← Chapters

ဟယ့်ညီအစ်မ

Vol. 14 Ch. 132

ဟယ့်ညီအစ်မ

Vol. 14 Ch. 132

“ပြီးတော့ကော”

“ပြီးရင်တော့ ရှင့်အနေနဲ့ တပ်မှူးနျဲ့ယင်းကို ရှင့်ပြဇာတ်မှာဝင်ကပေးဖို့ သွားစည်းရုံးရမယ်လေ"

“ဖြောင်း ဖြောင်း ဖြောင်း"

လီနန်ခယ့်သည် ရှေ့တွင်ထိုင်နေသော အမျိုးသမီးကို ခံစားချက်များစွာပါဝင်သော မျက်လုံးများဖြင့်စိုက်ကြည့်ရင်း လက်ခုပ်တီးကာ ချီးကျူးစကားဆိုလိုက်သည်။

“ဟယ့်ပန်ကျွင်း၊ မင်းသေချာပေါက် ထျန်ချုံးဂိုဏ်းရဲ့ ဂိုဏ်းချုပ်အသစ်ဖြစ်လာလိမ့်မယ်။ အဲ့ဒီ ဒုတိယဂိုဏ်းချုပ်နှစ်ယောက်က မင်းကို ဘယ်လိုမှယှဉ်နိုင်မှာမဟုတ်ဘူး။”

“အမလေးရှင်၊ အစ်ကိုနန်ခယ့်ရဲ့ ကြီးကြယ်ခမ်းနားလှတဲ့ ချီးကျူးစကားကြောင့် ဒီညီမလေး ရင်ထဲကနေ ဝမ်းသာပီတိဖြစ်ရပါတယ်”

ဟယ့်ပန်ကျွင်း၏ မျက်နှာလှလှလေးထက် ပျော်ရွှင်မှုနှင့် ရှက်သွေးဖြာမှုများ ပြည့်နှက်သွားပြီး ဖြူဖြူနုနု လက်ကလေးနှစ်ဖက်က ဝတ်ရုံလက်ဖျားစကို စိတ်လှုပ်ရှားနေသည့်ဟန် တင်းတင်းဆုပ်ကိုင်ထားခဲ့ရာ အတန်းထဲတွင် ဆရာမ၏ ချီးကျူးထောပနာပြုခြင်းကို ခံလိုက်ရသည့် ကျောင်းသူလေးအလား အလွန်တရာ ချစ်စရာကောင်းနေခဲ့လေသည်။

ထို့နောက် သူမက ထပ်မံဖြည့်စွက်ပြောကြားလာသည်။

“ဒါပေမဲ့ ကျွန်မတို့လည်း နှိမ့်ချရဦးမှာပေါ့။ ကိုယ့်ထက်ပိုတော်တဲ့လူဆိုတာ အချိန်မရွေးထွက်လာနိုင်တာပဲမဟုတ်လား"

လီနန်ခယ့် စိတ်ပျက်လက်ပျက် ညည်းညူမိသည်။

“ခဏလောက်တော့ စကားကို တည်တည်တံ့တံ့လေးပြောပါဦးလား"

“အစ်ကိုကြီးက ညီမလေးဆီကနေ ဘယ်လိုတည်ငြိမ်မှုမျိုးကို လိုချင်လို့လဲ။”

ထိုအမျိုးသမီးက သူမ၏ ပုလဲကဲ့သို့ ဖြူစင်ညီညာသော သွားတန်းလေးဖြင့် အောက်နှုတ်ခမ်းလွှာကို အသာအယာ ဖိကိုက်လိုက်ရာ ညို့ဓာတ်ပြင်းသော ဆွဲဆောင်မှုတစ်မျိုးက ရုပ်လုံးကြွလာခဲ့သည်။

လီနန်ခယ့် ဒေါသထွက်လုနီးပါးဖြစ်သွားစဉ်မှာပင် သူမသည် ရုတ်တရက် ပျင်းတိပျင်းလျော့ထိုင်နေရာမှ ခါးကိုမတ်ချလိုက်ပြီး မျက်နှာကို တစ်ဖန်တည်တင်းကာ ဆို၏။

