← Chapters

မိစ္ဆာ၏မူလအစ

Vol. 14 Ch. 133

မိစ္ဆာ၏မူလအစ

Vol. 14 Ch. 133

ရုပ်အလောင်းကို ရေခဲခေါင်းတလားအသစ်ထဲသို့ ပြောင်းလဲနေရာချထားလိုက်သည်။

ပိုင်ရူယွဲ့သည် အသစ်စက်စက် ရေခဲခေါင်းတလားအတွင်းမှ လူသားအစစ်မှဟုတ်ပါရဲ့လားဟု ထင်မှတ်ရလောက်အောင် လှလေလွန်းသောအမျိုးသမီးကို ဂရုတစိုက် လေ့လာဆန်းစစ်ရင်း မထိန်းနိုင်စွာ အာမေဋိတ်ပြုမိသည်။

"မင်းသမီးရှန်းယွမ်ဆိုတာ တစ်ချိန်က မဟာကျန်းပြည်ထောင်ရဲ့ ရင်နှစ်သည်းချာ ပုလဲရတနာလို့ နာမည်ကြီးခဲ့တာလည်း ဖြစ်သင့်ပါပေတယ်။ ဒီလိုအလှမျိုးနဲ့ အရှိန်အဝါမျိုးဆိုတာ မိုးကုပ်စက်ဝိုင်းအောက်မှာ အလှဆုံးအမျိုးသမီးလို့ သတ်မှတ်ခံထားရတဲ့ ဓားနတ်သမီးယဲ့ယောင်ယောင်ထက်တောင် လျော့မနေနိုင်ဘူး"

"ငါသူ့ကို အမြဲမြင်ဖူးတွေ့ဖူးချင်ခဲ့တာ၊ အချိန်မီမတွေ့လိုက်ရလို့ တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်။ အခုမြင်ရတော့လည်း လူတွေပြောစကားက ချဲ့ထွင်ချဲ့ကားထားတာ တစ်ခုမှမပါမှန်း သိလိုက်ရတာပါပဲ"

"သနားစရာ မိန်းကလေးရယ်"

ပိုင်ရူယွဲ့က သက်ပြင်းဖွဖွချကာ ပါးလွှာအေးစက်သော ရေခဲလွှာများ တစ်လက်မမကျန် ဖုံးလွှမ်းထားသည့် ရေခဲရိုက်ခန္ဓာကိုယ်လေးကို ညင်ညင်သာသာပွတ်သပ်ကြည့်ရင်း နှလုံးသားထဲ ဝမ်းနည်းမှုများ အတိုင်းအဆမရှိမြင့်တက်လာသည်။

နံ‌ဘေးတွင် ဒူးထောက်လျက်ရှိသော နျဲ့ယင်းကို သူမလှည့်ကြည့်ပြီးမေးလိုက်သည်။

"မင်းသူ့ကို ဘယ်လိုရှာတွေ့ခဲ့သလဲ"

လီနန်ခယ့်နှင့် လျှို့ဝှက်ထားရှိသော ကျေးဇူးကြွေးလျှို့ဝှက်ချက်မှလွဲ၍ နျဲ့ယင်းသည် ဘာတစ်ခုကိုမှမကွယ်မဝှက် အရာအားလုံးကို အသေးစိတ်ရှင်းလင်းလျှောက်တင်လိုက်၏။

"လီနန်ခယ့်တဲ့လား"

နျဲ့ယင်း၏လျှောက်တင်ချက်ကို နားထောင်အပြီး ပိုင်ရူယွဲ့၏ မျက်လုံးလှလှများ လက်ခနဲတောက်ပသွားသည်။

ဤသို့ သေးငယ်သိမ်နုပ်သော တုန်းချီခရိုင်လေးတွင် ထိုမျှကြောက်မက်ဖွယ် ထက်မြက်ပါးနပ်သည့်လူတစ်ယောက် ရှိနေနိုင်မည်ဟု သူမလုံးဝမထင်ထားခဲ့။ ထိုလူကို သူမကိုယ်တိုင်တွေ့ချင်လှ၏။

တစ်ဖက်တွင်တော့ တုန်းဝမ်ခွင်း၏မျက်နှာကြီးမှာ မီးခိုးပုပ်ရောင်သမ်းကာ လက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။

