ကောင်းကင်ဘုံဖန်တီးသော စုံတွဲ
Vol. 14 Ch. 131
"ဘာလို့ငါတို့က ကောင်းကင်ကဖန်တီးထားတဲ့စုံတွဲ ဖြစ်ရမှာလဲ"
လီနန်ခယ့်က သူ့ရှေ့တွင်ပေါ်လှသော မျက်နှာလှလှကိုကြည့်ပြီး မျက်လုံးများကိုအနည်းငယ်မှေးကျဥ်းစေလျက် ပြုံးပြလိုက်သည်။
သူမကမ်းပေးသော သေရည်ခွက်ကို လက်လှမ်းမယူသောအမျိုးသားကြောင့် ဟယ့်ပန်ကျွင်းသည် လည်တိုင်ဖြူဖြူသွယ်သွယ်ကိုစောင်းငဲ့ကာ သူမဘာသာသောက်ချလိုက်ပြီး ညှို့ငင်အားပါသော အသံချိုချိုလေးဖြင့် ဆို၏။
"ဒီလိုခန့်ညားချောမောတဲ့ယောက်ျားနဲ့ ဒီလိုမိန်းမလှလေး နှစ်ယောက်ယှဥ်တွဲရှိနေချိန်မှာ ကောင်းကင်ကကြမ္မာဖက်ပေးထားတဲ့ ဖူးစာစုံတွဲလို့သတ်မှတ်တာ မလွန်ဘူးမဟုတ်လား။ ကျွန်မတို့တကယ်ပဲ မလိုက်ဖက်လွန်းနေဘူးလား"
"မင်းကိုယ်မင်း လှတယ်လို့ထင်တယ်ပေါ့"
လီနန်ခယ့်၏ ခပ်ဖျော့ဖျော့အပြုံးတွင် လှောင်ရိပ်တချို့ပါဝင်သည်။
"ကျွန်မကမလှဘူးလား"
အမျိုးသမီးက မျက်နှာကို ရှေ့တိုးကပ်လာပြီး သူ့မျက်နှာနှင့် နှစ်လက်မမျှအကွာတွင်ရပ်လိုက်သည်။ လီနန်ခယ့်အနေဖြင့် သူမ၏ နှုတ်ခမ်းအထက်ရှိ မွေးညှင်းနုပါးပါးလေးများကိုပင် သေသေချာချာ မြင်တွေ့နေရသည်အထိ။
ထိုအမျိုးသမီးမှာ အမှန်ပင် အလွန်လှပပါပေသည်။
သူမ၏ ထင်ရှားပြတ်သားသော မျက်နှာသွင်ပြင်မှာ အလယ်ပိုင်းဒေသက အမျိုးသမီးများ၏ နူးညံ့သိမ်မွေ့သော အငွေ့အသက်နှင့် မတူကွဲပြားစွာ ပိုမိုနက်ရှိုင်းသန်မာပြီး သုံးဖက်မြင်ဆန်လှသဖြင့် စူးရှသောအလှတရားမျိုးဟု ဆိုနိုင်ပေသည်။
သို့သော်လည်း ကြမ်းတမ်းခက်ထန်ခြင်း မရှိချေ။
လူကို နေရထိုင်ရ အဆင်မပြေဖြစ်စေမည့် ရန်လိုသောအရှိန်အဝါမျိုး လုံးဝမရှိပါ။
အထူးသဖြင့် သူမ၏ ချောမွေ့ပြီး နှင်းကဲ့သို့ဖြူဖွေးနေသည့် အသားအရည်မှာ ထိုအနောက်တိုင်းကန္တာရထဲတွင် ဤမျှကြာမြင့်စွာ နေထိုင်ခဲ့ဖူးသည်ကို ယုံကြည်နိုင်ရန် ခဲယဉ်းလှပေ၏။
“ကျွန်မအနေနဲ့ ရှင့်ရဲ့အရိပ်နက်တပ်ဖွဲ့က အထက်လူကြီးလှလှလေးကို မကျော်လွန်နိုင်ရင်တောင်မှ အနည်းဆုံး ရှင့်အိမ်ကဇနီးသည်ထက်တော့ ပိုလှလောက်ဦးမှာပါ၊ ဟုတ်တယ်မလား။"
ဟယ့်ပန်ကျွင်းသည် ဤစကားကိုဆိုရာတွင် မိမိကိုယ်မိမိ အလွန်ယုံကြည်မှုရှိနေခဲ့ပုံပေါ်၏။
လီနန်ခယ့်၏ နှုတ်ခမ်းများမှာ တင်းတင်းစေ့သွားပြီး ခပ်ဖွဖွလှောင်ပြုံးတစ်ခု ထင်ဟပ်လာခဲ့သည်။
