← Chapters

ဘာက အစစ်အမှန်လဲ

Vol. 14 Ch. 135

ဘာက အစစ်အမှန်လဲ

Vol. 14 Ch. 135

အမျိုးသမီးမှာ ကြမ်းပြင်တွင်ထိုင်လျက်သား ကြောင်အမ်းနေမိလျက်။

လီနန်ခယ့်က သူ့ဦးခေါင်းသူ ခပ်ပြင်းပြင်းရိုက်ချလိုက်ပြီး သေနတ်ကိုဆွဲထုတ်ကာ ကြမ်းပြင်ပေါ်မှအမျိုးသမီးကို ပြောင်းဝဖြင့်ချိတ်ရွယ်ထားလိုက်သည်။ အကြည့်များမှာ သူစိမ်းတရံဆံကိုကြည့်နေသည့်အလား အေးစက်စိမ်းသက်လျက်။

"ယောက်ျား ရှင်ဘာတွေလုပ်နေတာလဲ"

အမျိုးသမီးက စိတ်ရှုပ်ထွေးစွာမေးသည်။

.

လီနန်ခယ့်က လက်ညှိုးကို မောင်းခလုတ်ပေါ် အသာကွေးတင်လိုက်ပြီး ရေခဲတမျှအေးစက်သောအသံဖြင့် ဆို၏။

"မင်းက ငါ့မိန်းမမဟုတ်ဘူး"

အမျိုးသမီး၏ မျက်နှာအမူအရာမှာ တောင့်ခဲသွားခဲ့ရ၏။

သူမသည် စကားတစ်ခွန်းလောက် ပြောချင်ဟန်ရှိသော်လည်း ထိုအချိန်တွင် လီနန်ခယ့်က ပြောင်းဝကို သူ့နဖူးဆီ ပြန်လည်ချိန်ရွယ်လိုက်သည်အား တွေ့လိုက်ရ၏။ မျက်နှာထားမှာ ပြောင်းလဲခြင်းတစ်စုံတစ်ရာမရှိ ရေခဲရိုက်ထားသည့်အလား။

ရွှစ်

လီနန်ခယ့်လက်ထဲမှ သေနတ်သည် အကြောင်းမဲ့ လွင့်ထွက်သွားခဲ့ရ၏။

"ရှင်လိုချင်တာ ဒါပဲမဟုတ်ဘူးလား"

အမျိုးသမီးက ခေါင်းလေးကိုအသာစောင်းငဲ့ကာ သူ့အား နားမလည်နိုင်သလိုကြည့်သည်။

"ချစ်ရတဲ့အမျိုးသမီးနဲ့ သေတပန်သက်တစ်ဆုံး ချစ်ချစ်ခင်ခင် အတူယှဥ်တွဲနေထိုင်သွားဖို့ပဲ ရှင်လိုချင်တာလေ။ ဒီလိုအိပ်မက်လှလှလေးကို ဘာလို့ ဖျက်ဆီးချင်ရတာလဲ"

လီနန်ခယ့်က သေနတ်မရှိတော့သော လက်ဗလာကိုကြည့်ကာ အေးစက်စက်ဆိုသည်။

"သေချာပေါက် ဒါငါလိုချင်တဲ့ဘဝပါပဲ။ မင်းပြောခဲ့သလို ငါချစ်တဲ့မိန်းမနဲ့လေ။ မင်းလို ဘာမှန်းမသိတဲ့အရာနဲ့မှမဟုတ်ဘဲ"

"ရှင်ချစ်တဲ့မိန်းမက ရှင့်ကို သေချာပေါက်ပြန်ချစ်ပါမယ်လို့ အာမခံရဲသလား"