မင်းသမီးကြီးသာ ဤနေရာတွင်ရှိမနေပါက ဆယ်မီတာလောက်နက်သောကျင်းကြီးတစ်ခုတူးကာ တစ်ကိုယ်လုံးခုန်ဝင် ပုန်းအောင်းနေလိုက်ချင်တော့သည်။

ပိုင်ရူယွဲ့က မှောင်ရိပ်သမ်းလာသောကောင်းကင်ကို တစ်ချက်ကြည့်ပြီး နျဲ့ယင်းကိုပြောလိုက်သည်။

"ဒီလိုလုပ်လိုက်၊ အဲ့ဒီသခင်လေးလီနန်ခယ့်ကို မနက်ဖြန်မနက် အခစားဝင်ဖို့ခေါ်ပေး။ ငါသူ့ကိုမေးစရာတွေရှိသေးတယ်"

"ဟုတ်ကဲ့"

နျဲ့ယင်းကတုံ့ပြန်သည်။

"ဪ ဟုတ်သားပဲ ယွင်ချန်းညကင်းလှည့်တပ်ဖွဲ့က အရာရှိလိန်ရှင်းနန်ကိုရော အတူဆင့်ခေါ်လိုက်ပါဦး"

"ဟုတ်ကဲ့"

...

စားသောက်ဆိုင်မှထွက်လာအပြီး လီနန်ခယ့်သည် သွေးမိစ္ဆာအကြောင်း စူးစမ်းလေ့လာဖို့အတွက် ညကင်းလှည့်တပ်ဖွဲ့ဌာနဆီသို့ အရင်လှည့်ဝင်လိုက်သည်။

သို့သော် ဌာနဆီသို့ရောက်သောအခါ လိန်ရှင်းနန်တို့အဖွဲ့သားများ ယခုအချိန်ထိ ပြန်ရောက်မလာသေးသည်ကိုသာ တွေ့လိုက်ရ၏။

လီနန်ခယ့်မှာ မနေနိုင်စွာ စိုးရိမ်စိတ်ဝင်မိလေသည်။

သွေးမိစ္ဆာ၏စွမ်းအားကို ကိုယ်တိုင်မျက်မြင် ကြုံတွေ့ခဲ့ရပြီးဖြစ်သဖြင့် လိန်ရှင်းနန်တို့အဖွဲ့၏ တိုက်ရည်ခိုက်ရည်မှာ ထိုမိစ္ဆာကို ယှဥ်နိုင်စွမ်းရှိပါ့မလားဟု သူစိတ်ထင့်စိုးရိမ်မိသည်။ အထူးသဖြင့် အရာရှိလိန်မှာ အတွင်းဒဏ်ရာများ ပြန်လည်မကုစားရသေးသည့်အခြေအနေတွင် ဘာမဆိုဖြစ်သွားနိုင်သည်ပင်။

အချိန်တော်တော်ကြာ တွေးတောစဥ်းစားပြီးနောက် လီနန်ခယ့် သူတို့နောက်လိုက်သွားဖို့သာ ဆုံးဖြတ်လိုက်သည်။

သူ ဌာနပြင်ပသို့ ခြေလှမ်းလှမ်းလိုက်စဉ်မှာပင် အပြာရင့်ရောင် ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခရီးပန်းလာပုံရသည့် ရုပ်ရည်ချောမောလှသော အမျိုးသားတစ်ယောက် တံခါးဝတွင် ပေါ်ထွက်လာခဲ့သည်။

ထိုအမျိုးသား၏မျက်နှာပေါ်တွင် စိုးရိမ်မှုများကို အထင်းသားမြင်နေရပြီး မျက်ခုံးများမှာ တင်းစွာစုကျုံ့နေကြ၏။

တံခါးဝတွင် လူစိမ်းတစ်ယောက်ကိုမြင်လိုက်ရသဖြင့် ထိုလူချောလေးက နေရာတွင်ရပ်ကာ လက်ယှက်၍ နှုတ်ဆက်လာသည်။

"မေးပါရစေ၊ ဒီညီလေးက တုန်းချီခရိုင် ညကင်းလှည့်တပ်ဖွဲ့ခွဲက အသစ်ခေါ်ယူထားတဲ့ ယာယီအဖွဲ့ဝင်များလား ခင်ဗျာ။”

