အိပ်မက်အကြွင်းအကျန်
Vol. 14 Ch. 136
လီနန်ခယ့်တစ်ယောက် ထိတ်လန့်တုန်လှုပ်စွာဖြင့် ထပ်မံနိုးထလာသည့်အချိန်တွင် သူသည် လမ်းကြားလေးတစ်ခု၏ ဘေးနားရှိ ကျောက်ဆောင်တစ်ခုကို မှီထားလျက်ရှိပြီး သူ၏မျက်စိရှေ့တွင် ရှိနေသော အမျိုးသမီးမှာ လိန်ရှင်းနန်ဖြစ်နေခဲ့သည်။
အမျိုးသမီးမှာ အတော်လေးစိုးရိမ်ပူပန်နေပုံရပြီး သူမ၏ လက်ခလယ်နှင့်လက်ညှိုးကို ပူးကပ်ကာ သူ၏မျက်ခုံးအလယ်ဗဟိုသို့ ခပ်ဖွဖွဖိကပ်ထားရင်း ဖြူလွလွ အလင်းရောင်ဖျော့ဖျော့ကို ထုတ်လွှတ်နေခဲ့၏။ သူမသည် ထိုသူ၏ မိုးနီအိပ်မက်ကမ္ဘာအတွင်းသို့ ဝင်ရောက်နိုင်ရန်အတွက် အတင်းအကျပ် ကြိုးစားနေခဲ့ပုံရသည်ပင်။
လီနန်ခယ့် နိုးထလာသည်ကို မြင်တွေ့လိုက်ရသဖြင့် လိန်ရှင်းနန် ကြောင်အမ်းသွားပြီး သူမ အခြေအနေကို မှားယွင်းစွာသုံးသပ်မိသွားသည်ဟု ထင်မှတ်လိုက်မိသည်။
“ရှင်နိုးပြီလား”
လီနန်ခယ့် သူမကိုတွန်းဖယ်ပစ်လိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ်စာမျှ ယိုင်ထွက်သွားခဲ့၏။ သူ၏နဖူးပြင်ပေါ်မှ ချွေးစေးများစီးကျလာပြီး မျက်နှာတစ်ခုလုံး သွေးမရှိသကဲ့သို့ ဖြူရော်အားနည်းနေခဲ့သည်။
“အနားကိုမလာနဲ့"
လိန်ရှင်းနန် သူ့အနားသို့ ချဉ်းကပ်လာသည်ကို မြင်တွေ့လိုက်ရသဖြင့် လီနန်ခယ့် အမြန်ဆုံး အော်ဟစ်တားမြစ်လိုက်သည်။
အမျိုးသမီး၏ အံ့ဩလန့်ဖျပ်သွားဟန်ရှိသော အကြည့်အောက်တွင် လီနန်ခယ့်သည် မိုးနီအိပ်မက်ကမ္ဘာမှ ယူဆောင်လာခဲ့သော သေနတ်ကို ကောက်ကိုင်ကာ နဖူးတည့်တည့်ကိုချိန်ရွယ်ပြီး မောင်းခလုတ်ကို အကြိမ်ကြိမ်ဆွဲလိုက်သော်လည်း ကျည်ဆန်တစ်တောင့်မှ ထွက်ပေါ်မလာခဲ့ချေ။
ထို့နောက် သူသည် ဘေးနားရှိ ချွန်ထက်ထက် ဆူးသစ်ကိုင်းခြောက်တစ်ခုကို ကောက်ယူကာ လက်ဖမိုးဆီသို့ ထိုးစိုက်ပစ်လိုက်တော့သည်။
နာကျင်မှုဝေဒနာသည် သူ၏အာရုံကြောများဆီသို့ စီးဆင်းသွားခဲ့၏။
လတ်ဆတ်သော သွေးများ ဖြာခနဲ စိမ့်ထွက်လာခဲ့သည်။
“လီနန်ခယ့်၊ ရှင်ဘာလုပ်နေတာလဲ”
