← Chapters

သစ္စာဖောက်အတွင်းလူ

Vol. 14 Ch. 140

သစ္စာဖောက်အတွင်းလူ

Vol. 14 Ch. 140

ရုတ်တရတ်ထွက်ပေါ်လာသော ထိုအမျိုးသား၏အသံကြောင့် ပိုင်ရူယွဲ့မှာ ထိတ်ခနဲဖြစ်သွားကာ လူလည်း ဆတ်ခနဲမတ်သွားရသည်။

ဒီကောင်လေး ဘာများလုပ်ချင်သေးတာတုန်း။

အကုန်လုံးကို ဖွင့်ချတော့မလို့လား။

လူအများကြီးရှေ့မှာ ငါ့ကိုအရှက်ခွဲတော့မလို့ ကြံရွယ်နေတာလား။

အတိုင်းအဆမရှိသော အတွေးများ ပိုင်ရူယွဲ့၏စိတ်ထဲတွင် ဖြတ်ပြေးသွားခဲ့သည်။ သူမသည် မျက်ခုံးသွယ်လေးများကို မြှင့်တင်လိုက်ပြီး ကျဉ်းမြောင်းလှသော မျက်လုံးလှလှလေးမှတစ်ဆင့် အေးစက်စက် ခြိမ်းခြောက်အကြည့်များကို ထုတ်လွှတ်လိုက်၏။

“ဘာကိစ္စလဲ ကိုယ်ရေးအရာရှိလီ၊ နောက်မှပြောလို့ရမလား။ ဒီမင်းသမီး မေးစရာမေးခွန်းတွေ ဖြေရှင်းစရာကိစ္စတွေ ရှိနေသေးတယ်။"

"မင်းသမီးကြီး ဒီကိစ္စကအင်မတန်အရေးကြီးပါတယ်။ မင်းသမီးရှန်းယွမ်ရဲ့ ရုပ်ကလာပ်ကိစ္စနဲ့လည်း ပက်သက်နေလို့ပါ"

လီနန်ခယ့်က လေးနက်စွာတင်လျှောက်လိုက်သည်။

ထိုအမျိုးသားက မပြောမဖြစ်ပြောတော့မည့်ဟန်ပေါက်သောအခါ ပိုင်ရူယွဲ့လည်း သက်ပြင်းချရုံမှတစ်ပါးမတတ်နိုင်တော့။ ထိုအခါမှ သူမနောက်ကျောဘက်တွင် ဇောချွေးများ ရွှဲစိုနေအောင်ထွက်နေသည့်အကြောင်း သတိထားမိတော့၏။

"ပြောပါဦး ဘာကိစ္စမလို့လဲ"

ပိုင်ရူယွဲ့က လက်ဖက်ရည်ခွက်ကိုကောက်ကိုင်ကာ တစ်ငုံသောက်ပြီး ရင်ကိုငြိမ်စေလိုက်သည်။

လီနန်ခယ့်က စကားစသည်။

"ဒီတစ်ကြိမ်မှာတော့ မင်းသမီးရှန်းယွမ်ရဲ့ရုပ်အလောင်း ပြန်ပေးဆွဲခံလိုက်ရတာက တစ်ဖက်ကကြည့်ရင် ထျန်ချုံးဂိုဏ်းရဲ့ဆက်ခံသူ ဟယ့်ပန်ကျွင်း မြေခွေးတစ်ကောင်လိုပါးနပ်ပြီး တိတိကျကျ စီစဉ်ခဲ့လို့ဖြစ်ပါတယ်။ အခြားတစ်ဖက်ကကြည့်ရင်တော့ အရိပ်နက်တပ်ဖွဲ့တွေထဲမှာ ပူးပေါင်းဆောင်ရွက်ပေးတဲ့ သစ္စာဖောက်တစ်ယောက်ရှိနေလို့ပါပဲ"