လီနန်ခယ့်က ခေါင်းယမ်းပြလိုက်သည်။

"ယာယီအဖွဲ့ဝင်မဟုတ်ပါဘူးဗျာ။ ကျွန်တော်က တရားဝင် ညကင်းလှည့်တပ်ဖွဲ့ဝင်ပါ"

ထိုအမျိုးသား၏ အမူအရာမှာ အနည်းငယ်ထူးဆန်းအံ့သြသွားပုံရသော်ငြား တစ်ဖက်လူက ညကင်းလှည့်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သေချာသွားသဖြင့် အမြန်မေးလိုက်သည်။

"ငှက်နီဌာနခွဲက အရာရှိလိန် အထဲမှာရှိသလားဗျ။ ကျွန်တော်သူနဲ့ အရေးကြီးကိစ္စတစ်ခု ဆွေးနွေးစရာရှိနေလို့ပါ"

"အရာရှိလိန်က မိစ္ဆာတစ်ကောင်ကိုခြေရာခံဖို့ ထွက်သွားပါတယ်"

တစ်ဖက်လူကလည်း သူ့လိုပင် ညကင်းလှည့်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သဘောပေါက်သွားပြီး လီနန်ခယ့် အမှန်အတိုင်းပြန်ဖြေလိုက်သည်။

"မိစ္ဆာလား"

ထိုအမျိုးသားက အံ့သြသွားဟန်ဖြင့် မျက်မှောင်လည်းကြုတ်သွားသည်။

"တိမ်တိုက်မြို့တော်ကလွတ်သွားတဲ့ အဲ့ဒီမိစ္ဆာက အသတ်ခံလိုက်ရပြီးပြီလို့ သတင်းရထားတာကို"

လီနန်ခယ့်က ရှင်းပြလိုက်သည်။

"အခုက မိစ္ဆာအသစ်တစ်ကောင် ထပ်ပေါ်လာလို့ပါ။ အရာရှိလိန်က တပ်ဖွဲ့တစ်ဖွဲ့ခေါ်သွားပြီး ဦးဆောင်စစ်ဆေးနေပါတယ်။ လူကြီးမင်းဆွေးနွေးစရာရှိတဲ့ကိစ္စက အတော်များ အရေးကြီးသလားဗျ"

ထိုအမျိုးသားက ပို၍ပင် စိုးရိမ်ပူပန်လာဟန်ဖြင့် ဆောင့်အောင့်ပြောလာလေသည်။

"မဖြစ်သေးပါဘူး၊ မိစ္ဆာကလည်း ဒီအချိန်မှာထပ်ပေါ်လာရတယ်လို့"

ထိုစဥ် လိန်ရှင်းနန်တို့အဖွဲ့ ဌာနဆီသို့ ပြန်ရောက်လာကြလေသည်။

တံခါးဝမှ ဧည့်သည်အမျိုးသားကို မြင်သောအခါ လိန်ရှင်းနန်မှာ တအံ့တသြဖြစ်သွားဟန်ရှိ၏။

"ယွမ်ဝမ်ချန်ပါလား။ ရှင်ဒီမှာ ဘာလာလုပ်နေတာလဲ"

ထိုအမျိုးသားသည် ယွင်ချန်ညကင်းလှည့်တပ်ဖွဲ့၏ လိပ်နက်ဌာနခွဲမှာ အဖွဲ့ဝင်တစ်ယောက်ဖြစ်လေသည်။

ငှက်နီဌာနှင့် လိပ်နက်ဌာနတို့မှာ ပုံမှန်အားဖြင့် သိပ်ပြီး လိုက်လျောညီထွေမရှိကြသော်လည်း ဤလူငယ်လေးကိုတော့ လိန်ရှင်းနန်က အတော်လေးအမြင်ကြည်ကာ အထင်ကြီးလေသည်။

ထိုအမျိုးသားသည် အမှုကိစ္စအတော်များများကို အောင်မြင်ပြီးမြောက်ထားသူတစ်ဦးပင်။

"အရာရှိလိန်"

ယွမ်ဝမ်ချန်၏မျက်နှာက ပျော်ရွှင်ဝမ်းသာစွာ လင်းလက်သွားပြီး ရှေ့ကိုအမြန်တိုးလာကာ ဆိုသည်။