အမျိုးသမီးက စားပွဲတွင်ဝင်ထိုင်ကာ ခပ်လှောင်လှောင်အပြုံးဖြင့် သူ့ကိုကြည့်နေသည်၊

"ကိုယ့်ရဲ့ပုံစံအမှန်ကိုတောင် သတ္တိရှိရှိလက်မခံရဲတဲ့ယောက်ျားနဲ့ လျှို့ဝှက်ချက်တွေအပြည့်ရှိနေပြီး ထုတ်ဖော်ဖွင့်ဟဖို့အတွေးမရှိတဲ့ ဇနီးသည်၊ တကယ်ပဲ ရှင်တို့နှစ်ယောက်က သေတပန်သက်တဆုံး ချစ်နိုင်ကြပါ့မလား"

"သူရှင့်ကို နေ့တိုင်းပြသနေတဲ့ နူးညံ့ညင်သာမှုတွေက အစစ်အမှန်တွေပါလို့ ရှင်ပြောရဲသလား"

"သူရှင့်ကို နေ့တိုင်းချက်ကျွေးနေတဲ့ ထမင်းဟင်းတွေထဲ တစ်ခုခုရောနှောပါဝင်မနေနိုင်ဘူးလို့ ရှင်ရာနှုန်းပြည့်ယုံကြည်ရဲသလား"

"ရှင်စိတ်ကူးယဥ်နေတဲ့ ပျော်ရွှင်မှုမျိုးကို ဒီတစ်သက် ခံစားနားလည်နိုင်မှာမဟုတ်တော့ဘူးထင်ပါတယ်။ ရှင်လိုချင်တဲ့ ချစ်ခြင်းမေတ္တာမျိုးက ရှင့်ရှေ့မှာ ပေါ်လာနိုင်စွမ်းမရှိတော့ဘူးလေ"

လီနန်ခယ့်က တည်ငြိမ်စွာ ခွန်းတုံ့ပြန်၏။

"ငါ့မှာလည်း လျှို့ဝှက်ချက်တွေရှိတယ်"

အမျိုးသမီးက ရယ်သွမ်းသွေးသည်။

"ဒါဆို ရှင့်ကို အလိမ်အညာတွေနဲ့ဆက်ဆံနေတဲ့ ဇနီးအစစ်ဆီပြန်သွားမလား၊ ဒါမှမဟုတ် ရှင့်ကို တစ်သက်လုံးချစ်ကြင်နာပေးမဲ့ ဇနီးအတုလေးနဲ့ပဲ အိပ်မက်ထဲမှာ ဆက်နေသွားချင်လား"

"ပြန်သွားရမှာပေါ့"

လီနန်ခယ့်က ရိုးရိုးလေးသာဖြေလေသည်။

အမျိုးသမီးက သက်ပြင်းဖွဖွချသည်။

"ဒါပေမဲ့ ရှင်ချစ်ခင်တွယ်တာနေတဲ့ အရာအားလုံးက အတုအယောင်တွေပါလို့ ကျွန်မကပြောမယ်ဆိုရင်ရော၊ ရှင်ချစ်တဲ့အဲ့ဒီဇနီးရော၊ ရှင့်ရဲ့အထက်လူကြီးလှလှလေးရော အားလုံးက အစစ်အမှန်မဟုတ်ဘဲ အိပ်မက်ထဲကဇာတ်ကောင်တွေပါလို့ ကျွန်မကပြောရင် ရှင်ယုံမလား"

"ငါယုံမယ်လို့ မင်းထင်သလား"

လီနန်ခယ့်က ပြန်လည်ချေပသည်။

အမျိုးသမီးက အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့ပြီး ဘာမှ ထပ်မပြောတော့ဘဲ သူမ၏ ဝတ်စုံလက်အင်္ကျီကို ညင်သာစွာဝှေ့ယမ်းလိုက်ရာ လွင့်ပါသွားခဲ့သောသေနတ်သည် လီနန်ခယ့်၏ လက်ထဲသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

"ဒါဆိုလည်း ရှင်ထင်တဲ့အစစ်အမှန်ကမ္ဘာကြီးကို တစ်ချက်လောက်သွားကြည့်လိုက်စမ်းပါဦး"

