← Chapters

အခန်း (၆၅၃-၆၅၄)

Vol. 63 Ch. 653-654

အခန်း (၆၅၃-၆၅၄)

Vol. 63 Ch. 653-654

အခန်း (၆၅၃)။

“ဟုန်ရွှန်ကျိရဲ့ ကျင့်စဉ်က ဒီလောက်အဆင့်ထိ ရောက်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ သူက ကိုယ်ပိုင် ဘာသာစကားနဲ့ ယဉ်ကျေးမှုတစ်ခုကိုတောင် ဖန်တီးချင်တဲ့ ရည်မှန်းချက် ရှိနေပြီး အဲဒါကို တဖြည်းဖြည်းချင်း အကောင်အထည်ဖော်နေတာပဲ။ ‘ကောင်းကင်ဘုံ နတ်ဘုရားစာလုံး’ က တကယ့်ကို နက်နဲဆန်းကြယ်လှပေမဲ့ သူ အကုန်လုံးကိုတော့ မတတ်မြောက်သေးဘူး။ တကယ်လို့ သူသာ ဒါကို အပြည့်အဝ အချောသတ်နိုင်သွားရင် ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်အထိ ရောက်သွားနိုင်တယ်။”

ခန်းမဆောင်အတွင်း ပြုလုပ်ခဲ့သော အပြန်အလှန် စမ်းသပ်မှုလေးတွင် ဟုန်ယွိက အနည်း ငယ် အသာစီးရခဲ့သော်လည်း၊ သူသည် ဟုန်ရွှန်ကျိ၏ သိုင်းပညာအပေါ် ပိုမိုနက်နဲစွာ နားလည်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဟုန်ရွှန်ကျိကို အနိုင်ယူပြီး သူ၏သိုင်းပညာကို ဖျက်ဆီးပစ်ရန်မှာ တကယ့်ကို ခက်ခဲသော အလုပ်တစ်ခုဖြစ်ကြောင်း သူ အပြည့်အဝ သဘောပေါက်သွားခဲ့သည်။

ထို့အပြင် ခုနက သူတို့နှစ်ဦး တိုက်ခိုက်ခဲ့ကြစဉ်က တစ်ဦးကိုတစ်ဦး စမ်းသပ်ရုံသာ ရှိသေး သည်။ သူတို့သည် အသက်နှင့်လဲ၍ တိုက်ခိုက်ခဲ့ကြခြင်း မဟုတ်သလို၊ သူတို့၏ စွမ်းအား အစစ်အမှန် အမြောက်အမြားကိုလည်း ထုတ်ဖော်ခဲ့ကြခြင်း မရှိသေးပေ။

ဟုန်ရွှန်ကျိ သို့မဟုတ် မဒမ်ကျောက်ကို ထိခိုက်ဒဏ်ရာ အပြင်းအထန် မရစေခဲ့သော်လည်း ဟုန်ယွိသည် အနည်းငယ် ဝမ်းမြောက်နေမိသည်။ လွန်ခဲ့သော ငါးနှစ်ခန့်က သူသည် ဤဝူဝမ်မြို့စားအိမ်တော်အတွင်း၌ အသက်ပြင်းပြင်းပင် မရှူဝံ့ခဲ့ပေ။ သို့သော် ယခုမူ သူသည် မိမိစိတ်တိုင်းကျ လာချင်သလိုလာ၊ သွားချင်သလို သွားနိုင်နေပြီ ဖြစ်ပြီး ဟုန်ရွှန်ကျိပင်လျှင် သူ့ကို ဘာမှ မတတ်နိုင်တော့ပေ။ ဤအချက်မှာပင် အောင်မြင်မှုတစ်ခု ဖြစ်နေပြီ ဖြစ်သည်။

နောက်ထပ် လုပ်ဆောင်ရမည့်အရာမှာ တရားမျှတမှုဟူသော အမည်နာမကို အသုံးချကာ ဟုန်မျိုးနွယ်စုနှင့် ကျောက်မျိုးနွယ်စုတို့ကို အမြစ်ပြတ် သုတ်သင်ရန်ပင် ဖြစ်သည်။ ၎င်းမှာ ရှည်လျားသော လုပ်ငန်းစဉ်တစ်ခု ဖြစ်သလို အနာဂတ်တွင် အခြေအနေများ မည်သို့ ပြောင်းလဲလာမည်အပေါ်တွင်လည်း မူတည်နေသည်။

မည်သို့ပင်ဖြစ်စေ၊ သူသည် မင်းသားယုကို စိတ်ဝိညာဉ်ပိုင်းဆိုင်ရာရော၊ အတွေးအခေါ်ပိုင်း ဆိုင်ရာပါ အသစ်တစ်ဖန် မွေးဖွားလာအောင် ကူညီပေးခဲ့ပြီးဖြစ်သည်။ သူသည် ‘ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်’ ကို ‘ကျောက်စိမ်းဧကရာဇ် ဝတ်ရုံ’ အဖြစ် ပင် သွန်းလုပ်ပေးခဲ့သည်။ မင်းသားယု၏ အင်အားမှာ အဆမတန် တိုးတက်လာခဲ့ပြီဖြစ်ရာ ရှေ့လာမည့် နိုင်ငံရေး တိုက်ပွဲများအတွင်း သူသည် ထင်ပေါ်ကျော်ကြားလာပြီး တောက်ပ လာမည်မှာ သေချာလှသည်။

မင်းသားယုသာ ထီးနန်းတက်နိုင်မည်ဆိုပါက အရာအားလုံးမှာ ပြေလည်သွားမည် ဖြစ်သည်။

“ဒါပေမဲ့ ချန်ဧကရာဇ် ရန်ယန်သာ မသေဘူးဆိုရင် မင်းသားယု ထီးနန်းတက်ဖို့ဆိုတာ ဝေးဦးမယ်။ ဒီစကြဝဠာကြီးထဲမှာ ချန်ဧကရာဇ်ကိုသတ်ဖို့ အလားအလာ အရှိဆုံးလူက ငါ မဟုတ်ဘူး၊ မုန့်ရှန်းကျီပဲ။ ငါက မုန့်ရှန်းကျီရဲ့ စိတ်နေစိတ်ထားကို ခန့်မှန်းလို့ မရနိုင်တာပဲ ခက်တယ်။ နောက်ရှစ်နှစ်ကြာတဲ့အခါ သူက ငါနဲ့ တိုက်ခိုက်မှာလား၊ ဒါမှမဟုတ် ချန်ဧကရာဇ်ကိုပဲ သတ်မှာလားဆိုတာ ငါ မသိနိုင်ဘူး”

ဟုန်အိမ်တော် ခန်းမဆောင်အတွင်းမှ သူ အပြင်သို့ လှမ်းထွက်လိုက်စဉ်မှာပင် ဟုန်ယွိသည် အရေးကြီးသော ပြဿနာတစ်ခုကို ရုတ်တရက် တွေးမိသွားသည်။ ထိုခဏ၌ပင် ပြင်းထန် လှသော မုန်းတီးမှုများ ပြည့်နှက်နေသော အကြည့်ပေါင်းများစွာမှာ သူ့ဆီသို့ စူးစိုက် ကျရောက်လာသည်ကို သူ ခံစားလိုက်ရသည်။

“ဟုန်ယွိ... ငါ မင်းနဲ့ တစ်မိုးတည်းအောက်မှာ ဘယ်တော့မှ အတူမနေနိုင်ဘူး။”

ဤအချိန်၌ ဝူဝမ်မြို့စားအိမ်တော်၏ အနက်ရှိုင်းဆုံးနေရာရှိ လျှို့ဝှက်အခန်းတစ်ခု အတွင်း ၌ ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော လူအနည်းငယ်မှာ မှန်တစ်ချပ်အတွင်းမှ ဟုန်ယွိ၏ ပုံရိပ်ကို မုန်းတီးစွာ စိုက်ကြည့်နေကြသည်။

ထိုလူများမှာ မြင့်မြတ်သော အရှိန်အဝါများ ရှိနေကြပြီး မှူးမတ်မျိုးနွယ်များ၏ တပည့်များ ကဲ့သို့ ရှိနေကြသည်။ ထို့အပြင် သူတို့၏ ရုပ်သွင်မှာ ဟုန်ယွိ၊ ဝူဝမ်မြို့စားနှင့် ဟုန်ရွှန်ကျိ တို့နှင့် ဆင်တူနေကြသည်။ ထင်ရှားသည်မှာ သူတို့သည် ဟုန်မျိုးနွယ်စု၏ မျိုးဆက်များပင် ဖြစ်သည်။

ထိုအုပ်စု၏ ခေါင်းဆောင်မှာ အခြားသူမဟုတ်ဘဲ ဟုန်ရှီပင် ဖြစ်သည်။

ယခုအချိန်၌ ဟုန်ရှီသည် နဂါးအကြေးခွံ ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။ သူ၏ သွေးအနှစ်သာရများမှာလည်း ဆူပွက်နေပြီး သူသည် ‘သိုင်းသူတော်စင်’ အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေကာ အချိန်မရွေး ထပ်မံ အဆင့်တက်နိုင်မည့် အနေအထားတွင် ရှိနေသည်။

တစ်ချိန်တည်းမှာပင် သူ၏ဘေးနားရှိ အမျိုးသားတစ်ဦးသည်လည်း ‘နတ်ဘုရားဘုရင် ချပ်ဝတ်’ ကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ရှေးဟောင်း ဓားတစ်လက်ကို ကိုင်ဆောင်ထား သည်။ သူသည်လည်း မှန်အတွင်းမှ ခမ်းမပြင်သို့ ထွက်ခွာသွားသော ဟုန်ယွိကို အဆိပ်ပြင်း လှသော အကြည့်များဖြင့် စိုက်ကြည့်နေသည်။သူ၏ မျက်နှာတွင်လည်း နာကျည်းချက်များ ဖြင့် ပြည့်နှက်နေသည်။

“ဟုန်ကွေ့... အဖေက မင်းကို အကောင်းဆုံးဖြစ်အောင် ပျိုးထောင်ပေးထားပြီးပြီ။ မနက်ဖြန်ကျရင် မင်းက ရှောင်ရှိူက်ရဲ့ တပ်မတော်ဆီကို သွားပြီး သူ့ကို မင်းရဲ့ ဆရာအဖြစ် တရားဝင် ဂါရဝပြုရမယ်။ မင်းက အမြင့်ဆုံး သိုင်းပညာတွေကို သင်ယူရလိမ့်မယ်။ နောက်ထပ် နှစ်အနည်းငယ်လောက် စောင့်ဦး၊ ငါတို့ရဲ့ အင်အားတွေ ကြီးထွားလာတဲ့ အခါကျရင် ငါတို့ အသေးစိတ် စီစဉ်ကြတာပေါ့” ဟုန်ရှီက သူ၏ဘေးမှ အမျိုးသား၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။

