သူစိမ်းယောက်ျားသားနှင့် အတူအိပ်စက်ခြင်း
Vol. 14 Ch. 138
လိန်ရှင်းနန်က မျက်မှောင်ကြုတ်သည်။
"ရှင့်မိန်းမနဲ့ ရန်ဖြစ်လာတာလား"
လီနန်ခယ့်က ခါးသက်သက်ပြုံးပြလာပြီး ပြန်တော့မဖြေ။
"အရင် ဝင်လာခဲ့ပါ"
လိန်ရှင်းနန် အခိုက်အတန့်မျှတွန့်ဆုတ်နေပြီးမှ ဘေးသို့ဖယ်ပေးလိုက်သည်။
လီနန်ခယ့်မှာ ဒေါသလည်းထွက်ကာ အတွေးများစွာရှုပ်ထွေးနေသဖြင့် ညဥ့်အချိန်တွင် သူစိမ်းအမျိုးသမီးတစ်ဦး၏အခန်းထဲကို ဝင်သင့်မဝင်သင့်လည်း ဂရုစိုက်မနေနိုင်တော့ဘဲ ခေါင်းငိုက်စိုက်ချလျက်သာ လျှောက်ဝင်လာခဲ့လေသည်။
ဆီမီးအိမ်ကို ထွန်းညှိပြီးနောက်မှ အမျိုးသမီးသည် အတွင်းဝတ်စုံကိုသာ ဝတ်ဆင်ထားကြောင်း သူသတိပြုမိလိုက်သည်။
ပါးလွှာလှသော အဝတ်အစားအောက်တွင် ကျောက်စိမ်းရောင်ရင်စည်း၏ အမို့အမောက်မှာ ထင်ရှားနေခဲ့ပြီး သွယ်လျသောလည်ပင်းနှင့် နူးညံ့လှသော ညှပ်ရိုးလေးများက အချိုးကျစွာ ထိစပ်နေခဲ့ရာ ပုံမှန်မြင်နေကျ အေးစက်သပ်ရပ်သော အလှတရားနှင့် နှိုင်းယှဉ်ပါက ရှားပါးလှသော ကပိုကရိုဆွဲဆောင်မှုလေးကို မြင်သာစေခဲ့၏။
အထူးသဖြင့် မျက်စိထဲသို့ ဖျတ်ခနဲဝင်ရောက်လာသော သွယ်လျဖြောင့်စင်းပြီး ကျောက်စိမ်းကဲ့သို့ ဖြူစင်သော ခြေတံတစ်စုံ၏ အလှတရားမှာ...
လီနန်ခယ့်သည် မိမိ၏အထက်လူကြီး ခန္ဓာကိုယ်အချိုးအစား မည်မျှလှပပြည့်စုံကြောင်း အထူးတလည် သတိထားမိလိုက်တော့၏။
လိန်ရှင်းနန်မှာ အတွေးများနေသည့်အချိန်တွင် အဝတ်အစားကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ဇနီးမောင်နှံကြားက အခြေအနေကိုသာ စိုးရိမ်နေမိခဲ့သည်။
သူ အမျိုးသားအတွက် လက်ဖက်ရည်တစ်ခွက်လောင်းထည့်ပေးလိုက်ပြီး မေးသည်။
"ဘာတွေများဖြစ်ပျက်ခဲ့တာလဲ"
"အိမ်ထောင်ရေးပဋိပက္ခလို့ ပြောရမှာပါပဲ"
လီနန်ခယ့်က ပေါ့ပေါ့ပါးပါး ဟာသပြောသလိုသာဆိုသည်။
လိန်ရှင်းနန်ကတော့ အလေးအနက်မေးလေသည်။
"သမားတော်လော့က ရှင့်အပေါ် ဘာအမှားများလုပ်မိလို့လဲ"