အမျိုးသားသည် လက်ထဲပြန်ရောက်လာသော သေနတ်ကိုစိုက်ကြည့်ရင်း စိတ်ရှုပ်ထွေးမှုများနှင့် ကြောက်ရွံ့မှုများ မြင့်တက်ပေါ်ထွက်လာရ၏။

သူ သေနတ်ကို နဖူးတွင် ဖိကပ်ထားခဲ့သော်လည်း မောင်းခလုတ်ကိုဆွဲရန် တုံ့ဆိုင်းနေခဲ့မိ၏။ သူ၏ရင်ထဲရှိ ဇဝေဇဝါ သံသယများနှင့် မရေမရာ ကြောက်ရွံ့မှုများမှာ တဖြည်းဖြည်းကြီးမားလာခဲ့ပြီး သံသယမျိုးစေ့များမှသည် ကြီးမားလှသော သစ်ပင်ကြီးတစ်ပင်အဖြစ်သို့ အမြစ်တွယ်ရှင်သန်လာခဲ့ကြသည်။

ဘယ်တစ်ခုက အိပ်မက်ကမ္ဘာလဲ။

ဘယ်ကမ္ဘာက အစစ်အမှန်လဲ။

နောက်ဆုံးတော့ လီနန်ခယ့်သည် အံကိုတင်းတင်းကြိတ်လျက်သာ မောင်းခလုတ်ကို ဆွဲချလိုက်တော့၏။

ဒိုင်း

ကျည်တစ်တောင့်က သူ့နဖူးကို ဖောက်ထွက်သွားခဲ့သည်။

...

လီနန်ခယ့်တစ်ယောက် အိပ်မက်ဆိုးမှ အမောတကော နိုးထလာနိုင်ခဲ့သည်။

လေနုအေးအေးက သူ၏အသားအရည်ကို စစ်မှန်စွာဖြတ်တိုက်သွားသည့်အချိန်တွင် သူ၏ဆင်ခြင်တုံတရားနှင့် စိတ်ခံစားချက်များကိုပါ တစ်ပါတည်းလှုပ်နှိုးပေးလိုက်သကဲ့သို့ရှိကာ အတွေးစဥ်များက သာမန်အခြေအနေသို့ ပြန်လည်ရောက်ရှိတည်ငြိမ်လာခဲ့သည်။

"ယောက်ျား"

ဇနီးသည်၏အသံက တဖန်တိုးဝင်လာပြန်သည်။ သို့သော် အရင်တစ်ခါရခဲ့သော အတုအယောင်ခံစားချက်နှင့် ဝေးကွာလှပေစွ။

သို့သော်လည်း လီနန်ခယ့် မျက်လုံးများကိုဖွင့်ပြီး ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည့်အချိန်တွင် သူ့မျက်နှာတစ်ခုလုံး ချက်ချင်းပင် သေလူကဲ့သို့ ဖြူရော်သွားခဲ့ရတော့သည်။

သူ့ခန္ဓာကိုယ်မှာလည်း ထိန်းချုပ်မရနိုင်စွာ တုန်ယင်လာခဲ့၏။

ပတ်ဝန်းကျင်မှာ ရင်းနှီးလှသော သူ၏ ကိုယ်ပိုင်ခြံဝင်းအတွင်းပိုင်း ဖြစ်သော်လည်း ၎င်းမှာ ထူထပ်သိပ်သည်းကာ ညစ်ပတ်နံစော်သော အနီရောင်ပင့်ကူအိမ်များဖြင့် ရစ်သိုင်းဖုံးလွှမ်းနေခဲ့သည်။

ဤကမ္ဘာကြီးမှာ ကြီးမားသော ပင့်ကူအိမ်တစ်ခုအတွင်းရောက်နေသည့်အလား ခံစားရ၏။

သူ ဦးခေါင်းကို ပြင်းထန်စွာရိုက်ချလိုက်ရာ မျက်စိရှေ့ရှိ မြင်ကွင်းမှာ လျင်မြန်စွာပြောင်းလဲသွားခဲ့ပြီး တစ်ခါတစ်ရံတွင် ပုံမှန်အတိုင်း ကြည်လင်လင်းချင်းသွားကာ တစ်ခါတစ်ရံတွင် ပင့်ကူအိမ်များဖြင့် ထပ်မံ ဖုံးလွှမ်းသွားရပြန်သည်။