“ဟိဟိ၊ ကျွန်မခန့်မှန်းတာ မှန်သွားပုံရတယ်”
ဟယ့်ပန်ကျွင်း၏ မျက်ဝန်းများက ဝဲယာသို့ကူးခတ်သွားပြီး ညို့ဓာတ်ပြင်းစွာ ပြုံးလိုက်ကာ ဆိုသည်။
“သေချာတာပေါ့၊ ရှင့်ဇနီးသည်ကလည်း ရုပ်ဖျက်ထားတာပဲမဟုတ်လား။ ကျွန်မသိတာပေါ့။ ဒီလောက်ကောင်းမွန်တဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ဒီလို သာမန်ထက်ပိုတဲ့အရှိန်အဝါမျိုး ခံစားရစေတဲ့လူက ဘယ်လိုလုပ်ပြီး သာမန်ရုပ်ရည်ရှိနိုင်မှာတဲ့လဲ"
လီနန်ခယ့်၏ ခပ်ထေ့ထ့မျက်နှာအမူအရာမှာ ထိုစကားအဆုံးတွင် အနည်းငယ် တည်တင်းသွားခဲ့ရသည်။
သူ ဤအမျိုးသမီးကို လျှော့တွက်မိသွားကြောင်း သတိထားမိလိုက်၏။ သူမသည် သူကိုယ်တိုင်ပင် စကားတစ်ခွန်းမဆိုရသေးမီ မေးခွန်းအနည်းငယ်ဖြင့် သူ့ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပါးနပ်စွာတူးဖော်နိုင်စွမ်းရှိသည်။
စိတ်ပိုင်းဆိုင်ရာ ယှဥ်ပြိုင်ကစားပွဲများကို အတော်သဘောကျဟန်ရှိလေသည်။
“ပြောပါဦး၊ ရှင့်ဇနီးက ဘယ်လောက်တောင်လှလို့လဲ။ ဘယ်နေရာမှာ ကျွန်မထက်ပိုလှနေတာလဲ။ ဪ ပြီးတော့ သူကရောဘာလို့ ရုပ်ဖျက်ထားရတာလဲ။ တစ်ခုခုကို ဖုံးကွယ်ထားတာလား။ ခင်ပွန်းဖြစ်တဲ့ရှင်ကရော ဒါကိုသိထားရဲ့လား"
ဟယ့်ပန်ကျွင်းက ထိုလူ၏မျက်နှာကို သူမ၏ တောက်ပသောမျက်ဝန်းများဖြင့် မလွှဲမဖယ် သေသေချာချာ စိုက်ကြည့်နေခဲ့သည်။
သူမသည် ပါးနပ်ကျင်လည်လှသော မြေခွေးအိုကြီးတစ်ကောင်နှင့် တူလှပေသည်။
လီနန်ခယ့် စကားပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် ဟယ့်ပန်ကျွင်းက ရုတ်တရက် စားပွဲကိုရိုက်ချကာ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်တော့သည်။ ခန္ဓာကိုယ်တစ်ခုလုံးတုန်ခါကာ မျက်ရည်များထွက်ကျလာသည်အထိ အားရပါးရရယ်မောနေခြင်းပင်။ တည်ငြိမ်လျှို့ဝှက်လှသော ယခင်ပုံရိပ်မှာလည်း အားလုံးပျောက်ဆုံးကာ ပေါတောတောရူးနှမ်းနှမ်း မိန်းမတစ်ယောက်နှင့်ပင် တူနေသေးတော့၏။
သူမက ရယ်လို့မပြီးသေးခင် ပြောလာသည်။
“လီနန်ခယ့်၊ ကျွန်မမေးတော့ ရှင်တစ်ချက်တွန့်သွားတယ်ဟုတ်၊ မဟုတ်မှ ရှင်ကိုယ်တိုင်တောင် ရှင့်ဇနီးရဲ့ ရုပ်ရည်အစစ်အမှန်ကို မမြင်ဖူးသေးတာပဲမဟုတ်လား။ စိတ်ဝင်စားဖို့ကောင်းလိုက်တာ၊ ဘယ်လိုလင်မယားပါလိမ့်"