လိန်ရှင်းနန် သူ့ကိုတားဆီးရန်အတွက် အလျင်စလို ရှေ့သို့တိုးလာခဲ့ပြီး ထိုလူ၏လက်ပေါ်ရှိ သွေးထွက်နေသောဒဏ်ရာစိမ်းကို ကြည့်ကာ လူကို အကဲခတ်သလို စိုက်ကြည့်လာခဲ့သည်။
လီနန်ခယ့်ကမူ ထိုဒဏ်ရာကိုဂရုမစိုက်ဘဲ အသက်ကိုပြင်းစွာရှူရင်း ပတ်ဝန်းကျင်ကို အလောတကြီးဖြစ်နေသောအကြည့်ဖြင့် သေချာစစ်ဆေးနေခဲ့သည်။ တဖြည်းဖြည်းနှင့် သူ၏အာရုံပျံ့လွင့်နေဟန်ရှိသော မျက်လုံးများထဲ ဆင်ခြင်တုံတရားနှင့် ကြည်လင်ပြတ်သားမှုတို့ ပြန်လည်ခိုအောင်းလာခဲ့၏။
ဒါက တကယ့်လက်တွေ့ကမ္ဘာကြီးပဲ။
လီနန်ခယ့် စိတ်လျှော့ကာ သက်ပြင်းချလိုက်မိပြီး သစ်မြစ်တစ်ခုပေါ်သို့ ပုံလျက်သား ထိုင်ကျသွားခဲ့သည်။
ဒါဆို ခုနက ဘာတွေဖြစ်ပျက်သွားတာလဲ။
ဒါက အိပ်မက်တစ်ခုလား။
လီနန်ခယ့် သေသေချာချာ ပြန်လည်စဉ်းစားလိုက်ရာ သူ့ရင်ထဲတွင် မပီပြင်ဝေဝါးသော အဖြေတစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။
သူ သတိလစ်သွားစဥ်အချိန်အတွင်း မိုးနီကမ္ဘာထဲသို့ ထပ်မံဝင်ရောက်သွားခဲ့ခြင်း ဖြစ်ရမည်။
သို့သော်လည်း ဒီတစ်ကြိမ်တွင်မူ သူသည် ရောက်နေကျမင်္ဂလာခန်းဆောင်ဆီသို့ ရောက်မသွားခဲ့ဘဲ မိုးနီကမ္ဘာအတွင်းရှိ အိပ်မက်ဆိုးတစ်ခုထံမှ ကျူးကျော်တိုက်ခိုက်ခြင်းကို ခံလိုက်ရခြင်း ဖြစ်ပေမည်။
လက်တွေ့ကမ္ဘာအပြင် သူ့မိုးနီအိပ်မက်ကမ္ဘာအတွင်းလည်း အိပ်မက်ဆိုးများ ရှိနေပုံရသည်ပင်။
၎င်း၏ ကြောက်မက်ဖွယ်ကောင်းမှုနှင့် ဟန်ဆောင်ကောင်းမှုအဆင့်မှာ သူတွေ့နေကျများထက် ဆယ်ဆမက ပိုမိုမြင့်မားလေသည်။
အိပ်မက်ဆိုးသည် အိပ်မက်ပိုင်ရှင်၏ ရင်ထဲတွင် လက်တွေ့နှင့်အိပ်မက် ဟူသော သံသယမျိုးစေ့ကို မသိစိတ်မှတစ်ဆင့် ထည့်သွင်းစိုက်ပျိုးသွားမည်ဖြစ်ပြီး မည်သည်ကအိပ်မက် မည်သည်ကလက်တွေ့ ဆိုသည်ကို ခွဲခြားနိုင်စွမ်းမရှိအောင် ဖန်တီးသွားလိမ့်မည်။
အိပ်မက်ကမ္ဘာကို ရွေးချယ်လိုက်မိသူသည် အိပ်မက်အတွင်းပိတ်မိကာ ထာဝရအိပ်စက်ခြင်းဆီသို့ ကျဆင်းသွားရပေမည်။
