲ့ တစ်ဖက်ကလည်း စူးစမ်းရှာဖွေသွားမှာပါ။ ကျုပ် မိခင်နိုင်ငံက မဟာမိတ်အဖွဲ့တွေကို သွားမတိုက်ဘူး။ အချိန်ကျရင် လူတိုင်း ရှားနိုင်ငံရဲ့ အလံကို ထုတ်လွှင့်ပြသထားကြပါ။”
“ဟုတ်တယ်...။ ကျုပ်တို့လည်း နိုင်ငံခြား မဟာမိတ်အဖွဲ့တွေကိုပဲ ပစ်မှတ်ထားဖို့ ပြင်ဆင်နေတယ်။”
၎င်းကို မြင်လျှင် ရှောင်းယီသည် အန်းယွဲ့ထံသို့ ချက်ချင်း ဖုန်းခေါ်လိုက်၏။
“ဦးလေးအန်း...ဦးလေးဘက်ကနေ စီစဉ်စရာရှိတာတွေ စီစဉ်လိုက်ပါ။ နယ်မြေတစ်ခုချင်းစီက ဝန်ထမ်းတွေ ကိုယ်ပိုင်သင်္ဘောအုပ်စုတွေ ဖွဲ့စည်းပြီး အပြင်ထွက်ပြီး စူးစမ်းရှာဖွေခိုင်းလိုက်။ အရင်အသုတ်က အသက်ရှင်ကျန်ရစ်သူတွေ နေထိုင်ခဲ့တဲ့ အုတ်မြစ်ကျောက်ကျွန်း အချို့ကို ရှာတွေ့နိုင်ဖို့ မျှော်လင့်တယ်။”
“အင်း... ငါ အခုချက်ချင်း စီစဉ်လိုက်မယ်။”
အရာအားလုံး စီစဉ်ပြီးနောက် ရှောင်းယီ စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
“ရလဒ်တစ်ခုခု ထွက်လာဖို့ မျှော်လင့်ရတာပဲ။”
“ကျွန်းပိုင်ရှင်... ဟင်းလင်းပြင်အက်ကွဲကြောင်းဘက်မှာ မသေမျိုးတွေကို စပြီးရှင်းလင်းနေပါပြီ။”
ဆုဝမ်က ရှောင်းယီထံသို့ အပြေးအလွှား လာရောက်သတင်းပို့လာခဲ့သည်။
ရှောင်းယီ ခေါင်းညိတ်ပြလိုက်ပြီးနောက် မြို့ပြန်ကျောက်ကို တိုက်ရိုက်အသုံးပြုကာ ဟင်းလင်းပြင်အက်ကွဲကြောင်း တည်ရှိရာနေရာသို့ ပြန်လာခဲ့လိုက်သည်။
ကျန်းယွင်ထျန်းနှင့် ကျန်းးရွှဲ့တို့သည် တပ်ဖွဲ့ဝင်များကို ဦးဆောင်ကာ မသေမျိုးတပ်စုများဆီသို့ စစ်ကြောင်းဖွင့် တိုက်ခိုက်နေကြပြီ ဖြစ်သည်။
သူတို့သည် ဟင်းလင်းပြင်အက်ကွဲကြောင်းကို ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်သော်လည်း ကျန်ရှိနေသေးသော မသေမျိုး၏ အရေအတွက်မှာ အတော်လေး များပြားနေဆဲပင်။
ရှောင်းယီသည် ဤကမ္ဘာကြီးနှင့်ပတ်သက်သော အချက်အလက်များကို ပိုမိုမသိရှိနိုင်သဖြင့် ဖြစ်ပေါ်နေသော ဒေါသများကို သူ၏ရှေ့မှောက်ရှိ မသေမျိုးများအပေါ်၌သာ ပုံချလိုက်ရတော့သည်။
သူသည် ရွှမ်းယွမ်ဓားကို ဆွဲထုတ်ကာ ရှေ့တန်းသို့ တိုက်ရိုက်ဝင်ရောက် တိုက်ခိုက်လိုက်တော့သည်။
ထိုစဉ် အလတ်စား တစ်နေရာကူပြောင်းခြင်း အစီအရင်မှ အဖြူရောင်အလင်းတန်း တစ်ခု ဖျတ်ခနဲ လက်သွားပြီးနောက် ကျားကျန့်နှင့် ဟူကျဲတို့သည်လည်း ဧရာမဘီလူးမျိုးနွယ်စုဝင်များကို ဦးဆောင်ကာ ထပ်မံရောက်ရှိလာခဲ့ကြလေသည်။