လီနန်ခယ့်၏ မျက်နှာအမူအရာမှာ လုံးဝ တည်တင်းအေးစက်သွားခဲ့တော့သည်။
ထို့နောက် သူက ပြန်လည်ပြုံးပြလိုက်ပြီး တည်ငြိမ်စွာဖြင့် တုံ့ပြန်သည်။
“မင်းရဲ့သိက္ခာကို ပြန်အဖတ်ဆယ်ဖို့ ကြိုးစားနေတာလား။ နှမြောဖို့ကောင်းတာက ပြီးခဲ့တဲ့အလှည့်မှာ မင်းငါ့လက်ထဲ ရှုံးသွားခဲ့ပြီ။ အချက်အလက်နဲ့ သက်သေပြလို့ရမဲ့စကားပဲ ငါပြောမယ်။ မင်းငါ့ကိုလိုက်မမီဘူး"
“အာ... ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ရှင်ကကျွန်မထက် ပိုဉာဏ်ကောင်းပါတယ်”
ဟယ့်ပန်ကျွင်းက အပြုံးမပျက်ဆဲဖြစ်သော်လည်း မျက်ဝန်းထဲတွင်မူ ရယ်မောခြင်း အရိပ်အယောင်များ ပျောက်ဆုံးသွားခဲ့ပြီဖြစ်သည်။
ဘုန်း
ရုတ်တရက် သူမသည် မတ်တပ်ထရပ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် စားပွဲကို ခပ်ပြင်းပြင်းရိုက်ချကာ လီနန်ခယ့်ကို အပေါ်စီးမှ ဖိနှိပ်လိုသောအမူအရာဖြင့် စိုက်ကြည့်ရင်း အေးစက်စွာဆို၏။
"ရှင်ကျွန်မနဲ့ နောက်တစ်ခါထပ်ပြီး အလောင်းအစားလုပ်ရဲလား"
လီနန်ခယ့်က ထိုအမျိုးသမီးနှင့်ခပ်ခွာခွာနေရန် ကုလားထိုင်ကို နောက်သို့ အနည်းငယ်ဆုတ်လိုက်ပြီး စိန်ခေါ်စကားကို ဘာမှပြန်မပြောခဲ့ချေ။
ထိုအမျိုးသမီးက စကားလုံးတစ်လုံးချင်းစီကို သေသေချာချာပြောလာ၏။
“တကယ်လို့ နောက်တစ်ခေါက် ကျွန်မနိုင်ရင် ရှင်ကကျွန်မတပည့်ဖြစ်ပေး။ ကျွန်မနိုင်ရင် ရှင့်တပည့်ဖြစ်ပေးမယ်"
“ဒါဆိုရင်တော့ ငါ့အတွက်သိပ်ပြီး နစ်နာစရာမရှိလှပါဘူး။”
လီနန်ခယ့်၏အကြည့်မှာ သူမ၏ အင်္ကျီလည်ဟိုက်နေရာဆီသို့ ရောက်ရှိသွားခဲ့ရာ ယခင်က တွေ့ခဲ့ဖူးသော မြွေကလေးကိုမူ မတွေ့ရတော့ချေ။
သို့သော်လည်း မည်သူသိနိုင်မည်နည်း။ သတိမထားလိုက်လျှင် အမှတ်မထင် ဖားတစ်ကောင် ချက်ချင်း ခုန်ထွက်လာနိုင်သည် မဟုတ်လား။
“သေချာတာပေါ့ ရှင့်အတွက် နစ်နာစရာမရှိဘူး၊ ဒါဆိုရင် ကျွန်မတို့နောက်ထပ် မျှတတဲ့အလောင်းအစားတစ်ခု လုပ်ကြည့်ကြမလား"
ထိုအမျိုးသမီး၏ မျက်ဝန်းများတွင် မရှုံးနိမ့်လိုသောစိတ်ဓာတ်များ တောက်လောင်နေခဲ့သည်။
သို့သော်လည်း လီနန်ခယ့်က ခေါင်းခါပြလိုက်ပြီး စိတ်မဝင်စားသလိုဆိုသည်။
"ငါက လောင်းကစားဝါသနာမပါဘူး"
“ကြောက်လို့လား။”
“ရွံလို့”
“...”