ထိုအမျိုးသားမှာ မဒမ်ရုံ၏ သားဖြစ်သူ ‘ဟုန်ကွေ့’ ပင် ဖြစ်သည်။

“အစ်ကိုကြီး... ကျွန်တော် သိပါတယ်။ ဒီဟုန်ယွိနဲ့ ကျွန်တော် တစ်မိုးတည်းအောက်မှာ ဘယ်တော့မှ အတူမနေဘူး” သူက အဖေရဲ့ အိမ်တော်မှာ လာပြီး ဟန်ရေးပြဝံ့တယ်ပေါ့။ ဒီအမုန်းတရားကို ကျွန်တော် မှတ်ထားမယ်။ သွားကြစို့ အစ်ကိုကြီး၊ ကျွန်တော်တို့ သွားပြီး ကျင့်ကြံကြရအောင်။” ဟုန်ကွေ့က ခက်ထန်စွာ ပြောလိုက်သည်။

“ကောင်းပြီ”

ဟုန်ရှီက မည်းမှောင်သော မျက်နှာထားဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ဟုန်ကွေ့နှင့်အတူ ရှေ့သို့ တစ်လှမ်း လှမ်းလိုက်သည်။

သို့သော် သူတို့ ရှေ့သို့ တစ်လှမ်း လှမ်းလိုက်သည်နှင့် သူတို့ရှေ့ရှိ ဟင်းလင်းပြင်မှာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူတို့ မည်သို့ ရောက်လာသည်ကိုပင် မသိလိုက်ဘဲ အိမ်တော်၏ ပင်မဝင်ပေါက်သို့ ရောက်ရှိသွားခဲ့သည်။ ဟုန်ရှီမှာ အလွန်အမင်း ထိတ်လန့် သွားပြီး အိပ်မက်မက်နေသည်ဟုပင် ထင်မှတ်သွားခဲ့သည်။

“ဒါ... ဒါ ဘာဖြစ်တာလဲ”

သူ ထိတ်လန့်နေစဉ်မှာပင် သူ့ရှေ့၌ ဟုန်ယွိကို မြင်လိုက်ရသည်။ အမှန်စင်စစ် ဟုန်ယွိက သူ၏ နတ်ဘုရားစွမ်းရည်ကို အသုံးပြု၍ သူတို့ကို သူ့ရှေ့သို့ ဆွဲခေါ်လိုက်ခြင်းပင်။

“ဟုန်ရှီ... မင်းရဲ့ သိုင်းပညာက အခုအချိန်မှာ အရမ်းကို အားနည်းလွန်းနေသေးတယ်။ မင်း နောက်ထပ် နှစ်ပေါင်း တစ်သောင်းလောက် ကျင့်ကြံရင်တောင် အလကားပဲ ဖြစ်လိမ့်မယ်။ မင်းကို အမြင့်ဆုံး သိုင်းပညာတချို့ သင်ပေးစေချင်လား။” ဟုန်ယွိက ဟုန်ရှီကို ကြည့်ကာ ရုတ်တရက် သူ၏ ပုခုံးကို လှမ်းပုတ်လိုက်သည်။ သူသည် ပြုံးလိုက်ပြီးနောက် လှည့်ထွက် သွားခဲ့သည်။

“ပြီးတော့ မင်း... ဟုန်ကွေ့၊ မင်းက ရှောင်ရှိူက်ကို မင်းရဲ့ ဆရာအဖြစ် လက်ခံလိုက်ပြီပေါ့။ မင်းက အနောက်ဘက် နယ်စပ်ကို သွားပြီး တိုက်ခိုက်တော့မှာလား။ သတိထားဦးနော်၊ အသေဆိုးနဲ့ မသေစေနဲ့ဦး” ဟုန်ယွိသည် ခပ်ပြုံးပြုံးဖြင့် ပြောဆိုကာ ပေါ့ပါးစွာ လွင့်မြော ထွက်ခွာသွားလေသည်။

အချိန်အတော်ကြာမှ ဟုန်ရှီနှင့် ဟုန်ကွေ့တို့ သတိပြန်ဝင်လာကြသည်။

“တောက်. သေစမ်း... မင်း သေရမယ်။” ဟုန်ရှီက သူ၏ လက်သီးကို တင်းတင်း ဆုပ်လိုက်မိသည်။ သူ၏ လက်သည်းများမှာ လက်ဖဝါးအတွင်းသို့ စိုက်ဝင်သွားပြီး သွေးများပင် စီးထွက်လာခဲ့သည်။

ဤမြင်ကွင်းကို မဒမ်ကျောက်လည်း မြင်တွေ့လိုက်ရသည်။ သို့သော် ဟုန်ယွိက သူ၏ နတ်ဘုရားစွမ်းရည်ဖြင့် ဟုန်ရှီနှင့် ဟုန်ကွေ့တို့ကို ဆွဲခေါ်လိုက်သည်ကို မြင်သောအခါ သူမ သည် နောက်ဆုံးတွင် အားကိုးရာမဲ့သည့် ခံစားချက်ကို ခံစားလိုက်ရသည်။

သူမ၏ အားကိုးရာဖြစ်သော ဟုန်ရွှန်ကျိပင်လျှင် သူ့ကို မတားဆီးနိုင်ခဲ့သည့်အတွက် ဤအားကိုးရာမဲ့မှုမှာ ပို၍ပင် ပြင်းထန်လာခဲ့သည်။ ဟုန်ယွိ၏ ယနေ့ လာရောက်မှုမှာ သူမကို သေရမည်မှာ သေချာနေပြီ ဖြစ်ကြောင်း လာပြောခြင်းနှင့် အတူတူပင် ဖြစ်သည်။ ယနေ့မှစ၍ ကျန်ရှိနေသော နေ့ရက်များမှာ နှေးကွေးသော ညှဉ်းပန်းနှိပ်စက်မှုများသာ ဖြစ်မည်ဟု သတိပေးလိုက်ခြင်းပင်။

ဤအားကိုးရာမဲ့မှုကြောင့် သူမ၏စိတ်နှလုံး အနက်ရှိုင်းဆုံးမှ ရူးသွပ်မှုများ ပေါ်ပေါက်လာ သည်။ အတိတ်ကာလက သူမသည် ဟုန်ယွိတွင် ဤမျှကြီးမားသော စွမ်းရည်မျိုးကို ပိုင်ဆိုင်နိုင်မည်ဟု မယုံကြည်ခဲ့ဘဲ သူမ၏ အင်အားသည် မြစ်ချောင်းများကို ပြောင်းပြန် စီးစေနိုင်သည်ဟု အမြဲ ယုံကြည်ခဲ့သည်။ သို့သော် ယခုမူ ဟုန်ယွိသည် သူမရှေ့၌ အမှန် တကယ် ပေါ်လာပြီး အခြေအနေအားလုံးကို လှည့်ပတ် ကစားသွားသည်ကို မြင်သော အခါမှသာ သူမသည် မည်မျှ အင်အားနည်းကြောင်း သိရှိသွားခဲ့ရသည်။

“ရွှန်ကျိ…၊ ငါတို့က ဒီအယုတ်တမာကောင်ကို သူ့စိတ်ကြိုက် လုပ်ခွင့်ပြုထားတော့မှာလား၊ သူ့ကို တားဆီးနိုင်မဲ့လူ တစ်ယောက်မှ မရှိတော့ဘူးလား။” မဒမ်ကျောက်က ရုတ်တရက် အော်ဟစ်လိုက်သည်။

ဤအချိန်၌ ဟုန်ရွှန်ကျိက ထရပ်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည် “ဟုန်ရှီ၊ ဟုန်ကွေ့... မင်းတို့ နှစ်ယောက်လုံး အပြင်ထွက်ပြီး လေ့ကျင့်ကြတော့။ ဒီနေ့မှာ မင်းတို့နဲ့ ဟုန်ယွိကြားက ကွာခြားချက် ဘယ်လောက်ကြီးလဲဆိုတာ မင်းတို့ သိသွားပြီ။ ဒါပေမဲ့ မင်းတို့သာ ကောင်းကောင်း လေ့ကျင့်မယ်ဆိုရင် သူ့ကို လိုက်မှီမဲ့နေ့ တစ်နေ့ ရောက်လာရ လိမ့်မယ်။ ငါ မင်းတို့ကို ကတိပေးတယ်။”

“ဟုတ်ကဲ့ပါ အဖေ။”

ဟုန်ရှီနှင့် ဟုန်ကွေ့တို့သည် ဟုန်ရွှန်ကျိ၏ စကားကို ကြားသောအခါမှ နောက်ဆုံးတွင် စိတ်အေးသွားကြသည်။

“ရှင်က ဘယ်လို ကတိပေးနိုင်မှာလဲ။ ရှင်ကိုယ်တိုင်တောင် ဒီအကုသိုလ်ကောင်ကို မယှဉ်နိုင်တာ။ ကျွန်မတို့ ဘာလုပ်ကြမလဲ။ ငါတို့ ဟုန်မျိုးနွယ်စုနဲ့ ကျောက်မျိုးနွယ်စုကို ဒီကောင်စုတ်လေး ဖျက်ဆီးတာကို ဒီအတိုင်း ထိုင်ကြည့်နေရတော့မှာလား။” မဒမ်ကျောက်က ထပ်မံ အော်ဟစ်ပြန်သည်။

ဘုန်း

ဟုန်ရွှန်ကျိက လက်ကို ဝှေ့ယမ်းလိုက်ရာ တံခါးမှာ ပိတ်သွားခဲ့သည်။ ခန်းမဆောင် တစ်ခုလုံးတွင် မဒမ်ကျောက်နှင့် သူသာ ကျန်ရှိတော့သည်။ ကမ္ဘာကြီးတစ်ခုလုံး စတင် ဖြစ်ပေါ်လာစကဲ့သို့ပင် ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။

“ဘာလဲ”