"ယောက်ျား အဆင်ပြေရဲ့လား"

ဇနီးသည် လော့ချန်းချိုးက ခြေလှမ်းသံသာသာလေးဖြင့် အနားသို့ ဖြည်းညင်းစွာလျှောက်လှမ်းလာသည်။

သို့သော် လီနန်ခယ့် သူ့ခေါင်းကို တစ်ဖန်ရိုက်ချလိုက်ချိန်တွင် ပတ်ဝန်းကျင်မှာ ညစ်ပတ်သော ပင့်ကူအိမ်များဖြင့် ဖုံးလွှမ်းနေသည့် ခြံဝင်းအတွင်းပိုင်းသို့ ပြန်လည် ပြောင်းလဲသွားခဲ့ပြန်သည်။

ဇနီးသည်၏အသံမှာလည်း ပင့်ကူအိမ်များဖြင့် ဖုံးလွှမ်းနေသည့် ဂူတစ်ခုအတွင်းမှ ထွက်ပေါ်လာသည့်အလား နက်ရှိုင်းကာ ပဲ့တင်ထပ်နေခဲ့လေသည်။

လီနန်ခယ့်က ထိုပုံရိပ်ကို စူးစိုက်ကြည့်နေမိရင်း သူ့နှလုံးသားမှာ မမြင်ရသောလက်ကြီးတစ်ဖက်ဖြင့် ဆုပ်ညှစ်ခံထားရသည့်အလား မွန်းကျပ်ပိတ်လှောင်လာရ၏။

ထိုပုံရိပ်က အမှောင်ထုအတွင်းမှ ဖြည်းညင်းစွာလျှောက်ထွက်လာသည်။

အစပထမတော့ ထိုပုံရိပ်သည် ကွေးညွတ်လှပသော အမျိုးသမီးခန္ဓာကိုယ်ပုံရိပ် ဖြစ်သော်လည်း ပတ်ဝန်းကျင်ရှိ အနီရောင်အလင်းတန်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည့်အချိန်တွင် လျှောက်လှမ်းလာသောအရာမှာ ကြောက်မက်ဖွယ် ဧရာမပင့်ကူကြီးတစ်ကောင် ဖြစ်နေသည်ကို သူ သတိထားမိလိုက်သည်။

"အား"

လီနန်ခယ့် အရူးတစ်ယောက်လို သူ့ခေါင်းသူအုပ်ကိုင်ကာ အတွေးများလည်း ကယောင်ချောက်ခြား ပြေးလွှားကုန်ကြတော့၏။

မြေပြင်ထက်ပြုတ်ကျနေသော သေနတ်ကို သူကောက်ယူကာ နဖူးတည့်တည့်ကိုချိန်ပြီး ပစ်ခတ်လိုက်သော်လည်း သေနတ်သံထွက်မလာခဲ့။

ဤသည်မှာ သူနေထိုင်သော အစစ်အမှန်ကမ္ဘာကြီးသာ ဖြစ်ချေတော့သည်။

လီနန်ခယ့် မြေပြင်ပေါ်ဒူးထောက်ကျသွားခဲ့ပြီး အထိန်းအကွပ်ကင်းမဲ့နေသော စိတ်ခံစားချက်များကို လိုက်လံဖမ်းဆုပ်ယူဖို့ ကြိုးစားမိသည်။ ထို့နောက် အဆုံးမရှိသော မျှော်လင့်ချက်မဲ့ခြင်းအမည်ရှိ ချောက်နက်ကြီးထဲ အရှိန်လွန်ပြုတ်ကျသွားသည့်အလား အမှန်တရားတွင် နစ်မွန်းပျောက်ဆုံးသွားရတော့၏။