ဟယ့်ပန်ကျွင်းက ထိုလူကို ဘာစကားမှမဆိုဘဲ စိုက်ကြည့်နေခဲ့သည်။
နောက်တစ်စက္ကန့်တွင် သူမ၏ လှပသောမျက်နှာပေါ်၌ အပြုံးတစ်ခု ပြန်လည်ပေါ်ပေါက်လာခဲ့ပြီး ဖြူဝင်းသောပါးပြင်လေးထက် ပန်းပွင့်လေးများ ပွင့်လန်းလာသလို နွေဦးအလင်းတန်းများ ဖြာကျလာခဲ့သည်။
“ဂုဏ်ယူပါတယ် အစ်ကိုလီ၊ ရှင်ကျွန်မရဲ့စမ်းသပ်မှုကို အောင်မြင်သွားပါပြီ။”
လီနန်ခယ့်က မသိမသာ နှာခေါင်းရှုံ့လိုက်သည်။
သူ ကြိုတင်ခန့်မှန်းခဲ့သည့်အတိုင်းပင် ဤအမျိုးသမီးသည် မွေးရာပါ မာနကြီးသူတစ်ယောက်ဖြစ်ပြီး လူများကို လှည့်ပတ်ကစားရသည်ကိုလည်း လွန်စွာသဘောကျလှဟန်ပင်။
သူမ ရှုံးသွားသည့်အခါမျိုးတွင်တော့ စိတ်ခိုင်ခိုင်မထားနိုင်ပုံရသည်။
သို့သော်လည်း စိန်ခေါ်စကားဆိုသည့်အခါတွင်တော့ ပါးစပ်က အတော်မာထန်ရဲရင့်သည်ပင်။
တကယ်တော့ အဲ့ပါးစပ်လေး မာမမာ ကြမ်းမကြမ်း သူမစမ်းဖူးတော့ သေချာမသိပါ။
ဟယ့်ပန်ကျွင်းက ကုလားထိုင်ပေါ်တွင် ပြန်ထိုင်ချလိုက်ပြီး သွယ်လျလှပသော ခြေတံရှည်ကြီးများကို စားပွဲပေါ်သို့ အေးအေးလူလူ ဆန့်ထုတ်လိုက်သည်။ သူမသည် မိန်းကလေးတစ်ယောက်ဖြစ်သော်လည်း အပြင်ပန်းပုံရိပ်ကို လုံးဝဂရုမစိုက်ဟန်ရှိ၏။ မျက်နှာကတော့ အပြုံးမပျက်။
“အစ်ကိုလီ၊ ကျွန်မရဲ့ နောက်ဆက်တွဲအစီအစဉ်က ဘာဖြစ်မယ်လို့ထင်လဲ။”
“ငါက နတ်ဘုရားမဟုတ်ဘူး။”
“အို... မဟုတ်တာ၊ ဒီလိုပြောရင် ကျွန်မရှင့်ကိုပေးထားတဲ့အမှတ်တွေ လျော့ကုန်တော့မှာပေါ့။"
ထိုအမျိုးသမီးက ရုတ်တရက် ညို့ဓာတ်ပြင်းသောအမူအရာဖြင့် မျက်ဝန်းများထဲတွင် ချစ်ရိပ်ချစ်ယောင်များ ပေါ်ထွက်ပေါက်ဖွားလာဟန်ပြုလုပ်ကာ နွဲ့ဆိုးဆိုးအသံလေးဖြင့် ဆို၏။
“အစ်ကိုနန်ခယ့်၊ ကျွန်မရင်ထဲမှာတော့ ရှင်က ကမ္ဘာပေါ်မှာ ဉာဏ်အကောင်းဆုံးလူပါပဲ၊ ရှင်ကျွန်မကိုတော့ စိတ်မပျက်စေရဘူးနော်"
လီနန်ခယ့်မှာ အကြောင်းရင်းမရှိစွာ တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်းထသွားရ၏။
သူက ကုလားထိုင်ကို နောက်သို့ထပ်ဆုတ်လိုက်ပြီး ဂရုမစိုက်သလို ဆိုလိုက်သည်။