သစ္စာဖောက်အတွင်းလူ။

ထိုစကားများကိုကြားပြီး ပိုင်ရူယွဲ့ မျက်ခုံးပင့်သွားသည်။

တုန်းဝမ်ခွင်းလည်း ခေါင်းရှုပ်သွားဟန်ရပြီး သူ့အဖွဲ့ထဲ သစ္စာဖောက်ဖြစ်နိုင်မည့်သူများအား လိုက်လံစဥ်းစားကြည့်နေမိ၏။

တစ်ယောက်မှ မရှိတာပဲကို။

မည်သို့ပင်ဆိုစေ အရိပ်နက်တပ်ဖွဲ့ဝင်များမှာ တစ်ယောက်မကျန် သေချာစိစစ်ရွေးချယ်ထားသူများဖြစ်ပြီး တော်ဝင်မိသားစုကို အကြွင်းမဲ့သစ္စာစောင့်သိကြသော လူယုံတော်များဖြစ်ကြသည်ပင်။ '

"အဲ့ဒီအတွင်းလူက ဘယ်သူလဲဆိုတာ မင်းရှာတွေ့ပြီးပြီလား"

ပိုင်ရူယွဲ့ကမေးလိုက်သည်။

လီနန်ခယ့်ကခေါင်းညိတ်ပြီး တုန်းဝမ်ခွင်းကို လက်ညှိုးထိုးပြလိုက်သည်။

"ဒီငယ်သား သစ္စာဖောက်ကို ခြေရာခံတွေ့ရှိပြီးပါပြီ။ အဲ့ဒီလူက ကျွန်တော်တို့ရှေ့က တပ်မှူးတုန်းပဲဖြစ်ပါတယ်"

အဖွဲ့ထဲ သစ္စာဖောက်တစ်ယောက်ပါနေမလားဟု ခေါင်းပူအောင် ကုတ်ခြစ်စဥ်းစားနေရသော တုန်းဝမ်ခွင်းမှာ သူ့နာမည်ကိုကြားလိုက်ရသည့်တစ်ခဏ ဘာမှမတုံ့ပြန်နိုင်စွာ ကြောင်အမ်းကြည့်နေမိသည်။ လီနန်ခယ့်၏လက်ညှိုးက သူ့ဆီတည့်တည့်ထိုးထားကြောင်း အကြိမ်ကြိမ်အတည်ပြုပြီးခါမှ သူ့ဒေါသက မီးတောက်ကြီးအလား အုန်းခနဲထိုးတက်လေသည်။

"ချီးစကားတွေ"

တုန်းဝမ်ခွင်း စိတ်ဆိုးမာန်ဆိုးဖြင့် မတ်တပ်ရပ်လိုက်သည်။

"လီနန်ခယ့်၊ မင်းမှာ ငါ့ကိုဖြုတ်ချဖို့ထိ သတ္တိတွေရှိနေပြီပေါ့လေ။ ငါအခုချက်ချင်း မင်းကိုအရှင်လတ်လတ်အရေခွံခွာပြီး အူတွေဆွဲထုတ်ပေးရမလား။"

"ပျာယာခတ်နေတာပဲ"

လီနန်ခယ့်က ရယ်ပြီး မင်းသမီးကြီးကိုပြောလိုက်သည်။

"မင်းသမီးကြီးပဲ ကြည့်လိုက်ပါဦး။ တပ်မှူးတုန်းတစ်ယောက် ဘာအပြစ်တွေကျူးလွန်ထားလို့များ ဒီလောက်မလုံမလဲနဲ့ ပျာယာခတ်နေရသလဲဆိုတာ"

"မင်း"

တုန်းဝမ်ခွင်းမှာ သွေးအန်တော့မတတ် ဒေါသထွက်လာသည်။

လီနန်ခယ့်ကို တစ်ချက်လောက်ကောင်းကောင်းရိုက်ဖို့ ရှေ့ကို ဝုန်းဒိုင်းကြဲတိုးသွားပေသည့် နျဲ့ယင်းထံမှ အတားခံလိုက်ရသည်။