“ပြဇာတ်မှာ ကူညီပူးပေါင်းပေးဖို့က ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ကမ်းလှမ်းချက်ကဘာလဲ။ ရှင့်ကိုကူညီလို့ ဘာအကျိုးအမြတ်ရနိုင်မလဲ"

တစ်ဖက်လူ၏ အမူအရာပြောင်းလဲမှုနှုန်းမှာ မြန်ဆန်လွန်းလှသဖြင့် လီနန်ခယ့်အနေဖြင့် အမီလိုက်ဖို့တောင် ခဲယဥ်းလွန်းလှလေသည်။

ဤသို့ဖြင့် စက္ကန့်အနည်းငယ်မျှ ကြောင်အမ်းသွားပြီးနောက် သူပြောလိုက်သည်။

“မင်းအနေနဲ့ ငါ့အစီအစဥ်ကိုလာပြီး မထိခိုက်သရွေ့ နောက်ပိုင်း မင်းဘာလှည့်ကွက်တွေခင်းနေပါစေ ငါဝင်ပြီးနှောင့်ယှက်မှာမဟုတ်တော့ဘူး"

လီနန်ခယ့်က သူ၏ကမ်းလှမ်းချက်ကို ပြောပြလိုက်သည်။

“ဒါပဲလား။”

ဟယ့်ပန်ကျွင်းက ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ သူ့ကို စိန်ခေါ်ဟားတိုက်လိုသောမျက်လုံးများဖြင့် ပြန်ကြည့်လာသည်။

“ကျွန်မကတော့ ရှင့်ကို ပိုတောင်ဝင်ပါစေချင်သေးတယ်။ ကောင်းကင်နဲ့တိုက်ခိုက်ရတာ၊ မြေကြီးနဲ့တိုက်ခိုက်ရတာ၊ လူတွေနဲ့တိုက်ခိုက်ရတာ စိန်ခေါ်စရာတွေရှိနေသရွေ့ ပျော်စရာတွေက အဆုံးမရှိဘူးလေ။ ဒါတွေကြားကနေ ရှားရှားပါးပါး ရှာတွေ့ထားတဲ့ စိတ်ဝင်စားစရာပြိုင်ဘက်တစ်ယောက်ကို ဘာလို့ လွယ်လွယ်လွှတ်ပေးသင့်ပါ့မလဲ"

လီနန်ခယ့် မိမိတွက်ချက်မှု မှားယွင်းသွားကြောင်း သတိထားမိလိုက်သည်။

ဤအမျိုးသမီးသည် ခြိမ်းခြောက်မှုများကို လုံးဝမကြောက်ရွံ့ရုံမက ဆာလောင်မွတ်သိပ်နေသူ။

သူမကို ခြိမ်းခြောက်စိန်ခေါ်လေလေ၊ သူမ၏တိုက်ခိုက်လိုစိတ်ကို မီးစထိုးပေးသလိုသာ ဖြစ်ပေမည်။

လီနန်ခယ့်သည် ဟယ့်ပန်ကျွင်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို သိထားသလောက် ပြန်စဥ်းစားလိုက်ကာ စကားစလိုက်သည်။

“မင်းမှာ ဟယ့်ရှင်းယွဲ့လို့ခေါ်တဲ့ အမွှာညီမလေးတစ်ယောက် ရှိသေးတယ်မဟုတ်လား။”

ထိုနာမည်တစ်ခု ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အခန်းတွင်းရှိ လေထုအငွေ့အသက်မှာ ချက်ချင်းပင် ရေခဲမှတ်ဆီသို့ ထိုးကျသွားခဲ့လေသည်။

ဟယ့်ပန်ကျွင်း၏ မျက်နှာပေါ်ရှိ အပြုံးစများအားလုံး ပျောက်ကွယ်သွားပြီး အေးစက်တင်းမာနေသော အကြည့်သည် လီနန်ခယ့်ထံသို့ စိုက်ကျလာခဲ့ကာ ထွက်လာသောစကားသံမှာ လည်ပင်းကို အချိန်မရွေးဖြတ်တောက်နိုင်မည့် ဓားသွားကဲ့သို့ ပါးလွှာအေးစက်နေခဲ့သည်။