“မင်းရဲ့ အလောင်းအစားတွေ အစီအစဥ်တွေ ငါတစ်ခုမှစိတ်မဝင်စားဘူး။ ငါဒီကိုလာတာ မင်းနဲ့ အလုပ်ကိစ္စတစ်ခု ပြောစရာရှိလို့။"
“အလုပ်ကိစ္စ ဟုတ်လား။”
ထိုစကားလုံးကို ကြားလိုက်သည်နှင့် ဟယ့်ပန်ကျွင်း၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပလာသည်။
“ကောင်းသားပဲ။ ကျွန်မက စီးပွားရေးလုပ်ရတာကို အရမ်းသဘောကျတာ။ ပြောပါဦး၊ ဘာအလုပ်ကိစ္စအကြောင်း တိုင်ပင်ချင်တာလဲ။ ခန္ဓာကိုယ်အရောင်းအဝယ်ကိစ္စမျိုးဆိုရင်လည်း မဖြစ်နိုင်တာတော့မဟုတ်ပါဘူး"
"ရှင်သာ ကျွန်မကိုဆွဲဆောင်နိုင်လောက်မဲ့အရာတစ်ခုခုနဲ့ ကမ်းလှမ်းရင် ဒီနေရာမှာတင် လှဲလျောင်းပေးလိုက်လို့ရတယ်နော်"
“ငါမင်းကို စိတ်မဝင်စားဘူး။”
လီနန်ခယ့်က ခပ်တည်တည် ခပ်ပြတ်ပြတ် ဆိုလေသည်။
ဟယ့်ပန်ကျွင်း မျက်မှောင်ကြုတ်လိုက်၏။
“ဘာလို့လဲ။ ဉာဏ်ကောင်းပြီး မာနကြီးတဲ့တဲ့ အမျိုးသမီးတစ်ယောက်ကို ကိုယ့်လက်အောက်မှာ ဒူးထောက်အရှုံးပေးခိုင်းရတာက ယောက်ျားတွေအတွက် ကြီးကျယ်တဲ့ခံစားချက်မျိုး ပေးစွမ်းနိုင်တယ်ဆို။ ရှင်တို့ယောက်ျားတွေက အဲ့ဒီလို ခံစားချက်မျိုးကို အရမ်းသဘောကျကြတာမဟုတ်ဘူးလား။”
“အဲ့ဒါက မင်းဘက်ကအထင်သက်သက်ပဲလေ"
လီနန်ခယ့်က ပြုံးလျက်ဆိုသည်။
ဟယ့်ပန်ကျွင်းက လက်ညှိုးသွယ်သွယ်လေးကို ထောင်လိုက်ပြီး ပြောလာသည်။
“ကျွန်မနားလည်ပါပြီ၊ ရှင့်မှာ ကျောက်ကပ်အားနည်းရောဂါ ရှိနေတာပဲ။”
“မင်း”
လီနန်ခယ့် ဒေါသထွက်လုနီးပါး ဖြစ်သွားသဖြင့် အသက်ကိုပြင်းပြင်းရှူသွင်းကာ ထိုအမျိုးသမီးနှင့် ရန်ဆက်ဖြစ်မနေတော့ဘဲ တည်ငြိမ်သောအသံဖြင့် လိုရင်းကိုဆို၏။
“ငါ လူတစ်ယောက်ကိုသတ်ချင်လို့။”
“ဒါဆိုရင်တော့ သခင်လေးလီ၊ ရှင် လူမှားရှာမိပြီထင်တယ်။ ကျွန်မတို့က အငှားလုပ်ကြံရေးသမားအဖွဲ့ မဟုတ်ဘူးလေ"
ထိုအမျိုးသမီးက ဘာမှမတတ်နိုင်သလိုမျိုး အမူအရာဖြင့် ငြင်းဆိုလာသည်။
လီနန်ခယ့်က လေးလေးနက်နက် ထပ်မံရှင်းပြလာ၏။
“မင်းလက်နဲ့သတ်ခိုင်းတာမျိုး မဟုတ်ဘူး၊ မင်းရဲ့ ကျင့်ကြံဆင့်နဲ့ဆိုရင် သူ့ကို သတ်နိုင်မှာလည်းမဟုတ်ဘူး။ မင်းဘက်က ငါနဲ့ပူးပေါင်းပြီး ပြဇာတ်လေးတစ်ပုဒ် ဝင်ကပေးဖို့ပဲလိုတယ်။ ကျန်တာကို ငါ့ဘာသာဆက်ဖြေရှင်းသွားလိုက်မယ်"