အကယ်၍ နောက်ဆုံးအချိန်တွင် အဲ့ဒီလျှို့ဝှက်ဆန်းကြယ်သော ပင့်ကူလူသားသာ ရုတ်တရက် ပေါ်ပေါက်မလာခဲ့ပါက သူသည်လည်း အိပ်မက်ဆိုးထောင်ချောက်ထဲသို့ ကျဆင်းသွားခဲ့ရပေလိမ့်မည်။
အဲ့ဒီလူက ဘယ်သူများလဲ။
လီနန်ခယ့် စဉ်းစား၍မရခဲ့ပါ။ စဥ်းစားမရသည်လား ထပ်မစဥ်းစားရဲတော့သည်လား မသိနိုင်တော့။
“လီနန်ခယ့်”
ထိုအခိုက်တွင် လိန်ရှင်းနန်က ရုတ်တရက် သူ့အင်္ကျီကော်လံစကို ဆွဲကိုင်လိုက်ပြီး မျက်လုံးလှလှများထဲ စူးရဲရဲမီးတောက်များ တောက်လောင်နေလျက် စစ်ဆေးမေးမြန်းလိုက်၏။
“ရှင် မိုးနီဆေးတွေ ခိုးသောက်လိုက်သေးတာလား။ ကျွန်မကို အမှန်အတိုင်းပြော"
“ကျွန်တော် မသောက်ပါဘူး"
“ရှင်က ငြင်းရဲသေးတာလား။ ခုနကအခြေအနေက သိသိသာသာကို မိုးနီအိပ်မက်ကမ္ဘာထဲ ကျဆင်းသွားတဲ့ ရောဂါလက္ခဏာပဲဥစ္စာ။”
လိန်ရှင်းနန်၏ မျက်နှာလှလှထက် စိတ်ပျက်လက်ပျက်ဖြစ်မှုများ အထင်းသားပေါ်လွင်နေခဲ့သည်။
သူမရင်ထဲတွင် စိတ်ပျက်မှုများ၊ စိတ်မကောင်းခြင်းများဖြင့် တင်းကျပ်ဆို့နင့်နေခဲ့ရ၏။
အဘယ်ကြောင့်ဆိုသော် ဤလောကတွင် သူမ အမုန်းဆုံးအရာမှာ မိုးနီဖြစ်ပြီး သူမ အယုံကြည်ရဆုံး မိတ်ဆွေသည်ပင် ထိုမိုးနီနှင့် ဆက်စပ်နေလိမ့်မည်ဟု လုံးဝမထင်ထားသောကြောင့်။
သို့သော်လည်း သူမ လက်မခံချင်သေးစွာဖြင့် မယုံသင်္ကာ ဆက်လက်မေးမြန်းလိုက်သည်။
“တစ်ယောက်ယောက်က ရှင့်ကို မိုးနီရေတွေခိုးတိုက်လိုက်တာလား။ သေသေချာချာ ပြန်စဉ်းစားစမ်း၊ ရှင် ဘာတွေများသောက်မိသေးလဲ၊ တုန်းဝမ်ခွင်းကများ ရှင့်ကိုရန်ရှာဖို့ ဆေးခတ်လိုက်တာလား"
“ကျွန်တော် တကယ်ကို ဘာမှမသောက်မိခဲ့ပါဘူး"
လီနန်ခယ့် ပြောမယ့်သာပြောနေသော်လည်း အမျိုးသမီး၏ စူးရဲရဲမျက်ဝန်းများကို တည့်တည့်မကြည့်ရဲခဲ့ချေ။
လိန်ရှင်းနန်က သူ့ကို သေသေချာချာ စိုက်ကြည့်ပြီးနောက် ရုတ်တရက် အကြမ်းပတမ်းဆွဲထူလိုက်၏။
"သွားကြစို့"
“ဘယ်ကိုလဲ။”
“ယုန်မလေးမုန့်ဆီ သွားပြီး စစ်ဆေးမယ်"
...