ခေါင်းတစ်ခုလုံး ချာချာလည်ကာ မူးဝေရှုပ်ထွေးလာပြန်သည်။

ဦးခေါင်းခွံထဲမှ ဦးနှောက်ကိုထုတ်ကာ ရေမြှုပ်ရေမှော်များဖြင့် အပြည့်ဖြည့်သွင်းခံလိုက်ရသည့်အလား။

ဒီနေရာကနေ ထွက်ပြေးတော့။

ဒီကမ္ဘာကြီးကနေ အခုထွက်ပြေးလိုက်တော့။

ခုနကအိပ်မက်ကမ္ဘာကိုပဲ ပြန်‌သွားလိုက်ပါတော့။

ဘယ်ကလာမှန်းမသိသော အသံတစ်ခုက သူ့စိတ်ထဲတွင် ထပ်ခါထပ်ခါအော်မြည်ပြောဆိုနေခဲ့သည်။

လီနန်ခယ့်၏ အတွေးများမှာလည်း ထိန်းချုပ်မရဘဲ အဆုံးစွန်ထိ ပျံသန်းကူးခတ်နေခဲ့ပြီး မိမိကိုယ်မိမိ လက်တွေ့ဘဝမှ ထွက်ပြေးလွတ်မြောက်စေရန်နှင့် ထိုအမျိုးသမီး ရှိနေခဲ့သော ယခင်ကမ္ဘာကြီးဆီသို့ ပြန်လည်ရောက်ရှိရန်အတွက် အတင်းအကျပ် ကြိုးစားနေမိသည်။

အမှန်တရားကို သူလက်မခံချင်တော့။

သူ တဖြည်းဖြည်းနှင့် နှစ်ခြိုက်စွာ ပြန်လည်အိပ်မောကျကာ ကိုမာအဆင့်သို့ ဝင်ရောက်လုနီးပါးဖြစ်နေချိန်တွင် အေးစက်စက်နှာမှုတ်သံတစ်ချက်နှင့် အော်ဟစ်ကြိမ်းမောင်းသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"အိပ်မက်ဆိုးတစ်ခုကများ ငါ့ယောက်ျားကို ပြဿနာလာရှာရဲတယ်ပေါ့"

လီနန်ခယ့်မှာ ဘာတွေဖြစ်လို့ဖြစ်နေမှန်းလဲမသိသော်လည်း သူ၏မျက်လုံးထောင့်မှတစ်ဆင့် ပတ်ဝန်းကျင်တွင် တောက်ပလှသော အဖြူရောင်အလင်းတန်းတစ်ခု ပွင့်လန်းလာသည်ကို မြင်တွေ့လိုက်ရသကဲ့သို့ ရှိပြီး နဂိုရှိသော ပျို့အန်ချင်စရာ ညစ်ညမ်းနီရဲသည့် ပင့်ကူအိမ်များသည် ပြင်းထန်သောအလင်းရောင်ကြောင့် လောင်ကျွမ်းသွားခဲ့ရသည်။

အမျိုးသမီးတစ်ဦး၏ စူးရှရှအော်ဟစ်သံတစ်ခုကိုလည်း ဝေဝေဝါးဝါး ကြားလိုက်ရသကဲ့သို့။

ခြေသံဖွဖွလှပ်လှပ်လေးများက သူ့‌ဘေးသို့ ရောက်လာခဲ့သည်။

လက်နုနုလေးတစ်ဖက်က သူ့ပါးပြင်ကို ညင်သာစွာပွတ်သပ်ချော့မြူကာ လေသံလေးဖြင့် တိုးကပ်ဆိုလာသည်။

"ယောက်ျား၊ စိတ်မပူပါနဲ့၊ ကျွန်မရှင့်ကို လမ်းပြန်တည့်ပေးမယ်နော်"

အွတ်

သူ့နှလုံးသားသည် ဆူးချွန်တစ်ခုဖြင့် ဆောင့်ထိုးခြင်းခံလိုက်ရ၏။

All Chapters