← Chapters

အိမ်ထောင်ရေးပဋိပက္ခ

Vol. 14 Ch. 137

အိမ်ထောင်ရေးပဋိပက္ခ

Vol. 14 Ch. 137

သေးငယ်လှသော ခြံဝင်းလေးအတွင်းမှ ထွက်ခွာလာပြီးနောက် နှစ်ဦးသား အတွေးကိုယ်စီဖြင့် ခေါင်းငိုက်စိုက်ချကာ လမ်းကြားလေးအတိုင်း လျှောက်လှမ်းလာခဲ့ကြသည်၊

ဘယ်သူမှ စကားမစခဲ့ကြချေ။

လိန်ရှင်းနန်မှာတော့ အခုလေးတင် လွန်လွန်ကဲကဲ တုံ့ပြန်စွပ်စွဲလိုက်မိသည့်အတွက် သူမကိုယ်သူမ အပြစ်တင်မဆုံးရှိ၏။ တစ်ဖက်လူကို တောင်းပန်စကားဆိုဖို့ရာလည်း တွ့န်ဆုတ်နေသေးပြီး တခြားစကားလည်း မလွှဲနိုင်သဖြင့် တိတ်တိတ်ဆိတ်ဆိတ်သာ လိုက်ပါလာတော့သည်။

လီနန်ခယ့်ကတော့ မိုးနီကမ္ဘာအကြောင်းကို ပြန်လည်စဥ်းစားတွေးတောနေဆဲပင်။

ယခုတော့ ထိုမိုးနီကမ္ဘာသည် သူ့လက်တွေ့ဘဝကိုပါ ရံဖန်ရံခါ စတင်နှောင့်ယှက်ချင်လာဟန် ရှိနေလေပြီ။

ဤတစ်ကြိမ်တွင် ထိုကမ္ဘာနှစ်ခုကို သူကိုယ်တိုင်ပင် ခွဲခြားသိမြင်လို့မရစွာ ထင်ယောင်ထင်မှားပင်ဖြစ်ခဲ့သေးသည်မဟုတ်လော။

အနာဂတ်တွင်လည်း ထိုသို့သောအဖြစ်အပျက်မျိုး ထပ်ရှိလာဦးမည်မလွဲပေ။

သို့သော် သတ္တိကြောင်တတ်သော လီနန်ခယ့်သည်ကား မိုးနီအိပ်မက်ကမ္ဘာ၏ လျှို့ဝျက်ဆန်းကြယ်မှုများကို အခုမှ ချောင်းမြောင်းစမ်းသပ်ကြည့်မိကာစရှိသေးသည်။ ထိုအိပ်မက်ကမ္ဘာထဲ ဘာတွေပုန်းလို့ကွယ်လို့ ရှိနေဦးမည်မှန်း သူမသိနိုင်သေး။ ထို့အပြင် ထိုမိုးနီကမ္ဘာက ဘာကြောင့် သူ့ကိုမှ ကြားခံအမှတ်တစ်ခုအဖြစ် ရွေးချယ်ထည့်သွင်းခဲ့သည်ကိုလည်း သူမသိပါသေး။

သူသိသော တစ်ခုတည်းသောအရာမှာ မိုးနီအိပ်မက်ကမ္ဘာထဲမှ မကောင်းဆိုးဝါးများသည် တစ်ချိန်က လက်တွေ့ကမ္ဘာမှ လူသားစင်စစ်များ ဖြစ်ခဲ့ကြောင်းသာပင်။

သူ့ကို ထိုနေ့ညက အကြောင်းပြချက်မရှိ တိုက်ခိုက်ရန်လိုခဲ့သော ထိုအိပ်မက်ဆိုးသည်လည်း လက်တွေ့ကမ္ဘာတွင် ကျူးကျော်ရွာသွန်းသွားခဲ့သော မိုးနီရေထံမှ ဘေးဒဏ်ခံခဲ့ရသည့် နစ်နာသူတစ်ဦးဖြစ်ပေလိမ့်မည်။

သူတို့နာမည်များကိုသာ သူရအောင်ရှာနိုင်လျှင် ကိုင်တွယ်ဖြေရှင်းနိုင်မည့်ကိစ္စများပင်။

"ကျွန်မတောင်းပန်ပါတယ်"