ယုန်မလေးမုန့်သည် တံခါးကို ပြင်းထန်စွာရိုက်ချိုးလိုက်သည့် ကျယ်လောင်လှသောအသံကြောင့် အိပ်ပျော်နေရာမှ ထိတ်လန့်တုန်လှုပ်စွာ နိုးထလာခဲ့သည်။
သူမသည် အလန့်လွန်ကာ မိမိ၏ အဝတ်ဗလာဖြင့်အိပ်စက်တတ်သော အလေ့အထကိုပင် လုံးဝမေ့လျော့သွားမိတော့၏။
ဤသို့ဖြင့် ဝုန်းခနဲထထိုင်လိုက်ရာ သူမ၏ မွှေးပျံ့ကြီးမားလွန်းလှသော ရင်သားအစုံမှာ ထင်းထင်းလင်းလင်းကြီးကို အတိုင်းသားပေါ်လွင်နေခဲ့တော့သည်။
“အစ်မလိန်”
လိန်ရှင်းနန်နှင့်အတူ အခန်းထဲသို့ တရွတ်ဆွဲခေါ်ခံရပြီး ဝင်ရောက်လာသော လီနန်ခယ့်တို့ကို မျက်နှာဝိုင်းဝိုင်း ကိုယ်လုံးတီးနှင့် မိန်းကလေးမှာ ပါးစပ်အဟောင်းသားဖြင့်သာ ငေးကြည့်နေနိုင်ခဲ့လေသည်။
သူမ အိပ်မက်မက်နေသည်လားဟု အထင်ရှိကာ ခေါင်းကိုပင် နာနာရိုက်ချမိလိုက်သေး၏။
လီနန်ခယ့်က မိန်းကလေး၏ ပေါ်လွင်နေသော ကိုယ်အထက်ပိုင်းကိုကြည့်ကာ တံတွေးတစ်ချက် မျိုချမိလိုက်ပြီး ဆိုသည်။
"ဒီတစ်ကြိမ်တော့ ကျွန်တော်ခိုးကြည့်တာမဟုတ်ဘူးနော်၊ အစ်မလိန်က ကျွန်တော့်ကိုအတင်းဆွဲခေါ်လာပြီး အခမဲ့ကြည့်ရှုခွင့်ပေးထားတာ"
“အား...”
မိန်းကလေးမှာ ထိုအချိန်မှသာ သူမ၏အခြေအနေကို သဘောပေါက်သွားခဲ့ပြီး စောင်ဖြင့် ခန္ဓာကိုယ်ကို အမြန်ဆုံးပတ်လိုက်ကာ မှည့်ဝင်းနေသော သလဲသီးလေးတစ်လုံးကဲ့သို့ မျက်နှာတစ်ခုလုံး နီတွတ်သွားရတော့၏။
“အစ်မလိန်၊ ရှင်... ရှင် ဘာလုပ်တာလဲ။”
မိန်းကလေးမှာ မကျေနပ်ချက်များစွာဖြင့် ငိုသံပင်ပါလာရသည်။
အပျိုစင်မိန်းကလေးတစ်ဦးအနေဖြင့် ခန္ဓာကိုယ်ကို ယောက်ျားတစ်ယောက်ဆီ အကြိမ်ကြိမ်အမြင်ခံထားရပြီဖြစ်ရာ နောက်ပိုင်း ဘယ်လိုမျက်နှာဖြင့် အသက်ဆက်ရှင်ရမှန်းတောင် မသိတော့ပေ။
လိန်ရှင်းနန်လည်း သူ့ကိုယ်သူ စိတ်လိုက်မာန်ပါဖြစ်သွားခဲ့ကြောင်း သတိထားမိသဖြင့် လီနန်ခယ့်ကို ဘေးနားရှိ လိုက်ကာတစ်ခု၏နောက်ကွယ်သို့ ဆွဲခေါ်သွားခဲ့ပြီး အေးစက်စက်ဆိုလိုက်သည်။
“အဝတ်အစား မြန်မြန်ဝတ်လိုက်"
“အရေးပေါ်တာဝန် ရှိလို့လား”
“မြန်မြန်လုပ်”
"အင်းပါ"
