← Chapters

အိပ်မက်ဆိုးမှ

Vol. 14 Ch. 134

အိပ်မက်ဆိုးမှ

Vol. 14 Ch. 134

လီနန်ခယ့်မှာ ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်သွားတော့မလို ခံစားရ၏။

ရေတွက်မရသော နာကျင်မှုများက ဦးခေါင်းခွံတစ်ခုလုံးပျံ့နှံ့လာကာ ဦးနှောက်ထဲသို့ ဓားထက်ထက်တစ်ချောင်းနှင့် ထိုးဖောက်နေသကဲ့သို့။

သို့သော်လည်း သူ မအော်ဟစ်နိုင်ခဲ့ချေ။

သူ၏လည်ပင်းမှာ နီရဲတောက်လောင်နေသော မီးကျီးခဲတစ်ခဲ ပိတ်ဆို့နေသကဲ့သို့ ခံစားရပြီး အသံလည်းမထွက်နိုင် ပူလောင်ပြင်းပြသော နာကျင်မှုမှလည်း မရုန်းထွက်နိုင်ခဲ့ပါ။

ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို သံမဏိကြိုးများဖြင့် တင်းတင်းကျပ်ကျပ် ချည်တုပ်နှောင်ခံထားရသကဲ့သို့ ခံစားနေရပြီး လက်ညှိုးတစ်ချောင်းကိုပင် မလှုပ်ရှားနိုင်ဘဲ အရှင်လတ်လတ် ငရဲကျနေသည့်အလား နာကျင်မှုနှင့် နှိပ်စက်ညှဉ်းပန်းမှုများကို အတိုင်းသားခံစားနေရသည်။

သူ၏အမြင်အာရုံမှာ သွေးကဲ့သို့ ရဲရဲနီနေဆဲဖြစ်၏။

နေရာတိုင်းမှာ လတ်လတ်ဆတ်ဆတ်သွေးများဖြင့် ဖြန်းပက်ခံထားရသည့်အလား။

ထိုစဥ် ဝေဝေဝါးဝါးမြင်ကွင်းဆီမှ သွေးနီရောင်သန်းနေသော အသားမျှင်တစ်ခုသည် သူ၏နှလုံးသားဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်အား မြင်တွေ့လိုက်ရ၏။

တဖြည်းဖြည်းဆီ နီးကပ်လာရင်းမှ ၎င်းသည် သူ၏နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့ရာ...

သို့သော် ထိုအရာဝင်ရောက်လာပြီးနောက်မှ နာကျင်မှုဝေဒနာများမှာ ဖြည်းဖြည်းချင်း စတင်ပျောက်ကွယ်သွားခဲ့သည်။

ပတ်ဝန်းကျင်ရှိ လေထုမှာလည်း အေးခဲနေသည့် သိုလှောင်ခန်းတစ်ခုကို ဖွင့်လိုက်သကဲ့သို့ ပိုမိုအေးစက်လာခဲ့သည်။

သူ၏အရေပြားပေါ်တွင် နှင်းခဲများက တစ်စမကျန် တွယ်ကပ်ဖုံးအုပ်သွားခဲ့၏။

လီနန်ခယ့်သည် သူ၏နှလုံးခုန်သံမှာ ပိုမိုမြန်ဆန်လာပြီး နှလုံးသားမှာ ရင်ဘတ်ထဲမှ ပေါက်ကွဲထွက်လုနီးပါး ဖြစ်နေသည်ကို ခံစားလိုက်ရ၏။

“နန်ခယ့်... ဒါအိပ်မက်တစ်ခုပဲ”

မြူခိုးများကဲ့သို့ လွင့်မျောနေသောအသံတစ်သံသည် သူ၏နားထဲသို့ ရုတ်တရက် တိုးဝင်လာခဲ့သည်။