"တပ်မှူးတုန်း၊ ဘာတွေလုပ်နေတာလဲ။ မင်းသမီးကြီးရှေ့မှာ ရှင်ဒီလောက်တောင် ရိုင်းစိုင်းဝံ့တာလား။”

လိန်ရှင်းနန်က လီနန်ခယ့်ရှေ့က ကာရပ်ထားသည်။

"ငါ့ရှေ့ကဖယ်ကြစမ်း"

တုန်းဝမ်ခွင်း၏မျက်လုံးများမှာ အရာအားလုံးကို မီး‌လောင်တိုက်သွင်းတော့မည့်အလား ဝင်းဝင်းတောက်ပူပြင်းနေပြီး သွေးကြောများထဲတွင် ‌ဒေါသမီးတောက်ရာချီဝင်နေသကဲ့သို့ ပူလောင်ပြင်းပြလျက်ရှိ၏။

ထိုလီနန်ခယ့်ကို အပိုင်းပိုင်းစုတ်ဖြဲပစ်လိုက်ချင်သည်။

လူပျော့လူညံ့ကောင်၊ ငါ့ကိုများ အတွင်းလူတဲ့ သစ္စာဖောက်တဲ့။ သက်သက်လှည့်ကွက်ဆင်ပြီး ချောက်ချဖို့ကြံနေတာ။

ပိုင်ရူယွဲ့က ခန်းမဆောင်ထဲမှ ဝရုန်းသုန်းကားအခြေအနေကို အေးအေးဆေးဆေးထိုင်ကြည့်ပြီး အတွေးနက်နေရင်းမှ ဖွဖွပြုံးသည်။

"ကိုယ်ရေးအရာရှိလီ၊ ရှင့်မှာသက်သေရှိသလား"

လီနန်ခယ့်ကဖြေသည်။

"မင်းသမီးကြီးခင်ဗျာ၊ မင်းသမီးရှန်းယွမ်ရဲ့ရုပ်အလောင်း ခိုးယူမခံရခင်က ဒီငယ်သားတပ်မှူးတုန်းကို သတိပေးစကားဆိုခဲ့ပါသေးတယ်"

"ဒါပေမဲ့ တပ်မှူးက ဒီငယ်သားရဲ့စကားကို တမင်တကာမကြားယောင်ဆောင် လျစ်လျူရှုသွားပြီး ထျန်ချုန်းဂိုဏ်းရဲ့ ခေါင်းတလားလုယူခြင်းအကြံအစည်ကို အောင်အောင်မြင်မြင် ပြီးမြောက်ခွင့်ပေးလိုက်ပါတယ်။ ဒီအချက်ကိုကြည့်ခြင်းအားဖြင့် တပ်မှူးတုန်းဟာ ထျန်ချုန်းဂိုဏ်းရဲ့အတွင်းလူဖြစ်ကြောင်း ထင်ထင်ရှားရှား သိနိုင်ပါတယ်"

"သာမန်လူသာဆိုရင် ဒီငယ်သားစကားကို မဖြစ်နိုင်လို့ မယုံချင်စေဦး၊ လျစ်လျူရှုမဲ့အစား ကြိုတင်ပြင်ဆင်မှုလောက်တော့ လုပ်ထားလောက်မှာပါ"

"လီနန်ခယ့် မင်းခွေးစကားမပြောနဲ့"

တုန်းဝမ်ခွင်းမှာ ‌ဒေါသဖြင့်တုန်ရီနေခဲ့သည်။

လီနန်ခယ့်က သူ့ကိုအဖက်မလုပ်ဘဲ စကားဆက်သည်။

"လီချန်ဘုရားကျောင်းမှာ ရှာဖွေတုန်းကလည်း မင်းသမီးရှန်းယွမ်ရဲ့ရုပ်အလောင်းဟာ ဆရာတော်ယုံမင်ရဲ့ခေါင်းတလားထဲမှာ တစ်ချိန်လုံးရှိနေခဲ့ပေမဲ့ တပ်မှူးတုန်းကတော့ တမင်တကာ နှံ့နှံ့စပ်စပ်မရှာဖွေဘဲ စစ်ဆေးရေးကို အပြီးသတ်စေခဲ့ပါတယ်။"