သူတို့သည် ယီရန်ပင်းမဟာမိတ်အဖွဲ့အတွင်းရှိ ကိစ္စရပ်များကို အခြေချပြီးသွားပြီ ဖြစ်သဖြင့် ဤနေရာတွင် နောက်ဆုံးပိတ် ရှင်းလင်းရေး တိုက်ပွဲ စတင်နေပြီလားဆိုသည်ကို လာရောက်ကြည့်ရှုကြခြင်း ဖြစ်သည်။
“တိုက်ပွဲက စနေပြီကို... ဘာလို့ ငါတို့ကို လှမ်းမခေါ်တာလဲ။ ကျွန်းပိုင်ရှင်က တကယ်မတရားတာပဲ။”
ဟူကျဲတစ်ယောက် သူ၏ သံတုတ်ကြီးကို ချက်ချင်းဝှေ့ယမ်းကာ ရှေ့သို့ ပြေးဝင်သွားတော့သည်။
ကျားကျန့်ကလည်း အခြားဧရာမဘီလူးကြီးများကို ဦးဆောင်ကာ အတူတူ ဝင်ရောက်တိုက်ခိုက်လိုက်ကြသည်။
“ကျွန်းပိုင်ရှင်... ဘာလို့ ကိုယ်တိုင် ဝင်တိုက်နေတာလဲ။”
ကျားကျန့်တစ်ယောက် ရှောင်းယီ ဘေးနားသို့ ရောက်ရှိလာခဲ့ပြီး မသေမျိုးများကို ချေမှုန်းရင်း မေးလိုက်သည်။
“ကျုပ် စဉ်းစားလို့မရတဲ့ အရာတချို့ ရှိနေလို့ ဒေါသထွက်နေတယ်လေ။ အဲ့ဒါကြောင့် စိတ်ထွက်ပေါက် ရှာနေတာ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဟိုမျိုးနွယ်ခြားတွေရဲ့ ကိစ္စတွေ အားလုံး အဆင်ပြေသွားပြီလား။”
“သူတို့အတွက်က ထွေထွေထူးထူး စီစဉ်စရာမလိုပါဘူး။ ဗဟိုတိုင်းမှူးအန်းကပဲ အကုန်လုံးကို ကိုင်တွယ်ဖြေရှင်းပေးသွားတယ်။ ငါက သူတို့ကို မဟာမိတ်အဖွဲ့ရဲ့ အခြေအနေကိုပဲ ပြောပြလိုက်တာပါ။ ပုံမှန်ဦးနှောက်ရှိတဲ့ ဘယ်သူမဆို ဒီကို ပြောင်းရွှေ့ဖို့ ရွေးချယ်ကြမှာပဲ။”
ကျားကျန့်က ပြန်ဖြေလိုက်သည်။ ရှောင်းယီ ခေါင်းညိတ်လိုက်၏။
“ကျုပ် တွေးနေတာက...ကျုပ်တို့ ဒီတစ်ခေါက် မသေမျိုးမျိုးနွယ်တွေကို အပြတ်ရှင်းလိုက်ရင် အနာဂတ်မှာ တခြား အသက်ရှင်ကျန်ရစ်သူ အသစ်တွေ ထပ်ပြီး ရောက်လာဦးမှာလား။ တကယ်လို့ ရောက်လာခဲ့ရင် သူတို့တွေက ဘယ်လိုမျိုး စမ်းသပ်ချက်တွေကို ရင်ဆိုင်ရဦးမှာလဲ။”
“ကျွန်းပိုင်ရှင်... မင်း အဲ့ဒီလောက်အထိ အဝေးကြီး တွေးနေဖို့ မလိုပါဘူး။”
ကျားကျန့်က ကူကယ်ရာမဲ့နေဟန်ဖြင့် ပြောလိုက်သည်။
“တစ်လှမ်းချင်းစီပဲ သွားကြတာပေါ့။ ကြည့်ရတာ မင်း ဒီမသေမျိုးတွေကို အပြတ်မရှင်းရသေးလို့ ထင်တယ်။”
ကျားကျန့်၏ စကားကို ကြားလိုက်ရသောအခါ ရှောင်းယီ အနည်းငယ် မှင်တက်သွားခဲ့ပြီးနောက် ရယ်မောကာ ပြောလိုက်သည်။
“အဲ့ဒါလည်း ဟုတ်တာပဲ။ အချိန်အတော်များများမှာ ကျုပ်တို့က ကိုယ့်အတွေ့နဲ့ကိုယ် ဒုက္ခရှာနေမိကြတယ်။ ဖိအားတွေ ရှိနေတဲ့အချိန်ကျရင် အများကြီး မတွေးမိတော့ဘူး။”
“ဒါက အမှန်တရားပဲ။”
ကျားကျန့်က တုံ့ပြန်လိုက်သည်။
“ဒါဆို ဘယ်သူက မသေမျိုးတွေကို ပိုပြီးချေမှုန်းနိုင်မလဲဆိုတာ ပြိုင်ကြည့်ကြမလား။”