မိန်းကလေးမှာ မကျေနပ်သလို ဆောင့်ဆောင့်အောင့်အောင့်ဖြင့် အဝတ်အစားများကို ကောက်ယူဝတ်ဆင်လေသည်။
ယုန်မလေးမုန့် အဝတ်အစားဝတ်ပြီးနောက် လိန်ရှင်းနန်က လီနန်ခယ့်ကို သူမ၏ရှေ့သို့တွန်းပို့လိုက်ပြီး အမိန့်ပေးလိုက်၏။
“သူ့ကိုစစ်ဆေးပေးစမ်း၊ အိပ်မက်ဆိုးရဲ့ အကြွင်းအကျန်အာရုံတွေ ကျန်ရှိနေသေးလား၊ ပြီးတော့ သူ မိုးနီဆေးဝါး သုံးစွဲထားခြင်းရှိမရှိ ဆိုတာကိုပါ တစ်ခါတည်းစစ်ပေး"
ယုန်မလေးမုန့်၏ မျက်နှာလှလှလေး ကွက်ခနဲပျက်ယွင်းသွားပြီး လီနန်ခယ့်ကို ထူးဆန်းသောအကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
“ကိုဉာဏ်ကြီးရှင်၊ ရှင်က ဒီလိုလူစားမျိုးတော့ မဟုတ်ပါဘူးနော်။ မဟုတ်မှ အောက်လမ်းနည်းသုံးပြီး အလုပ်ခံလိုက်ရတာလား။”
“အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့၊ အမြန်ဆုံးစစ်ဆေးပေးစမ်း။”
လိန်ရှင်းနန်က စိုးရိမ်တကြီး တိုက်တွန်းလေသည်။
ထိုအခိုက်တွင် သူမရင်ထဲ ခံစားချက်များစွာဖြင့် အလွန်ရှုပ်ထွေးနေခဲ့၏။ မျှော်လင့်ချက်၊ စိတ်ပျက်အားလျော့မှု၊ ဒေါသနှင့်အတူ ဘာကြောင့်မှန်း ဖော်ပြ၍မရနိုင်သော ဝမ်းနည်းမှုများလည်း ရှိနေခဲ့သည်။
“လာပါ စစ်ဆေးလိုက်ပါ။”
လီနန်ခယ့်သည် သူ၏ပုံမှန်မဟုတ်မှုကို ယုန်မလေးမုန့် စမ်းသပ်တွေ့ရှိနိုင်မလား မသေချာလှ။ သို့သော် စိတ်ကိုအေးအေးထားဖို့သာဆုံးဖြတ်လိုက်ပြီး အသာတကြည်စစ်ဆေးခံလိုက်သည်။
ယုန်မလေးမုန့် သူမ၏ လက်ချောင်းနှစ်ချောင်းကို ပူးကပ်ကာ ထိုလူ၏ မျက်ခုံးအလယ်ဗဟိုသို့ ညင်သာစွာ ကပ်တင်လိုက်၏။
ခရမ်းရောင်အလင်းတန်းတစ်ခုက ဖြည်းညှင်းစွာ ပြန့်နှံ့စိမ့်ဝင်သွားခဲ့သည်။
အချိန်အတော်ကြာပြီးနောက် ယုန်မလေးမုန့်က ခေါင်းခါပြလိုက်ပြီး လိန်ရှင်းနန်ကိုပြောလိုက်သည်။
“အိပ်မက်ဆိုး အကြွင်းအကျန်အာရုံတွေ တစ်ခုမှမရှိတော့ပါဘူး။
“ထပ်ပြီး စစ်ဆေးကြည့်ဦး။”
လိန်ရှင်းနန်က တင်းမာသောမျက်နှာထားဖြင့် ဆို၏။
ယုန်မလေးမုန့်လည်း မတတ်သာစွာ ထပ်မံ စစ်ဆေးပေးလိုက်ပြန်သည်။
“မရှိပါဘူး။”
“ထပ်ပြီး စစ်ဆေးကြည့်ဦး။”
“...”