ဟုန်ရွှန်ကျိ၏ လုပ်ရပ်ကြောင့် မဒမ်ကျောက် ထိတ်လန့်သွားသည်။

“ထွက်လာခဲ့ပါ၊ ခင်ဗျားက ယဇ်ပုရောဟိတ်အရှင်မရဲ့ နောက်ကွယ်ကလူ မဟုတ်လား။ ခုနက ခင်ဗျားရဲ့ အရှိန်အဝါကို ကျုပ် ခပ်ရေးရေး မြင်လိုက်ရတယ်။ ဟိုဟိုဒီဒီ လျှောက်သွား နေစရာ မလိုပါဘူး၊ ခင်ဗျားပဲဆိုတာ ကျုပ် သိတယ်။ ဟုန်ယွိက ခင်ဗျားကို သတိမထားမိပေ မဲ့ ကျုပ်ကတော့ သတိထားမိတယ်”

ဟုန်ရွှန်ကျိသည် မဒမ်ကျောက်၏ မေးခွန်းကို မဖြေဘဲ၊ ဟင်းလင်းပြင်အလွတ်ကြီးဆီသို့ ဦးတည်ကာ ရုတ်တရက် စကားပြောလိုက်သည်။

ရုတ်တရက်ဆိုသလို ဟင်းလင်းပြင်အတွင်းမှ အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာ သည်။ မှော်သင်္ကေတများသည် တံတားတစ်ခုအဖြစ် စုစည်းသွားပြီး၊ ထိုတံတားပေါ်တွင် ကျောက်စာတိုင်တစ်ခုကို ကိုင်ဆောင်ထားသော အမျိုးသမီးတစ်ဦး လမ်းလျှောက် ထွက်ပေါ်လာသည်။

“အား” မဒမ်ကျောက်သည် ထိုအမျိုးသမီး၏ မျက်နှာကို မြင်လိုက်ရသောအခါ သရဲတဘက် ကို မြင်လိုက်ရသကဲ့သို့ ထိတ်လန့်သွားသည် - “မန်ပိုင်ယွန်၊ နင် မသေသေးဘူးလား။ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။”

“သူမက မန်ပိုင်ယွန် မဟုတ်ဘူး” ဟုန်ရွှန်ကျိသည် ထိုအမျိုးသမီး၏ မျက်နှာကို မြင်သော အခါ အစပိုင်းတွင် သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်သွားခဲ့သော်လည်း နောက်တစ်ခဏမှာပင် ပြန်လည် တည်ငြိမ်သွားခဲ့သည်။

“မင်းက ဘယ်သူလဲ” ဟုန်ရွှန်ကျိက လက်တစ်ဖက်ဖြင့် ဖမ်းဆွဲလိုက်ရာ ခုနက အမှုန့် ဖြစ်သွားသော ကုလားထိုင်မှာ ပြန်လည် စုစည်းသွားပြီး မူလပုံစံအတိုင်း ဖြစ်သွားခဲ့သည်။

“တကယ့်ကို ပြောင်မြောက်လှတဲ့ ‘ပြန်လည်ပြုပြင်ခြင်း’ ပညာရပ်ပဲ။ ရှင့်ရဲ့ သိုင်းဆန္ဒက ဒီလောက်အဆင့်ထိ သိပ်သည်းနေပြီပေါ့။ ရှင် ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်ကို ရောက်ပြီးတဲ့နောက်မှာ ရှင့်ရဲ့ဝိညာဉ်ကိုပါ ပြန်လည် သန့်စင်နိုင်လိမ့်မယ်လို့ ကျွန်မ ထင်မိ တယ်။ အဲဒီအချိန်ကျရင် ရှင် အထွက်အထိပ်တာအို ရောက်သွားလိမ့်မယ်” ဟုန်ရွှန်ကျိ၏ လက်အလှုပ်အရှားကို မြင်သောအခါ ထူးဆန်းသော အမျိုးသမီးက ချီးကျူးလိုက်သည် “ကျွန်မက ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက ရှင် ကျွန်မနဲ့ ပူးပေါင်း မယ်ဆိုရင် ဟုန်ယွိကို အနိုင်ယူနိုင်လိမ့်မယ် ဆိုတာပါပဲ။”

“အိုး” ဟုန်ရွှန်ကျိက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည် “လျှို့ဝှက်ခန်းထဲမှာ အကျယ် တဝင့် ဆွေးနွေးကြတာပေါ့။ ခင်ဗျား ကျုပ်နဲ့ ပူးပေါင်းချင်တယ်ဆိုရင် ကျုပ် သိချင်တာက ခင်ဗျား ကျုပ်ကို ကူညီနိုင်မလားဆိုတာပဲ။ တကယ်လို့ ဒီကိစ္စကိုတောင် မကူညီနိုင်ဘူးဆို ရင်တော့ ကျုပ်ရဲ့ သားမိုက်ကို အနိုင်ယူဖို့အကြောင်း ပြောစရာ မလိုတော့ဘူး။”

“ရှင့်ရဲ့ သားတစ်ယောက်နဲ့ သမီးတစ်ယောက်ရဲ့ ဝိညာဉ်တွေကို ပြန်လည် သန့်စင်ပေးဖို့ ကိစ္စအတွက်လား။” ထူးဆန်းသော အမျိုးသမီးက ရုတ်တရက် ပြောလိုက်သည်။ သူမသည် ဟုန်ရွှန်ကျိ၏ အကြောင်းအားလုံးကို သိနေပုံရသည်၊ “ဒီကိစ္စက နည်းနည်းတော့ ခက်ခဲပေ မဲ့ ကျွန်မလက်ထဲမှာရှိတဲ့ ‘မှော်ရတနာတွေ’ နဲ့ဆိုရင်တော့ ဒါကို ပြီးမြောက်အောင် လုပ်ဖို့ လုံလောက်ပါတယ်။ ဒါပေမဲ့ ရှင်က ကျွန်မတို့ရဲ့ ပူးပေါင်းမှုကို ချန်ဧကရာဇ် ယန်ဖန်ကို လုံးဝ မသိစေရဘူး။”

“ခင်ဗျားသာ ကျုပ်သမီးနဲ့ ကျုပ်သားရဲ့ ဝိညာဉ်ကို ပြန်လည် သန့်စင်ပေးနိုင်မယ်ဆိုရင် ကျန်တာအားလုံးကို ဆွေးနွေးလို့ ရပါတယ်” ဟုန်ရွှန်ကျိက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

သူ စကားပြောပြီးသည်နှင့် သူ၏ ခန္ဓာကိုယ်မှာ လင်းခနဲ ပျောက်ကွယ်သွားသည်။ ထိုဆန်းကြယ်သော အမျိုးသမီးမှာလည်း သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့လေသည်။

“ဘယ်သူလဲ” မဒမ်ကျောက်က လှုပ်ရှားလိုက်သည်။ သူမသည် မူလက နောက်ကနေ လိုက်သွားချင်သော်လည်း ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းလိုက်ပါသည်။ သူမ၏ မျက်နှာတွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာပါသည် “အမျိုးသမီးတစ်ယောက်က လာပြီး ပူးပေါင်းတာပေါ့။ သူမ ဘယ်ကနေ လာတာလဲဆိုတာ ငါ သိချင်မိသား။ ဒါပေမဲ့ အမျိုးသမီး တစ်ယောက်က ရွှန်ကျိနဲ့ ပူးပေါင်းတယ်ဆိုတော့... ဟွန်း။ ကြည့်ကောင်းမဲ့ပွဲတွေ အများကြီး လာတော့မှာပဲ...”

ညအချိန်...

ဟုန်ယွိ၏ ဝင်ရောက်နှောက်ယှက်မှုကြောင့် လူအများအပြားမှာ ဝူဝမ်မြို့စား၏ ကိုယ်လုပ် တော် လက်ထပ်ပွဲကို တက်ရောက်ရန် စိတ်မပါတော့ပေ။ ကောလာဟလပေါင်းစုံနှင့် ကဲ့ရဲ့ပြစ်တင်မှုများမှာလည်း ပျံ့နှံ့သွားခဲ့သည်။ တခဏအတွင်းမှာပင် မြို့တော်တစ်ခုလုံးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရသည်။

မြို့ပြင်ရှိ တော်ဝင်အစောင့်တပ်ဖွဲ့၏ ‘နတ်ဘုရားသခင် ဗျူဟာတပ်ရင်း’ အတွင်း၌ ဟုန်မျိုးနွယ်စုမှ တပည့်များစွာမှာ ဟုန်ရှီနှင့် ဟုန်ကွေ့တို့ ပတ်ပတ်လည်တွင် စုရုံးနေကြပါ သည်။

ဟုန်ရှီနှင့် ဟုန်ကွေ့တို့မှာ တရားဝင် ဇနီးကြီး၏ သားများဖြစ်ကြသဖြင့် ဝူဝမ်မြို့စားအိမ် တော်အတွင်း၌ သူတို့၏ အဆင့်အတန်းမှာ ကိုယ်လုပ်တော်များ၏ သားများထက် သိသိ သာသာ မြင့်မားကြပါသည်။

ဟုန်ကျောက်၊ ဟုန်ပေါင်၊ ဟုန်ရန်၊ ဟုန်ရှင်း၊ ဟုန်ကွန်၊ ဟုန်ရှို့၊ ဟုန်ယွီ၊ ဟုန်ဟို့၊ ဟုန်ယန်၊ ဟုန်ကန်း၊ ဟုန်ဆန်၊ ဟုန်ရု၊ ဟုန်ကျန်း စသဖြင့်... ဟုန်ရွှန်ကျိတွင် သားပေါင်း ဆယ်ယောက်ကျော် ရှိသည်။ ထိုသားများမှာ မူလက နေရာအသီးသီးတွင် အတွေ့အကြုံ လေ့ကျင့်နေကြသူများ ဖြစ်သည်။ အချို့မှာ အရာရှိများ ဖြစ်နေကြပြီး၊ အချို့မှာမူ အလုပ်အကိုင် အသီးသီး ရှိနေကြသော်လည်း ယခုမူ သူတို့အားလုံး စုဝေးနေကြခြင်း ဖြစ်သည်။ သူတို့ကို ဇနီးကြီး၏ သားကြီးဖြစ်သူ ဟုန်ရှီက ခေါ်လိုက်သောကြောင့် အားလုံး စုစည်းမိသွားကြခြင်း ဖြစ်ပါသည်။