"အခြေအနေက အတော်လေးအလျင်လိုနေတာကြောင့် ဒီငယ်သား အရေးတကြီးလာပြီး အကူအညီတောင်းရတာပါ။ တုန်းချီခရိုင်ထဲကို သင်္ချိုင်းလူသားတစ်ယောက်လွတ်ပြေးသွားလို့ သူ့ကိုအမြန်ရှာဖို့ အရာရှိလိန်ရဲ့အကူအညီလိုအပ်နေလို့ပါ"

သင်္ချိုင်းလူသား။

ထိုစကားလုံးကိုကြားလိုက်သည်နှင့် နေရာတွင်ရှိသောလူတိုင်း မျက်နှာပျက်ကုန်ကြသည်။

သူတို့အားလုံး အကြောက်ရဆုံးသောစကားလုံးဆိုလည်းမမှား။

လိန်ရှင်းနန်၏ မျက်နှာအမူအရာက လေးနက်မှုန်မှိုင်းနေပြီး အသံကလည်း နက်ရှိုင်းလေးလံနေခဲ့သည်။

"ဘာတွေဖြစ်သွားတာလဲ"

ယွမ်ဝမ်ချန်ကပြောသည်။

"လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က ဂျူနီယာညီမလေးတစ်ယောက်နဲ့ကျွန်တော် မိုးနီတရားမဝင်ရောင်းချသူတစ်ယောက်ကို ယွင်ချန်ညကင်းလှည့်တပ်ဖွဲ့ဆီ စောင့်ကြပ်ခေါ်ဆောင်လာခဲ့ကြပါတယ်။ မမျှော်လင့်စွာဘဲ အဲ့လူက လမ်းတစ်ဝက်မှာထွက်ပြေးသွားတယ်။ အပြေးအလွှားတော့ ‌တော်တော်ကျွမ်းကျင်ပုံပါပဲ"

"အဲ့ညီမလေးနဲ့ကျွန်တော်လည်း သူ့ကိုအမြန် လိုက်လံဖမ်းဆီးခဲ့ပေမဲ့ တိုက်ပွဲထဲမှာ ကျွန်တော်အဲ့လူကို မတော်တဆသတ်လိုက်မိတယ်"

"ဒါပေမဲ့ တစ်ရက်အကြာမှာပဲ အဲ့လူကို ကျွန်တော်ထပ်မြင်လိုက်ရပြန်တယ်ဗျာ"

"ပထမကတော့ ကျွန်တော်သူ့ကိုပြန်ဖမ်းလို့ရလုနီးနီးပဲ။ ဒါပေမဲ့ ကံဆိုးစွာနဲ့ ဂျူနီယာညီမလေး မတော်တဆဒဏ်ရာရသွားလို့ သူလည်း ပြန်လွတ်သွားတယ်။ အဲ့လူကို လိုက်ခြေရာခံနေရင်း ဒီအထိရောက်လာတာပါပဲဗျာ"

"မင်းမြင်လိုက်တဲ့ အဲ့ကုန်သည်က မင်းလက်နဲ့ကိုယ်တိုင်သတ်ခဲ့တဲ့သူဆိုတာ သေချာလား"

လိန်ရှင်းနန်က မျက်မှောင်ကြုတ်လျက်မေးသည်။

"မှားစရာအကြောင်းမရှိပါဘူး။ သေချာပေါက်သူပါပဲ။"

ယွမ်ဝမ်ချန်၏အသံက တည်ကြည်ခိုင်မာသည်။

"သွေးစွန်းနေတဲ့ဝတ်ရုံကိုဝတ်ထားတာကြောင့် တစ်ကိုယ်လုံး သွေးတွေနဲ့ဖုံးနေသလိုထင်နေရတာပါ သိသာပါတယ်"

"အဲ့ဒါ မိစ္ဆာမဟုတ်လား"

လီနန်ခယ့်နှင့် ယုန်မလေးမုန့်တို့ တစ်ပြိုင်တည်းအော်ပြောမိကြသည်။

ယွမ်ဝမ်ချန်မှာ လန့်ဖျပ်သွားဟန်ရှိ၏။

"မိစ္ဆာဟုတ်လား၊ ခင်ဗျားတို့တွေ့ခဲ့ကြတာလား။ အဲ့ဒါမိစ္ဆာမဟုတ်ဘူးနော်၊ သေရာကပြန်နိုးလာတဲ့ သင်္ချိုင်းလူသားပဲ"