"အဲ့ဒီလိုတွေမပြောပါနဲ့၊ ကျွန်တော့်လို ချောမောပြည့်စုံတဲ့ခင်ပွန်းမျိုးကို ဘယ်လိုရူးမိုက်တဲ့အမျိုးသမီးက အမှားပြုဝံ့မှာလဲ မဟုတ်ဘူးလား"
လီနန်ခယ့်က လက်ဖက်ရည်ခွက်ကိုကောက်ကိုင်ပြီး ပြုံးတုံ့တုံ့သာ ဆိုလေသည်။
လိန်ရှင်းနန်ကတော့ သူ့စကားကိုနားမလည်လှ။
"ဒါဆို ရှင်တို့နှစ်ယောက်ကြား ဘာပြဿနာများဖြစ်ခဲ့လို့လဲ"
"ကဲ မေးခွန်းတွေတော်ပါတော့"
လီနန်ခယ့်သည် တည်တင်းအေးစက်ဟန်ရသော ဤအမျိုးသမီး သူများအရေးကိစ္စကို ထိုမျှစပ်စုမေးမြန်းတတ်မည်ဟု မထင်ခဲ့သဖြင့် ကူကယ်ရာမဲ့စွာ ငြင်းဆိုရသည်။
"ဘာမှမတွေးလိုက်နဲ့၊ ဘာမှမဖြစ်ခဲ့ဘူး။ အခန်းတစ်ခန်းလောက်သာရှာပေးပါတော့၊ ကျွန်တော်အရမ်းပင်ပန်းနေပြီ"
အခန်းပိုတစ်ခန်းရှိတာလည်း ယွမ်ဝမ်ချန်ကိုပေးလိုက်ပြီးပြီ ကောကန်းနဲ့ အတူသွားအိပ်နိုင်မယ်ဆိုရင်တော့...."
လိန်ရှင်းနန်သည် ကောကန်းနှင့်အတူအိပ်စက်ဖို့ အကြံပြုချင်သော်လည်း ထိုအမျိုးသား ရောဂါထချိန်က ဖြစ်တတ်သောလက္ခဏာများကို ပြန်သတိရမိသဖြင့် သူမအနည်းငယ်တွန့်ဆုတ်ကာ လွှတ်ခနဲဆိုလိုက်မိသည်။
"လောလောဆယ် ကျွန်မအခန်းထဲမှာပဲနားလိုက်ပါတော့"
"ဒီအခန်းထဲလား"
လီနန်ခယ့်က တစ်ခုတည်းသောအိပ်ရာကိုကြည့်ပြီး ထူးထူးဆန်းဆန်းမေးသည်။
တစ်အိပ်ရာထဲ အတူအိပ်ရပြန်ဦးမှာလား။
လိန်ရှင်းနန်မှာ စိတ်လိုက်မာန်ပါထွက်သွားမိသောစကားကြောင့် မျက်နှာတစ်ခုလုံး ချက်ချင်းရဲတက်သွားရသည်။
သို့သော် စကားကလည်းထွက်ပြီးနေပြီဖြစ်သောကြောင့် မျက်နှာအမူအရာကို ငြိမ်ငြိမ်ထားကာ ခပ်အေးအေးဆက်ပြောလိုက်သည်။
"အရင်ကလည်း အတူအိပ်ခဲ့ဖူးတာပဲမဟုတ်လား။ အဆင်ပြေသလိုနေလိုက်တာပဲကို၊ ကျွန်မတို့စိတ်ရှင်းနေသရွေ့ မသင့်တော်စရာမရှိပါဘူး"
လော့ချန်းချိုးတစ်ယောက် အရင်တစ်ခါစီစဥ်ပေးခဲ့သော အိပ်ရာမျှဝေခြင်းမှာ နောက်တစ်ကြိမ်အတွက် အစပျိုးပေးလိုက်သကဲ့သို့ပင် ရှိတော့၏။
မလုပ်ခဲ့ဖူးသည့်အရာ မဟုတ်လေတော့ ဤအချိန်တွင် နှစ်ယောက်လုံး ကြီးကြီးမားမား စိတ်ဖိစီးမနေတော့။