ဟုန်ယွိကြောင့် မူလက စိတ်ဝမ်းကွဲနေကြသော ဟုန်မျိုးနွယ်စုဝင် သားများမှာ ယခုအခါ လုံးဝ စည်းလုံးသွားကြပါတော့သည်။

“အစ်ကိုကြီး... ကျွန်တော်တို့ ဟုန်ယွိကို တကယ်ပဲ အနိုင်ယူနိုင်မယ်လို့ အစ်ကို ထင်လား။” ဟုန်ကွေ့က ဟုန်ရှီကို မေးလိုက်ပါသည်။

“ငါတို့မှာ ညီအစ်ကိုတွေ ဒီလောက်အများကြီး ရှိတာပဲ။ ငါတို့ညီအစ်ကိုတွေ အတူလက်တွဲ ပြီး စည်စည်းလုံးလုံး လုပ်ဆောင်ကြမယ်ဆိုရင် ဒီဟုန်ယွိလို ကောင်စားမျိုးကို မကိုင်တွယ် နိုင်စရာ အကြောင်းမရှိပါဘူး။ အဖေက သူ့ရဲ့စွမ်းရည်တွေကြောင့် ဂုဏ်းသခင်ကျော်ကြား တာ။ ငါတို့ကြောင့် အဖေ့ရဲ့ဂုဏ်သတင်း အညိုးနွမ်းခံလို့ မဖြစ်ဘူး။ ဒီနေ့ကစပြီး ငါ ဘာကိုမှ ဖုံးကွယ်ထားတော့မှာ မဟုတ်ဘူး” ဟုန်ရှီက ခင်ထန်စွာ ပြောလိုက်သည် “ငါတို့ညီအစ်ကို တွေ စည်းလုံးနေရင် သံမဏိကိုတောင် ဖြတ်နိုင်တယ်။ တစ်ယောက်ယောက်... ဧကရာဇ် မင်းမြတ် ငါ့ကို ဆုလာဘ်အဖြစ် ပေးထားတဲ့ ‘နဂါးသွေးဆေးလုံး’ တွေကို ယူလာခဲ့စမ်း။ ညီအစ်ကို တစ်ယောက်ကို တစ်လုံးစီ ပေးမယ်။”

“ဟုတ်ကဲ့ပါ။”

ဤအချိန်၌ ဟုန်ရှီ၏ဘေးမှ လူယုံတော် ကျွမ်းကျင်သူတစ်ဦးက တုန့်ပြန်လိုက်သည်။ သူက လှည့်ထွက်သွားပြီး ဆေးပုလင်းပေါင်းများစွာကို ထုတ်ယူလာခဲ့သည်။ ထိုဆေးလုံးများမှ မွှေးပျံ့လှသော ဆေးရနံ့များ ထွက်ပေါ်နေပြီး ပြင်းထန်လှသော သွေးအရှိန်အဝါများ ကိန်းအောင်းနေသည်။

“ဒါက တကယ်ပဲ ရှေးဟောင်း ကောင်းကင်နဂါးရဲ့ သွေးနဲ့ ဖော်စပ်ထားတဲ့ ဆေးလုံးတွေပဲ။” ဟုန်ကျောက်က ဆေးလုံးကို အရင်ဆုံး ယူလိုက်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည် “ဒီဆေးတစ်လုံးက အရိုးတွင်းခြင်ဆီကို သန့်စင်ပေးနိုင်ပြီး ခန္ဓာကိုယ်ကို အားဖြည့်ပေးရုံ တင်မကဘူး၊ သိုင်းပညာနဲ့ တာအိုကျင့်စဉ်တွေကို ကျင့်ကြံတဲ့နေရာမှာလည်း အများကြီး အထောက်အကူပြုတယ်။”

“အဲဒီသားမိုက် ဟုန်ယွိကို သတ်ပစ်မယ်လို့ ငါတို့ ကျိန်ဆိုပါတယ်။” နဂါးသွေးဆေးလုံးများ ရရှိသွားသော ဟုန်မျိုးနွယ်စု တပည့်အချို့က ဟစ်ကြွေးလိုက်ကြပါသည်။

“ငါတို့သာ စည်းလုံးမယ်ဆိုရင် ဟုန်ယွိ ဘယ်လောက်ပဲ စွမ်းအားကြီးနေပါစေ၊ သူ ပျက်စီးမဲ့ တစ်နေ့ ရောက်လာလိမ့်မယ်” ဟုန်ရှီ၏ မျက်လုံးများမှာ ခက်ထန်မှုများဖြင့် လက်ခနဲ ဖြစ်သွားပါသည်။ “ငါ အဖေ့ကို တင်ပြပြီး ငါတို့ ညီအစ်ကိုတွေအတွက် ‘နဂါးအကြေးခွံ ချပ်ဝတ်’ တွေ ပေးဖို့ တောင်းဆိုကြည့်ဦးမယ်။”

“ဒဏ္ဍာရီအရဆိုရင် ‘နဂါးအကြေးခွံ ချပ်ဝတ်’ ဟာ လူတစ်ယောက်ကို ကောင်းကင်မှာ ပျံသန်းနိုင်ပြီး မြေအောက်ကိုလည်း ငုပ်လျှိုးနိုင်တယ်တဲ့။ မလုပ်နိုင်တာ ဘာမှ မရှိဘူးဆိုပဲ၊ အင်မော်တယ် ဒါမှတ်မဟုတ် သူတော်စင်တစ်ပါးတောင် ဖြစ်သွားနိုင်တယ်တဲ့” ဟုန်ကျန်း မှာ ကိုယ်လုပ်တော်တစ်ဦး၏ သားဖြစ်သဖြင့် မူလကတည်းက သူ၏ အဆင့်အတန်းမှာ ဟုန်ယွိထက် အနည်းငယ်သာ မြင့်သည်။ ယခုအခါ ဟုန်ယွိ၏ အမည်မှာ တစ်ကမ္ဘာလုံးတွင် ကျော်ကြားနေသည်ကို မြင်ရသောအခါ သူသည် အလွန်ပင် မနာလို ဖြစ်နေမိသည်။

ဟုန်ရှီက လူများ၏ စိတ်ဓာတ်ကို ရက်စက်စွာ မြှင့်တင်ပေးနေစဉ်မှာပင်၊ ကြီးမားသော မြစိမ်းရောင် မီးတောက်တစ်ခုက လျှို့ဝှက်အခန်းအတွင်းသို့ ရုတ်တရက် ကျဆင်းလာပါ သည်။ လေပြင်းများ တိုက်ခတ်လာပြီး ထိုမြစိမ်းရောင် မီးတောက်အတွင်းမှ အသံတစ်ခု ထွက်ပေါ်လာသည် “မင်းတို့ကို တစ်ယောက် နဂါးအကောင် တစ်ထောင်စီ ပေးရင်တောင် မှ၊ မင်းတို့အားလုံး စုပေါင်းပြီး ဟုန်ယွိကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။”

“ဘယ်သူလဲ”

“ဘယ်သူလဲ။”

“သတိထားကြ”

တခဏအတွင်းမှာပင် လျှို့ဝှက်အခန်းအတွင်းရှိ ဟုန်မျိုးနွယ်စုဝင်များမှာ ဤဖြစ်ရပ် ကြောင့် ထိတ်လန့်ပြီး ခုန်ထမိကြသည်။ သူတို့သည် ရုတ်တရက် လန့်သွားသည့် ကျားသစ် များသဖွယ် ဖြစ်သွားကြသော်လည်း သူတို့၏ အရည်အချင်းကောင်းကိုမူ ပြသနေကြသည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် ဟုန်ရွှန်ကျိ၏ သားများဖြစ်ကြပြီး ပြင်းထန်သော လေ့ကျင့်မှု များကို ခံယူထားကြသူများ ဖြစ်ပါသည်။

“နေဦး”

ဟုန်ရှီက သူ၏ ညီအစ်ကိုများကို မလှုပ်ရှားရန် တားလိုက်ပါသည်။ သူ၏ရှေ့ရှိ မြစိမ်းရောင် မီးတောက်ကို ကြည့်ရင်း၊ လာရောက်သူမှာ သာမန်လူ မဟုတ်ကြောင်း သူ သိလိုက်သည်။ မည်သည့်အသံမျှ မထွက်ဘဲ ဤလျှို့ဝှက်အခန်းအတွင်းသို့ ဝင်လာနိုင်သူမှာ သူ ကိုင်တွယ် နိုင်သည့် လူမျိုး မဟုတ်သည်မှာ သေချာပါသည်။

“စီနီယာ... စီနီယာက ဘယ်သူလဲ။ ဘာလို့ ဒီကို ကျူးကျော် ဝင်ရောက်လာတာလဲ။ စီနီယာကလည်း ဟုန်ယွိနဲ့ ရန်ငြိုးရှိလို့လား။”

“မဆိုးဘူးပဲ။ မင်းကတော့ တကယ့်ကို တည်ငြိမ်တာပဲ။ မင်းက ‘သိုင်းသူတော်စင်’ အဆင့်ရဲ့ အထွတ်အထိပ်အထိ အတင်းအကျပ် မြှင့်တင်ထားတာပဲ” မြစိမ်းရောင် မီးတောက်အတွင်း မှ ပုံရိပ်က ပြောလိုက်သည် “ဒါပေမဲ့ မင်းက လူသားအင်မော်တယ်အဆင့်နဲ့ အဝေးကြီး လိုသေးတယ်။ ထူးခြားတဲ့ ကံကောင်းမှုမျိုး မရှိရင်ဘဲ၊ မင်းရဲ့စိတ်နေစိတ်ထားနဲ့ဆိုရင် မင်း ဒီတစ်သက် ဘယ်တော့မှ လူသားအင်မော်တယ် ဖြစ်လာမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီနေ့ ငါက လက်ဖျောက်တစ်ချက်တီးရုံနဲ့ မင်းကို လူသားအင်မော်တယ် ဖြစ်အောင် ကူညီပေးနိုင် တယ်။ ငါ့ကို မင်းရဲ့ဆရာအဖြစ် လက်ခံလိုက်ပါ။ ငါ့ကို ဆရာအဖြစ် လက်ခံမှပဲ မင်းအနေနဲ့ ဟုန်ယွိကို အနိုင်ယူနိုင်မဲ့ အခွင့်အရေး ရှိလာလိမ့်မယ်။”