"မှားစရာမရှိဘူး။ အဲ့ဒါမိစ္ဆာပဲ"

ယုန်မလေးမုန့်ကတော့ သူမ၏အကဲဖြတ်ချက်ကိုသာ ယုံကြည်သည်။

လီနန်ခယ့်က မယုံမကြည်ဖြစ်နေဟန်တူသော ယွမ်ဝမ်ချန်ကိုကြည့်ကာ ညင်ညင်သာသာရှင်းပြပေးသည်။

"ကြည့်ရတာ မင်းသူ့ကိုမသတ်နိုင်လိုက်ဘူးထင်တယ်။ အဲ့လူက သေခါနီးဆဲဆဲမှာ မိုးနီရေသန့်တွေ တရားလွန်သောက်လိုက်လို့ ပြန်ရှင်လာနိုင်တဲ့သဘောပဲ"

"ဒါ...ဒါပေမဲ့ ကျွန်တော် သူသေသွားတာကို သေချာမြင်ခဲ့ပါတယ်။"

ယွမ်ဝမ်ချန်ကတော့ ထိုခန့်မှန်းချက်ကို မယုံကြည်နိုင်သေးဟန်ပင်။

လီနန်ခယ့်ကမေးလိုက်သည်။

"သူ့အလောင်းကိုရော ဘယ်နားထားခဲ့လဲ။ မင်းပဲမြှုပ်ပေးခဲ့တာလား"

ယွမ်ဝမ်ချန်က ခါးသက်သက်မျက်နှာထားဖြင့်ဆိုသည်။

“အဲ့ဒီအချိန်တုန်းက အလောင်းက တော်တော်နက်တဲ့ကျင်းကြီးထဲကို ပြုတ်ကျသွားခဲ့တာ။ နောက်ပြီး ဂျူနီယာညီမလေးကလည်း ဒဏ်ရာရထားတာဆိုတော့ သူ့ကိုအရင် အနားကရွာတစ်ရွာဆီခေါ်သွားပြီး ဆေးကုသဖို့ အလျင်စလိုဖြစ်နေခဲ့တာကြောင့် ဂရုမစိုက်နိုင်ခဲ့တာပါခင်ဗျာ။”

ကျင်းနက်ကြီးဟုတ်လား။

လီနန်ခယ့် ချက်ချင်းပင် ကလေးမလေးချင်ချင် တောနက်ထဲတွင် မတော်တဆပြုတ်ကျသွားခဲ့သည့် ထောင်ချောက်ကျင်းကြီးအား သတိရလိုက်မိ၏။

အဘယ့်ကြောင့်ဆိုသော် ချင်ချင်သည်လည်း ထိုနေရာတွင်‌ သွေးများစိုရွှဲဖုံးလွှမ်းနေသည့် သွေးလူသားတစ်ယောက်ကို မြင်ခဲ့သည်မဟုတ်လော။

သို့သော်လည်း ယွမ်ဝမ်ချန်စကားအဆုံးတွင် လိန်ရှင်းနန်တို့အဖွဲ့မှာ မျက်နှာများလေးလံပျက်ယွင်းနေရာမှ ပြန်လည်ပေါ့ပါးသွားကြဟန်ရှိသည်။

“ငါတို့ဒီနေ့ အဲ့ဒီကျင်းကြီးဆီကို သွားခဲ့ကြသေးတယ်၊”

လိန်ရှင်းနန်က တည်ငြိမ်စွာဆိုသည်။

“အထဲမှာ ဘာရုပ်အလောင်းမှမရှိဘဲ သွေးကွက်တွေပဲရှိနေခဲ့တာ။ ဒါကိုကြည့်ရရင် မင်းအဲ့ဒီအချိန်တုန်းက သူ့ကို သေအောင်မသတ်မိဘဲ အဲ့လူက မိစ္ဆာတစ်ကောင်အဖြစ်ပြောင်းလဲသွားတာ အသေအချာပဲ"

ယွမ်ဝမ်ချန်မှာ ထိုနေရာတွင် ကြောင်အမ်းအမ်းဖြင့်ရပ်နေမိပြီး သူ့စိတ်ထဲတွင်တော့ အတွေးများစွာ ရှုပ်ထွေးနေခဲ့သည်။