ဘယ်သူလဲ။

လီနန်ခယ့် လူကိုကြည့်ဖို့ သူ၏ဦးခေါင်းကို အားယူကာ မြှင့်တင်လိုက်သည်။

မလှမ်းမကမ်းတွင် တဖျတ်ဖျတ်လှုပ်ခါနေသော အတော်အတန်ထင်ရှားသည့် အနီရောင်အရိပ်တစ်ခုသာရှိနေသည်။ လေတွင်လွင့်ဝဲနေသော ကချေသည်တစ်ဦး၏ တောက်ပသောဝတ်စုံနှင့် တူလှပေ၏။ သို့မဟုတ်ပါက သူ့အသက်ကို ဝါးမျိုစားသုံးတော့မည့် အနီရောင်မီးတောက်တစ်ခုဟု ဆိုရပေမည်လား။

သို့သော်လည်း သွေးနီရောင်အသားမျှင်မှ သူ့ကို ပြင်းထန်စွာရိုက်ခတ်လိုက်သည့်အချိန်တွင်...

ကြီးမားလှသော နာကျင်မှုဝေဒနာသည် သူ၏နှလုံးသားကို ချက်ချင်းပင် ထိုးကြိတ်ချေမွပစ်လိုက်သကဲ့သို့ ခံစားလိုက်ရတော့သည်။

...

လီနန်ခယ့် ရုတ်တရက် ဝုန်းခနဲထထိုင်လိုက်မိပြီး နဖူးပြင်ပေါ်မှ ပဲစေ့အရွယ်ခန့်ရှိသော ချွေးစက်များ စီးကျလာကာ အသက်ကိုမောဟိုက်စွာ ရှူသွင်းနေမိသည်။

“ယောက်ျား...”

ဇနီးဖြစ်သူ၏ စိုးရိမ်ပူပန်နေဟန် နူးညံ့ညင်သာသောအသံသည် သူ၏နားနားဆီမှ ထွက်ပေါ်လာခဲ့၏။

လီနန်ခယ့် ရင်းနှီးကျွမ်းဝင်လှသော ဇနီးဖြစ်သူ၏မျက်နှာကို လှည့်ကြည့်လိုက်ပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် မိမိ အိမ်ပြန်ရောက်နေပြီဖြစ်ကြောင်း နားလည်လိုက်သည်။

“ယောက်ျား၊ ဘာဖြစ်လို့လဲ။”

အမျိုးသမီးက လက်ကိုင်ပုဝါကိုထုတ်ယူကာ သူ့နဖူးပေါ်မျချွေးစက်များကို သုတ်ဖယ်ပေးရင်း တိုးတိုးလေးမေးမြန်းလိုက်သည်။

လီနန်ခယ့် ခေါင်းခါပြလိုက်ပြီး ကုတင်အစွန်းတွင် ခြေချထိုင်ကာ ခေါင်းထဲတွင်စွဲကျန်နေသေးသော ခေါင်းကိုက်ဝေဒနာ လျော့ပါးသွားစေရန် လက်ညှိုးနှစ်ဖက်ဖြင့် နားထင်ကို ဖိထောက်ပွတ်သပ်နေမိသည်။

သူ့ခန္ဓာကိုယ်မှာ ဘာတွေဖြစ်ပျက်နေသည်ကို သူကိုယ်တိုင်ပင် နားမလည်နိုင်ခဲ့ချေ။

လွန်ခဲ့သည့်ရက်အနည်းငယ်က စတင်ဖြစ်ပွားခဲ့သော ပုံမှန်မဟုတ်သည့် ရောဂါလက္ခဏာများသည် အခုရက်ပိုင်း ပို၍အကြိမ်ရေစိပ်ကာ အခြေအနေလည်း ပိုဆိုးလာဟန်ရှိ၏။

ဒီတစ်ကြိမ်တွင် သူ လုံးလုံးသတိလစ်သွားခဲ့ရသည်အထိ။

သူ့မှာ မိုးနီအိပ်မက်ကမ္ဘာကို ဝင်ရောက်စစ်ဆေးရန်အတွက်ပင် အားအင်မကြွင်းကျန်ရစ်သောကြောင့် မဝင်ရတာကြာပြီဖြစ်သည်။