နောက်ဆုံးတော့ အမျိုးသမီးက တောင်းပန်စကားဆိုလာသည်။

လီနန်ခယ့် အသိပြန်ကပ်သွားကာ ခေါင်းငိုက်စိုက်ချလျက် သူ့ခြေထောက်လေးများသူငုံ့ကြည့်ပြီး တောင်းပန်စကားဆိုနေသည့် အမျိုးသမီးအား ပြုံးပြုံးလေးကြည့်လိုက်သည်။

"ဘာတောင်းပန်စရာလိုလို့လဲ။ ဒီကမ္ဘာမှာ ကျွန်တော့်ကိုအဲ့လောက်ဂရုစိုက်တာ ခင်ဗျားတစ်ယောက်ပဲရှိတယ်"

ထိုစကားမှာ အဓိပ္ပာယ်များစွာဖြင့် လေးနင့်လှပေသည်။

ကြားရုံဖြင့် ထိုအမျိုးသား၏ ရင်ထဲမှလာသောစကားဖြစ်ကြောင်း ခံစားသိရှိနိုင်ပေ၏။

လိန်ရှင်းနန်သည် ရုတ်တရက် လေထုမှာ ပူလောင်လာသကဲ့သို့ ခံစားလိုက်ရပြီး သူမ၏ပါးပြင်လေးများမှာ ဆွဲဆောင်မှုရှိစွာ အနီရောင်သမ်းသွားခဲ့ရ၏။ ရင်ထဲတွင်လည်း ထုတ်ဖော်ပြလို့မရနိုင်သော ရှက်ကြည်နူးပြုံးလေးများ ပြည့်နှက်သွားရပြီး ပါးထက်မှ ရှက်ရိပ်နီနီက လည်ပင်းနှင့်ရင်ဘတ်များထိပင် ပျံ့နှံ့ကူးလူးသွားခဲ့သည်။

အမျိုးသား၏ လက်ဖမိုးထက်မှ လတ်လတ်ဆတ်ဆတ်ဒဏ်ရာကိုမြင်ပြန်တော့ သူမ မနေနိုင်စွာ လက်ကိုင်ပုဝါလေးတစ်ထည်ထုတ်ကာ ညင်သာစွာ စည်းနှောင်ပေးမိသည်။

သို့သော် ထိုအချိန်တွင် ကြင်နာနူးညံ့ကာ လိမ္မာသိတတ်သော ‌လော့ချန်းချိုး၏ပုံရိပ်က သူမအတွေးထဲ ဖျတ်ခနဲပြေးဝင်လာသဖြင့် သက်ပြင်းဖွဖွချကာ မှိုင်းညို့စွာညည်းညူမိသည်။

"ရှင့်ဇနီးလည်း ရှင့်ကို အရမ်းဂရုစိုက်တာပါပဲနော်"

"ဟုတ်ချင်ဟုတ်မှာပေါ့"

ထိုစကားကိုကြားချိန်တွင် လီနန်ခယ့်၏မျက်နှာထက်မှအပြုံးမှာ လွင့်ပြယ်သွားခဲ့ပြီး ခပ်မှိုင်းမှိုင်းအမူအရာက အစားထိုးဝင်ရောက်လာ‌တော့၏။ သူ့ရင်ထဲတွင် နှလုံးသားကိုအုပ်မိုးထားသော သံသယမြူထုမှာ လျော့ပါးသွားဟန်မရှိဘဲ ပိုလို့ပင် ထူထပ်သိပ်သည်းလာဟန်ရှိသည်။

ယောက်ျား....

မိုးနီအိပ်မက်ကမ္ဘာနှင့် လက်တွေ့ကမ္ဘာဆီမှ ခွဲမရအောင်ထပ်တူကျလှသော ထိုခေါ်သံသည် သူ့စိတ်ထဲတွင် ပဲ့တင်သံပမာ အဆက်မပြတ် ပျံ့လွင့်ခြောက်လှန့်နေသကဲ့သို့ ရှိလေ၏။

...