စည်းမျဥ်းများဆိုသည်မှာ တစ်ကြိမ်ချိုးဖောက်ပြီးသည်နှင့် ပြန်လည်ထိန်းသိမ်းတားမြစ်ဖို့ ခက်ခဲသွားတတ်သည်ပင်။
ဤကဲ့သို့ဖြင့် ရှင်းပြရခက်သော မရေမရာအကြောင်းရင်းများဖြင့် သူတို့နှစ်ဦးသည် ကုတင်တစ်ခုတည်းပေါ်တွင် ထပ်မံ၍ အတူတူအိပ်စက်ခဲ့ကြပြန်သည်။ လိန်ရှင်းနန်၏စိတ်ထဲတွင် နောင်တရစရာ အတွေးပေါင်းများစွာ ထွက်ပေါ်နေခဲ့သော်လည်း သူမ ခုတင်ပေါ်ကိုတော့ တက်ရောက်အိပ်စက်ခဲ့မိသည်သာ။
အရင်တစ်ခေါက်ကလိုပင် လိန်ရှင်းနန်သည် ခုတင်အတွင်းဘက်တွင် အိပ်စက်ခဲ့သည်။
သို့သော် တစ်စုံတစ်ခုကတော့ မတူညီတော့သည်ပင်။
သူမ၏ သေးငယ်လှသောကုတင်မှာ လီနန်ခယ့်အိမ်ရှိ လူသုံးဦးဝင်ဆံ့နိုင်သော ဧရာမကုတင်ကြီးနှင့် အရွယ်အစားအရ နှိုင်းယှဥ်စရာမရှိခဲ့။
သူမ နံရံဘက်သို့ မည်မျှလောက်ပင် တိုးကပ်နေပါစေ၊ ခန္ဓာကိုယ်ချင်းက မလွဲမသွေ ထိကပ်နေမိဆဲသာဖြစ်၏။
ထိုယောက်ျားဆီမှ ထွက်ပေါ်လာသော ယောက်ျားဆန်ဆန် အငွေ့အသက်အား သူမ ရှင်းလင်းစွာခံစားနေမိခဲ့သည်။
ဤသို့ဖြင့် လိန်ရှင်းနန်သည် စောင်ပါးလေးဖြင့် ကိုယ်ကိုပတ်ကာ ခေါက်မုန့်တစ်ခုကဲ့သို့ တင်းတင်းကျပ်ကျပ် ထုပ်ပိုးထားရုံသာ တတ်နိုင်ခဲ့ပြီး ထိုလူနှင့်ဝေးကွာအောင် အတင်းအကျပ် ကြိုးစားနေခဲ့မိသည်။
အဓိပ္ပာယ်မရှိလိုက်တာ။
နှစ်ဦးသား ဘေးချင်းယှဥ်လှဲလျောင်းလိုက်ပြီး လိန်ရှင်းနန်စိတ်ထဲတွင် ထိုစကားလုံးသာ ပေါ်လာခဲ့သည်။
သူစိမ်းယောက်ျားသားတစ်ဦးနှင့် တစ်ခုတင်တည်း အတူယှဥ်တွဲအိပ်စက်ခြင်းဆိုသည်မှာ သူမအရင်က တစ်ခါမှ စိတ်ပင်မကူးရဲခဲ့ဖူးသောအဖြစ်မျိုး ဖြစ်သည်ပင်။ သူတို့ ဘာစိတ်ကူးမှတော့မရှိကြပေသည့် ထူးဆန်းသည်က ထူးဆန်းသည်သာ။
ငါ့ဘဝကြီး ဘာတွေဖြစ်ပျက်နေတာလဲ။
ငါထားခဲ့တဲ့ စည်းမျဥ်းတွေ မာနတွေရော ဘယ်ရောက်ကုန်ကြပြီလဲ။
သူမခေါင်းထဲ အတွေးများစွာက ရစ်သီရှုပ်ထွေးနေကြသည်။
"ဪ လိန်ရှင်းနန်ဆိုတဲ့မိန်းမ အခုတော့လည်း ပေါ့တီးပေါ့ပြက်နိုင်နေလိုက်တာ"
"ဒီတစ်သက် အိမ်ထောင်မပြုဘူး၊ ဘယ်ယောက်ျားနဲ့မှတောင် နီးနီးကပ်ကပ်မနေချင်ဘူးလို့ပြောခဲ့တာ ဘယ်သူပါလိမ့်"