အကယ်၍သာ ဟုန်ယွိ ဤနေရာတွင် ရှိနေမည်ဆိုပါက၊ ဤမြစိမ်းရောင် မီးတောက်မှာ ‘ကောင်းကင်အပြင်ပနယ်မြေ’ မှ ထူးဆန်းလှသော ‘ကောင်းကင်ဘုံဖခင်’ ခေါင်းဆောင်း ကြီး၏ ‘ရွှေရောင်အင်မော်တယ် ကမ္ဘာဦးဝိညာဉ်’ ဖြစ်ကြောင်း သိရှိသွားပေလိမ့်မည်။

အခန်း (၆၅၄)။

“တပည့်အဖြစ် ခံယူရမယ် ဟုတ်လား။”

မြစိမ်းရောင် မီးတောက်အတွင်းမှ ပုံရိပ်က သူ့ကို ဆရာအဖြစ် တင်မြှောက်ရန် ပြောလိုက် သောအခါ ဟုန်မျိုးနွယ်စုဝင် တပည့်တစ်စုမှာ ရယ်ရမလို ငိုရမလို ဖြစ်သွားကြသည်။ သို့သော် သူတို့ရှေ့ရှိ ထိုမြစိမ်းရောင် မီးတောက်အတွင်းမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ သူတို့ကို အလိုလို ဒူးထောက် အရှုံးပေးချင်လာအောင် ဖိအားပေးနေပြီး အာခံလိုစိတ်ကို ပျောက်ကွယ်သွားစေသည်။ ဤနေရာတွင် ရှိနေသော ဟုန်မျိုးနွယ်စုဝင် အချို့မှာ ဧကရာဇ် မင်းမြတ်ကို ဖူးမြော်ဖူးသူများ ဖြစ်ကြပါသည်။ သို့သော် သူတို့ ခံစားနေရသော ဤဖိအားမှာ ဧကရာဇ်မင်းမြတ်ထက်ပင် ပိုမို ပြင်းထန်နေသည်ဟု ခံစားရသဖြင့် မည်သူမျှ စကား မမှားဝံ့ကြပေ။

ဟုန်ရှီမှာ ထိပ်တန်းသိုင်းပညာရှင် တစ်ဦးဖြစ်သဖြင့် သူ၏ စိတ်ထဲတွင် တွက်ချက်မှုများ ရှိနေသည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူက ရုတ်တရက် မေးလိုက်ပါသည် “စီနီယာ... စီနီယာက ဘယ်သူလဲဆိုတာ ကျွန်တော်တို့ ဘာမှ မသိရသေးဘူး။ ဘာဖြစ်လို့ ကျွန်တော်တို့ကို တပည့်အဖြစ် လက်ခံချင်ရတာလဲ။ စီနီယာ့ နာမည်ကို သိခွင့်ရှိမလား။”

“ငါက အထွက်အထိပ် ‘ရွှေရောင်အင်မော်တယ်’ တစ်ပါးပဲ။ မင်းတို့ မြင်နေရတဲ့ ဒီမြစိမ်း ရောင် မီးတောက်ဆိုတာ ရှောင်ရှိူက်လို ပုဂ္ဂိုလ်မျိုးတွေကို တစ်ခါတရံ ဝါးမြိုဖျက်ဆီးပြီးမှ ငါဖန်တီးထားတဲ့ ‘မူလဝိညာဉ်’တစ်ခုပဲ။ ငါ့နာမည်ကိုတော့ နောက်ကျရင် မင်းတို့ သိလာပါ လိမ့်မယ်။ ဟုန်ရှီ... မင်းတို့ ဟုန်ယွိကို အနိုင်ယူချင်ရင် ငါ့ကို ဆရာအဖြစ် အသိအမှတ်ပြုမှ ရမယ်။ ငါက မင်းတို့ကို အထွက်အထိပ် သိုင်းပညာတွေ သင်ပေးမှာပါ။ မင်းတို့ ဆန္ဒမရှိဘူး ဆိုရင်လည်း ငါ အခုချက်ချင်း ထွက်သွားမယ်။ ငါ့ရဲ့စိတ်ရှည်မှုက အကန့်အသတ် ရှိတယ်။ မင်းတို့ကို အခွင့်အရေး တစ်ကြိမ်ပဲ ပေးမယ်။ ဘယ်လိုလဲ။”

ထိုအနှစ်သာရ စိတ်ဝိညာဉ်က စကားပြောနေစဉ်မှာပင် မြစိမ်းရောင် မီးတောက်များမှာ အရပ်မျက်နှာအနှံ့ ထွက်ပေါ်လာပြီး ထူးဆန်းလှသော မြင်ကွင်းများအဖြစ် ပြောင်းလဲသွား ပါသည်။ ထိုမြင်ကွင်းများသည် အချိန်မရွေး ကမ္ဘာသစ်တစ်ခုအဖြစ် ပြောင်းလဲသွားနိုင်သ ကဲ့သို့ ခံစားရစေသည်။

“ဒါ... ဒါက...”

ဟုန်ရှီသည် ထိုစကားများကို ကြားသောအခါ အလွန်ပင် တုန်လှုပ်သွားပါသည်။ အထူးသ ဖြင့် ‘ရှောင်ရှိူက်လိုအဆင့်ရှိ ပုဂ္ဂိုလ်များကို ဝါးမြိုခဲ့ဖူးသည်’ ဟူသော စကားကြောင့် သူ ကြောက်လန့်သွားခဲ့ရသည်။

ရှောင်ရှိူက်ဆိုသည်မှာ မည်သူနည်း။ အခြားသူများ မသိသော်လည်း ဟုန်ရွှန်ကျိ၏ သားကြီးဖြစ်သူ ဟုန်ရှီကမူ ထိုသူမှာ မည်မျှ အစွမ်းထက်ကြောင်း ကောင်းကောင်း သိထား သည်။ သူ၏သိုင်းပညာမှာ အကန့်အသတ်မရှိဘဲ အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိသည်။ သို့သော် သူတို့ရှေ့မှ ဤလျှို့ဝှက်ဆန်းကြယ်သူက ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကိုပင် ဝါးမြိုရန် ပစ်မှတ်တစ်ခုသာ ဖြစ်သည်ဟု ပြောနေသည်။

အကယ်၍ ထိုစကားသာ အမှန်ဖြစ်ခဲ့လျှင် ဤပုဂ္ဂိုလ်ကြီးသည် မည်မျှ အစွမ်းထက်နေမည် နည်း။ ဟုန်ယွိကို သတ်ရန်မှာ လက်ဝါးကို ပြောင်းပြန်လှန်သလို လွယ်ကူပေလိမ့်မည်။

“ဒီလူက ဒီလို ပြောနေတယ်ဆိုမှတော့ သူ ကြွားနေတာပဲ ဖြစ်ဖြစ်၊ သူ့မှာ တကယ် အရည်အချင်း ရှိလို့ပဲ ဖြစ်ဖြစ်၊ တစ်ခုခုတော့ ရှိရမှာပဲ။ မဟုတ်လို့ ရှောင်ရှိူက်သာ သိသွား ရင် ဟင်းလင်းပြင်ကို ဖြတ်ကျော်ပြီး သူ့ရဲ့ သိုင်းဆန္ဒနဲ့တင် ဒီလူကို သတ်ပစ်လိုက်မှာပဲ။ ရှောင်ရှိူက်လိုအဆင့်မျိုး ပုဂ္ဂိုလ်တွေဟာ နက်နဲတဲ့ စိတ်အာရုံခံစားမူမျိုးကို ပိုင်ဆိုင်ကြ တယ်” ဟုန်ရှီတစ်ယောက် တွေးတောနေမိသည်။

ထို့နောက် သူ၏ သိုင်းဆန္ဒကို အနည်းငယ် ထုတ်ဖော်ကာ စမ်းသပ်ကြည့်လိုက်သည်။ သူ၏ သိုင်းဆန္ဒမှာ မြစိမ်းရောင် မီးတောက်နှင့် ထိတွေ့သွားသည်နှင့် သမုဒ္ဒရာကဲ့သို့ ကျယ်ပြော လှပြီး တောင်တန်းများကဲ့သို့ မြင့်မားလှသော အရှိန်အဝါကို ခံစားလိုက်ရပါသည်။ ဤအရှိန်အဝါမှာ ဟုန်ရွှန်ကျိထက်ပင် မနိမ့်ကျပေ။

သူသည် ဤပုဂ္ဂိုလ်မှာ အမှန်တကယ်ပင် အတိုင်းအဆမရှိ နက်နဲသူဖြစ်ကြောင်း ချက်ချင်း သိလိုက်ပါပြီ။ သူ၏လက်ရှိ ကျင့်ကြံမှုအဆင့်အရဆိုလျှင် ဤပုဂ္ဂိုလ် မည်မျှအထိ အစွမ်း ထက်ကြောင်း အနည်းငယ် ခန့်မှန်းမိရုံသာ ရှိပါသည်။

“ဆရာ... တပည့်ကို လက်ခံပေးပါ။”

ထိုသို့တွေးတောရင်း ဟုန်ရှီသည် မြစိမ်းရောင် မီးတောက်အတွင်းမှ ‘ရွှေရောင် အင်မော် တယ်’ ၏ စိတ်ဝိညာဉ် ပုံရိပ်ရှေ့၌ ရုတ်တရက် ဒူးထောက်လိုက်ပါသည်။ ‘ဟုန်ယွိကို အနိုင်ယူနိုင်ဖို့နဲ့ ငါ့အတွက် အကျိုးရှိနေဖို့က အဓိကပဲ။ ငါ ဘာကို ကြောက်နေရမှာလဲ။ ဒီလို ပညာရှင်ကြီးမျိုးကို အသုံးမချရင် အလကားပဲ။ အကျိုးအမြတ် ရှိမရှိ အရင်ကြည့်မယ်၊ အကျိုးမရှိရင်တော့ လမ်းခွဲရမှာပေါ့။ ငါက တော်ဝင်အစောင့်တပ်ရဲ့ တပ်မှူးအဖြစ် အကြာ ကြီး နေလာတာပဲ၊ ဟွန်း…’ သူက စိတ်ထဲမှာ ကြိတ်ကာ ပြောလိုက်သည်။

ဟုန်ရှီ ဒူးထောက်လိုက်သည်ကို မြင်သောအခါ လျှို့ဝှက်အခန်းအတွင်းရှိ ဟုန်မျိုးနွယ်စုဝင် တပည့်တစ်ဆယ်ကျော်မှာလည်း ချက်ချင်းပင် ဒူးထောက်ကာ “ဆရာ... တပည့်တို့ကို လက်ခံပေးပါ။” အော်ပြောလိုက်ကြလေသည်။