“သခင်ကြီးလီက ကျွန်မနဲ့ ကစားပွဲတစ်ခုစဖို့ တကယ်စဥ်းစားနေတာပါလား"

လီနန်ခယ့် တစ်ဖက်လူ နားလည်မှုလွဲသွားကြောင်း သဘောပေါက်လိုက်သည်။

ဟယ့်ရှင်းယွဲ့သည် ဤအမျိုးသမီး၏ အထိမခံနိုင်ဆုံးသော လျှို့ဝှက်ရတနာဖြစ်သည်မှာ သေချာလှပေသည်။ မည်သူ့ကိုမှ ခြိမ်းခြောက်စကားတစ်ခွန်း ဆိုခွင့်ပြုမည်မဟုတ်။

သူ ယခုအချိန်တွင် ရန်သူအသစ်များ ထပ်မံမဖန်တီးချင်သေးပါ။

အထူးသဖြင့် မိမိရှေ့ရှိ နူးညံ့သိမ်မွေ့ပုံရသော ဤအမျိုးသမီး၏ အန္တရာယ်အဆင့်အတန်းမှာ တုန်းဝမ်ခွင်းထက် အဆပေါင်းရာချီ ပိုမိုမြင့်မားနေကြောင်း သူသိထားသည်ပင်။

“ငါမင်းကို ခြိမ်းခြောက်နေတာမဟုတ်ဘူး။ ငါမှတ်မိသလောက်တော့ မင်းညီမလေးမှာ ဘာကျင့်ကြံဆင့် ဘာစွမ်းအားမှ မရှိဘူး။ ဒါပေမဲ့ မင်းတို့ရဲ့ ဆက်ခံသူအဆင့်အတန်းကြောင့် အမြဲတမ်း ဘေးပတ်ပတ်လည်မှာ အန္တရာယ်နဲ့ရင်ဆိုင်နေရမှာပဲ။ ဂိုဏ်းအတွင်းပိုင်းကတင်မကဘဲ နန်းတွင်းခုံရုံးကပါ မင်းတို့ကို အပူတပြင်းရှာဖွေနေကြတာ"

လီနန်ခယ့်က တည်ငြိမ်စွာ စကားဆက်သည်။

“နောင်ကျရင် မင်းညီမလေး အန္တရာယ်တစ်စုံတစ်ရာ ရင်ဆိုင်ရတဲ့အခါ ငါကူညီပေးလို့ရတာမျိုး ရှိနိုင်ပါတယ်။ ငါအရင်လို ကိုယ်ရေးအရာရှိလေးတစ်ယောက်တင်မဟုတ်တော့မှန်း မင်းလည်းသိမှာပါ"

“ရှင်က ကျွန်မတို့ညီအစ်မကို ကာကွယ်ပေးနိုင်လောက်တဲ့အထိ လုပ်ပိုင်ခွင့်ရှိတယ်လို့ ပြောချင်တာလား"

ဟယ့်ပန်ကျွင်း၏ မျက်နှာမှာ အေးစက်ခဲသက်နေဆဲဖြစ်သည်။

လီနန်ခယ့်က ကမ်းလှမ်းချက်အသစ်များကို ထပ်မံပြောကြားရန် ပြင်လိုက်စဉ်မှာပင် ဟယ့်ပန်ကျွင်းက ရုတ်တရက် တောက်တောက်ပပလေး ပြန်ပြံးလိုက်ပြန်သည်။ ယခုလေးတင် ပြသထားသော အေးစက်တင်းမာသည့်ပုံရိပ်ကို ချက်ချင်းဖယ်ထုတ်ကာ ချိုချိုသာသာလေးဆို၏။

“အစ်ကိုနန်ခယ့်က အမျိုးသမီးတွေကို အရမ်းကာကွယ်ပေးတတ် ကိုယ်ချင်းစာပေးတတ်တာပဲ။ သိတာတောင်မကြာသေးဘူး၊ ကျွန်မတင်မက ညီမလေးကိုပါ ‌စောင့်ရှောက်‌ပေးဖို့တွေးနေပြီလား။ ရင်ထဲအရမ်းလှုပ်ရှားမိပါတယ်"

“အဲ...”