"အဲ့ဒီအစား တခြားနေရာတွေကိုသာ ရှာချင်ယောင်ဆောင်ပြီး ထျန်ချုံးဂိုဏ်းဆီ ရုံးတော်မှ ထပ်ပြီးအာရုံမစိုက်ဖြစ်တော့အောင် ရည်ရွယ်ချက်ရှိရှိ ကူညီပေးခဲ့ပါတယ်"

"ဒီနေရာမှာ သာမန်လူသာဆိုရင် အလောင်းကြီးတစ်ခုလုံးကို သေချာပေါက် ရှာမတွေ့စရာအကြောင်းမရှိပါဘူး"

"ကျွန်တော်မျိုးကတော့ တပ်မှူးတုန်းက အရိပ်နက်တပ်ဖွဲ့ဝင်တစ်‌ယောက်ဖြစ်တဲ့အလျောက် အဲ့လောက်တုံးအမိုက်မဲလိမ့်မယ်လို့ လုံးဝမယုံကြည်ပါဘူး။ ဒီအရာအားလုံးကို သူနောက်ကွယ်ကနေ ကြိုးကိုင်စီစဉ်ခဲ့ခြင်း ဖြစ်ပါလိမ့်မယ်။ ဒီလူက အကြံအစည်နဲ့ လူတိုင်းကို လှည့်စားခဲ့တာပါ။ မင်းသမီးကြီး၊ ကျေးဇူးပြုပြီး စုံစမ်းစစ်ဆေးပေးပါဦးခင်ဗျာ။”

တုန်းဝမ်ခွင်းကတော့ ထိုအချိန်တွင် လုံးလုံးလျားလျား စိတ်လွတ်သွားပြီဖြစ်၏။

သွေးများက ပွက်ပွက်ဆူနေသည့်ရေနွေးအိုးအလား သူ့လက်ချောင်းထိပ်များအထိ စီးဆင်းပူနွေးလာပြီး လည်ပင်းကြီးက ပေါက်ထွက်တော့မတတ် ဖောင်းကားပူပြင်းလာသည်။

သူ ဤစွပ်စွဲချက်ကိုငြင်းပယ်လျှင် လူတုံးလူအတစ်ယောက်ဖြစ်ကြောင်း ဝန်ခံရပေမည်။

မငြင်းပယ်ပြန်လျှင်လည်း တော်ဝင်ပြစ်ဒဏ် ကျခံရပေဦးမည်။

"မင်း...မင်း..."

တုန်းဝမ်ခွင်းမှာ လီနန်ခယ့်ကို လက်ညှိုးကြီးနှင့်သာထိုးနေပြီး ဒေါသထွက်လွန်း၍ စကားကောင်းကောင်းထွက်မလာ။

ပိုင်ရူယွဲ့က တူညီသောစကားကိုသာ ထပ်မေးသည်။

"မင်းမှာ သက်သေရှိလား"

"မင်းသမီးကြီးကို တင်ပြပါတယ်"

ထို့နောက်တွင် အရိပ်နက်တပ်ဖွဲ့ဝင်တစ်ဦး၏အသံက အခန်းပြင်မှ ဟိန်းထွက်လာလေသည်။

ပိုင်ရူယွဲ့က ခေါင်းဆတ်ပြကာ ဝင်လာဖို့အချက်ပြလိုက်သည်။ ဝင်လာသော အရိပ်နက်တပ်သားက ပိုင်ရူယွဲ့ကို စာတစ်စောင်ကမ်းပေးပြီး ရိုသေစွာလျှောက်တင်သည်။