"လိန်ရှင်းနန်၊ နင်တကယ်ပဲ ဘာတွေဖြစ်နေတာလဲ"
သူမရင်ထဲတွင် ရှုပ်ထွေးလေးလံနေခဲ့ပြီး အိပ်လို့လည်းမပျော်နိုင်ခဲ့။
လှဲလျောင်းပြီးနောက် လီနန်ခယ့် မျက်လုံးများကို မှေးမှိတ်ထားခဲ့ပြီး စကားတစ်လုံးမှ မဆိုခဲ့ပါ၊ သူ တကယ်ကို စိတ်ရောကိုယ်ပါ အလွန်တရာ ပင်ပန်းနွမ်းနယ်နေကြောင်း ထင်ရှားလှပေသည်။
ထိုအပြုအမူက အမျိုးသမီး၏ တင်းမာနေသော စိတ်ခံစားချက်များကို အများကြီး ပြေလျော့သွားစေခဲ့သည်။
အနည်းဆုံးတော့ သူ ရုတ်တရက် သားရဲတစ်ကောင်လိုမျိုးပြုမူပြီး သူမ၏အပေါ်သို့ ခုန်အုပ်လာမလားဆိုသည်ကို စိုးရိမ်ရန်မလိုတော့ချေ။
ထိုသူ အဝတ်အစားအပြည့်ဖြင့် ဘာမှမခြုံဘဲ အိပ်ပျော်နေသည်ကိုကြည့်ပြီး လိန်ရှင်းနန် နှုတ်ခမ်းလေးကိုအသာကိုက်ကာ သေချာစဥ်းစားပြီးမှ သူမ၏ မွှေးပျံ့ပျော့ပျောင်းသောစောင်ပါးလေးကို ထိုသူ့ကိုယ်ပေါ် အသာမျှခြုံပေးလိုက်သည်။
အခန်းတွင်းရော အခန်းပြင်ပါ အသံတစ်သံမှမထွက်အောင် ဆိတ်သုဥ်းနေလျက်။
သူတို့နှစ်ဦး၏ အသက်ရှူသံများသာ ဖြည်းဖြည်းမှန်မှန် အေးချမ်းစွာထွက်ပေါ်နေခဲ့သည်။
သူတို့သည် လင်မယားများ မဟုတ်ကြသော်လည်း ကုတင်တစ်ခုတည်းပေါ်တွင် အတူတူ အိပ်စက်နေခဲ့ကြပြီး လင်မယားကြားတွင်သာ ရှိတတ်သော ရှားပါးလှသည့် အပြန်အလှန် ယုံကြည်စိတ်ချမှုမျိုးလည်း ရှိနေခဲ့ကြသည်။
အလွန်ပင် အိပ်မက်ဆန်လှသော အဖြစ်အပျက်မျိုးပါပေ။
လိန်ရှင်းနန်ကတော့ အိပ်မောကျဖို့ ခက်ခဲနေဆဲဖြစ်၏။
သူမသည် ထိုနေရာ၌ပင် ငြိမ်သက်စွာ လှဲလျောင်းနေခဲ့ပြီး ဘေးနားရှိထိုလူကို လှည့်မကြည့်ရဲခဲ့ချေ။ သူမအဖြစ်မှာ အိမ်ထောင်ပြုပြီးစအချိန်တွင် သတို့သမီးတစ်ဦးက မင်္ဂလာဦးညကို စိုးရိမ်တကြီးစောင့်ဆိုင်းနေရသကဲ့သို့ ခံစားရပြီး စိတ်လှုပ်ရှားမှုနှင့်အတူ ဖော်ပြ၍မရနိုင်သော မျှော်လင့်ချက်အနည်းငယ်လည်း ရှိနေခဲ့သကဲ့သို့။
ထိုအမျိုးသား ဘာတစ်ခုမှလုပ်မလာမည်ကို သူမ ကြိုသိထားပေသည့်။
သူတို့နှစ်ဦးတွင် မင်္ဂလာဦးညဟူ၍ မည်သည့်အခါမှ ရှိမလာမည်ကို သူမ ကြိုသိထားပေသည့်။