ထိုအမျိုးသမီး၏ မြန်ဆန်လှသော အမူအရာပြောင်းလဲမှုကြောင့် လီနန်ခယ့် ခေတ္တမျှဆွံ့အသွားခဲ့ရသည်။

“ဒီလိုလုပ်ကြရအောင်၊ ကျွန်မ ရှင့်လှည့်ကွက်မှာ ပူးပေါင်းကူညီပေးမယ်။”

ဟယ့်ပန်ကျွင်း၏ တောက်ပသောမျက်ဝန်းများတွင် အပြုံးများပြည့်နှက်နေခဲ့သည်။

“ပြီးတော့ ကျွန်မရှင့်ဆီကနေ ဘာကမ်းလှမ်းချက်မှ မတောင်းဆိုသေးဘူး။ ရှင်ကျွန်မကို အကြွေးတစ်ခု တင်သွားပြီလို့ပဲ သတ်မှတ်လိုက်မယ်၊ ဘယ်လိုလဲ။”

“ငါမင်းဆီ ကျေးဇူးကြွေးမတင်ရဲဘူး"

လီနန်ခယ့်က ငြင်းဆိုဖို့သာ ရွေးချယ်လိုက်သည်။

ဟယ့်ပန်ကျွင်းက ခပ်တိုးတိုးဆို၏။

“စိတ်မပူပါနဲ့၊ ဒီအကြွေးက ရှင့်အနာဂတ်လမ်းကို အခက်အခဲဖြစ်စေမှာမဟုတ်ပါဘူး။ နောင်တစ်ချိန် ကျွန်မတောင်းဆိုတဲ့အရာကို ရှင်မလုပ်ချင်ဘူးဆိုရင် ကျွန်မရှင့်ကို အတင်းအကျပ်လုပ်ခိုင်းမှာမဟုတ်ပါဘူး။ နောက်ပြီး အခုအချိန်မှာ ရှင့်ကို ကျွန်မလူဖြစ်အောင် သိမ်းသွင်းဖို့တွေးနေတုန်းပဲလေ"

လီနန်ခယ့် ခဏတဖြုတ် တွေးတောပြီးနောက် ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

“ကောင်းပါပြီ၊ အစီအစဉ်စတင်တဲ့အခါ ငါမင်းကို သတင်းပို့မယ်။ ငါတို့ ဒီနေရာမှာပဲ ပြန်ဆုံကြတာပေါ့။ ငါပြတင်းပေါက်အပြင်ဘက်မှာ အနီရောင်အဝတ်စတစ်ခု ချိတ်ဆွဲထားမယ်၊ အဲ့ဒါကိုမြင်ရင် ငါမင်းကို ရှာနေတယ်ဆိုတာ သဘောပေါက်လိုက်ပါ။”

“ပြဿနာမရှိပါဘူး၊ အစ်ကိုလီက တကယ်ကို အသေးစိတ်တွေးတောပေးတတ်တာပဲ။”

ဟယ့်ပန်ကျွင်းက သူမသယ်ဆောင်လာသည့် သေရည်အိုးကို ကောက်ယူကာ သေရည်တစ်ခွက် ထပ် ငှဲ့လိုက်ပြီး ထိုလူကိုကမ်းပေးလျက် မျက်တောင်လေး တဖျတ်ဖျတ်ခတ်ပြလိုက်သည်။

“လာပါ။ ကျွန်မတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုအောင်မြင်ခြင်းအတွက် ခွက်မြှောက်ကြရအောင်။”

လီနန်ခယ့်က သေရည်ခွက်ကို လှမ်းယူလိုက်သော်လည်း မသောက်ဘဲ မြေပြင်ပေါ်သို့ သွန်လောင်းချပစ်လိုက်သည်။ ထို့နောက် လက်ထဲရှိရေနွေးကြမ်းကိုသာ သေရည်ခွက်ထဲငှဲ့၍ အစားထိုးသောက်သုံးလေသည်။