"“မင်းသမီးကြီး၊ တပ်မှူးနျဲ့၊ ကျွန်တော်မျိုး ခုနက တပ်မှူးတုန်းရဲ့အခန်းထဲက လျှို့ဝှက်သေတ္တာတစ်ခုထဲကနေ စာတစ်စောင်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်ခင်ဗျာ။ ဒါက ထျန်ချုန်းဂိုဏ်းခေါင်းဆောင်ဟောင်းရဲ့ သမီးဖြစ်တဲ့ ဟယ့်ပန်ကျွင်းနဲ့ ဆက်သွယ်ထားတဲ့ လျှို့ဝှက်စာတစ်စောင် ဖြစ်ပုံရပါတယ်။”

ထိုအရိပ်နက်တပ်သားကို တုန်းဝမ်ခွင်းက မယုံနိုင်သည့်အလား မျက်လုံးကြီးပြူးကြည့်နေမိလေသည်။

ဤအရိပ်အစောင့်သည် သူ၏ ယုံကြည်ရသောလက်ထောက်တစ်ဦး ဖြစ်ပေသည်။

လူယုံတော်ကိုယ်တိုင်သည်ပင် သူ့ကို သစ္စာဖောက်ဝံ့လေပြီလော။

ရုတ်တရတ် သူတစ်ခုခုကိုတွေးမိသွားပြီး နျဲ့ယင်းကို သွေးဆာနေသောမျက်လုံးများဖြင့် စူးရဲစွာလှည့်ကြည့်လိုက်သည်။

"အဲ့ဒါမင်းပဲ။ မင်းသူ့ကိုလာဘ်ထိုးပြီး ငါ့ကို ချောက်ချလိုက်တာ"

နျဲ့ယင်း မျက်မှောင်ကြုတ်လိုက်မိပြီး ဇဝေဇဝါ ဖြစ်သွားခဲ့၏။

“တပ်မှူးတုန်း, ရှင်ဘာတွေပြောနေလဲ ကျွန်မမသိဘူး။ အပြစ်ကင်းသူက အန္တရာယ်ကင်းပြီး အပြစ်လုပ်သူက အပြစ်ရှိမှာပဲ။ ရှင်တကယ်ပဲ အပြစ်မလုပ်ထားလို့ ဒီလောက်မကျေမနပ်ဖြစ်နေရင်လည်း မင်းသမီးကြီး ရှင်းလင်းစစ်ဆေးပြီးတဲ့အထိ စောင့်ဆိုင်းရမှာပေါ့။ ဘာလို့ဒီလောက် အလျင်စလိုဖြစ်နေရတာလဲ"

"မင်းငါ့ကိုချောက်ချတာပဲ။ မင်းတို့အားလုံး ငါ့ကိုလှည့်ကွက်ဆင်ကြတာ"

တုန်းဝမ်ခွင်းမှာ ရူးသွပ်သွားတော့မတတ်ဖြစ်နေသည်။

အခြေအနေမကောင်းလှသည်ကို မြင်တွေ့ရသဖြင့် အစောင့်တပ်သားများသည် ပိုင်ရူယွဲ့ရှေ့တွင် ဝိုင်းပတ်ကာကွယ်လိုက်ကာ တစ်ဖက်ရန်သူအား မျက်ချည်မပြတ်စောင့်ကြည့်လိုက်လိုက်ကြသည်။

တုန်းဝမ်ခွင်း သူ့ရင်ထဲ ကျပ်ခဲစုပုံနေသော မကျေနပ်ချက်များကြောင့် ရူးသွပ်တော့မလို ခံစားနေရကာ ဦးခေါင်းကွဲအက်သွားတော့မည့်အလား ရှုပ်ထွေးကိုက်ခဲနေရသည်။ အထူးသဖြင့် လီနန်ခယ့်၏ ရန်စချင်သလို ခပ်လှောင်လှောင်အကြည့်ကို မြင်တွေ့လိုက်ရသည့်အချိန်တွင် သူ၏ ဆင်ခြင်တုံတရားမှာ အစမကျန်အောင် ပျောက်ကွယ်သွားခဲ့ရတော့သည်။

"ငါမင်းကိုသတ်မယ်"