အချိန်များက အေးချမ်းတိတ်ဆိတ်စွာ ရွေ့လျားကုန်ဆုံးသွားခဲ့သည်။
အချိန်မည်မျှလောက် ကုန်လွန်သွားခဲ့သည်ကို သူမ မသိခဲ့ပါ။ တစ်နာရီမက ကြာမြင့်ပြီးနောက်တွင် လီနန်ခယ့် ရုတ်တရက် ထထိုင်လိုက်သဖြင့် လိန်ရှင်းနန် ထိတ်ခနဲဖြစ်ကာ ခန္ဓာကိုယ်မှာ တောင့်တင်းသွားခဲ့ရပြီး မျက်လုံးများကို အမြန်ဆုံး မှိတ်ထားလိုက်မိသည်။
အိပ်ခန်းကျယ်ကြီးထဲ သူမ၏ မြန်ဆန်သက်ဝင်လာသော ရင်ခုန်သံတဒိန်းဒိန်းသာ အော်မြည်နေသကဲ့သို့။
သူမ လက်သီးများကို တင်းနေအောင်ဆုပ်လိုက်သည်။
ထိုယောက်ျား ဘာကြောင့် ရုတ်တရတ်ကြီးထထိုင်မှန်းလည်း သူမမသိပါချေ။
တစ်ခုခုများ လုပ်တော့မလို့လား။
အားနည်းတဲ့မိန်းမသားတစ်ယောက်ကို အားသုံးအနိုင်ကျင့်တော့မလို့လား။
ထိုခဏတွင် လိန်ရှင်းနန်၏စိတ်ထဲတွင် ဗလာကျင်းသွားခဲ့ပြီး သူမကိုယ်တိုင် သိုင်းပညာကျွမ်းကျင်သူတစ်ဦး ဖြစ်သည်ဆိုသည့်အချက်ကိုပါ လုံးဝမေ့လျော့သွားခဲ့လေသည်။
လီနန်ခယ့်သည် ကုတင်အစွန်းတွင် ခြေချထိုင်ကာ သူ၏ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် ကြမ်းပြင်ဆီသို့ ဗလာကျင်းစွာ စိုက်ကြည့်နေခဲ့သည်။
ကျောက်ဆစ်ရုပ်တုတစ်ခုအလား ငြိမ်သက်စွာ ရှိနေခဲ့၏။
အတော်ကြာအောင် ငေးငိုင်နေပြီးနောက်တွင် လီနန်ခယ့်သည် အိပ်ပျော်နေသောအမျိုးသမီးကို တစ်ချက်လှည့်ကြည့်လိုက်ပြီး သက်ပြင်းဖွဖွချကာ ဖိနပ်များကို အသံမထွက်အောင် ဂရုတစိုက်စီးသည်။ ထို့နောက် အခန်းထဲမှ ခြေဖျားထောက်ထွက်ခွာသွားလေတော့၏။
တံခါးပိတ်သံဖွဖွကို ကြားလိုက်ပြီးနောက်မှ အမျိုးသမီး မျက်လုံးများကိုဖွင့်ကြည့်ရဲခဲ့သည်။
ထို့နောက် သူမဘေးရှိ နေရာလွတ်ကို ငေးကြည့်နေမိသည်။
သူမ၏ နှလုံးသားသည်လည်း ဤခဏတွင် ဗလာကျင်းသွားခဲ့ရပြီး နွေးထွေးလှသော မျက်ရည်တစ်စက်မှာ သူမ၏ မျက်ဝန်းထောင့်မှတစ်ဆင့် ညင်သာစွာ စီးကျလာခဲ့ပုံရသည်။
ထိုမျက်ရည်စက် နှုတ်ခမ်းထောင့်ဆီသို့ စီးကျလာသော် ငံကျိကျိအရသာကို ခံစားမိလိုက်၏။
...