အိမ်သို့ ပြန်ရောက်သည့်အချိန်တွင် မွှေးပျံ့လှသော ထမင်းဟင်းများမှာ ပြင်ဆင်ပြီးသားဖြစ်နေခဲ့ပြီ။

ခင်ပွန်းဖြစ်သူ၏လက်မှ ဒဏ်ရာကိုမြင်သော် လော့ချန်းချိုးသည် အံ့သြလန့်ဖျပ်စွာဖြင့် ကပျာကယာပင် ဆေးပင်ဆေးမှုန့်များယူလာကာ ထပ်မံစည်းနှောင်ပေးလိုက်သည်။

လီနန်ခယ့်ကမူ သူ အမှုတစ်ခုကို ကိုင်တွယ်နေစဉ်အတွင်း မတော်တဆဒဏ်ရာရရှိခဲ့ခြင်း ဟုသာ မုသားဆိုခဲ့ပြီး မိုးနီကမ္ဘာနှင့်ပတ်သက်သည့် ပုံမှန်မဟုတ်သောအကြောင်းအရာများကို တစ်ခုမှထည့်မပြောခဲ့ချေ။

လော့ချန်းချိုးကလည်း မေးခွန်းထပ်ထုတ်မလာဘဲ နောက်ပိုင်းပိုဂရုစိုက်ဖို့သာ စိုးရိမ်တကြီးမှာကြားလေသည်။

အမျိုးသား၏ ရောဂါအခြေအနေအကြောင်း မေးဖို့ပြင်ထားသော လိန်ရှင်းနန်မှာလည်း လီနန်ခယ့်ကိုယ်တိုင် အမှန်အတိုင်းမပြောချင်ဟန်ကိုမြင်သော် ပါးစပ်သာပိတ်ထားလိုက်ရ၏။

သူမ ဘယ်လောက်ပဲတုံးအသည်ဆိုဆို ဤအခြေအနေကို မြင်ပြီးမှတော့ ဇနီးမောင်နှံကြား ပြဿနာတစ်ခုခုရှိနေကြောင်း သေချာပေါက် ခံစားမိပါသည်။

သူတို့နှစ်ဦးသည့် တစ်ယောက်နှင့်တစ်ယောက် သူမထင်သလောက်အထိ ယုံကြည်ကိုးစားကြဟန်မ‌ပေါ်သလို ချစ်ခြင်းမေတ္တာကိုလည်း နက်ရှိုင်းစွာမခံစားရ။ ထိုနှစ်ဦးကြားတွင် တံတိုင်းတစ်ခုခြားထားသလို သူမအမြဲ ခံစားနေမိတတ်၏။

ညစာစားအပြီးတွင် လော့ချန်းချိုးက လိန်ရှင်းနန်ကို ဆေးလူးနှိပ်နယ်‌ပေးသည်။

နှိပ်နယ်နေစဥ်အတွင်း လော့ချန်းချိုးက ပေါ့ပေါ့ပါးပါး စကားစမြည်ပြောနေရင်း ခရီးသွားဟန်လွှဲပုံစံဖြင့် လီနန်ခယ့်လက်ဒဏ်ရာအကြောင်း ထည့်မေးလာသည်။ လိန်ရှင်းနန်မှာ ထိုမေးခွန်းကိုဖြေဖို့ရာပင် နှစ်ခွန်းသုံးခွန်းလောက် ထစ်အပျာယာသွားရသေး၏။

လော့ချန်းချိုးကလည်း ထိုထက်ပိုမမေးလာပါ။

သူတို့သုံးယောက်ကြားက လေထုကြီးမှာ အတော်လေး ထူးဆန်းစိမ်းသက်နေဟန်ရလေသည်။

လိန်ရှင်းနန်မှာ ဝေဝေဝါးဝါးဖြင့် စိတ်ကူးတွေအယဥ်လွန်မိလေသည်။

သူမနှင့် လီနန်ခယ့်က တစ်ယောက်ကိုတစ်ယောက် ယုံကြည်ကိုးစားကြသော တရားဝင်ဇနီးမောင်နှံများဖြစ်ကာ လော့ချန်းချိုးက အပြင်လူတစ်ယောက်အဖြစ် ဘေးထွက်နေရသည့်အဖြစ်မျိုးပင်။

ထင်ယောင်ထင်မှား စိတ်ကူးတွေလျှောက်ယဥ်ပြီးမှ လိန်ရှင်းနန်မှာ လွန်စွာရှက်ရွံ့မိလေသည်။