“အင်း... မင်းတို့ တော်တော်လေး ကံကောင်းကြတာပဲ။ ငါ့ရဲ့စိတ်ရှည်မှု မကုန်ဆုံးခင်မှာ မင်းတို့ မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်နိုင်ခဲ့ကြတယ်။ မဟုတ်ရင် မင်းတို့အားလုံး ဒီလို ကြီးမားတဲ့ အခွင့်အရေးကြီးကို ထာဝရ လက်လွှတ်ရတော့မှာ။ ဒီမဟာကမ္ဘာလောကကြီး အတွင်းမှာ အပြောင်းအလဲတွေသာ ရှိမလာခဲ့ဘူးဆိုရင် မင်းတို့ သေတဲ့အထိ ဒူးထောက် တောင်းပန်နေရင်တောင် ငါ့ရဲ့တပည့်တွေ ဖြစ်လာမှာ မဟုတ်ဘူး။ မင်းတို့လို လူတွေကို မပြောနဲ့ဦး၊ မိုးကြိုးကပ်ဘေး ၆ ကြိမ်လောက် ဖြတ်ကျော်ပြီးသား ပညာရှင်တွေကိုတောင် ငါက လက်အောက်ခံအဖြစ် အဖတ်လုပ်မှာ မဟုတ်ဘူး။”

မြစိမ်းရောင် မီးတောက်အတွင်းမှ ‘ရွှေရောင်အင်မော်တယ်’ ၏ ကမ္ဘာဦးဝိညာဉ်သည် ဟုန်မျိုးနွယ်စုဝင် တပည့်များ သူ့ရှေ့၌ ဒူးထောက်ကာ ဆရာဟု ခေါ်ဝေါ်နေကြသည်ကို ကြည့်ရင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်ပါသည်။ ထို့နောက် သူက ကောင်းကင်တာအို လည်ပတ်နေသည့်အလား အေးစက်တည်ငြိမ်သော လေသံဖြင့် ဆိုလာ၏။

“ကောင်းပြီ... မင်းတို့ ငါ့ရဲ့တပည့်ဖြစ်လာရတာက မကြုံစဖူး အခွင့်ထူးပဲ။ ဒါဟာ မင်းတို့ရဲ့ ကံကောင်းခြင်း တစ်ရပ်ဖြစ်သလို မင်းတို့ ဘဝပေါင်း ရာချီအောင် ကုသိုလ်ပြုခဲ့လို့ ရရှိလာ တဲ့ ကောင်းချီးပဲ။ ဒီနေ့ရဲ့ ဆုံးဖြတ်ချက်ကြောင့် မင်းတို့ တစ်သက်လုံး အကျိုးရှိသွားပါလိမ့် မယ်။ မင်းတို့ဟာ မသေမျိုးလမ်းစဉ်ရဲ့ မျိုးစေ့ကိုတောင် ရရှိသွားနိုင်မှာပါ။ အဲဒီမုန့်ရှန်းကျီ တောင်မှ ငါ့တပည့်တွေကို လာပြီး အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး။”

‘ရွှေရောင်အင်မော်တယ် ကမ္ဘာဦးဝိညာဉ်’ ထံမှ ထိုစကားများကို ကြားရသောအခါ ဟုန်ရှီ၊ ဟုန်ကွေ့နှင့် အခြား ဟုန်မျိုးနွယ်စုဝင် တပည့်များမှာ ပို၍ပင် ထိတ်လန့် အံ့အားသင့်သွား ကြလေသည်။

“ဒီလူက ဘယ်သူလဲ၊ လေလုံးက အတော်ထွားလှချည်လား... သူက ဧကရာဇ်မင်းမြတ် ထက်တောင် ပိုပြီး အရှိန်အဝါကြီးနေသလိုပဲ၊ သူကိုယ်တိုင် နတ်ဘုရားတစ်ပါး ဖြစ်နေသလို မျိုး”

“ဟွန်း၊ အဲဒီလိုဆိုမှတော့ ငါ့ရဲ့စွမ်းရည်တွေကို ပြပြီး မင်းတို့ ယုံကြည်လာအောင် လုပ်ပေး မယ်။ ဒီနေ့ဖြစ်ပျက်ခဲ့သမျှကို မင်းတို့ရဲ့အဖေ ဟုန်ရွှန်ကျိအပါအဝင် ဘယ်သူ့ကိုမှ မပြောရ ဘူး။ တစ်ယောက်ယောက်ကသာ ဖောက်ဖျက်ခဲ့ရင် ဘယ်သူမှ မင်းတို့ကို ကာကွယ်ပေးနိုင် မှာ မဟုတ်ဘူး။ ငါက မိုင်ပေါင်းသန်းချီ အဝေးမှာ ရှိနေပါစေ၊ ဟင်းလင်းပြင်တွေ အဆုံးမဲ့ ခြားနားနေပါစေ၊ ငါ့ရဲ့အတွေးတစ်ချက်တည်းနဲ့တင် မင်းတို့ကို အခုချက်ချင်း သတ်ပစ်နိုင် တယ်။”

ထိုသို့ ပြောဆိုပြီးနောက် ရွှေရောင်အင်မော်တယ်၏ မူလဝိညာဉ်ရုပ်အသွင်က လက်ကို ဝှေ့ယမ်းလိုက်ရာ မီးသန္ဓေသားလေးကဲ့သို့ တောက်ပသော ဆေးလုံးတစ်လုံး ရုတ်တရက် ပျံထွက်လာပါသည်။

“မြေအနှစ်သာရဆေးလုံးလား။ ဒါ မြေအနှစ်သာရ ဆေးလုံးပဲ။ ဒါက တိုင်ရှန်တာအိုဂိုဏ်းရဲ့ အထွက်အထိပ် ဆေးလုံး မဟုတ်လား။ ဒါကို စီနီယာ ဘယ်လို ရခဲ့တာလဲ။” ဟုန်ရှီမှာ အလွန်ပင် တုန်လှုပ်သွားရသဖြင့် မိမိကိုယ်တိုင် ဆရာအဖြစ် တင်မြှောက်ထားသည်ကိုပင် မေ့ကာ စီနီယာဟု ခေါ်မိသွားလေသည်။ တစ်ခါက ချန်ပီယံမြို့စားသည် သူ့ကို ဤဆေးလုံး တစ်လုံး ပေးခဲ့ဖူးသော်လည်း ဟုန်ယွိက လုယူသွားခဲ့သည်။ ထို့ကြောင့် ဤဆေးလုံးကို သူ ကောင်းကောင်း မှတ်မိနေခြင်း ဖြစ်သည်။

ထိုဆေးလုံးမှာ ဟုန်ကွေ့ဆီသို့ ပျံသန်းသွားသည်ကို မြင်သောအခါ ဟုန်ရှီက စိုးရိမ်တကြီး ဖြင့် အော်ပြောလိုက်မိသည် “ဒီဆေးလုံးက ဒီအတိုင်း တိုက်ရိုက်သောက်လို့ မရဘူး၊ ခန္ဓာကိုယ် ပေါက်ကွဲပြီး သေသွားလိမ့်မယ်။ ဟုန်ကွေ့က ရှင်တန်သိုင်းသခင်အဆင့်ကို တောင် မရောက်သေးဘူး။”

“မင်း ဘာသိလို့လဲ။ တိုင်ရှန်တာအိုဂိုဏ်းရဲ့ ဆေးဖော်စပ်နည်းတွေဆိုတာလည်း ‘သက်ရှည် ဆေးကျမ်း’ ကနေ ဆင်းသက်လာတာပဲ” ထိုမူလဝိညာဉ်ရုပ်အသွင်က အေးစက်စွာ တုံ့ပြန် သည်။

ဖူးခနဲ... မြေအနှစ်သာရ ရွှေဆေးလုံးသည် ဟုန်ကွေ့၏ ပါးစပ်အတွင်းသို့ ဝင်သွားပြီးနောက် ပြာလွင်သော မီးတောက်များက သူ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်အတွင်းမှ အတိုင်းအဆမရှိသော စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ သိုင်းသခင်အဆင့်သာ ရှိသေးသော ဟုန်ကွေ့မှာ လေထဲသို့ ရုတ်တရက် လွင့်တက်သွားခဲ့ သည်။

ဘုန်း…၊ ဘုန်း…. ဘုန်း…. ဘုန်း…. ဘုန်း…

သူ၏ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲသံများ စဉ်ဆက်မပြတ် ထွက်ပေါ်လာပြီး ခန္ဓာကိုယ် အတွင်းရှိ ဟင်းလင်းပြင်များမှာ အတင်းအကျပ် ပွင့်ထွက်သွားသကဲ့သို့ ရှိနေသည်။

“ဒါက အပ်စိုက်မှတ်တွေ ပွင့်သွားတဲ့ လက္ခဏာပဲ။ အဖေက ငါရဲ့ အပ်စိုက်မှတ်တွေ ဖွင့်ပေး ရာမှာ ကူညီဖို့အတွက် အဖိုးတန် မူလစွမ်းအင်တွေကို အများကြီး သုံးခဲ့ရတာ။ ဒီလူကတော့ ဟုန်ကွေ့ကို ဒီလောက် လွယ်လွယ်လေး လုပ်ပေးနိုင်တာလား။” ဟုန်ရှီ အလွန်တရာ ထိတ်လန့်သွားပါသည်။

သို့သော် ပို၍ အံ့သြစရာကောင်းသော မြင်ကွင်းမှာ ထပ်မံ ပေါ်လာပါသည်။

ဟုန်ကွေ့၏ ခန္ဓာကိုယ်မှာ ပြာလွင်သော မီးတောက်အတွင်း၌ တဖြည်းဖြည်း ပြည့်စုံလာပြီး ခန္ဓာကိုယ် ပုံစံမှာလည်း အဆက်မပြတ် ပြောင်းလဲလာခဲ့သည်။ အညစ်အကြေးအားလုံးမှာ လောင်ကျွမ်းသွားပြီး သူသည် အစစ်မှန် သိုင်းသူတော်စင် ခန္ဓာကိုယ်ကို ရရှိသွားခဲ့ပါသည်။ ပို၍ အံ့သြစရာကောင်းသည်မှာ သူ၏ မျက်နှာတွင် မည်သည့်နာကျင်မူ အရိပ်အယောင်မျှ မရှိဘဲ ရေချိုးနေရသကဲ့သို့ အေးဆေးနေခြင်း ဖြစ်သည်။

အိုး... အိုး... အိုး...