“ကျွန်မအဆိပ်ခတ်လိုက်မှာကြောက်လို့လား။ ကျွန်မကို ဘယ်လိုလူမျိုးလို့ထင်နေသလဲ"

ဟယ့်ပန်ကျွင်း စိတ်ပျက်လက်ပျက်ဖြင့် ရယ်ချလိုက်သည်။

တစ်ဖက်လူ၏ တည့်တိုးဆန်သော အပြုအမူကြောင့် သူမအနေဖြင့် ကိုယ့်ကျင့်သိက္ခာကို စော်ကားခံလိုက်ရသကဲ့သို့ ခံစားရသည်။

လီနန်ခယ့်က သူမလက်ထဲရှိ သေရည်အိုးကိုစိုက်ကြည့်ရင်း ပြောလာသည်။

“မင်းငါ့ကို အဆိပ်ခတ်မှာမဟုတ်ဘူးဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ မင်း အဲ့သေရည်အိုးကို မော့သောက်ထားတာမလား၊ တံတွေးတွေဝင်ချင်ဝင်နေမှာပေါ့၊ ရွံစရာမကောင်းဘူးလား"

ဟယ့်ပန်ကျွင်း ကြောင်အမ်းသွားရသည်။

သူမသည် ထိုလူ၏ပါးစပ်မှ ဤကဲ့သို့သောအဖြေမျိုး ထွက်ပေါ်လာလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ချေ။

သူမက လီနန်ခယ့်ကို လက်မထောင်ပြလိုက်ပြီး မတတ်သာစွာ ချီးကျူးလိုက်ရသည်။

“တော်တယ်၊ ရှင်ကတော့ နေရာတိုင်းမှာအတော်ဆုံးပဲ။ စိတ်မပူပါနဲ့၊ တစ်နေ့ကျရင် ကျွန်မရှင့်ကို ချိုးတော်ရေစွန့်ကြဲပြီး သောက်သုံးခွင့်ပေးမယ်။ အနာဂတ်ဂိုဏ်းချုပ်ကြီးဟယ့်ရဲ့ ဂုဏ်ပြုလက်ဆောင်လို့ သတ်မှတ်ပေါ့"

ထိုအမျိုးသမီးက လှပစွာပြုံးလိုက်ပြီး ပြတင်းပေါက်ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။

“မင်းသမီးရှန်းယွမ်ရဲ့ရုပ်ကလာပ်နဲ့ ပတ်သက်ပြီး မင်းမှာ တခြားဘာအတွေးအမြင် ရှိသေးလဲ"

ထိုအမျိုးသမီး ထွက်ခွာတော့မည်ကိုမြင်သောအခါ လီနန်ခယ့် ရုတ်တရတ်မေးခွန်းထုတ်လိုက်သည်။

အမှန်တော့ တစ်ဖက်လူအနေဖြင့် ရုပ်ကလာပ်ကို ထပ်မံလုယူရန် ကြိုးစားဦးမည်လားဟု အတည်ပြုစမ်းသပ်ချင်သောကြောင့်သာ။

ဟယ့်ပန်ကျွင်းက ပြတင်းပေါက်ကို တွန်းဖွင့်လိုက်ပြီး ကျောက်စိမ်းကဲ့သို့ ဖြူစင်ချောမွတ်သော လက်ကလေးကို ဝှေ့ယမ်းကာ ပြန်ပြောလာသည်။

“အခွင့်အရေး ထပ်မရှိတော့ပါဘူး။ ကျွန်မလည်း အစကတော့ အဲ့ဒီကောလာဟလက အမှန်ပဲလားဆိုတာ အတည်ပြုချင်ရုံသက်သက်ပါ၊ ဒါပေမဲ့ ရှင်က ရုပ်ကလာပ်ကို ပြန်ယူသွားပြီဆိုတော့လည်း ထားလိုက်ပါတော့။"

"နောက်ပြီး ကောလဟလဆိုတာလည်း ကောလဟလသက်သက်ပဲမဟုတ်လား။ ဘယ်သူကအမှန်ကိုသိနိုင်မှာတဲ့လဲ"

"နောက်ပြီး...."