မည်သို့ပင်ဆိုစေ မိစ္ဆာအဖြစ်ပြောင်းလဲသွားခြင်းက သူတို့အတွက် ပိုမိုလွယ်ကူသက်သာပေမည်။ အဘယ့်ကြောင့်ဆိုသော် လူသားစင်စစ်ကဲ့သို့ ရောနှောနေထိုင်တတ်သော သင်္ချိုင်းလူသားများကိုရှာရသည်မှာ ပို၍ခက်ခဲသောကြောင့်ပင်။

"ဒါနဲ့ အစ်ကို့ဂျူနီယာညီမလေးဆိုတာကရော"

ယုန်မလေးမုန့်က စူးစမ်းချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။

ယွမ်ဝမ်ချန်က မတတ်သာသလို သက်ပြင်းချကာ ဆိုလာသည်။

“ကောင်မလေးက ဒဏ်ရာတော်တော်ပြင်းလို့ အနီးအနားကရွာတစ်ရွာမှာ နားနေတုန်းပါခင်ဗျာ။ ကျွန်တော်မနက်ဖြန်မှ သူ့ကို သွားခေါ်လိုက်ပါ့မယ်"

ယွမ်ဝမ်ချန်ကို ဝင်းအတွင်းရှိ အခန်းတစ်ခန်းတွင် ယာယီနားနေရန် စီစဉ်ပေးပြီးနောက် လီနန်ခယ့် အိမ်သို့ပြန်လာခဲ့ပြီး လိန်ရှင်းနန်ကလည်း သူနှင့်အတူ လိုက်ပါလာခဲ့သည်။

ဒီညကလည်း ဆေးကုနှိပ်နယ်ပေးရမည့်ည ဖြစ်သောကြောင့်ပင်။

လမ်းမထက်တွင် သူတို့နှစ်ဦး ဘေးချင်းယှဉ်ကာ လျှောက်လှမ်းနေခဲ့ကြသည်။

ကောင်းကင်ယံရှိလမင်းကြီးက မျက်လုံးလှလှကို လင်းချင်းစွာဖွင့်လှစ်ကာ တိတ်ဆိတ်လှသော ညလမ်းကလေးပေါ်သို့ ကြည်လင်အေးမြသော အလင်းတန်းများကို ဖြာကျစေခဲ့ပြီး သူတို့နှစ်ဦး၏ အရိပ်များကို ရှည်လျားစွာ ဆွဲဆန့်ထားခဲ့သည်။

လီနန်ခယ့်က ရေခဲခေါင်းတလားကို ရှာဖွေတွေ့ရှိခဲ့သည့် အဖြစ်အပျက်တစ်ခုလုံးကို ပြန်လည်ပြောပြလိုက်၏။

လိန်ရှင်းနန်သည် အဖြစ်အပျက်တစ်ခုလုံးကို ကြားပြီးနောက် စိတ်လှုပ်ရှားစွာဖြင့်ဆိုသည်။

“ကြည့်ရတာ ဘာပြဿနာပဲဖြစ်ဖြစ် ရှင့်ဆီရောက်လာပြီး ဖြေရှင်းရလွယ်ကူသွားသလိုပဲနော်။ နျဲ့ယင်း လည်း လူကြည့်တဲ့နေရာမှာ ‌တော်တော်ပါးနပ်တယ်လို့ဆိုရမယ်။ ကျွန်မစိုးရိမ်တာက ရှင်ဒီလောက်တော်နေမှတော့ သူကအနားကပေးမခွာပဲ အလုပ်တွေဖိခိုင်းနေပါဦးမယ်"

“မဟုတ်တာ၊ သူကအဲ့လိုလူမဟုတ်ပါဘူး"

လီနန်ခယ့်က ပြုံးလိုက်သည်။

“အဲ့အမျိုးသမီးက ခင်ဗျားနဲ့ပုံပန်းသွင်ပြင်တူတောင် စိတ်နေစိတ်ထားကတော့ အ‌တော်လေးကွာခြားတယ်။ အရေးတကြီး အလုပ်ကိစ္စကလွဲလို့ ကျွန်တော့်ကိုလာရှာရမှာ အလွန်ပျင်းတဲ့သူ"