ပြင်းထန်သော သွေးစွမ်းအင်များ သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။

ထို့နောက် သူသည် မြေပြင်ပေါ်သို့ ပြန်လည် ဆင်းသက်လာခဲ့ပြီး သူ၏ လက်များကို ကြည့်ကာ သူကိုယ်တိုင် အိပ်မက်မက်ခဲ့ရသော အဆင့်သို့ ရောက်ရှိသွားသည်ကို မယုံနိုင်ဘဲ ဖြစ်နေတော့သည်။

“သိုင်းသူတော်စင် ခန္ဓာကိုယ်ဆိုတာ ဘာမှ မဟုတ်သေးဘူး။ ငါ့တပည့်တွေထဲမှာ အနိမ့်ဆုံး အဆင့်က လူသားအင်မော်တယ်ပဲ ဖြစ်ရမယ်။” ထိုသို့ ပြောဆိုကာ သူက လက်ချောင်းကို တောက်လွှတ်လိုက်ရာ ပြာလွင်သော မီးတောက်အတွင်းမှ ချပ်ဝတ်တန်ဆာ တစ်စုံ ထွက်ပေါ်လာသည်။ ထိုချပ်ဝတ်မှာ သန့်စင်သော ရွှေရောင်အဆင်း ရှိသော်လည်း ၎င်းအပေါ်တွင် လူသားတို့၏ သွေးကြောများနှင့် အရေပြားများကဲ့သို့ သွေးရောင် အစင်း ကြောင်းများ ပါရှိနေသည်။ ၎င်းမှာ ‘အရုဏ်ဦးချပ်ဝတ်’ ထက်ပင် ပိုမို ဆန်းကြယ်လှသည်။

“ဒါက ‘ရွှေရောင်အင်မော်တယ်ဝတ်ရုံ’ ပဲ။ ဒါက ‘ကောင်းကင်အလင်းဦးချို နတ်ဘုရား ချပ်ဝတ်’ နဲ့ အဆင့်တူ အမြင့်ဆုံး ချပ်ဝတ်ပဲ။ ဟုန်ရှီ... မင်းကို ငါ တစ်စုံ ပေးမယ်။”

ထိုသို့ ပြောရင်း ရွှေရောင်အင်မော်တယ် မူလဝိညာဉ်ရုပ်အသွင်က လက်တစ်ဖက်ဖြင့် ဖမ်းဆွဲလိုက်ရာ ဟုန်ရှီ၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး သူ ဝတ်ဆင်ထားသော ‘နဂါးအကြေးခွံ အင်မော်တယ်ဘုရင် ချပ်ဝတ်’မှာ အတင်းအကျပ် ခွာထုတ်ခြင်း ခံလိုက်ရ လေသည်။

“မင်းရဲ့ ဒီချပ်ဝတ်က အသုံးပြုတဲ့ ပစ္စည်းကတော့ ကောင်းပါတယ်၊ ဒါပေမဲ့ သန့်စင်တဲ့ နည်းစနစ်က ညံ့လွန်းလို့ အလကား ဖြစ်နေရတာ။ ငါ ဒါကို ပြန်ပြီး သန့်စင်ပေးမယ်၊ ပြီးရင် မင်းရဲ့ညီကို ပေးလိုက်ပေါ့။” ပြာလွင်သော မီးတောက်များနှင့် မှော်သင်္ကေတစာလုံးများ လှုပ်ရှားသွားပြီးနောက် ‘နဂါးအကြေးခွံ အင်မော်တယ်ဘုရင် ချပ်ဝတ်’ မှာ လုံးဝ ပြောင်းလဲ သွားပြီး ပြင်းထန်သော စွမ်းအားများ ထွက်ပေါ်လာခဲ့သည်။

ထို့နောက် ‘ရွှေရောင်အင်မော်တယ်ဝတ်ရုံ’ မှာ ဟုန်ရှီ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက် သွားပြီး၊ အသစ်ပြန်လည် သွန်းလုပ်ထားသော ‘နဂါးကြေးခွံ အင်မော်တယ်ဘုရင် ချပ်ဝတ်’ မှာ ဟုန်ကွေ့၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားလေသည်။

“ငါ ဒီချပ်ဝတ်တွေပေါ်မှာ ‘ဖုံးကွယ်ခြင်း မှော်အစီအရင်’ တွေကို ထည့်သွင်းထားပေးတယ်။ မင်းတို့ရဲ့ အရှိန်အဝါတွေကို လုံးဝ ဖုံးကွယ်ထားနိုင်လိမ့်မယ်။ မင်းတို့ဟာ မင်းတို့ရဲ့ သိုင်းပညာ အဆင့်မတက်ခင်က အရှိန်အဝါအတိုင်းပဲ ဖြစ်နေလိမ့်မယ်။ အရေးကြီးတဲ့ အခြေအနေမျိုး မဟုတ်ရင် ငါသင်ပေးတဲ့ သိုင်းပညာတွေကို လုံးဝ ထုတ်မသုံးကြနဲ့၊ နားလည်ကြလား။” ရွှေရောင်အင်မော်တယ် မူလဝိညာဉ်ရုပ်အသွင်က လက်ကို ထပ်မံ ဝှေ့ယမ်းလိုက်ရာ ‘မြေအနှစ်သာရ ဆေးလုံး’ ဆယ်လုံးကျော်မှာ ကျန်ရှိသော ဟုန်မျိုးနွယ်စု တပည့် ၁၀ ယောက်ကျော်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားလေသည်။

ထို့နောက် တောက်လောင်နေသော ပြာလွင်လွင် မီးတောက်များက သူတို့ကို လွှမ်းခြုံသွား ခဲ့သည်။

“စီနီယာ... စီနီယာက ကျွန်တော်တို့ အားလုံးကို ‘သိုင်းသူတော်စင်’ အဆင့်အထိ ရောက် အောင် တကယ်ပဲ မြှင့်တင်ပေးချင်တာလား။ ဘုရားရေ... စီနီယာက ဘယ်သူလဲ။” နောက်ဆုံးတွင် ဟုန်ရှီ၏စိတ်ဓာတ်မှာ လုံးဝ ပြိုလဲသွားခဲ့ရသည်။ ဤလူ၏ စွမ်းဆောင်ရည် မှာ သူသိထားသော သာမန် အသိတရားအားလုံးကို ကျော်လွန်နေပြီး သူ၏ နှလုံးသား အတွင်းရှိ ရိုးရာအစဉ်အလာများကိုပါ ဖျက်ဆီးပစ်လိုက်သကဲ့သို့ ဖြစ်နေသည်။ သူသည် ဤလူ့အပေါ်တွင် အလွန်ပင် ကြောက်ရွှံ့ ထိတ်လန့်သွားခဲ့ရပါပြီ။

ထိုရွှေရောင်အင်မော်တယ် မူလဝိညာဉ်ရုပ်အသွင်သည် ဟုန်ရှီ၏ အတွေးများကို တိကျစွာ သိရှိသော်လည်း ဘာမှ မပြောဘဲ အရာအားလုံးမှာ သဘာဝအတိုင်း ဖြစ်နေသကဲ့သို့ တည်ငြိမ်နေသည်။

“မင်းတို့လို လူတွေက ‘ရွှေရောင်အင်မော်တယ် ဝတ်ရုံ’ နဲ့ မထိုက်တန်သေးပေမဲ့ ငါ့ဆီမှာ ‘အရုဏ်ဦးချပ်ဝတ်’ တွေ ရှိသေးတယ်။ ဒါတွေက နဂါးအကြေးခွံ ချပ်ဝတ်ထက် အဆင့်မြင့် ပြီး မင်းတို့ရဲ့ အပ်စိုက်မှတ်တွေထဲမှာ ထည့်ထားလို့ ရတယ်။”

မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှေရောင်အင်မော်တယ် မူလဝိညာဉ်ရုပ်အသွင်သည် ချပ်ဝတ်ပေါင်း တစ်ဆယ်ကျော်ကို ထုတ်ဖော်ကာ ဟုန်မျိုးနွယ်စု တပည့်အားလုံး၏ နဖူး အတွင်းသို့ ပစ်သွင်းလိုက်လေသည်။

“ငါ မင်းတို့ရဲ့ စိတ်ထဲမှာ ‘သိုင်းဆန္ဒ’ နဲ့ ‘မသေမျိုး သွေးယဇ်ပူဇော်ခြင်းပညာ’ရပ်တွေကို ထည့်ပေးလိုက်မယ်။ မင်းတို့ ငါးနှစ်လောက် ကြိုးကြိုးစားစား ကျင့်ကြံမယ်ဆိုရင် လူသား အင်မော်တယ် ဖြစ်လာနိုင်တယ်။ မင်းအတွက်တော့ ဟုန်ရှီ... ငါ မင်းကို အခုချက်ချင်းပဲ လူသားအင်မော်တယ် ဖြစ်အောင် လုပ်ပေးနိုင်တယ်။ အထူးသဖြင့် ဒီ ‘သွေးယဇ်ပူဇော်ခြင်း ပညာရပ်’ က မင်းတို့ တစ်ယောက်ယောက်ကို သတ်လိုက်တိုင်း သူတို့ရဲ့ သွေးအနှစ်သာရနဲ့ အသက်စွမ်းအင်တွေကို ကိုယ့်ခန္ဓာကိုယ်ထဲ စုပ်ယူနိုင်စေမှာ။ ဒါက ရှေးဟောင်း နတ်ဆိုး နတ်ဘုရားတွေရဲ့ အမြင့်ဆုံးတာအိုပဲ။”

ထိုသို့ ပြောဆိုစဉ်မှာပင် ဟုန်ရှီ၏ ခန္ဓာကိုယ်မှာ မမြင်ရသော စွမ်းအားတစ်ခုကြောင့် လေထဲသို့ မြှောက်တက်သွားပြီး ပြာလွင်လွင် မီးတောက်များက လုံးဝ လွှမ်းခြုံသွားခဲ့လေ သည်။

ကျိုးယွိအကယ်ဒမီအတွင်း၌...