တုန်းဝမ်ခွင်းက သူ၏ သံချိတ်ကောက်ကြီးကိုထုတ်လိုက်ပြီး လီနန်ခယ့်ဆီ ပြေးဝင်လာသည်။

နျဲ့ယင်းနှင့် လိန်ရှင်းနန်တို့လည်း ချက်ချင်းပင် စတင်တိုက်ခိုက်လိုက်ကြ၏။ ထိုလူသုံးဦး သေးငယ်လှသော ဧည့်ခန်းမအတွင်း၌ လုံးထွေးသတ်ပုတ်နေခဲ့ကြရာ ပတ်ဝန်းကျင်ရှိ စားပွဲနှင့်ထိုင်ခုံများမှာ အပိုင်းပိုင်းအစစဖြစ်သွားခဲ့ရပြီး ချိတ်ကောက်နှင့်ဓားသွားများ ထိမှန်ရိုက်ခတ်သံကြောင့် မီးပွားများလွင့်စင်ထွက်ကုန်ကြသည်။

ပိုင်ရူယွဲ့က စာအိတ်ကိုဖွင့်ကာ အကြမ်းဖျင်းဖတ်ကြည့်လိုက်ပြီး မျက်မှောင်ရေးရေးကြုတ်သည်။

ထို့နောက် တစ်ခုခုကို နားလည်သွားသကဲ့သို့ အမျိုးသမီး၏မျက်လုံးများ အရောင်ပြောင်းသွားပြီး လီနန်ခယ့်ကိုစိုက်ကြည့်ကာ အဓိပ္ပာယ်ဖော်ရခက်သော အပြုံးတစ်ခုကိုဆင်သည်။

သူတို့အားလုံး ကြမ်းတမ်းစွာတိုက်ခိုက်နေကြစဥ် ခြံဝင်းတွင်းမှ အသံတစ်သံ ရုတ်ချည်းထွက်ပေါ်လာခဲ့သည်။

သူတို့ ဘာမှမတုံ့ပြန်နိုင်သေးခင် ခရမ်းရောင်ဝတ်စုံဝတ်ဆင်ထားသော မျက်နှာဖုံးစွပ် အမျိုးသမီးတစ်ဦး ချိုးဖျက်ဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရပြီး နောက်တွင်လည်း ထျန်ချုံးဂိုဏ်းသားများဖြစ်ကြောင်း သိသာလှသော လူတစ်စုလိုက်ပါလာသည်။

"တပ်မှူးတုန်း၊ ရှင်အဖော်ထုတ်ခံလိုက်ရပြီပဲ၊ ဒီဘက်ကို မြန်မြန်ပြေးလာလိုက်ပါတော့"

ထိုအမျိုးသမီးက စိုးရိမ်တကြီးအော်သည်။

တုန်းဝမ်ခွင်းမှာ ဖြစ်ပျက်နေသမျှအရာအားလုံးကို ‌ကြောင်တက်တက်သာငေးကြည့်နေခဲ့သည်။ ဤသည်မှာ သူတွေးနိုင်သောအတိုင်းအတာထက်ပင် ကျော်လွန်သွားခဲ့လေပြီ။

ယခုတော့ သူကိုယ်တိုင်ပင် သူ့ကိုယ်သူ သံသယဝင်လာခဲ့ရ၏။

သူကတကယ်ပဲ သစ္စာဖောက်အတွင်းလူဖြစ်နေတာလား။

ပိုင်ရူယွဲ့က ခုံလက်တင်ပေါ် လက်လေးများဖြင့်ခေါက်နေပြီး မျက်လုံးလှလှလေးများက တစ်ခုခုကိုတွေးတောနေဟန်ဖြင့် လီနန်ခယ့်ကိုစိုက်ကြည့်နေခဲ့သည်။

ထို့နောက် စိတ်ထဲ တွက်ချက်မှုအချို့ပြုလုပ်ပြီး နှုတ်ခမ်းရဲရဲလေးကိုဟကာ အမိန့်ချမှတ်လိုက်တော့၏။

"တုန်းဝမ်ခွင်းကို ဖမ်းလိုက်ကြစမ်း"

All Chapters