သို့သော် ထိုရှက်ရွံ့ပူပန်ရမှုတွင် ပျော်ရွှင်မှုလေးတစ်စွန်းတစ်စကပ်ပါနေသည်ကိုတော့ သူမ ငြင်းမရပါချေ။

နှိပ်နယ်မှုပြီးဆုံးချိန်တွင် လိန်ရှင်းနန်သည် ဇောင်းထဲမှလွှတ်သောမြင်းကဲ့သို့ အလျင်စလို ထွက်ခွာသွားခဲ့ပြီး လီနန်ခယ့်ကိုပင် နှုတ်ဆက်စကား မဆိုခဲ့ချေ။

ဒီညသည်လည်း သူမအတွက် အတွေးများဖြင့် မိုးလင်းရမည့်ညတစ်ညပင် ဖြစ်ဟန်တူသည်။

ဤသို့ဖြင့် ဟိုလှိမ့်ဒီလှိမ့် ဟိုဘက်လှည့် ဒီဘက်လှည့်ဖြင့် ညနက်သည်အထိ အချိန်လွန်လာခဲ့သည်။

ညအမှောင်တွင် အလင်းပေးမည့် လမင်းလည်းမရှိသလို လွင့်မျောနေသော တိမ်တိုက်များလည်း မရှိခဲ့ဘဲ ကျယ်ပြောလှပြီး ကြည်လင်နေသော ကောင်းကင်ပြာကြီးသာ ရှိနေခဲ့သည်။

အရာအားလုံးမှာ ဆိတ်သုဥ်းအိပ်မောကျလျက်။

လော့ချန်းချိုးသည် ချက်ပြုတ်ပြင်ဆင်ထားသော ဆေးရည်ကို ယူဆောင်ကာ လီနန်ခယ့်၏ ရှေ့တွင် တင်ထားပေးပြီး ညင်သာစွာဆိုသည်။

"ယောက်ျား ဒီဆေးရည်သောက်လိုက်နော်၊ ဒီရက်ပိုင်း ရှင်ိစတ်ပိုင်းဆိုင်ရာ အတော်လေးပင်ပန်းနေသလိုပဲ၊ ဒီဆေးရည်က လူ့စိတ်ကို တည်ငြိမ်အားပြည့်စေပါတယ်"

လီနန်ခယ့်က မလှုပ်မယှက်ပင် ပိန်းပိတ်အောင်မှောင်မိုက်နေသော တံခါးအပြင်ဘက်ဆီသို့ တိတ်ဆိတ်စွာငေးမောနေကာ အတွေးများ ဗလာကျင်းလျက်ရှိလေသည်။

"ယောက်ျားရေ"

လော့ချန်းချိုးက သူ့မျက်လုံးရှေ့ လက်တစ်ဖက်ယမ်းပြပြီး ခေါ်လာသည်။

လီနန်ခယ့် မျက်လွှာချကာ အချိန်အကြာကြီး တိတ်ဆိတ်နေပြန်ပြီးမှ စကားတစ်ခွန်း တိုးတိုးဆိုလာသည်။

"ကိုယ်နည်းနည်းပင်ပန်းနေတယ်"

အမျိုးသမီးက အခိုက်အတန့်မျှ ကြောင်အသွားရပြီး စိုးရိမ်ပူပန်စွာဆိုလာသည်။

"ဒါဆိုလည်း ဆေးရည်လေးသောက်ပြီး အိပ်ရာစောစောဝင်တော့လေနော်၊ မနက်ဖြန်လည်း အိပ်ရေးဝမှထ။ နိုးရင် ရုံးတော်ကိုရော ညကင်းလှည့်တပ်ဖွဲ့ကိုပါ မသွားသေးနဲ့ဦး။ ဒီရက်ပိုင်းခွင့်ယူပြီး အိမ်မှာပဲနားနေလိုက်။ ကျွန်မရှင့်ကို အဖော်လုပ်ပေးမယ်လေ"

လီနန်ခယ့် မျက်စိရှေ့မှအမျိုးသမီးကို မော့ကြည့်လိုက်သည်။

သူမ၏ ကျက်သရေရှိပြီး ကျော့ရှင်းသေသပ်သော ခန္ဓာကိုယ်ပုံရိပ်မှာ ဆီမီးအိမ်အလင်းရောင်အောက်တွင် အထူးပင်တည်ငြိမ်ပြီး ကြည့်မဝအောင်လှပနေခဲ့ကာ အခြားကမ္ဘာတစ်ခုမှ ရောက်ရှိလာသကဲ့သို့သော အရှိန်အဝါတစ်ခု ထွက်ပေါ်နေခဲ့သည်။