လီနန်ခယ့် အိမ်ခြံဝင်းငယ်လေး၏ရှေ့သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
အခန်းအတွင်း၌ မီးလင်းနေဆဲဖြစ်ပြီး သစ်သားတံခါးမှာ ပွင့်ဟနေခဲ့သည်။
တံခါးအပြင်ဘက်တွင် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ငြိမ်သက်စွာ ထိုင်နေခဲ့သည်။ သူမသည် ထိုနေရာ၌ အချိန်အတော်ကြာအောင် ထိုင်စောင့်နေခဲ့ရမည်မှာ သေချာလှပေသည်။
စကတ်စပါးပါးမှာ ညလေအေး၏တိုက်ခတ်မှုကြောင့် တဖျတ်ဖျတ်လှုပ်ခတ်နေလျက်။
ထို့ကြောင့် ကျောက်စိမ်းတုံးအား ထုဆစ်ထားသကဲ့သို့ အချိုးညီဖြူဝင်းလှသော ခြေသလုံးသားနှစ်ဖက်ကို တစ်ချက်တစ်ချက် မြင်နိုင်ပေသည်။
သူမ၏ ကျော့ရှင်းလှသောပုံရိပ်မှ မှောင်မိုက်လှသော ညဉ့်နက်ပိုင်းတွင် အထီးကျန်ခြင်းအငွေ့အသက်တစ်ခုအား ဖန်တီးနေခဲ့သည့်အလား။
လီနန်ခယ့် စကားတစ်လုံးမှ မဆိုခဲ့ပါ၊ သူ အခန်းထဲသို့ တည့်တည့်လျှောက်လှမ်းဝင်ရောက်သွားခဲ့ပြီး ကုတင်ပေါ်တွင် လှဲလျောင်းလိုက်သည်။
ခဏမျှကြာပြီးနောက် တံခါးပိတ်သံ ကြားလိုက်ရ၏။
မီးပိတ်သွားခဲ့သည့်အချိန်တွင် အမျိုးသမီးသည် သူ့ဘေးတွင် ညင်သာစွာလှဲလျောင်းလာကာ သူ့ခါးပေါ်သို့ လက်တစ်ဖက်တင်၍ တိုးဖက်လာသည်။
"ယောက်ျား၊ အခုကစပြီး ကျွန်မရှင်နဲ့ ညတိုင်းအတူတူအိပ်မယ်နော်"
ထို့နောက် တစ်ညလုံး ဘာစကားမှ ထပ်မပြောခဲ့ကြတော့။
နောက်တစ်နေ့တွင် လီနန်ခယ့်သည် အိပ်ရာမှထကာ မျက်နှာသစ်သွားတိုက်ခြင်းအမှုကို ပြုသည်။
သူ့မိန်းမမှာ မီးဖိုချောင်အတွင်း၌ အလုပ်ရှုပ်နေခဲ့၏။ လှုပ်ရှားသံများကို ကြားလိုက်ရသဖြင့် သူမသည် မနက်တိုင်းမြင်နေကျ ပြုံးရွှင်ကြည်လင်သော မျက်နှာလေးကို လှစ်ဟပြလာပြီး စကားဆိုသည်။
"ယောက်ျား အိပ်ရာနိုးပြီလား"
လီနန်ခယ့် တုံ့ပြန်သည့်အနေဖြင့် အသံတစ်ချက်ပြုလိုက်ပြီး ရေကန်ဘေးရှိ ငန်းမမကြီးကို အလစ်အငိုက်ဖမ်းကာ ရေထဲကန်ချလိုက်သေးသည်။