“အမျိုးသမီးတွေရဲ့ စိတ်ကို ခန့်မှန်းရခက်ပါတယ်”

လိန်ရှင်းနန်က ခပ်ဖွဖွပြုံးလိုက်သည်။

လီနန်ခယ့် သူမ၏ စကားလုံးများထဲတွင် လျှို့ဝှက်ချက်တစ်ခုရှိနေသည်ဟု ခံစားလိုက်ရသဖြင့် ပါးနပ်စွာဖြင့် တိတ်တိတ်လေးနေရန်သာ ရွေးချယ်လိုက်တော့၏။

“ဒါပေမဲ့ ကျွန်မရှင့်ကို သေသေချာချာ စောင့်ကြည့်နေမှာပါ”

လိန်ရှင်းနန်က ခေါင်းဆောင်တစ်ယောက်ကဲ့သို့ ဆိုသည်။

“ကျွန်မ သမားတော်လော့ကို ကတိပေးထားတယ်၊ ဘယ်လိုမြေခွေးမကိုမှ ရှင့်ကိုလာဆွဲဆောင်ခွင့်ပေးမှာမဟုတ်ဘူးလို့။ ဒါကြောင့် ကျွန်မဝင်စွက်ဖက်တဲ့အခါလည်း သည်းခံလိုက်ပါ"

လီနန်ခယ့် ခပ်ဖွဖွရယ်မောလိုက်ပြီး ရုတ်တရက် အတွေးတစ်ခုပေါ်လာသဖြင့် မေးလိုက်သည်။

“သင်္ချိုင်းလူသားတွေက မိစ္ဆာဖြစ်လာနိုင်လား။”

လိန်ရှင်းနန် ထိုမေးခွန်းကို အနည်းငယ်အံ့သြသွားရ၏။ သို့သော် ယွမ်ဝမ်ချန်၏အမှုကိစ္စကို ထိုလူစိုးရိမ်နေလောက်မည်ဟု သဘောပေါက်လိုက်သဖြင့် ခေါင်းခါပြလိုက်ပြီး ပြန်ဖြေလိုက်သည်။

“မဖြစ်နိုင်ပါဘူး၊ ကျွန်မတော့ အဲ့လိုဖြစ်စဥ်မျိုး တစ်ခါမှမတွေ့ဖူးမကြားဖူးသေးဘူး"

"ဒါပေမဲ့ ကျွန်မတစ်ခုစဥ်းစားနေတာက ယွမ်ဝမ်ချန်လို အသေးစိတ်ကျပြီး လုပ်ရည်ကိုင်ရည်ရှိတဲ့သူက ဒီလိုအမှားကြီးတစ်ခုကို လက်လွတ်စပယ်လုပ်မိသွားတာမျိုးကို ယုံကြည်ရခက်နေသလိုပဲ"

လီနန်ခယ့်က ဆိုသည်။

“တကယ်ထူးဆန်းတယ်။ ကျွန်တော်လည်း သူအဲ့ကုန်သည်ကို အရမ်းမုန်းလွန်းလို့ တမင်တကာသတ်ပစ်ခဲ့သလိုပဲလို့ ခံစားနေရတယ်"

လိန်ရှင်းနန်၏ မျက်ဝန်းများ မှေးကျဥ်းသွားခဲ့ရသည်။

"ရှင်ဆိုလိုတာက—”

"ဟေ့ လျှောက်ပြီးမခန့်မှန်းလိုက်နဲ့နော်၊ ကျွန်တော်ဒီတိုင်းပြောလိုက်တာပါ"

လီနန်ခယ့်က အမြန်လက်ဝှေ့ယမ်းပြလိုက်ပြီး ဆိုသည်။

“တိကျတဲ့သက်သေမရှိမချင်းတော့ ဘာကိုမှ အလျင်စလိုဆုံးဖြတ်လို့မရဘူးလေ။”

လိန်ရှင်းနန်လည်း မိမိ၏ မြန်ဆန်သောတုံ့ပြန်မှုကြောင့် ရယ်မောမိသွားရသည်။

ထိုအမျိုးသမီးက ဆံပင်စလေးကို နားနောက်သို့သပ်လိုက်ပြီး သူမကိုယ်သူမ လှောင်ပြောင်နေသည့်အလား ခပ်တိုးတိုးရယ်မောရင်း ဆို၏။