သူမ၏ ကိုယ်ရောင်ကိုယ်ဝါမှာ သာမန်ထက်ထူးကဲလှပြီး ကမ္ဘာကြီးမှ ကွဲထွက်နေသယောင်ရှိ၏။

လနန်းဗိမာန်မှတစ်ဆင့် လူ့ပြည်သို့ ဆင်းသက်ကြွေကျလာသော နတ်သမီးလေးတစ်ပါးနှင့်ပင် တူလှသည်။

လီနန်ခယ့်မှာ သူမကိုကြည့်ရင်း မူးမိုက်ရီဝေလာရ၏။

သူလက်လှမ်းကာ ထိတွေ့တိုးကပ်လိုက်ချင်သည်။ သို့သော် နောက်ဆုံးတွင်တော့ လက်ကိုအသာပြန်ချကာ အမျိုးသမီး၏ စိတ်ရှုပ်ထွေးနေဟန်အမူအရာတွင် သူစကားတစ်ခွန်းသာဆိုလိုက်၏။

"ကိုယ်ပင်ပန်းနေပြီ၊ မင်းနဲ့ပြိုင်ပြီး ဆက်မကစားနိုင်တော့ဘူးကွယ်"

လော့ချန်းချိုး၏မျက်နှာမှာ တောင့်တင်းခဲသက်သွားခဲ့သည်။

လီနန်ခယ့်သည် ဆေးရည်ပန်းကန်လုံးကိုကောက်ကိုင်ကာ အငွေ့တထောင်းထောင်းထနေသော ဆေးရည်များကိုကြည့်ပြီး သူ့ကိုယ်သူလှောင်ရယ်သလိုပြုံးသည်။ ထို့နောက် သူမရှေ့တွင်ပင် ဆေးရည်များကို ကြမ်းပြင်ဆီပက်သွန်လိုက်ပြီး ခပ်အေးအေးဆိုသည်။

"မင်းယုံချင်ယုံ မယုံချင်နေ၊ ကိုယ် ဒီအမဲလိုက်ကစားပွဲမှာ ဆက်မပါနိုင်တော့ဘူး"

အမျိုးသားကထရပ်ကာ သူမကိုကျော်ဖြတ်သွားပြီး အပြင်သို့ထွက်သွားသည်။

"ဒီည တစ်ယောက်တည်းအိပ်လိုက်ပါ"

...

လိန်ရှင်းနန် သူမ၏ အပြင်ဝတ်စုံကို ချွတ်လိုက်ပြီး ကုတင်ပေါ်တွင် ဘေးစောင်းလှဲလျက် မှောင်မိုက်လှသော အခန်းအတွင်းသို့ ဗလာကျင်းစွာ စိုက်ကြည့်နေမိသည်။

စိတ်အတွင်းမှာလည်း ရှုပ်ထွေးပွေလီနေလျက်။

သူမကိုယ်သူမ ဘာတွေဖြစ်လို့ဖြစ်နေမှန်းလည်း နားမလည်နိုင်။

ထိုယောက်ျားကို တစ်နေ့ထက်တစ်နေ့ ပို၍ဂရုစိုက်ကြည့်ရှုချင်စိတ်သာ ကဲလို့လာသည်။

အသိစိတ်ကပ်ကာ လီနန်ခယ့်ဆီမှ ဝေးဝေးနေဖို့ ဆင်ခြင်စဥ်းစားမိတိုင်း ပြန်သတိထားမိချိန်တွင် သူမ မသိလိုက်ခင် ပိုလို့ပင်နီးကပ်နေမိပြီဖြစ်ကြောင်း တွေ့ရပြန်၏။

တစ်ဖက်လူတွင် တရားဝင်ဇနီးမယားကြီး ရှိနေလျက်နှင့် သူမသည် အတိုင်းအဆမရှိ ရှုပ်ထွေးလှသော စိတ်ခံစားချက် သံယောဇဥ်အမျှင်တန်းကို အပြီးတိုင်ဖြတ်တောက်နိုင်စွမ်း မရှိခဲ့ချေ။