ဤသို့ဖြင့် အကြိမ်ရေတော်တော်များလာပြီးနောက် ယုန်မလေးမုန့် စိတ်တိုလာရတော့သည်။
“အစ်မလိန်၊ မရှိဘူးပြောနေတာ မရှိဘူးပဲမှတ်လိုက်ပေါ့၊ အစ်မကကျွန်မကိုတောင် မယုံကြည်တော့ဘူးလား။ ဒါဆိုရင်လည်း နဂါးပြာဌာနက ပိုပြီးစွမ်းအားကြီးတဲ့ အိပ်မက်လမ်းလျှောက်သူတစ်ယောက်ပဲသွားရှာပြီး လာစစ်ဆေးခိုင်းလိုက်ပါတော့လား။"
ထိုအချိန်မှသာ လိန်ရှင်းနန်စိတ်လျှော့သွားဟန်ဖြင့် မျက်နှာထားပြေလျော့သွားသည်။ စိုးရိမ်ပူပန်နေသော စိတ်နှလုံးသည်လည်း အတန်ငယ်ပြန်လည်တည်ငြိမ်လာလေပြီ။
သို့သော်လည်း ရှုပ်ထွေးနေဆဲခံစားချက်များဖြင့် မျက်ခုံးကိုစုကျုံ့ထားမိဆဲပင်။
“ဒါပေမဲ့ စောစောက နန်ခယ့်ဆီမှာ ငါမြင်တွေ့ခဲ့ရတဲ့ ရောဂါလက္ခဏာတွေက မိုးနီအိပ်မက်ကမ္ဘာထဲကို ကျဆင်းသွားတဲ့ လက္ခဏာတွေနဲ့ ထပ်တူဖြစ်နေခဲ့တာ၊ သူ့နာမည်ကို ဘယ်လိုခေါ်ခေါ် နိုးမလာခဲ့ဘူးလေ"
ယုန်မလေးမုန့် မျက်လုံးလေး ကလည်ကလည်ဖြင့် မေးလာသည်။
"အစ်မ သူ့မိုးနီအိပ်မက်ကမ္ဘာထဲကိုဝင်ပြီး အိပ်မက်ဆိုးကိုဝင်ရှင်းပေးခဲ့တာလား။"
"မရှင်းပေးခဲ့ပါဘူး၊ ကျွန်မဝင်လို့မရခဲ့ဘူး"
လိန်ရှင်းနန် ခေါင်းခါပြလိုက်သည်။
ယုန်မလေးမုန့်မှာ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့၏။
“အစ်မလိန်၊ တကယ်လို့ ကိုဉာဏ်ကြီးရှင်က မိုးနီအိပ်မက်ကမ္ဘာထဲကို တကယ်ကျဆင်းသွားပြီး အိပ်မက်ဆိုးဆီက တိုက်ခိုက်ခံလိုက်ရတယ်ဆိုရင် အဲ့ဒီအိပ်မက်ဆိုးမသေမချင်း သူလည်းနိုးလာမှာမဟုတ်ဘူးလေ၊ အစ်မအဲ့ဒါကိုမေ့သွားတာလား"
"အဲ့ဒါတော့ ငါလည်းသိတာပေါ့။
လိန်ရှင်းနန်မှာ အနည်းငယ်ရှက်ရွံ့ကာ နေရထိုင်ရခက်သွားပုံပေါ်၏။
"ဒါ...ဒါက"