သူ့ဝိညာဥ်သည် သူနေထိုင်နေသောကမ္ဘာကြီးဆီမှ စွန့်ခွာထွက်ပြေးသွားတော့မည့်အလား ရှိလေ၏။

လော့ချန်းချိုးက ခင်ပွန်းဖြစ်သူ၏လက်ကို ညင်သာစွာဆုပ်ကိုင်ထားပြီး စိုးရိမ်စိတ်များပြည့်နှက်နေသောအသံဖြင့် ဂရုတစိုက်မေးလာသည်။

“ယောက်ျား အိပ်မက်ဆိုးမက်လို့လား။”

“ကိုယ်အဆင်ပြေပါတယ်။”

လီနန်ခယ့်က အတင်းအကျပ် ပြုံးပြလိုက်သည်။

သူ့ဇနီး၏လက်မှာ အနည်းငယ် အေးစက်နေသော်လည်း ထိုအေးစိမ့်စိမ့်ခံစားချက်ကပင် သူ့ရင်ထဲက ရှုပ်ထွေးနေသော စိတ်ခံစားချက်များကို သိသိသာသာ တည်ငြိမ်သွားစေခဲ့သည်။

“အစ်မလိန်ကော ဘယ်မှာလဲ။”

လီနန်ခယ့် အခန်းထဲတွင် လိန်ရှင်းနန်ကိုမတွေ့ရသဖြင့် မေးမြန်းလိုက်သည်။

"သူပြန်သွားပြီလား"

“အစ်မလိန်ဟုတ်လား။ ဘယ်ကအစ်မလိန်လဲ”

လော့ချန်းချိုးက မျက်လုံးဝိုင်းဝိုင်းလေးဖြင့် ဇဝေဇဝါ ပြန်မေးလာလေသည်။

လီနန်ခယ့် ကြောင်အမ်းသွားရ၏။

ထိုစဥ် အေးစက်စက်အငွေ့အသက်တစ်ခုသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ စိမ့်ဝင်သွားခဲ့ပြီး သံအပ်များစွာဖြင့် ဦးခေါင်းခွံကို ခပ်ဖွဖွ ထိုးဆိတ်ထိုးဆွနေသကဲ့သို့ တဆစ်ဆစ်ခံစားလာရသည်။

မျက်စိရှေ့တွင်ရှိသော ဇနီးသည်ပင်လျှင် လှုပ်ခါနေသော ဆီမီးအိမ်အလင်းရောင်အောက်တွင် အနည်းငယ် ထင်ယောင်ထင်မှားဖြစ်လာပုံရသည်။

သူနေထိုင်ရာ အိမ်ကြီးသည်ပင် တစ်မျိုးတစ်ဖုံ ထူးဆန်းနေသကဲ့သို့။

စိတ်လှည့်စားမှုလား။

မိုးနီအိပ်မက်ကမ္ဘာထဲမှာလား။

လီနန်ခယ့်သည် စိတ်ပူပန်လာသည်နှင့်အမျှ အသက်ရှူသံများ မြန်ဆန်လာပြီး လက်ကို နောက်ကျောဆီသို့ မသိစိတ်ဖြင့် လှမ်းလိုက်မိရာ ထိုနေရာတွင် ရှိနေကျဖြစ်သော သေနတ်ကို ချက်ချင်းထိတွေ့လိုက်မိ၏။

“ဖူး...”