ဟယ့်ပန်ကျွင်းက မျက်နှာလှလှလေးကို သူ့ဘက်လှည့်ကာ တိုးတိုးလေးဆို၏။

“မင်းသမီးရှန်းယွမ်က တကယ်မသေဆုံးသေးတာလည်း ဖြစ်နိုင်တာပဲမဟုတ်လား။ အဲ့ဒီ ရေခဲခေါင်းတလားထဲက ရုပ်ကလာပ်က လူတွေကို လှည့်စားဖို့သက်သက်ပဲဆိုရင်ကော၊ ရှင်အဲ့လိုမတွေးမိဘူးလား"

“မင်းကဘာလို့ အဲ့လိုထင်ရတာလဲ။ တစ္ဆေနတ်ဘုရားလှံတော်ရှင်ကရော ဘာလို့ပေါ်မလာရတာလဲ။ ဒါနဲ့ မင်းဆီမှာ သူ့လက်စွဲတော်လက်နက်က ဘယ်လိုလုပ်ရှိနေရတာလဲ"

လီနန်ခယ့်က သူနားမလည်နိုင်သမျှကို ဆက်တိုက်မေးလိုက်မိသည်။

ဟယ့်ပန်ကျွင်းက ချိုသာသောအသံလေးဖြင့် ပြန်ဖြေလာ၏။

“လွန်ခဲ့တဲ့နှစ်လက တစ္ဆေနတ်ဘုရားလှံတော်ရှင်က သူ့လက်နက်ကို ထျန်းရှန်းတောင်ပေါ်မှာ ချန်ထားခဲ့တယ်၊ အဲ့ဒါကို ကျွန်မသွားခိုးလာလိုက်တာပဲလေ"

ထိုအမျိုးသမီးက သာမန်ဖြစ်နေကျအကြောင်းအရာတစ်ခုကို ပြောနေသကဲ့သို့ ပေါ့ပေါ့တန်တန်သာ ပြန်ဖြေလာလေသည်။

ဤလက်နက်ကို ခိုးယူရခြင်းကိစ္စမှာ သူမအတွက် အလွန်တရာလွယ်ကူလှသဖြင့် စကားထဲပင် ထည့်ပြောစရာမလိုသည့်အလား။

“သူကဘာလို့ အဖိုးတန်လက်နက်ကို ထျန်းရှန်းတောင်ပေါ်ချန်ထားခဲ့ရတာလဲ။”

မေးခွန်းတစ်ခုက ထပ်လာပြန်သည်။

“ကျွန်မက တစ္ဆေနတ်ဘုရားလှံတော်ရှင်မှ မဟုတ်တာ၊ ဘာလို့ အကုန်လာမေးနေတာလဲ။ မင်းသမီးရှန်းယွမ်ရဲ့ ရုပ်အလောင်းကြီးကိုပဲ သွားမေးပါလား။ ရှင်ဒီလောက် စွမ်းဆောင်ရည်တွေပေါများနေတာပဲ။သေပြီးသားလူကို စကားပြောအောင်လုပ်ကြည့်ပါဦးလား"

ထိုအမျိုးသမီးက ခပ်ဖွဖွနှာခေါင်းရှုံ့လိုက်ပြီးနောက် ပြတင်းပေါက်မှတစ်ဆင့် ခုန်ထွက်သွားခဲ့တော့လေသည်။

လီနန်ခယ့်က နှုတ်ခမ်းတစ်ဖက်တွန့်လိုက်ပြီး ခပ်တိုးတိုးရေရွတ်မိ၏။

“နှုတ်ဆက်စကားတောင် သေသေချာချာမပြောသွားဘူး၊ တကယ်ကို ယဉ်ကျေးမှုမရှိတဲ့မိန်းမပဲ။”

မထင်မှတ်စွာပင် နောက်တစ်စက္ကန့်ခန့်တွင် ခပ်ဆန်းဆန်း မျက်နှာလှလှလေးက ပြတင်းပေါက်မှတစ်ဆင့် ဖျတ်ခနဲ ပြန်ပေါ်လာပြန်လေသည်။

“တာ့တာနော်၊ ကျွန်မရဲ့ အစ်ကိုနန်ခယ့်လေး”

“...”

All Chapters