"ကြည့်ရတာ အစ်မလိန်စိုးရိမ်လွန်ပြီး စိတ်လှုပ်ရှားသွားတာပါ။”
ယုန်မလေးမုန့်ကဲ့သို့သော အဆင့်မြင့် အိပ်မက်လမ်းလျှောက်သူတစ်ဦးပင်လျှင် မိမိ၏ ပုံမှန်မဟုတ်မှုကို ရှာဖွေမတွေ့ရှိနိုင်သည်အား မြင်သော် လီနန်ခယ့်စိတ်သက်သာရာရသွားခဲ့သလို အနည်းငယ်လည်း စိတ်ပျက်မိသွားခဲ့သည်။ သူက ပြုံးလျက် ဆိုလိုက်၏။
“ဘာပဲဖြစ်ဖြစ် ကျွန်တော်ရောဂါထလာတဲ့အချိန်မှာ ဖြစ်ပျက်သွားတတ်တဲ့ပုံက တကယ်လန့်စရာကောင်းတာပဲလေ။ ဘေးလူစိုးရိမ်မိတာမလွန်ပါဘူး"
"ရှင်နေမကောင်းဘူးလား"
ယုန်မလေးမုန့်၏ တက်ကြွသက်ဝင်လှသော မျက်လုံးလေးများထဲတွင် နက်ရှိုင်းသော စိုးရိမ်ပူပန်မှုများဖြင့် အုံ့မှိုင်းသွားလေတော့သည်။
လီနန်ခယ့် ခါးသီးစွာ ပြုံးလိုက်မိ၏။
“ကျွန်တော်လည်း သေသေချာချာ မပြောတတ်ပါဘူး။ တစ်ခါတလေမှ ထထဖြစ်တာမလို့ သိပ်အလေးမထားမိဘူး။ ပြီးတော့ အိမ်ကမိန်းမက ကျွန်တော်သောက်ဖို့အတွက် ဆေးဝါးတွေ အမြဲပြင်ဆင်ဖော်စပ်ပေးပါတယ်။ ဝက်ရူးပြန်ရောဂါလို ဆင်တူရောဂါတစ်ခုခုဖြစ်မလားလို့ ထင်မိတာပါပဲ"
လိန်ရှင်းနန် နှုတ်ခမ်းကိုသာတင်းတင်းကိုက်ထားခဲ့ကာ စကားတစ်လုံးမှ မဆိုခဲ့ချေ။ ရှေ့တွင်ရှိသောလူကိုလည်း စေ့စေ့မကြည့်ရဲဘဲ သံသယအကြီးအကျယ်ဝင်မိခဲ့သည့်အတွက် သူမကိုယ်သူမ အပြစ်တင်ကာ ရှက်ရွံ့နေမိသည်။
လီနန်ခယ့်ကို ဘယ်လိုမျက်နှာဖြင့်ပင် ရင်ဆိုင်ရမှန်းတောင်မိသတော့။
“ဟုတ်ပါပြီ ဟုတ်ပါပြီ၊ ကျွန်မကတော့ ထပ်အိပ်ဖို့လိုသေးတယ်။ အဲ့ဒီအကြောင်းကို မနက်ဖြန်မှ ဆက်ပြောကြတာပေါ့။”
ယုန်မလေးမုန့်က အားရပါးရသမ်းဝေလိုက်ပြီး လိန်ရှင်းနန်ကို တစ်ချက်ကြည့်ကာ ကူကယ်ရာမဲ့စွာခေါင်းခါရင်း နှစ်ယောက်လုံးကို အခန်းအပြင်သို့ တွန်းထုတ်ပစ်လိုက်တော့သည်။