ရုတ်တရက် လော့ချန်းချိုးက ဆက်မထိန်းထားနိုင်တော့သကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်တော့သည်။

ထိုလူ၏ အံ့ဩတကြီးအကြည့်အောက်တွင် သူမ၏ လှပသောမျက်ဝန်းလေးများမှာ အပြုံးအရယ်နှင့်အတူ လခြမ်းလေးလို ကွေးညွှတ်နေခဲ့လျက်။

“ကဲပါ။ ကျွန်မယောက်ျားကို ဒီအတိုင်း စနောက်နေရုံပါ၊ အစ်မလိန်က အိမ်ပြန်သွားပါပြီ။ သူလည်း ခုနက နေစရာမရှိအောင်စိုးရိမ်နေခဲ့တာ၊ ကျွန်မက ရှင်အဆင်ပြေပါပြီပြောမှ စိတ်အေးပြီး ပြန်သွားတာပဲ"

နောက်ပြောင်လိုက်ရသည်ကို ပျော်ရွှင်နေဟန်ရှိသော ဇနီးသည်ကိုကြည့်ပြီး လီနန်ခယ့်မှာ အခိုက်အတန့်မျှ ဆွံ့အသွားရကာ မတတ်သာသလို ခေါင်းခါမိလိုက်သည်။

"မင်းကတော့ ကိုယ့်ကိုသက်သက်ခြောက်လှန့်ချင်နေတာပဲ။ ဆက်ပြီးဆိုးနေလိုက်။ တစ်နေ့ ကိုယ်အလန့်လွန်ပြီး နှလုံးရပ်သေသွားမှ မင်းငိုမနေလိုက်နဲ့"

“အဲ့လိုမျိုး လျှောက်မပြောရဘူး။”

လော့ချန်းချိုးက သူမ၏ ကြက်သွန်ဖြူဥလေးလို နူးညံ့သွယ်လျသောလက်ညှိုးလေးဖြင့် အမျိုးသား၏နှုတ်ခမ်းကို ကန့်လန့်ဖြတ်ဖိပိတ်လိုက်ပြီး စိတ်ဆိုးဆိုးဖြင့်ဆိုသည်။

"ယောက်ျား နောက်ဆို အဲ့လိုအဓိပ္ပာယ်မရှိတဲ့စကားတွေ မပြောရဘူးနော်"

သူ့နှုတ်ခမ်းပေါ်မှ နူးညံ့သောအထိအတွေ့လေးကြောင့် လီနန်ခယ့် မနေနိုင်စွာ ပါးစပ်ကိုဟပြီး အမျိုးသမီး၏ ကျောက်စိမ်းချောင်းလိုလက်ကလေးကို အသာကိုက်လိုက်မိသည်။

အမျိုးသမီးက လန့်ဖျပ်သွားဟန်ဖြင့် ထအော်လိုက်ပြီး ရှက်သွေးဖြာကာ လက်ညှိုးကို အမြန်ပြန်ဆွဲယူသည်။

ယုန်ဖြူပေါက်လေးတစ်ကောင် ကြောက်လန့်စိုးထိတ်သွားသည့်အလား။

လော့ချန်းချိုးက စနောက်ဆိုးသွမ်းသောအပြုံးဖြင့် ခင်ပွန်းဖြစ်သူကို မကျေမနပ်ကြည့်ကာ ချစ်စနိုးခြိမ်းခြောက်ဆူပူလိုက်သည်။

"ယောက်ျားနော်၊ ကျွန်မကို ဒီလိုထပ်ပြီးအနိုင်ကျင့်ရင် နောက်ကျ ရှင့်ကို လုံးဝဂရုမစိုက်ဘဲ ပစ်ထားလိုက်တော့မယ်"

"ဟုတ်ပါပြီဗျာ ဟုတ်ပါပြီ၊ နောက်ကိုရှင်မကပဲ ကျွန်‌တော့်ကို စိတ်ကြိုက်အနိုင်ကျင့်ပါတော့"

ဇနီးမောင်နှံနှစ်ဦးကြားမှ နွေးထွေးနူးညံ့သော ရင်းနှီးမှုလေထုကို ခံစားမိရင်း လီနန်ခယ့်မှာ ရှင်းမပြတတ်လောက်အောင် စိတ်အေးချမ်းသာမိရသည်။