“ကျွန်မအဆင့်နဲ့ သူ့ကိုမသတ်နိုင်ဘူး ဟုတ်လား။ ဟဲဟဲ၊ ရှင့်ကြည့်ရတာ ကျွန်မအကြောင်း အဲ့လောက်ထဲထဲဝင်ဝင် မသိထားသေးတဲ့ပုံပဲ"
“တုန်းဝမ်ခွင်း”
“ခုနကစကားကို ပြန်ရုပ်သိမ်းပါတယ်”
ဟယ့်ပန်ကျွင်းက မျက်လုံးလေးကလည်ကလည် လုပ်လိုက်သည်။
လီနန်ခယ့်က သူမကို အဓိပ္ပာယ်ပါပါစိုက်ကြည့်ရင်း မေးလိုက်သည်။
“ငါ တုန်းဝမ်ခွင်းကိုသတ်ချင်တာကို မင်းလုံးဝအံ့သြပုံမရဘူးနော်”
“အဲ့ဒါဘာထူးဆန်းနေလို့လဲ။”
ဟယ့်ပန်ကျွင်းက သူမ၏ ခြေချောင်းလေးများကို ကျင်လည်စွာအသုံးပြုပြီး စားပွဲပေါ်ရှိ သေရည်အိုးကို လှမ်းညှပ်ယူလိုက်ကာ လက်ဖြင့်ဆွဲကိုင်လိုက်ပြီး ဂရုမစိုက်သလိုမျိုး ဆို၏။
“ဘုရားကျောင်းထဲမှာ ရှင်တို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်မကြည့်ချင်လောက်အောင် ဖြစ်သွားကြပြီလေ။ ဒီလိုခြိမ်းခြောက်မှုမျိုးကို ရှင့်လိုလူက အသက်ရှင်လျက်ချန်ထားပါ့မလား"
လီနန်ခယ့် ပြုံးလိုက်သည်။
တကယ်ကို ဉာဏ်ကောင်းတဲ့လူတွေဆိုတာ စကားပြောရတာကအစ မတူဘူးပဲ။
“ဒါဆို အဲ့ခလုတ်ကန်သင်းကို ဖယ်ရှားပစ်ဖို့အတွက် ငါ ဘယ်လိုအစီအစဉ်မျိုးကို အကောင်အထည်ဖော်သင့်တယ်လို့ မင်းထင်လဲ။”
လီနန်ခယ့်က မေးလိုက်သည်။
ဟယ့်ပန်ကျွင်းက သေရည်ပြင်းပြင်းကို အာစွတ်ရုံမျှသောက်လိုက်ပြီး ခပ်ပြုံးပြုံးဖြေသည်။
“သာမန်လုပ်ကြံသတ်ဖြတ်မှုမျိုးကတော့ သေချာပေါက် အဆင်ပြေမှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ သူက ဂုဏ်သိက္ခာရှိ အရိပ်နက်တပ်ဖွဲ့ရဲ့ တပ်မှူးတစ်ယောက်ဖြစ်နေလို့ပဲ။ တစ်ခုတည်းသောနည်းလမ်းက လှည့်ကွက်ဆင်ဖို့ပဲပေါ့"
“ပြောပါဦး မင်းဆိုရင် ဘယ်လိုအကွက်ဆင်မှာလဲ။” လီနန်ခယ့်က စိတ်ဝင်တစားမေးသည်။
“ရှင်ကျွန်မဆီကိုလာပြီး အလုပ်ကိစ္စအကြောင်း လာတိုင်ပင်ကတည်းက အဖြေက ရှင်းနေပြီမဟုတ်ဘူးလား။ တုန်းဝမ်ခွင်းကို ထျန်ချုံးဂိုဏ်းသားတစ်ယောက်အဖြစ် အကွက်ဆင်ချောက်ချဖို့ပေါ့"