မနက်စာစားပြီးနောက် အိမ်တွင်ခွင့်ယူကာ အနားယူရန် ရည်ရွယ်ထားသော လီနန်ခယ့်သည် နျဲ့ယင်းတစ်ယောက် အလျင်အစလိုပြေးဝင်လာသည်ကို မြင်တွေ့လိုက်ရလေသည်။ အမျိုးသမီးက သူ့ကို အလွန်ဇဝေဇဝါဖြစ်စေသော သတင်းတစ်ခုကို ယူဆောင်လာသည်ပင်။
“မင်းသမီးကြီးက ရှင့်ကို တွေ့ချင်နေတယ်။”
“မင်းသမီးက ကျွန်တော့်ကိုတွေ့ချင်နေတာ ဟုတ်လား။” လီနန်ခယ့် နားအတွင်းကိုကလော်ရင်း မသေချာသလို ထပ်မေးလိုက်သည်။
“ဟုတ်တယ်၊ မင်းသမီးကြီးက မင်းသမီးရှန်းယွမ်ရဲ့ရုပ်အလောင်းအတွက်နဲ့ တုန်းချီခရိုင်ကိုရောက်လာခဲ့ပြီ။ ကျွန်မသူ့ကို မနေ့ကအကြောင်းအရာတွေ ပြောပြလိုက်တော့ သူရှင့်ကို လူကိုယ်တိုင်တွေ့ပြီး မေးစရာလေးတွေရှိတယ်တဲ့"
“ဒီမင်းသမီးက တကယ့်ကို အချိန်ကိုက်ရောက်လာတာပဲ။”
လီနန်ခယ့် မျက်ခုံးနှစ်ဖက်ကို တင်းတင်းစုကျုံ့လိုက်မိသည်။
သူသည် ယခုအချိန်အထိ တုန်းဝမ်ခွင်းကို လုပ်ကြံသတ်ဖြတ်ရန်အတွက် စီစဉ်နေဆဲဖြစ်ပြီး ဤမင်းသမီးကြီး ရုတ်တရက် ပေါ်ထွက်လာခြင်းကြောင့် အနှောင့်အယှက်များ ရှိမလာဖို့သာ မျှော်လင့်ရမည်ပင်။
"ကျွန်တော့်မှာ အခွင့်အရေးရှိမယ်လို့ ခင်ဗျားထင်လား"
လီနန်ခယ့် အဓိပ္ပာယ်ပါပါမေးလိုက်သည်။
နျဲ့ယင်းက သူမေးသည့်အဓိပ္ပာယ်ကို ချက်ချင်းသဘောပေါက်လေသည်။
လော့ချန်းချိုး ဘေးနားတွင်ရှိနေသည်ကို ဂရုမစိုက်ဘဲ သူမသည် ရှေ့သို့ လျှောက်လှမ်းလာခဲ့ပြီး သူ့နားနားသို့ကပ်ကာ တိုးတိုးလေးဆိုလိုက်သည်။
“မင်းသမီးကြီး ဒီမှာရှိနေတာက ရှင့်အတွက် သေချာပေါက်အခွင့်အရေးကောင်းပဲ။ ရှင်နဲ့ ဟယ့်ပန်ကျွင်းတို့ ဆွေးနွေးပြီးကြပြီလား။”
လီနန်ခယ့်မျက်လုံးများ တစ်ချက်လက်ခနဲဖြစ်သွားပြီး သူပြုံးလိုက်သည်။
“ဒီနေ့က တပ်မှူးတုန်းအတွက်တော့ နေ့ကောင်းရက်သာဖြစ်လိမ့်မယ်ထင်တယ်ဗျာ။”