ဟုန်ယွိသည် ပြောင်းလဲခြင်းမျှော်စင်၏ အပေါ်ဆုံးထပ်တွင် တင်ပလ္လင်ခွေ ထိုင်နေသော် လည်း သူ ကျင့်ကြံနေခြင်း မဟုတ်ပေ။ သူသည် မျက်စိကို မှိတ်ကာ အတွေးနက်နေသည်။

“ငါ ဒီတစ်ခေါက် ဝူဝမ်မြို့စားအိမ်တော်ကို သွားတာက ဂုဏ်ဖော်ဖို့ မဟုတ်ဘူး၊ ထူးဆန်းတဲ့ အဲဒီအမျိုးသမီးကို တွေ့ချင်လို့။ သူက ယဇ်ပုရောဟိတ်အရှင်မရဲ့ နောက်ကွယ်ကလူ ဆိုရင် ဒီနေ့မှာ ပေါ်လာသင့်တာပေါ့၊ ဒါပေမဲ့ ဘာလို့ မပေါ်လာတာလဲ။ ဒါပေမဲ့ အိမ်တော်ထဲမှာ သူမရဲ့ အရှိန်အဝါကို ငါ ခပ်ရေးရေးတော့ ခံစားလိုက်ရတယ်။”

“ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေက တော်ဝင်နန်းတွင်းရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေမှာ ဖြစ်ပေမဲ့ မင်းသားယုအတွက်တော့ အကျိုးရှိလိမ့်မယ်။ ဒါပေမဲ့ ချန်ဧကရာဇ် ရန်ယန်ကတော့ တကယ့်ကို ရက်စက်တာပဲ။ ထိုက်ရှီတောင် နဂါးဝိညာဉ်နဲ့ တခြား ပညာရှင်တွေကို အသုံးချပြီး နန်းတွင်းကို ထိန်းချုပ်နေတာ။ သူက မီးနဲ့ ကစားနေတာပဲ၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်တော့ အလောင်မခံဘူး။”

အချက်အလက်ပေါင်းစုံမှာ ဟုန်ယွိ၏ အတွေးထဲ၌ လက်ခနဲ ဖြစ်သွားသည်။

သူ၏ ရှေ့ဆက်ရမည့် ခရီးစဉ်မှာ သူ၏ရှေ့တွင် ရှိနေပြီး သူသည် အလုံခြုံဆုံး လမ်းစဉ်ကို ရွေးချယ်ခဲ့သည်။

“ဟုန်ရွှန်ကျိ ယဇ်ပုရောဟိတ်အရှင်မကို လက်ထပ်လိုက်တာက ‘ကောင်းကင်အပြင်ပ နယ်မြေ’ရဲ့ ဗဟိုကမ္ဘာက လူတွေ နန်းတွင်းကို စတင် ထိုးဖောက်ဝင်ရောက်လာတာကို ပြနေတာပဲ။ သူတို့က အထက်ပိုင်း အသိုင်းအဝိုင်းကို အရင် ထိန်းချုပ်ဖို့ ကြိုးစားနေကြတာ။ ငါ့လက်ထဲ မှာ ‘အင်မော်တယ် ကျောက်စာတိုင်’ ရှိနေတော့ သူတို့ အစုလိုက်အပြုံလိုက် မပြောင်းရွှေ့ နိုင်ကြသေးဘူး၊ ဒါကြောင့် ဒီလို ထိုးဖောက်တဲ့ နည်းလမ်းကို သုံးနေကြတာ ပဲ။”

ဟုန်ယွိက တွက်ချက်ကြည့်လိုက်သည်။ ‘ကောင်းကင်အပြင်ပနယ်မြေ’ က လူများမှာ အင်အားအလုံးအရင်းနှင့် တိုက်ခိုက်မည့်အစား အထက်ပိုင်း အသိုင်းအဝိုင်းကို ထိန်းချုပ် မည့် နည်းလမ်းမျိုးကို သုံးလာကြရပြီ ဖြစ်သည်။ ၎င်းမှာ သူ ‘အင်မော်တယ် ကျောက်စာ တိုင်’ ကို သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် ရရှိလာသော အကျိုးကျေးဇူးပင် ဖြစ်သည်။

“ထားလိုက်ပါတော့၊ ငါ စကြာဝဠာပြောင်းလဲခြင်း နိယာမကိန်းဂဏန်း ပညာရပ်ကို အသုံးပြုပြီး နောက်တစ်ခေါက် ထပ်တွက်ကြည့်ဦးမယ်။ ဟုန်ရွှန်ကျိနဲ့ အဲဒီအမျိုးသမီး တွေ့ဆုံပြီးပြီလား၊ သူတို့က ငါ့အတွက် ဘယ်လောက်အထိ ခြိမ်းခြောက်မှု ဖြစ်လာနိုင်မလဲ ဆိုတာကိုပေါ့။”

ဟုန်ယွိသည် သူ၏စိတ်ကို ထပ်မံ ငြိမ်သက်စေကာ သူ၏ စိတ်ဝိညာဉ် အတွေးစ ၈ ခုကို ခွဲထုတ်လိုက်သည်။ ၎င်းတို့မှာ ကောင်းကင်၊ မြေကြီး၊ လေ၊ မိုးကြိုး၊ ရေ၊ မီး၊ တောင်တန်းနှင့် ရွှံ့နွံအိုင်ဟူသော ‘ထိုက်ကျိအဋ္ဌဂံပုံရိပ်ကားချပ်’ ၈ ခုအဖြစ် ပြောင်းလဲသွားပြီး အတွဲလိုက် စီရီသွားကြသည်။

သို့သော် ယခုတစ်ခေါက်တွင်မူ အချိန်အတော်ကြာ တွက်ချက်ခဲ့သော်လည်း မည်သည့် ခံစားချက်မျှ ထွက်ပေါ်မလာပေ။ ၎င်းမှာ ယခင်က တွက်ချက်မှုများနှင့် လုံးဝ ကွာခြားနေ သည်။

“အင်း…၊ ဘာဖြစ်တာလဲ၊ ငါ ဘာလို့ ဘာမှ မသိရတာလဲ။” ဟုန်ယွိသည် ရုတ်တရက် အတွေးတစ်ခု ဝင်လာသည်။ အနာဂတ်၏ အပြောင်းအလဲများမှာ အမှန်တကယ်ပင် ကြီးမားနေပြီ ဖြစ်ကြောင်း သူ သိလိုက်ပါပြီ။

သူက သူ၏စိတ်ကို ထပ်မံ တည်ငြိမ်စေပြီး မီးတောက်တစ်ခုကို ထွန်းညှိလိုက်ပါသည်။ ထိုအခါမှ မီးတောက်အတွင်း၌ ဟေက်စ်ဇာဂရမ်နိမိတ်တစ်ခု ဝေဝေဝါးဝါး ထွက်ပေါ်လာ သည်။

တောင်တန်းက အပေါ်မှာ ရှိနေပြီး၊ လေက အောက်မှာ ရှိနေသည်။ ၎င်းမှာ တောင်ခြေမှာ လေတိုက်ခတ်နေသည့် ‘ဂူ’ (Gu) နိမိတ်ပင် ဖြစ်သည်။

“အယ်...” ဟုန်ယွိက ထို ဟေက်စ်ဇာဂရမ်နိမိတ်ကို ကြည့်ကာ တွေးတောလိုက်သည် “တောင်တန်းကြီးက မြင့်မားပြီး ခန့်ညားလှပေမဲ့ တောင်ခြေက လေတွေကတော့ သစ်ပင် တွေကို တိုက်ခတ်ပြီး သစ်ရွက်တွေကို ကြွေကျစေတယ်။ အဲဒီ သစ်ရွက်တွေက ဆွေးမြည့် သွားပြီး အင်းဆက်ပိုးကောင်လေးတွေ ဖြစ်လာတယ်။ ဒါက မြင့်မားတဲ့ တောင်တန်းကြီး ဆွေးမြည့်ပျက်စီးတော့မဲ့ လက္ခဏာပဲ။ ပုရွက်ဆိတ်တွင်းလေး တစ်ခုက မိုင်ပေါင်း တစ်ထောင်ရှည်တဲ့ မြစ်နားက မြစ်ကမ်းပါးကို ပြိုကျစေနိုင်သလိုမျိုးပေါ့။ ငါက မြင့်မားတဲ့ တောင်ကြီးဆိုရင်၊ ငါ့ကို ဒုက္ခပေးမှာက ‘ဂူ’ လို့ခေါ်တဲ့ အင်းဆက်ပိုးကောင်လေးတွေပဲ ဖြစ်လိမ့်မယ်။ ဟုန်ရွှန်ကျိနဲ့ အဲဒီအမျိုးသမီးကတော့ အင်းဆက်လေးတွေ မဟုတ်တာ သေချာပါတယ်။ ဒါဆိုရင် ဟုန်ရှီနဲ့ ဟုန်ကွေ့တို့က အင်းဆက်ပိုးကောင်လေးတွေ ဖြစ်ရ မယ်။ တောင်ပေါ်မှာ လေတိုက်ပြီး အင်းဆက်ပိုးကောင်တွေ ပေါက်ဖွားလာတယ်ဆိုတာ တစ်ယောက်ယောက်က သူတို့ကို ကူညီပေးနေလို့ပဲ။ ငါ သွားကြည့်မှ ဖြစ်မယ်၊ ဘယ်သူက လေဖြစ်ပြီး၊ ဘယ်သူက အင်းဆက်တွေ ဖြစ်နေလဲဆိုတာ။”

ဟုန်ယွိသည် ချက်ချင်းပင် ထရပ်လိုက်လေသည်။ တောင်ခြေမှာ လေတိုက်ခတ်ခြင်းသည် ‘ဂူ’ ပင် ဖြစ်သည်။

ဟုန်ယွိသည် သူကိုယ်တိုင်မှာ တောင်တစ်လုံး ဖြစ်ကြောင်း သိရှိထားသည်။ လေသည် သစ်ပင်များကို တိုက်ခတ်၍ သစ်ရွက်များ ကြွေကာ ဆွေးမြည့်ပြီး အင်းဆက်ပိုးကောင်များ ပေါက်ဖွားလာခြင်းမှာ ဤ ‘တောင်လေဂူ’ ဟေက်စ်ဇာဂရမ် နိမိတ်၏ စစ်မှန်သော အဓိပ္ပာယ်ပင် ဖြစ်သည်။ သူ၏ အသိဉာဏ်မှာ နတ်ဘုရားတစ်ပါးကဲ့သို့ ထက်မြက်လှသဖြင့် သဲလွန်စအချို့ကို သူ စတင် တွက်ချက်နိုင်ခဲ့လေပြီ။

All Chapters