"ရှင်နဲ့အတူအလုပ်လုပ်ရတာကြာတော့ ကျွန်မဦးနှောက်က အပျင်းထူလာပြီပဲ။ ရှင်စဥ်းစားရင် အကုန်မှန်မှာပဲလို့ လက်ခံထားမိတော့ ကျွန်မဦးနှောက်က အကျိုးရယ်အကြောင်းရယ်ကို သေချာမစဥ်းစားတတ်တော့ဘူး"

“ဒါဆိုရင် ကျွန်တော်နောက်ခါကျ ပါးစပ်ပိတ်ထားဖို့ ကြိုးစားရတော့မှာပေါ့"

လီနန်ခယ့်က သူ့ပါးစပ်သူ လက်ဖြင့်အုပ်လိုက်ပြီး ဗလုံးဗထွေးအသံဖြင့် နောက်ပြောင်လာသည်။

"မင်းတို့အားလုံးကို လူအတွေဖြစ်အောင် မလုပ်ချင်လို့ပါကွာ"

“သွားစမ်းပါ”

ထိုလူ၏ ပြောင်တိပြောင်စပ် အပြုအမူကြောင့် လိန်ရှင်းနန်က သူ့ကိုမျက်စောင်းထိုးကာ ပုခုံးဖြင့် အသာဝင်တိုက်လိုက်သည်။

သို့သော်လည်း ဤအပြုအမူမှာ ချစ်သူရည်းစားများ ကလူကျီစယ် စနောက်နေကြသကဲ့သို့ အလွန်တရာ ရင်းနှီးလွန်းနေကြောင်း သတိထားမိလိုက်သဖြင့် အဝေးကို အမြန်ဆုံးဆုတ်ခွာလိုက်ပြီး နဂိုတည်ငြိမ်သောအမူအရာကို ဆက်လက်ထိန်းသိမ်းရန် ကြိုးစားရတော့သည်။

သို့သော်လည်း ပါးပြင်နုနုလေးမှာတော့ သေရည်ဝင်ထားသည့်အလား နီမြန်းပူပြင်းနေခဲ့၏။

ကံကောင်းထောက်မစွာဖြင့် မှောင်မိုက်လှသော ညအမှောင်ထုကြောင့် ထိုအရှက်ရစရာအခြေအနေကို ဖုံးကွယ်ပေးထားနိုင်ခဲ့သည်။

ထိုအချိန်တွင် လီနန်ခယ့်တစ်ယောက် ရုတ်တရက် ခြေလှမ်းများရပ်တန့်သွားခဲ့ပြီး ရင်းနှီးလှသော မူးဝေနောက်ကျိခြင်း ခံစားချက်ကြီးမှာ မုန်တိုင်းတိုက်သည့်အလား သူ့စိတ်ကို တိုက်ခတ်ယိမ်းယိုင်လာစေတော့၏။

ရေတွက်၍မရသော ကိုယ်ပွားပုံရိပ်များစွာက သူ့မျက်စိရှေ့တွင် ကပြနေသည့်အလား ပွားများပေါ်ပေါက်လာသောကြောင့် သူဘယ်ကိုဦးတည်ရမှန်းမသိ လမ်းပျောက်သွားခဲ့ရသည်။

စူးရှရင့်သည်းသော အနီရောင်ကန့်လန့်ကာကြီးတစ်ခုသည် သူ၏ဘေးပတ်ပတ်လည်တွင် ဖြန့်ကျက်ဖုံးအုပ်လာခဲ့တော့၏။

ထိုလူ လဲကျလုနီးပါးဖြစ်နေသည်ကို မြင်သောအခါ လိန်ရှင်းနန်က နောက်ပြောင်နေပြန်သည်အထင်ဖြင့် ပေါ့ပေါ့သာတုံ့ပြန်မိသည်။

“ကျွန်မရှင့်ကို အသာလေးပဲဝင်တိုက်လိုက်မိတာပါ။ ဘယ့်နှယ့် လမ်းပါမလျှောက်နိုင် ဖြစ်သွားရတာလား"

သို့သော်လည်း နောက်တစ်စက္ကန့်တွင် ထိုလူသည် ရှေ့သို့ ဝုန်းခနဲလဲကျသွားလေတော့၏။

All Chapters