စိတ်ခံစားချက်များ ပြည့်သိပ်မောက်လျှံလာ၍လား၊ စိတ်တွင်းမှ စိုးရိမ်ပူပန်မှုများကို လက်လွှတ်ချနိုင်လိုက်၍လားမသိ၊ လီနန်ခယ့်သည် ဇနီးဖြစ်သူကို တင်းတင်းဆွဲဖက်ကာ သူမ၏လည်တိုင်တဝိုက်မှ ဖျော့တော့သင်းပျံ့သော ကိုယ်ရနံ့ကို ပြင်းပြစွာရှူရှိုက်လေတော့သည်။

"ယောက်ျား ကျွန်မကို မြန်မြန်လွှတ်နော်"

အမျိုးသမီးသည် ရုတ်တရတ် အံ့သြလန့်ဖျပ်ကာ အမြန်လွတ်အောင်ရုန်းကန်သော်ငြား ထိုယောက်ျား၏ ချုပ်ဖက်ထားသောလက်အားမှာ ထင်မထားလောက်အောင်သန်မာသဖြင့် ရုန်းထွက်လို့မရခဲ့။

"ကိုယ်မင်းကိုချစ်တယ်"

လီနန်ခယ့်က ရုတ်တရက် ချစ်စကားကို ညင်သာစွာပြောလာလေသည်။

လော့ချန်းချိုး၏ ခန္ဓာကိုယ်တစ်ခုလုံး ငြိမ်သက်တောင့်တင်းသွားရ၏။

သူမသည် ‌ချောမွတ်သောမျက်နှာလေးကို ပင့်မော့လိုက်ပြီး ထိုအမျိုးသားအား စူးစိုက်ကြည့်ကာ မရေမတွက်နိုင်သော ချစ်မေတ္တာသံယောဇဥ် ကြိုးမျှင်တို့က သူမမျက်လုံးအိမ်ကို ရစ်ပတ်လာသည့်အလား အကြည့်တို့ နူးညံ့သိပ်သည်းလာခဲ့၏။ ထို့နောက် နှုတ်ခမ်းရဲရဲလေးများ ပွင့်ဟလှုပ်ရှားလာခဲ့သည်။

"ယောက်ျား တကယ်ပဲ ဒီဘဝတစ်လျှောက်လုံးကို ကျွန်မနဲ့အတူဖြတ်သန်းချင်တာလား။ ကျွန်မကိုတကယ်ပဲ ထာဝရချစ်ပေးနိုင်ရဲ့လား"

လီနန်ခယ့်က ပြန်မဖြေဘဲ မျက်လုံးများကို အသာမှေးပိတ်ထားလိုက်သည်။

နင့်သည်းသော စိတ်ခံစားချက်အချို့ကို နှလုံးသားဆီမှ ဆင့်ခေါ်ဖိတ်ကြားနေသကဲ့သို့။

လော့ချန်းချိုး၏ သွယ်လျနူးညံ့သော လက်ချောင်းလေးမျာသည် အမျိုးသား၏ မျက်ခုံးရိုးနှင့် မျက်လုံးရှိရာသို့ ညင်သာစွာ ပွတ်သပ်နှိပ်နယ်ပေးနေပြီး အကြည့်တို့က ပို၍ပို၍ နူးညံ့သိပ်သည်းလာသည်။ ထို့နောက် ဦးခေါင်းကို ဖြည်းညင်းစွာနှိမ့်ချကာ ထိုသူ၏နှုတ်ခမ်းများအား နမ်းဖို့ပြင်လိုက်လေသည်။

နှုတ်ခမ်းနှစ်လွှာ ထိစပ်တော့မည့်အချိန်တွင်မှ လီနန်ခယ့်က အမျိုးသမီးကို ကြမ်းပြင်ဆီသို့ တွန်းချလိုက်သည်။

All Chapters