ဘာကြောင့် ဒီလိုတွေဖြစ်နေရမှန်းလည်း သူမ မစဥ်းစားတတ်တော့။

သူမသည် အပြစ်ကင်းစင်လှသော လောကကြီးအကြောင်း မသိနားမလည်လှသေးသော ဆယ်ကျော်သက် မိန်းကလေးငယ်တစ်ဦးကဲ့သို့ ဖြစ်နေခဲ့ပြီး တစ်ချိန်လုံး ထိန်းသိမ်းထားရှိခဲ့သော တည်ငြိမ်မှုနှင့် ဂုဏ်သိက္ခာများကို လုံးဝ ဆုံးရှုံးသွားခဲ့ရသကဲ့သို့ ရှိနေခဲ့သည်။

သူမ ချစ်မိသွားခဲ့တာများလား။

မဖြစ်နိုင်လိုက်တာ။

သူမ၏နှလုံးသားသည် ဤမျှလွယ်လွယ် ပျော်ဝင်ကျရှုံးတတ်သည့်ထဲမပါကြောင်း သူမကိုယ်တိုင်လည်းသိသည်။ အဖြစ်နိုင်ဆုံးမှ လူအများထဲ သူတစ်ယောက်ကိုမှ ထူးထူးခြားခြား ခင်မင်ရင်းနှီးမိတာမျိုးသာ ဖြစ်လောက်ပေမည်။

ဒါဆို ဘာများပူပန်နေစရာလိုလို့လဲ။

သူနှင့် အတူရှိလာတာ အချိန်ကြာလာလေလေ၊ နှစ်ဦးသား ပိုမိုရင်းနှီးယုံကြည်လာကြသလို ခံစားရလေလေဖြစ်၏။

သူ့ရင်ခုန်သံကိုပင် ခံစားကြားသိနေရသလို စိတ်ကူးယဥ်ယောင်မှားမိသည့်အခါတွေလည်း ရှိသည်။ သူတို့နှစ်ယောက်သားမှာ ရင်ခုန်သံများထပ်တူကျနေသည့် ချစ်သူစုံတွဲများအလား။

ထိုခံစားချက်ကြောင့်ပင် စိတ်ထဲ ပိုရင်းနှီးတွယ်တာနေမိသည်လား မသိ။

ထိုကြိုးမျှင်မှာ ဖြတ်တောက်လို့လည်းမရ ရှုပ်ထွေးပွေလီလှ၏။

"‌ဒေါက် ဒေါက်"

ရုတ်တရတ် တံခါးခေါက်သံတစ်ချက်ထွက်လာပြီး အမျိုးသား၏ ရင်းနှီးနေသောအသံက ထွက်ပေါ်လာသည်။

"အစ်မလိန် အိပ်သွားပြီလား"

လိန်ရှင်းနန်မှာ နားကြားမှားသည်အထင်ဖြင့် ပြန်မဖြေဘဲ မျက်လုံးလေးများကိုသာ ပုတ်ခတ်ပုတ်ခတ်လုပ်မိ၏။

ဤမျှညနက်နေသည့်အချိန်တွင် လီနန်ခယ့်သည် ဇနီးသည်နှင့် အတူအိပ်စက်နေရတော့မည်မဟုတ်လော။

သို့သော် ထိုသူ၏ခေါ်သံ ထပ်ထွက်လာချိန်တွင် သူမ ကပျာကယာထထိုင်ကာ အချိန်အတော်ကြာသည်အထိ ကြောင်အမ်းနေပြီးမှ အိပ်ရာကထပြီး တံခါးသွားဖွင့်ပေးလိုက်သည်။

လီနန်ခယ့်တစ်ယောက် အပြင်မှာ တကယ်ကြီးရှိနေသည်ပင်။

"အနားယူချိန်ကိုနှောင့်ယှက်လိုက်မိလို့ အားနာပါတယ်"

လီနန်ခယ့်က တောင်းပန်ပြုံးလေးဖြင့်ဆိုလာသည်။

"အစ်မမှာ အခန်းပိုလေးများရှိသေးလား။ ကျွန်တော်ဒီတစ်ညလောက် နားချင်လို့ပါ"

All Chapters